← Chapters

အခန်း (၆၆၉-၇၇၀)

Vol. 57 Ch. 669-670

အခန်း (၆၆၉-၇၇၀)

Vol. 57 Ch. 669-670

အပိုင်း (၆၆၉)

တာယင်အင်ပါယာ တစ်ခုလုံးက ကြီးမားသော အန္တရာယ်ကို ခံစားနေရသည်။ အကြောင်းမှာ သူတို့သည် တာ့ကျိုးနှင့် နိုင်ငံတော်၏ အင်အားတစ်ခုလုံးကို ပုံအောရသော စစ်ပွဲကို ဆင်နွှဲခဲ့ရပြီး လူသိန်းပေါင်းများစွာ သေကျေဒဏ်ရာရကာ ငွေကြေးနှင့် ရိက္ခာ မရေမတွက်နိုင်အောင် ကုန်ဆုံးခဲ့ရသောကြောင့် ဖြစ်၏။

ယခုအချိန်တွင် တာ့ကျိုးအင်ပါယာကို သိမ်းပိုက်ထားပြီး အချိတ်အဆက် မိစေရန် ကြိုးစားနေရသောကြောင့် စစ်ပွဲကြီး ဆင်နွှဲရန် မည်သည့် ခွန်အားမှ မရှိတော့ပေ။

ယခုအခါ တာရှအင်ပါယာ နှင့် တာရှီအင်ပါယာ တို့က စစ်တပ် တစ်သန်းကျော်ဖြင့် တာယင်ကို တိုက်ခိုက်မည် ဆိုပါက နိုင်ငံတော် ပျက်စီးမည့် အန္တရာယ် ရှိနေသည် မဟုတ်ပါလား။

တာယင်အင်ပါယာသည် ကြက်ဥများ အဆင့်ဆင့် ထပ်ထားသကဲ့သို့ အန္တရာယ် ကြီးမားနေပုံ ရ၏။ အခြေအနေက အလွန် စိုးရိမ်ရသည်။

ထိုနေ့တွင် တာရှအင်ပါယာမှ တရားဝင် သံတမန်အဖွဲ့ ရောက်ရှိလာပြီး တာယင်အင်ပါယာ ဧကရာဇ်ထံ တောင်းဆိုမှုများ ပြုလုပ်ခဲ့၏။

သူတို့သည် ယွင်ကျုံးဟဲ့ကို တွေ့ခွင့်တောင်းကြ၏။ ယွင်ကျုံးဟဲ့သည် တာရှအင်ပါယာ၏ မင်းသား ဖြစ်ကြောင်း အတည်ပြုနိုင်ပါက တာယင်အင်ပါယာ ဧကရာဇ် အနေဖြင့် အခြေအနေမဲ့ လွှတ်ပေးရန်နှင့် ယွင်ကျုံးဟဲ့ကို တာရှအင်ပါယာသို့ ပြန်လည် ခေါ်ဆောင်သွားခွင့် ပြုရန် တောင်းဆိုကြသည်။

တာယင် ဧကရာဇ်က သဘောမတူသလို ငြင်းလည်း မငြင်းခဲ့ပေ။

“ပထမအချက်... သူ့နာမည်က ယွင်ကျုံးဟဲ့ မဟုတ်တော့ဘူး။ ယင်းကျုံးဟဲ့ ဖြစ်သွားပြီ။ ကျုပ်တို့ နိုင်ငံရဲ့မျိုးရိုးနာမည် ပေးထားပြီးပြီ။”

တာယင် ဧကရာဇ်က ပြောလိုက်သည်။ “ပြီးတော့ သူက ကျုပ်တို့ တာယင်အင်ပါယာရဲ့ ကျေးဇူးရှင် ဖြစ်ပြီး မြို့စားယွင် အဖြစ် ခန့်အပ်ထားပြီးပြီ။ အပြင်က ကောလာဟလတွေကို ကျုပ် ဂရုမစိုက်ဘူး။ ကျုပ် စိတ်ထဲမှာတော့ သူက ကျုပ်ရဲ့ အမတ်၊ ကျုပ်ရဲ့ လက်ရုံးပဲ။”

တာရှ သံတမန်အဖွဲ့၏ ခေါင်းဆောင်မှာ လီပုရှီလန် ယန်ဝူကျိ ဖြစ်ပြီး ရာထူး အဆင့်အတန်း မနိမ့်ပေ။

“အရှင်မင်းမြတ်ရဲ့ စကားက မှားနေတယ်။ ယွင်ကျုံးဟဲ့ဟာ ကျုပ်တို့ တာရှ မင်းသား ဖြစ်မှန်း သေချာရင် ဘယ်လိုလုပ် ယင်းနိုင်ငံရဲ့ အမတ် ဖြစ်နိုင်မှာလဲ။”

တာရှ လီပုရှီလန်က ပြောလိုက်သည်။ “ကျုပ်တို့ တာရှက ကောင်းကင်ဘုံ နိုင်ငံတော်ကြီး ဖြစ်တယ်။ ဂုဏ်သိက္ခာကြီးမားတဲ့ မင်းသား တစ်ပါးက အဆင့်နိမ့် နိုင်ငံ တစ်ခုရဲ့ အမတ်ဖြစ်ဖို့ ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အရမ်း ရယ်စရာ ကောင်းမနေဘူးလား။ အကယ်၍ သူသာ ကျုပ်တို့ တာရှ မင်းသား ဖြစ်မှန်း သေချာပြီး အရှင်မင်းမြတ်က သူ့ကို ခေါ်သွားခွင့် မပြုဘူး ဆိုရင် အဲဒါက တာရှကို စော်ကားတာပဲ။ ဒါကို စစ်ရေး ခြိမ်းခြောက်မှု အဖြစ် သတ်မှတ်မယ်။”

တာယင် ဧကရာဇ်က ပြန်မေးလိုက်၏။ “ခင်ဗျားတို့ တာရှအင်ပါယာက စစ်တပ် တစ်သန်းကျော် စုရုံးပြီး ခြိမ်းခြောက်နေတာကရော စစ်ရေး ခြိမ်းခြောက်မှု မဟုတ်ဘူးလား။”

တာရှ လီပုရှီလန်က ဖြေလိုက်သည်။ “အရှင်မင်းမြတ် စိုးရိမ်လွန်နေတာပါ။ အဲဒါက ကျုပ်တို့ တာရှအင်ပါယာရဲ့ ပုံမှန် စစ်ရေးလေ့ကျင့်မှု သက်သက်ပါ။ ဘယ်နိုင်ငံကိုမှ ရည်ရွယ်တာ မဟုတ်ဘူး။”

