အခန်း ၂၁၁
Vol. 22 Ch. 211
အခန်း (၂၁၁)
အမည်မသိဗိုင်းရပ်စ်နှင့် မုန်တိုင်း၏အစ
ဖန်းဟန်သည် မလှုပ်မယှက် ငြိမ်သက်စွာ ရပ်နေခဲ့လေ၏။
သူသည် သွေးထွက်နေသော သူ၏နှုတ်ခမ်းများကို အလိုအလျောက် လှမ်းကိုင်လိုက်မိပြီး စပ်ဖျင်းဖျင်း နာကျင် မှုနှင့်အတူ လက်ချောင်းထိပ်များပေါ်ရှိ နွေးထွေးကာ သံချေးနံ့ရနေသော သွေးအရသာကို ခံစားလိုက်ရလေ သည်။
သူ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ ချက်ချင်းပင် ပြည့်နှက်သွားခဲ့ပြီးနောက် ပြင်းထန်လှသော ဒေါသ များအဖြစ် ပြောင်းလဲသွားခဲ့သော်လည်း ထိုဒေါသ၏ နက်ရှိုင်းသော နေရာတစ်ဝိုက်တွင်မူ သူကိုယ်တိုင်ပင် သတိ မထားမိလိုက်သော အေးစိမ့်သည့် တည်ငြိမ်မှုတစ်ခု ကိန်းအောင်းနေခဲ့ပေသည်။
သူ၏ ယုံကြည်မှုများမှာ ထိုအချိန်တွင် လုံးဝ ပြိုကွဲသွားခဲ့ရလေပြီဖြစ်ချေ၏။
သူသည် အရာအားလုံးကို တွက်ချက်ထားပြီး ဖြစ်လေသည်။ သူမ၏ လုပ်ကြံမှု၊ အဆိပ်အသုံးပြုမှုနှင့် သူမ သုံး နိုင်သမျှသော နည်းလမ်းပေါင်းစုံကိုပင် သူ ကြိုတင်ခန့်မှန်းထားခဲ့ပြီး ဖြစ်ပေသည်။
သို့သော် ဤအမျိုးသမီးက ဤမျှ အဖြစ်ဆိုးပြီး ပြတ်သားလှသော နည်းလမ်းကို အသုံးပြုလာလိမ့်မည်ဟု သူ တစ်ခါမျှ မထင်မှတ်ထားခဲ့မိချေ။
“သခင်ကြီး...”
နန်ကုန်းယွင်ရှု၏ အာမေဍိတ်သံက သူ့ကို အံ့အားသင့်နေရာမှ လက်တွေ့ကမ္ဘာသို့ ပြန်လည်ဆွဲခေါ်သွားခဲ့လေ တော့၏။
သူမသည် စကတ်ကိုမကာ အပြေးအလွှား လျှောက်လာခဲ့လေသည်။ ဖန်းဟန်၏ နှုတ်ခမ်းများပေါ်ရှိ သွေးကွက် များနှင့် မြေပြင်ပေါ်တွင် ငိုကြွေးရင်း သေလုမျောပါး လဲကျနေသည့် လင်းရွှမ်းရွှယ်၏ နှုတ်ခမ်းများပေါ်မှ သွေး များကို မြင်လိုက်ရသောအခါ သူမသည် ဘာဖြစ်သွားခဲ့သည်ကို ချက်ချင်းပင် နားလည်သွားခဲ့ပေ၏။
သူမ၏ မျက်နှာမှာ ချက်ချင်းပင် သွေးဆုတ်ဖြူရော်သွားခဲ့လေသည်။
“ရှေ့ဆက်တိုးမလာနဲ့...”
