အခန်း ၈၇
Vol. 9 Ch. 87
အခန်း (၈၇)
ဟိုဘက်ခန်းမမှာ တစ်ခုခုများ ဖြစ်လို့လား
လူငါးရာဆံ့သော ခန်းမအတွင်း၌ လူပေါင်း ခုနစ်ရာကျော် တိုးဝှေ့နေကြပြီး ထိုသူများ၏ ထက်ဝက်နီးပါး မှာ လက်ထောင်လိုက်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် လကမ္ဘာ ကြော်ငြာနေရာငှားရမ်းသည့် ဖြစ်ရပ်အပြီးတွင် 'ကမ္ဘာမြေကို ကယ်တင်ခြင်း' ရုပ်ရှင်မှာ အလွန်ပင် နာမည်ကြီးနေသောကြောင့် ဖြစ် ပေသည်။
လက်ရှိတွင် ယူနီဗာဆယ် ရုပ်ရှင်ရုံစုသည် ရုပ်ရှင်ပြသချိန်၏ ငါးဆယ်ရာခိုင်နှုန်းကို 'ကမ္ဘာမြေကို ကယ် တင်ခြင်း' အတွက် ခွဲဝေပေးထားသော်လည်း နေ့စဉ် ကြည့်ရှုသူမှာ ကိုးဆယ်ရာခိုင်နှုန်းကျော် ရှိနေဆဲဖြစ် ပြီး ရုံတင်ပြသမည့် ဝင်ငွေမှာလည်း ယခင်စံချိန်များကို ဆက်တိုက် ချိုးဖျက်နေခဲ့လေသည်။
ဤသည်မှာ ယခုနှစ် အမျိုးသားနေ့ အားလပ်ရက် ကာလ၏ အောင်မြင်ဆုံး ရုပ်ရှင်တစ်ကား ဖြစ်လာခဲ့ပြီး ဒုတိယရရှိသည့် ရုပ်ရှင်ထက် များစွာ သာလွန်နေခဲ့ပေသည်။ ၎င်းမှာ အငြင်းပွားဖွယ်မရှိသော ထူးခြား သည့် အောင်မြင်မှုတစ်ခုပင် ဖြစ်၏။
ထို့အပြင် ဤရုပ်ရှင်သည် ရှနိုင်ငံ ရုပ်ရှင်သမိုင်းတွင် ဝင်ငွေအကောင်းဆုံး ထိပ်တန်း ရုပ်ရှင်သုံးကား စာရင်းဝင်ရန် အလားအလာ ရှိနေခဲ့ပေသည်။
အောက်တွင် မြှောက်ထားသော လက်အမြောက်အမြားကို မြင်သည့်အခါ ကျန်းပိုင်ရီက ခေါင်းညိမ့်လိုက် လေ၏။
"အားလုံး ကြည့်ပြီးပြီဆိုတော့ ကျွန်တော် စိတ်အေးသွားပါပြီ... ရုပ်ရှင်ထဲက ဆက်သွယ်ရေးကိရိယာကို မှတ်မိကြသေးရဲ့လားခင်ဗျ..."
"လက်ပတ်ဖုန်း..." ဟု အောက်မှ လူများစွာက အော်ဟစ်လိုက်ကြလေသည်။
"မှန်တာပေါ့... အဲဒါက လက်ပတ်ဖုန်းပါပဲ... ကျွန်တော်တို့ ငါးရံ့နက် နည်းပညာကုမ္ပဏီက အဲဒါကို ဖန်တီး လိုက်ပါပြီ..."
