အခန်း ၃၂၀
Vol. 32 Ch. 320
အခန်း (၃၂၀) ကျွန်မတို့နဲ့ ဘာလို့ မပူးပေါင်းတာလဲ
လုံယုသည် ယောင်ရန်ကို ကြည့်ကာ မေးလိုက်လေသည်...။
"ရန်ရန်... မင်း ဘယ်လို ထင်လဲ... သူတို့ကို ကူညီပေးချင်လား..."
ယောင်ရန်သည် ခဏမျှ စဉ်းစားပြီးနောက် ပြန်လည် ဖြေလိုက်လေ၏...၊
"သတင်းက ကျွန်မ ထင်ထားတာထက် စောပြီး ပျံ့သွားပေမဲ့လည်း... ကျွန်မတို့မှာ ပုံသဏ္ဍာန်ပျက်တာကို ကုသပေးနိုင်တဲ့ ဆေးရှိတယ်ဆိုတာကို လူတွေ သိအောင် လုပ်ဖို့တော့ စီစဉ်ထားပြီးသားပဲ... သူက ဆေး ပဲ လိုချင်တာဆိုရင်တော့ ပေးလို့ ရပါတယ်... ဒါပေမဲ့ ကျွန်မမှာ စည်းကမ်းချက် တချို့တော့ ရှိတယ်..."
လီထျန်းယုက ခေါင်းငြိမ့်ပြကာ ပြောလိုက်၏...။
"မယောင်ရန်... ကျွန်တော် နားထောင်နေပါတယ်..."
ယောင်ရန်က ပြုံးလျက်...၊
"ပထမအချက်က... ကျွန်မနဲ့ တုကျောက်ယီနဲ့က လူချင်း မသိတာကြောင့် ဒီဆေးအတွက် သူ့ကို အခ ကြေးငွေ ယူပါ့မယ်... ဒုတိယအချက်က... ဒီဆေးကို ထုတ်လုပ်ဖို့ ခက်ခဲတာကြောင့် တစ်လကို သတ် မှတ်ထားတဲ့ ပမာဏကိုပဲ ပေးနိုင်မယ်... တတိယအချက်ကတော့... တကယ်လို့ သူက ဒီဆေးကို မတော် မလျော်တဲ့ ရည်ရွယ်ချက်တွေအတွက် သုံးနေတာ သိရင်တော့ ဆေးပေးတာကို လုံးဝ ရပ်ပစ်မှာပေါ့..."
သူမ၏ စည်းကမ်းချက်များကို ကြားပြီးနောက် လီထျန်းယုက ခေါင်းငြိမ့်ပြလိုက်လေ၏...။
"အစ်မရဲ့ စည်းကမ်းချက်တွေကို ကျွန်တော့်ရဲ့ တပ်မှူးချုပ်ဆီ သတင်းပို့လိုက်ပါ့မယ်... ပြီးမှ သူ ဘယ်လို ပြန်ပြောမလဲဆိုတာကို အကြောင်းကြားပေးပါ့မယ်..."
ဆုံးဖြတ်ချက် ချရန် အချိန်ယူရမည် ဖြစ်သောကြောင့် လုံယုက ပြောလိုက်လေသည်...။
"ကပ္ပတိန်လီ... ရှင်နဲ့ ရှင့်ရဲ့ အဖွဲ့သားတွေ လောလောဆယ် ဒီမှာပဲ ခဏ တည်းခိုသွားလို့ ရပါတယ်..."
"ကျေးဇူးတင်ပါတယ်..."
ဆွေးနွေးမှု ပြီးဆုံးသွားသဖြင့် လုံယုက ယောင်ရန်၏ လက်ကို ဆုပ်ကိုင်လိုက်ကာ...၊
"အာရွှမ်းက ရှင့်တို့ကို ပတ်ပြပါလိမ့်မယ်... ဒီမှာ နေထိုင်စဉ်အတွင်း စိတ်အေးလက်အေး နေကြပါ..."