ဖန်းဟန်သည် သူမကို ခြေလှမ်းရပ်တန့်သွားစေရန် တင်းမာစွာ တားဆီးလိုက်ရာ သူ၏အသံတွင် ငြင်းဆန်၍ မရသော သြဇာအာဏာများ ပါဝင်နေလေ၏။
သူသည် မျက်လုံးများကို ချက်ချင်းမှိတ်လိုက်ပြီး စိတ်ထဲမှ စနစ်နှင့် အသည်းအသန် ဆက်သွယ်လိုက်လေသည်။
*စနစ်... ငါ့ခန္ဓာကိုယ်ကို အခုချက်ချင်း စစ်ဆေးစမ်း... ငါ ခုနက ထိတွေ့မိခဲ့တဲ့ အရာရဲ့ ပါဝင်ပစ္စည်းတွေကို ခွဲခြမ်း စိတ်ဖြာပေး...*
နောက်တစ်စက္ကန့်တွင် အေးစက်သော စက်ရုပ်အသံတစ်ခုက သူ၏ ဦးနှောက်ထဲတွင် ပေါက်ကွဲထွက် လာခဲ့လေ ၏။
[သတိပေးချက်... သတိပေးချက်... အမည်မသိ အသက်ဝင်နေသော ဇီဝအဆိပ်ကို စစ်ဆေးတွေ့ရှိပါသည်... ဤအဆိပ်သည် အလွန်မြင့်မားသော ပေါင်းစပ်နိုင်စွမ်းနှင့် ပြောင်းလဲနိုင်စွမ်းရှိပြီး ပိုင်ရှင်၏ သွေးများနှင့် အပြည့်အဝ ပေါင်းစည်းရန် ကြိုးစားနေပါသည်...]
[သတိပေးချက်... ပိုင်ရှင်၏ မျိုးဗီဇအဆင့်မြှင့်တင်ရေးအရည်သည် အဆိပ်ကို အလိုအလျောက် ဖိနှိပ်ပြီး ခုခံ နေသော်လည်း ၎င်း၏ ထူးခြားသော ဖွဲ့စည်းပုံကြောင့် လုံးဝဖယ်ရှားပစ်ရန် မဖြစ်နိုင်ပါ...]
[ကနဦး ခွဲခြမ်းစိတ်ဖြာမှုအရ... အဆိပ်အတွက် ခန့်မှန်းခြေ ရောဂါပျိုးချိန်မှာ ခုနစ်ရက်မှ တစ်ဆယ့်ငါးရက်အထိ ဖြစ်ပါသည်...]
စနစ်၏ အသိပေးချက်တိုင်းသည် လေးလံသော တူအကြီးကြီး တစ်ချောင်းဖြင့် ထုနှက်လိုက်သကဲ့သို့ ဖန်းဟန်၏ နှလုံးသားကို ရိုက်ခတ်သွားခဲ့ပြီး အောက်ခြေအထိ နစ်မြုပ်သွားစေခဲ့လေ၏။
လုံးဝဖယ်ရှားပစ်၍ မရနိုင်ပေ။
ဤစကားလုံးများမှာ သူ စနစ်ကို ရရှိပြီးကတည်းက ပထမဆုံးအကြိမ် ကြားဖူးသည့် ကောက်ချက်ချမှုပင် ဖြစ်ပေ သည်။
ဤသည်မှာ ဤခေတ်ကာလကို လွှမ်းမိုးနိုင်လောက်အောင် အစွမ်းထက်လှသည့် သူ၏ မျိုးဗီဇအဆင့်မြှင့် တင် ရေးအရည်မှာ ဤအဆိပ်နှင့် ပတ်သက်လျှင် လုံးဝ အကူအညီမဲ့နေကြောင်း အဓိပ္ပာယ်သက်ရောက်နေပေသည်။
*ကျစ်...* ဖန်းဟန်သည် စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း သူ၏မျက်နှာမှာမူ အကြွင်းမဲ့ တည်ငြိမ်နေဆဲပင် ဖြစ်၏။
သူသည် မျက်လုံးများကို ဖွင့်လိုက်ပြီး အခင်းဖြစ်ပွားရာသို့ ပြေးလာကြသော အစောင့်များအပေါ်သို့ အေးစက် သော အကြည့်များဖြင့် ဝေ့ဝဲကြည့်လိုက်လေသည်။
“ဇီယင်း...”
“အသင့်ပါအရှင်...”
အရိပ်တစ်ခုကဲ့သို့ ပိန်ပါးသော ပုံရိပ်တစ်ခုက ခြံဝင်းအတွင်းသို့ ချက်ချင်းပေါ်လာပြီး ဒူးတစ်ဖက်ထောက်ကာ အရိုအသေပေးလိုက်လေ၏။
သူမမှာ မကြာသေးမီကမှ ရာထူးတိုးထားသော သူ၏ ကိုယ်ရံတော်တပ်မှူးဖြစ်ပြီး စကားနည်းသော်လည်း အလွန် အရည်အချင်းရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်လေသည်။
“သူမကို ခေါ်သွားပြီး ကျင်းယာရွှယ်ထဲမှာ တင်းတင်းကျပ်ကျပ် သီးသန့်ခွဲထားလိုက်... ငါ့အမိန့်မရှိဘဲ ဘယ်သူမှ သူမအနားကို မကပ်ရသလို ဆက်သွယ်မှုလည်း မလုပ်ရဘူး...”