ပရိသတ်များကြားမှ တစ်စုံတစ်ဦးက အံ့ဩတကြီးဖြင့် ရေရွတ်လိုက်လေသည်။
ရုပ်ရှင်ကြည့်ဖူးသူတိုင်းသည် ထိုထဲ၌ ပါဝင်သော အစွမ်းထက်သည့် လက်ပတ်ဖုန်းကို သဘောကျခဲ့ကြ ပေသည်။ သို့သော် လက်ပတ်ဖုန်းသည် အမှန်တကယ် လက်တွေ့ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင် မှတ်ထားခဲ့ကြပေ။
ကျန်းပိုင်ရီက ထိုစကားကို အေးဆေးစွာပင် ပြောလိုက်ခြင်း ဖြစ်၏။ သို့သော် ၎င်းက ဖြစ်ပေါ်စေခဲ့သည့် တုန်လှုပ်မှုမှာမူ ကမ္ဘာ့အဆင့်မီ ဖြစ်နေခဲ့ပေသည်။
ပရိသတ်များ ငြိမ်သက်သွားပြီးနောက် ကျန်းပိုင်ရီက ဆက်လက်ပြောကြားလိုက်လေသည်။
"ဒီနေ့မှာ အဆင့်မြင့် ပညာရှင်တွေနဲ့ ဆရာကြီးတွေ အများကြီး ရောက်နေတာကို မြင်ရတဲ့အတွက် သူတို့ ထဲက တစ်ယောက်ကို လက်ပတ်ဖုန်း အသုံးပြုပုံ သရုပ်ပြဖို့ ဖိတ်ခေါ်ချင်ပါတယ်... ကျွန်တော် ဘယ် လောက်ပဲ ပြောပြော ကိုယ်တိုင် မြင်ရတာက ပိုကောင်းတာပေါ့..."
"ရုပ်ရှင်ကြည့်ဖူးတဲ့သူတွေက လက်ပတ်ဖုန်းအကြောင်း သိနိုင်ပေမဲ့ မယုံကြည်ကြသေးပါဘူး... မကြည့် ရသေးတဲ့သူတွေကတော့ လက်ပတ်ဖုန်းအကြောင်း ဘာမှ သိမှာ မဟုတ်ပါဘူး... ရှဝေက ကျွန်တော်တို့ ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ အကောင်းဆုံး မိတ်ဖက်ပါပဲ... အရာရှိကျိုး... ကျွန်တော်နဲ့အတူ ပူးပေါင်းဖို့ စိတ်ဝင်စားပါသလား..."
ကျိုးလဲ့က ခေါင်းညိမ့်ပြလိုက်လေ၏။
"ဒီလို သမိုင်းဝင် ထုတ်ကုန်ကို မြင်တွေ့ရတာ ဂုဏ်ယူပါတယ်... အမှန်တော့ ငါးရံ့နက် နည်းပညာကုမ္ပဏီ ရဲ့ ဥက္ကဋ္ဌကောင်းက ကျွန်တော့်ကို အရင်က တစ်ခု ပေးဖူးပါတယ်... အဲဒီလက်ဆောင်ကို ရတဲ့အချိန်မှာ ကျွန်တော် အရမ်း စိုးရိမ်မိသေးတယ်... ဝမ်းတောင် နည်းမိတယ်... ဘာလို့လဲဆိုတော့ စမတ်ဖုန်းခေတ် ကုန်ဆုံးတော့မယ်ဆိုတာ သိလိုက်ရလို့ပဲ... "
"ဒါကြောင့် ရှမီအနေနဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို စတင် ပြောင်းလဲနေပါပြီ... ဒီနေရာမှာ ရှမီရဲ့ ဆုံးရှုံးမှုတွေကို ကယ်တင်ပေးတဲ့အတွက် ကြယ်ကိုးစင်းကိုလည်း ကျေးဇူးတင်ပါတယ်..."
ခန်းမအတွင်းရှိ ရုပ်ရှင်ကြည့်ဖူးသူများသည် ကြယ်ကိုးစင်းအတွက် ငြိမ်သက်ခြင်း အခမ်းအနား ကျင်းပ ပေးနေကြပြီ ဖြစ်၏။
တစ်ဖက်တွင်မူ လီပင်းရှီသည် ပရိသတ်ကြားတွင် ထိုင်နေပြီး စင်ပေါ်ရှိ ချွေကျင်းကျဲက ကြယ်ကိုးစင်း ၏ ခေတ်သစ်(၀၁) ဖုန်း၏ ထူးခြားချက်များကို တစ်ခုချင်း ရှင်းပြနေခဲ့လေသည်။ စွမ်းဆောင်ရည်၊ စနစ် ပိုင်းနှင့် ဉာဏ်ရည်တု... ဤသည်မှာ အပြစ်ပြောစရာမရှိသော ဖုန်းတစ်လုံး ဖြစ်သဖြင့် လီပင်းရှီအနေဖြင့် ဤဖုန်းကို သူ၏ တိုက်ပွဲအတွက် အဓိက လက်နက်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။
"ခေတ်သစ် (၀၁) ဟာ လက်ရှိဈေးကွက်မှာ အစွမ်းထက်ဆုံး ဖုန်းဖြစ်မှာ အသေအချာပါပဲ... ဒါပေမဲ့ ဈေးနှုန်းကတော့ အမြင့်ဆုံး မဟုတ်ပါဘူး... ကျွန်တော်တို့ ကြယ်ကိုးစင်းဟာ ကမ္ဘာတစ်ဝန်းကို အဆင့် မြင့် ထုတ်ကုန်တွေ ပေးအပ်နိုင်ဖို့အတွက် ဈေးနှုန်းချိုသာပြီး အရည်အသွေး ကောင်းမွန်ရမယ်ဆိုတဲ့ မူဝါဒကို အမြဲ ဆုပ်ကိုင်ထားပါတယ်..."
