အခန်း ၈၉
Vol. 9 Ch. 89
အခန်း (၈၉)
ငါက အဲဒီလောက်အထိ မအဘူးလေ
တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံ၏ မြို့ကြီး (၂၁) မြို့ရှိ ငါးရံ့နက် အရောင်းဆိုင် (၇၂) ဆိုင်တွင် လုံခြုံရေးစက်ရုပ် နှစ်ရုပ်စီ ထားရှိထားလေသည်။ ထိုစက်ရုပ်များမှာ အနောက်တိုင်းသား ပုံစံများ ဖြစ်ကြပြီး လေဆာလက်နက်များ တပ်ဆင်ထားကာ 'အခမဲ့ ယူဆောင်ခြင်း' များကို တားဆီးရန်အတွက် ဖြစ်ပေသည်။
အပူချိန်ထိန်းအဝတ်အစားနှင့် လက်ပတ်ဖုန်း၏ အစွမ်းများကို တွေ့မြင်ပြီးနောက် လူအမြောက်အမြား မှာ အရောင်းဆိုင်များသို့ တိုးဝှေ့ဝင်ရောက်လာခဲ့ကြလေသည်။ ပထမဆုံးသော ဝယ်ယူသူများသည် သူ တို့ အလိုရှိသည့် ပစ္စည်းများကို ဝယ်ယူနိုင်ခဲ့သော်လည်း မကြာမီမှာပင် 'ယနေ့အတွက် ကုန်သွားပါပြီ' ဟူသော အသိပေးချက်ကို တွေ့လိုက်ကြရလေ၏။ ဝန်ထမ်းများမှာလည်း ထုတ်လုပ်နိုင်စွမ်း အကန့်အ သတ်ရှိသဖြင့် နောက်နေ့မှ ပြန်လာရန်သာ အဖန်တလဲလဲ ရှင်းပြနေခဲ့ရလေသည်။
ဝယ်ယူခွင့် ရရှိသူများသည် ဝယ်ယူခွင့် မရသူများအပေါ် အသာစီးရသွားသည့် ခံစားချက်ဖြင့် လူမှုကွန် ရက်ပေါ်တွင် ကြွားဝါလာကြလေသည်။
လူစီဆိုသော အမျိုးသမီးက ဖေ့စ်ဘွတ်ခ်ပေါ်တွင်၊
[တက္ကဆက်ရဲ့ ဆောင်းရာသီက အေးလို့လား... အပူချိန်ထိန်းအဝတ်အစား ဝတ်ထားတော့ ဘာမှ မခံစား ရဘူး..] ဟု ရေးသားကာ ရေခဲရေထဲ စိမ်နေသည့် ပုံကို တင်လိုက်လေ၏။
ကောလိပ်ကျောင်းသား ဒေးဗစ်ကလည်း ၊
[ကံမကောင်းစွာနဲ့ပဲ ကလပ်မှာ မီးလောင်သွားတယ်... စူပါမန်းတစ်ယောက်အနေနဲ့ လူတွေကို ကယ်ဖို့ ကျွန်တော် ဝင်သွားခဲ့တယ်] ဟု ရေးသားကာ မီးလောင်နေသော သစ်သားပေါ်တွင် ရပ်နေသည့် ပုံကို တင်ခဲ့လေသည်။
ဤနေ့တွင် အမေရိကန် တစ်နိုင်ငံလုံး၌ ထိုကဲ့သို့သော ဓာတ်ပုံများမှာ မရေမတွက်နိုင်အောင် ရှိနေခဲ့ ပေသည်။
