အခန်း ၈၅
Vol. 9 Ch. 85
အခန်း (၈၅)
ကောင်းယွမ်... မင်း ငါ့ကို လိမ်လိုက်တာပဲ
လီပင်းရှီသည် မှတ်ချက်များကို ဆက်လက်ဖတ်ရှုလေလေ ပိုမို စိုးရိမ်ထိတ်လန့်လာလေလေ ဖြစ်နေ တော့လေသည်။
မှတ်ချက်အများစုမှာ ထိုအရာသည် မည်သို့သောအရာမှန်း မသိဘဲ သာမန်လက်ပတ်တစ်ခုမျှသာဟု ထင်မြင်နေကြသော်လည်း အချို့သော မှတ်ချက်များမှာမူ လက်ပတ်ဖုန်းအပေါ် အလွန်အမင်း မျှော်လင့် စောင့်စားနေကြကြောင်း သိသာထင်ရှားလှပေသည်။
ထို့ပြင် ထိုမှတ်ချက်များ၌ သုံးဖက်မြင် ပုံရိပ်ယောင်၊ စကားပြောဆိုခြင်း၊ လူမှုကွန်ရက် ချိတ်ဆက်ခြင်း နှင့် ဂိမ်းကစားခြင်း စသည့် အဓိက အချက်များကိုလည်း ဖော်ပြထားခဲ့လေသည်။
သုံးဖက်မြင် ပုံရိပ်ယောင်မှလွဲ၍ ကျန်လုပ်ဆောင်ချက်များမှာ လက်ရှိ စမတ်ဖုန်းများ၏ လုပ်ဆောင်ချက် များနှင့် ထပ်တူကျနေခဲ့ပေ၏။
သူသည် စိတ်မအေး ဖြစ်လာကာ ချက်ချင်းပင် သူ၏ လက်ထောက်ကို ရှာဖွေလိုက်တော့သည်။
လက်ပတ်ဖုန်း၏ ဓာတ်ပုံကို ပြကာ...၊
"မင်း ဒါကို သိသလား..."
လက်ထောက်က တစ်ချက်ကြည့်လိုက်ပြီးလျှင်...၊
"ဒါက ငါးရံ့နက်နည်းပညာကုမ္ပဏီရဲ့ လက်ပတ်ဖုန်း မဟုတ်ဘူးလား... အရင်က လူကြီးမင်းကိုယ်တိုင်ပဲ ကြော်ငြာပေးဖို့ ခိုင်းထားခဲ့တာလေ..."
"ဟုတ်တယ်... အဲဒါကြောင့် ငါ မေးနေတာပေါ့... ဒီပစ္စည်းရဲ့ လုပ်ဆောင်ချက်တွေက ဘာတွေလဲလို့..."
လက်ထောက်သည် ခဏမျှ တိတ်သွားပြီးမှ...၊
"ဥက္ကဋ္ဌ... ကျွန်တော် နောက်မှ ထပ်ပြီး စုံစမ်းကြည့်ပါသေးတယ်... ဒါပေမဲ့ ငါးရံ့နက်နည်းပညာကုမ္ပဏီရဲ့ တရားဝင် ဝဘ်ဆိုက်မှာ ဘာအချက်အလက်မှ မရှိပါဘူး... ဓာတ်ပုံနဲ့ မော်ဒယ်နံပါတ်ပဲ ရှိတာပါ... ဒါပေမဲ့ အင်တာနက် အသုံးပြုသူတွေကတော့ ဒါဟာ နောက်ဆုံးပေါ် ဆက်သွယ်ရေးနဲ့ ဂိမ်းလောကရဲ့ အံ့ဖွယ် ပစ္စည်းတစ်ခုလို့ ပြောနေကြပါတယ်... လက်ရှိ နည်းပညာက အဲဒီအဆင့်အထိ မရောက်နိုင်သေး တာကြောင့် ကျွန်တော်တို့ကတော့ ဒါကို မယုံပါဘူး... "
"ပြီးတော့ လူကြီးမင်းကိုယ်တိုင်က ငါးရံ့နက်နည်းပညာကုမ္ပဏီကို ကြော်ငြာပေးနေတာဆိုတော့ ဒါက ကျွန်တော်တို့အတွက် ဘာခြိမ်းခြောက်မှုမှ မရှိနိုင်ဘူးလို့ ယူဆပါတယ်... ဒါဟာ ရုပ်ရှင်ရဲ့ နာမည်ကို အသုံးချပြီး ပရိသတ်တွေဆီကနေ ငွေညှစ်ဖို့အတွက် လုပ်ထားတဲ့ လှည့်ကွက်တစ်ခုပဲ ဖြစ်မှာပါ..."
