အခန်း ၄၉၆
Vol. 47 Ch. 496
အခန်း ၄၉၆ - ကျိယွမ်၏ အချစ်လမ်းညွှန်ချက်များ
"ယောက်ဖ... ငါ့ကို သင်ပေးပါဦး"
ရှန်လင်ဖုန်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် အရောင်တောက်သွား၏။
"ငါ လီမိန်းကလေးနောက်ကို လိုက်နေတာကြာပြီ။ ဒါပေမဲ့ သူက ငါ့အပေါ် အမြဲတမ်း အေးစက်လွန်းတယ်"
ကျိယွမ်က ချောင်းတစ်ချက်ဟန့်ကာ ဆရာကြီးတစ်ဦးကဲ့သို့ လေယူလေသိမ်း ဖမ်းလိုက်သည်။
"အစီအစဉ်တစ်ခု မလုပ်ခင်မှာ မင်းမှာရော သူမဆီမှာပါ ဘာအားသာချက်၊ ဘာအားနည်းချက်တွေ ရှိလဲဆိုတာ အရင်ဆန်းစစ်ရမယ်။ လီမိန်းကလေးအကြောင်း အရင်သုံးသပ်ပြီးမှ မင်းကိုယ်မင်း ပြန်သုံးသပ်ပေါ့"
"လီမိန်းကလေးက အရမ်းလှတာ။ ညှို့ဓာတ်ပြင်းတဲ့ မျက်ဝန်းတွေက တကယ့်ကို ဆွဲဆောင်မှုရှိတယ်။ ပခုံးပေါ်မှာ ပါးလျတဲ့ ခြုံစောင်ကို လွှမ်းထားတတ်တော့ ပိုပြီးတော့တောင် စွဲမက်ဖို့ကောင်းနေသေးတယ်"
"ငါ့အလှည့်ကျတော့... ငါက ယောကျာ်းတစ်ယောက်ပဲလေ။ ဒါပေမဲ့ လီမိန်းကလေးက ငါ့ကို ပိန်ညှောင်နေတယ်လို့ ထင်နေတာ"
"နားလည်ပြီ"
ကျိယွမ်က ခေါင်းညိတ်လိုက်၏။ သူတို့နှစ်ဦးကြားက အခြေအနေကို သူ သဘောပေါက်သွားသည်။ သူက အနည်းငယ်မျှ စဉ်းစားလိုက်ရာ အတိတ်က ကျင်းလီနှင့် ပတ်သက်ခဲ့ဖူးသော အမှတ်တရများ ခေါင်းထဲသို့ ရောက်လာ၏။
"ဒီအခြေအနေကို ကျော်ဖြတ်ဖို့ မင်းလိုအပ်တာက... အွန်လိုင်းအချစ်ပဲ"
"အွန်လိုင်းအချစ် ဟုတ်လား"
ရှန်လင်ဖုန်းက မျက်တောင်တခတ်ခတ် လုပ်နေ၏။ ထိုစကားလုံးကို သူ မကြားဖူးသော်လည်း စိတ်ဝင်စားသွားသည်။
အွန်လိုင်း အချစ်တဲ့လား ၊ ဒီလို နက်နဲတဲ့ စကားလုံးမျိုးကို ငါ့ယောက်ဖပဲ တွေးနိုင်တာ ။
"အွန်လိုင်းမှာ ချစ်ကြတဲ့အခါ တစ်ဖက်လူက မင်းကို မမြင်ရဘူး။ မင်းအပေါ် ထားမယ့်သူတို့ရဲ့ အထင်အမြင်က သူတို့ရဲ့ စိတ်ကူးစိတ်သန်းပေါ်မှာပဲ လုံးလုံးမူတည်တယ်"
"ဒီလိုအခြေအနေမျိုးမှာ မင်းက စိတ်သဘောထားကောင်းပြီး နွေးထွေးတဲ့သူ၊ ဟာသဉာဏ်ရှိတဲ့သူတစ်ယောက်လို ပုံဖော်နိုင်သရွေ့ သူမက မင်းကို အရပ်ရှည်ရှည်၊ အသားဖြူဖြူ ချောချောမောမောနဲ့ ဆွဲဆောင်မှုရှိတဲ့သူတစ်ဦးလို့ စိတ်ကူးယဉ်နေလိမ့်မယ်။ ဒါပေမဲ့ မင်းပုံစံက နိုကီယာဖုန်းတစ်လုံးတောင်မရှိတဲ့ အူတူတူကောင်လေးတစ်ယောက်လို ဖြစ်နေတော့ ငါတို့တွေ ရှေးရိုးနည်းလမ်းဖြစ်တဲ့ စာတွေကိုပဲ သုံးရလိမ့်မယ်"
ကျိယွမ်က သူ၏အတွေ့အကြုံများကို အခြေခံ၍ သေချာရှင်းပြနေ၏။
လူချင်းတွေ့ပြီး ပိုးပန်းရခြင်းနှင့် နှိုင်းယှဉ်လျှင် အွန်လိုင်းမှတစ်ဆင့် တွဲရခြင်းက ပို၍လွယ်ကူသည်။ လူချင်းတွေ့သည့်အခါ ပထမဆုံးအထင်အမြင် မကောင်းပါက အရာအားလုံး မစတင်ခင်မှာပင် ပျက်စီးသွားနိုင်သည်။ အွန်လိုင်းတွင်မူ တစ်ဖက်လူ၏ စိတ်ထဲ၌ ဖြစ်ပေါ်လာမည့် အထင်အမြင်မှာ သူတို့၏ စိတ်ကူးယဥ်မှုအတိုင်းသာ ဖြစ်၏။
စိတ်ကူးယဉ်ခြင်းနှင့် ပတ်သက်လာလျှင် လူတို့ကိုယ်တိုင် ဖန်တီးသော စိတ်ကူးများကို မည်သူမျှ မမီနိုင်ပေ။
လူတစ်ယောက်၏ အပြင်လောကမှ စံပြပုဂ္ဂိုလ်တစ်ယောက်ပင်လျှင် စိတ်ကူးထဲက ပုံရိပ်ကို မယှဉ်နိုင်ပါ။
ရှန်လင်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွား၏။
"ဟုတ်သားပဲ။ သမိုင်းတစ်လျှောက်မှာ ရိုမတ်တစ်ဆန်တဲ့ ဇာတ်လမ်းတော်တော်များများက စာလွှာတွေကနေ စခဲ့ကြတာပဲ"
