အခန်း ၃၁၈
Vol. 32 Ch. 318
အခန်း (၃၁၈)
အံ့သြခြင်းနှင့် စူးစမ်းလိုစိတ်
မကြာမီမှာပင် လီထျန်းယုသည် ကားပေါ်မှ ဆင်းလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ ရောင်ခြည်သင့်မှု ကာကွယ်ရေး ဆေးသုတ်ထားသော သတ္တုနံရံများအား တွေ့လိုက်ရလေသည်။
ရှီရွှမ်းသည် သူ၏ စက်ဘီးကို ရပ်လိုက်ရင်း ပြောလိုက်လေ၏...။
"ကပ္ပတိန်လီ... ကျွန်တော်တို့ ရှေ့မဆက်ခင်မှာ ပိုးသတ်စင်ကြယ်တဲ့ ဖြစ်စဉ်ကို အရင် ဖြတ်ကျော်ရပါ မယ်..."
လီထျန်းယုက ခေါင်းငြိမ့်ပြကာ...၊
"နားလည်ပါပြီ..."
ရှီရွှမ်းသည် နံရံအတွင်း၌ တပ်ဆင်ထားသော ထိန်းချုပ်မှု ခလုတ်အချို့ကို နှိပ်လိုက်၏။ ခဏအကြာတွင် ဖြူလွလွ မြူခိုးများ ပန်းထွက်လာပြီး မျက်နှာကျက်ရှိ မီးနီမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီးနောက် မီးစိမ်းသို့ ပြောင်းလဲသွားတော့သည်။ ထိုဖြစ်စဉ် ပြီးဆုံးသွားသောအခါ ရှီရွှမ်းသည် နောက်ထပ် ခလုတ် တစ်ခုကို နှိပ်၍ နံရံကို ဖွင့်လိုက်လေသည်။
ထို့နောက် သူသည် ရှည်လျားသော စင်္ကြံလမ်းအတွင်းသို့ လှမ်းဝင်လိုက်ရင်း... ၊
"ဒီဘက်က ကြွပါ..."
သူတို့နောက်မှ လိုက်ပါလာစဉ် စစ်သည်တစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်လေ၏...။
"ကပ္ပတိန်... ဒီနေရာရဲ့ နည်းပညာက ကျွန်တော်တို့ အခြေစိုက်စခန်းထက် ပိုပြီး အဆင့်မြင့်နေတာပဲ..."
အခြားစစ်သည်တစ်ဦးကလည်း အသံကို နှိမ့်ကာ ထောက်ခံလိုက်လေသည်...။
"ဒီနေရာကို တည်ဆောက်ဖို့ ပိုင်ရှင်က ငွေတွေ အမြောက်အမြား ရင်းနှီးမြှုပ်နှံထားမှာ သေချာတယ်..."
ကားမောင်းလာသော စစ်သည်ကလည်း ဖြည့်စွက်ပြောလိုက်လေ၏...။
"ဒီနေရာက ဘယ်လောက်တောင် ကျယ်သလဲဆိုတာ မင်းတို့ သတိထားမိလား... လူပေါင်း သိန်းနဲ့ချီပြီး အေးအေးဆေးဆေး နေလို့ရမယ် ထင်တယ်... ပိုပြီးတော့ အံ့သြဖို့ ကောင်းတာက ဒီနေရာက တောင်ကြီး တစ်ခုလုံးရဲ့ အတွင်းထဲမှာ တည်ဆောက်ထားတာပဲ..."
ပထမစစ်သည်က ခြေလှမ်းကို အရှိန် လျှော့လိုက်ရင်း...၊
"ဒီနေရာမှာ လူအနည်းငယ်ပဲ နေထိုင်ကြတယ်လို့ ကျွန်တော် ကြားတယ်... သူတို့တွေ တကယ့်ကို ကောင်းကောင်းမွန်မွန် ရှင်သန်နေကြတာပဲ ဖြစ်ရမယ်..."
သူတို့သည် အဆောက်အအုံ၏ အတိုင်းအဆနှင့် ဆန့်ဝင်နိုင်စွမ်းတို့ကို ခန့်မှန်းပြောဆိုရင်း ရှည်လျား သော စင်္ကြံလမ်းအတွင်းမှ ထွက်လာခဲ့ကြလေ၏။ မြင့်မားသော မျက်နှာကျက်ရှိသည့် ကျယ်ဝန်းလှ သော ခန်းမဆောင်ကြီးအတွင်းသို့ ရောက်ရှိသွားသောအခါ စစ်သည်များမှာ အံ့သြမှင်တက်လျက် ပါးစပ် အဟောင်းသား ဖြစ်သွားကြတော့သည်။
ဤကဲ့သို့သော တုံ့ပြန်မှုများကို ရင်းနှီးနေပြီဖြစ်သော ရှီရွှမ်းက ပြုံး၍ ပြောလိုက်လေသည်...။
"ခင်ဗျားတို့အားလုံး ဗိုက်ဆာနေကြမှာပေါ့... ကျွန်တော်တို့ ထမင်းစားခန်းမှာ နံနက်စာ ပြင်ဆင်ထား ပါတယ်... အဲဒီကို အရင်သွားကြရင် ဘယ်လိုလဲ..."
