အခန်း (၆၆၇-၆၆၈)
Vol. 57 Ch. 667-668
အပိုင်း (၆၆၇)
ထိုစကားကို ကြားချိန်မှာတော့ တာယင် ဧကရာဇ်က မေးလိုက်၏။ “ဘာ လျှို့ဝှက်ကြံစည်မှုလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ထျန်းယန် ဧကရာဇ်က လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က လူငယ်ပြန်ဖြစ်စေပြီး အသက်ရှည်စေတဲ့ ဆေးတစ်လုံးကို စားခဲ့တယ်။ အဲဒီဆေးက ပိုင်ယင်မြို့က ပေးခဲ့တာပါ။ ဒါပေမယ့် သူ့ဆီမှာ နုဧကရာဇ်ရဲ့ သွေးကြော အနည်းငယ်ပဲ ပါဝင်နေလို့ ဆေးစားပြီးနောက် အသက်ရှင်ခဲ့ပေမယ့် တစ်ကိုယ်လုံး သွက်ချာပါဒ လိုက်သွားတယ်။
သူကလွဲပြီး ဒီဆေးကို စားခဲ့တဲ့ တခြား ဧကရာဇ် တစ်ပါး ရှိသေးတယ်။ အဲဒါက တာရှီအင်ပါယာရဲ့ ဧကရာဇ်ပဲ။ ဒီလိုဆိုရင် တာရှန်း မိစ္ဆာနိုင်ငံတော်က တာရှီအင်ပါယာကိုလည်း ကြောက်စရာကောင်းအောင် ထိုးဖောက် ဝင်ရောက်နေပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား။”
တာယင်ဧကရာဇ်က တိုက်တွန်းလိုက်၏။ “ဆက်ပြောပါအုံး။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဆရာကြီး လီထိုက်အာ ပြောတာက တာရှအင်ပါယာရဲ့ ဧကရာဇ်အိုကြီးက အခု ရောဂါ ကျွမ်းနေပြီတဲ့။ ဒီအချိန်မှာ ပိုင်ယင်မြို့က လူငယ်ပြန်ဖြစ်ပြီး အသက်ရှည်စေတဲ့ဆေးနဲ့ သူ့ကို မြှူဆွယ်မလား။ ပိုင်ယင်မြို့က တာရှအင်ပါယာကိုရော ထိုးဖောက် ဝင်ရောက်မလား။”
ခဏမျှ ရပ်တန့်ပြီးနောက် ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “ကျုပ် စဉ်းစားလို့ ရပါပြီ။ တာ့ကျိုးအင်ပါယာ ပျက်စီးသွားတာကို ဒီအတိုင်း ကြည့်နေတာက ပိုင်ယင်မြို့ရဲ့ အကျိုးစီးပွားနဲ့ ပိုပြီး ကိုက်ညီပုံ ရတယ်။”
တာယင်ဧကရာဇ်က မေးလိုက်သည်။ “ခင်ဗျား ဆိုလိုတာက သူတို့က အရှေ့တိုင်း လောက စစ်ပွဲကြီးကို ဖန်တီးဖို့ ပြင်ဆင်နေတယ်ပေါ့။”
“ဟုတ်တယ်။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ကျုပ်တို့ တာယင်အင်ပါယာက တာ့ကျိုးကို ဖျက်ဆီးလိုက်ပြီး အခု တာ့ကျိုးကို သိမ်းပိုက်ဖို့ အရေးကြီးတဲ့ အချိန်ကို ရောက်နေတယ်။ အရှင်မင်းမြတ် ပြောသလိုပဲ စပါးကြီးမြွေက ဆိတ်ကို မျိုချနေသလိုပဲ။ အန္တရာယ် အများဆုံး အချိန်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ လှုပ်လို့ မရလို့ပါ။
ဒီအချိန်မှာ တာရှအင်ပါယာနဲ့ တာရှီအင်ပါယာက မနာလိုလို့ပဲ ဖြစ်ဖြစ်၊ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကြောင့်ပဲ ဖြစ်ဖြစ်၊ စစ်တပ်တွေ စုရုံးပြီး ကျုပ်တို့ တာယင်အင်ပါယာကို စစ်ပွဲ ဆင်နွှဲနိုင်တယ်။ ဒီစစ်ပွဲကြီးသာ ဖြစ်လာရင် တာ့ကျိုးနဲ့ တာယင် စစ်ပွဲထက် အများကြီး ပိုကြီးမားတဲ့ အရှေ့တိုင်း လောက စစ်ပွဲကြီး ဖြစ်လာလိမ့်မယ်။
ဒီစစ်ပွဲရဲ့ ရလဒ်ကတော့ နှစ်ဦးနှစ်ဖက်စလုံး နစ်နာပြီး အတူတကွ သေဆုံးရတဲ့အထိ ဖြစ်သွားနိုင်တယ်။ အဲဒီအချိန်ကျမှ ပိုင်ယင်မြို့က အရှေ့တိုင်းကို တရားဝင် ဝင်ရောက်လာပြီး တာရှန်း မိစ္ဆာနိုင်ငံတော်က တစ်ကျော့ပြန် အသက်ဝင်လာလိမ့်မယ်။”
တာယင် ဧကရာဇ်က ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ခင်ဗျား စိုးရိမ်တာ အကြောင်းပြချက် ရှိတယ်။ ဒီမှာ ကြည့်စမ်း။ ဒါက ဒီနေ့မွန်းလွဲပိုင်း ကျုပ် ရထားတဲ့ အရေးပေါ် သတင်းလွှာပဲ။”
ယွင်ကျုံးဟဲ့ ယူကြည့်လိုက်ရာ စစ်ရေးသတင်း နှစ်စောင် ဖြစ်နေ၏။
ပထမ သတင်းက မြောက်ဘက် တာရှအင်ပါယာက ဖြစ်ပြီး စစ်တပ် သိန်းပေါင်းများစွာ စတင် စုရုံးနေ၏။ အထူးသဖြင့် တာရှအင်ပါယာ၏ ရေတပ်က ပို၍ ကြီးမားသော လှုပ်ရှားမှုများ ပြုလုပ်နေသည်။
