အခန်း ၄၉၉
Vol. 47 Ch. 499
အခန်း (၄၉၉) ကျိယွမ်၏ ဖခင်နှင့် လက်နက်သွန်းလုပ်ခြင်းလမ်းစဥ်
ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေသို့ ရောက်ရှိနေစဥ်အတွင်း ကျိယွမ်သည် လက်နက်သွန်းလုပ်ခြင်းအတတ်ပညာများကို လေ့လာခဲ့ပြီး အတော်အတန်လည်း နားလည်ခဲ့၏။
ဝတ်ရုံစုတ်၏ ဇာစ်မြစ်ဖြစ်သော ကောင်းကင်မျိုးနွယ်စုသည် တစ်ချိန်က မဟူရာကောင်းကင်၏ ကျူးကျော်ခြင်းကို ခံခဲ့ရဖူး၏။ ကမ္ဘာကြီးသည် ပျက်သုဉ်းခါနီးအထိ တုန်လှုပ်ချောက်ချားခဲ့ရပြီးနောက် နောက်ဆုံးတွင် ပျက်စီးခြင်းသို့ ရောက်ရှိသွားခဲ့သည် ။
ကောင်းကင်မျိုးနွယ်စုသည် မဟူရာ ကောင်းကင်ကို ပြန်လည်ခုခံရန် ရည်ရွယ်ချက်ဖြင့် ရောင်ခြည်ရတနာများကို သွန်းလုပ်ရန် ကြိုးပမ်းခဲ့ကြ၏။ သို့သော်လည်း နောက်ဆုံးတွင် သူတို့ ကျရှုံးခဲ့ရသည် ။
အရာအားလုံး မပျက်စီးမီ ဝတ်ရုံစုတ်သည် ကျိယွမ်အား အလင်းသန္ဓေသား ဟုခေါ်သော ရှေးဟောင်းအမွေအနှစ်တစ်ခုကို ပေးခဲ့၏။
"ဒါက ကမ္ဘာတစ်ခုတည်းပဲလား"
"တူညီတဲ့ အချိန်ကာလရဲ့ အစနဲ့ အဆုံး ဖြစ်နေတာများလား"
"ဒါမှမဟုတ်... သွန်းလုပ်တဲ့နည်းလမ်းချင်းပဲ လာတူညီနေတာလား"
သဘာဝကျကျပြောရလျှင် လက်နက်သွန်းလုပ်ခြင်းနည်းပညာဟူသည် ကောင်းကင်မျိုးနွယ်စု၏ ကမ္ဘာတစ်ခုတည်း၌သာ ရှိနေနိုင်သည် မဟုတ်ပေ။
ဤနယ်မြေတွင်မူ လက်နက်သွန်းလုပ်ခြင်းအတတ်ပညာသည် ကောင်းကင်ဘုံ၏ အပြင်ဘက်မှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်ဟု ပြောကြ၏။
"ဒါက... သတင်းကောင်းလို့ ပြောလို့ရတာပေါ့" ကျိယွမ်သည် တိုးတိုးလေး ရေရွတ်လိုက်၏။
"ဒီတော့ ငါက သေမျိုးလောကကို ပြန်လည်ရောက်ရှိလာတဲ့ အရှင်သခင်တစ်ပါး ဖြစ်နေတာလား"
"ဒါမှမဟုတ် ထိပ်တန်းသွန်းလုပ်ခြင်းအတတ်ပညာတွေ တတ်မြောက်ထားပြီး အနှစ်ငါးရာစောပြီး ပြန်လည်မွေးဖွားလာတဲ့ မဟာကျင့်ကြံသူတစ်ယောက်လား"
ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေတွင် ရှိနေစဥ်က ကျိယွမ်သည် လက်နက်သွန်းလုပ်ခြင်းနည်းလမ်းများစွာကို အလွတ်မှတ်သားခဲ့၏။ သို့သော်လည်း လက်နက်လုပ်ရန် ပစ္စည်းများမရှိသဖြင့် သူတစ်ကြိမ်မျှ လက်တွေ့မလုပ်ခဲ့ဖူးချေ။
သူသည် အတက်ပညာအခြေခံသဘောတရား စာအုပ်ကို ကိုင်ဆောင်ကာ အာရုံစိုက်၍ ဖတ်ရှုနေ၏။
"လက်နက်တစ်ခုကို သွန်းလုပ်ဖို့အတွက် ပထမဆုံးအနေနဲ့ နှလုံးသားမီးတောက်ကို နှိုးရမယ်..."
ကျိယွမ်အတွက်မူ သွန်းလုပ်ခြင်းအတတ်ပညာကို သင်ယူခြင်းသည် အလွန်ခက်ခဲသောအရာ မဟုတ်ပေ။
သူသည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေတွင် များစွာလေ့လာခဲ့ပြီး ဖြစ်၏။
ဤနယ်မြေ၏ သွန်းလုပ်ခြင်းနည်းလမ်းများသည် အနည်းငယ် ကွဲပြားမှုရှိသော်လည်း အခြေခံသဘောတရားများမှာမူ တူညီကြသည် ။
ကျိယွမ်သည် ထိုအချက်များကို လျင်မြန်စွာ နားလည်သဘောပေါက်သွား၏။
"လက်နက်သွန်းလုပ်ခြင်းအတတ်ပညာရဲ့ အနှစ်သာရက နှလုံးသားမီးတောက်မှာ ရှိတယ်"
"တောက်လောင်နေတဲ့ မီးတောက်က ဖိုကို လင်းထိန်စေပြီး ပစ္စည်းအားလုံးကို အရည်ပျော်စေတယ်"
"နှလုံးသားမီးတောက်က နှလုံးသားကနေ မြစ်ဖျားခံပြီး ဒန်ထျန်ကို ဖြတ်သန်းစီးဆင်းသွားတယ် ၊ ပြီးတော့ စိတ်ဆန္ဒကနေတစ်ဆင့် ပေါ်ထွက်လာတာဖြစ်တယ်..."
