အခန်း ၃၁၉
Vol. 32 Ch. 319
အခန်း (၃၁၉)
သတင်းပေါက်ကြားခြင်း
ယောင်ရန်၏ မေးခွန်းကို ကြားသောအခါ လုံယုက ပြုံးလျက် ပြန်လည် ဖြေကြားလိုက်လေသည်...၊
"ဟုတ်တယ်လေ... ကိုယ်တို့တွေ အလှည့်ကျ သန့်ရှင်းရေး လုပ်ရသလို ကိုယ့်ရဲ့ အဝတ်အစားတွေ၊ ပန်းကန်တွေနဲ့ အိပ်ရာတွေကိုတော့ ကိုယ်တိုင်ပဲ အမြဲ ကိုင်တွယ်ရတာပေါ့..."
ယောင်ရန်က သဘောတူကြောင်း ခေါင်းငြိမ့်ပြရင်း ပြောလိုက်လေသည်...။
"အဲဒါကြောင့်လည်း ရှင်က ကျွန်မရဲ့ အိပ်ရာကို သေသပ်အောင် ပြင်ပေးနိုင်တာကိုး..."
ထိုစကားကို ကြားသောအခါ ရှီရွှမ်းသည် သူတို့နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးနေမိ လေသည်...။
*ငါကတော့ အခမဲ့နဲ့ ဘာတွေ ကြားနေရတာလဲ...*
တစ်ဖက်တွင်လည်း အန်တီဟန်က စစ်သည်များကို ပြုံးကြည့်ကာ ပြောလိုက်လေ၏...။
"ကူညီပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်... ဒါပေမဲ့ ရှင်တို့က ဧည့်သည်တွေပဲလေ... ဒီလို ကိစ္စ သေးသေးလေးတွေကိုတော့ ကျွန်မပဲ လုပ်ပါရစေ..."
လီထျန်းယုက ယဉ်ကျေးစွာပင် ပြန်ဖြေလိုက်လေသည်...။
"ဒါက ကျွန်တော်တို့ လုပ်ပေးနိုင်တဲ့ အနည်းငယ်သော အရာလေးပါခင်ဗျာ..."
လုံယုကို မြင်သောအခါ အန်တီဟန်က နှုတ်ဆက်လိုက်လေသည်...၊
"ခေါင်းဆောင်... ရောက်လာပြီလား..."
လုံယုက ခေါင်းငြိမ့်ပြကာ နှုတ်ဆက်လိုက်လေ၏...၊
"မင်္ဂလာနံနက်ခင်းပါ အန်တီဟန်..."
ဟန်မိခင်က နွေးထွေးစွာ ပြုံးလျက် ပြောလိုက်လေသည်...၊
"မင်္ဂလာပါရှင်... နံနက်စာ အဆင်သင့် ဖြစ်နေပါပြီ... အရင် သုံးဆောင်ကြပါဦး..."
ဟန်မိခင် ထွက်သွားပြီးနောက် လုံယုသည် လီထျန်းယုဘက်သို့ လှည့်ကာ ပြောလိုက်၏...၊
"ခေါင်းဆောင်လီ... ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါဦး..."
လီထျန်းယုက ခေါင်းငြိမ့်ပြကာ အခြားသူများနှင့်အတူ ဘေးဘက် ခန်းမဆောင်သို့ လိုက်ပါသွားတော့ သည်။
စားပွဲရှည်ကြီးတွင် ဝိုင်းထိုင်ပြီးနောက် လုံယုက မေးလိုက်လေ၏...၊
"ကပ္ပတိန်လီ... ရှင် ဒီနေရာကို ဘယ်လို သိတာလဲ..."
"ကျွန်တော် ကပ္ပတိန်ဝူကို မေးလိုက်တာလေ... သူ ပြီးခဲ့တဲ့ တာဝန်တုန်းက ရှင့်ကို တွေ့ခဲ့တယ်ဆိုလို့ ရှင့် ကို ဘယ်လို ရှာရမလဲ မေးကြည့်ရာကနေ ဒီနေရာကို သိလိုက်ရတာပါ..."
လီထျန်းယုက အမှန်အတိုင်း ဖြေလေသည်။
လုံယုက ခဏမျှ စဉ်းစားပြီးနောက် ထပ်မံ မေးလိုက်လေ၏...၊
"ခင်ဗျားမှာ ကျွန်တော့်ကို ပြောစရာ အရေးကြီးတာ တစ်ခုခု ရှိလို့လား..."
