အခန်း ၃၁၇
Vol. 32 Ch. 317
အခန်း (၃၁၇) ဖိတ်ကြားခြင်း
စစ်သည်သည် လီထျန်းယုထံသို့ ဂြိုဟ်တုဖုန်းတစ်လုံးကို ကမ်းပေးလိုက်ရင်း ပြောလေသည်...။
"ကပ္ပတိန်... တပ်မှူးချုပ်က ဖုန်းခေါ်နေပါတယ်..."
လီထျန်းယုက ဖုန်းကို ယူလိုက်ပြီး ပြန်လည် ဖြေကြားလိုက်လေ၏...။
"ကျွန်တော် လီထျန်းယုပါ..."
"မင်း ရောက်ပြီလား..." ဟု တစ်ဖက်မှ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
လီထျန်းယုသည် လျှပ်စစ်စီးကြောင်းများ စီးဆင်းနေသော မြင့်မားသည့် ခြံစည်းရိုးကို တစ်ချက်ကြည့် လိုက်ပြီး ပြန်ဖြေလိုက်လေ၏...။
"နီးပါးပါပဲ... လမ်းမှာ လျှပ်စစ်အားပြင်း ခြံစည်းရိုးတစ်ခုက ပိတ်ထားတာကြောင့် ကျွန်တော်တို့ ပတ် သွားရပါဦးမယ်... အဲဒီကို ရောက်ဖို့ အချိန်နည်းနည်း ထပ်လိုပါလိမ့်မယ်..."
သူ ထိုသို့ ပြောပြီးနောက် တစ်ဖက်မှ ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။ ဖုန်းလိုင်း ပြတ်တောက်သွားပြီ ဟု လီထျန်းယု ထင်လိုက်စဉ်မှာပင် တပ်မှူးချုပ်က ထပ်မံ ပြောဆိုပြန်လေ၏...။
"ကောင်းပြီလေ... ကပ္ပတိန်လုံနဲ့ စကားပြောပြီးတာနဲ့ ငါ့ကို ပြန်ပြီး ဆက်သွယ်လိုက်ပါ..."
လီထျန်းယုက ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်...။
"နားလည်ပါပြီ... ကျွန်တော်တို့ကို ကူညီပေးဖို့ သူ့ကို အတတ်နိုင်ဆုံး ဖျောင်းဖျကြည့်ပါ့မယ်..."
"ကောင်းပြီ... မင်းဆီက သတင်းကောင်းကို ငါ စောင့်နေမယ်..."
"ဟုတ်ကဲ့ပါ ခင်ဗျာ..."
ဖုန်းပြောဆိုမှု ပြီးဆုံးသွားသောအခါ လီထျန်းယုသည် ဂြိုဟ်တုဖုန်းကို စစ်သည်ထံသို့ ပြန်ပေးလိုက်လေ ၏။ လီထျန်းယု၏ စိတ်အနှောင့်အယှက် ဖြစ်နေသော မျက်နှာထားကို သတိပြုမိသဖြင့် စစ်သည်က မေးလိုက်လေသည်...။
"ကပ္ပတိန်... ကျွန်တော်တို့ ဒီတာဝန်ကို အောင်မြင်အောင် လုပ်နိုင်ပါ့မလား..."
လီထျန်းယုသည် ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြန်ဖြေလိုက်လေ၏...။
"ငါလည်း မသေချာဘူး... ကပ္ပတိန်လုံရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းရ ခက်တယ်... သူက ငါတို့ကို ကူညီ ဖို့ သဘောတူနိုင်သလို၊ ငြင်းလည်း ငြင်းလွှတ်နိုင်တာပဲ..."
စစ်သည်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ပြောလိုက်လေသည်...။
"ကပ္ပတိန်လုံက တရားမျှတပြီး သစ္စာရှိတဲ့လူ တစ်ယောက်လို့ ကျွန်တော် ကြားဖူးပါတယ်... ကျွန်တော် တို့ရဲ့ အခက်အခဲတွေကို သိရင် သူ ကျိန်းသေ ကူညီမှာပါနော်..."