လီထျန်းယုက မငြင်းဆန်မီမှာပင် စစ်သည်သုံးဦးက စိတ်အားထက်သန်စွာဖြင့် တစ်ပြိုင်နက် ပြန်ဖြေ လိုက်ကြ၏။
"ဟုတ်ကဲ့ပါ..."
ရှီရွှမ်းက ပြုံးလျက် လမ်းပြလိုက်လေသည်။
"ဒီဘက်ကို လိုက်ခဲ့ပါ..."
လီထျန်းယုသည် သူ၏ လူများကို မျက်စောင်းထိုးကြည့်လိုက်သော်လည်း ဘာမှ မပြောတော့ပေ။ သူတို့ သည် မနေ့ကတည်းက ဘာမှ မစားရသေးသဖြင့် အလွန် ဆာလောင်နေကြသည်ကို သူ သိရှိထားသော ကြောင့် အရှက်ကို ဖယ်ကာ ဖိတ်ကြားချက်ကို လက်ခံလိုက်ရတော့သည်။
ထမင်းစားခန်းသို့ ရောက်သောအခါ လီထျန်းယုနှင့် စစ်သည်များမှာ ခင်းကျင်းထားသော အစားအ သောက် အလျှံပယ်ကို မြင်ရသဖြင့် ထပ်မံ၍ မှင်တက်သွားကြပြန်၏။ စားပွဲရှည်ကြီးပေါ်တွင် လတ် ဆတ်သော သစ်သီးဝလံများကို တင်ထားပြီး ရေခဲသေတ္တာအတွင်း၌ ရေခဲမုန့်များ ပြည့်နှက်နေလေ သည်။ ရေခဲသေတ္တာထဲတွင်လည်း အအေးမျိုးစုံနှင့် စွပ်ပြုတ်များ ရှိနေ၏။
စစ်သည်တစ်ဦးသည် မိမိ၏ မျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်သဖြင့် သူ၏ ရဲဘော်ဖြစ်သူ၏ လက်မောင်းကို ဆွဲလိမ်လိုက်လေသည်...။
"အား..."
အရေပြား လိမ်ဆွဲခံလိုက်ရသော စစ်သည်က သူ၏ လက်မောင်းကို ပွတ်ရင်း တိုးတိုးလေး မေးလိုက် လေ၏...။
"မင်း ဘာဖြစ်နေတာလဲ..."
ပထမစစ်သည်က သူ့ကို ငေးကြည့်ကာ ဝေဝါးစွာ မေးလိုက်လေသည်...။
"နာလို့လား..."
အဆွဲခံရသော စစ်သည်က မျက်စောင်းထိုးလိုက်ပြီး ပြန်ပြောလိုက်လေသည်။
"ငါ မင်းကို ပြန်လိမ်ကြည့်ရမလား... ဒါမှ နာမနာ ကိုယ်တိုင် သိရအောင်..."
ထိုနှစ်ဦး ရန်ဖြစ်နေကြစဉ် ရှီရွှမ်းက သူတို့ကို အစားအသောက် ကောင်တာဆီသို့ ခေါ်ဆောင်သွားပြီး ပြောလိုက်လေ၏...။
"ကျွန်တော် ကပ္ပတိန်ကို ခင်ဗျားတို့ ရောက်လာတဲ့အကြောင်း သွားသတင်းပို့လိုက်ဦးမယ်... အစားအ သောက်တွေကို အားရပါးရ သုံးဆောင်ကြပါဦး..."
လီထျန်းယုက ခေါင်းငြိမ့်ပြကာ...၊
"ကျေးဇူးတင်ပါတယ်..."