သို့သော် သူကချက်ချင်းပင် မျက်မှောင်ကုတ်သွားသည်။
"ဒါပေမဲ့... လီမိန်းကလေးက သဘောကျလောက်မယ့်သူတစ်ယောက်ဖြစ်အောင် ငါ့ကိုယ်ငါ ဘယ်လိုပုံဖော်ရမလဲ"
"လွယ်ပါတယ်ကွာ။ မင်းရဲ့စာထဲမှာ စိတ်ကူးယဥ်ဆန်တဲ့ စကားစုတချို့နဲ့ ချိုသာပြီး ရိုမတ်တစ်ဆန်တဲ့ စကားလုံးအနည်းငယ် ထည့်လိုက်ရုံပဲ။ ဒါဆိုရင် သူမကို သေချာပေါက် ဖမ်းစားနိုင်လိမ့်မယ်"
ကျိယွမ်က ယုံကြည်မှုရှိရှိ ပြန်ပြောလိုက်၏။
ကမ္ဘာပေါ်က အချမ်းသာဆုံး အမွေခံသားတစ်ယောက်ပင်လျှင် ထိုကဲ့သို့ စကားအပြောအဆို အတတ်ပညာဖြင့် နာမည်ကြီးခဲ့သည်မဟုတ်ပါလား။
"လာ... ငါ မင်းကို မိန်းကလေးတွေကြွေမဲ့စကားလေးတွေ သင်ပေးမယ်"
"ကျေးဇူးပါယောက်ဖရယ် ၊ အားကိုးပါတယ် "
ရှန်လင်ဖုန်းက ကျိယွမ်အား အလွန်ယုံကြည်နေသဖြင့် အာရုံအပြည့်အဝစိုက်ထား၏။
"အချစ်ရယ်... ဒီနေ့ ငါ အကြောဆေးသွင်းဖို့ သွားခဲ့ရတယ်။ ဘာဆေးလဲ သိလား။ မင်းကို လွမ်းလွန်းလို့သွင်းရတဲ့ အလွမ်းပြေဆေးလေ "
"အဲဒါက ဘာကိုဆိုလိုတာလဲ"
ရှန်လင်ဖုန်းက နားမလည်သဖြင့် ခေါင်းကုတ်ကာ မေး၏။လွမ်းတာကို နားလည်သော်လည်း အကြောဆေးကို သူနားမလည်ပါ။
"အော်... ဟုတ်သားပဲ။ ဒီကမ္ဘာမှာ အကြောဆေးသွင်းတာ မရှိဘူးပဲ"
"နောက်တစ်ခု စမ်းကြည့်ရအောင်"
"ငါ ဘာလို့ ငါးခေါင်းတွေပဲ စားလဲ သိလား။ ဘာလို့လဲဆိုတော့ ငါ့ရဲ့ ကျန်ရှိတဲ့ ဘဝသက်တမ်းကို မင်းအတွက်ပဲ ချန်ထားချင်လို့ပါ"
"မင်းရဲ့ ပါးချိုင့်လေးတွေထဲမှာ ဝိုင်တွေ ဆန့်ချင်မှ ဆန့်လိမ့်မယ်။ ဒါပေမဲ့ အဲဒီပါးချိုင့်လေးတွေက ငါ့ကို အာသီသပြင်းတဲ့ ခွေးတစ်ကောင်လို မူးယစ်ရီဝေစေတယ်"
"ဒီနေ့ ငါ ဆားတစ်ထုပ် ဝယ်ခဲ့တယ်။ ဘာဆားလဲ ခန့်မှန်းကြည့်မလား။ မင်းကို ချစ်တယ်လို့ စကားလုံးတွေနဲ့ ပြောဖို့မလိုတဲ့ ဆားမျိုးလေ"
"မင်းမှာ ကိုယ်နံ့ပြဿနာ ရှိနေလား။ မင်းက မြေခွေးဝိညာဉ်တစ်ကောင်လို ဆွဲဆောင်မှုရှိလွန်းလို့ပါ"
ကျိယွမ်က ရိုမန်တစ်စကားလုံးများကို တစ်ခုပြီးတစ်ခု ပြောပြနေ၏။
သေချာတာကတော့ သူသည် ရိုင်းစိုင်းလွန်းသော စကားလုံးအချို့ကိုမူ ဖယ်ထုတ်ထားသည်။ ဥပမာအားဖြင့် "ဒီနေ့ ငါ အကျယ်ကြီး လေလည်မိတယ်၊ ဒါပေမဲ့ မင်းကို လွမ်းတဲ့စိတ်လောက်တော့ မကျယ်ပါဘူး" ဆိုသည့် စကားမျိုး ပင်။ ထိုသို့သော စကားလုံးမျိုးမှာ အလွန် ရင်းနှီးကျွမ်းဝင်ပြီးသား ဆက်ဆံရေးမျိုးတွင်သာ သုံးသင့်သည်။
"ထူးခြားလိုက်တာ"
"စကားလုံးတွေကို ဒီလိုမျိုး သုံးလို့ရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"
"ယောက်ဖ... မင်းက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ။ ဒါကို ငါ အရင်က ဘာလို့ မတွေးမိပါလိမ့်"
"ပါးချိုင့်နဲ့ ဝိုင်ကို ဆက်စပ်လိုက်တာ... တကယ့် ပါရမီရှင်ပဲ"
ရှန်လင်ဖုန်းသည် စကြဝဠာ၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားသည့်အလား အလွန်ဝမ်းသာသွား၏။
ဘေးမှ ပေါက်စီစားနေသော ချန်ခန်းပေါင်ပင်လျှင် လက်မထောင်ပြလိုက်သည်။
"သခင်... သခင် ပြောတဲ့ စကားလုံးတွေက အနှိုင်းမဲ့ပါပဲ"
ကျိယွမ်က ထိုချီးကျူးစကားများကို ဂုဏ်ယူစွာ လက်ခံလိုက်ပြီး အောင်နိုင်သူတစ်ယောက်ကဲ့သို့ ခံစားလိုက်ရ၏။
ရုပ်ရှင်များထဲတွင် အဓိကဇာတ်ကောင်က အခြားကမ္ဘာမှ ကဗျာများကို ရွတ်ပြသည့်အခါ ဘေးလူများ၏ လေးစားမှုကို ရရှိတတ်သည်။ ယခုအခါ သူသည်လည်း ထိုကဲ့သို့သော ဂုဏ်သရေကို ခံစားနေရလေပြီ ။
