← Chapters

အခန်း ၃၁၁

Vol. 32 Ch. 311

အခန်း ၃၁၁

Vol. 32 Ch. 311

အခန်း (၃၁၁)

ပုံသဏ္ဍာန် ပျက်ပြားခြင်း

လီထျန်းယုသည် တိုက်ရိုက်ပြန်ဖြေမည့်အစား သူ၏ အင်္ကျီကို ချွတ်၍ သူ၏ ရင်ဘတ်ကို ပြသလိုက်၏။ စစ်သည်များသည် သူ၏ ရင်ဘတ်ပေါ်ရှိ ပန်းရောင်သန်းနေသော အသားနုလေးများကို ငေးကြည့်ရင်း အံ့သြတုန်လှုပ်သွားခဲ့ကြလေသည်။

တခဏမျှ မှင်တက်သွားပြီးနောက် သူတို့၏ မျက်နှာများထက်တွင် ဝမ်းသာအားရမှုများ ပြည့်နှက်သွား လေတော့၏။

လက်မောင်း ဖောယောင်နေသော အမျိုးသားက မယုံကြည်နိုင်သလို မေးလိုက်လေ၏...။

"ကပ္ပတိန်... ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုများ ကုသလိုက်တာလဲ..."

လီထျန်းယုသည် ယောင်ရန်ဘက်သို့ ညွှန်ပြကာ ပြောလိုက်လေသည်...၊

"မယောင်ရန်က ငါ့ကို ဆေးတိုက်ခဲ့တာလေ... ဆေးသောက်ပြီး နာရီအနည်းငယ် အတွင်းမှာပဲ ငါ ပြန် ကောင်းလာခဲ့တာ... ကုသတဲ့ ဖြစ်စဉ်က နာကျင်ပေမယ့် ဆေးကတော့ တကယ့်ကို အစွမ်းထက်တယ်..."

"မင်းတို့ထဲက အများစုကလည်း ငါ့လို အခြေအနေမျိုး ဖြစ်နေတာဆိုတော့... မင်းတို့ကို ကုသပေးနိုင် မလားဆိုတာ ကြည့်ဖို့ မယောင်ရန်နဲ့ ကပ္ပတိန်လုံတို့ကို ငါ ခေါ်လာခဲ့တာပဲ..."

လီထျန်းယု၏ စကားကို ကြားသောအခါ စစ်သည်များသည် သိသိသာသာပင် စိတ်လှုပ်ရှားသွားကြပြီး အချို့မှာ မျက်ရည်ပင် ကျလာခဲ့ကြလေသည်။ ထိုကဲ့သို့ စိတ်လှုပ်ရှားနေသည်ကို ကြည့်ကာ လီထျန်းယု က အနေရခက်သလို ခံစားရသဖြင့် ယောင်ရန်ဘက်သို့ လှည့်၍ မေးလိုက်လေ၏။

"မယောင်ရန်... ဘယ်လိုလဲ... သူတို့ကို ကုသပေးလို့ ရမလား..."

ယောင်ရန်သည် သူတို့ကို အကဲခတ်ပြီး ဖြစ်ရာ သူတို့ထဲမှ အများစုမှာ မျိုးရိုးဗီဇပြောင်းလဲမှု အစောပိုင်း အဆင့်တွင်သာ ရှိကြသည်ကို တွေ့လိုက်ရလေ၏။ ရေကန်ရေ၏ လက်ရှိ ကုသနိုင်စွမ်းနှင့်ဆိုလျှင် သူတို့အား အမြစ်ပြတ် ကုသပေးနိုင်ရန်မှာ အခက်အခဲ မဟုတ်ပေ။

"သူတို့ကို ကုသပေးလို့ ရပါတယ်... ဒါပေမဲ့ သူတို့ထဲက နှစ်ယောက်ကတော့ ပုံပျက်တာ ပိုဆိုးတဲ့အတွက် ဆေးပမာဏ ပိုပြီး လိုအပ်လိမ့်မယ်..."

သူမက တည်ငြိမ်စွာ ရှင်းပြလိုက်လေသည်။

ထိုစကားကို ကြားသောအခါ စစ်သည်များသည် ဝမ်းသာအားရ အော်ဟစ်ကာ သူမအား စိတ်လှုပ်ရှားစွာ ကျေးဇူးတင်စကားများ ပြောလာကြလေတော့သည်။

ယောင်ရန်က သူတို့ကို တိတ်ဆိတ်သွားစေရန် လက်ကို မြှောက်ပြလိုက်ပြီး ပြောလိုက်လေ၏...။

"ကျွန်မကို အခုချက်ချင်း ကျေးဇူးတင်ဖို့ မလိုသေးပါဘူး... ပုံသဏ္ဍာန်ပျက်ယွင်းတဲ့ အခြေအနေက တစ်ယောက်နဲ့ တစ်ယောက် မတူတာကြောင့် ရလဒ်ကလည်း လူတိုင်းအတွက် အတူတူပဲ ဖြစ်လာ လိမ့်မယ်လို့ မဆိုနိုင်ပါဘူး..."