တာယင် ဧကရာဇ်က ပြောလိုက်၏။ “ထားလိုက်ပါတော့။ မြို့စားယွင်က ကျုပ်ရဲ့ အမတ် ဖြစ်ပေမယ့် သူ့မှာ ကိုယ်ပိုင် ဆန္ဒ ရှိတယ်။ ခင်ဗျားတို့ သူ့ကို ခေါ်သွားချင်တယ် ဆိုရင် ကျုပ်ဘက်က ဘာကန့်ကွက်စရာမှ မရှိဘူး။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပိုင် ဆန္ဒကို နားထောင်ရမယ်။ သူက ခင်ဗျားတို့နဲ့ လိုက်သွားချင်တယ် ဆိုရင် ကျုပ် လုံးဝ မတားဘူး။ ဒါပေမဲ့ သူက ခင်ဗျားတို့နဲ့ မလိုက်ချင်ဘူး ဆိုရင်တော့ ကျုပ် လူမလွှတ်ဘူးလို့ မပြောနဲ့”

တာရှ လီပုရှီလန်က တောင်းဆိုလိုက်သည်။ “ကောင်းပြီလေ။ ကျုပ်နဲ့ ယွင်ကျုံးဟဲ့ စကားပြောတဲ့ အချိန်မှာ တာယင်အင်ပါယာက ဘယ်သူမှ ရှိနေလို့ မရဘူး။”

.................

နန်းတော် စာကြည့်ဆောင် အတွင်း၌..............

ကုန်းဆွန်းယန်က ပြောလိုက်၏။ “အရှင်မင်းမြတ်... ယွင်ကျုံးဟဲ့ရဲ့ စံအိမ် ပတ်ပတ်လည် မြေအောက်ကို အကုန် တူးပြီးသွားပါပြီ။ ဟေးလုံထိုင် သိုင်းပညာရှင်တွေ အားလုံး နေရာယူပြီးပါပြီ။ အချိန်မရွေး လှုပ်ရှားလို့ ရပါပြီ။ ယွင်ကျုံးဟဲ့ရဲ့ မိသားစု တစ်ခုလုံးကို သတ်ပစ်လို့ ရပါပြီ။”

ဧကရာဇ်က လက်ယမ်းကာ ပြောလိုက်သည်။ “မလောပါနဲ့။ မလောပါနဲ့။ နောက်ထပ် တစ်ခါလောက် စမ်းကြည့်ရအောင်။ ယွင်ကျုံးဟဲ့ တကယ် ဘယ်လို တွေးနေလဲ ဆိုတာကို ကြည့်ရအောင်။”

ကုန်းဆွန်းယန်က မေးလိုက်၏။ “အရှင်မင်းမြတ်... ယွင်ကျုံးဟဲ့ကို အကြိမ်ကြိမ် စမ်းသပ်နေတာ ဘာအတွက်လဲ။”

ဧကရာဇ်က ဘာမှ မပြောသော်လည်း ကြီးမားလှသော ကိစ္စကြီး တစ်ခုကို လုပ်ဆောင်ရန် ဖြစ်ကြောင်း သိသာ၏။ ထိုကြီးမားလှသော ကိစ္စကြီးသည် တာရှအင်ပါယာတွင် သူလျှိုလုပ်ရန် ဆိုသော ကိစ္စ မဟုတ်နိုင်ပေ။

ယွင်ကျုံးဟဲ့ မျက်စိမှိတ်လိုက်တိုင်း စံအိမ် တစ်ခုလုံးက ငရဲပြည် တွင်းနက်ကြီးထဲ ကျရောက်နေပြီး ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော သရဲတစ္ဆေများ ပုန်းအောင်းနေသည်ဟု ခံစားရသည်။

ဤသည်မှာ သူ စိတ်ကူးယဉ်နေခြင်း မဟုတ်ပေ။ အကြောင်းမှာ သူ၏ စံအိမ် တစ်ခုလုံး၏ ပတ်ပတ်လည် မြေအောက်ကို အကုန် တူးဖော်ထားပြီး သိုင်းပညာရှင် ထောင်ပေါင်းများစွာက မြေအောက် လျှို့ဝှက်လမ်းများ ထဲတွင် ပုန်းအောင်းနေသောကြောင့် ဖြစ်၏။

ထို့အပြင် စံအိမ် တစ်ခုလုံး၏ မြေအောက်တွင် ယမ်းများ အမြောက်အများ မြှုပ်နှံထား၏။ ယွင်ကျုံးဟဲ့၏ မိသားစု တစ်ခုလုံးကို လွယ်လွယ်ကူကူပင် အမှုန့်ဖြစ်အောင် ဖောက်ခွဲပစ်နိုင်သည်။

ထိုနေ့တွင် တာရှအင်ပါယာ သံတမန်အဖွဲ့သည် ယွင်ကျုံးဟဲ့၏ စံအိမ် အပြင်ဘက်သို့ ရောက်ရှိလာကြ၏။

“ကျုပ် လီပုရှီလန် ယန်ဝူကျိ။ မြို့စားယွင်ကို တွေ့ခွင့်တောင်းပါတယ်။”

ယန်ဝူကျိ၏ ဦးဆောင်မှုအောက်တွင် သံတမန်အဖွဲ့ တစ်ဖွဲ့လုံးက အရိုအသေ ပေးလိုက်ကြ၏။ ဤသည်မှာ အမတ် တစ်ဦးက အရိုအသေ ပေးသည့် ပုံစံမျိုး အပြည့်အဝ ဖြစ်သည်။

ယခု တာရှ သံတမန်အဖွဲ့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ယွင်ကျုံးဟဲ့ကို တာရှသို့ ပြန်ခေါ်သွားရန် ဖြစ်ပုံရ၏။

စံအိမ်၏ တံခါးကြီးမှာ ပိတ်ထားဆဲဖြစ်ပြီး အတွင်းမှ မည်သည့် ပြန်လည်တုံ့ပြန်မှုမှ မရှိပေ။

သံတမန်အဖွဲ့က နောက်တစ်ကြိမ် အရိုအသေပေးကာ ပြောလိုက်သည်။ “ကျုပ် လီပုရှီလန် ယန်ဝူကျိ၊ တာရှသံတမန်အဖွဲ့ကို ဦးဆောင်ပြီး ယွင်မြို့စား၊ အိမ်ရှေ့စံကို ဂါရဝပြုပါတယ်။”