"ဒါပေမဲ့"
ကျိယွမ်က ဆက်ပြောသည်။
"စာရေးတာက အွန်လိုင်းအချစ်ရဲ့ ပထမဆုံး ခြေလှမ်းပဲ ရှိသေးတယ်။ ဒုတိယ ခြေလှမ်းကတော့ ပိုက်ကွန်ကို အကျယ်ကြီး ဖြန့်ကြက်ရမှာ။ အဲဒါကမှ အွန်လိုင်းတွဲရခြင်းရဲ့ တကယ့် အနှစ်သာရပဲ"
"ရှင်းပြပါဦး ယောက်ဖရယ်"
ရှန်လင်ဖုန်းက နတ်ဘုရား၏ ပညာရှိစကားကို နာခံနေသည့်အလား အသေအချာ နားထောင်နေ၏။
"မိန်းကလေးတစ်ယောက်ထဲဆီ စာရေးတာကို အသည်းကွဲအချစ်လို့ ခေါ်တယ်။ မိန်းကလေး နှစ်ယောက်ဆီ စာရေးတာကို နှစ်ကိုယ်တူအချစ်လို့ ခေါ်တယ်။ မြို့ထဲမှာရှိတဲ့ အရွယ်ရောက်ပြီးသား မိန်းကလေးတိုင်းဆီ စာရေးတာကိုတော့... ပိုက်ကွန်ဖြန့်တဲ့ အချစ်လို့ ခေါ်တယ်"
"ကဲ... မင်းက လီမိန်းကလေးတစ်ယောက်တည်းကိုပဲ တွယ်ကပ်နေချင်တာလား၊ ဒါမှမဟုတ် မြို့ထဲက အလှပဂါးတွေ အားလုံးနဲ့ ပိုက်ကွန်ဖြန့်တဲ့ အချစ်ကို အတွေ့အကြုံ ယူချင်တာလား"
ကျိယွမ်က ကောက်ကျစ်သော အပြုံးဖြင့် မေးလိုက်၏။
ရှန်လင်ဖုန်း၏ မျက်နှာက တွေဝေသွားပြီး စိတ်ထဲတွင် လွန်ဆွဲနေသည်။
သူမည်သို့ လုပ်ရမည်နည်း။
"အေးအေးဆေးဆေး စဉ်းစားပါ။ မလောပါနဲ့"
ကျိယွမ်က သူ့ကို စိတ်အေးစေရန် ပြောလိုက်၏။
"ယောက်ဖ... ငါ လူနည်းနည်းဆီပဲ စာရေးရင် မရဘူးလား။ မြို့တစ်ခုလုံးဆီ စာရေးရမယ်ဆိုရင် ငါ့လက် ပြုတ်ထွက်သွားလိမ့်မယ်"
ရှန်လင်ဖုန်းက တစ်နေ့လျှင် စာပေါင်းထောင်ချီ ရေးရမည့်အဖြစ်ကို တွေးကာ မျက်နှာ ပျက်သွား၏။
"ရတာပေါ့။ မင်း တတ်နိုင်သလောက်ပဲ ရေးပါ။ ငါ အခုလေးတင် သင်ပေးလိုက်တဲ့ စကားလုံးတွေကို မှတ်မိတယ် မဟုတ်လား။ စာတွေထဲမှာ အဲဒါတွေ ထည့်ရေးဖို့ မမေ့နဲ့"
"နားလည်ပါပြီ။ ငါ အခုပဲ သွားရေးတော့မယ်"
ရှန်လင်ဖုန်းသည် စိတ်ကူးစိတ်သန်းများ ပြည့်နှက်နေလျက် ချက်ချင်းပြေးထွက်သွား၏။
"ဟူး... ငါကတော့ နေ့တိုင်း ဘာအကျိုးအမြတ်မှ မမျှော်လင့်ဘဲ ကောင်းမှုတွေ လုပ်နေရတာပဲ။ တကယ့်ကို အတ္တကင်းတဲ့သူပဲ။ သူ့အစ်မ ပြန်လာလို့ မောင်ဖြစ်သူရဲ့ ပြောင်းလဲမှုတွေကို မြင်ရင် သေချာပေါက် စိတ်လှုပ်ရှားသွားလိမ့်မယ်"
ကျိယွမ်က ကျေနပ်စွာ သက်ပြင်းချလိုက်သည်။ နောက်ထပ် ကောင်းမှုတစ်ခု ပြုလုပ်နိုင်ခဲ့လေပြီ ။
"သခင်... ကျွန်တော့်မှာ စိုးရိမ်စရာတစ်ခု ရှိတယ်"
ချန်ခန်းပေါင်က တည်ကြည်သော မျက်နှာထားဖြင့် ကြားဖြတ်ပြောလိုက်သည်။ ဗျူဟာမှူးတစ်ယောက်အနေဖြင့် ပြဿနာများကို ထောက်ပြရန် သူ တာဝန်ရှိသည်ဟု ခံစားရ၏။
"သခင်ရဲ့ အချစ်စကားလုံးတွေက တကယ့်ကို ထက်မြက်ပြီး စိတ်လှုပ်ရှားဖို့ကောင်းတာ မှန်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့ အကြိုက်က တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးလေ။ တကယ်လို့ တစ်ယောက်ယောက်က အဲဒါကို သဘောမကျရင် ဘယ်လိုလုပ်မလဲ"
ကျိယွမ်က သူ့အား ညံ့လိုက်တာဟု ကြည့်၏။
" ပိုက်ကွန်ဖြန့်ပြီး ငါးဖမ်းတဲ့အခါ ပိုက်ကွန်ထဲကနေ လွတ်သွားတဲ့ငါးတွေလည်း ရှိမှာပဲ။ သူတို့ သဘောမကျရင် ထွက်သွားပါစေပေါ့။ ဒီလောက် လူအများကြီးဆီ ပို့တာပဲ... အဲဒီထဲမှာ သဘောကျမယ့်သူ တစ်ယောက်မဟုတ်တစ်ယောက်တော့ သေချာပေါက် ရှိမှာပဲ"
ကျိယွမ်က အမြော်အမြင်အလွန်ရှိသော ပညာရှိအလား ပြန်ပြောလိုက်၏။