"အခုဆိုရင် ဒီဖုန်းကို အရောင်းဆိုင်တွေမှာရော အွန်လိုင်းမှာပါ မှာယူနိုင်ပါပြီ..."
"ကျွန်တော်တို့ စွမ်းဆောင်ရည်နဲ့ စနစ်ပိုင်းအကြောင်း ပြောပြီးပါပြီ... ဒါက နည်းပညာ ဝါသနာအိုးတွေ အတွက် လုံလောက်နိုင်ပေမဲ့ တခြား အသုံးပြုသူတွေအတွက်တော့ မလုံလောက်သေးပါဘူး... ဘာလို့လဲ ဆိုတော့ နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခု ကျန်နေသေးလို့ပါ... အဲဒါကတော့ ဓာတ်ပုံရိုက်ကူးမှုပဲ ဖြစ်ပါတယ်... လက်ရှိမှာ ဖုန်းနဲ့ ဓာတ်ပုံရိုက်တာက အရေးကြီးဆုံး အချက်တစ်ခု ဖြစ်နေတာ အားလုံး အသိပါပဲ..."
"ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည်က ညံ့နေပြီး ဈေးကြီးနေရင်တောင် ဓာတ်ပုံရိုက်ရတာ ကောင်းရင် ရောင်းအားကောင်းနေဆဲပါပဲ... ကြယ်ကိုးစင်း ခေတ်သစ်(၀၁) ဟာ လိုင်ကာနဲ့ ပူးပေါင်းပြီးတော့..."
ချွေကျင်းကျဲက စကားပြောနေစဉ်မှာပင်...၊
လီပင်းရှီ၏ လက်ထောက်က အလောတကြီး ပြေးဝင်လာကာ လီပင်းရှီကို တီးတိုး ပြောလိုက်လေသည်။ လီပင်းရှီ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားခဲ့၏။
"ဘာ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
"တကယ်ပါ... သူတို့ အခု သရုပ်ပြနေကြတာ... ဥက္ကဋ္ဌ... ကိုယ်တိုင် သွားကြည့်သင့်ပါတယ်... ကျွန်တော် ... ကျွန်တော် မပြောပြတတ်တော့ဘူး..."
လီပင်းရှီ ဒေါသထွက်သွားခဲ့လေသည်။
"အခုလို အချိန်မှာ ငါက ဘယ်လိုလုပ် သွားလို့ ရမှာလဲ... သူတို့ ထုတ်ကုန်သစ်က လက်ပတ်ဖုန်းဆိုတာ သေချာလား... အပူချိန်ထိန်းအဝတ်အစား မဟုတ်ဘူးလား..."
"မဟုတ်ပါဘူး... အပူချိန်ထိန်းအဝတ်အစားရော လက်ပတ်ဖုန်းပါ တစ်ပြိုင်နက် ထွက်လာတာပါ... ဒါပေ မဲ့ လက်ပတ်ဖုန်းက အဓိက ဖြစ်နေပါတယ်..."
"ဘာလုပ်ဆောင်ချက်တွေ ပါလဲ... အဆင့်မြှင့်ထားတဲ့ ဖုန်းနာရီလား..."
လက်ထောက်က စိတ်မကောင်းသော မျက်နှာဖြင့်...၊
"ဥက္ကဋ္ဌ... ကိုယ်တိုင် သွားကြည့်တာ ပိုကောင်းပါလိမ့်မယ်..."