တာရှီအင်ပါယာဘက်တွင်လည်း ထိုနည်းတူပင် ဖြစ်ပြီး မူလက တာရှီအင်ပါယာသည် အနောက်ဘက် နယ်စပ်ကို အမြဲတစေ စစ်တိုက်ကာ အနောက်ဘက်သို့ ဆက်လက် တိုက်ခိုက်ပြီး နယ်မြေသစ်များကို သိမ်းပိုက်နေခဲ့သည်။ သို့ပေမည့် ယခု တာရှီအင်ပါယာ၏ အနောက်ဘက် စစ်ပွဲများ ရပ်တန့်သွား၏။
တာယင် ဧကရာဇ်က ပြောလိုက်သည်။ “အခု ကြည့်ရသလောက် တာရှအင်ပါယာနဲ့ တာရှီအင်ပါယာ နှစ်ခုစလုံးက ကျုပ်တို့ တာယင်အင်ပါယာကို တိုက်ခိုက်ဖို့ စစ်တပ်တွေ စုရုံးနေကြတယ်။”
ထိုစစ်ပွဲကြီးသာ စတင် ဖြစ်ပွားပါက အရှေ့တိုင်းလောက စစ်ပွဲကြီး အစစ်အမှန် ဖြစ်လာမှာဖြစ်၏။
“သွားကြစို့။ ကျုပ်တို့ မြို့တော်ကို ပြန်သင့်ပြီ။”
တာယင် ဧကရာဇ်က ပြောလိုက်သည်။ “ခင်ဗျားလည်း မိသားစုနဲ့ ပြန်လည် ဆုံတွေ့ဖို့ မစောင့်နိုင်တော့ဘူး မဟုတ်လား။”
နောက်တစ်နေ့တွင် တာယင် ဧကရာဇ်သည် ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ လေခွင်းမြို့မှ ထွက်ခွာပြီး တာယင်အင်ပါယာ မြို့တော်သို့ ပြန်လာခဲ့၏။
ရက်ပေါင်း နှစ်ဆယ်ကျော်ကြာ ခရီးရှည် သွားလာပြီးနောက် နောက်ဆုံးတွင် တာယင် မြို့တော် အပြင်ဘက်သို့ ရောက်ရှိလာသည်။
မြို့ထဲသို့ ချက်ချင်း မဝင်သေးဘဲ ဧကရာဇ်က ယွင်ကျုံးဟဲ့ကို တောင်ထိပ်တစ်ခုပေါ်သို့ ခေါ်သွားကာ ယင်းကျင်း တစ်မြို့လုံးကို အပေါ်စီးမှ ကြည့်ရှုစေသည်။ ချက်ချင်းပဲ ကြီးမားခမ်းနားသော မြို့ကြီးတစ်မြို့က မျက်စိရှေ့တွင် ပေါ်လာ၏။
တာယင်ဧကရာဇ်က မေးလိုက်သည်။ “ယွင်ကျုံးဟဲ့... ကျုပ်တို့ တာယင် မြို့တော်က တာ့ကျိုး မြို့တော်နဲ့ ယှဉ်ရင် ဘယ်လိုနေလဲ။”
“မြို့တော် နှစ်ခုက အရွယ်အစား အတူတူလောက်ပါပဲ။ ဒါပေမယ့် တာ့ကျိုး မြို့တော်က ပိုပြီး ခမ်းနားတယ်။ ကျုပ်တို့ တာယင် မြို့တော်ကတော့ ပိုပြီး ဩဇာတိက္ကမ ရှိတယ်။” ယွင်ကျုံးဟဲ့က ဖြေလိုက်၏။
ယွင်ကျုံးဟဲ့၏ ဖော်ပြချက်သည် အလွန် တိကျမှန်ကန်သည်။
တာ့ကျိုး မြို့တော်သည် နှစ်ရာပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် ခမ်းနားမှုထဲတွင် သမိုင်းဝင် အငွေ့အသက်များ ပါဝင်နေသည်။ ထိုခိုင်မာသော သမိုင်းကြောင်းက အနည်းငယ် ဆွေးမြည့် ဟောင်းနွမ်း နေသော အလှအပကိုလည်း ယူဆောင်လာ၏။
သို့ပေမည့် တာယင် မြို့တော်မှာ ထိုသို့ မဟုတ်ပေ။ မြို့ဧရိယာမှာ ကြီးမားသော်လည်း မြို့ရိုးများက ပိုမြင့်ပြီး အဆောက်အအုံများက ပို၍ အေးစက်နေသည်။
အရောင်အသွေးများကလည်း တာ့ကျိုး မြို့တော်ကဲ့သို့ မစုံလင်ဘဲ ပို၍ ရိုးရှင်းနေသောကြောင့် တာယင် မြို့တော်မှာ အလွန် ဩဇာတိက္ကမ ရှိပြီး ကြောက်မက်ဖွယ် ကောင်းနေသည်။ ထို့အပြင် လမ်းပေါ်ရှိ လူများကလည်း ပိုးသားများ သိပ်မဝတ်ဘဲ ပို၍ ရိုးရှင်းစွာ ဝတ်ဆင်ထားကြ၏။
တကယ်တမ်းတွင် တာယင်အင်ပါယာ၏ ကြွယ်ဝချမ်းသာမှုသည် တာ့ကျိုးထက် သာလွန်ပြီး နိုင်ငံတော် အင်အားမှာလည်း တာ့ကျိုးထက် ကြီးမားသော်လည်း ပြည်သူလူထု၏ နေထိုင်မှုပုံစံမှာ ပို၍ ရိုးရှင်းသည်။
လမ်းသွားလမ်းလာများ၏ မျက်နှာပေါ်တွင်ပင် ပို၍ လေးနက်သော အမူအရာများ ရှိနေပြီး ဤသည်မှာ တိုးတက်နေသော ခွန်အားကြီး အင်ပါယာတစ်ခု၏ စိတ်ဓာတ်ရေးရာ အသွင်အပြင်ပင် ဖြစ်၏။
“ခင်ဗျားရဲ့ စံအိမ်ကြီးက ဟိုဘက်မှာ ရှိတယ်။”
ဧကရာဇ်က မြို့တော်၏ အရှေ့ဘက်ကို ညွှန်ပြကာ ပြောလိုက်သည်။ “ခင်ဗျား နန်းတော်ကို အရင် ဝင်မလား။ အိမ်ကို အရင် ပြန်မလား။”
“ကျုပ် အိမ်ကိုပဲ အရင် ပြန်ပါရစေ” ယွင်ကျုံးဟဲ့က ဖြေ၏။
“ကောင်းပြီ။”
တာယင် ဧကရာဇ်က ပြောလိုက်သည်။ “ကျုပ်က လူရိပ်လူကဲ နားလည်ပါတယ်။ ခင်ဗျားတို့ မိသားစု ပြန်လည် ဆုံတွေ့မှုကို လောလောဆယ် မနှောင့်ယှက်တော့ဘူး။ လာကြစမ်း... မြို့စားယွင်ကို အိမ်ပြန်ပို့ပေးလိုက်ကြ...”