သူ ထရပ်ရန် ပြင်လိုက်စဉ်မှာပင် လီထျန်းယုက တားလိုက်လေ၏...။
"ကပ္ပတိန်လုံ... ခဏလောက် စောင့်ပါဦး..."
"တခြား ကိစ္စ ရှိသေးလို့လား..." ဟု လုံယုက မေးလိုက်သည်။
လီထျန်းယုက ပြန်ဖြေလေသည်...၊
"အခြေစိုက်စခန်းမှာ လုပ်နေတဲ့ စမ်းသပ်မှုတွေ အကြောင်းပါ..."
ထိုစကားကြောင့် လုံယုသည် နေရာတွင် ပြန်ထိုင်လိုက်ပြီး မေးလိုက်လေ၏။
"မင်း တစ်ခုခု စုံစမ်းပြီး သိထားတာ ရှိလို့လား..."
လီထျန်းယုက ခေါင်းငြိမ့်ပြကာ...၊
"ပျောက်ဆုံးသွားတဲ့ စွမ်းအားရှင်တွေက ဓာတ်ခွဲခန်းကို တစ်ခါမှ မရောက်ဖူးကြဘူးဆိုတာ ကျွန်တော် သိလိုက်ရတယ်... သူတို့တွေက အခြေစိုက်စခန်းကို ရောက်ပြီး နှစ်နာရီအတွင်းမှာတင် ပျောက်ကွယ် သွားကြတာ..."
"ဓာတ်ခွဲခန်းကို သွားတဲ့လူတွေကတော့ စစ်ဆေးမှု တချို့မှာ ပါဝင်ပေးဖို့နဲ့ သွေးအနည်းငယ် လှူဒါန်းပေး ဖို့အတွက် အခကြေးငွေ ရရှိကြတယ်... ဟိုင်ချန် အခြေစိုက်စခန်းက ခေါင်းဆောင် သုံးယောက် ပူးပေါင်း ပြီးနောက်မှာတော့ သိပ္ပံပညာရှင်တွေရဲ့ သုတေသန လုပ်ငန်းတွေက သူတို့ရဲ့ အကူအညီနဲ့ အများကြီး တိုးတက်လာတယ်လို့ ကြားရပါတယ်..."
သူ၏ စကားကို နားထောင်ပြီးနောက် ယောင်ရန်က ခဏမျှ စဉ်းစားကာ ပြောလေသည်...၊
"အခြေစိုက်စခန်းက သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ သွေးအတွက် အခကြေးငွေ ပေးတယ်ဆိုရင်တော့ ... သူတို့က စွမ်းအားတွေအပေါ် သုတေသန လုပ်နေရုံပဲ ဖြစ်ပြီး လူသားတွေအပေါ်ကို စမ်းသပ်နေတာ မဟုတ်လောက်ဘူး... အဲဒါကြောင့် ပျောက်ဆုံးသွားတဲ့ စွမ်းအားရှင်တွေက တခြား တစ်ယောက် ယောက်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာ ဖြစ်နိုင်တယ်..."
သူမ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ယောင်ရန်နှင့် လုံယုတို့သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိ ပြုမိသွားခဲ့ကြလေ၏။ သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး...၊
"သေတ္တာတော်..." ဟု တစ်ပြိုင်နက်တည်း ပြောလိုက်ကြလေသည်။
လီထျန်းယုက ထိုအမည်ကို မရင်းနှီးသဖြင့် မေးလိုက်၏...။
"သေတ္တာတော် ဆိုတာ ဘာလဲဟင်..."