အပူချိန်ထိန်းအဝတ်အစားမှာ လက်တွေ့ကျလှသော်လည်း လက်ပတ်ဖုန်း ဝယ်ယူသူများ၏ ဂုဏ်ယူမှုက ပို၍ပင် မြင့်မားလှပေသည်။ ထိုအရာနှစ်ခုလုံးကို ပိုင်ဆိုင်ထားသူများသည် လက်ကို မြှောက်၍ ရိုက်ထား သော ဓာတ်ပုံတစ်ပုံ တင်လိုက်ရုံဖြင့် အများအပြား၏ သဘောကျမှုကို ရရှိနေခဲ့လေသည်။
တစ်ချိန်တည်းမှာပင် အမေဇုန် ဝဘ်ဆိုက်မှလည်း အပူချိန်ထိန်းအဝတ်အစားနှင့် လက်ပတ်ဖုန်းများကို ကမ္ဘာအနှံ့သို့ စတင်ရောင်းချခဲ့သော်လည်း ပမာဏမှာမူ အကန့်အသတ် ရှိနေဆဲ ဖြစ်၏။
ပထမဆုံးနေ့တွင် အစုံ တစ်သောင်းမျှသာ ရောင်းချပေးခဲ့လေသည်။ ဤသို့ အကန့်အသတ်ဖြင့် ရောင်းချ ခြင်းကပင် လူသားတို့၏ စိတ်ဝင်စားမှုကို ပိုမို ဆွဲဆောင်နိုင်ခဲ့လေသည်။ လက်ပတ်ဖုန်း၏ လုပ်ဆောင် ချက်များသည် တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့သဖြင့် 'ကမ္ဘာမြေကို ကယ်တင်ခြင်း' ရုပ်ရှင်မှာလည်း ပို၍ပင် နာမည်ကြီးလာခဲ့လေသည်။
ယခင်က ဈေးကြီးသဖြင့် လက်တွန့်နေသော ပြည်ပရုပ်ရှင် ဖြန့်ချိရေး ကုမ္ပဏီများသည်လည်း ယခုအခါ နှစ်ဆတိုးထားသော ဈေးနှုန်းကိုပင် လက်ခံကာ သဘောတူညီမှု ရယူခဲ့ကြလေသည်။ ဆယ်လ်မွန် ဖျော်ဖြေရေးကမူ နောက်ထပ် သုံးရက်အကြာတွင် ထိုရုပ်ရှင်ကို တစ်ကမ္ဘာလုံး၌ ပြသတော့မည်ဟု ကြေညာလိုက်လေတော့သည်။
ဤသို့သော ငွေကြေးအနည်းငယ်မှာ ကောင်းယွမ်အတွက် အရေးပါလှပေ။ သူသည် မိတ်ဆက်ပွဲ ပြီးဆုံးသည့်အခါ အနာဂတ်ကမ္ဘာသို့ သွားရောက်ခဲ့လေ၏။ (၂၀၂၄) ကလပ် အဝင်ဝတွင် ဆူးတိုက်နှင့် တွေ့ဆုံလိုက်လေသည်။ ဆူးတိုက်၏ ဘေးတွင် သူ၏ အသုံးအဆောင်များကို သယ်ဆောင်လာသော စက်ရုပ်နှစ်ရုပ်လည်း ပါရှိပေသည်။
"ဥက္ကဋ္ဌကောင်း... ကျွန်တော်တို့ ချိန်းထားတဲ့အတိုင်း ရောက်လာပြီ... အဆင်သင့် ဖြစ်ရဲ့လား..."
ကောင်းယွမ်က ပြုံးလိုက်လေသည်။
"ဒါပေါ့... သခင်လေးဆူး... လဲဖို့ ဘောင်းဘီ အပို ယူလာခဲ့ဦးနော်... မဟုတ်ရင် ကြောက်လို့ သေးထွက် သွားတဲ့အခါ ဝတ်ရတာ အဆင်မပြေ ဖြစ်နေဦးမယ်..."