ရှီရွှမ်း ထွက်သွားသောအခါ လီထျန်းယုသည် သူ၏ ရှေ့မှ ပူပူနွေးနွေး အစားအသောက်များကို ကြည့် ကာ တံတွေး မျိုချလိုက်မိ၏။ သူ တုံ့ဆိုင်းနေစဉ်မှာပင် အန်တီဟန်သည် စင်္ကြံလမ်းမှတစ်ဆင့် မှိုဆန် ပြုတ်အိုးကို ကိုင်ဆောင်ကာ ဝင်လာခဲ့လေသည်။
သူစိမ်း လေးဦးကို တွေ့လိုက်ရသဖြင့် သူမ ခဏမျှ အံ့သြသွားသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်ထိန်း လိုက်လေ၏။ သူတို့သည် ခိုလှုံရာနေရာအတွင်းသို့ ရောက်နေကြသဖြင့် လုံယု သို့မဟုတ် ယောင်ရန်၏ ဧည့်သည်များ ဖြစ်ရမည်ဟု သူမ ယူဆလိုက်လေသည်။
သူမသည် ထိုလေးဦးကို ယဉ်ကျေးစွာ ပြုံးပြရင်း ဆန်ပြုတ်အိုးကို အပူပေးသည့် ကောင်တာပေါ်တွင် တင်လိုက်လေသည်။
" တစ်ခုခု ကူညီပေးရမလားရှင်..." ဟု သူမက ယဉ်ကျေးစွာ မေးလိုက်၏။
လီထျန်းယု သတိဝင်လာပြီး မေးလိုက်လေသည်...။
"ကျွန်တော်တို့ စားချင်တာကို ရွေးလို့ ရလား..."
အန်တီဟန်က နားမလည်သလို မျက်တောင်ခတ်လိုက်ပြီးမှ ပြောလိုက်လေသည်...၊
"ရတာပေါ့ရှင်..."
လီထျန်းယု၏ မျက်ဝန်းများမှာ အံ့သြမှုကြောင့် ဝိုင်းစက်သွားပြီး ထပ်မံ မေးလိုက်ပြန်လေ၏...။
"လူတစ်ယောက်ကို ဘယ်လောက်အထိ ယူလို့ ရလဲခင်ဗျ..."
ယောင်ရန်သည် သူမ၏ နေရာလွတ် စွမ်းအားနှင့် သူမ စုဆောင်းထားသော အစားအသောက်များ အကြောင်းကို ဖွင့်ပြောလိုက်ပြီးနောက်တွင် ခိုလှုံရာနေရာရှိ အစားအသောက် အရည်အသွေးမှာ သိသိသာသာ တိုးတက်လာခဲ့လေသည်။
ယခုအခါ သူတို့သည် လတ်ဆတ်သော အသားများ၊ ပင်လယ်စာများ၊ သစ်သီးဝလံများနှင့် အခြားသော အစားအစာများကို သုံးဆောင်နိုင်ကြပြီ ဖြစ်၏။ ယောင်ရန်၏ ထောက်ပံ့မှုအပြင် ယခုအခါ သူတို့ ကိုယ်တိုင်လည်း အစားအသောက်များ ထုတ်လုပ်နေပြီ ဖြစ်ရာ ဤနေရာတွင် စားနပ်ရိက္ခာ အကန့် အသတ် မရှိတော့ပေ။
ဟန်မိခင်သည် လီထျန်းယု၏ မေးခွန်းကို ကြားသောအခါ တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် သူမ၏ မျက်နှာထားမှာ နူးညံ့သွားတော့သည်။
သူမသည် စားပွဲတင်ဗန်း တစ်ခုကို ယူလိုက်ရင်း မေးလိုက်လေ၏...။
"ရှင် ဘာများ သုံးဆောင်လိုပါသလဲ... ဒီနေ့တော့ မှိုဆန်ပြုတ် ရှိပါတယ်... မြည်းကြည့်ချင်လား..."
ခဏမျှ စဉ်းစားပြီးနောက် လီထျန်းယုက ခေါင်းငြိမ့်ပြကာ... ၊
"ဟုတ်ကဲ့... ပေးပါခင်ဗျာ..."
အန်တီဟန်သည် ဆန်ပြုတ်တစ်ပန်းကန်ကို ခပ်ထည့်ပေးပြီး ဗန်းပေါ်တွင် တင်ပေးလိုက်၏။ ထို့နောက် ကြက်သွန်မြိတ် ပန်ကိတ်မုန့် သုံးခု၊ အသားပေါက်စီ သုံးခု၊ အီကြာကွေး နှစ်ခု၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီး ဆလတ် တစ်ပန်းကန်နှင့် ပူပူနွေးနွေး ပဲနို့တစ်ခွက်တို့ကို ထပ်မံ ထည့်ပေးလိုက်လေသည်။
အစားအသောက်များ ပြည့်နှက်နေသော ဗန်းကို သူ့အား ကမ်းပေးရင်း သူမက ပြောလိုက်လေသည်...။
"ဗိုက်မဝသေးရင် ထပ်ယူလို့ ရပါတယ်ရှင်... ကျွန်မတို့ဆီမှာတော့ တစ်ယောက်ကို ဘယ်လောက် စားရ မယ်ဆိုတဲ့ အကန့်အသတ် မရှိပါဘူး... ဟိုဘက်မှာလည်း ရေခဲမုန့်တွေ၊ သစ်သီးတွေနဲ့ အအေး၊ အပူမျိုး စုံ သွားယူလို့ ရပါသေးတယ်..."