လီပင်းရှီ ဆဲရေးလိုက်ချင်စိတ် ပေါက်သွားလေ၏။
*ဒီလက်ထောက်က ဘာတွေဖြစ်နေတာလဲ… ငါတို့ရဲ့ ထုတ်ကုန်ကို မိတ်ဆက်နေတဲ့အချိန်မှာတောင် တစ်ဖက်ခန်းမကို သွားကြည့်နေတာလား…*
သို့သော် သူ သွားမကြည့်ဖြစ်ခဲ့ပေ။ ပရိသတ်ကြားတွင် ထိုင်နေသော ဧည့်သည်များသည် ကူးစက်ရောဂါ တစ်ခုခု ရသွားသည့်အလား တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြပြီး တစ်ဖက်ခန်းမသို့ ပြေးသွားခဲ့ကြလေ သည်။
ခန်းမမှာ လျင်မြန်စွာပင် ဟာလာဟင်းလင်း ဖြစ်သွားခဲ့၏။
လူငါးရာဆံ့သော ခန်းမအတွင်း၌ ရှေ့ဆုံးတန်းမှ လူတစ်ဒါဇင်ခန့်သာ ကျန်တော့ပေသည်။ လိုက်ပါလာ သော မီဒီယာများပင် ထွက်ပြေးသွားကြလေပြီဖြစ်လေ၏။
စင်ပေါ်မှ ချွေကျင်းကျဲမှာလည်း အလွန်ပင် အနေရခက်သွားခဲ့ရ၏။
*ငါ ဆက်ပြောရဦးမှာလား… လူတွေအကုန်လုံးက ဘာလို့ ထွက်သွားကြတာလဲ... တစ်ဖက်ခန်းမမှာ တစ်ခုခု ဖြစ်လို့များလား…*
လီပင်းရှီက သူ၏ လက်ထောက်ကို စိုက်ကြည့်ကာ ပြောလိုကလေသည်။
"သွားမယ်... အဲဒီ လက်ပတ်ဖုန်းဆိုတာ ဘာလဲဆိုတာ သွားကြည့်ကြတာပေါ့..."
သူ အခုနက သွား၍ မရခဲ့ပေ။ အခုတော့ ခန်းမအတွင်းရှိ လူအားလုံး ထွက်သွားကြပြီ ဖြစ်ရာ ကျန်ရှိ နေသူများမှာ ငွေပေး၍ ခေါ်ထားသူများသာ ဖြစ်၏။
လီပင်းရှီသည် တစ်ဖက်ခန်းမသို့ ရောက်ရှိသွားသည့်အခါ လူများဖြင့် ပြည့်နှက်နေသဖြင့် တိုး၍ပင် မရတော့ပေ။
ထိုစဉ် ကောင်းယွမ်၏ လက်ထောက် ရွှီရွှီက လီပင်းရှီကို မြင်သွားကာ ဖော်ဖော်ရွေရွေ နှုတ်ဆက်လိုက် လေ၏။
"ဥက္ကဋ္ဌလီ... ကျွန်မတို့ ဥက္ကဋ္ဌကောင်းက လူကြီးမင်း ရောက်လာရင် VIP လမ်းကနေ ခေါ်ခဲ့ဖို့ ပြောထားပါ တယ်..."
လီပင်းရှီ စိတ်မသက်မသာ ဖြစ်နေသော်လည်း ကောင်းယွမ်သည် ဤကဲ့သို့ အချိန်မျိုးမှာပင် မိမိကို ဂရုစိုက်ပေးသဖြင့် လူကောင်းတစ်ဦးဟု ထင်မြင်မိခဲ့လေသည်။
ရွှီရွှီ၏ နောက်မှ လိုက်သွားကာ VIP အဝင်ဝမှတစ်ဆင့် ခန်းမအတွင်းသို့ ဝင်လိုက်သည့်အခါ ရှေ့ဆုံးတန်း သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့လေသည်။
ကောင်းယွမ်က လီပင်းရှီ ရောက်လာသည်ကို မြင်သည့်အခါ သူသည် မတ်တပ်ရပ်လိုက်လေ၏။
"ဥက္ကဋ္ဌလီ... ပြီးပြီလား... တကယ်ကို မြန်တာပဲ... အချိန်ကိုက်ပါပဲ... ကျွန်တော်လည်း မိတ်ဆက်ပွဲပြီးရင် လူကြီးမင်းကို လာရှာမလို့ပဲ... အခု ရောက်လာတော့ သွားစရာ မလိုတော့ဘူးပေါ့... လူကြီးမင်းအတွက် လက်ဆောင်လေးတစ်ခု ပြင်ထားပါတယ်... ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ လက်ပတ်ဖုန်းလေးပါပဲ..."