"ထွက်လာစမ်း"
ကျိယွမ်၏ အမိန့်ပေးသံနှင့်အတူ သူ၏နှလုံးသားထဲတွင် မှိန်ဖျော့သော မီးလျှံတစ်ခု စတင်တောက်လောင်လာပြီး ဒန်ထျန်ထဲတွင် တဖြည်းဖြည်း ကြီးထွားလာ၏။
သူက လက်ကို ဆန့်ထုတ်လိုက်သောအခါ မီးတောက်သည် ဝေဟင်ထဲတွင် ပြင်းထန်စွာ တောက်လောင်သွားသည် ။
"ဒါက နတ်ဘုရားမီးတောက် မဟုတ်ဘူး... စိတ်ဝင်စားဖို့ကောင်းတဲ့ မီးတောက်အမျိုးအစားပဲ" ။ကျိယွမ်သည် ဖြူဖွေးသော မီးတောက်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ ပြောလိုက်၏။
မသေမျိုးနယ်မြေတွင် ရှိစဥ်ကမူ သူသည် ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုရုံမျှဖြင့် မီးကို ခေါ်ယူနိုင်ခဲ့သည် ။
သို့သော် ဤမီးတောက်၏ အနှစ်သာရနှင့် အခြေခံသဘောတရားများမှာမူ ကွဲပြားခြားနားလှ၏။
"လောကမှာ လမ်းစဥ်တွေ အများကြီး ရှိတာပဲ... မသေမျိုးနယ်မြေက ကျင့်ကြံခြင်း၊ ကုန်ရှင်းက သိုင်းပညာကျင့်ကြံခြင်း၊ ပြီးတော့ အခု ဒီအတတ်ပညာ..."
"အဘိုးကြီး... ငါ့အတွက် ပစ္စည်းအချို့ သွားယူပေးပါဦး၊ ငါ လက်နက်တစ်ခု သွန်းလုပ်ဖို့ ပြင်ဆင်နေတယ်လို့လည်း သူတို့ကို ပြောလိုက်"
ကျိယွမ်က အမိန့်ပေးလိုက်၏။
ယခုအခါ သူ၏နှလုံးသားမီးတောက် နိုးထလာပြီဖြစ်ရာ ကျိယွမ်သည် လက်နက်သွန်းလုပ်ခြင်းကို စတင်ရန် အဆင်သင့်ဖြစ်နေလေပြီ ။
"ငါ့အတွက် ညှိုးနွမ်းဆန်းကြယ်ဝါး၊ သံရည်နဲ့ တခြားပစ္စည်းတွေ လိုမယ်..."
ကျိယွမ်သည် သူလိုအပ်သည်များကို ချန်ခန်းပေါင်အား စာရင်းလုပ်၍ ပြောပြလိုက်၏။
ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေတွင် သူလေ့လာခဲ့သော နည်းပညာများကို အသုံးပြု၍ ဤပစ္စည်းများဖြင့် ပျံသန်းရေးပုံစံလက်နက်တစ်ခုကို သွန်းလုပ်နိုင်သည် ။
တကယ်လို့ ရှန်လင်ရွှန်းက စီးခွင့်မပေးဘူးဆိုရင် ငါက ပျံသန်းနိုင်တဲ့လက်နက်ကိုပဲ စီးတော့မယ်။
သို့သော်လည်း ရှန်မိသားစုတွင် ဤပစ္စည်းများ အားလုံး ရှိ, မရှိကိုမူ ကျိယွမ် သေချာမသိပေ။
သူတို့ဆီမှာ မရှိဘူးဆိုလျှင်တော့ သွန်းလုပ်ခြင်းနည်းလမ်းကို ပြောင်းလဲပြီး အစားထိုးပစ္စည်းတွေကို သုံးရလိမ့်မည် ။
"နားလည်ပါပြီ"
ချန်ခန်းပေါင်သည် သူ၏ပေါက်စီကို အမြန်မျိုချလိုက်ပြီး ပစ္စည်းများ စုဆောင်းရန် ထွက်ခွာသွား၏။
ထိုအတောအတွင်း ကျိယွမ်သည် သူ၏နှလုံးသားမီးတောက်ကို ပိုမိုအားကောင်းလာစေရန် ဆက်လက်လေ့ကျင့်နေသည် ။
အတက်ပညာရှင်တစ်ယောက်၏ စွမ်းအားသည် သူတို့၏ နှလုံးသားမီးတောက် ပြင်းထန်မှုနှင့် တိုက်ရိုက်သက်ဆိုင်နေ၏။
အားနည်းသော နှလုံးသားမီးတောက်သည် ကြာရှည်မခံဘဲ လက်နက်သွန်းလုပ်ဖို့ နေနေသာသာ ကြက်ဥတစ်လုံး ပြုတ်ရန်ပင် ခဲယဉ်းလိမ့်မည် ။
ချန်ခန်းပေါင် ပြန်မလာမီ ခြံဝင်းအတွင်းသို့ မထင်မှတ်ထားသော ဧည့်သည်တစ်ယောက် ရောက်ရှိလာ၏။
"ယောက်ဖ... စည်းကမ်းထိန်းသိမ်းရေးခန်းမက လူတစ်ယောက် လွှတ်ပြီး မင်းကို မေးခွန်းတချို့ မေးခိုင်းလိုက်လို့၊ အေးအေးဆေးဆေးပဲ ဖြေလိုက်ပါ၊ ဘာမှ စိတ်မပူနဲ့"
ရှန်လင်ဖုန်းသည် ပိန်ပိန်ပါးပါး အသက်လတ်ပိုင်း အမျိုးသားတစ်ဦးနှင့်အတူ ဝင်ရောက်လာရင်း ပြောလိုက်၏။ ထိုအမျိုးသားသည် တည်တင်းသော မျက်နှာထားရှိပြီး အဝါရောင်အဆင့်လက်နက်သခင်တစ်ဦး ဖြစ်သည် ။
ထိုအမျိုးသားသည် ကျိယွမ်ကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်၏။
