← Chapters

အခန်း ၃၁၆

Vol. 32 Ch. 316

အခန်း ၃၁၆

Vol. 32 Ch. 316

အခန်း (၃၁၆) သူတို့၏ စွမ်းအားများကို ဖော်ထုတ်ခြင်း (၃)

လုံယု၏ စကားအဆုံးတွင် လူတိုင်း၏ အာရုံမှာ ယောင်ရန်ထံသို့ ကျရောက်သွားခဲ့လေသည်။

သူမသည် လူတိုင်းကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ပြောလိုက်လေ၏...။

"ကျွန်မမှာ ပုံသဏ္ဍာန် ပျက်ယွင်းတာကို ကုသပေးနိုင်တဲ့ ရေတစ်မျိုး ရှိတယ်... အဲဒါတင် မကဘဲ ဒီရေက စွမ်းအားရှင်တွေရဲ့ အဆင့်ကို မြှင့်တင်ပေးနိုင်သလို ကိုယ်ခန္ဓာကိုလည်း သန်မာစေပြီး ဒဏ်ရာတွေနဲ့ ဖျားနာမှုတွေကိုလည်း ကုသပေးနိုင်တယ်..."

သူမ ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်းမှာ မှင်တက်သွားကြတော့၏။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဟွမ်ချန်က မယုံကြည်နိုင်သလို မေးလိုက်လေသည်...။

"ဒီကမ္ဘာပေါ်မှာ တကယ်ပဲ ဒီလောက် အစွမ်းထက်တဲ့ အရာ ရှိနိုင်လို့လား..."

လုံယုက သူမကို ကြည့်နေသည်ကို ယောင်ရန် သတိပြုမိသဖြင့် သူမက တိုးတိုးလေး ပြောလိုက်လေ ၏...။

"ရပါတယ်... သူတို့ကို ပြောပြရမယ့် အချိန် ရောက်ပါပြီ..."

လုံယုသည် သူ၏ သူငယ်ချင်းများကို ယုံကြည်သော်လည်း ယောင်ရန်၏ လုံခြုံရေးမှာမူ သူ၏ အမြင့်ဆုံး ဦးစားပေး ဖြစ်နေဆဲပင်။

သူမ၏ ချစ်သူမှာ သူမအတွက် စိုးရိမ်နေသည်ကို သိသောကြောင့် ယောင်ရန်က သူ၏ လက်ကို ဆုပ်ကိုင်လိုက်ရင်း ပြောလိုက်လေသည်...။

"ရပါတယ်... ကျွန်မ ရှင့်ကို ယုံကြည်တယ်... ရှင် သူတို့ကို ယုံကြည်တယ်ဆိုရင် ကျွန်မလည်း သူတို့ကို ယုံကြည်ပါတယ်..."

ထိုသို့ ပြောပြီးနောက် ယောင်ရန်သည် သူမ၏ နေရာလွတ်ထဲမှ ရေကန်ရေ ပုလင်းတစ်လုံးကို ထုတ်ယူ လိုက်လေသည်။

ပုလင်းမှာ သူမ၏ လက်ထဲတွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရှီရွှမ်း၏ မျက်ဝန်းများမှာ ဝင်းလက် သွားခဲ့လေ၏။ သူက ယောင်ရန်ကို ကြည့်ကာ မေးလိုက်လေသည်...။

"ယောင်ရန်... မင်းကလည်း နေရာလွတ် စွမ်းအားရှင် တစ်ယောက်လား..."

ယောင်ရန်က ခေါင်းငြိမ့်ပြကာ...၊

"ကျွန်မမှာ သစ်စွမ်းအင်နဲ့ ရေစွမ်းအင်တွေလည်း ရှိသေးတယ်..."

သူမ၏ စကားကြောင့် ထမင်းစားခန်းအတွင်းမှာ ထပ်မံ တိတ်ဆိတ်သွားပြန်၏။ မကြာမီမှာပင် ဟွမ်ကျိဟွေး နှင့် တန်ချီချီတို့က ဝမ်းသာအားရ အော်ဟစ်လိုက်ကြလေသည်...။

"ကောင်းလိုက်တာ... ကျွန်မတို့မှာ မမယောင်ရန်နဲ့ တူညီတဲ့ စွမ်းအားတွေ ရှိနေတာပဲ..."