ဆူးတိုက်၏ မျက်နှာမှာ ပျက်သွားခဲ့ရလေ၏။ သူသည် စကားပြောရာတွင် ကောင်းယွမ်ကို တစ်ခါမျှ မနိုင်ခဲ့ပေ။
"စကားပြောကောင်းရုံနဲ့ ဘာလုပ်မှာလဲ... ငါ မမြင်ဖူးတဲ့ မြင်ကွင်းဆိုတာ မရှိဘူး... မင်း ယူရိုပါက မီတာ ငါးထောင်မြင့်တဲ့ ရေခဲတောင်တွေကို မြင်ဖူးလား... အင်္ဂါဂြိုဟ်ပေါ်က ချော်ရည်တွေ မီတာ ထောင်ချီ ပန်းထွက်နေတဲ့ မီးတောင်ထဲမှာ ရေချိုးဖူးလား... "
ကောင်းယွမ်က ရယ်မောလိုက်လေ၏။
"မချိုးဖူးပါဘူး... ငါက အဲဒီလောက်အထိ မအဘူးလေ..."
ဆူးတိုက် ဆွံ့အသွားခဲ့ရလေသည်။
"တောက်... ကောင်းယွမ်... မင်း စောင့်နေလိုက်စမ်း..."
"သခင်လေးဆူး... သွားကြစို့... ဒီနေ့က စွန့်စားခန်း သွားတာ မဟုတ်ဘူး... ကမ္ဘာမြေပေါ်က သက်ရှိတွေရဲ့ မျိုးကွဲစုံလင်မှုကို ပြရုံသက်သက်ပဲ..."
"သက်ရှိတွေလား... တောက်... ဗီဇပြောင်း သတ္တဝါတွေကတော့ တကယ် အစွမ်းထက်ပါတယ်... ဒါပေမဲ့ သဘာဝ သတ္တဝါတွေကတော့... ဟက်... အမှိုက်တွေပါပဲ..."
ဆူးတိုက်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေ၏။
"ဟုတ်တာပေါ့... အကာအကွယ်တွေ မပါရင်တော့ မင်းက တကယ်ပဲ ဖုန်မှုန့်လို ဖြစ်သွားမှာပါ..."
သူတို့ အခင်းအကျင်းထဲသို့ ဝင်လာခဲ့ကြလေသည်။
ဆူးတိုက်က တစ်ချက်ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်လေ၏။
"နွံအိုင်တွေနဲ့ တောအုပ်လား... ဒါတွေနဲ့ ငါ့ကို တားဆီးနိုင်မယ် ထင်နေတာလား..."
"အင်း... တားဆီးနိုင်ရုံတင်မကဘူး... မင်းကို ကြောက်လန့်တကြားနဲ့ အဖေလို့တောင် တနေရဦးမှာ..."
ကောင်းယွမ်သည် အဝင်ဝရှိ အနားယူဆောင်တွင် ထိုင်ကာ လက်ဖက်ရည် သောက်နေလိုက်၏။ သူသည် ဒန်းဒန်းကို အသီးအချို့နှင့် ငါးကင်ယူလာရန် ခိုင်းကာ ပွဲကြည့်ရန် ပြင်ဆင်နေခဲ့လေသည်။
ဆူးတိုက်သည် သူ၏ အကာအကွယ်များကို ထုတ်ယူလိုက်၏။ ၎င်းမှာ ရှေးဟောင်း မိန်ကျန့် ချပ်ဝတ် ဖြစ်ပေသည်။ ၎င်းတို့အားလုံးကို အကောင်းဆုံး သံမဏိများဖြင့် ပြုလုပ်ထားခြင်းဖြစ်လေသည်။
"ဒါက စည်းမျဉ်း ဖောက်ဖျက်တာ မဟုတ်ဘူးနော်... ပုံတူကူးထားတာ ဖြစ်ပေမဲ့ ရိုးရိုး လက်မှုပညာနဲ့ပဲ လုပ်ထားတာ... ခေတ်မီ ပစ္စည်းတွေ တစ်ခုမှ မပါဘူး..."
ဆူးတိုက်က ချပ်ဝတ်ကို ဝတ်ဆင်ရင်း ပြောလိုက်လေ၏။
ကောင်းယွမ်က လက်ဝှေ့ယမ်းပြလိုက်လေသည်။
"နားလည်ပါတယ်..."