ပိုက်ကွန်ကို ကျယ်ကျယ်ဖြန့်ပြီး မိသမျှဖမ်းခြင်းက ထာဝရ အမှန်တရား ဖြစ်သည်။ ဒီလောက်လူအများကြီးထဲမှာ့ သူနှင့် အကြိုက်တူပြီး ထိုသို့သော စကားလုံးမျိုးကို အလွန်နှစ်သက်မည့်သူ ရှိနေနိုင်သည်မဟုတ်ပါလား။
"ရိုးရိုးရှင်းရှင်း ပြောရရင်... လူလိမ်တွေက ဘာလို့ ဒီလောက် သိသာပြီး အမှားအယွင်းများတဲ့ စကားလုံးတွေကို သုံးကြလဲ သိလား။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ရည်ရွယ်ချက်က သတိကြီးတဲ့သူတွေကို လှည့်စားဖို့ မဟုတ်ဘူး... အားနည်းချက်တွေကို သတိမထားမိတဲ့သူတွေကို ရှာဖို့ပဲ။ ရှိသမျှလူအားလုံးယုံဖို့မလိုဘူး ၊ မှန်ကန်တဲ့ ပစ်မှတ်ကို ရှာဖွေနိုင်ဖို့ကသာ တကယ့်ကို အရေးကြီးတာ"
ချန်ခန်းပေါင်၏ မျက်လုံးများက လေးစား အံ့သြမှုကြောင့် ပြူးကျယ်သွား၏။
ဆရာသခင်၏ ဉာဏ်ပညာက သူ နားမလည်နိုင်လောက်အောင် နက်နဲလွန်းလှသည်။
---
ရှန်မိသားစုခန်းမတစ်ခုလုံး မီးလင်းထိန်နေ၏။
အခန်း၏ အလယ်ဗဟို အမြင့်ဆုံးနေရာတွင် မိသားစုခေါင်းဆောင် ရှန်ဝမ်ရှန်း ထိုင်နေသည်။ သူ၏ မျက်နှာထားက တည်ကြည်လွန်းလှပြီး သူ ဝတ်ဆင်ထားသော ပိုးထည်ဝတ်ရုံရှည်ပေါ်တွင် လက်ရာမြောက်သော ပန်းထိုးမွမ်းမံမှုများ ရှိနေ၏။ သူ၏ ခါးတွင် မြေကမ္ဘာအဆင့် ရတနာလက်နက်တစ်ခုဖြစ်သော ဓားပျော့တစ်လက်ကို ချိတ်ဆွဲထားသည်။
ရှန်ဝမ်ရှန်းသည် ရှန်မိသားစု၏ အကြီးအကဲ ဖြစ်ရုံသာမက မိသားစုအတွင်း ရှားပါးလှသော မြေကမ္ဘာအဆင့် လက်နက်သခင်များထဲမှ တစ်ဦးလည်း ဖြစ်၏။ သူသည် စစ်သည်တော် ထောင်ပေါင်းများစွာကို တစ်ကိုယ်တည်း ရင်ဆိုင်နိုင်သော စွမ်းအားရှင် ဖြစ်သည်။
"ငါ ရဲ့ရေကန်တောင်ကနေ အခုပဲ ပြန်လာခဲ့တာ။ အဲဒီက အခြေအနေက တော်တော်လေး ဆိုးရွားနေတယ်"
ရှန်ဝမ်ရှန်း၏ အသံက အခန်းထဲတွင် ဟိန်းထွက်သွားပြီး သူ၏ စကားများထဲတွင် စိုးရိမ်ပူပန်မှုများ အပြည့် ရှိနေ၏။
"လော့ထုံရေသခင်ရဲ့ စွမ်းအားတွေက ထိန်းမနိုင်သိမ်းမရ ကြီးထွားလာပြီး ရဲ့ရေကန်တောင်က ရေပြင်တွေနဲ့ ပေါင်းစပ်သွားပြီ။ အခုဆိုရင် သူက အနှိုင်းမဲ့ အခြေအနေကို ရောက်နေပြီ"
ရဲ့ရေကန်တောင်သည် ကျန်းကျိုးဒေသ၏ အကြီးဆုံး ရေကန်ကြီးဖြစ်ပြီး မိုင်ပေါင်း ရာချီ ကျယ်ဝန်းသည်။ ထိုနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော ရေဝိညာဉ်မှင်စာဖြစ်သည့် လော့ထုံရေသခင် ပေါ်ပေါက်လာပြီး ဖျက်ဆီးမှုများ ပြုလုပ်နေခြင်း ဖြစ်၏။
"ရွှမ်အဆင့် လက်နက်သခင်တွေနဲ့ မြေကမ္ဘာအဆင့် အားကောင်းတဲ့ အင်အားစုတွေ ပူးပေါင်းပြီး တိုက်ခိုက်တာတောင် အရာမထင်ခဲ့ဘူး။ မြေကမ္ဘာအဆင့်စာရင်းရဲ့ ထိပ်တန်း အယောက်သုံးဆယ်ထဲမှာ ပါဝင်တဲ့ 'စိတ်ပျက်လက်သီး' ဝေကွန်းတောင်မှ သူ့ကို မနှိမ်နင်းနိုင်ခဲ့ဘူး"
ဝေကွန်း၏ နာမည်ကို ကြားလိုက်ရသဖြင့် ခန်းမတစ်ခုလုံးတွင် ရေရွတ်သံများ ထွက်ပေါ်လာ၏။
နင်နိုင်ငံတွင် မြေကမ္ဘာအဆင့် လက်နက်သခင်များကို မှတ်တမ်းတင်ထားသော မြေကမ္ဘာအဆင့်စာရင်း ရှိသည်။
မြေကမ္ဘာအဆင့် လက်နက်သခင်များသည် အုပ်ချုပ်သူများ ဖြစ်ကြပြီး ထိုစာရင်း၏ ထိပ်တန်း အယောက်သုံးဆယ်ကို မဟာဆရာများဟု ခေါ်ဆိုကြ၏။ သူတို့ထဲမှ တစ်ယောက်ချင်းစီသည် မြေကမ္ဘာအဆင့်၏ အမြင့်ဆုံးအတိုင်းအတာသို့ ရောက်ရှိနေသော လက်နက်သခင်များ ဖြစ်ကြသည်။