ဤသည်မှာ ယွင်ကျုံးဟဲ့၏ အိမ်အသစ်ဖြစ်ပြီး မြေဧက တစ်ထောင်ကျော် ကျယ်ဝန်းသော စံအိမ်ကြီး ဖြစ်ကာ အတွင်း၌ အရာအားလုံး ပြည့်စုံစွာ ပါရှိသည်။ ပန်းခြံ၊ ငါးကန်၊ သစ်သီးခြံ နှင့် စပျစ်ခြံ အထိပင် ပါရှိ၏။
ရွှီအန်းထင်တို့ သားအမိ၊ အောက်ရှင်း၊ လျိုကတော်၊ အောက်နင်နင် နှင့် နင်ချင်း တို့အားလုံး ဤနေရာတွင် နေထိုင်ကြသည်။ မင်းသမီး ရှန်းရှန်း မရှိသလို ကျင်းကျုံးယွဲ့ လည်း ရှိမနေပေ။
“အဖေနဲ့ အမေကို ဂါရဝပြုပါတယ်။” ယွင်ကျုံးဟဲ့က အိမ်ထဲသို့ ဝင်ကာ အရိုအသေ ပေးလိုက်သည်။
လျိုကတော်က ယွင်ကျုံးဟဲ့၏ လက်ကို ကိုင်ကာ မျက်ရည်များ ဝဲလျက် ပြောလိုက်၏။ “ငါ့သား ပြန်ရောက်လာပြီ။ ငါ့သား ပြန်ရောက်လာပြီ။”
ထို့နောက် လျိုကတော်က ဆက်ပြောသည်။ “နောင်နောင်... အဖေ့ကို လာပြီး ဂါရဝပြုလိုက်အုံး။”
အသက် ဆယ်နှစ်ခန့် ရှိပြီဖြစ်သော ချောမောလှပသည့် လူငယ်လေး တစ်ဦး ရှေ့သို့ ထွက်လာပြီး ယွင်ကျုံးဟဲ့ကို သေချာစွာ အရိုအသေ ပေးကာ ပြောလိုက်၏။ “အဖေ..”
သူသည် ရွှီအန်းထင် မွေးဖွားခဲ့သော ကလေးဖြစ်ပြီး လေခွင်းမြို့တွင် မွေးဖွားခဲ့ကာ ယွင်ကျုံးဟဲ့က သူ့ကို လက်ချိုးရေတွက်၍ ရလောက်အောင်ပင် အကြိမ်အနည်းငယ်သာ တွေ့ဖူးခဲ့သည်။
သူ နို့စို့အရွယ်တည်းက တာယင်အင်ပါယာက ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ ဆယ်နှစ်ကျော် ကြာသည်အထိ ဤကလေးကို မတွေ့ခဲ့ရသောကြောင့် ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် ဤကလေး၏ တည်ရှိမှုက သိပ်မရှိသလောက်ပင် ဖြစ်လို့နေ၏။
ချက်ချင်းပဲ အဆုံးမရှိသော နောင်တ တရားများက ရင်ထဲသို့ ဝင်ရောက်လာ၏။ ဤကလေးသည် အမေနှင့် တူပြီး အလွန် ချောမောလှပကာ ခန္ဓာကိုယ် အချိုးအစားလည်း ပြေပြစ်ပြီး သိုင်းပညာ လေ့ကျင့်ထားသူ ဖြစ်ဟန် တူသည်။
သို့ပေမည့် သူက အလွန် တိတ်ဆိတ်ငြိမ်သက်နေပုံရ၏။ အဘယ်ကြောင့် နောင်နောင် (ဆူညံသူ) ဟု နာမည် ပေးထားရသနည်း။
ရွှီအန်းထင်က သူ၏အတွေးကို နားလည်ဟန်ဖြင့် ရှင်းပြလိုက်သည်။ “သူ နို့စို့အရွယ် တုန်းက အရမ်း ငြိမ်လွန်းနေလို့ နည်းနည်း သွက်လက်လာအောင် နောင်နောင်လို့ နာမည်ပေးလိုက်တာ။ အခုက ယောက္ခထီးဆီမှာ သိုင်းပညာ သင်နေတာ တော်တော်လေး တော်တယ်။”
ရွှီအန်းထင် ထိုစကားများကို ပြောနေစဉ် သူမ၏ မျက်ဝန်းများတွင် ဂုဏ်ယူမှု။ ပျော်ရွှင်မှု နှင့် ကျေနပ်မှုများ ပြည့်နှက်နေ၏။
အောက်ရှင်းက ပြောလိုက်သည်။ “ငါ ယောင်အာကို သင်ပေးနေတာ နှစ်လလောက် ရှိပြီ။ သူ့ရဲ့ ပါရမီက အရမ်းကို ထူးချွန်တယ်။ အနာဂတ်မှာ သူ့ရဲ့ အဆင့်အတန်းက ငါ့ထက် နိမ့်မှာ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲလာပြီး လူငယ်လေး၏ ခေါင်းကို ပွတ်သပ်ကာ အက်ကွဲသောအသံဖြင့် ပြောလိုက်၏။ “အဖေ မင်းကို တောင်းပန်ပါတယ်။”
ယွင်ကျုံးဟဲ့၏ စကားကို ကြားချိန်မှာတော့ လူငယ်လေး၏ မျက်လုံးများလည်း ချက်ချင်း နီရဲသွားသည်။
ယွင်ကျုံးဟဲ့ အနေဖြင့် ယခုအချိန်တွင် အမှန်တကယ် အဆုံးမရှိသော နောင်တများ ရနေသည်။ ဤကလေး မွေးဖွားတည်းက သူ လုံးဝ ရှိမနေခဲ့ပေ။ မျက်စိတစ်မှိတ် အတွင်းမှာပင် လူငယ်လေး တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်၏။