လီပင်းရှီ တိတ်ဆိတ်သွားခဲ့ရလေ၏။
ကောင်းယွမ်သည် ယခင်က ထိုအရာမှာ စမတ်လက်ပတ်တစ်ခုသာ ဖြစ်ကြောင်း ပြောခဲ့ဖူးသော်လည်း ထိုအချိန်က သူသည် ဂရုမပြုခဲ့မိပေ။
ထိုအရာ၏ အသေးစိတ် လုပ်ဆောင်ချက်များကို မည်သူ သိနိုင်ပါမည်နည်း...။
အကယ်၍သာ...၊ ဤသည်မှာ သုံးဖက်မြင် ပုံရိပ်ယောင်ဖြင့် အပြန်အလှန် ဆက်သွယ်နိုင်သော တော်လှန်ရေးဆန်သည့် ဆက်သွယ်ရေး နည်းပညာတစ်ခု အမှန်တကယ် ဖြစ်နေခဲ့လျှင်...။
အကယ်၍ အမှန်တကယ်သာ လုပ်ဆောင်နိုင်ခဲ့ပါက လက်ရှိ စမတ်ဖုန်းများသည် လွန်ခဲ့သော ဆယ်စု နှစ်တစ်ခုက အုတ်ခဲကြီးများကဲ့သို့ ဖြစ်သွားမည်မှာ အသေအချာပင်။ မည်သို့ပင် ကြိုးစားစေကာမူ ခေတ်နောက်ကျကာ ပျောက်ကွယ်သွားရပေလိမ့်မည်။
လီပင်းရှီ၏ နဖူးပေါ်တွင် ချွေးစေးများ ပေါ်လာခဲ့လေသည်။
သူသည် အိပ်မပျော်နိုင်တော့ပေ။
သူသည် သူ၏ ထိပ်တန်း နည်းပညာ အကြံပေးပုဂ္ဂိုလ်ကို ခေါ်ယူလိုက်ပြီး နှစ်ဦးသား စတင်ဆွေးနွေးကြ လေတော့သည်။
"ကျင်းကျဲ... မင်း ငါးရံ့နက်နည်းပညာကုမ္ပဏီရဲ့ လက်ပတ်ဖုန်းအကြောင်း ကြားဖူးသလား..."
ချွေကျင်းကျဲသည် ကြယ်ကိုးစင်း၏ ထိပ်တန်း နည်းပညာ အကြံပေးပုဂ္ဂိုလ် ဖြစ်ပြီး နည်းပညာဆိုင်ရာ အကြံပေးမှုများကို တာဝန်ယူရသူ ဖြစ်ပေသည်။ လီပင်းရှီသည် သူ့ကို ရှနိုင်ငံရှိ ထုတ်ကုန်မိတ်ဆက်ပွဲသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။ ချွေကျင်းကျဲသည် ဤမိတ်ဆက်ပွဲတွင် အဓိက စကားပြောကြားမည့်သူ နှင့် ထုတ်ကုန်သစ်များ၏ အဓိက ဒီဇိုင်းပညာရှင်လည်း ဖြစ်ပေသည်။
"လက်ပတ်ဖုန်းလား..."
ချွေကျင်းကျဲမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရလေ၏။
လီပင်းရှီသည် ဖုန်းကို ထုတ်ကာ ဓာတ်ပုံများကို ပြလိုက်သည်။
"ဒါပဲလေ..."
"ဪ... ဒါလား... ကျွန်တော် ဒါကို စုံစမ်းကြည့်ပါသေးတယ်... ကြည့်ရတာတော့ အရင်က လက်ပတ် တွေနဲ့ ဆင်တူပါတယ်... ဒါပေမဲ့ လုပ်ဆောင်ချက်တွေကိုတော့ မသိရသေးပါဘူး... ဥက္ကဋ္ဌလီက ပြည်သူ့ ဆက်ဆံရေးဌာနကို ကြော်ငြာခိုင်းကတည်းက ကျွန်တော် သတိထားမိပါတယ်... ပြီးတော့ လက်ရှိ ရှနိုင်ငံ မှာ နာမည်ကြီးနေတဲ့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ထဲမှာလည်း ဒါမျိုး ပါဝင်နေတာမို့လို့ ကျွန်တော် အဲဒီ ရုပ်ရှင်ကိုတောင် သီးသန့် ရှာကြည့်ထားပါသေးတယ်..."