ဖန်းဟန်၏ အသံမှာ ရေခဲကဲ့သို့ အေးစက်နေပြီး မည်သည့် ခံစားချက်မျှ ပါဝင်မနေခဲ့ပေ။
“ဒီမြေပြင်ပေါ်က သွေးကွက်တွေ အပါအဝင် သူမ ထိတွေ့ခဲ့တဲ့ အရာအားလုံးကို အဲဒီနေရာမှာတင် ချိတ်ပိတ်ထား ပြီး ထုံးတွေနဲ့ အုပ်ထားလိုက်...”
ဇီယင်းသည် ဤထူးဆန်းပြီး သွေးထွက်သံယိုဖြစ်နေသော မြင်ကွင်းကို ကြည့်ရှုနေရင်း သူမ၏ မျက်ဝန်းများထဲ တွင် လူသတ်ချင်စိတ်များ ဖြတ်ပြေးသွားခဲ့သော်လည်း သူမက မေးခွန်းတစ်ခွန်းမျှ မမေးဘဲ ဩရှရှအသံဖြင့်သာ ပြန်လည်ဖြေကြားလိုက်လေ၏။
“ဟုတ်ကဲ့ပါ...”
ထိုသို့ပြောပြီးနောက် သူမသည် မတ်တပ်ရပ်လိုက်ကာ သတိလစ်လုနီးပါးဖြစ်နေသော လင်းရွှမ်းရွှယ်ကို တွန့် ဆုတ်ခြင်းအလျင်းမရှိဘဲ ပခုံးပေါ်သို့ ထမ်းတင်လိုက်လေသည်။ ထို့နောက် ခုန်ပျံကျော်လွှားကာ ညအမှောင်ထု ထဲသို့ ပျောက်ကွယ်သွားခဲ့လေတော့သည်။
ထိုအချိန်တွင် ခြံဝင်းအတွင်းမှ ဆူညံသံများက အတွင်းဆောင်များအထိပင် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်လေသည်။
ပိုင်ကျီရိုနှင့် ပိုင်ရွှီကျန်းတို့မှာ အပေါ်ဝတ်ရုံများကို ဝတ်ဆင်ထားလျက် အပြေးအလွှား ရောက်ရှိလာကြလေ၏။
ဖန်းဟန်၏ နှုတ်ခမ်းပေါ်ရှိ ဒဏ်ရာနှင့် သူ၏ တစ်ခါမျှ မကြုံဖူးသော တည်ကြည်လေးနက်သည့် မျက်နှာထားကို မြင်တွေ့လိုက်ရသောအခါ သူတို့အားလုံးမှာ ထိတ်လန့်သွားကြလေသည်။
“ခင်ပွန်း... ရှင် ဒဏ်ရာရထားတာလား...”
ပိုင်ကျီရို၏ အသံမှာ ရှိုက်သံများဖြင့် ပြည့်နှက်နေပြီး သူမ၏ နှလုံးသားမှာ မဖော်ပြနိုင်လောက်အောင်ပင် နာကျင် နေခဲ့လေ၏။
“ခဲအို... ဘယ်သူက ရှင့်ကို နာကျင်အောင်လုပ်တာလဲ... ကျွန်မ သူ့ကို သွားသတ်ပစ်မယ်...”
ပိုင်ရွှီကျန်းမှာ စိုးရိမ်စိတ်နှင့် ဒေါသတို့ ရောယှက်နေကာ သူမ၏ မျက်ဝန်းများမှာ နီရဲနေခဲ့လေသည်။
“ငါ အဆင်ပြေပါတယ်...၊ ဒဏ်ရာသေးသေးလေးပါ...၊ မတော်တဆ ရှမိသွားတာပါ...”