သူ၏ စိတ်ထဲတွင်မူ လှောင်ပြောင်နေခဲ့လေ၏။
*မိန်ကျန့် ချပ်ဝတ်လား... ဒါက တကယ်ပဲ အလုပ်ဖြစ်မှာတဲ့လား…*
ထို့နောက် ဆူးတိုက်သည် သံမျက်နှာဖုံးကို စွပ်ကာ သားရေလက်အိတ်နှင့် သားရေဖိနပ်များကို ဝတ်ဆင် လိုက်လေသည်။ အားလုံး ပြည့်စုံသွားသည့်အခါ ဓားမကြီးတစ်လက်ကို ကိုင်ကာ မီးတောက်မှုတ်စက်ကို လွယ်လိုက်ပြီး ဒူးလေးကိုလည်း ခါးတွင် ချိတ်လိုက်လေသည်။
"ကောင်းယွမ်... ငါ အဆင်သင့်ဖြစ်ပြီ... အချိန်စမှတ်လိုက်တော့..."
ကောင်းယွမ်သည် အချိန်တိုင်းကိရိယာကို နှိပ်လိုက်လေသည်။
ဆူးတိုက်သည် အကာအကွယ်များစွာ ဝတ်ဆင်ထားသဖြင့် နွံအိုင်ကို မရွေးချယ်ဘဲ တောအုပ်ထဲသို့သာ ဝင်သွားခဲ့လေသည်။ သို့သော် အောက်တွင် ကျောက်တုံးများ ရှိနေသဖြင့် လမ်းလျှောက်ရသည်မှာ မလွယ်ကူလှပေ။ သူသည် ခြေတစ်လှမ်း လှမ်းတိုင်း ယိုင်ထိုးနေခဲ့လေတော့၏။
ခြေလှမ်း တစ်ဒါဇင်ခန့် လှမ်းပြီးနောက် ဆူးတိုက်သည် ရှေ့မှ တဝီဝီ မြည်သံကို ကြားလိုက်ရပြီး လူသတ် ပျား အုပ်ကြီး ပျံတက်လာခဲ့လေသည်။ သို့သော် ထိုပျားများသည် မိန်ကျန့် ချပ်ဝတ်ကို မဖောက်နိုင်သလို မျက်နှာဖုံးကြားမှ အပေါက်များကိုလည်း မဝင်နိုင်ကြပေ။
ဆူးတိုက်က မီးတောက်မှုတ်စက်ဖြင့် မှုတ်ထုတ်လိုက်သည့်အခါ လေထုထဲတွင် ညှော်နံ့များ ပျံ့နှံ့သွားပြီး မြေပြင်ပေါ်တွင် ပျားအသေများ ပြန့်ကျဲသွားခဲ့လေသည်။
"ဟားဟား…ကောင်းယွမ်... ဒါပဲလား..."
ဆူးတိုက်က ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။
သို့သော် ရယ်သံပင် မဆုံးသေးမီမှာပင် သစ်ပင်ပေါ်မှ ပုရွက်ဆိတ်နီ အမြောက်အမြား ကျဆင်းလာခဲ့လေ သည်။ အရေအတွက်မှာ အလွန်များပြားလှသဖြင့် အချို့မှာ သူ၏ မျက်နှာဖုံးပေါ်သို့ ကျရောက်သွားခဲ့၏။ ထိုမျက်နှာဖုံးတွင် အသက်ရှူရန်နှင့် မြင်ကွင်းကြည့်ရန် အပေါက်ငယ်လေးများ ရှိနေသည် မဟုတ်ပါ လား။
ပျားများကမူ ထိုအပေါက်များကို မဝင်နိုင်သော်လည်း ပုရွက်ဆိတ်ငယ်များအတွက်မူ လွယ်ကူလွန်းလှ ပေသည်။ ဆူးတိုက်က လက်ဖြင့် အတင်းဖယ်ရှားရန် ကြိုးစားသော်လည်း ပုရွက်ဆိတ်နီ တစ်ကောင် မှာမူ မျက်နှာဖုံးအတွင်းသို့ ဝင်ရောက်သွားခဲ့လေပြီဖြစ်ချေ၏။