ဝေကွန်းသည် မဟာဆရာတစ်ဦးအဖြစ် လေးစားခြင်းခံရသော မြေကမ္ဘာအဆင့် စွမ်းအားရှင်တစ်ဦး ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်များသည် လူသားတို့ စွမ်းဆောင်နိုင်သည့် အမြင့်ဆုံးအဆင့်တွင် ရှိနေကြ၏။ ထိုကဲ့သို့သောသူပင် အခြေအနေကို မထိန်းချုပ်နိုင်ပါက လော့ထုံရေသခင်၏ ခြိမ်းခြောက်မှုက မည်မျှ ကြီးမားကြောင်း သိသာလှသည်။
"လော့ထုံရေသခင်က ရဲ့ရေကန်တောင်နဲ့ လုံးလုံးလျားလျား ပေါင်းစပ်သွားပြီ။ ဒါကြောင့် သူက ရေကန်ရဲ့ ရေထုကို စိတ်ကြိုက် ထိန်းချုပ်နိုင်ပြီး သူ အလိုရှိရင် ခရိုင်တစ်ခုလုံးကိုပါ ရေနစ်မြုပ်စေနိုင်တယ်။ တံငါသည် ထောင်ပေါင်းများစွာရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပျက်စီးကုန်တာတင်မကဘဲ တကယ်လို့ သူက ရေလွှမ်းမိုးမှုကြီး ဖြစ်အောင် လုပ်လိုက်ရင် ကျန်းနင်ပြည်နယ်တစ်ခုလုံးပါ ပျက်စီးခြင်းသို့ ရောက်သွားနိုင်တယ်"
ရဲ့ရေကန်တောင်၏ အခြေအနေမှာ ထိုဒေသတစ်ခုတည်းအတွက် မဟုတ်ဘဲ နယ်မြေတစ်ခုလုံးအတွက် အကျပ်အတည်း ဖြစ်လာခဲ့ပြီ ဖြစ်၏။
"ကောင်းကင်ကတောင် ဝင်ရောက် စွက်ဖက်ချင်ပုံမရဘူး"
ရှန်ဝမ်ရှန်းက ဆက်ပြောသည်။
"အခြေအနေကို ပိုပြီး ဆိုးရွားစေတာက အဲဒီလို ခြိမ်းခြောက်မှုတွေကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ဝေလုံရွှန်းယွမ် ရတနာလက်နက်က ပျက်စီးနေပြီး သုံးလို့မရသေးတာပဲ"
ခန်းမတစ်ခုလုံး မသက်မသာ တိတ်ဆိတ်ခြင်းများ လွှမ်းမိုးသွား၏။
"ဝေလုံရွှန်းယွမ် ပျက်စီးသွားတာ နှမြောစရာပဲ။ အဲဒါကို ပြင်နိုင်မယ့် လက်နက်သခင်လည်း တစ်ယောက်မှ ရှာမတွေ့သေးဘူး"
"ဝေလုံရွှန်းယွမ်က ကောင်းကင်အဆင့်နီးပါး ရှိတဲ့ ရတနာ။ ထိပ်တန်း မြေကမ္ဘာအဆင့် အတက်ပညာရှင်တွေတောင် အဲဒါကို ပြင်ဖို့ ခက်လိမ့်မယ်။ ကောင်းကင်အဆင့် အတက်ပညာရှင်တစ်ယောက် လိုအပ်လိမ့်မယ် ထင်တယ်။ နင်နိုင်ငံမှာ ကောင်းကင်အဆင့် လက်နက်သခင်တောင် မရှိတာ၊ ကောင်းကင်အဆင့် အတက်ပညာရှင်ဆိုတာ ပိုတောင် မရှိနိုင်ဘူး"
"ခက်တယ်... ခက်တယ်... တကယ် ကိုခက်တယ်"
ရှန်မိသားစုသည် ချမ်းသာကြွယ်ဝသော မိသားစုဖြစ်ပြီး သူတို့၏ နောက်ကွယ်တွင် ကောင်းကင်ဂိုဏ်း ရှိနေသဖြင့် ကောင်းကင်ဂိုဏ်းတွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားမည်ကို မလိုလားကြပေ။
ယခုအကြိမ် မိသားစုအစည်းအဝေးတွင် ရှန်မိသားစု၏ လက်နက်သခင်များနှင့် အတက်ပညာရှင် အများစု စုဝေးခဲ့ကြခြင်း ဖြစ်၏။ သူတို့အားလုံး ရေသခင်၏ အရေးကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေကြသည်။
ဝေလုံရွှန်းယွမ်သည် ကောင်းကင်အဆင့်နီးပါး ရှိသော ရတနာလက်နက်တစ်ခုဖြစ်ပြီး တစ်ချိန်က ကျန်းကျိုးဒေသ၏ ဂုဏ်ယူစရာ ဖြစ်ခဲ့ဖူး၏။ သို့သော် အတိတ်က တိုက်ပွဲတစ်ခုအတွင်း ၎င်း၏ အတွင်းပိုင်း ယန္တရားများ ပြင်းထန်စွာ ပျက်စီးသွားခဲ့သည်။ ထိုရတနာ မရှိသောကြောင့် ဒေသသည် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်၏။
"ကောင်းကင်ဂိုဏ်းက ဝေလုံရွှန်းယွမ်ကို ပြုပြင်ဖို့ နည်းလမ်းတွေကို ဆွေးနွေးဖို့ ရဲ့ရေကန်တောင်မှာ အတက်ပညာရှင်များညီလာခံတစ်ခု ကျင်းပဖို့ ဖိတ်ခေါ်ထားတယ်။ ကျန်းကျိုးဒေသက အတော်ဆုံး လက်မှုပညာရှင်တွေနဲ့ အိမ်နီးနားချင်း ဒေသတွေက လူတွေပါ တက်ရောက်ကြလိမ့်မယ်"
