အခန်း ၈၄
Vol. 9 Ch. 84
အခန်း (၈၄)
အတူတူလုပ်ကြတာပေါ့၊ ပိုစည်တာပေါ့
"ဘာပြဿနာမှ မရှိပါဘူး... ကြော်ငြာကိစ္စကိုတော့ ကျွန်တော် သေချာပေါက် တာဝန်ယူပါတယ်..."
လီပင်းရှီက ယုံကြည်မှုအပြည့်ဖြင့် ကတိပေးလိုက်လေသည်။
"ကျေးဇူးအများကြီးတင်ပါတယ် ဥက္ကဋ္ဌလီ... တိရစ္ဆာန်တွေအတွက်လည်း စိတ်မပူပါနဲ့... ကျွန်တော့် ဝန်ထမ်းတွေဆီကနေ အပူချိန်ထိန်းအဝတ်အစားနဲ့ စမတ်လက်ပတ် ဓာတ်ပုံတွေကို ပို့ခိုင်းလိုက်ပါ့မယ်... အဲဒါတွေကိုလဲ ကြော်ငြာပေးပါဦး..."
"ရတာပေါ့... သေချာပေါက် လုပ်ပေးရမှာပေါ့..."
ဖုန်းချပြီးနောက် ကောင်းယွမ်သည် အန်းဆန်၊ ရှီရီတို့နှင့်အတူ တောရိုင်းတိရစ္ဆာန်များကို အနာဂတ် ကမ္ဘာသို့ ခေါ်ဆောင်သွားခဲ့လေသည်။ ထို့နောက် ဆူးတိုက်ကို ကြိုဆိုရန်အတွက် သူကိုယ်တိုင် ထိုသားရဲ များကို ကလပ်သို့ ပို့ဆောင်ပေးခဲ့လေသည်။
ကလပ်၏ အထပ်တစ်ခုကို ပြုပြင်မွမ်းမံနေသဖြင့် လူထုကို ဖွင့်လှစ်ပြသခြင်း မရှိတော့ပေ။ ထိုအချိန် တွင် ကောင်းယွမ်သည် တောရိုင်းတိရစ္ဆာန်များနှင့်အတူ ပြန်ရောက်လာခဲ့လေသည်။
ဟွမ်ဖူရှန်းသည် ကောင်းယွမ်၏ ဒီဇိုင်းအတိုင်း စီမံကိန်းကို ပြုပြင်ပြောင်းလဲရန်အတွက် ဆောက်လုပ် ရေးစက်ရုပ် ရာပေါင်းများစွာကို ချက်ချင်းပင် စေခိုင်းလိုက်လေတော့သည်။
ကလပ်၏ အထပ်တစ်ခုစီသည် စတုရန်းမီတာ တစ်သောင်းခန့် အကျယ်အဝန်း ရှိလေသည်။ ထို့ပြင် မြေပြင်အနေအထားမှာ ကျဉ်းမြောင်းရှည်လျားပြီး အလျား မီတာ (၄၀၀) နှင့် အနံ (၂၅) မီတာ ရှိပေ သည်။ ထိုကဲ့သို့သော လမ်းကြောင်းတိုလေးအတွင်း ဆူးတိုက်ကို ပိတ်မိစေရန်အတွက် ဘက်စုံစီမံကိန်း တစ်ရပ် လိုအပ်ပေလိမ့်မည်။
မြေပြင်၊ ရေပြင်နှင့် ဝေဟင်... သုံးဖက်ညှပ် တိုက်ခိုက်မှုပင် ဖြစ်၏။