"ဒါက ပုံမှန်လုပ်ငန်းဆောင်တာလေးပါ"
"မေးပါ"
ကျိယွမ်က အပန်းမကြီးသလို ပြန်ဖြေလိုက်၏၊ သူသည် ဤသို့လာရောက်ရခြင်း၏ အကြောင်းရင်းကို ခန့်မှန်းမိပြီးသား ဖြစ်သည် ။
ဒါက ရှန်ပိုင်တင်းရဲ့ အလောင်းကို ရှာတွေ့သွားတာနဲ့ ဆက်စပ်နေတာ ဖြစ်ရမယ်။
တကယ်လို့ သတင်းများ ပျံ့နှံ့သွားခဲ့လျှင် ဤအချိန်တွင် ကျိယွမ်အတွက် အလွန်အမင်း အဆင်မပြေဖြစ်စရာ ရှိသည် ။
ပိန်ပိန်ပါးပါး အမျိုးသားသည် စာအုပ်နှင့် ဖောင်တိန်ကို ထုတ်လိုက်၏။
"မင်း နင်ဟဲခရိုင်မှာ ရှိတုန်းက ဝိညာဥ်မှင်စာနဲ့ တွေ့ပြီး ဝိညာဉ်ဖမ်းစားခြင်း ခံခဲ့ရဖူးလား"
သူက ကျိယွမ်၏ ဝိညာဉ်ပြည့်စုံမှု ရှိ, မရှိကို စစ်ဆေးနေသကဲ့သို့ သူ၏မျက်လုံးများက မှိန်ဖျော့စွာ တောက်ပနေရင်း မေးလိုက်၏။
"ဝိညာဥ်မှင်စာနဲ့ တွေ့ခဲ့တာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ဝိညာဉ်ဖမ်းစားတာ မခံရပါဘူး၊ ကျွန်တော် ရာနှုန်းပြည့် ပုံမှန်ပါပဲ"
ကျိယွမ်က ပြန်ဖြေလိုက်၏။
ထိုအမျိုးသားသည် သူ၏မှတ်စုစာအုပ်တွင် စာအချို့ ရေးသားလိုက်သည် ။
ဝိညာဉ်အကောင်းပကတိရှိကြောင်း အတည်ပြုသည်။
နင်ဟဲခရိုင်တွင် ဝိညာဉ်ဖမ်းစားခံရသည့် သက်သေမတွေ့ရ။
ဆက်သွယ်ပြောဆိုရာတွင် ပြဿနာမရှိ၊ စိတ်အခြေအနေ ပုံမှန်ဖြစ်သည်။
ရေးသားပြီးနောက် ထိုအမျိုးသားက ဆက်လက်မေးမြန်း၏။
"မနေ့က မနက်ပိုင်းမှာ မင်းနဲ့ ရှန်ပိုင်တင်းတို့ ပဋိပက္ခဖြစ်ခဲ့တယ်လို့ ကြားတယ်"
"ပဋိပက္ခမဖြစ်ပါဘူး၊ ကျွန်တော်က သမက်ပဲဥစ္စာ၊ သူက ကျွန်တော့်ကို အနိုင်ကျင့်ချင်နေတာ၊ ဒါကြောင့် ကျွန်တော်က အနိုင်ကျင့်ခံပေးလိုက်တာပါ"
ကျိယွမ်က ရိုးသားစွာ ပြန်ဖြေလိုက်၏။
"ဘာ... အဲဒီကောင်က မင်းကို အနိုင်ကျင့်ချင်တာ ဟုတ်လား"
စစ်ဆေးသူက ဘာမှမပြောရသေးခင် ရှန်လင်ဖုန်းသည် ဒေါသတကြီးအော်ဟစ်လိုက်သည် ။
"ရှန်ပိုင်တင်းက မင်းကို အနိုင်ကျင့်ဖို့ ရည်ရွယ်ထားတယ်ဆိုတာ မင်း ဘယ်လိုသိလဲ"
ပိန်ပိန်ပါးပါး အမျိုးသားက ထပ်မံမေးမြန်း၏။
"အဲဒါကတော့... ကျွန်တော့်မှာ လူတွေရဲ့ စိတ်ကူးတွေကို ကြားနိုင်တဲ့ ထူးခြားစွမ်းအင် ရှိတယ်၊ ရှန်ပိုင်တင်းက သူ့စိတ်ထဲမှာ ကျွန်တော့်ကို ဆဲနေတာကို ကြားခဲ့ရတယ်၊ ဒါကြောင့် သူ ကျွန်တော့်ကို အနိုင်ကျင့်ချင်နေမှန်း သိလိုက်တာ"
"ကျွန်တော်က အိမ်ပါသမက်လေးတစ်ယောက်ပဲလေ... အနိုင်ကျင့်ခံရတာက သဘာဝကျပါတယ် မဟုတ်ဘူးလား၊ ဒါကြောင့် ကျွန်တော်က သူ့ဆီသွားပြီး အနိုင်ကျင့်ဖို့ အခွင့်အရေး ပေးလိုက်တာပါ"
ကျိယွမ်က သူ၏မျက်လုံးများကို ဝိုင်းစက်နေအောင် လုပ်ကာ ရိုးသားစွာ ရှင်းပြလိုက်၏။
ပိန်ပိန်ပါးပါး အမျိုးသားသည် ခေတ္တမျှ ဆွံ့အသွားသည် ။
ဒီလူပြောတဲ့ စကားလုံးတွေက ဘာလို့ ရိုးရှင်းနေပြီး နားလည်ရ ခက်ခဲနေရတာလဲ။
ဘာထူးခြားစွမ်းအင်လဲ။
ပြီးတော့ အိမ်ပါသမက်တစ်ယောက်ဖြစ်တာနဲ့ ဘာလို့ အနိုင်ကျင့်ခံရဖို့ ကိုယ့်ဘက်ကနေ သွားတောင်းဆိုရမှာလဲ။
သူသည် တုံ့ဆိုင်းသွားပြီးနောက် သူ၏မှတ်စုထဲမှ "စိတ်အခြေအနေ ပုံမှန်ဖြစ်သည်" ဟူသော စာသားကို ခြစ်ထုတ်ကာ ပြန်လည်ပြင်ဆင်ရေးသားလိုက်၏။
"အတွေးအခေါ်များ ရှုပ်ထွေးနေပြီး ပြင်းထန်သော စိတ်ရူးပေါက်ခြင်း ရှိသည်။ ဝိညာဉ်ဖမ်းစားခံရခြင်း မဟုတ်နိုင်သော်လည်း ဝိညာဥ်မှင်စာနှင့် တွေ့ဆုံမှုကြောင့် စိတ်ဒဏ်ရာ ပြင်းထန်စွာ ရရှိထားပုံပေါ်သည်။"