ကောက်ရှုဝေမှလွဲ၍ သေတ္တာတော်၏ အစစ်အမှန် ရည်ရွယ်ချက် သို့မဟုတ် ၎င်း၏ နောက်ကွယ်မှ လူ များကို သေချာ မသိရသေးသဖြင့် ယောင်ရန်က ဝေဝါးစွာပင် ပြန်ဖြေလိုက်လေသည်...။
"ဒါက လူသားတွေအပေါ် စမ်းသပ်မှုတွေ လုပ်နေတဲ့ လျှို့ဝှက် အဖွဲ့အစည်းတစ်ခုပါ... ကျွန်မလည်း သူတို့အကြောင်း အများကြီး မသိသေးပေမယ့်... ပျောက်ဆုံးသွားတဲ့ စွမ်းအားရှင်တွေအတွက် သူတို့မှာ တာဝန်ရှိနိုင်တယ်..."
လီထျန်းယု ထိုစကားကို ကြားသောအခါ မျက်မှောင်အပြင်းအထန် ကြုတ်သွားကာ...၊
"ကျွန်တော် ဒီအဖွဲ့အစည်းအကြောင်းကို စုံစမ်းဖို့ လိုအပ်လိမ့်မယ် ထင်တယ်..."
လုံယုက သူ့ကို ကြည့်ကာ သတိပေးလိုက်လေသည်...။
"သေတ္တာတော် အကြောင်း စုံစမ်းတဲ့ အခါမှာ တော်တော်လေး သတိထားရမယ်... သူတို့ရဲ့ အဆက် အသွယ်တွေ၊ ဩဇာအာဏာနဲ့ အင်အားတွေက ခင်ဗျား ထင်ထားတာထက် အများကြီး ပိုကြီးမား တယ်..."
"အခုအထိ ကျွန်တော်တို့ သိရသလောက်ဆိုရင် သေတ္တာတော် ရဲ့ အဖွဲ့ဝင်တွေက ဗဟိုအစိုးရနဲ့ စစ်တပ် အတွင်းအထိ ထိုးဖောက် ဝင်ရောက်နေကြပြီ... တချို့ဆိုရင် ဩဇာကြီးမားပြီး ချမ်းသာတဲ့ မိသားစုတွေရဲ့ ခေါင်းဆောင်တွေတောင် ဖြစ်နေကြတာ... တကယ်လို့ ခင်ဗျား သူတို့ကို စုံစမ်းနေတယ်ဆိုတာ သူတို့ သိသွားရင် ခင်ဗျားရဲ့ အသက်ကို နှမြောနေမှာ မဟုတ်ဘူး..."
သူသည် စကားကို ခဏရပ်ကာ ဆက်ပြောလေသည်...။
"သူတို့က သုတေသနနဲ့ နည်းပညာပိုင်းမှာ ကျွမ်းကျင်သလို... လုပ်ကြံသတ်ဖြတ်မှုတွေမှာလည်း အရမ်းကို ကျွမ်းကျင်ကြတယ်..."
ထိုစကားကြောင့် လီထျန်းယု၏ မျက်ဝန်းများမှာ မှောင်မှိုင်သွားကာ...၊
"သူတို့ ခင်ဗျားကို ပစ်မှတ်ထားပြီးပြီပေါ့..."
၎င်းမှာ မေးခွန်းတစ်ခု မဟုတ်ဘဲ အတည်ပြုချက် တစ်ခုသာ ဖြစ်ပေသည်။
လုံယုနှင့် အခြားသူများ ခေါင်းငြိမ့်ပြသည်ကို မြင်သောအခါ လီထျန်းယုသည် လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်လိုက်ပြီး...၊
"ကပ္ပတိန်လုံ ပြောတာတွေသာ အမှန်ဆိုရင်တော့... စစ်တပ်ထဲက ဘယ်အဆင့်မြင့် အရာရှိကိုမှ ကျွန်တော် ယုံကြည်လို့ မရတော့ဘူး..."