ကောင်းယွမ်သည် အဝင်ဝ နှစ်ခုစလုံးတွင် နွံအိုင်များကို ဖန်တီးခဲ့ပြီး အလယ်တွင် သစ်ပင်များနှင့် ကျောက်တုံးများကို ထားရှိခဲ့သည်။ နွံအိုင်များထဲတွင် မိကျောင်းများကို ထားရှိကာ ကျောက်တုံးများ ကြားတွင် လူသတ်ပျားများကို နေထိုင်စေခဲ့၏။ ချုံနွယ်ပိတ်ပေါင်းများထဲတွင်မူ အဆိပ်ရှိ ပင့်ကူနက်များ၊ ပုရွက်ဆိတ်နီများ၊ ပင့်ကူကြီးများနှင့် ကင်းခြေများကြီးများကို လွှတ်ထားခဲ့လေသည်။
လီပင်းရှီ၏ စွမ်းဆောင်ရည်မှာ အမှန်တကယ်ပင် ချီးကျူးဖွယ် ကောင်းလှပေသည်။
အဝင်ဝမှ ဝင်လာပြီးနောက်တွင် နွံအိုင်များမှာ ပျောက်ကွယ်သွားပြီး ဘေးတစ်ဖက်တစ်ချက်မှာ တော အုပ်များအဖြစ် ပြောင်းလဲသွားလေသည်။ ထိုတောအုပ်ထဲတွင် ကောင်းယွမ်သည် ကျားများ၊ မြွေ ဟောက်ကြီးများနှင့် ဝက်ဝံနက်များကို ထားရှိခဲ့၏။ တောအုပ်အလယ်ရှိ ရေကန်ထဲတွင်မူ ပင်လယ်ငါး များကို ထည့်ထားခဲ့လေသည်။
အတွင်းဘက်သို့ ပို၍ နက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ တောအုပ်မှာ ပို၍ ထူထပ်လာလေလေ ဖြစ်ပြီး ထိုနေရာတွင် ကမ္ဘာ့အကြမ်းတမ်းဆုံး အသားစားသတ္တဝါများထဲမှ တစ်မျိုးဖြစ်သော ကော်မိုဒိုဖွတ်များ ကို ထားရှိလေသည်။ အလျား (၃) မီတာကျော်ရှိသော ထိုဖွတ်များသည် မိကျောင်းများထက်ပင် ပို၍ ကြမ်းကြုတ်လှပေ၏။
အဆိပ်ရှိ ဖားများ၊ မြွေပွေးများနှင့် မြွေနက်ကြီးများကိုလည်း ထိုနေရာတွင် တွေ့နိုင်လေသည်။
ထိုသားရဲကြီးများကြားရှိ ဟာကွက်များကို ဖြည့်ဆည်းရန်အတွက် ကောင်းယွမ်သည် ပုရွက်ဆိတ်နီများ နှင့် ပျားကြီး အမြောက်အမြားကိုလည်း တောအုပ်အတွင်းသို့ လွှတ်လိုက်လေသေးသည်။
အစီအစဉ်များ အားလုံး ချမှတ်ပြီးနောက် ကောင်းယွမ်သည် ဆူးတိုက်အတွက် ရှေးဦးသူနာပြု ဆေးဝါး အချို့ကိုလည်း စေတနာရှေ့ထား၍ ပြင်ဆင်ပေးထားခဲ့လေ၏။ ကံကောင်းသည်မှာ အနာဂတ်ကမ္ဘာ၏ ဆေးဘက်ဆိုင်ရာ အဆင့်အတန်းမှာ အလွန်မြင့်မားသဖြင့် သေချာပြင်ဆင်ထားပါက သူ သေဆုံးမည် မဟုတ်ပေ။
ယခုအခါ ဆူးတိုက် လာရောက်စိန်ခေါ်မည့် အချိန်ကိုသာ စောင့်ဆိုင်းရန် ကျန်တော့ပေသည်။