ယခုအချိန်တွင် သူ့ကို မည်သည့်မျိုးရိုးနာမည် ခေါ်ရမည်ကိုပင် မသိတော့ပေ။ ယွင်၊ အောက်၊ ရှ သို့မဟုတ် ကျီး ဟု ခေါ်ရမည်လား။
ယခုအခါ ယွင်ကျုံးဟဲ့သည် ပေါင်နှစ်ဆယ်ခန့် ပိန်သွားပြီး ပေါင်တစ်ရာ့ခုနစ်ဆယ်ခန့်သာ ရှိတော့သော်လည်း ဝနေသေးပြီး ယွင်ကျုံးဟဲ့၏ ချောမောလှပမှုများ ပြန်မရသေးသော်လည်း ယခင် အောက်ယွီ ကဲ့သို့ အရမ်း မဝတော့ပေ။
ထို့အပြင် အိမ်ရှိ လူတိုင်းက သူသည် အောက်ယွီ မဟုတ်ဘဲ ယွင်ကျုံးဟဲ့ ဖြစ်ကြောင်း သိထားကြသည်။ အထူးသဖြင့် အဖေ အောက်ရှင်း၊ အမေ လျိုကတော် နှင့် ညီမ အောက်နင်နင် တို့ပင် သိထားကြပြီး ဖြစ်၏။
သို့ပေမည့် မည်သူကမှ ဤကိစ္စကို မဟကြပေ။ အထူးသဖြင့် အမေဖြစ်သူက ပို၍ပင် မတွေးချင်ဘဲ တွေးလိုက်တိုင်း နှလုံးသားက ဆုတ်ဖြဲခံရသကဲ့သို့ နာကျင်ရသည်။
ဤကလေး နှစ်ယောက်စလုံးသည် ငယ်စဉ်က သူမ၏ နို့ကို သောက်ခဲ့ကြသူများ ဖြစ်သည်။ ထို့အပြင် ယွင်ကျုံးဟဲ့က သူမနှင့်အတူ နှစ်အတော်ကြာ နေထိုင်ခဲ့ပြီး မည်သည့် အဖုအထစ်မှ မရှိဘဲ သားအရင်းကဲ့သို့ပင် ဖြစ်နေ၏။
“ဒီနှစ်တွေထဲမှာ ကျွန်မ နောင်နောင့်ကို စာသင်ပေးနေတာ ပါရမီ အရမ်း ကောင်းတယ်။”
နင်ချင်းက ဝင်ပြောလိုက်သည်။ “သူ့ကို စာမေးပွဲ ဖြေခိုင်းကြည့်တာ သူ့ရဲ့ အရည်အချင်းနဲ့ ဆိုရင် ဒီနှစ်တွေ ထဲမှာ ကျူရန် အဆင့်ကို အောင်နိုင်လောက်တယ်။”
မုဆိုးမ နင်ချင်းကိုလည်း မတွေ့ရသည်မှာ ဆယ်နှစ်ခန့် ရှိပြီ ဖြစ်သော်လည်း သူမက သိပ်မပြောင်းလဲသွားဘဲ အနည်းငယ် ပို၍ ပြည့်ဖြိုးလာရုံသာ ဖြစသည်။ အလွန် ငယ်ရွယ်တော့သည် မဟုတ်သော်လည်း ဆွဲဆောင်မှု ရှိဆဲဖြစ်ပြီး လွန်ခဲ့သော ဆယ်နှစ်ကထက်ပင် ပို၍ လှပနေသေး၏။
ညီမဖြစ်သူ နင်နင်ကတော့ ယခင်အတိုင်း ပိန်ပါးနေဆဲ ဖြစ်ပြီး သူမသည် ကျွင့်ကျူ (မြို့စားမင်းသမီး) အဖြစ် ခန့်အပ်ခံရကာ ဤနှစ်လအတွင်း လက်ထပ်ခွင့် လာတောင်းသူများ အဆက်မပြတ် ရှိနေခဲ့သည်။
လောကတွင် သူမသည် အပျိုကြီး တစ်ဦး ဖြစ်နေပြီ ဖြစ်ကာ အသက် နှစ်ဆယ့်ခြောက်နှစ် ရှိနေပြီ ဖြစ်သော်လည်း အိမ်ထောင် မကျသေးပေ။
ယွင်ကျုံးဟဲ့သည် သူမကို စုမန်နှင့် လက်ထပ်ပေးရန် ရည်ရွယ်ခဲ့သော်လည်း ကိစ္စများစွာ ဖြစ်ပေါ်ခဲ့ သောကြောင့် အရာအားလုံး နှောင့်နှေးသွားခဲ့ရသည်။
“သွားရအောင်။ အိမ်ထဲဝင်ပြီး ထမင်းစားကြစို့...” အမေဖြစ်သူက ပြောလိုက်၏။
ထို့နောက် မိသားစု တစ်ခုလုံး ပျော်ရွှင်စွာဖြင့် ထမင်းစားကြသည်။
အပိုင်း (၆၆၈)
ထမင်းစားပြီးနောက် နင်ချင်းက ပြော၏။ “နောင်နောင်... မင်းရဲ့ စာစီစာကုံးကို အဖေ့ကို ပြလိုက်ပါအုံး။”
သားဖြစ်သူ ယွင်ယောင် (နောင်နောင်) က သူ၏ စာစီစာကုံးကို ယွင်ကျုံးဟဲ့ထံသို့ ရိုသေစွာ ပေးလိုက်သည်။
ယွင်ကျုံးဟဲ့က သေချာစွာ ဖတ်ကြည့်ပြီးနောက် အံ့ဩသွားသည်။ သူ၏ သားသည် ပါရမီရှင် တစ်ဦး ဖြစ်ပြီး သူကဲ့သို့ အတုအယောင် ပါရမီရှင် မဟုတ်ဘဲ အစစ်အမှန် ပါရမီရှင် ဖြစ်၏။
ဤစုတ်တံလက်ရေးသည် အသက် ဆယ်နှစ်အရွယ် ကလေး တစ်ယောက် ရေးနိုင်သည့် လက်ရေးမျိုး မဟုတ်ဘဲ နောက်ခေတ်တွင် လူငယ် လက်ရေးအလှ ပြိုင်ပွဲ ဝင်လျှင်ပင် လွယ်လွယ်ကူကူ အနိုင်ရနိုင်သည်။