ထို့နောက် စစ်သည်သုံးဦးဘက်သို့ လှည့်ကာ မေးလိုက်လေ၏။
"ရှင်တို့လည်း အကူအညီ လိုဦးမလားရှင်..."
စစ်သည်သုံးဦးမှာ လျင်မြန်စွာပင် ခေါင်းခါယမ်းကြပြီး ပြန်ဖြေကြလေသည်။
"ကျွန်တော်တို့ဘာသာပဲ ယူလိုက်ပါ့မယ်..."
အန်တီဟန်က ပြုံးလျက်...၊
"တစ်ခုခု လိုအပ်ရင် မီးဖိုချောင်မှာ ရှိနေပါ့မယ်နော်..."
ထိုသို့ ပြောပြီးနောက် သူမသည် ဆက်သွယ်ထားသော စင်္ကြံလမ်းမှတစ်ဆင့် ထွက်ခွာသွားခဲ့လေသည်။
တံခါး ပိတ်သွားပြီးနောက် လီထျန်းယုက စစ်သည်များဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်လေသည်။...
"စားစရာတွေ သွားယူပြီး အရင် စားကြစမ်း..."
စစ်သည်များ၏ မျက်ဝန်းများမှာ ဝင်းလက်သွားကြပြီး...၊
"ဟုတ်ကဲ့ပါ ကပ္ပတိန်..." ဟု စိတ်အားထက်သန်စွာ ပြန်ထူးကြတော့သည်။
သူတို့ အစားစားနေကြစဉ်အတွင်း ရှီရွှမ်းသည် ထိန်းချုပ်ရေးခန်း၌ လုံယုနှင့် ယောင်ရန်တို့ကို ရှာတွေ့ ခဲ့လေ၏။
သူက အထဲသို့ ဝင်လာရင်း...၊
"ခေါင်းဆောင်... ကျွန်တော် ကပ္ပတိန်လီနဲ့ သူ၏ အဖွဲ့သားတွေကို ထမင်းစားခန်းကို ပို့ပေးခဲ့ပါပြီ... အခု တော့ သူတို့ စားနေကြလောက်ပြီ ထင်တယ်..."
လုံယုက ခေါင်းငြိမ့်ပြကာ...၊
"ကောင်းပြီလေ..."
လုံယုသည် မနေ့ညက စောင့်ကြည့်ကင်မရာ မှတ်တမ်းကို ကြည့်ရှုနေသည်ကို မြင်သောအခါ ရှီရွှမ်းက မေးလိုက်လေ၏...။
"သူ့ကို အခုပဲ သွားတွေ့ချင်လား..."
"မလောပါနဲ့ဦး... သူတို့ကို အရင်ဆုံး ဗိုက်ဝအောင် စားပါစေဦး..."
လုံယုက တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။
မှတ်တမ်းဗီဒီယိုကို သုံးကြိမ်မြောက် စစ်ဆေးပြီးနောက်တွင်မှ လုံယုက ထရပ်ကာ ပြောလိုက်လေသည်၊
"သွားကြစို့..."
ထိန်းချုပ်ရေးခန်းမှ ထွက်လာပြီးနောက် သူတို့ သုံးဦးသည် ထမင်းစားခန်းသို့ ဦးတည်လိုက်ကြလေ၏။ ရောက်ရှိသွားသောအခါ လီထျန်းယုနှင့် သူ၏ အဖွဲ့သားများသည် ဟန်မိခင်အား ပန်းကန်များ ဆေးကြော ရန် ကူညီပေးနေကြသည်ကို တွေ့လိုက်ရလေသည်။
ယောင်ရန်က လုံယုကို ကြည့်ကာ မျက်ခုံးအသာပင့်ရင်း မေးလိုက်လေ၏...။
"အာယု... ရှင့်တို့ စစ်တပ်ထဲမှာ အိမ်မှုကိစ္စတွေ လုပ်ဖို့ရော လေ့ကျင့်ပေးကြတာလား..."