ကောင်းယွမ်သည် စည်းမျဉ်းများကိုလည်း သတ်မှတ်ထားခဲ့၏။ အဝင်ဝမှ ထွက်ပေါက်အထိ လျှောက် လှမ်းနိုင်ပါက အောင်နိုင်သူအဖြစ် သတ်မှတ်မည်ဖြစ်ပြီး အချိန်ကန့်သတ်ချက်မှာ နှစ်နာရီ ဖြစ်လေသည်။
မီတာ (၄၀၀) ရှိသော လမ်းကြောင်းပေါ်တွင် နှစ်နာရီကြာ အချိန်ပေးရမည် ဖြစ်၏။
ကောင်းယွမ်သည် ဤအစီအစဉ်အတွက် အတော်လေး အားစိုက်ခဲ့ရလေသည်။
ကောင်းယွမ်သည် စနစ်ကို ဆက်လက် မွမ်းမံရန်အတွက် စက်ရုပ်များကို ညွှန်ကြားထားခဲ့ပြီး သူသည် လက်ရှိကမ္ဘာသို့ ပြန်လာခဲ့လေသည်။ ဆူးတိုက်သည် နှစ်ရက်အကြာတွင် ရောက်ရှိလာမည် ဖြစ်သဖြင့် စက်ရုပ်များအနေဖြင့် စနစ်ကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်ရန် အချိန်ရပေလိမ့်မည်။
ကောင်းယွမ်သည် လက်ရှိကမ္ဘာသို့ ပြန်လာရခြင်းမှာ အပူချိန်ထိန်းအဝတ်အစားနှင့် လက်ပတ်ဖုန်း မိတ်ဆက်ပွဲ အခမ်းအနားကို စီစဉ်ရန်အတွက်ပင် ဖြစ်၏။
ရှဝေနှင့် တာမီတို့၏ အွန်လိုင်းအရောင်းဆိုင်များကို လွှဲပြောင်းရယူပြီးကတည်းက ကြယ်ကိုးစင်းသည် ထုတ်ကုန်အသစ်များကို မိတ်ဆက်ရန်အတွက် တက်ကြွစွာ စီစဉ်နေခဲ့လေသည်။
သူတို့သည် ကြယ်ကိုးစင်းကို ကြီးကျယ်သော အောင်မြင်မှုတစ်ခု ဖြစ်စေလိုသဖြင့် နေရာအနှံ့တွင် ကြော်ငြာများ ထည့်သွင်းခဲ့ကြလေသည်။
မနက်ဖြန်တွင် ချင်ကျင်းမြို့၌ ထုတ်ကုန်သစ် မိတ်ဆက်ပွဲ အခမ်းအနားကို ကျင်းပရန် ပြင်ဆင်နေခဲ့ ကြခြင်းဖြစ်လေ၏။
တိုက်ဆိုင်သည်မှာ ကောင်းယွမ်သည်လည်း မနက်ဖြန်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပရန် စီစဉ် ထားခြင်းပင် ဖြစ်သည်။
ပို၍ တိုက်ဆိုင်သည်မှာ ကုမ္ပဏီနှစ်ခုလုံးသည် အမျိုးသား ကွန်ဗင်းရှင်းစင်တာ၏ အကြီးဆုံးသော ခန်းမ ဆောင်ကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပြီး အဝင်ဝများမှာသာ ဘယ်နှင့်ညာ ကွဲပြားနေခဲ့ပေသည်။
ထိုအခြေအနေနှင့် ပတ်သက်၍ လီပင်းရှီက စိတ်အားထက်သန်စွာ ပြောလိုက်၏။
"မိတ်ဆွေကောင်းတွေပဲ... အတူတူလုပ်ကြတာပေါ့... ပိုပြီး စည်ကားသွားတာပေါ့..."