ဤအသုံးအနှုန်းမှာ အလွန်ထူးဆန်းလှ၏။ တစ်ဖက်က ယွင်မြို့စားဟု ခေါ်ဝေါ်သလို တစ်ဖက်ကလည်း အိမ်ရှေ့စံဟု သုံးနှုန်းနေသည်။

သို့ပေမည့် ထိုအချိန်တွင် ယွင်ကျုံးဟဲ့မှာ စံအိမ်ထဲ၌ မရှိပေ။ သူသည် မြောင်ယင်းဘုရားကျောင်းသို့ ရောက်ရှိနေ၏။ ထိုနေရာမှာ မင်းသမီးရှန်ရှန်း ပုန်းအောင်းနေသည့်၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အခန်းအောင်းထားသည့်နေရာပင်။

ယွင်ကျုံးဟဲ့က တံခါးအပြင်ဘက်၌ ရပ်လျက် တိုးတိုးလေး ခေါ်လိုက်သည်။ “ရှန်ရှန်း... ငါပါ။ ငါ့ကို တွေ့ခွင့်ပေးပါ။”

တာ့ကျိုးမြို့တော်ရှိ မြောင်ယင်းဘုရားကျောင်းမှာ နာမည်ပျက်ပြီး ကာမဂုဏ်ခံစားရာနေရာဟု နာမည်ဆိုး ရှိသည်။ သို့သော်ငြား ယင်းကျင်းရှိ မြောင်ယင်းဘုရားကျောင်းမှာမူ အလွန်ခြိုးခြံချွေတာပြီး စည်းကမ်း ကြီးသည်။ သီလရှင်အများစုမှာလည်း သက်ကြီးရွယ်အိုများသာ ဖြစ်ကြ၏။

တာ့ကျိုး၏ နာမည်ဆိုးကြောင့် ထိုအမည်မှာ လူသိများနေဆဲဖြစ်သော်လည်း တာယင်အင်ပါယာ၌ ဘာသာရေးကို ပြင်းထန်စွာ ဖိနှိပ်ထားသည့်အတွက် မိန်းကလေးများအနေဖြင့် သီလရှင်ဝတ်ရန် အခြား သွားစရာနေရာ မရှိပေ။

ယွင်ကျုံးဟဲ့ ဘုရားကျောင်းအပြင်ဘက်၌ ရပ်နေစဉ် အထီးကျန်မှုနှင့် ခြောက်ကပ်မှုကိုသာ ခံစားရသည်။ အမွှေးနံ့သာနံ့ပင် သင်းပျံ့ခြင်းမရှိ၊ ဝင်ထွက်သွားလာသူ တစ်ဦးမှ မရှိချေ။

“ရှန်ရှန်း... ငါ ဘာမှ မပြောတော့ဘူး။ မင်းကို တစ်ခေါက်လောက်ပဲ တွေ့ချင်လို့ပါ။”

အတွင်းမှ မည်သည့်တုံ့ပြန်မှုမှ မရှိပေ။ အတန်ကြာမှ အတွင်းခန်းထဲမှ စောင်းတီးသံ ထွက်ပေါ်လာသည်။ ရှန်ရှန်း ကိုယ်တိုင် တီးခတ်ခြင်းဖြစ်ပြီး ယွင်ကျုံးဟဲ့အား တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

သူမသည် ယွင်ကျုံးဟဲ့ကို မျက်နှာချင်းဆိုင်ရန် မဖြစ်နိုင်တော့သည့်အတွက် ဤသို့ အခန်းအောင်းသည့် နည်းလမ်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ယွင်ကျုံးဟဲ့သည် သူမ၏ တီးခတ်မှု ပြီးဆုံးသည်အထိ တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ ဘုရားကျောင်းတစ်ခုလုံးတွင် သူမ၏ စောင်းသံသာ လွင့်ပျံ့နေသည်။ ထိုစောင်းသံမှာ ဝမ်းနည်းဖွယ် မကောင်းသလို ဒေါသထွက်ဖွယ်လည်း မဟုတ်၊ ငြိမ်းချမ်းမှုလည်းမရှိဘဲ အလွန်ရှုပ်ထွေးလှသည်။

စောင်းသံ တိတ်သွားပြီးနောက် ယွင်ကျုံးဟဲ့မှာ တံခါးပြင်ဘက်၌ နာရီဝက်ခန့် ဆက်ရပ်နေပြီးမှ ထွက်ခွာ သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ နောက်ပိုင်းတွင် မင်းသမီးရှန်ရှန်းမှာ ဘေးကင်းလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် သူမ၏ အဆင့်အတန်းမှာ ထူးခြားလှသောကြောင့်ပင်။

အမှန်တကယ် အန္တရာယ်ရှိနေသူများမှာ စံအိမ်အတွင်းရှိ မိသားစုဝင်များသာ ဖြစ်သည်။

တာရှအင်ပါယာ၏ ယန်ဝူကျိသည် နေ့စဉ် လူများကို ခေါ်ဆောင်ကာ စံအိမ်အပြင်ဘက်၌ တွေ့ခွင့်တောင်း နေ၏။

အစပိုင်းတွင် ယွင်မြို့စားဟု ခေါ်ကာ သံတမန်ယဉ်ကျေးမှုကို လိုက်နာသော်လည်း နေ့စဉ် တံခါးပိတ်ခံထားရသည့်အတွက် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ဒူးထောက်ကာ ငိုကြွေးလျက် ပြောလိုက်သည်။

“အိမ်ရှေ့စံမင်းသား... ဧကရာဇ်မင်းမြတ်က အရှင့်ကို အရမ်းသတိရနေတယ်။ အိပ်မက်ထဲမှာတောင် အရှင့်နာမည်ကို ခေါ်ပြီး မိုးလင်းတဲ့အထိ မျက်ရည်ကျနေတတ်တယ်။ အရှင် ပြန်လာခဲ့ပါတော့... ဧကရာဇ်နဲ့ မယ်တော်မိဖုရားခေါင်ကြီးက အရှင့်ကို နေ့တိုင်း တောင့်တနေတယ်။ ကျုပ်နဲ့အတူ အိမ်ပြန်ပြီး မိသားစု ပျော်ရွှင်မှုကို ခံစားလိုက်ပါ။”