"အဲဒါဆိုရင်... ဒီပစ္စည်းက ငါတို့ဖုန်းတွေအတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်လို့ မင်း ထင်သလား..."
လီပင်းရှီက မေးလိုက်လေ၏။
ချွေကျင်းကျဲက ခဏမျှ စဉ်းစားလိုက်ပြီးနောက်...၊
"တကယ်လို့ အဲဒီအရာက ရုပ်ရှင်ထဲကလို လုပ်ဆောင်ချက်တွေသာ အမှန်တကယ် ရှိခဲ့မယ်ဆိုရင် စမတ် ဖုန်းတွေဟာ လုံးဝကို အင်အားချည့်နဲ့သွားမှာပါ..."
ထိုစကားကို ကြားလိုက်ရသည့်အခါ လီပင်းရှီ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့ရလေတော့ သည်။
သူ၏ မျက်လုံးများမှာ ဒေါသကြောင့် မီးတောက်မတတ် ဖြစ်နေပြီး...၊
"ကောင်းယွမ်... မင်း ငါ့ကို လိမ်လိုက်တာပဲ..."
သို့သော် ချွေကျင်းကျဲက ဆက်လက်ပြောကြားလိုက်သည်မှာ...၊
"ဒါပေမဲ့ ဥက္ကဋ္ဌလီ... ကျွန်တော် ရုပ်ရှင်ထဲက နည်းပညာကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ အမှန်အတိုင်း ပြောရရင် လက်ရှိ နည်းပညာနဲ့တော့ အဲဒါကို လုပ်ဆောင်ဖို့ မဖြစ်နိုင်ပါဘူး...။ ပထမအချက်အနေနဲ့ သုံးဖက်မြင် ပုံရိပ်ယောင် နည်းပညာက အဆင့်မမီသေးပါဘူး... "
"ဒုတိယအချက်အနေနဲ့ ရုပ်ရှင်ထဲမှာ ဦးနှောက်လှိုင်းနဲ့ ထိန်းချုပ်တာကို ဖော်ပြထားပါတယ်... ဦးနှောက်နဲ့ ကွန်ပျူတာ ချိတ်ဆက်မှုစနစ်တွေ ရှိနေပြီ ဆိုပေမဲ့ လက်ပတ်တစ်ခု ဝတ်ရုံရုံနဲ့ ဦးနှောက်လှိုင်းကို ထိန်း ချုပ်နိုင်တယ်ဆိုတာကတော့ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပါတယ်... "
"ဦးနှောက်နဲ့ ကွန်ပျူတာ ချိတ်ဆက်မှုစနစ်တွေဟာ အလွန်ရှုပ်ထွေးတဲ့ နည်းပညာတွေ လိုအပ်သလို ဦးနှောက်လှိုင်းတွေကို ဖမ်းယူ ခွဲခြမ်းစိတ်ဖြာဖို့အတွက်လည်း ကြီးမားတဲ့ ခေါင်းဆောင်းကြီးတွေ လိုအပ် ပါတယ်..."
"လက်ပတ်ကနေတစ်ဆင့် ဦးနှောက်လှိုင်းကို ထိန်းချုပ်နိုင်တယ်ဆိုတာ ကျွန်တော် တစ်ခါမှ မကြားဖူးပါ ဘူး... ဒါဟာ မဖြစ်နိုင်တဲ့ အရာပါ... ဦးနှောက်လှိုင်းတွေဟာ တစ်ခုနဲ့တစ်ခု အရင်ဆုံး ခံစားမိဖို့ လိုအပ်ပါ တယ်... ပြီးတော့ သုံးဖက်မြင် ပုံရိပ်ယောင်...၊ လက်ရှိ သုံးဖက်မြင် ပုံရိပ်ယောင်တွေဟာ သီးသန့် ပြင် ဆင်ထားတဲ့ နေရာတွေ လိုအပ်ပါတယ်... လက်ပတ်တစ်ခုတည်းနဲ့ လုပ်ဆောင်ဖို့ဆိုတာကတော့... လုံးဝ မဖြစ်နိုင်ပါဘူး..."