သူသည် ငါးရံ့နက်နည်းပညာကုမ္ပဏီ၏ အပူချိန်ထိန်းအဝတ်အစား အချက်အလက်များကို ယခင်က မြင်ဖူးခဲ့သော်လည်း ငါးရံ့နက်နည်းပညာကုမ္ပဏီသည် တရားဝင် ထုတ်ကုန်မိတ်ဆက်ပွဲ တစ်ခုကိုမျှ ကျင်းပခဲ့ဖူးခြင်း မရှိပေ။
ဤတစ်ကြိမ်တွင် ရှနိုင်ငံ၊ အမေရိကန်နှင့် တောင်ပိုင်းမင်းဆက်တို့တွင် တစ်ပြိုင်နက် မိတ်ဆက်မည်ဖြစ် ရာ သတင်းစာရှင်းလင်းပွဲ တစ်ခုလုံး လိုအပ်ပေလိမ့်မည်။
ဤမိတ်ဆက်ပွဲတွင် အပူချိန်ထိန်းအဝတ်အစားသာမက ၎င်းနှင့် လိုက်ဖက်သော စမတ်လက်ပတ်လည်း ပါဝင်လေသည်။
လီပင်းရှီသည် လက်ပတ်၏ ဓာတ်ပုံများကို မြင်ဖူးခဲ့ပြီး ဒီဇိုင်းမှာ အတော်လေး ကောင်းမွန်လှပေ၏။ ထို အရာနှစ်ခု ပေါင်းစပ်လိုက်လျှင် အဆင့်မြင့်နည်းပညာ ဆန်သော ခံစားချက်ကို ပေးစွမ်းနိုင်ပေသည်။
နှမြောစရာ ကောင်းသည်မှာ လီပင်းရှီသည် ကောင်းယွမ်၏ ရုပ်ရှင်များကို မကြည့်ဖူးခြင်းပင် ဖြစ်၏။ အကယ်၍ ကြည့်ဖူးခဲ့လျှင်ပင် သူ့အနေဖြင့် ဂရုစိုက်မည် မဟုတ်ပေ။
ယခုအချိန်တွင် ကုမ္ပဏီနှစ်ခုလုံးသည် သူတို့၏ ထုတ်ကုန်မိတ်ဆက်ပွဲ နေရာများကို ပြင်ဆင်နေကြပြီး တစ်ခုနှင့်တစ်ခု မျက်နှာချင်းဆိုင်လျက် ရှိနေကြရာ ၎င်းမှာ ကုမ္ပဏီနှစ်ခုကြားရှိ ရင်းနှီးသော ပူးပေါင်း ဆောင်ရွက်မှုကို ပြသနေသကဲ့သို့ ဖြစ်နေခဲ့ပေသည်။
ကြယ်ကိုးစင်းသည် ရှနိုင်ငံတွင် အခြေချမှုကို အပြီးသတ်နိုင်ခဲ့ပြီ ဖြစ်၏။
ကောင်းယွမ်သည်လည်း အမေရိကန်တွင် သူ၏ ဗျူဟာမြောက် ဖြန့်ကျက်မှုများကို အပြီးသတ်နိုင်ခဲ့လေ သည်။
ထို့ပြင် ငါးရံ့နက် အက်ပ်ကို ရှနိုင်ငံတွင် ဒေါင်းလုဒ်ပြုလုပ်သူ အရေအတွက်မှာ သန်း (၁၀၀) ကျော်သွားခဲ့ ပြီပင် ဖြစ်၏။
အပူချိန်ထိန်းအဝတ်အစားကို ကြိုတင်မှာယူသူ အရေအတွက်မှာ (၅) သန်းကျော်သွားခဲ့ပြီ ဖြစ်ပေသည်။ အပူချိန်ထိန်းအဝတ်အစားများသည် ပုံစံအမျိုးမျိုး ရှိသော်လည်း ဈေးနှုန်းမှာမူ အတူတူပင် ဖြစ်ပြီး (၃၈၈၈) ယွမ် သတ်မှတ်ထားလေသည်။