ယွင်ကျုံးဟဲ့က တံခါးဖွင့်မပေးသောကြောင့် တာရှသံတမန်အဖွဲ့မှာ ဒူးထောက်လျက်ပင် ဆက်နေကြသည်။ ဤကိစ္စမှာ ပွက်လောရိုက်လာပြီး မြို့တော်တစ်ခုလုံးက ယွင်ကျုံးဟဲ့သည် တာရှဧကရာဇ်၏ မြေးတော် ဖြစ်ကြောင်း သိရှိသွားကြ၏။

လူတိုင်းက သိချင်နေသည်မှာ တာရှအင်ပါယာက မည်သို့အတည်ပြုသနည်း။ တွေ့ပင်မတွေ့ဖူး၊ သွေးစစ်ဆေးမှုလည်း မပြုလုပ်ရဘဲ မည်သို့တပ်အပ်ပြောနိုင်သနည်း။ လောကတွင် DNA စစ်ဆေးမှု ကဲ့သို့သော နည်းပညာမှ မရှိသေးပေ။

သံတမန်အဖွဲ့မှာ ခြောက်ရက်တိတိ ဒူးထောက်နေပြီးနောက် ယွင်ကျုံးဟဲ့က တံခါးမဖွင့်ဘဲ အတွင်းမှ လှမ်းပြောလိုက်သည်။ “အမတ်ကြီးယန်...”

“အိမ်ရှေ့စံ... ကျုပ်နဲ့အတူ ပြန်လိုက်ခဲ့ပါ။ အရှင်လည်း တွေ့တဲ့အတိုင်းပဲ၊ အခု အရှင့်ကိစ္စက အရမ်း ပွက်လောရိုက်နေပြီ။ အရှင်က တာယင်အင်ပါယာအတွက် ကြီးမားတဲ့ ကျေးဇူးတွေ ပြုခဲ့ပေမယ့် မျိုးရိုး နောက်ခံက ပေါ်ပေါက်သွားပြီဆိုတော့ သူစိမ်းတစ်ယောက် ဖြစ်သွားပြီ။ တာရှကမှ အရှင့်ရဲ့အိမ်အစစ်ပါ။” ယန်ဝူကျိက တောင်းပန်လိုက်၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “တကယ်တော့ ကျုပ်ကိုယ်တိုင်တောင် ကျုပ်ရဲ့မျိုးရိုးနောက်ခံကို သေချာ မသိသေးဘူး။ တာရှဧကရာဇ်က ကျုပ်ကို တစ်ခါမှ မမြင်ဖူးဘဲ ဘယ်လိုလုပ် အတည်ပြုနိုင်တာလဲ။ ဒါက တာယင်အင်ပါယာရဲ့ အကောက်ကြံမှု မဖြစ်နိုင်ဘူးလား။ ကျုပ်က တာရှမင်းသား အယောင်ဆောင် နေတာ မဟုတ်ဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ။”

“အိမ်ရှေ့စံ... ဒါက လျှို့ဝှက်ချက်ပါ။ ကျုပ် သိခွင့်ရှိတဲ့ကိစ္စ မဟုတ်ပေမယ့် ဧကရာဇ်ရဲ့အမိန့်တော်က ရှင်းလင်းတယ်။ အရှင့်ကို အိမ်ပြန်ခေါ်လာခဲ့ဖို့ပါပဲ။ အရှင်က သူ့ရဲ့မြေးအရင်း ဖြစ်တယ်လို့ သူက အခိုင်အမာ ယုံကြည်နေပါတယ်။” ယန်ဝူကျိက ပြောလိုက်၏။

ယွင်ကျုံးဟဲ့ ခဏတာ တိတ်ဆိတ်သွားသည်။

ယန်ဝူကျိက ဆက်ပြောသည်။ “အိမ်ရှေ့စံ... အရင်ကိစ္စတွေအတွက် စိတ်ခုနေတုန်းပဲလား။ မနှစ်ကတင် ဧကရာဇ်မင်းမြတ်က ထျန်းအန်းအိမ်ရှေ့စံရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဖော်ဆောင်ပေးခဲ့တာ အရှင် သိပါသလား။”

ထျန်းအန်းအိမ်ရှေ့စံဆိုသည်မှာ ယွင်ကျုံးဟဲ့၏ ဖခင် ဖြစ်သည်။ လီပုရှီလန် ယန်ဝူကျိက အသံတိုးတိုးဖြင့် ပြောလိုက်၏။ “အိမ်ရှေ့စံ... အခု တာရှအင်ပါယာနဲ့ တာရှီအင်ပါယာတို့က စစ်တပ်ပေါင်း တစ်သန်းကျော် စုရုံးနေပြီး တာယင်အင်ပါယာကို ကြီးမားတဲ့ဖိအားတွေ ပေးနေတယ်။

ဒါကြောင့် တာယင်ပြည်သူတွေက အရှင့်ကို ရန်သူလို သဘောထားနေကြပြီ။ ဒီအခြေအနေက ပိုပိုပြီး ဆိုးရွားလာလိမ့်မယ်။ တစ်နေ့နေ့ နိုင်ငံရေးအခြေအနေတွေ ပြောင်းလဲသွားရင် တာယင်အင်ပါယာမှာ အရှင့်ရဲ့လုံခြုံရေးကို ဘယ်သူမှ အာမခံနိုင်တော့မှာ မဟုတ်ဘူး။”

ထို့နောက် သူက ဆက်ပြောလိုက်သည်။ “ကျုပ်တို့တာရှက ကောင်းကင်ဘုံနိုင်ငံတော်ကြီးပါ။ အရှင်ကလည်း မင်းမျိုးမင်းနွယ်ပဲ။ ဘယ်လိုလုပ် သူများလက်အောက်မှာ ခိုလှုံနေရမလဲ။ အနာဂတ်မှာ တာယင်အင်ပါယာက အရှင့်ကို ဓားစာခံလုပ်ပြီး ဧကရာဇ်မင်းမြတ်ကို ခြိမ်းခြောက်လာရင် ဘယ်လိုလုပ်မလဲ။”

ယွင်ကျုံးဟဲ့က အေးဆေးစွာ ပြန်ပြောလိုက်၏။ “အမတ်ကြီးယန်... ကျုပ်က အမတ်ကြီးနဲ့ အတူ လိုက်သွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ စကားတစ်ခွန်းတော့ ပါးလိုက်ပါရစေ။ ဒီလောကမှာ ငြိမ်းချမ်းရေးကိုပဲ ဦးစားပေး သင့်တယ်။ တာယင်အင်ပါယာကို လုံးဝ စစ်မတိုက်ပါနဲ့။