"ဒါတွေက ပါဝင်နေတဲ့ အရေးကြီးဆုံး နည်းပညာနှစ်ခု ဖြစ်ပေမဲ့ နှစ်ခုစလုံးက လက်ရှိမှာ လုပ်ဆောင်နိုင် စွမ်း မရှိသေးပါဘူး... ဒါကြောင့် ကျွန်တော် ကောက်ချက်ချရရင်တော့ ဒီပစ္စည်းဟာ ပိုပြီး အဆင့်မြင့်တဲ့ လက်ပတ်တစ်ခုမျှသာ ဖြစ်ဖို့ များပါတယ်... အကယ်၍ ဆက်သွယ်ရေး လုပ်ဆောင်ချက်တွေ ပါဝင်ခဲ့ မယ်ဆိုရင်တောင် ဒါဟာ ဖုန်းနာရီ အမျိုးအစားသစ်တစ်ခုသာ ဖြစ်မှာပါ... ကျွန်တော်တို့အပေါ်မှာ ဘာ သက်ရောက်မှုမှ ရှိမှာ မဟုတ်ပါဘူး..."
လီပင်းရှီသည် စိတ်သက်သာရာ ရသွားခဲ့လေ၏။ သူသည် မိမိကိုယ်ကိုယ် လှောင်ပြောင်သည့် အနေဖြင့် ရယ်မောလိုက်လေသည်။
*ဟားဟား…ငါ တကယ်ကို အထိမခံနိုင်လောက်အောင် ဖြစ်နေခဲ့တာပဲ…*
*သုံးဖက်မြင် ပုံရိပ်ယောင်တွေ၊ ဦးနှောက်လှိုင်းနဲ့ ထိန်းချုပ်တာတွေဆိုတာကို... ငါက အဟုတ်ကြီးမှတ် ပြီး တကယ် ယုံလိုက်မိတာလား…*
*သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲက အရာမျိုးတွေက အခုလိုအချိန်မှာ ဘယ်လိုလုပ်ပြီး ပေါ်လာနိုင်မှာလဲ။ ချွေကျင်းကျဲကတောင် မဖြစ်နိုင်ဘူးလို့ ပြောထားမှတော့... ဒါက လုံးဝကို မဖြစ်နိုင်တဲ့အရာပဲ…*
"ကောင်းပြီ... ကျင်းကျဲ... မင်း အနားယူလိုက်တော့... မနက်ဖြန်တော့ မင်းအပေါ်မှာပဲ မူတည်နေပြီ နော်..."
...
လီပင်းရှီသည် ထိုညက အလွန်ပင် နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့ပြီး အိပ်မက်ပင် မက်ခဲ့သေးသည်။ အိပ်မက် ထဲတွင် ကြယ်ကိုးစင်း ဖုန်းများသည် တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားခဲ့ပြီး ကမ္ဘာ့ဈေးကွက်၏ (၉၀) ရာခိုင်နှုန်းကို သိမ်းပိုက်နိုင်ခဲ့ကာ စမတ်ဖုန်းလောက၏ ဘုရင်အဖြစ် အငြင်းပွားဖွယ်မရှိ တည်ရှိနေခဲ့ပေ ၏။
စမတ်ဖုန်းများကို အသုံးချကာ ဆော့ဖ်ဝဲလ်များ ဖန်တီးခြင်းဖြင့် ကြယ်ကိုးစင်းသည် ဂိမ်းနှင့် လူမှုကွန် ရက် နယ်ပယ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့လေတော့သည်။
လီပင်းရှီသည် မနက်ခင်းတွင် အားအင်အပြည့်ဖြင့် နိုးထလာခဲ့လေသည်။ သူသည် လက်ထောက်ကို ခေါ်ယူလိုက်လေသည်။
"ခန်းမဆောင်က အခြေအနေ ဘယ်လိုလဲ..."