ဆူးတိုက်သည် မျက်နှာဖုံးကို ချွတ်ပစ်ချင်သော်လည်း ပတ်ဝန်းကျင်တွင် လူသတ်ပျားများ ရှိနေခဲ့သဖြင့် အောင့်အည်း သည်းခံနေခဲ့ရလေသည်။
အပြင်ဘက်တွင်မူ ကောင်းယွမ်က လက်ဖက်ရည်ကို အေးအေးလူလူ သောက်လျက်ရှိပေ၏။
ရုတ်တရက် ဆူးတိုက်သည် အပေါ်သို့ ခုန်တက်ကာ ဝက်တစ်ကောင်၏ အော်သကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်လိုက်လေတော့သည်။ ထို့နောက် သူသည် မျက်နှာဖုံးကို အတင်းဆွဲခွာကာ သူ၏ မျက်နှာကို လက်ဖြင့် အတင်းပွတ်သပ်နေပြီး ပုရွက်ဆိတ်ကို ရှာဖွေကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။
သို့သော်လည်း နာကျင်မှုမှာမူ လျော့ပါးသွားခဲ့ခြင်းမရှိပေ။
ဆူးတိုက်သည် သူ၏ ရင်ဘတ်အတွင်းသို့ လက်နှိုက်ကာ ဆေးလုံးတစ်လုံးကို တုန်တုန်ရင်ရင်ဖြင့် ထုတ်ယူ၍ ပါးစပ်ထဲ ထည့်လိုက်ရလေသည်။ မိနစ်အနည်းငယ် ကြာပြီးမှသာ သူ ငြိမ်သက်သွားခဲ့၏။
သို့သော် ထိုအချိန်တွင် သူသည် လူသတ်ပျားများ၏ ဝိုင်းရံမှုကို ခံနေရပြီ ဖြစ်ပြီး မျက်နှာဖုံးကိုပင် ပြန်မစွပ်နိုင်သေးမီမှာပင် နောက်ထပ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြန်လေသည်။ သူ၏ မျက်နှာ မှာ အလွန်အမင်း ဖူးရောင်နေသဖြင့် မျက်နှာဖုံးကိုပင် ပြန်စွပ်၍ မရတော့ပေ။
တကယ်ကို ကြည့်ရဆိုးလှပေ၏။
သို့သော် ဆူးတိုက်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကိုမူ ချီးကျူးရပေလိမ့်မည်။ ကီလိုဂရမ် ဆယ်ဂဏန်းရှိသော ချပ်ဝတ်ကို ဝတ်ဆင်ထားသော်လည်း ထိုမျှအထိ မြင့်မားစွာ ခုန်တက်နိုင်သည် မဟုတ်ပါလား။ ကောင်းယွမ်ပင် အားကျသွားခဲ့ရလေသည်။
"သခင်လေးဆူး... အပြင်ကို ခဏ ပြန်ထွက်ပြီး အနားယူဦးမလား... အချိန်တွေ ရှိပါသေးတယ်..."
ကောင်းယွမ်က အပြင်မှ လှမ်းအော်လိုက်လေသည်။
ဆူးတိုက်သည် ခေတ္တ စဉ်းစားပြီးနောက် သဘောတူလိုက်လေ၏။ အရင်ဆုံး ပြန်သွားပြီး ဆေးသောက် ပြီးကာမှ ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်လေတော့သည်။
*ပိုးကောင်လေးတွေပဲကို... ငါ ပေါ့ဆသွားတာ... ဒါပေမဲ့ ပိုးကောင်တွေက အများကြီးပဲ... ဘယ်လို အကောင်တွေ ထပ်လာဦးမလဲ မသိဘူး... ငါ အသုံးအဆောင်တွေ ပြောင်းပြီးတော့ နွံအိုင်ဘက်ကနေ ဖြတ်တာ ပိုကောင်းမယ် ထင်တယ်* ဟု ဆူးတိုက်က တွေးတောလိုက်လေတော့သည်။ ။