ထို့အပြင် ငါးရံ့နက် အက်ပ်တွင် လက်ပတ်ဖုန်းဟု ခေါ်သော ထုတ်ကုန်တစ်ခုလည်း ရှိနေသေး၏။
လက်ရှိတွင် ဓာတ်ပုံနှင့် အမည်ကိုသာ ဖော်ပြထားပြီး အသေးစိတ် အချက်အလက်များကိုမူ ဖော်ပြခြင်း မရှိသေးပေ။
"ကမ္ဘာမြေကို ကယ်တင်ခြင်း" ရုပ်ရှင်ကို နှစ်သက်သူများသည် ထိုအရာမှာ ရုပ်ရှင်ထဲမှ အနာဂတ် ဆက် သွယ်ရေးကိရိယာနှင့် တစ်ထပ်တည်း တူညီနေကြောင်း ချက်ချင်း သိလိုက်ကြလေသည်။ အချို့သူများ ကမူ ၎င်း၏ စွမ်းဆောင်ရည်မှာလည်း ရုပ်ရှင်ထဲကအတိုင်း တူညီနေမလားဟုပင် ခန့်မှန်းနေကြ၏။
ထို့ပြင် ဤစမတ်လက်ပတ်ကို သီးခြားဝယ်ယူမည်ဆိုပါက ဈေးနှုန်းမှာ (၅၈၈၈) ယွမ် ဖြစ်သဖြင့် မသက် သာလှပေ။
ငွေကြေး အလျှံပယ်ရှိသော ရုပ်ရှင်ဝါသနာအိုးများသည် အသစ်အဆန်းကို စမ်းသပ်လိုကြသည်မှာ အမြဲ ပင် ဖြစ်၏။
ရလဒ်အနေဖြင့် လက်ပတ်ဖုန်းကို ကြိုတင်မှာယူသူ အရေအတွက်မှာ တစ်သိန်းကျော်သွားခဲ့လေသည်။
အမေရိကန်ရှိ အရောင်းဆိုင်များတွင်လည်း လက်ပတ်ဖုန်းကို အပူချိန်ထိန်းအဝတ်အစားနှင့် တွဲဖက် ပစ္စည်းအဖြစ် ရောင်းချနေခဲ့လေသည်။ အပူချိန်ထိန်းအဝတ်အစား သို့မဟုတ် လက်ပတ်ဖုန်းကို သီးခြား စီလည်း ဝယ်ယူနိုင်ပေသည်။ ဈေးနှုန်းမှာ ရှနိုင်ငံနှင့် အတူတူပင် ဖြစ်သော်လည်း အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားခြင်း ဖြစ်၏။
ရှလင်သည် ထိုအချိန်တွင် အမေရိကန်၌ ရှိနေဆဲဖြစ်ပြီး ထုတ်ကုန် လုပ်ငန်းလည်ပတ်မှုများကို တာဝန် ယူထားလေသည်။
ပထမဆုံး ကုန်ပစ္စည်းအသုတ်ကို လျှို့ဝှက်စွာ သင်္ဘောပေါ်တင်ဆောင်၍ အမေရိကန်သို့ ပို့ဆောင်နေခဲ့ပြီ ဖြစ်၏။
အချိန်မှာ တဖြည်းဖြည်း နီးကပ်လာခဲ့လေပြီ။
လီပင်းရှီသည် ရုတ်တရက် စိတ်လှုပ်ရှားလာခဲ့လေသည်။
"ရှနိုင်ငံ... ငါ ပြန်လာပြီ... ဒီတစ်ခါတော့ ရှနိုင်ငံရဲ့ ဖုန်းဈေးကွက်ကို ငါ သိမ်းပိုက်တော့မယ်... ကြယ်ကိုး စင်း ဖုန်းတွေက... နောက်နှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ဖုန်းအမှတ်တံဆိပ် ဖြစ်လာစေရမယ်..."