"ကျေးဇူးတင်ချင်ရင်တော့ အားလုံး ပြန်ကောင်းလာတဲ့ အခါမှပဲ တင်ကြပါ... လောလောဆယ်တော့ ဆေးပမာဏ ဘယ်လောက် လိုအပ်မလဲဆိုတာ ဆုံးဖြတ်ဖို့ ရှင့်တို့ရဲ့ ပုံပျက်နေတဲ့ ခန္ဓာကိုယ် အစိတ် အပိုင်းတွေကို ပြပေးပါဦး..."

သူမ၏ ညွှန်ကြားချက်ကြောင့် စစ်သည်များသည် သူတို့၏ အင်္ကျီများကို တစ်ဦးပြီးတစ်ဦး ချွတ်လိုက်ကြ လေသည်။ ခြေထောက်များ ပုံပျက်နေသူများမှာမူ ဘောင်းဘီ ချွတ်ရန် ရှက်ရွံ့နေကြသဖြင့် ဘောင်းဘီ ကိုသာ လိပ်တင်၍ ယောင်ရန်အား ပြသခဲ့ကြလေသည်။

သူ၏ ချစ်သူက အခြားအမျိုးသားများ၏ ခန္ဓာကိုယ်ကို စိုက်ကြည့်ကာ ထိတွေ့နေသည်ကို မြင်သောအခါ လုံယု၏ မျက်နှာမှာ မဲမှောင်သွားသော်လည်း သူက တိတ်ဆိတ်စွာသာ နေလိုက်လေသည်။

လုံယု၏ မသာယာသော မျက်နှာထားကို ကြည့်ရင်း လီထျန်းယုသည် စိတ်ထဲမှ သက်ပြင်းချကာ တွေးနေမိလေသည်...။

*နောင်ကျရင် ကပ္ပတိန်လုံအတွက် ထူးထူးခြားခြား တစ်ခုခု ပြင်ဆင်ပေးရမယ်... သူက အငြှိုးအတေး ထားတတ်တဲ့သူဆိုတော့ ဒီနေ့ မယောင်ရန်ကို ငါတို့ ခန္ဓာကိုယ်တွေ ပြလိုက်တဲ့အတွက် နောက်ကျရင် ငါ့ကို စီးကရက် မပေးဘဲ နေဦးမယ်... *

ယောင်ရန်သည် စစ်သည်များကို အသေအချာ စစ်ဆေးရန် မိနစ်နှစ်ဆယ်ကျော် အချိန်ယူခဲ့ရလေသည်။

သူတို့၏ အခြေအနေများကို ဆုံးဖြတ်ပြီးနောက် သူမသည် ကျောပိုးအိတ်ထဲရှိ ရေကန်ရေပုလင်း အချို့ကို ထုတ်ယူလိုက်လေသည်။

သူမသည် စစ်သည်များ၏ ခွက်များထဲသို့ ရေများကို လောင်းထည့်ပေးကာ "သောက်လိုက်ကြပါ..." ဟု ညွှန်ကြားလိုက်လေသည်။

ယောင်ရန် ပြောလိုက်သောအခါ စစ်သည်များသည် လီထျန်းယုဘက်သို့ လှည့်ကြည့်လိုက်ကြ၏။ သူက ခေါင်းငြိမ့်ပြလိုက်သော အခါမှသာ သူတို့သည် ထိုရေများကို တုံ့ဆိုင်းခြင်းမရှိဘဲ သောက်လိုက်ကြတော့ သည်။

ချက်ချင်းပင် သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံး နွေးထူးသွားပြီး ခဏအကြာတွင် နာကျင်မှုကြောင့် ညည်း တွားသံများ ထွက်ပေါ်လာလေတော့သည်။

သူတို့၏ တုံ့ပြန်မှုမှာ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်နှင့် တူညီနေသည်ကို မြင်သောအခါ လီထျန်းယု သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း သူတို့ကို စိတ်ရှည်စွာ စောင့်ကြည့်နေခဲ့ကြလေ သည်။

စစ်သည် အများစုမှာ နာကျင်မှုကြောင့် သတိလစ်သွားကြသော်လည်း တစ်ဦးမှာမူ အံကို တင်းတင်း ကြိတ်ကာ သတိမလစ်စေရန် ကြိုးစားနေခဲ့လေ၏။

လီထျန်းယုက သူ၏ ကျောကို ပုတ်ပေးရင်း...နှစ်သိမ့်လိုက်လေသည်၊

"ရပါတယ်... ငါ မင်းကို စောင့်ပေးမယ်..."