လုံယုက ထပ်မံ၍ ခေါင်းငြိမ့်ပြလိုက်ရာ အခန်းအတွင်းမှာ တိတ်ဆိတ်မှုများ လွှမ်းမိုးသွားတော့သည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ယောင်ရန်က ပြောလိုက်၏... ။
"ကပ္ပတိန်လီ... တကယ်လို့ ရှင် စစ်တပ်ကို မယုံကြည်နိုင်တော့ဘူးဆိုရင်... ကျွန်မတို့နဲ့ ဘာလို့ မပူး ပေါင်းတာလဲ..."
သူမ၏ အကြံပြုချက်ကြောင့် လီထျန်းယုနှင့် စစ်သည်သုံးဦးမှာ အံ့သြသွားကြသလို၊ လုံယုနှင့် ရှီရွှမ်း တို့ပင် အနည်းငယ် အံ့သြသွားကြလေသည်။
သူတို့၏ တုံ့ပြန်မှုများကို သတိပြုမိသောကြောင့် ယောင်ရန်က ဆက်ပြောလိုက်လေသည်...။
"ကျွန်မတို့ရဲ့ ရည်မှန်းချက်က သေတ္တာတော် ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီး သူတို့ကို အမြစ်ပြတ် ရှင်းလင်းဖို့ပဲ... သေတ္တာတော် က ကျွန်မတို့ တစ်ဖွဲ့တည်း တိုက်ခိုက်ဖို့အတွက် အရမ်း အင်အားကြီးမား လွန်းတယ်... ရှင့်တို့လို အရည်အချင်းရှိတဲ့ လူတွေရဲ့ အကူအညီကို ကျွန်မတို့ လိုအပ်ပါတယ်... တကယ် လို့ ရှင်တို့လည်း ရည်ရွယ်ချက် တူတယ်ဆိုရင်တော့ ကျွန်မတို့က ဝမ်းသာအားရ ကြိုဆိုနေမှာပါ..."
သူမ ပြောသည်ကို နားထောင်ရင်း လီထျန်းယုမှာ အတွေးနက်သွားတော့၏။
စစ်သည်တစ်ဦးအနေဖြင့် မိမိ၏ တစ်သက်တာ တာဝန်ကို စွန့်လွှတ်ရန်မှာ မလွယ်ကူကြောင်း နားလည် သဖြင့် ယောင်ရန်က ဖြည့်စွက်ပြောလိုက်သည်...။
"အေးအေးဆေးဆေး စဉ်းစားပါဦး..."
လီထျန်းယုက သက်ပြင်းချကာ ခေါင်းငြိမ့်ပြလိုက်လေ၏...။
"ကောင်းပါပြီ..."
သူတို့ ဆွေးနွေးစရာ မရှိတော့သည်ကို မြင်သောအခါ လုံယုက ပြောလေသည်...။
"အာရွှမ်း... ကပ္ပတိန်လီနဲ့ ဒီကရဲဘော်တွေကို သူတို့ အနားယူမယ့် အခန်းဆီ လိုက်ပို့ပေးလိုက်ပါဦး..."
ရှီရွှမ်းက ခေါင်းငြိမ့်ပြကာ...၊
"ဟုတ်ကဲ့..."
လုံယုသည် ယောင်ရန်၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်လေသည်...၊
"ကပ္ပတိန်လီ... ဒီမှာ နေထိုင်စဉ်အတွင်း စိတ်ချမ်းသာပါစေ..."