လီထျန်းယုသည် ထိုစစ်သည်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ မပြောပေ။
ကမ္ဘာကြီး ပြောင်းလဲသွားခဲ့သည်မှာ တစ်နှစ်ကျော်ပင် ရှိခဲ့ပြီ ဖြစ်၏။ အတိတ်ကာလက ဆိုလျှင် လုံယု သည် သူတို့ကို ကူညီရန် သဘောတူလိမ့်မည်ဟု သူ ယုံကြည်ချက်အပြည့်ဖြင့် ပြောနိုင်သော်လည်း၊ ယခု အချိန်တွင်မူ လုံယု မည်သို့ ဆုံးဖြတ်မည်ကို ခန့်မှန်းရန် ခက်ခဲလှပေသည်။
လျှပ်စစ်အားပြင်း ခြံစည်းရိုးကို ဖြတ်ကျော်ရန် နည်းလမ်း မရှိသဖြင့် လီထျန်းယုသည် စစ်သည်နှင့်အတူ စစ်သုံးယာဉ်အတွင်းသို့ ပြန်ဝင်ခဲ့လေသည်။ တံခါးကို ပိတ်လိုက်ပြီးနောက် သူက ဒရိုင်ဘာကို ပြောလိုက် လေ၏...။
"လမ်းလွှဲကနေ ပတ်မောင်းကြစို့..."
စစ်သည်က ခေါင်းငြိမ့်ပြကာ...၊
"ဟုတ်ကဲ့ပါ ကပ္ပတိန်..."
နံနက်ခင်းတွင် ရှီရွှမ်းသည် နိုးလာသောအခါ ထိန်းချုပ်ရေးခန်းသို့ သွားရောက်၍ မနေ့ညက စောင့်ကြည့် ကင်မရာ မှတ်တမ်းများကို စစ်ဆေးခဲ့လေသည်။ သူသည် မှတ်တမ်းဗီဒီယိုကို အမြန်နှုန်းဖြင့် ကြည့်ရှု နေစဉ် စစ်သုံးယာဉ်တစ်စီး ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသဖြင့် ပုံမှန်အမြန်နှုန်းသို့ ပြန်လျှော့လိုက် ၏။
ဗီဒီယိုအတွင်း၌ လီထျန်းယုသည် စစ်သုံးယာဉ်ပေါ်မှ ဆင်းလာကာ ဖုန်းခေါ်ဆိုပြီးနောက် ထွက်ခွာသွား သည်ကို သူ မြင်လိုက်ရလေသည်။
ရှီရွှမ်းသည် ထိုမှတ်တမ်းကို ပြန်လည် ကြည့်ရှုသော်လည်း ပတ်ဝန်းကျင်မှာ မှောင်လွန်းသဖြင့် လီထျန်းယု ပြောဆိုနေသော စကားလုံးများကို အကဲခတ်၍ မရပေ။
သူသည် ခဏမျှ စဉ်းစားပြီးနောက် မှတ်တမ်းကို ခေတ္တ ရပ်တန့်ထားကာ လုံယုကို သွားရောက် ရှာဖွေ ခဲ့လေသည်။ လေ့ကျင့်ရေးခန်းအတွင်း၌ လုံယုနှင့် ယောင်ရန်တို့ စမ်းသပ်တိုက်ခိုက်နေကြသည်ကို သူ တွေ့လိုက်လေ၏။
"ကပ္ပတိန်... မနေ့ညက စောင့်ကြည့်ကင်မရာ မှတ်တမ်းကို လာကြည့်သင့်တယ်လို့ ထင်ပါတယ်..."
လုံယုသည် ယောင်ရန်၏ လက်သီးချက်ကို ရှောင်တိမ်းလိုက်ရင်း မေးလိုက်လေ၏...။
"ဘာဖြစ်လို့လဲ... တစ်ခုခု ဖြစ်လို့လား..."
ရှီရွှမ်းက ပြန်ဖြေလိုက်လေသည်...။
"မနေ့ညက လီထျန်းယု ရောက်လာတယ်... သူက ခြံစည်းရိုးကို ဖြတ်လို့မရတာကြောင့် ပြန်လှည့်သွား တယ်... ကျွန်တော့် အထင်တော့ သူ ဒီနေရာကို ရောက်ဖို့ တခြားလမ်းကနေ ကြိုးစားဦးမှာပဲ... ပြီးတော့ သူ ဖုန်းခေါ်နေတာကိုလည်း ကျွန်တော် မြင်လိုက်ရတယ်..."
ထိုစကားကို ကြားသောအခါ လုံယုသည် လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး...၊
"ရန်ရန်... ဒီမှာတင် တော်ကြရအောင်..."