ထိုစကားကြောင့် စစ်သည်သည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီးနောက် သတိလစ်သွား လေတော့၏။

ထို့နောက် ယောင်ရန်သည် သူတို့၏ သွေးခုန်နှုန်းကို စစ်ဆေးကာ ပြောလိုက်လေသည်...၊

"သူတို့ရဲ့ ခန္ဓာကိုယ်တွေ စပြီး ကုသနေပါပြီ... ကပ္ပတိန်လီ... ကျွန်မ ရှင့်ဆီမှာ ဆေးတချို့ ချန်ထားပေးခဲ့ မယ်... သူတို့ ပြည့်ပြည့်ဝဝ ပြန်မကောင်းသေးဘူးလို့ ရှင်ခံစားရရင် ဆေးနည်းနည်း ထပ်တိုက်လိုက် ပါ..."

လီထျန်းယုက ခေါင်းငြိမ့်ပြသောအခါ ယောင်ရန်က ထပ်လောင်း ပြောကြားလိုက်လေ၏..၊

"ကပ္ပတိန်လီ... ဒီဆေးအကြောင်းကို လျှို့ဝှက်ထားပေးဖို့ တောင်းဆိုချင်ပါတယ်..."

လီထျန်းယုသည် အခြေအနေကို နားလည်ပေသည်။ ယောင်ရန်ထံတွင် ဤကဲ့သို့ အစွမ်းထက်သော ဆေးရှိကြောင်း သတင်းပျံ့သွားပါက သူမသည် လူများစွာနှင့် အဖွဲ့အစည်းများစွာ၏ ပစ်မှတ် ဖြစ်လာပေ လိမ့်မည်။ သူမ၏ အကူအညီအတွက် ကျေးဇူးတင်လျက် သူက ဤလျှို့ဝှက်ချက်ကို အသက်ထက်ဆုံး ထိန်းသိမ်းထားရန် သစ္စာဆိုလိုက်လေ၏။

"မယောင်ရန်... စိတ်မပူပါနဲ့... ဒီလျှို့ဝှက်ချက်ကို ကျွန်တော် အခေါင်းထဲအထိ ယူသွားပါ့မယ်..."

သူက လေးနက်စွာ ကတိပေးလိုက်လေသည်။

ယောင်ရန်သည် သူ့ကို အပြည့်အဝ မယုံကြည်သော်လည်း လီထျန်းယုမှာ မိုက်မဲသူ မဟုတ်ဘဲ ဤကိစ္စ ၏ အရေးကြီးပုံကို နားလည်ကြောင်း သူမ သိပေသည်။

စွမ်းအားရှင် တစ်ဦးအနေဖြင့် သူသည် အခြေစိုက်စခန်း၏ စမ်းသပ်မှုများအတွက် ပစ်မှတ်တစ်ခု ဖြစ် လာနိုင်ပေ၏။ သူမ၏ လျှို့ဝှက်ချက်ကိ ဖွင့်ချခြင်းမှာ သူ၏ လျှို့ဝှက်ချက်ကိုလည်း ထိခိုက်စေနိုင်သည် ဖြစ်ရာ လောလောဆယ်တွင် သူသည် လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားလိမ့်မည်ဟု သူမ ယုံကြည်ထား လေသည်။

တာဝန် ပြီးဆုံးသွားသဖြင့် ယောင်ရန်က နှုတ်ဆက်လိုက်လေသည်...။

"ကပ္ပတိန်လီ... ကျွန်မတို့ တခြား လုပ်စရာတွေ ရှိသေးလို့ အခုပဲ ခွင့်ပြုပါဦး..."

လီထျန်းယုသည် သတိလစ်နေသော သူ၏ လက်အောက်ငယ်သားများကို တစ်ချက်ကြည့်ကာ ပြန်ဖြေ လိုက်လေသည်...။

"ခင်ဗျားတို့ကို တပ်စခန်းအထိ ပြန်မလိုက်ပို့နိုင်တဲ့အတွက် အားနာပါတယ်... သူတို့ကို စောင့်ကြည့်ဖို့ ကျွန်တော် ဒီမှာပဲ နေခဲ့ရမှာမို့လို့ပါ..."

