အခန်း ၃၁၄
Vol. 32 Ch. 314
အခန်း (၃၁၄)
သူတို့၏ စွမ်းအားများကို ဖော်ထုတ်ခြင်း (၁)
ဟွမ်ကျိဟွေး၏ စိုးရိမ်ပူပန်နေသော အမူအရာကို မြင်သောအခါ ယောင်ရန်သည် ပြုံးလိုက်ရင်း ပြန်လည် ဖြေလိုက်လေသည်...။
"ကျွန်မ အခု နေကောင်းသွားပါပြီ... အားလုံးကို စိတ်ပူအောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ် နော်..."
ဟွမ်ကျိဟွေးသည် စိတ်အေးသွားဟန်ဖြင့် သူမ၏ ရင်ဘတ်ကို အသာပုတ်ကာ ပြောလိုက်လေ၏...။
"အခုလို အဆင်ပြေသွားတာ ကြားရတာ ဝမ်းသာလိုက်တာ... မနေ့က မမယောင်ရန် သတိလစ်သွား တယ်လို့ ကြားလိုက်ရတုန်းက ကျွန်မ ဘယ်ောက်တောင် လန့်သွားလဲဆိုတာ အစ်မ မသိပါဘူး..."
ထိုစကားကို ကြားသောအခါ ယောင်ရန်၏ စိတ်ထဲတွင် နွေးထူးသော ခံစားချက်တစ်ခု ပေါ်ပေါက်လာ လေ၏။ သူမသည် လက်ကို လှမ်း၍ ဟွမ်ကျိဟွေး၏ ဆံပင်များကို အသာအယာ ပွတ်သပ်ပေးလိုက် လေသည်။
"ကျေးဇူးပါပဲ ကျိဟွေး..."
ဟွမ်ကျိဟွေးက ပြုံးဖြဲဖြဲဖြင့် ပြောလိုက်လေသည်...၊
"မနေ့ကမှ ကျွန်မတို့ရဲ့ ပထမဆုံး သီးနှံတွေနဲ့ ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းခဲ့တာလေ... အဲဒါကြောင့် ဒီနေ့ နံနက်စာအတွက် အန်တီဟန်နဲ့ အန်တီစီမာတို့က ပြောင်းဖူးဆန်ပြုတ် အိုးကြီးတစ်လုံး ချက်ထားကြ တယ်... မမ ပြန်ရောက်ကတည်းက ဘာမှ မစားရသေးဘူးဆိုတော့ အရမ်း ဗိုက်ဆာနေမှာပေါ့... အရင် သွားထိုင်နှင့်ပါ... ကျွန်မ စားစရာတွေ ယူခဲ့ပေးမယ်..."
ယောင်ရန် တားမြစ်ရန် မမီခင်မှာပင် ဟွမ်ကျိဟွေးသည် ထွက်ခွာသွားပြီ ဖြစ်သည်။ သူမသည် တန်ချီချီ ၏ ဘေးတွင် သူမ၏ အစားအသောက်ဗန်းကို ချထားခဲ့ပြီးနောက် ယောင်ရန်နှင့် လုံယုတို့အတွက် အစား အသောက်များ သွားရောက် ယူဆောင်ပေးခဲ့လေသည်။ ထိုအခြင်းအရာကို မြင်သောအခါ ယောင်ရန်နှင့် လုံယုတို့သည်လည်း အခြားသူများနှင့်အတူ ထမင်းစားပွဲ၌ ဝင်ထိုင်လိုက်ကြလေ၏။
သူတို့ ဝင်ထိုင်ပြီးနောက် ရှီရွှမ်းက ပြောလိုက်လေသည်..၊
"ယောင်ရန်... မင်း ပြန်ပြီး ကျန်းမာလာတာ မြင်ရတာ ဝမ်းသာပါတယ်..."
ယောင်ရန်က ပြုံး၍ လူတိုင်းကို တစ်ချက်ကြည့်လိုက်ရင်း...၊
"အားလုံးကို စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ်ရှင်..."
သူမ၏ ဘေးတွင် ထိုင်နေသော ကျားရှန်းက ယောင်ရန်၏ ပုခုံးကို အသာအယာ ပုတ်ပေးရင်း စိတ်အေး စေရန် ပြုံးပြလိုက်လေ၏... ၊
"ငါတို့က သူငယ်ချင်းတွေပဲလေ... မင်းအတွက် စိုးရိမ်ပေးတာက သဘာဝကျပါတယ်..."