သူသည် တက်ကြွမှုအပြည့်ဖြင့် ရှနိုင်ငံဈေးကွက်ကို သိမ်းပိုက်ရန် ပြင်ဆင်နေခဲ့လေသည်။ ထိုသို့လုပ်ရန် အတွက် ငွေကြေး အမြောက်အမြား ကုန်ကျခဲ့သော်လည်း ယခင်ကမူ ငွေရှိသော်လည်း ဘာမှ လုပ်၍ မရခဲ့ပေ။
သူသည် ကောင်းယွမ်ကို အလွန်ပင် ကျေးဇူးတင်မိလေသည်။
သို့သော်... စီးပွားရေးသမားများကြားတွင် အကျိုးစီးပွား ပဋိပက္ခ မရှိသရွေ့ သူတို့သည် မိတ်ဆွေကောင်း များ ဖြစ်ကြသော်လည်း အကျိုးစီးပွား ပဋိပက္ခ ဖြစ်လာသည်နှင့်... စီးပွားရေးလောကသည် စစ်တလင်း ကဲ့သို့ပင် ဖြစ်ပြီး လူတိုင်းသည် မိမိ၏ အကျိုးအမြတ်အတွက်သာ ကြည့်ကြမည် ဖြစ်သဖြင့် သစ္စာမရှိဟု မဆိုသာပေ။
အပူချိန်ထိန်းအဝတ်အစားသည် ကြယ်ကိုးစင်း၏ စီးပွားရေးနှင့် ပဋိပက္ခ မဖြစ်ပေ။ ငါးရံ့နက်နည်းပညာ ကုမ္ပဏီ၏ ချစ်ပ်ပြားများကို ဝယ်ယူခြင်းမှာ ကြယ်ကိုးစင်း ကိုယ်တိုင် ထုတ်လုပ်ခြင်းထက် ပို၍ ဈေး သက်သာသဖြင့် ၎င်းမှာလည်း ပဋိပက္ခ မဖြစ်ပေ။
ထို့ကြောင့် ကြယ်ကိုးစင်းနှင့် ငါးရံ့နက်သည် နောက်ထပ် နှစ်အနည်းငယ်ကြာအောင် မိတ်ဆွေအဖြစ် ဆက်လက် တည်ရှိနိုင်ဦးမည့်ပုံပင်ဖြစ်လေ၏။
လီပင်းရှီသည် ရှနိုင်ငံဈေးကွက်သို့ ပြန်လည်ဝင်ရောက်ရန်အတွက် ချင်ကျင်းမြို့ရှိ ဤထုတ်ကုန် မိတ်ဆက်ပွဲကို ကိုယ်တိုင် စီစဉ်ခဲ့ခြင်း ဖြစ်၏။ ဤတစ်ကြိမ်တွင် အောင်မြင်မှုမှာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ပြီး ကျရှုံးမှုကိုမူ လက်မခံနိုင်ပေ။
သို့သော် ဤတစ်ကြိမ်တွင် အရာအားလုံးက အဆင်ပြေလွန်းနေသဖြင့်လည်း လီပင်းရှီမှာ စိတ်မအေး ဖြစ်နေခဲ့ရလေသည်။
လီပင်းရှီသည် ရှနိုင်ငံဈေးကွက်ကို အနည်းငယ် ခွဲခြမ်းစိတ်ဖြာကြည့်သည့်အခါ ကျရှုံးရန် အကြောင်းပြ ချက် လုံးဝ မရှိကြောင်း တွေ့ရှိလိုက်ရလေသည်။ ရှဝေနှင့် တာမီတို့ ရှိနေသေးသော်လည်း သူတို့သည် သူတို့၏ လုပ်ငန်းအားလုံးနီးပါးကို ရှဝေထံသို့ လွှဲပြောင်းရောင်းချထားပြီး ဖြစ်လေသည်။
သူတို့တွင် မိမိကို တားဆီးနိုင်သော အင်အား မရှိတော့ပေ။ မည်သို့သော အန္တရာယ်များ ရှိနိုင်ပါဦးမည် နည်း။
လီပင်းရှီသည် ရှနိုင်ငံဈေးကွက်မှာ မိမိအတွက် အလွန်အရေးကြီးလွန်းသဖြင့် စိတ်လှုပ်ရှားနေခြင်း ဖြစ် နိုင်ကြောင်း သိလိုက်လေ၏။