အကယ်၍ အရှေ့တိုင်းစစ်ပွဲကြီးသာ ဖြစ်လာရင် နှစ်ဖက်စလုံး နစ်နာပြီး တာရှန်းမိစ္ဆာနိုင်ငံတော်ကို အခွင့်အရေးပေးသလို ဖြစ်သွားလိမ့်မယ်။ ရန်သူ့အကောက်ကြံမှုထဲ လုံးဝမကျရောက်ပါစေနဲ့။ အင်ပါယာသုံးခုလုံး အတူတကွ ပျက်စီးသွားတဲ့အခါ တာရှန်းမိစ္ဆာနိုင်ငံတော်က တစ်ကျော့ပြန်လာပြီး ဒီလောကကြီးတစ်ခုလုံး အမှောင်ထုထဲ လုံးဝ ကျရောက်သွားလိမ့်မယ်။”

ပြောပြီးသည်နှင့် ယွင်ကျုံးဟဲ့သည် ယန်ဝူကျိ၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ ချက်ချင်း ထွက်ခွာသွားခဲ့သည်။

“အိမ်ရှေ့စံ မသွားပါနဲ့... အိမ်ရှေ့စံ မသွားပါနဲ့”

ယန်ဝူကျိက အော်ပြောလိုက်၏။ “ဧကရာဇ်မင်းမြတ်က အသက်ကြီးနေပြီ။ အရှင့်ကို တွေ့ဖို့ အရမ်း လိုလားနေတာပါ။ အရှင်အနေနဲ့ သူ့ကို တစ်သက်လုံး နောင်တရသွားအောင် လုပ်ရက်သလား။”

ဤစကားမှာ အမတ်တစ်ဦး ပြောသင့်သည့်စကား မဟုတ်ပေ။ ထို့ကြောင့် ယန်ဝူကျိ အမှန်တကယ် လောနေပြီဖြစ်ကြောင်း သိသာလှသည်။

တာရှ၏ ယုံချီဧကရာဇ်၏ ကျန်းမာရေးမှာ အလွန်ဆိုးရွားနေပြီး အချိန်မရွေး ကံတော်ကုန်သွားနိုင် သောကြောင့် ယွင်ကျုံးဟဲ့အား နောက်ဆုံးအနေဖြင့် လာရောက်တွေ့ဆုံရန် ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းပင်။

ယွင်ကျုံးဟဲ့၏ ခြေလှမ်း ခဏမျှ ရပ်တန့်သွားသော်လည်း ဆက်လက်ထွက်ခွာသွားခဲ့သည်။

ယန်ဝူကျိသည် တံခါးပြင်ဘက်၌ ဒူးထောက်ကာ အူလှိုက်သည်းလှိုက် ငိုကြွေးတော့၏။

အပိုင်း (၆၇၀)

သူပြောသည့် အတိုင်းပင် တာယင်ပြည်သူတို့မှာ ယွင်ကျုံးဟဲ့အပေါ် ပိုမိုမုန်းတီးလာကြ၏။ ထိုအငွေ့ အသက်မှာ နန်းတော်မှသည် ပြည်သူကြားအထိ ပျံ့နှံ့နေသည်။

တာရှအင်ပါယာ၏ ဖိအားများကြောင့် တာယင်မှာ အန္တရာယ် အများဆုံးအချိန်သို့ ရောက်နေပြီး တပ်တော်၏ အဓိကအင်အားမှာ တာ့ကျိုးနယ်မြေတွင် ရှိနေသောကြောင့် ပြည်တွင်း၌ စစ်အင်အား နည်းပါးနေသည်။ တာရှတပ်သာ မြစ်ကိုဖြတ်ကူးလာပါက တာယင်အတွက် ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လိမ့်မည်။

ရှုံးကျိုးမြို့ရှိ တာတမံကျိုးကျပြီးနောက် မြေနိမ့်ပိုင်း မိုင်ရာပေါင်းများစွာ ရေဖုံးလွှမ်းခဲ့ရသည်။ ပြည်သူများ သေကျေမှု မရှိသော်လည်း လူသန်းပေါင်းများစွာ နေရာရွှေ့ပြောင်းပေးရခြင်းမှာ တွက်ချက်၍ မရနိုင်သော ကုန်ကျစရိတ်များ ဖြစ်စေခဲ့သည်။

ယခုဆောင်းဦးပေါက်တွင် ဟွန်းမြစ်ရေ ကျသွားပြန်သဖြင့် တာတမံ ပြန်လည်တည်ဆောက်ရန် လိုအပ်နေ ပြန်သည်။ တာ့ကျိုးအင်ပါယာမှာလည်း ထျန်းကျိုးဧကရာဇ် ကံတော်ကုန်ပြီးနောက် အားနည်းသွား သောကြောင့့်် တာယင်အင်ပါယာမှာ ငွေကြေးနှင့် ရိက္ခာများ ထောက်ပံ့ပေးရန် လိုအပ်နေ၏။

တာယင်အင်ပါယာသည် နောက်ဆုံးသွေးတစ်စက်ကျန်သည်အထိ ကာကွယ်မည့် စိတ်ဓာတ်ကို ပြသနေသည်။ ထိုအချိန်တွင် ဒဏ္ဍာရီလာ တာရှအင်ပါယာ၏ မြေးတော် ယွင်ကျုံးဟဲ့မှာ ပြည်သူတို့၏ အမုန်းတရား ပစ်မှတ် ဖြစ်လာတော့သည်။

လူအများက သူ့ကို တာရှမှ ထည့်သွင်းထားသော သူလျှိုဟု ပွင့်ပွင့်လင်းလင်း ပြောဆိုလာကြပြီး စံအိမ်ကို စုံစမ်းထောက်လှမ်းသော သိုင်းသမားများပင် ရှိလာသည်။ အခြေအနေ ဆိုးရွားလာပါက စံအိမ်ကို ဝင်ရောက်စီးနင်းမည့် အခြေအနေမျိုး ဖြစ်လာနိုင်၏။

ဤကဲ့သို့သော အခြေအနေများ ဖြစ်ပေါ်လာချိန်မှာတော့ တာယင်ဧကရာဇ်သည် ယွင်ကျုံးဟဲ့ကို ဆင့်ခေါ်လိုက်သည်။