ထို့အပြင် ဤစာစီစာကုံးသည် အလွန် ရင့်ကျက်သည်ဟု မဆိုနိုင်သော်လည်း အတွေးအခေါ်က အလွန် ရဲရင့်ပြီး ကျယ်ပြန့်လှ၏။
သူ့သားက အလွန် တိတ်ဆိတ်ငြိမ်သက်နေသောကြောင့် ရှေးရိုးစွဲဆန်မည်ကို ယွင်ကျုံးဟဲ့ စိုးရိမ်ခဲ့သော်လည်း ကလေး၏ အတွေးအခေါ်များက အလွန် သွက်လက်နေမည်ဟု မထင်ထားခဲ့ပေ။ အရမ်း ထူးချွန်လွန်း လှသည်။
“ထူးချွန်တယ် မဟုတ်လား။”
နင်ချင်းက ပြောလိုက်၏။ “ဆရာကြီး လီထိုက်အာ ကိုယ်တိုင် ကျွန်မတို့ နောင်နောင့်ရဲ့ ပါရမီကို အရမ်း ချီးကျူးခဲ့တယ်။ အိမ်ရှေ့စံ မင်းသားက ကျွန်မတို့ နောင်နောင့်ရဲ့ ပညာအရည်အချင်းကို ကြားသိသွားတော့ သူ့ကို နန်းတော်ထဲ ခဏခဏ ခေါ်သွားလေ့ရှိတယ်။ ထိုက်ဖူ ကလည်း နောင်နောင့်ရဲ့ ပါရမီနဲ့ စာစီစာကုံး တွေကို အံ့ဩချီးကျူးပြီး ဒီကလေးက အနာဂတ်မှာ နိုင်ကော်ကို ဝင်ရမယ့်သူလို့ ပြောခဲ့တယ်။”
အောက်နင်နင်က ဆက်ပြောလိုက်သည်။ “ဒီလောက်တင် မကသေးဘူး။ အိမ်ရှေ့စံ မင်းသားရဲ့ သမီးတော် မင်းသမီး လင်ကျူးကလည်း ကျွန်မတို့ နောင်နောင့်ကို အရမ်း သဘောကျနေတာ။ နောင်နောင့်ထက် သုံးနှစ် ကြီးပေမယ့်ပေါ့။”
လူကြီးများ၏ ချီးကျူးစကားများကို ကြားချိန်မှာတော့ သားဖြစ်သူမှာ အနည်းငယ် ရှက်ရွံ့သွားပြီး ချောမောသော မျက်နှာလေးက နီရဲသွားတော့၏။
ညအချိန်တွင်...
ရွှီအန်းထင်သည် ယွင်ကျုံးဟဲ့ကို ရေချိုး အဝတ်လဲပေးချိန် အစအဆုံး မျက်နှာဖုံးကို တပ်ဆင်ထားခဲ့သည်။
ယွင်ကျုံးဟဲ့က သူမ၏ မျက်နှာဖုံးကို ဖြည်းညင်းစွာ ချွတ်လိုက်ရာ သူမ မျက်နှာပေါ်ရှိ အမာရွတ်များမှာ အတော်လေး ပါးလျသွားသော်လည်း ရှိနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရ၏။
“အဲဒီတုန်းက ရှင် ချန်ထားခဲ့တဲ့ ဆေးနည်းနဲ့ ဆေးလိမ်းလို့ အမာရွတ်တွေ ပါးသွားတာ။ ဒါပေမဲ့ ရှိတော့ ရှိနေသေးတယ်။” ရွှီအန်းထင်က ပြောလိုက်သည်။
ယွင်ကျုံးဟဲ့က သူမ၏ ပါးပြင်ကို ပွတ်သပ်ကာ မေးလိုက်၏။ “ငါနဲ့ တွေ့လို့ မင်းရဲ့ ဘဝ တစ်ခုလုံး နှောင့်နှေးသွားပြီး ဒုက္ခရောက်ရတာလား။”
ရွှီအန်းထင်က ပြန်ဖြေသည်။ “ရှင်က ကျွန်မမှ မဟုတ်တာ။ ကျွန်မ ဘယ်လောက် ဒုက္ခရောက်တယ် ဆိုတာ ရှင် ဘယ်လို သိမှာလဲ။ ကျွန်မ ဘယ်လောက် ပျော်ရွှင်နေတယ် ဆိုတာ ရှင် မသိဘူး။ နောင်နောင်က ကောင်းကင်ဘုံက ကျွန်မကို ပေးတဲ့ အကြီးမားဆုံး ဆုလာဘ်ပါပဲ။
ကျွန်မ မျက်နှာ ပျက်စီးသွားတာကိုတောင် ကံကောင်းတယ်လို့ ထင်မိတယ်။ ကောင်းကင်ဘုံက ကျွန်မကို အပြစ်ပေးလိုက်ပြီဆိုတော့ ကျွန်မတို့ နောင်နောင့် အပေါ်၊ ရှင့် အပေါ် ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံမှာ သေချာတယ်။”
ယွင်ကျုံးဟဲ့က သူ၏ နဖူးကို ရွှီအန်းထင်၏ နဖူးနှင့် ထိကပ်ကာ နမ်းရှိုက်လိုက်သည်။ ထို့နောက် သူတို့ နှစ်ယောက် ဖက်လျက် ခုတင်ပေါ်သို့ တက်သွားကြ၏။
ထိုအချိန်တွင် ခုတင်ပေါ်၌ လူတစ်ယောက် စောင့်နေပြီး ထိုသူမှာ နင်ချင်း ဖြစ်သည်။
“ဒီဆယ်နှစ်အတွင်း မုဆိုးမ ဘဝနဲ့ နေခဲ့ရတာက အရင်တုန်းက မုဆိုးမ ဘဝနဲ့ နေခဲ့ရတာထက် အများကြီး ပိုခက်ခဲတယ်။” နင်ချင်းက တုန်ယင်နေသည့် အသံဖြင့် ပြောရင်း ကပ်လာခဲ့၏။
အိမ်ဆိုသည်က လူတစ်ယောက်၏ စိတ်နှလုံးကို ကုသရန် အလွန် ထိရောက်လှသည်။