ဖန်းဟန်သည် သူ၏ နှလုံးသားထဲမှ ဗြောင်းဆန်နေမှုများကို အတင်းအဓမ္မ ဖိနှိပ်ထားလိုက်ပြီး စိတ်သက်သာရာ ရစေမည့် အပြုံးတစ်ခုကို အတင်းဖန်တီးကာ သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ဖယ်လိုက်လေ၏။
သူသည် အမှန်တရားကို သူတို့အား လုံးဝ ပေးသိ၍ မဖြစ်ပေ။ ထိုသို့မဟုတ်ပါက ဖန်းမိသားစုတစ်စုလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြမည် ဖြစ်လေသည်။
“ညလည်း နက်နေပြီ... လေလည်း တိုက်နေတယ်... မင်းတို့အားလုံး အခန်းထဲ ပြန်သွားကြတော့...”
သူသည် တည်ငြိမ်နေစေရန် မိမိကိုယ်ကိုယ် အတင်းအကျပ် ထိန်းချုပ်ထားရင်း သူတို့တစ်ဦးစီ၏ ပခုံးများကို ပုတ်ကာ ညင်သာစွာ ပြောလိုက်လေသည်။
“ဒီည ဖြစ်ခဲ့တာက မတော်တဆမှု သေးသေးလေးတစ်ခုပဲ... ဘယ်သူ့ကိုမှ မပြောပြရဘူး... နားလည်လား...”
ဖန်းဟန်၏ ဟန်ဆောင်ထားသော သက်တောင့်သက်သာဖြစ်မှုကို မြင်သောအခါ မိန်းကလေးများမှာ စိုးရိမ်ပူပန်မှု များနှင့် သံသယများ ပြည့်နှက်နေဆဲဖြစ်သော်လည်း နာခံမှုရှိစွာဖြင့် ခေါင်းညိတ်လိုက်ကြလေသည်။ ထို့နောက် အစေခံမလေးများ၏ ဖျောင်းဖျမှုကြောင့် ခြေလှမ်းအနည်းငယ်လှမ်းတိုင်း နောက်သို့ ပြန်လှည့်ကြည့်ရင်း သူတို့ ၏ အခန်းများဆီသို့ ပြန်သွားခဲ့ကြလေတော့၏။
ခြံဝင်းတစ်ခုလုံးမှာ နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့ပြန်လေသည်။
ညနက်ပိုင်းအချိန်တွင် လင်းရွှမ်းရွှယ်ကို သီးသန့်ခွဲထားသည့် ကျင်းယာရွှယ်အပြင်ဘက်သို့ ဖန်းဟန် တစ်ဦးတည်း တိတ်ဆိတ်စွာ ရောက်ရှိလာခဲ့လေ၏။
ခြံဝင်း၏ တံခါးကို အစောင့်များက သစ်သားပြားများ၊ ချိတ်ပိတ်များဖြင့် အပြည့်အဝ ရိုက်နှက်ပိတ်ဆို့ထားခဲ့ပြီး ၎င်း၏ ပတ်ပတ်လည်တွင် ခြေသုံးလှမ်းလျှင် ကင်းစောင့်တစ်ဦး၊ ခြေငါးလှမ်းလျှင် ကင်းလှည့်တစ်ဦးစီ ရှိနေသ ဖြင့် အလွန်ပင် လုံခြုံရေးတင်းကျပ်ထားလေသည်။
သူသည် ပြတင်းပေါက်အက်ကွဲကြောင်းမှတစ်ဆင့် အတွင်းဘက်ရှိ မှိန်ပျပျ ဆီမီးအိမ်လေးနှင့် ခုတင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသော ပုံရိပ်လေးကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ အလွန်ပင် ရှုပ်ထွေးနေခဲ့ပေသည်။
ဒေါသများ ရှိနေသည်...၊ လူသတ်ချင်စိတ်များ ရှိနေသည်...၊ သို့သော် အရာအားလုံးထက် တစ်ခါမျှ မကြုံဖူးသော အကူအညီမဲ့မှုနှင့် စွမ်းအားကင်းမဲ့မှု ခံစားချက်တို့က ပိုမိုကြီးစိုးနေခဲ့လေ၏။
ဤသည်မှာ သူ ဤကမ္ဘာသို့ ရောက်ရှိလာပြီးကတည်းက အရာအားလုံးကို စွမ်းဆောင်နိုင်သည်ဟု ထင်ရသော ခေတ်သစ်နည်းပညာသည် အရာရာကို မတတ်စွမ်းနိုင်ကြောင်း ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင် ဖြစ်ပေ သည်။