"မနေ့ညက ရှန်ပိုင်တင်းကို သူ့ရဲ့ ရေကန်ထဲမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်၊ တစ်ယောက်ယောက်က သူ့ကို တွန်းချလိုက်တာလို့ သံသယရှိနေကြတယ်၊ မင်း လုပ်ခဲ့တာလား"
ပိန်ပိန်ပါးပါး အမျိုးသားက ဆက်လက်မေးမြန်းလိုက်၏၊ သို့သော် သူ၏စိတ်ထဲတွင်မူ ကျိယွမ်ကဲ့သို့သောလူမျိုး ဤကိစ္စတွင် မပါဝင်နိုင်ဟု ယုံကြည်နေမိပြီ ဖြစ်သည် ။
"မဟုတ်ပါဘူး၊ ကျွန်တော် မတွန်းပါဘူး"
ကျိယွမ်က ပြန်ဖြေလိုက်၏။
အမှန်တကယ်လည်း သူသည် ရှန်ပိုင်တင်းကို မတွန်းခဲ့ပေ။ ရှန်ပိုင်တင်းက သူ့ကို လာရောက်ဆွဲလိမ်ပြီးနောက် ကလိမ်ကကျစ် မိန်းမပျက်တစ်ယောက်ကဲ့သို့ ကျိယွမ်ကို အပြစ်ပုံချရန် ရည်ရွယ်ချက်ဖြင့် ရေကန်ထဲသို့ ကိုယ်တိုင်ခုန်ချသွားခဲ့ခြင်း ဖြစ်သည် ။
ပိန်ပိန်ပါးပါး အမျိုးသားသည် မှတ်စုစာအုပ်ထဲတွင် စာအချို့ ထပ်မံရေးသားလိုက်၏။
"ဒါဆို ရပါပြီ၊ အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်"
ထို့နောက် ထိုအမျိုးသားသည် ချက်ချင်းထွက်ခွာသွားခဲ့သည် ။
ရှန်ပိုင်တင်း၏ သေဆုံးမှုသည် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းနေ၏။ မိသားစု၏ မြေကမ္ဘာအဆင့်လက်နက်သခင် ကိုယ်တိုင်ပင်လျှင် မည်သည့် သဲလွန်စမျှ ရှာမတွေ့ခဲ့ချေ။
ဤမျှ လျှို့ဝှက်ဆန်းကြယ်သော အမှုသည် ကျိယွမ်ကဲ့သို့သော ရူးကြောင်ကြောင် အိမ်ပါသမက်တစ်ယောက်နှင့် မည်သို့မျှ သက်ဆိုင်နိုင်မည် မဟုတ်ပေ။
တကယ်လို့ မနေ့က ရှန်ပိုင်တင်းနဲ့ ကျိယွမ်တို့ လူပုံအလယ်မှာ အငြင်းပွားခဲ့တာသာ မရှိခဲ့ရင် သူတို့ ကျိယွမ်ကို လာရောက်မေးမြန်းနေမည်ပင် မဟုတ်ချေ။
"ယောက်ဖ... တကယ်လို့ နောက်တစ်ခါ ဘယ်သူမဆို မင်းကို လာပြီး အနိုင်ကျင့်ရဲရင် ငါ့ဆီသာ လာခဲ့"
ရှန်လင်ဖုန်းသည် သူ၏ရင်ဘတ်ကို ပုတ်ကာ သစ္စာရှိစွာ ပြောလိုက်၏။
ကျိယွမ်က ပြုံးလိုက်သည်။
"အနိုင်ကျင့်ခံရတာကို ငါ စိတ်မရှိပါဘူး၊ ဒါနဲ့ မင်းအမေ ဘယ်အချိန်မှာ ရေချိုးမလဲဆိုတာ သွားမေးပေးလို့ ရမလား၊ ငါ့ကို သေချာပေါက် အကြောင်းကြားပေးဦးနော်"
ဤစကားကို ကြားသောအခါ ရှန်လင်ဖုန်းသည် မျက်နှာပျက်သွား၏။
"ယောက်ဖ... အဲဒီအကူအညီတော့ ငါ မပေးနိုင်ဘူး"
သူသည် ကျပ်မပြည့်သော်လည်း အရူးတော့ မဟုတ်ပေ၊ မည်သည့်တောင်းဆိုချက်က ကျိုးကြောင်းဆီလျော်ပြီး မည်သည့်အရာက မဆီလျော်ကြောင်း သူ ခွဲခြားသိမြင်နိုင်သည် ။
"ဒီလိုလုပ်လေ... ငါ့ကို ဒီတစ်ကြိမ်ပဲ ကူညီပေး၊ ဒါဆိုရင် မင်း မိန်းကလေးတွေကို လူမမိအောင် လိုက်နိုင်ဖို့ ရိုမန်တစ်စကားလုံးအသစ်တွေကို ငါ သင်ပေးမယ်"
ကျိယွမ်က ရက်ရက်ရောရော ကမ်းလှမ်းလိုက်၏။
ရှန်လင်ဖုန်း၏ မျက်လုံးများက တောက်ပသွားသည် ။
"ငါ အခုပဲ ငါ့အမေကို သွားမေးလိုက်မယ်၊ ငါ့ရဲ့ သတင်းကောင်းကိုသာ စောင့်နေတော့"
ထို့နောက် သူသည် ခြံဝင်းအတွင်းမှ ချက်ချင်း ပြေးထွက်သွားခဲ့၏။
နေဝင်သွားပြီး ညအချိန်သို့ ရောက်ရှိလာသောအခါ ကျိယွမ်သည် ဝင်းထဲတွင် တစ်ယောက်တည်း ရှိနေခဲ့သည် ။
ချန်ခန်းပေါင်သည် လက်နက်သွန်းလုပ်ရန် ပစ္စည်းများစွာကို သယ်ဆောင်၍ ပြန်လည်ရောက်ရှိလာသော်လည်း ရှန်လင်ဖုန်းမှာမူ ပြန်လည်ရောက်ရှိမလာတော့ချေ။
"ရှန်အိမ်တော်က လူတွေက ရေ သိပ်မချိုးကြဘူးထင်တယ်... "
ကျိယွမ်သည် ပြင်းထန်စွာ သက်ပြင်းချလိုက်၏။
"လက်နက် စပြီး သွန်းလုပ်ရတော့မှာပဲ"
.........