ရှန်ဝမ်ရှန်းက မိသားစု၏ ထိပ်တန်း အတက်ပညာရှင်များဘက်သို့ လှည့်ကြည့်လိုက်၏။
"ရှန်မိသားစုမှာရှိတဲ့ အတက်ပညာရှင်အားလုံး အဆင့်အတန်းမခွဲခြားဘဲ တက်ရောက်ရမယ်။ ထူးခြားတဲ့ စိတ်ကူးရှိတဲ့သူတွေ ဒါမှမဟုတ် စွမ်းရည်ကို မစမ်းသပ်ရသေးတဲ့သူတွေက လည်း ဒီကိစ္စအတွက်တိုးတက်မှုတစ်ခုခု ရှာဖွေပေးရင် ပေးနိုင်လိမ့်မယ်"
"သခင်ကြီး ဝမ်ရှန်း... တကယ်လို့ ဒီညီလာခံကြောင့် လော့ထုံရေသခင်ရဲ့ အမျက်ဒေါသကို ဆွပေးသလို ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
ရှန်မိသားစုက ငှားရမ်းထားသော ရွှမ်အဆင့် အတက်ပညာရှင် ချန်ရှန်းဝေက မေးလိုက်၏။
နင်ဟဲခရိုင်တွင် ခရိုင်မြို့ဝန်ကပင် သူ့ကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံရသည်။
အတက်ပညာရှင် အရေအတွက်မှာ လက်နက်သခင်များထက် များစွာ နည်းပါးလှ၏။
ကျီနင်စီရင်စု၏ ထိပ်တန်း မိသားစုကြီး သုံးခုထဲမှ တစ်ခုဖြစ်သော ရှန်မိသားစုတွင် မြေကမ္ဘာအဆင့် လက်နက်သခင် ခုနစ်ဦး ရှိသော်လည်း မြေကမ္ဘာအဆင့် အတက်ပညာရှင်မူ တစ်ဦးသာ ရှိသည်။
သူ၏ စွမ်းရည်များ ရှိသော်လည်း ချန်ရှန်းဝေသည် သိသိသာသာ စိုးရိမ်နေ၏။ အတက်ပညာရှင်များသည် တိုက်ခိုက်ရေး လက်နက်အသုံးချသူများထက် များစွာ ရှားပါးပြီး တိုက်ပွဲများအတွက် မသင့်တော်ပေ။ ထိုမျှများပြားသော အတက်ပညာရှင်များကို တစ်နေရာတည်းတွင် စုစည်းထားခြင်းက လော့ထုံရေသခင်အတွက် ဆွဲဆောင်မှုရှိသော ပစ်မှတ်တစ်ခု ဖြစ်လာနိုင်၏။
"မင်းရဲ့ စိုးရိမ်မှုက အကြောင်းသင့်ပါတယ်"
ရှန်ဝမ်ရှန်းက ခေါင်းညိတ်ရင်း ပြောသည်။
"ဒါပေမဲ့ ကောင်းကင်ဂိုဏ်းက တက်ရောက်သူအားလုံးရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံထားတယ်။ နင်နိုင်ငံရဲ့ အတော်ဆုံး အတက်ပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ ဆရာဟော်လီတောင် တက်ရောက်လိမ့်မယ်။ သူကတောင် သူ့ရဲ့ ဘေးကင်းမှုကို ယုံကြည်ချက်ရှိနေရင် ငါတို့က ဘာလို့ မယုံကြည်ရမှာလဲ"
ဟော်လီသည် အတက်ပညာရှင်များကြားတွင် ဂန္ဓဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ကောင်းကင်အဆင့်နီးပါး ရှိသော ရတနာလက်နက် အများအပြားကို ဖန်တီးခဲ့သူအဖြစ် လူသိများသည်။ သူ ပါဝင်လာခြင်းက စိတ်ချရမှုတစ်ခု ဖြစ်စေ၏။
"ငါတို့ ကောင်းကင်ဂိုဏ်းရဲ့ ပြင်ဆင်မှုတွေကို ယုံကြည်ရမယ်။ ငါတို့မိသားစုရဲ့ အကျိုးစီးပွားက သူတို့နဲ့ ဆက်စပ်နေတယ်။ တကယ်လို့ လော့ထုံရေသခင်ကို မထိန်းချုပ်နိုင်ရင် အကျိုးဆက်က ကြောက်စရာကောင်းလိမ့်မယ်"
သူ၏ စိတ်သက်သာရာရစေမည့် စကားများ ရှိသော်လည်း အခန်းထဲက စိုးရိမ်ပူပန်မှုများက သိသာထင်ရှားနေဆဲ ဖြစ်၏။
"ညီလာခံမှာ တစ်ယောက်ယောက်က ဝေလုံရွှန်းယွမ်ကို ပြင်ဆင်နိုင်မယ့် နည်းလမ်း ရှာတွေ့ပါစေလို့ပဲ မျှော်လင့်ရတာပဲ"
အကြီးအကဲတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။
"အဲဒါမရှိရင် လော့ထုံရေသခင်လို ကပ်ဘေးမျိုးကို ငါတို့ ဘယ်လိုရင်ဆိုင်နိုင်မှာလဲ"
မိသားစုဝင်များက ညီလာခံသို့ တက်ရောက်ရန် ဆွေးနွေးနေကြစဉ် မျှော်လင့်မထားသော လူတစ်ယောက် အခန်းထဲသို့ ဝုန်းဒိုင်းကြဲကာ ဝင်လာ၏။
"ယောက္ခမကြီး... ချိုးရေအတွက်ပြင်ပေးဖို့ လာပါပြီဗျား..."