လုံယုက လက်ကို ဝှေ့ယမ်းပြကာ ပြောလိုက်လေသည်...။

"ရပါတယ်... ကျွန်တော် လမ်းမှတ်မိပါတယ်... ကပ္ပတိန်လီ... နောက်မှ ပြန်တွေ့မယ်..."

သူတို့ကို လိုက်ပို့ရင်း လီထျန်းယုက သတိပေးလိုက်လေ၏...။

"အပြန်လမ်းမှာ သတိထားကြပါ... ဒီမှာ လုပ်နေတဲ့ စမ်းသပ်မှုတွေ အကြောင်းကိုလည်း ကျွန်တော် စုံစမ်းကြည့်လိုက်ဦးမယ်... နောက်တစ်ခါ လာလည်ရင် ကျွန်တော့် လူတွေဆီကနေ စုံစမ်းရရှိတဲ့ အချက်အလက်တွေကို လာယူလို့ ရပါတယ်..."

လုံယုက ခေါင်းငြိမ့်ပြလိုက်လေ၏...။

"နားလည်ပါပြီ..."

မထွက်ခွာမီ လုံယုသည် သူ၏ အိတ်ထဲတွင် ကျန်ရှိနေသော စီးကရက်များကို လီထျန်းယုအား ကမ်းပေး လိုက်ရင်း သတိပေးလိုက်လေသည်။

"ဆေးလိပ် လျှော့သောက်ဦး..."

လီထျန်းယုသည် စီးကရက်များကို ဝမ်းသာအားရ လက်ခံလိုက်ရင်း ပြုံးရွှင်စွာ ပြောလိုက်၏။

"သိပါတယ်... သိပါတယ်..."

နှာခေါင်းစည်းများကို ဝတ်ဆင်ပြီးနောက် လုံယုသည် ယောင်ရန်၏ လက်ကို ကိုင်ကာ အဆောက်အအုံ အတွင်းမှ ထွက်လာခဲ့ကြလေသည်။ တံခါး ပိတ်သွားသည်နှင့် လီထျန်းယု၏ ပျော်ရွှင်နေသော မျက်နှာ ထားမှာ ပျောက်ကွယ်သွားတော့၏။

သူသည် သတိလစ်နေသော စစ်သည်များကို ရှုပ်ထွေးသော အကြည့်ဖြင့် ငေးကြည့်နေရင်း တိုးတိုးလေး ရေရွတ်လိုက်လေသည်...။

"ဒီနေ့ လုံယု ရောက်လာတာ တကယ့်ကို ကံကောင်းတာပဲ... မဟုတ်ရင် နောက်နှစ်ရက်နေရင် ငါတို့ အားလုံး စမ်းသပ်ခံ သက်ရှိတွေ ဖြစ်သွားနိုင်တာ... အဲဒီ ဆရာဝန်တွေကလည်း နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှု လုပ်ဖို့အတွက် အချိန်ကို တကယ့်ကို အဆိုးဆုံး ရွေးလိုက်တာပဲ..."

လေးထပ်တိုက် အဆောက်အအုံမှ ထွက်လာသောအခါ လုံယုနှင့် ယောင်ရန်တို့သည် အစောပိုင်းက သူတို့နောက်သို့ လိုက်လာသူ အချို့ကို သတိပြုမိလိုက်ကြလေ၏။ သူတို့သည် လမ်းကြားများတွင် ပုန်းကွယ်နေကြသလို လမ်းဘေးရှိ အသက်ရှင်ကျန်ရစ်သူများ ကြားတွင်လည်း ရောနှောလျက်ရှိနေ ခဲ့ကြလေသည်။

သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း ထိုလူများ ရှိနေသည်ကို သတိမထား မိဟန် ဆောင်ကာ ဆက်လက် သွားခဲ့ကြလေသည်။

ဆင်းရဲသားရပ်ကွက်၏ ကျဉ်းမြောင်း၍ ညစ်ပတ်လှသော လမ်းများအတိုင်း လျှောက်လာစဉ် ထိုလူ များသည် သူတို့နောက်သို့ လိုက်မလာတော့သည်ကို လုံယု သတိပြုမိလိုက်သည်။ သူက နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ရာ ထိုလူများသည် အဆောက်အအုံကိုသာ ဆက်လက် စောင့်ကြည့်နေကြ သည်ကို တွေ့လိုက်ရလေတော့သည်။

All Chapters