ရှန်မိသားစုပင်မခန်းမတွင် ရှန်ဝမ်ရှန်းသည် အကြီးအကဲနေရာတွင် ထိုင်နေပြီး သူ၏မျက်နှာထားမှာ တည်ကြည်လေးနက်နေ၏။
"သူ ဘယ်လိုနေလဲ"
သူက မေးလိုက်သည် ။
ဘေးတွင် ရိုသေစွာ မတ်တပ်ရပ်နေသော ချန်ရှန်းဝေသည် ခေါင်းကို ညွှတ်ကာ ပြန်လည်ဖြေကြားလိုက်၏။
"သမက်တော်က လက်နက်သွန်းလုပ်ခြင်းအတတ်ပညာကို တော်တော်လေး စိတ်ဝင်စားနေပုံရပါတယ်"
သူသည် ယနေ့ ဖြစ်ပျက်ခဲ့သမျှကို မိသားစုခေါင်းဆောင်အား ပြန်လည်တင်ပြလိုက်၏။
"သူ့မှာ ပါရမီရှိလား"
ရှန်ဝမ်ရှန်းက မယုံသော်လည်း မျှော်လင့်နေသောလေသံဖြင့် မေးမြန်းလိုက်သည် ။
"သူက ကျိမိသားစုရဲ့ အမွေအနှစ်ကို ဖျက်ဆီးပစ်မယ့်လူ မဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ရတာပဲ"
"အင်း... အတက်ပညာရှင်တစ်ယောက်ရဲ့ လမ်းစဥ်က ရှုပ်ထွေးလှပါတယ်၊ အဲဒါက ပါရမီအပေါ်မှာတင် မဟုတ်ဘဲ သမက်တော်က တကယ်ပဲ အာရုံစိုက်ပြီး သင်ယူချင်စိတ် ရှိ, မရှိပေါ်မှာလည်း မူတည်ပါတယ်၊ ပါရမီတစ်ခုတည်းနဲ့တင် မလုံလောက်ပါဘူး"
ချန်ရှန်းဝေက လိမ္မာပါးနပ်စွာ ပြန်ဖြေလိုက်၏။
သူ အမှန်တကယ် ပြောချင်သောအရာမှာမူ 'ခင်ဗျားသမက်က အရူးတစ်ယောက်ပဲ၊ ငါက သူ့ကို ဘာတွေ သင်ပေးနေရမှာလဲ' ဟူ၍ ဖြစ်သည် ။
ပြီးခဲ့သောရက်အနည်းငယ်အတွင်း သူသည် ကျိယွမ်အား လက်နက်သွန်းလုပ်ခြင်း၏ သမိုင်းကြောင်းများကိုသာ သင်ကြားပေးခဲ့ပြီး အနှစ်သာရရှိသောအရာများကိုမူ သင်ကြားပေးခြင်း မရှိခဲ့ချေ။
အရူးတစ်ယောက်သည် နှလုံးသားမီးတောက်ကို နိုးထစေပြီး မည်သူမျှ လမ်းညွှန်မပေးဘဲ လက်နက်သွန်းလုပ်ရန် ကြိုးပမ်းခဲ့လျှင် ပစ္စည်းများနှင့်အတူ မိမိကိုယ်ကိုယ်ပါ အရည်ပျော်သွားစေနိုင်သည် မဟုတ်ပါလား။
ရှန်ဝမ်ရှန်းသည် ချန်ရှန်းဝေ၏ တုံ့ဆိုင်းနေမှုကို ရိပ်မိသဖြင့် ကတိပေးလိုက်၏။
"မင်းရဲ့ ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်၊ တကယ်လို့ ကျိယွမ်က အဝါရောင်အဆင့်လက်နက်တစ်ခုကို သွန်းလုပ်နိုင်ခဲ့ရင် ငါ မင်းရဲ့ လစာကို သုံးဆယ်ရာခိုင်နှုန်း တိုးပေးမယ်"
"အဲဒါကို... နှစ်ဆယ်ရာခိုင်နှုန်းပဲ လုပ်လို့မရဘူးလား၊ သုံးဆယ်ဆိုတဲ့ ဂဏန်းက မညီမညာဖြစ်နေလို့ စိတ်ထဲမှာ တစ်မျိုးကြီးပဲ"
ချန်ရှန်းဝေက ထိုဂဏန်းကို သဘောမကျသဖြင့် အကြံပြုလိုက်၏။
ရှန်ဝမ်ရှန်း၏ မျက်နှာသည် အနည်းငယ် လှုပ်ခတ်သွားသည် ။
"အေး...လေးဆယ်ရာခိုင်နှုန်းကွာ"
ဤစကားကို ကြားရသောအခါမှ ချန်ရှန်းဝေသည် ကျေနပ် အားရသွားပြီးမှ ရုတ်တရက် သူသည် တစ်ခုခုကို သတိရသွားပြီး မေးလိုက်၏။
"မိသားစုခေါင်းဆောင်... သမက်တော်ရဲ့ အဖေက အတက်ပညာရှင်တစ်ယောက်လို့ ပြောကြတယ်၊ သူ့ရဲ့ နာမည်ကို သိခွင့်ရှိမလား၊ ကျွန်တော် ကြားဖူးတဲ့လူ ဖြစ်မလားလို့ပါ"
ချန်ရှန်းဝေသည် ကျိယွမ်၏ ဖခင်အကြောင်းကို စူးစမ်းချင်နေ၏။
ကျိယွမ်အနေဖြင့် ရှန်မိသားစုထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီး ရှန်လင်ရွှန်းနှင့် လက်ထပ်ခွင့်ရရှိခဲ့ခြင်းသည် သူ၏ဖခင် ဂုဏ်သတင်းကြောင့် ဖြစ်နိုင်သည် ။
ကျိယွမ်၏ ဖခင် သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း သူ၏အမွေအနှစ်သည် ကြီးမားသော သက်ရောက်မှု ရှိနေဆဲဖြစ်ရာ သူသည် လေးစားဖွယ်ကောင်းသော မြေကမ္ဘာအဆင့်အတက်ပညာရှင်တစ်ဦး ဖြစ်နိုင်သည် ။
သို့သော်လည်း ချန်ရှန်းဝေသည် ကျိမျိုးရိုးဖြင့် မည်သည့် မြေကမ္ဘာအဆင့်အတက်ပညာရှင်ကိုမျှ မကြားမိချေ။
ထိုမေးခွန်းကြောင့် ရှန်ဝမ်ရှန်း၏ မျက်နှာထားသည် အတိတ်ကို ပြန်လည်အမှတ်ရသွားသကဲ့သို့ အနည်းငယ် ပြောင်းလဲသွား၏။
"သူ့ရဲ့ နာမည်က ဖျက်ဆီးခံလိုက်ရပြီ၊ ငါ မမှတ်မိတော့ဘူး"
ချန်ရှန်းဝေ၏ မျက်နှာသည်လည်း မှောင်မိုက်သွားခဲ့သည် ။
လူတစ်ယောက်၏ နာမည်ကို ဖျက်ဆီးပစ်နိုင်သည့် နည်းလမ်းမျိုးလား။
ဤအရာသည် သူ ဆက်လက်၍ စူးစမ်းရန် မဝံ့ရဲလောက်အောင် နက်နဲသော လျှို့ဝှက်ချက်တစ်ခု ရှိနေကြောင်း ညွှန်ပြနေသည်။
.......