စိတ်လှုပ်ရှားနေသော မိန်းကလေးငယ် နှစ်ဦး၏ စကားကို ကြားသောအခါ အခြားသူများလည်း သတိ ဝင်လာခဲ့ကြလေ၏။ သူတို့သည် ယောင်ရန်ကို ကြည့်ကာ စွမ်းအားသုံးမျိုးကို တစ်ပြိုင်နက်တည်း ရရှိထားသော သူမ၏ ကံကောင်းမှုကို ချီးကျူးကြတော့သည်။

အခြားသူများက ယောင်ရန်အား သူမ၏ စွမ်းအားများနှင့် ပတ်သက်၍ အလုပ်ရှုပ်ကာ မေးမြန်းနေကြစဉ် လောင်ဟန်က အသံကို နှိမ့်ကာ ဟန်ယီရွှယ်ကို ပြောလိုက်လေ၏...။

"သား... မင်း တကယ်ပဲ အမြော်အမြင် ရှိတာပဲ..."

ဟန်ယီရွှယ်သည် သူ၏ ဖခင်ထံမှ ရုတ်တရက် ချီးကျူးစကား ကြားလိုက်ရသဖြင့် ပြုံးလိုက်မိ၏။ သူ၏ မိသားစုဝင်များ၏ စူးစမ်းသော အကြည့်များကို သတိပြုမိသောအခါ သူက ရှင်းပြလေသည်...။

"မယောင်ရန်နဲ့ အစ်ကိုလုံတို့က စွမ်းအားရှင်တွေ ဖြစ်တယ်ဆိုတာ ကျွန်တော် သိနေတာ ကြာပါပြီ..."

"မင်း ဘယ်လို သိတာလဲ..." ဟု မိခင်ဖြစ်သူက စူးစမ်းစွာ မေးလိုက်လေ၏။

ဟန်ယီရွှယ်က သူ၏ မိခင်ကို ကြည့်ကာ ပြန်ဖြေလေသည်...။

"လေထုထဲမှာရှိတဲ့ စွမ်းအင်တွေနဲ့ သူတို့ ပတ်ဝန်းကျင်က စွမ်းအင်တွေကို ကျွန်တော် ခံစားလို့ ရတယ် လေ... သူတို့ကို ပထမဆုံး စတွေ့ကတည်းက ကျွန်တော့်မှာ စွမ်းအား ရနေပြီဆိုတော့ သူတို့ ပတ်ဝန်း ကျင်က စွမ်းအင်လှိုင်းတွေကို ကျွန်တော် ခံစားမိတာပေါ့..."

ထိုစကားကို ကြားသောအခါ ဟန်ရန်ချီက ဆိုသည်...။

"အစ်ကို... ကျွန်တော်လည်း စွမ်းအားရှင် တစ်ယောက်ပဲလေ... ဒါပေမဲ့ ဘာမှ မခံစားရပါဘူး... အစ်ကိုက ဘယ်လိုလုပ်ပြီး အဲဒီလို ခံစားနိုင်တာလဲ..."

ဟန်ယီရွှယ်က ခဏမျှ စဉ်းစားပြီး ရှင်းပြလေသည်...။

"ငါ့ရဲ့ စွမ်းအားက မင်းရဲ့ စွမ်းအားနဲ့ နည်းနည်း ကွဲပြားလို့ ဖြစ်လိမ့်မယ်... ငါက ဒြပ်စင်တွေကို ထိန်းချုပ် နိုင်တာဆိုတော့ စွမ်းအင်တွေနဲ့ ဒြပ်စင်တွေအပေါ် ပိုပြီး အာရုံခံနိုင်စွမ်း မြင့်တာပေါ့... အဲဒါကြောင့်လည်း လေထုထဲက စွမ်းအင်လှိုင်းတွေကို ခံစားနိုင်တာ ဖြစ်ရမယ်..."

သူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဟန်ရန်ချီက နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်၏။

ဟန်မိသားစုဝင်များ စကားပြောနေကြစဉ် ယောင်ရန်က အခြားသူများကို ကြည့်ကာ ပြောလိုက်လေ သည်။

"အားလုံးပဲ... ကျွန်မ ရှင့်တို့ အားလုံးကို တစ်ကိုယ်လုံး ကျန်းမာရေး စစ်ဆေးမှု လုပ်ပေးချင်ပါတယ်... အပြင်ဘက်မှာ ပုံသဏ္ဍာန် ပျက်ယွင်းတာတွေနဲ့ မျိုးရိုးဗီဇပြောင်းလဲတာတွေ ဖြစ်နေပြီဆိုတော့... ဘယ် လို ပုံပျက်တာမျိုးကိုမဆို အမြန်ဆုံး ကုသနိုင်ဖို့ အခုပဲ စစ်ဆေးသင့်တယ် ထင်တယ်..."