လုံယုနှင့် ယောင်ရန်တို့ ထမင်းစားခန်းသို့ ထွက်ခွာသွားပြီးနောက် ရှီရွှမ်းက ထရပ်ကာ...၊
"ကပ္ပတိန်လီ... ရဲဘော်တို့... ကျွန်တော့်နောက်က လိုက်ခဲ့ကြပါ... ဒီနေရာကို လိုက်ပြပါ့မယ်..." ဟု ဆိုလေသည်။
ရှီရွှမ်းသည် လီထျန်းယုနှင့် စစ်သည်သုံးဦးကို လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရာနေရာအတွင်း လိုက်လံ ပြသခဲ့သော်လည်း သိုလှောင်ခန်းများ၊ ဟိုက်ဒရိုပိုးနစ် အခန်းများ၊ ဖန်လုံအိမ်များနှင့် ရေသို လှောင်ရာ နေရာများကိုမူ ရှောင်ကွင်း၍ ပြသခဲ့လေသည်။
ပတ်ကြည့်ပြီးသောအခါ ရှီရွှမ်းက ပြောလိုက်လေ၏...။
"ကျွန်တော့်မှာ လုပ်စရာ အလုပ်လေးတွေ ရှိသေးလို့... အနားယူဖို့အတွက် ခင်ဗျားတို့ကို ထားခဲ့လိုက်ပါ့ မယ်..."
လီထျန်းယုက ပြုံးလျက် ပြောလိုက်လေ၏...၊
"ကျေးဇူးတင်ပါတယ်..."
ရှီရွှမ်း ထွက်သွားပြီးနောက် စစ်သည်တစ်ဦးက မေးလိုက်သည်...၊
"ကပ္ပတိန်... ကပ္ပတိန့်မှာ ဘယ်လို အစီအစဉ် ရှိလဲဟင်..."
လီထျန်းယုက ခဏမျှ စဉ်းစားပြီး ပြန်ဖြေလိုက်လေသည်...။
"အရင်ဆုံး... တပ်မှူးချုပ်တုဆီ ဆက်သွယ်ပြီး မယောင်ရန်ရဲ့ စည်းကမ်းချက်တွေကို သတင်းပို့ရမယ်... ကျန်တာကတော့ အနားယူပြီးမှပဲ ဆက်စဉ်းစားကြတာပေါ့..."
သူ၏ စိတ်ရှုပ်ထွေးနေသော မျက်နှာထားကို ကြည့်ရင်း စစ်သည်သုံးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက် ကြပြီး ပြန်ဖြေလိုက်ကြလေသည်။
"နားလည်ပါပြီ ကပ္ပတိန်..."
တစ်ဖက်တွင်လည်း ထမင်းစားခန်းသို့ သွားရာလမ်းတွင် ယောင်ရန်က ရုတ်တရက် ပြောလိုက်လေ၏...။
"အာယု... ကျွန်မ ရှေးဟောင်းပစ္စည်းတွေအကြောင်း မေ့သွားတယ် ထင်တယ်..."
ထိုစကားကြောင့် ရှေးဟောင်းပစ္စည်းများကို ကုန်တင်ကားပေါ်မှ ယူရန် မေ့လျော့နေခဲ့သည်ကို လုံယု သတိရသွားခဲ့လေ၏။ ယောင်ရန် သတိလစ်သွားခြင်းနှင့် သူတို့၏ စွမ်းအားများကို ဖော်ထုတ်ပြသခဲ့ခြင်း တို့ကြောင့် သူတို့သည် သူငယ်ချင်းများကို စွမ်းအားလေ့ကျင့်နည်းများ သင်ကြားပေးရာတွင် အာရုံ ရောက်နေခဲ့ကြပြီး ရှေးဟောင်း ပစ္စည်းများအကြောင်းကို လုံးဝ မေ့လျော့သွားခဲ့ခြင်း ဖြစ်လေသည်။
သူက သူမဘက်သို့ လှည့်ကာ မေးလိုက်လေ၏။
"အခုပဲ သွားယူကြမလား..."
ယောင်ရန်က သဘောတူလိုက်လေသည်...၊
"အင်း... သွားယူကြစို့..."
ဤအချိန်တွင် လူအများစုမှာ ထမင်းစားခန်း၌ ရှိနေကြသဖြင့် သူတို့နှစ်ဦးမှာ ကားပါကင်ဆီသို့ ဦးတည် လိုက်ကြတော့သည်...။