နန်းတော်အမြင့်ဆုံးနေရာမှ မြို့တစ်မြို့လုံးကို ငုံ့ကြည့်ကာ ဧကရာဇ်က ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... ကျုပ် ခင်ဗျားကို တောင်းပန်ပါတယ်။ ခင်ဗျားက တာယင်ရဲ့ ကျေးဇူးရှင် ဖြစ်ပေမယ့် ဒီလို အပြစ်တင် ဝေဖန်မှုတွေကို ခံနေရတယ်။”

“အရှင်မင်းမြတ်ရဲ့ အကာအကွယ်အတွက် ကျေးဇူးတင်ပါတယ်။ အရှင်သာ မရှိရင် ကျုပ်စံအိမ်ထဲ လူတွေဝင်လာပြီး မီးရှို့ပစ်ကြလောက်ပြီ” ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။

တာယင်ဧကရာဇ်က မေးလိုက်၏။ “နန်းတော်ထဲ ဝင်လာတဲ့ လမ်းတစ်လျှောက် ခင်ဗျား မြင်ခဲ့လား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “မြင်ခဲ့ပါတယ်။ အငွေ့အသက်က အရမ်းဖိစီးမှု များနေတယ်။ မြို့တော် တစ်ခုလုံး စစ်ရေးအုပ်ချုပ်မှုအောက် ရောက်နေပြီး လူတိုင်း လက်နက်ကိုင်ဆောင်ထားကြတယ်။”

ဧကရာဇ်က အနည်းငယ် ပြုံးကာ ပြောလိုက်၏။ “ကျုပ်တို့ တာယင်မှာ တခြားဘာမှ မရှိရင်တောင် သတ္တိသွေးတော့ မနည်းဘူး။ ပြည်တွင်းမှာ စစ်သည်သိပ်မရှိတော့ပေမယ့် တာရှနဲ့ တာရှီတို့ရဲ့ စစ်တပ် တစ်သန်း လာတိုက်ရင်တောင် တာယင်ပြည်သူတွေ အားလုံး လက်နက်ကိုင်ပြီး တိုက်ကြလိမ့်မယ်။ အဲဒီအချိန်ကျရင် ထောင်သောင်းမကတဲ့ စစ်သည်တွေ ရှိလာလိမ့်မယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ် အဲဒီအချက်ကို အခိုင်အမာ ယုံကြည်ပါတယ်။ တာယင်နဲ့ တာ့ကျိုး ကြားမှာ အခြေခံ ကွာခြားချက် ရှိတယ်။ တာ့ကျိုးပြည်သူတွေက ဧကရာဇ်အပေါ် ယုံကြည်ကိုးကွယ်မှု လွန်ကဲတာက သဲသောင်ပြင်ပေါ်က ရဲတိုက်လိုပဲ ကြာရှည်မခံဘူး။ ဒါပေမဲ့ တာယင်ပြည်သူတွေရဲ့ ဂုဏ်သိက္ခာ ခံစားချက်က ဧကရာဇ်တစ်ပါးတည်းအပေါ် မဟုတ်ဘဲ အင်ပါယာတစ်ခုလုံးအပေါ်မှာ ရှိနေတာ။ ဒါကြောင့် ဒီဂုဏ်သိက္ခာက ပိုခိုင်မာတယ်။”

တာယင်ဧကရာဇ်က ခေါင်းညိတ်လိုက်၏။ “ခင်ဗျား ပြောတာမှန်တယ်။ ဒါပေမဲ့ တာယင်ဟာ အန္တရာယ် အများဆုံးအချိန်ကို ရောက်နေပြီ။ စစ်ပွဲသာ စတင်ခဲ့ရင် အရှေ့တိုင်း သုံးနိုင်ငံမှာ အနည်းဆုံး လူသန်းနဲ့ချီ သေကျေလိမ့်မယ်။”

ယွင်ကျုံးဟဲ့ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် စကားစလိုက်သည်။ “အရှင်မင်းမြတ် လိုအပ်ရင်... ကျုပ်... ကျုပ် တာရှအင်ပါယာကို သွားပြီး သူလျှိုလုပ်ပေးပါ့မယ်။”

တာယင်ဧကရာဇ်က ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။ “အခု ခင်ဗျားရဲ့မျိုးရိုးနောက်ခံက ပေါ်ပေါက်သွားပြီဆိုတော့ သူလျှိုလုပ်တယ်လို့တောင် ခေါ်လို့ မရတော့ဘူး။”

ယွင်ကျုံးဟဲ့က မချိပြုံး ပြုံးကာ ပြောလိုက်သည်။ “ဒါမှသာ အစစ်အမှန် သူလျှိုလုပ်တာ ဖြစ်နိုင်ပါတယ်။ ယန်ဝူကျိ ပြောတာ မမှားဘူးဆိုရင် တာရှရဲ့ ယုံချီဧကရာဇ်က ကျုပ်ကို တကယ် သတိရနေတယ်ဆိုရင် ကျုပ် သူ့ရဲ့ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးနိုင်ပြီး ဒီစစ်ပွဲကြီးကို တားဆီးနိုင်ကောင်း တားဆီးနိုင်ပါလိမ့်မယ်။”

တာယင်ဧကရာဇ်က ပြောလိုက်၏။ “ယုံချီဧကရာဇ်က အသက်ကြီးနေပြီ၊ ခန္ဓာကိုယ်လည်း အားနည်း နေတယ်။ အခု တာရှရဲ့အာဏာက အိမ်ရှေ့စံ ရှကျူးလက်ထဲ ရောက်နေလောက်ပြီ။ သူက စစ်တိုက်ချင်တဲ့သူ၊ တာ့ယန်မင်းဆက်ရဲ့ ဂုဏ်ကျက်သရေကို ပြန်ယူပြီး လောကကို စည်းလုံးချင်နေတဲ့သူ ဖြစ်လို့ ဒီလို အခွင့်အရေးမျိုးကို သူ လုံးဝ လက်လွှတ်ခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ ယုံချီဧကရာဇ်က စစ်မတိုက်ချင်ဘူးဆိုရင် အိမ်ရှေ့စံ ရှကျူးလည်း နားထောင်ရမှာပါပဲ။”

ယွင်ကျုံးဟဲ့ ဒူးထောက်လိုက်သည်။ “အရှင်မင်းမြတ်... ကျုပ် တာရှအင်ပါယာကို သွားပါ့မယ်။ ယုံချီဧကရာဇ်ရဲ့ ဆန္ဒကို ပြောင်းလဲပြီး တာယင်အင်ပါယာကို ငြိမ်းချမ်းရေး ယူဆောင်လာပေးပါ့မယ်။”