သူတို့၏ ခန္ဓာကိုယ်များ ပုံယွင်းသွားမည်ကို တွေးမိသောအခါ လူတိုင်းမှာ တုန်လှုပ်သွားကြပြီး သူမ၏ အကြံပြုချက်ကို ဝမ်းသာအားရ သဘောတူလိုက်ကြလေသည်။

နံနက်စာ စားပြီးနောက် သူတို့သည် ပုံမှန်အတိုင်း နေ့စဉ် အလုပ်များကို မလုပ်ဆောင်ကြသေးဘဲ ကုသ ဆောင်သို့ သွားရောက်ခဲ့ကြလေ၏။

ယောင်ရန်က အမျိုးသမီးများကို စစ်ဆေးပေးစဉ် လုံယုက အမျိုးသားများကို စစ်ဆေးပေးရန် သူမအား ကူညီပေးခဲ့လေသည်။ သူတို့သည် စစ်ဆေးမှုများစွာကို နာရီအတော်ကြာအောင် လုပ်ဆောင်ခဲ့ကြပြီးမှ ပြီးစီးသွားခဲ့လေ၏။

စစ်ဆေးမှု ရလဒ်များကို ကြည့်ရင်း ယောင်ရန်က သက်ပြင်းတစ်ချက် ချလိုက်ကာ ဆိုလေသည်...။

"သတင်းကောင်း တစ်ခု ရှိတယ်... ကျွန်မတို့ လူတွေထဲမှာ ဘယ်သူ့ဆီမှာမှ ပုံသဏ္ဍာန်ပျက်ယွင်းတဲ့ လက္ခဏာ မတွေ့ရပါဘူး..."

အခြားသူများ ထိုစကားကို ကြားသောအခါ စိတ်အေးသွားကာ သက်ပြင်းချနိုင်တော့သည်။ ကံကောင်း ထောက်မစွာဖြင့် သူတို့သည် နျူကလီးယား ရောင်ခြည်သင့်မှုကြောင့် မည်သည့် ဘေးထွက်ဆိုးကျိုးမှ မခံစားခဲ့ရပေ။

စိုးရိမ်မှုများ ကင်းစင်သွားပြီ ဖြစ်သောကြောင့် လူတိုင်းသည် မိမိတို့၏ နေ့စဉ် အလုပ်များကို လုပ်ဆောင် ရန် ထွက်ခွာသွားကြတော့သည်။

လူတိုင်း သူတို့၏ စွမ်းအားများကို ဖော်ထုတ်ပြီးနောက်တွင်မူ ထိုစွမ်းအားများကို အသုံးပြုရန် ဝန်မလေး ကြတော့သဖြင့် အလုပ်လုပ်နိုင်စွမ်းမှာ သိသိသာသာ မြင့်မားလာခဲ့လေသည်။ တန်ချီချီ၏ သစ်စွမ်းအင် နှင့် ဟွမ်ကျိဟွေး၏ ရေစွမ်းအင်တို့ကြောင့် ယောင်ရန်၏ အလုပ်ဝန်ထုပ်ဝန်ပိုးမှာလည်း အတော်အတန်

လျော့နည်းသွားခဲ့လေ၏။

သူမ၏ သူငယ်ချင်းများကို သူတို့၏ စွမ်းအားများ အမြန်ဆုံး တိုးတက်လာစေရန် ယောင်ရန်သည် သူမ ၏ လေ့ကျင့်ရေး နည်းလမ်းများကို သင်ကြားပေးခဲ့ပြီး ရေကန်ရေများ ဖြည့်ထားသော ရေကန်တစ်ခုကို လည်း ပြင်ဆင်ပေးခဲ့လေသည်။

လူတစ်ဦးစီသည် နေ့စဉ် ရေကန်ရေ တစ်ပုလင်းစီ ရရှိမည် ဖြစ်သည်။ လေ့ကျင့်စဉ်အတွင်း စွမ်းအင်များ ကုန်ခမ်းသွားသောအခါ သူတို့သည် စွမ်းအင် ပြန်လည် ဖြည့်တင်းရန် ထိုရေကို သောက်နိုင်ပေသည်။

ပမာဏ လွန်ကဲစွာ သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို စိုးရိမ်သဖြင့် ယောင်ရန်သည် စွမ်းအားရှင်များသာ ထိုရေကို သောက်သုံးရန်နှင့် စွမ်းအင် ပြန်လည် ပြည့်ဝသွားသည် နှင့် တစ်ပြိုင်နက် ရပ်တန့်ရန် အထပ်ထပ် သတိပေးခဲ့လေသည်။

ရေကို လွန်ကဲစွာ သောက်သုံးမိပါက ခန္ဓာကိုယ်အတွင်း စွမ်းအင်များ ဝန်ပိုဖြစ်သွားပြီး ဘေးပတ်ဝန်း ကျင်ရှိ လူတိုင်းကို ထိခိုက်စေနိုင်သော အသက်အန္တရာယ်ရှိသည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာနိုင်သော ကြောင့် ဖြစ်ပေ၏။