ယောင်ရန် သတိလစ်သွားရသည့် အကြောင်းရင်းကို လူတိုင်း စူးစမ်းလိုကြသော်လည်း မည်သူမျှ မမေးမြန်းရန် ဆုံးဖြတ်ထားကြသည်။ ယောင်ရန်ကိုယ်တိုင်လည်း ထိုကိစ္စကို ထုတ်မပြောသဖြင့် သူတို့သည် အခြားသော အကြောင်းအရာများဆီသို့ စကားစမြည် ပြောင်းလဲလိုက်ကြလေ၏။
အစားစားနေစဉ်အတွင်း ရှီရွှမ်းက လုံယုကို ကြည့်ကာ ပြောလိုက်လေသည်...။
"ကပ္ပတိန်တို့ အပြင်သွားနေတုန်းက အသက်ရှင်ကျန်ရစ်သူ အဖွဲ့အချို့ ရောက်လာခဲ့ကြသေးတယ်... သူတို့က ကျွန်တော်တို့နဲ့ ပူးပေါင်းချင်ကြတာ... ဒါပေမဲ့ ကျွန်တော်တို့ ဘယ်သူ့ကိုမှ ထပ်ပြီး လက်မခံ တော့ဘူးလို့ပဲ ပြောလိုက်တယ်... အဲဒီလူတွေထဲမှာ စွမ်းအားရှင် အချို့လည်း ပါတယ်..."
သူသည် စကားကို ခဏရပ်ကာ ဆက်ပြောလိုက်လေသည်...။
"ဟိုင်ချန် အခြေစိုက်စခန်းက လူတွေက ကျွင်းချန် စစ်အခြေစိုက်စခန်းနဲ့ အောင်မြင်စွာ ပူးပေါင်းသွား ကြပြီလို့ ကျွန်တော် ကြားတယ်..."
"ကျွင်းချန် စစ်အခြေစိုက်စခန်းမှာ စွမ်းအားရှင်တွေကို စမ်းသပ်မှုတွေ လုပ်နေတယ်ဆိုတဲ့ ကောလဟာ လ တစ်ခု ရှိနေတယ်...လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ စွမ်းအားရှင် အများကြီး ပျောက်ကွယ် ကုန်တာ... အဲဒီ ပျောက်ဆုံးမှုတွေက ဒီစမ်းသပ်မှုတွေနဲ့ ပတ်သက်နေသလားဆိုတာတော့ မသိရသေး ဘူး..."
လုံယုက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေ၏...၊
"ရန်ရန်နဲ့ ကျွန်တော် ယွမ်ရီဟွေးဆီ သွားတုန်းက လီထျန်းယုဆီလည်း ဝင်ခဲ့ကြသေးတယ်... သူလည်း ဒီအတိုင်းပဲ ပြောပြတယ်... အခြေစိုက်စခန်းမှာ စွမ်းအားရှင်တွေအပေါ် စမ်းသပ်မှုတွေ လုပ်နေတယ် ဆိုတာ သူ အတည်ပြုပေးခဲ့တယ်... သူကိုယ်တိုင်လည်း စွမ်းအားရှင်တွေကို စုဆောင်းဖို့ တာဝန်ပေးခံ ခဲ့ရတာဆိုတော့ သူ သိနေတာပေါ့..."
"လီထျန်းယု ပြောပြတာကတော့... သူ စုဆောင်းခဲ့တဲ့လူတချို့ဟာ အခြေစိုက်စခန်းကို ရောက်လာပြီး နောက်မှာ ပျောက်ကွယ်သွားခဲ့ကြတယ်တဲ့... ဒါပေမဲ့ သူတို့ ပျောက်သွားတာက ဒီစမ်းသပ်မှု တွေကြောင့် လားဆိုတာတော့ သူလည်း မသေချာဘူး... လောလောဆယ်တော့ သူ စုံစမ်းနေတဲ့ ရလဒ်တွေကိုပဲ စောင့်ကြည့်ရမှာပေါ့..."
ရှီရွှမ်းသည် လုံယု၏ စကားကို နားထောင်ရင်း အတွေးနက်စွာ ခေါင်းငြိမ့်ပြလိုက်၏။ ခဏအကြာတွင် သူက လိုက်လေသည်...။
"ကျွန်တော်တို့ဘက်က အတွင်းလူ တစ်ယောက် ရှိနေတာ ကောင်းတာပေါ့... ကပ္ပတိန်လီက လူသစ် စုဆောင်းရေးမှာ ပါဝင်နေတာဆိုတော့ ကျွန်တော်တို့ထက်စာရင် ဒီကိစ္စကို စုံစမ်းဖို့ ပိုပြီး လွယ်ကူလိမ့် မယ်..."