တာယင်ဧကရာဇ်က သက်ပြင်းချကာ ပြောလိုက်၏။ “ဒီအချိန်မှာ ကျုပ် စကားတစ်ခွန်းကို သတိရသွားတယ်။ တိုက်ပွဲဝင်မှ ငြိမ်းချမ်းရေး ရနိုင်မယ်။ ငြိမ်းချမ်းရေးရမှ အသက်ရှင်ရပ်တည်နိုင်မယ်။ ငြိမ်းချမ်းရေးအတွက် အလျှော့ပေးနေလို့ အသုံးမဝင်ဘူး။ စစ်တိုက်နိုင်စွမ်းရှိမှ ရန်သူကို ခြိမ်းခြောက်နိုင်ပြီး အစစ်အမှန် ငြိမ်းချမ်းရေးကို ယူဆောင်လာပေးနိုင်မှာ။”

ဧကရာဇ်မင်းမြတ်သည် စကားစ ပြတ်သွားပြီး လက်ထဲရှိ ကျောက်စိမ်းပြားကိုသာ အသာအယာ ကိုင်တွယ်ရင်း နေရောင်အောက်တွင် အကြိမ်ကြိမ် ထောင်ကြည့်နေသည်။

ယွင်ကျုံးဟဲ့၏ သိလိုစိတ်ဖြင့် ငေးကြည့်နေသည်ကို မြင်သောအခါမှ ထိုကျောက်စိမ်းပြားကို သူ့ထံ ကမ်းပေးလိုက်၏။

ယွင်ကျုံးဟဲ့ ယူ၍ကြည့်လိုက်ရာ ထိုအရာမှာ ရွှေရောင်သမ်းနေသည့် ကျောက်စိမ်းပြားတစ်ခု ဖြစ်နေ၏။ ကျောက်စိမ်းဆိုသော်လည်း ရွှေကဲ့သို့ အရောင်ရှိကာ ကြည်လင်တောက်ပနေသည်။

ဤကျောက်စိမ်း အမျိုးအစားမှာ ကျောက်ဂူအတွင်း ရေကန်အောက်ခြေတွင် သူ တွေ့ခဲ့ရသော ကျောက်စိမ်းပြားနှင့် ဆင်တူနေသည်။ မဟုတ်ပေ၊ တိတိကျကျဆိုရလျှင် ထိုကျောက်စိမ်းနှစ်ခုမှာ လုံးဝ တူညီနေခြင်းပင်။

“အရှင်မင်းမြတ်... ဒါက ဘာလဲ” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

တာယင်ဧကရာဇ်က ပြန်မေး၏။ “ယွင်ကျုံးဟဲ့... ခင်ဗျား သန့်စင်သော ကျောင်းတော်အကြောင်း ကောင်းကောင်း ကြားဖူးမှာပေါ့။”

“ကြားဖူးပါတယ်။ ဒဏ္ဍာရီတွေအရ တာ့ယန်ဧကရာဇ်က သန့်စင်သော ကျောင်းတော်ကို သွားရောက်ခဲ့ပြီးမှ အရှေ့တိုင်းယဉ်ကျေးမှုကို တည်ထောင်ခဲ့တာပါ။ နှစ်ထောင်ပေါင်းများစွာ တည်တံ့ခဲ့တဲ့ တာ့ယန်မင်းဆက်၊ အရှေ့တိုင်းရဲ့ တရားဝင်မင်းဆက်ကို တည်ထောင်ခဲ့တာလို့ ဆိုကြတယ်။

တာရှဧကရာဇ်ရော၊ တာ့ကျိုးဧကရာဇ်ပါ သန့်စင်သော ကျောင်းတော်ကို ဝင်ခဲ့ဖူးလို့သာ အင်ပါယာတွေကို တည်ထောင်နိုင်ခဲ့တာလို့ ကောလာဟလတွေ ရှိပါတယ်။ မီတျဲချိုင့်ဝှမ်းရဲ့ ဘိုးဘေးတွေ၊ နုဧကရာဇ်တောင်မှ သန့်စင်သော ကျောင်းတော်ကို ရောက်ခဲ့ဖူးလို့သာ နှစ်ရာချီ တည်တံ့မယ့် အင်ပါယာကို တည်ထောင်နိုင်ခဲ့တာလို့ ပြောကြတယ်။” ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။

တာယင်ဧကရာဇ်က ခေါင်းခါလိုက်၏။ “မဟုတ်ဘူး၊ မဟုတ်ဘူး။ နုဧကရာဇ် သွားခဲ့တာက သန့်စင်သော ကျောင်းတော် မဟုတ်ဘူး၊ အမည်းရောင် ကျောင်းတော်ပဲ။”

ယွင်ကျုံးဟဲ့ အံ့အားသင့်သွားသည်။ “အမည်းရောင် ကျောင်းတော်ဆိုတာ နောက်ထပ် ကျောင်းတော်တစ်ခု ရှိနေသေးတာလား။”

တာယင်ဧကရာဇ်က ရှင်းပြလိုက်၏။ “ကျုပ်တို့ အရှေ့တိုင်းယဉ်ကျေးမှု ပြောနေကြတဲ့ သန့်စင်သော ကျောင်းတော်တွေကို အဖြူရောင် ကျောင်းတော်လို့ ခေါ်တယ်။ နုဧကရာဇ်က လောကရဲ့ ဘုံရန်သူ ဖြစ်ပြီး တာရှန်းမိစ္ဆာနိုင်ငံတော်ကို တည်ထောင်ကာ လောကတစ်ခုလုံးကို အမှောင်ထုနဲ့ ပျက်စီးခြင်းတွေ ယူဆောင် လာခဲ့သူမို့ သူသွားခဲ့တာက အမည်းရောင် ကျောင်းတော်ပဲ။”

ယွင်ကျုံးဟဲ့က ပြန်မေးလိုက်သည်။ “ဒါဆို အမည်းရောင် ကျောင်းတော်နဲ့ အဖြူရောင် ကျောင်းတော်က တစ်ခုတည်းများ ဖြစ်နေမလား။”

“လုံးဝ မဖြစ်နိုင်ဘူး။”