လီထျန်းယုက ခေါင်းငြိမ့်ပြလိုက်ရင်း သူ၏ ကျောပိုးအိတ်ထဲမှ အစီရင်ခံစာတစ်ခုကို ထုတ်၍ လုံယုထံ သို့ ကမ်းပေးလိုက်လေသည်။
လုံယုက အစီရင်ခံစာကို ဖတ်နေစဉ်အတွင်း လီထျန်းယုက ရှင်းပြလေသည်...။
"လွန်ခဲ့တဲ့ သုံးရက်က စွမ်းအားရှင် အဖွဲ့တစ်ဖွဲ့ ဒဏ်ရာ အပြင်းအထန်တွေနဲ့ ပြန်ရောက်လာကြတယ်... ဆရာဝန်တွေက သူတို့ကို ကုသပေးပြီးနောက်ကျတော့ ဆေးရုံက ဒီကိစ္စကို ဒုတိယတပ်မတော်ဆီ သတင်းပို့ခဲ့ တယ်လေ... ကျွန်တော်တို့ စုံစမ်းကြည့်တော့ သူတို့ကို မိစ္ဆာအုပ်စု တစ်စုက တိုက်ခိုက်ခဲ့ တာဖြစ်နေတယ်..."
သူက လုံယု၏ လက်ထဲရှိ အစီရင်ခံစာကို လက်ညှိုးထိုးပြကာ ဆက်ပြောလိုက်လေသည်...။
"အဲဒီ မိစ္ဆာတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ အားလုံးက ဒီအထဲမှာ ပါပါတယ်..."
လုံယု၏ ဘေးတွင် ထိုင်နေသော ယောင်ရန်နှင့် ရှီရွှမ်းတို့သည်လည်း ထိုအစီရင်ခံစာကို အတူတကွ ဖတ် ကြည့်နေခဲ့ကြလေ၏။ ယောင်ရန်သည် မိစ္ဆာဟု ခေါ်ဆိုသော သတ္တဝါများ၏ ဝေဝါးနေသော ပုံရိပ်ကို မြင် လိုက်ရသောအခါ လုံယုကို တစ်ချက် ကြည့်လိုက်လေသည်။ လုံယုသည်လည်း သူမကို တစ်ပြိုင်နက် တည်း ကြည့်လိုက်ကြလေ၏။ ဤမိစ္ဆာများမှာ မည်သူများ ဖြစ်နိုင်သနည်း ဆိုသည်ကို သူတို့နှစ်ဦးစလုံး တူညီသော အတွေးတစ်ခု ရှိနေပုံရပေသည်။
အစီရင်ခံစာကို ဖတ်ပြီးနောက် ရှီရွှမ်းက မယုံကြည်နိုင်သလို မေးလိုက်၏...။
"အသားနှစ်တွေလို ပုံစံမျိုးရှိတဲ့ မိစ္ဆာတွေ တကယ်ရှိတာလား... အဲဒါက အရမ်း ရွံစရာ မကောင်းနေ ဘူးလား..."
လီထျန်းယု၏ မျက်နှာမှာ တည်တံ့သွားကာ ပြန်လည် ဖြေကြားလိုက်လေသည်...၊
"အဲဒီ ရွံစရာကောင်းတဲ့ မိစ္ဆာတွေက တစ်ချိန်တုန်းက လူသားတွေပါပဲ..."
"ဘာ..."
ရှီရွှမ်းသည် အလွန်အမင်း အံ့သြသွားသဖြင့် သူ၏ တည်ငြိမ်မှုမှာ ခေတ္တမျှ ပျောက်ကွယ်သွားခဲ့ရလေ၏။
ဤအချက်မှာ မည်မျှ တုန်လှုပ်ဖွယ် ကောင်းသည်ကို သိရှိထားသဖြင့် လီထျန်းယုက ထပ်မံ ရှင်းပြ လိုက်လေသည်...။
"ကျွန်တော်တို့ ဒီအချက်ကို သိလိုက်ရတုန်းကလည်း ခင်ဗျားလိုပဲ အံ့သြခဲ့ရတာပါ..."
"အဲဒီ မိစ္ဆာတွေက ရောင်ခြည်သင့်မှုနဲ့ မျိုးရိုးဗီဇပြောင်းလဲမှုတွေကြောင့် ပုံသဏ္ဍာန်ပျက်သွားပြီး စိတ် ဖောက်ပြန်သွားကြတဲ့ လူသားတွေပါပဲ... သူတို့က မျိုးရိုးဗီဇပြောင်း တိရစ္ဆာန်တွေ၊ အပင်တွေနဲ့ လူသား တွေကိုပါ စားသုံးလာကြတဲ့အခါမှာ ပုံပျက်တာက ပိုဆိုးလာပြီး အသိဉာဏ်မဲ့တဲ့ သတ္တဝါတွေအဖြစ် ပြောင်းလဲသွားကြတာ ဖြစ်ရမယ်..."
ထိုစကားကို ကြားသောအခါ လုံယုက မေးလိုက်လေ၏...၊
"ဒါနဲ့ ကျွန်တော်တို့ဆီက ဘာလိုချင်တာလဲ..."