ရှနိုင်ငံဈေးကွက်ကို ဆုံးရှုံးရခြင်းသည် ကမ္ဘာ့အဆင့်မီ အမှတ်တံဆိပ် တစ်ခု ဖြစ်လာရန် မဖြစ်နိုင်တော့ ခြင်းပင်။
မိတ်ဆက်ပွဲကို မနက်ဖြန်တွင် ကျင်းပမည် ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် မိတ်ဆက်ပွဲကို ကွန်ရက် တစ်ခုလုံးသို့ တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ထုတ်ကုန်အသစ်များကို အွန်လိုင်းရော အော့ဖ်လိုင်း ပါ ရောင်းချသွားမည် ဖြစ်ပေ၏။
ဤတစ်ကြိမ်တွင် မိတ်ဆက်မည့် ကြယ်ကိုးစင်း ခေတ်သစ်(၀၁) ဖုန်းသည် ကမ္ဘာ့အဆင့်မီ ဒီဇိုင်းပညာ ရှင်များ၏ လက်ရာဖြစ်ပြီး အစွမ်းထက်ဆုံး "ငါးရံ့နက် ရွှေတုတ်ကောက်" ချစ်ပ်ပြားကို တပ်ဆင်ထား ခြင်းဖြစ်လေသည်။ ထို့ပြင် စနစ်ကိုလည်း ကြယ်ကိုးစင်း၏ အဖွဲ့က သုံးနှစ်ကြာအောင် အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်လေသည်။
နှစ်ပေါင်းများစွာ စီစဉ်ခဲ့သမျှသည် မနက်ဖြန်တွင် အဖြေပေါ်တော့မည် ဖြစ်၏။ လီပင်းရှီသည် အနားယူ ရန်အတွက် ဟိုတယ်သို့ စောစော ပြန်လာခဲ့လေသည်။
မနက်ဖြန် မိတ်ဆက်ပွဲကို သူကိုယ်တိုင် ဦးဆောင် ကျင်းပမည် ဖြစ်၏။ နှစ်ပေါင်းများစွာအတွင်း လီပင်းရှီ သည် ဤကဲ့သို့သော ထုတ်ကုန်မိတ်ဆက်ပွဲ တစ်ခုအတွက် ဤမျှအထိ အားစိုက်ခဲ့ဖူးခြင်းမရှိပေ။
သူသည် အိပ်ရန် ကြိုးစားလေလေ အိပ်မပျော်လေလေ ဖြစ်နေခဲ့တော့သည်။
သူသည် ကြယ်ကိုးစင်း၏ တရားဝင် ဝေ့ပေါ် အကောင့်ကို ကြည့်နေရင်းနှင့် ရုတ်တရက် ကြော်ငြာတစ်ခု ကို တွေ့လိုက်ရလေသည်။
၎င်းမှာ ငါးရံ့နက်နည်းပညာကုမ္ပဏီ၏ လက်ပတ်ဖုန်း ကြော်ငြာပုံရိပ် ဖြစ်လေ၏။ လီပင်းရှီသည် ထိုစမတ်လက်ပတ်လေးကို ဂရုမစိုက်ခဲ့ပေ။
သူသည် ပျင်းနေသဖြင့် မှတ်ချက်များကို ဖတ်ကြည့်လိုက်ရာ...၊ မှတ်ချက်များသည် အနည်းငယ် ထူးဆန်းနေကြောင်း တွေ့လိုက်ရလေ၏။
[လက်ပတ်ဖုန်းလား... ဒါ တကယ်ပဲ လက်ပတ်ဖုန်းလား... ကမ္ဘာမြေကို ကယ်တင်ခြင်း ထဲက လက်ပတ် ဖုန်းလား...]
[ကျွန်တော်တို့ သုံးဖက်မြင် ပုံရိပ်ယောင်နဲ့ စကားပြောလို့ ရမလား...]
[ဘာလို့ အသေးစိတ် မဖော်ပြထားတာလဲ...]
[ကြယ်ကိုးစင်းကတော့... ဟဲဟဲ... သူတို့ ကိုယ့်သင်္ချိုင်းကိုယ် တူးလိုက်တာပဲ...]