အခြားသူများ ထိုသတိပေးချက်ကို ကြားသောအခါ လေးနက်စွာ ခေါင်းငြိမ့်ပြကြပြီး သတိထားရန် ကတိပေးလိုက်ကြလေသည်။ ရေကန်ရေ၏ အကူအညီကြောင့် လူတိုင်း၏ စွမ်းအားများမှာ အချိန်တို အတွင်း သိသိသာသာ တိုးတက်လာခဲ့ကြ၏။

အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ မူလက စွမ်းအားများ နိုးထခြင်း မရှိသေးသူများပင် တဖြည်းဖြည်း နှင့် စွမ်းအားများ နိုးထလာခဲ့ကြလေသည်။

လူတိုင်း ကြိုးစားပမ်းစား လေ့ကျင့်နေကြစဉ် ပြင်ပကမ္ဘာကြီးမှာမူ ပိုမို၍ ရှုပ်ထွေးဆိုးရွားလာခဲ့လေသည် ။ မိုးလေဝသနှင့် ဘူမိဗေဒ သုတေသနဌာန၏ ခန့်မှန်းချက်များနှင့် ဆန့်ကျင်လျက် ဤနှစ်လအတွင်းမှာ အေးချမ်းမှုနှင့် ဝေးကွာနေခဲ့လေသည်။

ကမ္ဘာတစ်ဝှမ်းတွင် ရောင်ခြည်သင့်မှု ပမာဏ မြင့်တက်လာသည်နှင့်အမျှ လူပေါင်းများစွာမှာ ပုံသဏ္ဍာန် ပျက်ယွင်းသည့် ဝေဒနာကို ခံစားနေကြရ၏။ အချို့မှာ စွမ်းအားများ နိုးထလာကြသော်လည်း လူအများ စုမှာမူ သေဆုံးကုန်ကြခြင်း သို့မဟုတ် ပုံပျက်ပန်းပျက် ခန္ဓာကိုယ်များနှင့် အသိဉာဏ်မဲ့သော သတ္တဝါများ အဖြစ်သို့ ကူးပြောင်းသွားကြတော့သည်။

ညတစ်ညတွင် မှောင်ရိပ်ကို အကာအကွယ်ယူ၍ စစ်သုံးယာဉ် တစ်စီးသည် လုံယု၏ လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရာနေရာဘက်သို့ ဦးတည်လာခဲ့၏။ ခိုလှုံရာနေရာ ပုန်းကွယ်နေသော တောင်ကုန်း အနားသို့ ရောက်ရှိလာသောအခါ ဒရိုင်ဘာဖြစ်သူမှာ ဘရိတ်ကို ရုတ်တရက် အပြင်းအထန် နင်းလိုက် လေသည်။

လီထျန်းယုသည် မျက်လုံးများကို ဖွင့်ကာ မေးလိုက်၏...။

"ဘာဖြစ်တာလဲ..."

ကားမောင်းနေသော စစ်သည်က ရှေ့သို့ လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်...။

"ကပ္ပတိန်... ရှေ့မှာ သတ္တုခြံစည်းရိုး တစ်ခု ရှိနေတယ်... ကျွန်တော် ရှေ့ဆက်ပြီး မောင်းလို့ မရတော့ဘူး..."

လီထျန်းယုသည် သူ၏ လက်နက်ကို ဆုပ်ကိုင်ကာ ကားပေါ်မှ ဆင်းလိုက်၏။ ကားရှေ့မီးများက လမ်းကို လင်းထိန်စေပြီး သူသည် ခြံစည်းရိုးကို စစ်ဆေးရန် အနားသို့ ချဉ်းကပ်သွားခဲ့လေသည်။ ခဏအကြာတွင် သူသည် ကျောက်ခဲငယ် တစ်လုံးကို ကောက်ယူကာ ခြံစည်းရိုးပေါ်သို့ ပစ်ပေါက်လိုက်လေ၏။

“ဂျိန်း...”

ကျောက်ခဲကြောင့် လျှပ်စစ်စီးကြောင်းများမှာ ပေါက်ကွဲထွက်လာပြီး ခြံစည်းရိုး တစ်လျှောက်တွင် မီးပွားများ လွင့်စင်သွားတော့သည်။ လီထျန်းယုသည် မျက်မှောင်ကြုတ်ကာ ထိုအရာကို ငေးကြည့်ရင်း အတွေးနက်နေစဉ် အခြား စစ်သည်တစ်ဦးမှာလည်း ကားပေါ်မှ ဆင်းလာခဲ့လေသည်...။

All Chapters