"ဟုတ်တယ်..." ဟု လုံယုက သဘောတူလိုက်လေသည်။
သူတို့ စကားပြောပြီးသော အခါမှာပင် ဟွမ်ကျိဟွေးသည် အစားအသောက်ဗန်း နှစ်ခုကို ကိုင်၍ ပြန် ရောက်လာခဲ့လေ၏။ သူမသည် ယောင်ရန်နှင့် လုံယု၏ ရှေ့တွင် ချပေးလိုက်ရင်း ပြောလိုက်လေသည်။
"မမယောင်ရန်... အစ်ကိုလုံယု... ဒါက ရှင်တို့အတွက် မနက်စာပါ..."
"ကျေးဇူးပါပဲ ကျိဟွေး..." ဟု ယောင်ရန်က ပြုံး၍ ဆိုလေသည်။
ဟွမ်ကျိဟွေးက ပြန်ပြုံးပြကာ တန်ချီချီ၏ ဘေးတွင် ဝင်ထိုင်၍ စားသောက်တော့သည်။ လူတိုင်း မနက် စာစားနေကြစဉ်မှာပင် တန်ချီချီက ရုတ်တရက် လက်ကို မြှောက်လိုက်လေ၏။
"အစ်ကိုရှီရွှမ်း... ကျွန်မ ရှင့်တို့ကို ပြောစရာတစ်ခု ရှိလို့ပါ..."
သူမက တုံ့ဆိုင်းစွာ ပြောလိုက်လေသည်။
သူမ ထိုသို့ ပြောလိုက်သောအခါ ရှီရွှမ်းနှင့် အခြားသူများမှာ သူမဘက်သို့ လှည့်ကြည့်လိုက်ကြလေ၏။
"ဘာကိစ္စလဲ..." ဟု ရှီရွှမ်းက စူးစမ်းစွာ မေးလိုက်သည်။
တန်ချီချီသည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူမ၏ လက်ဖဝါးကို ဖြန့်လိုက်လေ၏။ စက္ကန့်အနည်းငယ် အကြာတွင် သူမ၏ လက်ညှိုးထိပ်မှ နွယ်ပင်လေး တစ်ပင် ပေါက်လာပြီး သူမ၏ လက်မောင်းအတိုင်း ဖြည်းညင်းစွာ တွားတက်လာခဲ့လေသည်။ ထိုအခြင်းအရာကို မြင်သောအခါ လူတိုင်းမှာ မှင်တက်သွား ကြလေတော့၏။
ယောင်ရန်သည် တန်ချီချီကို သေချာစွာ ကြည့်လိုက်သော်လည်း သူမ၏ ခန္ဓာကိုယ်၌ ပုံသဏ္ဍာန် ပျက်ယွင်း သည့် လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရပေ။
"ချီချီ... မင်း ဘယ်တုန်းက သစ်စွမ်းအင် ရခဲ့တာလဲ..."
သူမက ခဏအကြာတွင် မေးလိုက်လေသည်။
တန်ချီချီက ခေါင်းခါပြကာ... "ကျွန်မလည်း မသေချာဘူး..." ဟု ဝန်ခံလိုက်လေ၏။
"လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဟိုက်ဒရိုပိုးနစ် အခန်းထဲမှာ အပင်တွေကို ပြုစုနေတုန်း ကျွန်မရဲ့ လက် ဖဝါးက ရုတ်တရက် ပူလာတယ်... ဟင်းသီးဟင်းရွက် ပျိုးပင်လေးတွေကို ထိလိုက်တော့ အဲဒီအပင်တွေ က အရမ်း မြန်မြန် ကြီးထွားလာတာပဲ... ကျွန်မ ခန္ဓာကိုယ်မှာ တစ်ခုခု မှားယွင်းနေပြီလို့ ထင်နေတာ... ခုနက ရှင့်တို့ စွမ်းအားရှင်တွေအကြောင်း ဆွေးနွေးနေတာ ကြားတော့မှပဲ ထုတ်ပြောရဲတော့တာပါ..."
သူမ စကားဆုံးသောအခါ ဟွမ်ကျိဟွေးသည် အံ့သြတုန်လှုပ်စွာဖြင့် မျက်ဝန်းများ ဝိုင်းစက်သွားခဲ့လေ ၏။ သူမသည် တန်ချီချီ၏ လက်ကို ဆွဲကိုင်လိုက်ကာ...၊
"ချီချီ... နင် ငါ့ကို ပြောပြသင့်တာပေါ့..."