ရက်အနည်းငယ်မျှ မိသားစုနှင့် အတူ နေထိုင်လိုက်ရုံဖြင့် ယွင်ကျုံးဟဲ့၏ စိတ်ဓာတ်နှင့် ခန္ဓာကိုယ်မှာ ချက်ချင်း ပြန်လည် လန်းဆန်းလာခဲ့၏။
နေ့စဉ် သားဖြစ်သူ သိုင်းကျင့်နေသည်၊ စာဖတ်နေသည်ကို ကြည့်နေ၏။ အမေနှင့်အတူ ဟင်းသီးဟင်းရွက် စိုက်ပျိုးကာ စပျစ်သီး ခူးပြီး ဝိုင်ချက်ကြ၏။ တစ်ခါတရံ အဖေနှင့် သားကို ခေါ်ကာ ငါးမျှားထွက်ကြ၏။ ဤသည်မှာ နတ်စည်းစိမ် ကဲ့သို့သော နေ့ရက်များ ဖြစ်သည်။
တတိယမြောက်နေ့တွင် ဧည့်သည်တော် တစ်ဦး ရောက်လာသည်။ တာယင်အင်ပါယာ၏ အိမ်ရှေ့စံ မင်းသား ဖြစ်ပြီး သားဖြစ်သူနှင့် သတင်းထွက်နေသော သူ၏ သမီးတော် မင်းသမီး လင်ကျူးကိုပါ ခေါ်ဆောင် လာခဲ့၏။
မင်းသမီး လင်ကျူးသည် ထင်ထားသကဲ့သို့ နူးညံ့သိမ်မွေ့သူ မဟုတ်ဘဲ ရဲရင့်သွက်လက်သော မိန်းကလေး တစ်ဦး ဖြစ်ကြောင်း ယွင်ကျုံးဟဲ့ တွေ့ရှိလိုက်ရသည်။
အလွန် လှပသော်လည်း သိမ်မွေ့မှု မရှိဘဲ သိုင်းပညာ လေ့ကျင့်ထားသူ တစ်ဦး ဖြစ်ကာ သူမ၏ အကြည့်များကလည်း အလွန် ရဲရင့်လှ၏။
တာယင် အိမ်ရှေ့စံက ပြောလိုက်သည်။ “လင်ကျူး... မြို့စားယွင်ကို အရိုအသေ ပေးလိုက်လေ။ သူက အနာဂတ်မှာ ယောက္ခထီး ဖြစ်လာနိုင်တယ်နော်။”
ထိုစကားကြောင့် မင်းသမီး လင်ကျူးက ဘာမှ မဖြစ်သော်လည်း ယွင်ကျုံးဟဲ့၏ သားဖြစ်သူမှာ မျက်နှာ နီရဲသွားခဲ့၏။
“မြို့စားယွင်ကို အရိုအသေ ပေးပါတယ်။” မင်းသမီး လင်ကျူးက နောက်ဆုံးတွင် ရှက်ရွံ့စွာဖြင့် မျက်နှာ နီသွားခဲ့တော့သည်။
ယွင်ကျုံးဟဲ့က ဤမိန်းကလေးကို အလွန် သဘောကျသွားသည်။ သားဖြစ်သူထက် သုံးနှစ် ကြီးသော်လည်း လိုက်ဖက်သော စုံတွဲ ဖြစ်ပြီး ပွင့်လင်းရိုးသားသော မိန်းကလေးကောင်း တစ်ဦးလည်း ဖြစ်၏။
ယွင်ကျုံးဟဲ့က သားဖြစ်သူကို ပြောလိုက်သည်။ “သွားဆော့ကြလေ။ လူကြီးတွေ အနားမှာ ရှိနေရင် မင်းတို့လည်း လွတ်လွတ်လပ်လပ် မနေရဘဲ နေမယ်။”
ဤစကားကို ကြားလိုက်သည်နှင့် မင်းသမီး လင်ကျူးက ယွင်ယောင်၏ လက်ကို ဆွဲကာ အမြန် ပြေးထွက် သွားတော့၏။
ထို့နောက် ယွင်ကျုံးဟဲ့နှင့် တာယင် အိမ်ရှေ့စံတို့သည် ငါးမျှားရင်း စကားစမြည် ပြောဆိုနေကြ၏။ သူတို့ နှစ်ယောက် ပြောဆိုနေသည်မှာ ကဗျာလင်္ကာများ အကြောင်း ဖြစ်ပြီး ဤအိမ်ရှေ့စံ မင်းသားသည် စာပေ အလွန် ကျွမ်းကျင်ကာ ယွင်ကျုံးဟဲ့၏ လက်ရာများ အားလုံးကို ဖတ်ရှုဖူးသူ ဖြစ်သည်။
ဤအိမ်ရှေ့စံ မင်းသား၏ လှုပ်ရှားမှုတိုင်းက နူးညံ့သိမ်မွေ့ကာ ယဉ်ကျေးပျူငှာလှသည်။ သူတို့ နှစ်ယောက်၏ စကားပြောဆိုမှုမှာ အပေါ်ယံမျှသာ ဖြစ်၏။
အိမ်ရှေ့စံက ပြန်ရန် နှုတ်ဆက်ခါနီးမှ ရုတ်တရက် ပြောလိုက်သည်။ “ညီနောင်ယွင်... မကြာခင် ခင်ဗျား မုန်တိုင်း အနည်းငယ်ကို ခံစားရလိမ့်မယ်။”
“ဘာ မုန်တိုင်းလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
အိမ်ရှေ့စံက ပြောလိုက်သည်။ “ခင်ဗျားရဲ့မျိုးရိုးနောက်ခံနဲ့ ပတ်သက်ပြီးတော့ တိုက်ခတ်လာမယ့် မုန်တိုင်းပဲ။”
“သတင်း ပြန့်သွားပြီလား။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
အိမ်ရှေ့စံက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဟုတ်တယ်။ ပြန့်သွားပြီ။ တစ်မြို့လုံး ပွက်လောရိုက်နေပြီး တစ်လောကလုံး သိကုန်ပြီ။”