"သခင်... ဒါက ဘာလဲ"
ခြံဝင်းအတွင်း၌ ချန်ခန်းပေါင်သည် ကျိယွမ် ဖန်တီးထားသောအရာကို ထူးဆန်းသော မျက်နှာထားဖြင့် စိုက်ကြည့်ရင်း မေးလိုက်၏။
"ဒါက... ဒရုန်း လို့ ခေါ်တယ်"
ကျိယွမ်က ဂုဏ်ယူစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည် ။
"ဒါက ဘာလို့ ယင်ကောင်နဲ့ နည်းနည်းတူနေရတာလဲ"
ချန်ခန်းပေါင်က ဒရုန်းအား ဖင်ပြန်ခေါင်းပြန်ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်၏။
"အဟမ်း... ငါက အခုလောလောဆယ် ဒရုန်းအကြီးကြီး မလုပ်နိုင်သေးဘူး၊ ဒါကြောင့် အသေးလေးကနေပဲ စရတာပေါ့"
ပစ္စည်းများ ရရှိပြီးနောက် ကျိယွမ်သည် လက်နက်သွန်းလုပ်ခြင်းကို အသည်းအသန် ကြိုးပမ်းခဲ့ပြီး အမှန်တကယ်ပင် ပျံသန်းနိုင်သောလက်နက်တစ်ခုကို အောင်မြင်စွာ သွန်းလုပ်နိုင်ခဲ့သည် ။
သို့သော်လည်း ဤအရာသည် သူ၏ ပထမဆုံးသော ကြိုးပမ်းမှုဖြစ်သဖြင့် ရလဒ်မှာမူ... အလှပြပစ္စည်းတစ်ခုနှင့်ပို၍တူညီနေ၏။
ထိုဒရုန်းအသေးစားလေး၏ စွမ်းအားသည် "ခြင်ကောင်ရေ တစ်ဆယ်၏ အင်အား" မျှသာ ရှိသည် ။
သိသာထင်ရှားစွာပင် ဖြုန်းတီးမှုတစ်ခု ဖြစ်၏။
ချန်ခန်းပေါင်၏ တွက်ချက်မှုအရ ဤဒရုန်းကို ပြုလုပ်ရန် အသုံးပြုခဲ့သော ပစ္စည်းများဖြင့် အသားပေါက်စီပေါင်း ထောင်ချီ၍ ဝယ်ယူနိုင်သည် ။
"ကိစ္စမရှိပါဘူး၊ ငါ ပိုကောင်းအောင် လုပ်မှာပေါ့"
ကျိယွမ်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။
"နတ်ဘုရားတစ်ပါးအဖြစ် သရုပ်ဆောင်ဖို့အတွက် ဒရုန်းတွေ သွန်းလုပ်နိုင်ရုံနဲ့ မလုံလောက်သေးဘူး၊ ငါ့မှာ လက်ပစ်ဗုံးတွေ၊ စပီကာတွေ၊ လက်နှိပ်ဓာတ်မီးတွေ၊ ပရိုဂျက်တာ၊ ကင်မရာ၊ အလင်းဓားတွေလည်း လိုအပ်ဦးမယ်..."