တန်ချီချီသည် ဤလျှို့ဝှက်ချက်ကို ဖုံးကွယ်ထားခဲ့မိသဖြင့် အားနာစွာဖြင့် တောင်းပန်ရန် ပြင်လိုက်သော် လည်း သူမ စကားမစရသေးမီမှာပင် ဟွမ်ကျိဟွေးက သူမ၏ လက်ဖဝါးကို ဖြန့်လိုက်ပြီ ဖြစ်သည်။ တစ်စက္ကန့်အကြာတွင် သူမ၏ လက်ဖဝါးအထက်၌ ရေလုံးလေး တစ်လုံး ပေါ်ထွက်လာပြီး လေထဲတွင် ဝဲပျံနေလေတော့၏။
ဟွမ်ချန်သည် သူ၏ ညီမဖြစ်သူကို မယုံကြည်နိုင်သလို စိုက်ကြည့်နေမိသည်။ သူက သူမအား လက်ညှိုးထိုးပြရင်း အော်ဟစ်လိုက်လေ၏...။
"ဟွေ့ဟွေ့... နင် ငါ့ကိုတောင် ဖုံးကွယ်ထားတာလား..."
ဟွမ်ကျိဟွေးက ခေါင်းကို ကုတ်ကာ ပြုံးစိစိဖြင့် ပြောလိုက်လေသည်...။
"အစ်ကို... ကျွန်မ တမင် ဖုံးကွယ်ထားတာ မဟုတ်ပါဘူး... ပြောဖို့ မေ့သွားလို့ပါ..."
သူမ၏ အဆင်မပြေလှသော ဆင်ခြေကြောင့် ဟွမ်ချန်မှာ ဆွံ့အသွားတော့၏။
"....."
"ဒီလောက် အရေးကြီးတဲ့ ကိစ္စကိုတောင် မေ့သွားနိုင်တယ်ပေါ့... နင်ကတော့ တကယ့်ကို အံ့သြစရာပဲ နော်... "
ထိုအခြင်းအရာကို မြင်သောအခါ လုံယုက မေးလိုက်လေ၏...။
"ကျိဟွေးနဲ့ ချီချီတို့မှာ စွမ်းအားတွေ ရလာပြီဆိုတော့... တခြားလူတွေထဲမှာရော စွမ်းအားတွေ နိုးထ လာတဲ့လူ ရှိသေးလား..."
ကျားရှန်းက လက်ကို မြှောက်လိုက်ရင်း ပြောလေသည်...။
"ကျွန်မမှာ စွမ်းအား ရှိသလားဆိုတာတော့ မသေချာဘူး... ဒါပေမဲ့ ဒီရက်ပိုင်းမှာ ကျွန်မရဲ့ ခွန်အားတွေ သိသိသာသာ တိုးလာတာကိုတော့ သတိထားမိတယ်..."
"ဘယ်လောက်အထိ သန်မာလာတာလဲ..." ဟု လုံယုက မေးလိုက်လေ၏။
ကျားရှန်းသည် သူမ၏ ပန်းကန်ထဲမှ သတ္တုခက်ရင်း တစ်ခုကို ယူလိုက်ပြီး သူမ၏ လက်ခလယ်ဖြင့် အသာအယာ တောက်လိုက်လေသည်။
“တောင်...”
ထိုခက်ရင်းမှာ သဲဖြင့် ပြုလုပ်ထားသကဲ့သို့ နှစ်ပိုင်း ပြတ်ထွက်သွားတော့၏။
ထိုအခြင်းအရာကို မြင်သောအခါ ဟွမ်ချန်သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရင်း သူ၏ လည်ပင်းကို အသာအယာ စမ်းကြည့်နေမိလေ၏...။
*နောင်ကျရင် သူမကို သွားပြီး မစနောက်တော့တာ ကောင်းမယ်... မဟုတ်ရင် ငါ့ခေါင်းလည်း ဒီခက်ရင်း လိုပဲ ပြတ်ထွက်သွားနိုင်တယ်...*
ဟွမ်ချန်သည် နောင်တွင် ကျားရှန်းကို ထပ်မံ၍ မစနောက်တော့ရန် စိတ်ထဲမှ တိတ်တဆိတ် သစ္စာဆို နေစဉ် ယောင်ရန်က ပြောလိုက်လေ၏...။
"ရှင့်မှာ ခွန်အားမြှင့်တင်မှု စွမ်းအား နိုးထလာတာပဲ ဖြစ်ရမယ်..."
ထိုစကားကြောင့် ကျားရှန်း၏ မျက်နှာထက်တွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားတော့၏။