"ဘာပြဿနာမှ မရှိပါဘူး... အားလုံး အဆင်သင့် ဖြစ်နေပါပြီ... မီဒီယာတွေကိုလည်း ဖိတ်ကြားပြီးပါ ပြီ... ဒီတစ်ခါတော့ ကျွန်တော်တို့ ချင်ကျင်း သတင်းစာတိုက်နဲ့ ပူးပေါင်းထားတာဆိုတော့ သူတို့ကပဲ မီဒီယာတွေကို ဖိတ်ပေးထားတာပါ... နည်းပညာ ဝေဖန်ရေးသမားတွေနဲ့ ဩဇာညောင်းသူ အများကြီးကို လည်း ဖိတ်ထားတာကြောင့် အခုဆိုရင် အတော်လေးကို စည်ကားနေပါပြီ..."
လီပင်းရှီသည် ကျေနပ်စွာဖြင့် ခေါင်းညိမ့်လိုက်၏။
"ငါးရံ့နက်နည်းပညာကုမ္ပဏီရဲ့ အခြေအနေကော ဘယ်လိုရှိလဲ..."
"ထူးခြားတာ ဘာမှ မရှိပါဘူး... သူတို့ ခန်းမကို ပြင်ဆင်တုန်းက အပင်တွေ အများကြီး ဝယ်ခဲ့တာ ကြောင့် ကျွန်တော်တို့အတွက်တောင် အချို့ကို လာပေးသွားပါသေးတယ်... ပြီးတော့ အပြင်ဘက်က မှတ်ပုံတင် စားပွဲကိစ္စကိုလည်း သူတို့ကပဲ ညှိနှိုင်းပေးပါသေးတယ်... လူတွေ ဝင်လာတဲ့အခါ ကျွန်တော် တို့ ခန်းမကို အရင် မြင်နိုင်အောင် သူတို့ရဲ့ စားပွဲကို သုံးမီတာလောက် အတွင်းဘက် ရွှေ့ပေးထားပါ တယ်... ငါးရံ့နက်နည်းပညာကုမ္ပဏီက ဝန်ထမ်းတွေက တကယ်ကို ဖော်ရွေကြပါတယ်..."
လီပင်းရှီ သက်ပြင်းချလိုက်မိ၏။
"ကောင်းယွမ်... တကယ်လို့ နောင်တစ်ချိန်မှာ ငါးရံ့နက်နည်းပညာကုမ္ပဏီသာ ကျရှုံးသွားခဲ့ရင် မင်းကို ငါ့ဆီမှာ အဆင့်မြင့် စီမံခန့်ခွဲသူ ရာထူးတစ်ခု ပေးပါ့မယ်... လူငယ်လေးက မဆိုးဘူးပဲ..."
ကောင်းယွမ်မှာမူ မနက်အစောပိုင်းကတည်းက ကျန်းပိုင်ရီ၏ တိုက်တွန်းမှုကြောင့် မုကျားရွာမှ ချင်ကျင်း မြို့သို့ သွားရောက်ခဲ့ရလေသည်။
ကောင်းယွမ်သည် ဘတ်စ်ကားပေါ်တွင် နုံးချိနေသော ပုံစံဖြင့် လိုက်ပါလာခဲ့လေ၏။ လွန်ခဲ့သော ရက် အနည်းငယ်အတွင်း သူ၏ အလုပ်များမှာ အလွန်ပင် များပြားလှပေသည်။
"လောင်ကျန်း... တောက်... အခုမှ (၅) နာရီကျော်ပဲ ရှိသေးတယ်... မင်း ငါ့ကို အိပ်ရာထဲကနေ အတင်း ဆွဲခေါ်လာတာပဲ... ငါကတော့ သွားချင်တာ မဟုတ်ဘူး... မင်းပဲ အဲဒီပွဲကို ဦးဆောင်လိုက်ပါလား... ဘာလို့ ငါ့ကိုပါ ခေါ်လာရတာလဲ..."
"စကားမများစမ်းပါနဲ့... ဒါက အရေးကြီးတဲ့ ကိစ္စပဲလေ... ဒါ ငါးရံ့နက်နည်းပညာကုမ္ပဏီရဲ့ ပထမဆုံး လူထုကို မိတ်ဆက်မယ့် ထုတ်ကုန်ပဲ... မင်းက ကုမ္ပဏီပိုင်ရှင် ဖြစ်နေပြီးတော့ မပေါ်လာလို့ ဘယ်ဖြစ် မလဲ... ဝန်ထမ်းတွေလည်း ရက်အတော်ကြာအောင် ကြိုးစားထားကြတာလေ... လောင်ကောင်း... အဲဒီ လက်ပတ်ဖုန်းကို မင်းက သေချာ ဝှက်ထားတာပဲ... လောလောဆယ် မရောင်းသေးဘူးလို့ ပြောထား ပြီးတော့ အခုကျမှ ဘာလို့ စိတ်ပြောင်းသွားတာလဲ..."