ယောင်ရန်သည် အမောတကော အသက်ရှူရင်း ခေါင်းငြိမ့်ပြလိုက်၏။ သူမသည် နေရာလွတ်ထဲမှ တဘက်နှစ်ထည်ကို ထုတ်ယူကာ တစ်ထည်ကို လုံယုအား ကမ်းပေးပြီး ကျန်တစ်ထည်ဖြင့် သူမ၏ ချွေးများကို သုတ်လိုက်လေသည်။
သူမသည် ရှီရွှမ်းဘက်သို့ လှည့်ကာ မေးလိုက်လေ၏...။
"တောင်ကုန်းတစ်ခုလုံးကို ခြံစည်းရိုးတွေနဲ့ ဝိုင်းထားတယ်လို့ ကျွန်မ ထင်နေတာ... လီထျန်းယုက တခြားလမ်းကနေ တကယ်ပဲ ဝင်လာနိုင်လို့လား..."
ရှီရွှမ်းက ခေါင်းခါပြကာ ပြန်ဖြေလေသည်...။
"သူက လျှပ်စစ်စီးကြောင်းကို ဖြတ်တောက်နိုင်မယ့် နည်းလမ်းကို ရှာမတွေ့သရွေ့တော့ ခြံစည်းရိုးကို ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး... အဲဒီလို ဖြစ်ဖို့ကလည်း မဖြစ်နိုင်သလောက်ပါပဲ..."
ရှီရွှမ်းက ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်လေ၏...။
"ကပ္ပတိန်... ကျွန်တော် သွားပြီး သူ့ကို ခေါ်လာရမလား..."
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လုံယုက ခေါင်းငြိမ့်ပြလိုက်လေ၏...။
"သူ ဒီလောက်အထိ လာခဲ့တယ်ဆိုရင် ငါတို့ကို တစ်ခုခုအရေးကြီး ပြောပြစရာရှိလို့ ဖြစ်ရမယ်... အာရွှမ်း... မင်း သွားပြီး လီထျန်းယုကို ဖိတ်ခေါ်လိုက်ပါ..."
"ဟုတ်ကဲ့ ကပ္ပတိန်..."
ရှီရွှမ်း ထွက်သွားပြီးနောက် ယောင်ရန်က မေးလိုက်လေ၏...။
"အာယု... ကပ္ပတိန်လီ လာတာက သူ စုံစမ်းနေတဲ့ ကိစ္စနဲ့ ပတ်သက်နေလိမ့်မယ်လို့ ရှင် ထင်လား..."
လုံယုက မျက်မှောင်အနည်းငယ် ကြုတ်ကာ...၊
"ကိုယ်လည်း မသေချာဘူး... သူ့ကို တွေ့ပြီး စကားပြောကြည့်မှပဲ သိရတော့မှာပေါ့..."
သူတို့သည် ခဏအကြာတွင် လီထျန်းယုနှင့် တွေ့ဆုံရန် ရှိသဖြင့် လေ့ကျင့်မှုကို စောစီးစွာ အဆုံးသတ် ကာ ရေချိုးရန် ထွက်လာခဲ့ကြတော့သည်။
တစ်ဖက်တွင်လည်း ရှီရွှမ်းသည် လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရာနေရာမှ ထွက်လာခဲ့၏။ လီထျန်းယု ရှိနေသည့် နေရာကို အတည်ပြုပြီးနောက် သူသည် မြေပုံအတိုင်း စက်ဘီးစီး၍ ရှာဖွေလေ တော့သည်။
မိနစ်နှစ်ဆယ်ခန့်အကြာတွင် ရှီရွှမ်းသည် တောင်ခြေ၌ ရပ်ထားသော စစ်သုံးယာဉ်ကို လှမ်းမြင် လိုက်ရလေ၏။
ကားအတွင်း၌ မည်သူမျှ မရှိသည်ကို မြင်သဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အနီးအနားရှိ မြေပြင် ပေါ်တွင် အိပ်စက်သည့် အိတ်များအတွင်း၌ အိပ်ပျော်နေကြသော လူလေးဦးကို တွေ့လိုက်ရလေသည်။ ထို့နောက် သူသည် သူ၏ စက်ဘီးကို ကားဘေးတွင် ရပ်လိုက်ပြီး ထိုလူစုထံသို့ ချဉ်းကပ်သွားခဲ့လေ၏။
သူ စကားမစရသေးမီမှာပင် လီထျန်းယုသည် မျက်လုံးပွင့်လာပြီး သူ၏ သေနတ်ဖြင့် ရှီရွှမ်းကို ချိန်ကာ ပြောလိုက်လေသည်...။
"အဲဒီမှာတင် ရပ်လိုက်..."
ရှီရွှမ်းက သူ့ကို တည်ငြိမ်စွာ ပြုံးပြရင်း ပြောလိုက်လေ၏...။
"ကပ္ပတိန်လီ... ကျွန်တော် ခင်ဗျားကို လာခေါ်တာပါ..."