လီထျန်းယုက ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်လေသည်...။
"ကျွန်တော့်ရဲ့ တပ်မှူးချုပ်က ကပ္ပတိန်လုံဆီကနေ အကူအညီ တောင်းခိုင်းလိုက်လို့ပါ..."
လုံယုက မျက်ခုံးအသာပင့်ကာ မေးလိုက်လေသည်...၊
"တုကျောက်ယီက တကယ်ပဲ ခေါင်းငုံ့ပြီး ကျွန်တော့်ဆီမှာ အကူအညီ လာတောင်းတာလား..."
လီထျန်းယုက အနေခက်စွာဖြင့် ချောင်းတစ်ချက်ဟန့်ကာ ပြန်ဖြေလိုက်၏...၊
"ကပ္ပတိန်လုံ... အဲဒီ ကိစ္စက ဖြစ်ခဲ့တာ ကြာပါပြီ... ခင်ဗျားခုထိ တပ်မှူးချုပ်တုအပေါ် အငြှိုး ထားနေတုန်း ပဲလား..."
ယောင်ရန်က စူးစမ်းလိုစိတ်ဖြင့် လုံယုဘက်သို့ လှည့်ကာ မေးလိုက်သည်...၊
"ရှင်နဲ့ အဲ့ဒီတပ်မှူးချုပ်တု ကြားမှာ ဘာတွေ ဖြစ်ခဲ့လို့လဲ..."
လုံယုက ခေါင်းငြိမ့်ပြသော်လည်း သူ စကားမစရသေးမီမှာပင် ရှီရွှမ်းက တခစ်ခစ် ရယ်မောကာ စနောက်လိုက်လေ၏...၊
"အဲဒါက မင်္ဂလာမရှိသော အချစ်ဇာတ်လမ်း တစ်ခုပါပဲ..."
ထိုစကားကြောင့် ယောင်ရန် စိတ်ဝင်စားသွား၏။ သို့သော်လည်း လောလောဆယ်တွင် ဆွေးနွေးစရာ ပိုမို အရေးကြီးသည့် ကိစ္စရှိနေသဖြင့် သူမက ထပ်ပြီး မမေးတော့ရန် ဆုံးဖြတ်လိုက်လေသည်။
လုံယုသည် ရှီရွှမ်းကို သတိပေးသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီးနောက် ယောင်ရန်၏ လက်ကို အသာအယာ ဆုပ်ကိုင်ကာ ပြောလေသည်..၊
"နောက်မှ ကိုယ် အေးအေးဆေးဆေး ရှင်းပြမယ်နော်..."
ထို့နောက် သူက လီထျန်းယုဘက်သို့ လှည့်ကာ မေးလိုက်လေ၏...၊
"တုကျောက်ယီက ကျွန်တော့်ကို အဲဒီ မိစ္ဆာတွေကို သွားနှိမ်နင်းခိုင်းစေချင်တာလား..."
လုံယုက ကူညီရန် စိတ်ဝင်စားနေသည်ဟု ထင်လိုက်သဖြင့် လီထျန်းယုက ပြုံးလျက် ပြန်ဖြေလေ သည်...။
"အဲဒါတင် မကပါဘူး... အမှန်တော့ တပ်မှူးချုပ်တုက မယောင်ရန်ရဲ့ အကူအညီကိုပါ တောင်းခံနေ တာပါ..."
ထိုစကားကို ကြားရသောအခါ လုံယု၏ မျက်နှာမှာ မကျေနပ်မှုကြောင့် မဲမှောင်သွားတော့၏။
သူ၏ တုံ့ပြန်မှုကို သတိပြုမိသဖြင့် လီထျန်းယုက တုံ့ဆိုင်းစွာဖြင့် ဆက်လက် ရှင်းပြလိုက်လေသည်...။
"သူ ဘယ်လို သိသွားသလဲဆိုတာ ကျွန်တော်လည်း မသေချာဘူး... ဒါပေမဲ့ တပ်မှူးချုပ်တုက မယောင်ရန်ဆီမှာ ပုံသဏ္ဍာန် ပျက်ယွင်းတာကို ကုသပေးနိုင်တဲ့ ဆေးရှိနေတာကို သိသွားခဲ့တာပါ..."
ထိုစကားကြောင့် လုံယု၏ မျက်နှာထားမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့၏။
သူ၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ ယောင်ရန်သည် သူ၏ လက်ကို အမြန် ဆုပ်ကိုင် လိုက်ပြီး လီထျန်းယုကို မေးလိုက်လေသည်...။
"ကပ္ပတိန်လီ... ကျွန်မ ကုသပေးခဲ့တဲ့ စစ်သည်တွေက သတင်းပေါက်ကြားအောင် လုပ်လိုက်တာလား..."