ဒန်းဒန်းက လီပင်းရှီထံသို့ သေတ္တာလေး တစ်လုံး ယူလာပေးလိုက်လေ၏။
လီပင်းရှီ ဖွင့်ကြည့်လိုက်ရာ...၊
"ဒါ... ဒါက လက်ပတ်ဖုန်းလား..."
"ဟုတ်ကဲ့... အသုံးအဆောင်လေး တစ်ခုပေါ့... အပူချိန်ထိန်းအဝတ်အစားနဲ့ တွဲဝတ်လိုက်ရင်တော့ တကယ်ကို လန်းသွားမှာပါ..."
လီပင်းရှီ၏ မျက်နှာမှာ မသက်မသာ ဖြစ်သွားခဲ့ရလေ၏။
"တကယ်လား..."
"ဒါပေါ့... ဥက္ကဋ္ဌလီ... ဒီနေရာမှာ ခဏ ထိုင်နေပါဦး... ကျွန်တော် စင်ပေါ် တက်လိုက်ပါဦးမယ်... ဒီ လက်ဆောင်လေးက လက်ပတ်ဖုန်းကို ကြော်ငြာပေးတဲ့အတွက် ကျေးဇူးတင်တဲ့ အနေနဲ့ပါ..."
စည်ကားနေသော ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ ခန်းမကို ကြည့်ရင်း လီပင်းရှီ စိတ်မအေး ဖြစ်နေခဲ့၏။ သူသည် နောက်ကျမှ ရောက်လာသဖြင့် ကျန်းပိုင်ရီနှင့် ကျိုးလဲ့တို့၏ လက်ပတ်ဖုန်း သရုပ်ပြမှုကို မမြင် လိုက်ရပေ။
ထိုအချိန်တွင် ပရိသတ်များအားလုံးမှာ အံ့ဩမှင်သက်နေကြပြီ ဖြစ်၏။ လက်ပတ်ဖုန်းမှာ... တကယ်ပင် အံ့ဩစရာ ကောင်းလှပေသည်။
ထိုစဉ် ခန်းကွမ်းက စင်ပေါ်သို့ တက်လာခဲ့၏။
"အားလုံး မြင်လိုက်ကြတယ်မလား... ကျွန်တော် ဘယ်လောက်အထိ တုန်လှုပ်သွားတယ်ဆိုတာကို လည်း နားလည်ကြမှာပါ... ကျွန်တော်လည်း လူကြီးမင်းတို့လိုပဲ သတိပြန်ဝင်လာဖို့ အချိန်အတော် ယူလိုက်ရပါတယ်... ဒါက ထုတ်ကုန်မိတ်ဆက်ပွဲ ဖြစ်တာကြောင့် အသုံးပြုပုံတင်မကဘဲ အသေးစိတ် အချက်အလက်တွေကိုလည်း သိဖို့ လိုအပ်တယ် မဟုတ်လား... အခုဆိုရင်တော့ ငါးရံ့နက် နည်းပညာ ကုမ္ပဏီကို တည်ထောင်သူ ဥက္ကဋ္ဌကောင်းယွမ်ကို စင်ပေါ်သို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ..."
ကောင်းယွမ်က လီပင်းရှီကို နေရာချပေးလိုက်လေ၏။
"ဥက္ကဋ္ဌလီ... ကျွန်တော် စင်ပေါ် တက်လိုက်ပါဦးမယ်..."
လီပင်းရှီသည် မိမိ၏ ဘေးတွင် ထိုင်နေသော သူများကို ကြည့်လိုက်သည့်အခါ သူတို့အားလုံးမှာ မိုဘိုင်းဖုန်းလောကမှ အာဏာပိုင်ကြီးများ ဖြစ်နေခဲ့ကြလေသည်။
သူတို့သည် သူ့အား ကြည့်နေသော အကြည့်များမှာ သနားစရာ ကောင်းသည်ဟု ထင်မြင်နေသည့်အ လား၊ လှောင်ပြောင်နေသည့်အလား...။
သူသည် ဘာတွေဖြစ်နေမှန်း လုံးဝ မသိသေးပေ၊ သို့သော် ကောင်းယွမ်ကမူ ယခင်အတိုင်းပင် သူ့အပေါ် အလွန် ဖော်ရွေနေဆဲ ဖြစ်လေ၏။
သို့သော်...။