"အရင်က အချိန်မကျသေးလို့ပါ..."
"အခုတော့ အချိန်ကျပြီပေါ့..." ကျန်းပိုင်ရီက မေးလိုက်၏။
"အင်း..."
ကောင်းယွမ်သည် စကားမပြောချင်သဖြင့် မျက်လုံးများကို မှိတ်ထားလိုက်လေသည်။
"မနေ့ညက ငါ လက်ပတ်ဖုန်းနဲ့ မနက် (၃) နာရီအထိ ဆော့နေတာ...( ၂) နာရီပဲ အိပ်ရသေးတယ်... မင်းက ဘာလို့ ငါ့ထက် ပိုပင်ပန်းနေရတာလဲ..."
ကောင်းယွမ် မျက်လုံးကိုပင် ဖွင့်မကြည့်ပေ။
"မင်း နားမလည်ပါဘူး... ဒါက ပင်ပန်းဖို့ ကောင်းတယ်လေ... စီစဉ်ရတာတွေက အများကြီးပဲ... မင်းက ချင်ကျင်းမှာ ရှိနေပြီး ရှလင်က အမေရိကမှာ ရှိနေတော့ ငါ စိတ်အေးရတာပေါ့..."
"စိတ်မပူပါနဲ့... ပျော်ပျော်ရွှင်ရွှင်ပဲ နေစမ်းပါ..."
ခရီးတစ်လျှောက်လုံးတွင် ကျန်းပိုင်ရီသည် ကောင်းယွမ်ကို စကားများစွာ ပြောနေခဲ့ပေသည်။
ကောင်းယွမ်သည် ကိုယ်ပိုင်လေယာဉ်ဖြင့် ချင်ကျင်းမြို့သို့ လာခဲ့ခြင်း ဖြစ်၏။ ဥယျာဉ်ရုံးခွဲမှ ဝန်ထမ်း အားလုံးနီးပါးမှာ မိတ်ဆက်ပွဲအတွက် ပြင်ဆင်ရန် ချင်ကျင်းမြို့သို့ ရောက်ရှိနေကြပြီး ဆယ်လ်မွန် ဖျော်ဖြေရေးမှ ဝန်ထမ်းများကိုပင် ယာယီ ခေါ်ယူထားခဲ့ရလေသည်။
...
မနက် (၉) နာရီတွင် ကောင်းယွမ်သည် အမျိုးသား ကွန်ဗင်းရှင်းစင်တာသို့ ရောက်ရှိလာခဲ့သည်။ ကောင်းယွမ် ရောက်ရှိလာကြောင်း ကြားသိရသည့်အခါ လီပင်းရှီသည် အပြင်သို့ ထွက်၍ ကြိုဆို လိုက်လေသည်။
"ဥက္ကဋ္ဌကောင်း... ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် သိနေတာ ကြာပြီဖြစ်ပေမဲ့ အခုမှပဲ ဆုံဖြစ် တော့တယ်..."
"ဥက္ကဋ္ဌလီ... တွေ့ရတာ ဝမ်းသာပါတယ်... ကျွန်တော်တို့ အမေရိကန် ဈေးကွက်အတွက် ဥက္ကဋ္ဌလီကို အများကြီး ကျေးဇူးတင်ရပါတယ်..."
"ငါတို့က သူငယ်ချင်းတွေပဲလေ... တစ်ယောက်ကိုတစ်ယောက် ကူညီရမှာပေါ့..."
"မှန်တာပေါ့... အပြန်အလှန် ကူညီကြတာပေါ့... ဥက္ကဋ္ဌလီရဲ့ ထုတ်ကုန်သစ် အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်..."
ကောင်းယွမ်၏ နုံးချိနေသော ပုံစံမှာ ပျောက်ကွယ်သွားပြီး တက်ကြွ လန်းဆန်းလာခဲ့လေသည်။
"ငါးရံ့နက်နည်းပညာကုမ္ပဏီလည်း အတူတူပါပဲ... ထုတ်ကုန်သစ် အောင်မြင်ပါစေလို့ ဆုတောင်းပေး ပါတယ်..."