တစ်မြို့လုံး ပွက်လောရိုက်နေရုံတင် မကဘဲ ကောင်းကင်ကို တုန်လှုပ်စေသော မုန်တိုင်းကြီး တစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့သည် တာရှအင်ပါယာ၏ မင်းသား၊ လက်ရှိ တာရှ ဧကရာဇ် ယုံချီ၏ မြေးတော် ဖြစ်ပြီး၊ တာ့ယန် မင်းဆက်၏ အစစ်မှန်ဆုံး အမွေဆက်ခံသူ ဖြစ်နေသည်။
တာရှအင်ပါယာမှ တာယင်အင်ပါယာအထိ ယခင်က မကြုံဖူးသော သတင်း မုန်တိုင်းကြီး ရိုက်ခတ် သွားခဲ့သည်။ အမျိုးမျိုးသော ကောလာဟလများက လှိုင်းလုံးကြီးများကဲ့သို့ မြို့စားယွင် အိမ်တော်ကို လွှမ်းမိုးသွားတော့မှာဖြစ်၏။
ထိုနေ့တွင် အောက်ရှင်းနှင့် ယွင်ကျုံးဟဲ့တို့ မျက်နှာချင်းဆိုင် စကားပြောကြ၏။
“ရှောင်ယွီ…”
အောက်ရှင်းက ပြောလိုက်သည်။ “အဲဒီတုန်းက မင်းတို့ ကလေးအရွယ်မှာ မင်းရဲ့မျိုးရိုးနောက်ခံနဲ့ ပတ်သက်ပြီး ငါ အမျိုးမျိုး ခန့်မှန်းခဲ့ဖူးတယ်။ ဒါပေမဲ့ ခန့်မှန်းချက်တိုင်းက အဖြေတစ်ခုတည်းကိုပဲ ရောက်သွားတယ်။ ငါ မလိုချင်တဲ့ အဖြေတစ်ခုပေါ့။”
အောက်ရှင်း ပြောသော အဖြေမှာ ယွင်ကျုံးဟဲ့၏ အစစ်အမှန် မျိုးရိုးနောက်ခံ ဖြစ်၏။
“ငါက မင်းတို့ကို သာမန် မိသားစုက ကလေးတွေပဲ ဖြစ်စေချင်ခဲ့တာ။ ဒါမှ မင်းတို့ရဲ့ ဘဝ တစ်လျှောက်လုံး အေးအေးချမ်းချမ်း ရှိမှာလေ။ အနည်းဆုံးတော့ ငါတို့ မင်းကို ဖွက်ထားလို့ ရတာပေါ့။”
အောက်ရှင်းက ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ နောက်ဆုံးတော့ ဖွက်ထားလို့ မရတော့ဘူး။”
ထို့နောက် အောက်ရှင်းက မေးလိုက်၏။ “ရှောင်ယွီ။ မင်း တာယင် ဧကရာဇ် အပေါ် ဘယ်လို မြင်လဲ။”
“ဒီလောကမှာ အတော်ဆုံးပဲ။” ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။
အောက်ရှင်းက ဆက်ပြောလိုက်၏။ “အဲဒီတုန်းက ပင်လယ်ပြင်မှာ မင်းရဲ့ မွေးစားအဖေကို လူရာပေါင်း များစွာက လိုက်သတ်ခဲ့ကြတယ်။ မင်းရဲ့ မွေးစားအဖေက သိုင်းပညာ အရမ်း မြင့်မားတယ်။ သူ နှုတ်က ထုတ်မပြောပေမယ့် သူ တောင်ဘက်ကို မိုင်ပေါင်းသောင်းချီ ပြေးလာခဲ့တာကို ကြည့်ရင် သူ့ရဲ့ သိုင်းပညာက ငါထက်တောင် မြင့်မားမယ် ဆိုတာ ငါ ခန့်မှန်းမိတယ်။
သူက နာမည်ကို တစ်ခါမှ မပြောခဲ့ပေမယ့် ဒီလောကမှာ သူလို သိုင်းပညာရှင်မျိုးက လက်ချိုးရေလို့ ရတယ်။ အဲဒီတုန်းက ကလေး နှစ်ယောက် ပါလာတော့ ငါတို့က မင်းရဲ့ အစ်ကိုကို ခေါ်သွားပြီး မင်းရဲ့ မွေးစားအဖေက မင်းကို ခေါ်သွားကာ ဘယ်သူမှ မသိတဲ့ လူသူကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းမှာ သွားနေခဲ့တယ်။ ဒါပေမဲ့…”
အောက်ရှင်းက ခဏ ရပ်တန့်ပြီးနောက် ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ မင်းက ပင်လယ်ရပ်ခြားက လူသူကင်းမဲ့တဲ့ ကျွန်းမှာ ကြီးပြင်းလာတာ မဟုတ်ဘဲ တာယင်အင်ပါယာ နယ်မြေထဲမှာ ကြီးပြင်းလာပြီး သူတောင်းစားလေး တစ်ယောက် ဖြစ်လာခဲ့တယ်။
အဲဒါက မင်းရဲ့ မွေးစားအဖေ ဒုက္ခရောက်သွားတယ် ဆိုတာကို သက်သေပြနေတာပဲ။ သူ ဒုက္ခရောက် သွားရင်တောင် မင်းကို အကာအကွယ် ပေးခဲ့တယ်။ ငါ ခန့်မှန်းတာက မင်းရဲ့ မွေးစားအဖေက တာယင် အင်ပါယာ ဟေးလုံထိုင်က လူတစ်ယောက် ဖြစ်နိုင်တယ်။ ဒဏ္ဍာရီထဲက ဟေးလုံထိုင်ရဲ့ နံပါတ်(၁) သိုင်းပညာရှင်တောင် ဖြစ်နိုင်တယ်။