လီထျန်းယုသည် သူ၏ သေနတ်ကို အနည်းငယ် နှိမ့်လိုက်ကာ မေးလိုက်လေသည်...။
"မင်းက ရှီရွှမ်းလား..."
ရှီရွှမ်းက ခေါင်းကို အနည်းငယ် စောင်းကာ တခစ်ခစ် ရယ်မောလိုက်လေ၏...။
"ကပ္ပတိန်လီ... ခင်ဗျား အိပ်ရာက ကောင်းကောင်း မနိုးသေးဘူး ထင်တယ်... ကျွန်တော့်ကိုတောင် မမှတ် မိတော့ဘူးလား..."
စနောက်သော လေသံကို ကြားရသောအခါမှ လီထျန်းယုသည် သေနတ်ကို လုံးဝ နှိမ့်ချလိုက်ပြီး သူ၏ နဖူးကို ပွတ်သပ်ရင်း ပင်ပန်းနွမ်းနယ်စွာ ပြောလိုက်လေသည်...။
"တောင်းပန်ပါတယ်ကွာ..."
"ရပါတယ်..."
ရှီရွှမ်းသည် နိုးလာကြပြီဖြစ်သော အခြား စစ်သည်သုံးဦးကို တစ်ချက်ကြည့်လိုက်ရင်း ဆက်ပြော လိုက်လေသည်...
"ကျွန်တော့်ရဲ့ ကပ္ပတိန်က ခင်ဗျားတို့ကို ကျွန်တော်တို့ နေရာဆီကို ဖိတ်ခေါ်လိုက်ပါတယ်... ကျွန်တော်နဲ့ အတူ လိုက်ခဲ့မလား..."
ထိုစကားကြောင့် လီထျန်းယု၏ မျက်ဝန်းများမှာ ဝင်းလက်သွားကာ အလောတကြီး ပြောလိုက်၏...၊
"လိုက်မှာပေါ့... ပစ္စည်းတွေ သိမ်းဖို့ ခဏလောက် စောင့်ပေးဦး..."
"ရပါတယ်..."
ရှီရွှမ်းသည် လီထျန်းယုနှင့် သူ၏ အဖွဲ့သားများ သူတို့၏ အိပ်စက်သည့် အိတ်များကို သိမ်းဆည်းနေစဉ် စောင့်ဆိုင်းနေလိုက်လေသည်။
အားလုံး အဆင်သင့် ဖြစ်သောအခါ ရှီရွှမ်းသည် စက်ဘီးပေါ်သို့ ပြန်တက်လိုက်ပြီးပြောလိုက်လေသည်။
"ကျွန်တော့်နောက်က လိုက်ခဲ့ကြပါ..."
ရှီရွှမ်းသည် လမ်းပြရင်း စစ်သုံးယာဉ်ကို ကျဉ်းမြောင်းသော တောင်တက်လမ်းအတိုင်း ခေါ်ဆောင်လာခဲ့ လေ၏။ ငါးမိနစ်ခန့်အကြာတွင် သူတို့သည် လျှပ်စစ်အားပြင်း လွှတ်ထားသောခြံစည်းရိုးသို့ ရောက်ရှိ လာကြလေသည်။
ရှီရွှမ်းသည် အိတ်ကပ်အတွင်းမှ အဝေးထိန်း ကိရိယာလေးကို ထုတ်ယူကာ တံခါး၏ လျှပ်စစ်စီးကြောင်း ကို ဖြတ်တောက်လိုက်ပြီး တံခါးကို လှမ်းဖွင့်လိုက်၏။ သူတို့ ဖြတ်ကျော်ပြီးနောက်တွင်မူ တံခါးကို ပြန်ပိတ်ကာ လျှပ်စစ်စီးကြောင်းကို ပြန်လည် ဖွင့်ပေးလိုက်လေသည်။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် သူတို့သည် လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရာနေရာ၏ နောက် ဘက်ဝင်ပေါက်သို့ ရောက်ရှိလာကြ၏။ ရှီရွှမ်းသည် စက်ဘီးပေါ်မှ ဆင်းကာ လျှို့ဝှက်နံပါတ်ကို ရိုက် နှိပ်ပြီး လေးလံလှသော သံတံခါးကြီးကို ဖွင့်လိုက်လေသည်။
တံခါးကြီး ပွင့်လာသောအခါ သူသည် စစ်သုံးယာဉ်ကို အထဲသို့ မောင်းဝင်ရန် အချက်ပြလိုက်၏။
ကားအတွင်းသို့ ရောက်ရှိသွားသောအခါ သူသည် တံခါးကို ပြန်ပိတ်၍ သော့ခတ်လိုက်တော့သည်။