ယောင်ရန် ကုသပေးခဲ့သော စစ်သည်သုံးဦးမှာ ချက်ချင်းပင် ငြင်းဆိုကြတော့၏။
"မဟုတ်ပါဘူး... ကျွန်တော်တို့ ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး..."
"ကျွန်တော်တို့ ရဲဘော်တွေကလည်း အစ်မကို သစ္စာဖောက်မှာ မဟုတ်ပါဘူး..."
"ဟုတ်ပါတယ်... အစ်မက ကျွန်တော်တို့ရဲ့ အသက်သခင်ပါ... ကျွန်တော်တို့ သေရင်သေပါစေ အစ်မ အကြောင်းကိုတော့ ဘယ်တော့မှ ထုတ်မပြောပါဘူး..."
သူတို့၏ စိတ်ရင်းမှန်သော အမူအရာများကို ကြည့်ရင်း ယောင်ရန်သည် စစ်သည်များဆီ သွားရောက် စဉ်က သူတို့နောက်သို့ လိုက်ပါလာခဲ့သော လူတစ်စုကို ပြန်လည် သတိရလိုက်လေသည်။
"ရှင့်ရဲ့ တပ်မှူးချုပ်က ရှင့်ကို မယုံကြည်ခဲ့တာ ဖြစ်ရမယ် ကပ္ပတိန်လီ..."
သူမက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။ လီထျန်းယုက အံ့သြသွားကာ မေးလိုက်လေသည်။
"ဘာလို့ အဲဒီလို ပြောရတာလဲ မယောင်ရန်..."
ယောင်ရန်က ရှင်းပြလေသည်... ။
"ကျွန်မတို့ ရှင့်ရဲ့ ရဲဘော်တွေဆီ သွားတုန်းက လူတစ်စုက ကျွန်မတို့နောက်ကို လိုက်နေခဲ့တာလေ... အစ တုန်းကတော့ အာယုနဲ့ ကျွန်မက သူတို့တွေ ကျွန်မတို့ကို စောင့်ကြည့်နေတာလို့ ထင်ခဲ့တာ... ဒါပေမဲ့ ကျွန်မတို့ ထွက်လာတဲ့ အခါကျတော့ သူတို့က ရှင့်တို့ရှိနေတဲ့ အဆောက်အအုံကို သိမ်းငှက်တွေလို စောင့်ကြည့်ပြီး ကျန်နေခဲ့ကြတာ..."
"ရှင့်တို့ဘက်က သတင်းမပေါက်ကြားဘူးဆိုရင်တော့... တစ်ခုတည်းသော ဖြစ်နိုင်ခြေက ရှင့်ရဲ့ တပ်မှူးချုပ်က ရှင့်ကို စောင့်ကြည့်ဖို့ အဲဒီလူတွေကို လွှတ်လိုက်တာပဲ ဖြစ်ရမယ်..."
ထိုစကားကို ကြားသောအခါ လီထျန်းယုသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ သူ၏ လက်ဆစ်များမှာ ဖြူလျော်သွားတော့၏။ သူ၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်ရင်း လုံယုက မှတ်ချက်ပေးလိုက်သည်...။
"တုကျောက်ယီက ဘယ်သူ့ကိုမှ မယုံကြည်တတ်မှန်း မင်း သိတာပဲ... သူ မင်းနောက်ကို သူလျှိုတွေ လွှတ်ထားတာက အံ့သြစရာ မဟုတ်ပါဘူး..."
ထိုစကားကြောင့် လီထျန်းယုသည် စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီး ခေါင်းကို ငိုက်စိုက်ချ လိုက် လေသည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက သက်ပြင်းချကာ ပြောလာလေသည်...။
"မယောင်ရန်... ကပ္ပတိန်လုံ... ခင်ဗျားတို့ကို ဒီပြဿနာတွေထဲ ဆွဲသွင်းမိတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်..."
ယောင်ရန်က နွေးထွေးစွာ ပြုံးပြရင်း ပြန်ဖြေလေသည်...။
"ဒါက ရှင့်ရဲ့ အပြစ်တင် မဟုတ်ပါဘူး... တကယ်လို့ အဲဒီနေ့က ဒီလူတွေကို ကျွန်မတို့ ရှင်းလင်းခဲ့မယ် ဆိုရင် တုကျောက်ယီက ကျွန်မအကြောင်း ဒါမှမဟုတ် ဒီဆေးအကြောင်းကို သိလာမှာ မဟုတ်ဘူးလေ... ဒါပေမဲ့ အဲဒီလို လုပ်ခဲ့ရင်လည်း ကျွန်မတို့က ရန်သူတွေ ဖြစ်သွားကြမှာပဲ..."