ငါ့ရဲ့ ခန့်မှန်းချက်သာမှန်တယ် ဆိုရင် သူက ဟေးလုံထိုင်က လူတစ်ယောက် အနေနဲ့ ပင်လယ်ရပ်ခြားကို ထွက်ပြေးစရာ မလိုဘဲ မင်းကို ဟေးလုံထိုင်ဆီ ခေါ်သွားပြီး ကျွေးမွေးစောင့်ရှောက်လိုက်ရင် ရပြီလေ။”
အောက်ရှင်းက သက်ပြင်းချကာ ပြောလိုက်၏။ “ဒါပေမဲ့ သူက လူအများကြီးကို သတ်ပြီး ပင်လယ်ရပ်ခြားကို ထွက်ပြေးခဲ့တယ် ဆိုတာ ကိစ္စ တစ်ချို့ကို သက်သေပြနေတယ်။ အရမ်း ကြောက်စရာကောင်းတဲ့ ကိစ္စ တစ်ချို့ပေါ့။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အဖေ... အဖေ စိုးရိမ်တာမှန်တယ်။ အပေါ်ယံ ကြည့်ရင်တော့ ကျုပ်တို့က ဒီစံအိမ်ကြီးထဲမှာ ပျော်ပျော်ရွှင်ရွှင် နေနေရတယ် ဆိုပေမယ့် ဒါတွေ အားလုံးက အတုအယောင်တွေချည်းပဲ။ ကျုပ်တို့ မိသားစု တစ်ခုလုံးက ကြောက်စရာကောင်းတဲ့ အန္တရာယ်ထဲမှာ ရောက်နေတာ။
ဒီစံအိမ်ကြီးက လှပတဲ့ စိတ်ကူးယဉ် ကမ္ဘာလေး တစ်ခုလို ဖြစ်နေပေမယ့် ပတ်ပတ်လည်မှာ တွင်းနက်ကြီးတွေ ဝိုင်းရံနေတယ်။ အဲဒီ တွင်းနက်ကြီး အောက်မှာ မိစ္ဆာတွေ။ သရဲတစ္ဆေတွေ ပြည့်နေတယ်။”
ယွင်ကျုံးဟဲ့၏ စကားကြောင့် အောက်ရှင်းသည် အလိုအလျောက် သူ၏ လှံရှည်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။
ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “ကျုပ်တို့ မိသားစု တစ်ခုလုံးက ငရဲပြည် အထက်မှာ ရပ်နေကြတာ။ ဒါကြောင့် ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ထွက်သွားဖို့ ကြိုးစားရမယ်။ ဒါပေမဲ့ အဖေ စိတ်ချပါ။ ကျုပ်တို့ အတူတူ မိသားစုကို ကာကွယ်ပြီး တစ်ယောက်မှ အထိခိုက်မခံဘဲ။ အားလုံး ဘေးကင်းကင်းနဲ့ ဒီငရဲပြည်ကနေ ထွက်သွားနိုင်အောင် လုပ်ပါ့မယ်။”
မျက်လုံးဖွင့်ကြည့်လိုက်လျှင် ယွင်ကျုံးဟဲ့ ရှိနေသော ဤစံအိမ်ကြီးသည် နတ်ပြည်ကဲ့သို့ လှပပြီး အဆုံးမဲ့ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။
သို့ပေမည့် မျက်စိမှိတ်လိုက်လျှင် ပတ်ဝန်းကျင် တစ်ခုလုံးက ငရဲပြည် ဖြစ်နေ၏။ မှောင်မိုက်ကာ ကြောက်မက်ဖွယ် ကောင်းလှပြီး မရေမတွက်နိုင်သော သရဲတစ္ဆေများက မိသားစု တစ်ခုလုံးကို ငရဲဘုံ ဆယ့်ရှစ်ထပ်သို့ ဆွဲချရန် လက်ဆန့်တန်းနေသကဲ့သို့ ခံစားရသည်။
အခြေအနေက ပိုမို ဆိုးရွားလာသည်။ တာရှအင်ပါယာ နှင့် တာရှီအင်ပါယာ တို့၏ စစ်တပ်များက ဆက်လက် စုရုံးနေဆဲ ဖြစ်ပြီး ပိုပိုပြီးများပြားလာ၏။
တာရှ ရေတပ်ကလည်း စုရုံးနေပြီး သင်္ဘော အစီးရေ တစ်ထောင်ကျော်ဖြင့် အလွန် ကြောက်မက်ဖွယ် ကောင်းသော အင်အားကို မွေးမြူနေသည်။
ဤသည်မှာ အရှေ့တိုင်း လောက စစ်ပွဲကြီး၏ အသွင်သဏ္ဌာန် အပြည့်အဝ ဖြစ်ပြီး တာယင်အင်ပါယာ အစိုးရအဖွဲ့သည် စစ်ပွဲအန္တရာယ် အကဲဖြတ်မှုကို ပိုပိုပြီး မြင့်မားစွာ သတ်မှတ်လာကြ၏။
နှစ်ဖက်စလုံးမှ စုရုံးထားသော စစ်တပ်များမှာ ငါးသိန်း ကျော်လွန်နေပြီ ဖြစ်သော်လည်း ဆက်လက် စုရုံးနေဆဲ ဖြစ်၏။ ဤသည်မှာ နိုင်ငံတော်၏ အင်အားတစ်ခုလုံးကို ပုံအောရမည့် စစ်ပွဲ တစ်ခု ဖြစ်သည့်အပြင် နှစ်နိုင်ငံ ပေါင်း၍ တစ်နိုင်ငံကို တိုက်ခိုက်ရမှာ ဖြစ်သည်။