ကျိယွမ်က ရေနွေးငွေ့များ ထွက်နေသော ရေဇလုံတစ်ခုကို ကိုင်ဆောင်ကာ ခန်းမထဲသို့ လှမ်းဝင်လာသည်။ ပူပြင်းသော ရေနွေးငွေ့များက လေထုထဲတွင် လိပ်ပြာသဏ္ဌာန် ရစ်ဝဲနေသဖြင့် သူ၏ ရောက်ရှိလာမှုက ရယ်စရာကောင်းသလို ဇာတ်လမ်းဆန်ဆန်လည်း ဖြစ်နေ၏။
လူတိုင်း၏ မျက်လုံးများက သူ့ထံသို့ ရောက်လာကြပြီး သူတို့၏ မျက်နှာတွင် မယုံကြည်နိုင်မှု၊ ဇဝေဇဝါဖြစ်မှုနှင့် ထိတ်လန့်မှုများ ရောပြွမ်းနေသည်။
ကျိယွမ်ကမူ ဂရုမစိုက်ဘဲ သူ၏ ယောက္ခမကိုသာ စိုက်ကြည့်နေ၏။
"နင် ဘာလုပ်တာလဲ"
သူ၏ ယောက္ခမဖြစ်သူ ရှန်လင်ရှို့က အေးစက်သော်လည်း ရှက်ရွံ့နေသောအသံဖြင့် မေးလိုက်သည်။
"ချိုးရေ လာပေးတာပါ"
ကျိယွမ်က သဘာဝအလွန်ကျသောအရာတစ်ခုကဲ့သို့ ပေါ့ပါးစွာ ပြန်ဖြေ၏။
သူက စုဝေးနေသော လူများဘက်သို့ လှည့်လိုက်သည်။
"ကျွန်တော်က အိမ်ပါသမက်တစ်ယောက်အနေနဲ့ အခက်အခဲအများကြီးကို ရင်ဆိုင်ခဲ့ရတယ်။ အထင်အမြင်သေးတာ ခံရတယ်၊ အေးစက်တဲ့ အကြည့်တွေ ခံရတယ်၊ အစေခံတွေကတောင် ကျွန်တော့်ကို အသိအမှတ်မပြုကြဘူး။ ဒါပေမဲ့ ကျွန်တော်က မိသားစုအတွက် ကြိုးစားနေဆဲပဲ။ ဇနီးအတွက် စွပ်ပြုတ်ချက်ပေးတယ်၊ ယောက္ခမအတွက် ချိုးရေ ပြင်ပေးတယ်။ ဒါက သမက်ကောင်းတစ်ယောက်ရဲ့ တာဝန်ပဲ"
"ကဲ... ကျေးဇူးရှင်ယောက္ခမကြီး.. ရေချိုးဖို့ အဆင်သင့်ဖြစ်ပြီလား။ ဒါကို အခန်းထဲအထိ သွားပို့ပေးရမလား"
ခန်းမတစ်ခုလုံး လူသေများကဲ့သို့ တိတ်ဆိတ်သွား၏။
စုဝေးနေသော ရှန်မိသားစုဝင်များအားလုံး အံ့အားသင့်ကုန်ကြပြီး သူတို့၏ မျက်နှာတွင် ထိတ်လန့်မှုမှသည် မယုံကြည်နိုင်မှုအထိ ဖြစ်ပေါ်နေသည်။
ရှန်လင်ရှို့၏ မျက်နှာက ဒေါသနှင့် အရှက်ရမှုတို့ကြောင့် နီမြန်းသွား၏။
"ကျိယွမ်... ထွက်သွားစမ်း"
သူမက အံကြိတ်ကာ ပြောလိုက်သည်။
"ဒီည ရေမချိုးဘူးလား"
ကျိယွမ်ကတော့ အပြစ်ကင်းလှ၏။။
"မချိုးဘူး"
ရှန်လင်ရှို့က အော်ပစ်လိုက်သည်။
"ကောင်းပြီလေ"
ကျိယွမ်က ပခုံးတွန့်ကာ ပြောလိုက်၏။
"ဒါပေမဲ့ စိတ်ပြောင်းသွားရင် ကျွန်တော့်ကို လှမ်းခေါ်လိုက်ပါ... ကျွန်တော် ချက်ချင်း ရေလာပေးမယ်"
သူသည် ဝင်လာစဉ်ကကဲ့သို့ပင် ရုတ်တရက် ပြန်ထွက်သွားပြီး အံ့သြနေသော မျက်နှာများကိုသာ ချန်ထားခဲ့၏။
တံခါးပိတ်သွားသည့်အခါမှ ရှန်ဝမ်ရှန်းက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
"သူ... ရူးသွားတာလား"
သူက စိတ်ပျက်လက်ပျက် အသံဖြင့် မေး၏။
ရှန်လင်ရှို့က သက်ပြင်းရှည်ကြီး ချလိုက်သည်။
"သူ မိသားစုထဲကို လက်ထပ်ဝင်လာကတည်းက လှောင်ပြောင်မှုတွေကို အလွန်အကျူးခံခဲ့ရတာ ဖြစ်ရမယ်။ အခု သူ ရူးနေတာတောင် သူ့ရဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ တွေးနေသေးတယ်"
သူမ၏ အသံက အနည်းငယ် တုန်ရင်နေ၏။
"ဖြစ်နိုင်တာက... ငါတို့ သူ့အပေါ် အရမ်းရက်စက်ခဲ့ကြတာ ထင်တယ်"
ရှန်ဝမ်ရှန်းက သူ၏ နားထင်ကို နှိပ်နယ်ရင်း စိတ်ပျက်မှုနှင့် သနားမှုတို့ ရောပြွမ်းနေသည့် မျက်နှာဖြင့် ပြောလိုက်သည်။
"အစေခံတွေကို စကားပါးလိုက်ပါ။ တကယ်လို့ သူ့ကို နှိပ်စက်တဲ့သူရှိရင် ထိုက်တန်တဲ့ အပြစ်ပေးလိုက်"
"နားလည်ပါပြီ သခင်ကြီး"
"နင်ဟဲခရိုင်မှာ အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့တယ်လို့ ငါ ကြားတယ်"
ရှန်ဝမ်ရှန်းက မေး၏။
"သွေးဆူးဂိုဏ်း ပေါ်လာပြီး ဝိညာဉ်မှင်စာ ရှစ်ဆယ့်ခုနစ်ကောင်က တိမ်နီရွာကို တိုက်ခိုက်ခဲ့တယ်။ အကျိုးဆက်ကတော့... လှံကြီးကို ကိုင်ထားတဲ့ လူသန်ကြီးတစ်ယောက်က အားလုံးကို သတ်ပစ်လိုက်တယ်တဲ့"
"တကယ်ပဲ သွေးဆူးဂိုဏ်းလက်ချက် ဖြစ်နေတာပဲ"
ဆူးသွေးဂိုဏ်းအကြောင်း ပြောလိုက်သည့်အခါ ထိုနေရာတွင် ရှိနေသူအားလုံး ကြောက်ရွံ့သွားကြ၏။
ထိုအင်အားစုက မိစ္ဆာဂိုဏ်းတစ်ခုဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်ကာ အစွမ်းထက်လှသည်။ သူတို့က နင်နိုင်ငံတွင်သာမက အခြားသော အင်အားစုများတွင်ပါ လှုပ်ရှားနေကြခြင်း ဖြစ်၏။