"ဒီပစ္စည်းတွေ ရှိရင် ငါ့ရဲ့ နတ်ဘုရားဆန်ဆန်သရုပ်ဆောင်မှုက အထွတ်အထိပ်ကို ရောက်ရှိသွားမှာ သေချာတယ်"
ဒါပေမဲ့ သူသွန်းလုပ်သောပစ္စည်းများက ဤကမ္ဘာနှငိ့ကိုက်ညီသော ပုံစံမျိုးတော့ ဖြစ်ရလိမ့်မည် ။
ဤကမ္ဘာ၌ ကမ္ဘာမြေနှင့် မတူညီသော စည်းမျက်နှာများ ရှိနေ၏။ ကမ္ဘာမြေ၏ နည်းပညာကို ဤအတိုင်း ပုံတူကူးချရုံမျှဖြင့် အလုပ်လုပ်မည် မဟုတ်ပေ။
ဤနေရာတွင် ကျိယွမ်၏ လျှို့ဝှက်သော အချက်အလက်များကို မြင်တွေ့နိုင်သည့် စွမ်းရည်က အသုံးဝင်လာမည် ဖြစ်သည် ။
"ငါတို့မှာ ပစ္စည်းဖိုးအတွက် ရန်ပုံငွေ လိုအပ်နေတယ်၊ ငါ အသုံးမဝင်တဲ့ လက်နက်အချို့ သွန်းလုပ်ပြီးရင် မှောင်ခိုဈေးမှာ သွားရောင်းလို့ ရတာပေါ့"
"ဥပမာအားဖြင့် အလင်းဓားပေါ့၊ အဲဒါက တော်တော်လေး လန်းတယ်လို့ ငါထင်တယ်၊ တချို့လူတွေက အဲဒါကို သဘောကျကြမှာပဲ... ကြည့်ရတာ တော်တော်လန်းတဲ့ စတိုင်ပေါက်တာပေါ့"
ကျိယွမ်က အကြံထုတ်လိုက်၏။
လက်နက်သွန်းလုပ်ရန်ပစ္စည်းများသည် အလွန်စျေးကြီးလှသည် ။
သူ၏ လက်ရှိအရင်းအမြစ်များဖြင့် ကျိယွမ်သည် ပစ္စည်းအလုံအလောက်ကို မဝယ်ယူနိုင်ချေ။
သူသည် ပစ္စည်းများအတွက် ရှန်မိသားစုအပေါ်၌သာ လုံးလုံးလျားလျား မှီခိုနေရန်လည်း အလိုမရှိပါ။
ပမာဏအနည်းငယ်ကို ယူခြင်းက ပြဿနာမရှိသော်လည်း ပိုမိုများပြားပြီး တန်ဖိုးကြီးမားသော ပစ္စည်းများကိုမူ ရှန်မိသားစုက ခွင့်ပြုမည် မဟုတ်ပေ။
ပို၍ အရေးကြီးသောအချက်မှာ ရှန်မိသားစုက သူသည် နတ်ဘုရားဆန်ဆန် သရုပ်ဆောင်ရန်အတွက် လက်နက်များ သွန်းလုပ်နေခြင်းဖြစ်ကြောင်း သိရှိသွားခဲ့လျှင် သူ၏ လျှို့ဝှက်ချက် ပေါက်ကြားသွားမည် မဟုတ်ပါလား။
သူ၏ ဒရုန်းများ၊ လက်နှိပ်ဓာတ်မီးများနှင့် တခြားအသုံးဆောင်ပစ္စည်းများကို လျှို့ဝှက်ထားရမည် ဖြစ်သည် ။
တစ်ကြိမ်မျှ ပေါက်ကြားသွားခဲ့လျှင် နတ်ဘုရားတစ်ပါး၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ခန့်ညားထည်ဝါမှုများသည် ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး သူသည် နတ်ဘုရားအယောင်ဆောင်ထားသော လူပြက်တစ်ယောက်အဖြစ်သာ ကျန်ရှိတော့မည် ဖြစ်သည် ။
"သခင်... လက်နက်တွေကို မြန်မြန်သွန်းလုပ်ပါ၊ ကျွန်တော်တို့ အဲဒါတွေကို ရောင်းပြီး ပေါက်စီတွေ အများကြီး ထပ်ဝယ်ကြရအောင်"
ချန်ခန်းပေါင်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေ၏။
"အခု ငါက မင်းရဲ့ အလုပ်သမား ဖြစ်နေသလို ဘာလို့ ခံစားနေရတာလဲ"
ကျိယွမ်က ချန်ခန်းပေါင်အားကြည့်ကာ စိတ်လေသွားသည် ။
သို့သော်လည်း ချန်ခန်းပေါင်သည် ဝိညာဥ်မှင်စာများကို မောင်းထုတ်ရာတွင် သူ့ကို ကူညီခဲ့ဖူးသည်ကို သတိရသဖြင့် သူ လျစ်လျူရှုလိုက်၏။
"ဟူး...ပစ္စည်းတွေက အရမ်းရှားတာပဲ...ငါသာ ငါ့ကိုယ်ငါ အရည်ပျော်ပစ်လိုက်ရင် လက်နက်တစ်ခု သွန်းလုပ်နိုင်မလားလို့တောင် တွေးမိတယ်"
ကျိယွမ်က စိတ်ကူးယဉ်လိုက်၏။
နောက်တစ်နေ့တွင် ချန်ရှန်းဝေသည် ပြီးခဲ့သောနေ့ကကဲ့သို့ပင် ကျိယွမ်အား ဆက်လက်၍ သင်ကြားပေးပြန်သည် ။
သင်ခန်းစာများသည် ရိုးရှင်းဆဲဖြစ်ပြီး အခြေခံအားဖြင့် သမိုင်းသင်ခန်းစာမျှသာ ဖြစ်၏။
စိတ်မနှံ့သောလူတစ်ယောက်အား အဆင့်မြင့်သွန်းလုပ်ခြင်းနည်းပညာများကို သင်ကြားပေးခြင်းသည် ပညာရှိရာမကျဟု သူ ခံစားနေရသဖြင့် သမိုင်းကိုသာ သင်၏။
ပထမအချက်မှာ ကျိယွမ်သည် နားလည်နိုင်မည် မဟုတ်ပေ။
ဒုတိယအချက်မှာ သူသည် လျှောက်လုပ်ကြည့်ပြီး မိမိကိုယ်ကိုယ် မီးရှို့မိသွားနိုင်သည် ။
ဤသို့ဖြင့် ရက်များ ကုန်လွန်သွားခဲ့ရာ လဝက်နီးပါးခန့် ရှိလာခဲ့ပြီ ဖြစ်သည် ။
ချန်ရှန်းဝေသည် သူ၏ခြံဝင်းအတွင်းမှ မထွက်ခွာမီ မှန်ထဲတွင် သူ၏ကော်လံကို ပြန်လည်ပြင်ဆင်လိုက်၏။