ရှန်သခင်မက သူမ ရရှိထားသော အချက်အလက်များကို ရှန်ဝမ်ရှန်းအား တစ်ခုပြီးတစ်ခု ပြောပြလိုက်သည်။
"သူ့ကိုယ်သူ နတ်ဘုရားလို့ ခေါ်တယ် ဟုတ်လား"
"ဝိညာဉ်မှင်စာတွေရဲ့ ဝိညာဉ်တိုက်ခိုက်မှုက သူ့အပေါ် အရာမထင်ဘူးပေါ့"
"သွေးဆူးဂိုဏ်းက မွေးမြူထားတဲ့ ဝိညာဉ်မှင်စာတွေက ဝိညာဉ်တိုက်ခိုက်မှုမှာ ကျွမ်းကျင်ကြတယ်။ အဝါရောင်အဆင့်ပဲ ဖြစ်ဖြစ်၊ ရှစ်ဆယ့်ခုနစ်ကောင်တောင် စုဝေးနေတာဆိုတော့ ငါကိုယ်တိုင်တောင် အချိန်အနည်းငယ် ပေးပြီး နှိမ်နင်းရလိမ့်မယ်။ ဒီလို ပါရမီရှင်မျိုးက ဘယ်ကနေ ရောက်လာတာလဲ"
ရှန်ဝမ်ရှန်းက ထိုအကြောင်းကို ပြောပြီးနောက် ဆက်၍ ဂရုမစိုက်တော့ပေ။
ဘာပဲပြောပြော တိုက်ခိုက်ရေးပါရမီရှင်လေးတစ်ယောက်မျှသာ ဖြစ်၏။
ပုံမှန်အချိန်ဆိုလျှင်တော့ သူသည် ရှန်မိသားစုအား ထိုလူ၏ မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းစေပြီး အခြေအနေအရ မိတ်ဆွေဖွဲ့ခိုင်းလိမ့်မည်။
သို့သော် ယခုအခါ ရှေ့တွင် ရဲ့ရေကန်တောင်၏ အကျပ်အတည်း ရှိနေသဖြင့် ထိုကဲ့သို့သော ကိစ္စသေးလေးများကို ဂရုစိုက်ရန် စိတ်မပါတော့ပေ။
သူ့အတွက်မူ ယခုအချိန်တွင် အစွမ်းထက်သော အတက်ပညာရှင်တစ်ယောက် ရှာဖွေရန်က ပို၍ အရေးကြီး၏။
တကယ်လို့ ညီအစ်ကိုကျိသာ အသက်ရှင်သေးရင် သူ့ရဲ့ ပါရမီနဲ့ဆိုရင် ဝေလုံရွှန်းယွမ်ကို ပြုပြင်ဖို့ နည်းလမ်း ရှိကောင်းရှိနိုင်မှာ။
ထိုအကြောင်းကို တွေးမိသောအခါ သူ စိတ်မကောင်း ဖြစ်သွား၏။
"ချန်ရှန်းဝေ... ဒီကာလအတွင်းမှာ ကျိယွမ်ကို သွားပြီး သင်ပေးပါဦး။ သူ့မှာ အတက်ပညာရှင်တစ်ယောက်ရဲ့ ပါရမီ ရှိမရှိ ကြည့်ရအောင်"
သူသည် ကျိယွမ်ကို အရူးတစ်ယောက်လို လမ်းပျောက်မသွားစေချင်ပေ။
သူသည် ကျိမိသားစု၏ အမွေအနှစ်ကိုလည်း မပျက်စီးစေချင်ပါ။
"ဒါက..."
ချန်ရှန်းဝေ ဇဝေဇဝါ ဖြစ်သွား၏။
ငါ့ကို အရူးတစ်ယောက်ကို လက်နက်ဖန်တီးတာ သင်ပေးခိုင်းတာလား။
ဒါကို ဘယ်လိုသင်ရမှာလဲ။
သူ အလွန် စိတ်ပျက်သွားသည်။
စကားမပြောတတ်တဲ့ အအတစ်ယောက်ကို သီချင်းဆိုခိုင်းတာကမှ ပိုပြီး လွယ်ဦးမယ် ၊ အရူးကို လက်မှူပညာသင်ရမှာကတော့...။
------------
ကျိယွမ်၏ မကြာသေးမီက ထူးဆန်းသော အပြုအမူများ ရှိနေသော်လည်း ရှန်လင်ရှို့သည် စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေရ၏။ တစ်ချိန်က အလွန်ပြဿနာတတ်သလို ၊ လူလေလူလွင့်တစ်ယောက်လည်းဖြစ်ခဲ့ဖူးသော သူသည် ယခုအခါတွင် အလွန် ထူးဆန်းသော နည်းလမ်းမျိုးဖြင့် မိသားစုအပေါ် သစ္စာရှိမှုကို ပြသနေသည်။
"သူ အရင်လို ဖြစ်နေတာထက်စာရင် ဒီလိုဖြစ်နေတာက ပိုကောင်းပါတယ်"
သူမက တိုးတိုးလေး ရေရွတ်လိုက်၏။
"အနည်းဆုံးတော့ အခု သူ ပြဿနာ အများကြီး မရှာတော့ဘူး"
သို့သော် သူမ၏ သမီးအတွက်မူ ရင်ထဲတွင် ခံစားရ၏။
"သနားစရာကောင်းတဲ့ ရွှန်းအာ့လေး... ဒီလို လူမျိုးနဲ့ လက်ထပ်ခဲ့ရတာ"
--------
အစည်းအဝေးခန်းမ အပြင်ဘက်တွင် ကျိယွမ်က သူ၏ စွမ်းဆောင်ရည်ကို ကျေနပ်လျက် သီချင်းတိုးတိုးလေး ညည်းနေ၏။
"ယောက္ခမအတွက် ချိုးရေ သယ်ပေးတာက ငါ့ရဲ့ သရုပ်ဆောင်တာဝန်တိုးတက်မှုကို တကယ်ပဲ တိုးတက်စေတာပဲ"
သူက စဉ်းစားလိုက်သည်။
"ပုံစံရရင်တော့ ကျိယွမ်က တကယ်ပဲ ဒီနည်းလမ်းနဲ့ မျက်နှာလိုမျက်နှာရ လုပ်ချင်ခဲ့တာ ဖြစ်ရမယ်"
သူသည် အိမ်ပါသမက်တစ်ဦးအဖြစ် သရုပ်ဆောင်ရန် အခြားနည်းလမ်းများကို စတင် စဉ်းစားလိုက်၏။
"သူမရဲ့ ခြေထောက်အောက်မှာ အနင်းခံရအောင် လုပ်ရမလား။ ဒါမှမဟုတ် သူမရဲ့ ခြေအိတ်တွေကို လျှော်ပေးရမလား"
"မဟုတ်သေးပါဘူး... အဲဒါက နည်းနည်း လွန်သွားပြီ"
သူက ရယ်မောလျက် ခေါင်းခါလိုက်၏။
"ဘာပဲပြောပြော အိမ်ပါသမက်တစ်ယောက် ဖြစ်ရတာ ရင်မောစရာကြီးပဲ။ အဆင့်မြှင့်တင်တာနဲ့ ဝိညာဉ်မှင်စာတွေကို တိုက်ခိုက်တာကမှ ငါနဲ့ကိုက်တာကို "
.......