ခြံဝင်းအပြင်သို့ ရောက်သောအခါ သူ၏ ပြိုင်ဘက်ဖြစ်သော ဝူးကျန်းနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့လေသည် ။
"အဘိုးကြီးချန်... ငါ ဘာပြောမလဲ ခန့်မှန်းကြည့်စမ်း၊ ငါ အခုတလော တပည့်တစ်ယောက် လက်ခံထားတယ်၊ သူက လဝက်အတွင်းမှာတင် နှလုံးသားမီးတောက် နိုးထလာခဲ့တာ၊ ငါ အခုပဲ အတက်ပညာခန်းမကနေ သူ လက်တွေ့လေ့ကျင့်ဖို့အတွက် ပစ္စည်းအချို့ သွားယူပေးပြီး ပြန်လာတာ၊ လက်နက်သွန်းလုပ်ဖို့တော့ မဟုတ်သေးပါဘူး... ပစ္စည်းတွေကို အရည်ပျော်တဲ့နေရာမှာ ကျွမ်းကျင်အောင် လုပ်ဖို့ပါပဲ"
ဝူးကျန်းသည် ဂုဏ်ယူစွာဖြင့် ကြွားလိုက်၏။
အတက်ပညာအလုပ်သင်တစ်ဦးအတွက် လဝက်အတွင်း နှလုံးသားမီးတောက် နိုးထလာခြင်းသည် အထင်ကြီးစရာ ကောင်းလှသည် ။ ဤကဲ့သို့သော ပါရမီရှင်သည် ရွှမ်အဆင့်လက်နက်သခင်တစ်ဦး ဖြစ်လာနိုင်ချေ ရှိသည် ။
"မဆိုးပါဘူး"
ချန်ရှန်းဝေက ဂရုမစိုက်ဟန်ဖြင့် ပြန်လည်ဖြေကြားလိုက်၏။
"ငါ အတက်ပညာခန်းမမှာ ကျိယွမ်ကိုလည်း တွေ့ခဲ့သေးတယ်၊ သူ မင်းဆီမှာ အတတ်ပညာသင်နေတယ်လို့ ကြားတယ်"
"သူလည်း အခုလောက်ဆို နှလုံးသားမီးတောက် နိုးထနေလောက်ပြီ မဟုတ်လား၊ သူ ပစ္စည်းတွေ အများကြီး ထုတ်ယူသွားတာကို ငါ သတိထားမိတယ်"
ဝူးကျန်းက လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်၏။
အတက်ပညာအလုပ်သင်များသည် ချက်ချင်း လက်နက်မသွန်းလုပ်နိုင်ကြချေ။ နှလုံးသားမီးတောက် နိုးထပြီးနောက်တွင် သူတို့သည် ပစ္စည်းများကို အရည်ပျော်သည့် အလေ့အကျင့်ကိုသာ အများဆုံး လုပ်ဆောင်ကြရသည် ။
ဝူးကျန်းသည် ကျိယွမ်၌ နှလုံးသားမီးတောက် နိုးထလာလိမ့်မည်ဟု မယုံကြည်ပေ။
သူသည် ကျိယွမ် သင်ယူမှု ပထမဆုံးနေ့တွင်ပင် အတက်ပညာခန်းမမှ ပစ္စည်းများ တောင်းခံနေသည်ကို မြင်တွေ့ခဲ့ရဖူး၏။ သူ၏အမြင်တွင်မူ ဤအရာသည် ကျိယွမ်က ထိုပစ္စည်းများကို ပြန်လည်ရောင်းချကာ အမြတ်ထုတ်ရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း ထင်ရှားနေသည် ။
ချန်ရှန်းဝေ၏ မျက်နှာထားသည် အနည်းငယ် လှုပ်ခတ်သွားသော်လည်း လျင်မြန်စွာပင် တည်ငြိမ်မှုကို ပြန်လည်ရရှိသွားခဲ့သည် ။
"သူက ရှန်မိသားစုရဲ့ သမက်ပဲလေ၊ ပစ္စည်းတချို့ ယူတာက သဘာဝကျပါတယ်"
သို့သော်လည်း သူ၏စိတ်ထဲတွင်မူ ဝေခွဲမရဖြစ်နေမိ၏။
လွန်ခဲ့သော ဆယ်ရက်ကျော်အတွင်း သူသည် ကျိယွမ်အား လက်နက်သွန်းလုပ်ခြင်း၏ သမိုင်းကြောင်းများကိုသာ သင်ကြားပေးခဲ့သည် ။
ကျိယွမ်သည်လည်း မည်သည့်ညည်းညူမှုမျှမရှိဘဲ အာရုံစိုက်၍ နားထောင်ခဲ့ဖူးသည် ။
သူက ဘာလို့ ရုတ်တရက် ပစ္စည်းတွေ သွားယူရတာလဲ။
သူ လက်နက်သွန်းလုပ်ဖို့ ပြင်ဆင်နေတာများလား။
ချန်ရှန်းဝေသည် ကျိယွမ်၏ အခြေအနေကို သွားရောက်စစ်ဆေးရန် ဆုံးဖြတ်လိုက်၏။ တကယ်လို့ ကျိယွမ်က လမ်းညွှန်မှုမရှိဘဲ လက်နက်သွန်းလုပ်ရန် ကြိုးပမ်းခဲ့လျှင် အမှားအယွင်းများ ဖြစ်ပေါ်နိုင်ပြီး မိမိကိုယ်ကိုယ်ပင် မီးရှို့မိသွားနိုင်သည် ။
တစ်ချိန်တည်းမှာပင် ချန်ရှန်းဝေသည် စိတ်ထဲတွင် အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရ၏။
သူသည် သမိုင်းသင်ခန်းစာများကိုသာအာရုံမစိုက်ခဲ့သင့်ပေ။ ယခုအခါ ကျိယွမ်အား တရားဝင် လေ့ကျင့်ပေးရန် အချိန်ကျရောက်ပြီ ဖြစ်သည် ။
"အဘိုးကြီးချန်... မင်း ရှန်မိသားစုရဲ့ သမက်ကို တပည့်အဖြစ် လက်ခံခွင့်ရတာကို ငါ တကယ်အားကျတယ်၊ မင်း ရာထူးတိုးလို့ ကြီးပွားသွားတဲ့အခါ ငါ့ကို မေ့မပစ်လိုက်နဲ့ဦးနော်"
ဝူးကျန်းက အရွှန်းဖောက်ကာ ပြောလိုက်၏။
သို့သော် သိပ်မတည့်သော်လည်း သူတို့နှစ်ဦးအကြားတွင် ကြီးမားသော ရန်ငြိုးရန်စတော့ မရှိပါ ။ ပညာမာန်ကြောင့် တစ်ဦးကိုတစ်ဦး စနောက်ကျီစယ်လေ့ရှိသော အလေ့အထသာ ရှိသည် ။
-------