တာယင်ဧကရာဇ်က ပြတ်သားစွာ ပြောလိုက်၏။ “ရှေးခေတ်တည်းက အကောင်းနဲ့အဆိုးက အတူတကွ ရှိမနေနိုင်ဘူး။”

ယွင်ကျုံးဟဲ့က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ “ဒါဆို သန့်စင်သော ကျောင်းတော်နဲ့ အရှင်မင်းမြတ် လက်ထဲက ရွှေနဂါးကျောက်စိမ်းပြားနဲ့က ဘာဆိုင်လို့လဲ။”

တာယင်ဧကရာဇ်က ရှင်းပြလိုက်၏။ “ကျုပ်တို့ အရှေ့တိုင်းလောကမှာ အင်ပါယာ သုံးခု ရှိတယ်။ တာရှအင်ပါယာနဲ့ တာ့ကျိုးအင်ပါယာရဲ့ တည်ထောင်သူတွေက သန့်စင်သော ကျောင်းတော်ကို သွားခဲ့ဖူးတယ်လို့ ကောလာဟလ ရှိပေမယ့် ကျုပ်တို့ တာယင်အင်ပါယာရဲ့ တည်ထောင်သူကတော့ မသွားခဲ့ဖူးဘူး။ ဒါကြောင့် ကျုပ်တို့ တာယင်အင်ပါယာရဲ့ ခရီးလမ်းက အလှည့်အကွေ့ အရမ်းများခဲ့ရတာပဲ။”

အမြဲတမ်းလိုလို သန့်စင်သော ကျောင်းတော်ကို အရှေ့တိုင်းလောက၏ အမြင့်မြတ်ဆုံး ယဉ်ကျေးမှု နေရာအဖြစ် သတ်မှတ်ခဲ့ကြသည်။

ထိုနေရာသို့ သွားရောက်ဖူးသူတိုင်းကို ကောင်းကင်ဘုံက ရွေးချယ်ထားသူအဖြစ် သတ်မှတ်ပြီး၊ ပြန်လည် ရောက်ရှိလာသည်နှင့် အချိန်တိုအတွင်း ကြီးမားသော အောင်မြင်မှုများကို ရရှိနိုင်ကြ၏။

ထို့ကြောင့်ပင် တာရှနှင့် တာ့ကျိုးအင်ပါယာတို့၏ တည်ထောင်သူ ဧကရာဇ်နှစ်ပါးမှာ နတ်ဘုရားတို့ ကူညီသကဲ့သို့ နှစ်ဆယ်အတွင်းမှာပင် ခမ်းနားသော အင်ပါယာကြီးများကို တည်ထောင်နိုင်ခဲ့ကြသည်။

တာယင်အင်ပါယာမှာ တာ့ယန်မင်းဆက်၏ မင်းမျိုးမင်းနွယ်ဖြစ်သော်လည်း ၎င်း၏ တိုးတက်မှုက တခြား အင်ပါယာနှစ်ခုထက် အများကြီး နောက်ကျခဲ့ပြီး ပို၍လည်း ခက်ခဲကြမ်းတမ်းခဲ့၏။

တာရှနှင့် တာ့ကျိုးတို့မှာ နှစ်ရာပေါင်းများစွာကြာအောင် ခမ်းနားကြီးကျယ်ခဲ့သော်လည်း တာယင် အင်ပါယာသည် လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်ကမှ အမှန်တကယ် စတင်ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။

တိတိကျကျပြောရလျှင် လက်ရှိဧကရာဇ်၏ ဘေးတော် ဧကရာဇ် ဟုန်ကျူလက်ထက်မှသာ ဖြစ်သည်။ ပုံမှန်အားဖြင့် တည်ထောင်သူဧကရာဇ်မှလွဲ၍ အခြားသူများကို ကျူ(ဘိုးဘေး) ဟု မခေါ်ဝေါ်ကြပေ။ ထိုသို့ ခေါ်ဝေါ်ခံရသူများသည် အလွန်ကြီးမားသော အောင်မြင်မှုများ ရှိရမှာဖြစ်၏။

ဧကရာဇ် ဟုန်ကျူလက်ထက်တွင် တာယင်၏ နယ်မြေနှင့် ပြည်သူလူထုသည် ငါးဆတိုးပွားလာခဲ့ပြီး နိုင်ငံငယ်လေးတစ်ခုမှ အင်အားကြီးမားသော အင်ပါယာတစ်ခု ဖြစ်လာခဲ့သည်။

သူသည် ထျန်းကျန်းမြစ်တောင်ဘက်၊ ဟွန်းမြစ်မြောက်ဘက်ရှိ ရန်သူအားလုံးကို ရှင်းလင်းပစ်ခဲ့ပြီး တတိယတန်းစား နိုင်ငံငယ်လေးတစ်ခုမှ အရှေ့တိုင်းလောက၏ ထိပ်တန်းနိုင်ငံအဖြစ် ရုတ်တရက် ခုန်တက်သွားကာ အင်ပါယာသုံးခုစာရင်းထဲသို့ ဝင်ရောက်နိုင်ခဲ့၏။

တာယင်ဧကရာဇ်က ဆက်ပြောလိုက်သည်။ “ဒီရွှေနဂါးကျောက်စိမ်းပြားက ဧကရာဇ် ဟုန်ကျူ ချန်ထားခဲ့တာပါ။ သန့်စင်သော ကျောင်းတော်ရဲ့ လျှို့ဝှက်ချက် ပါဝင်တယ်လို့ သူပြောခဲ့တယ်။ ပြီးတော့ လျှို့ဝှက်သဝဏ်လွှာလည်း ချန်ထားခဲ့တယ်။ တာယင်ရဲ့မျိုးဆက်တွေက သန့်စင်သော ကျောင်းတော်ကို သွားပြီး ပူဇော်မှသာ ဒီလောကမှာ အမှန်တကယ် ရပ်တည်နိုင်မယ်တဲ့။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အရှင်မင်းမြတ်က ဉာဏ်ပညာ ကြီးမားလွန်းပါတယ်။ ဒီလောက်ကြာအောင် လေ့လာခဲ့တာတောင် အတွင်းက လျှို့ဝှက်ချက်ကို မရှာတွေ့သေးဘူးလား။”

တာယင်ဧကရာဇ်က ပြောလိုက်သည်။ “ကျုပ်က ဉာဏ်ပညာကြီးတဲ့သူ မဟုတ်ပါဘူး။ ခင်ဗျားတို့ကမှ ဉာဏ်ပညာကြီးတဲ့သူတွေပါ။ အင်ပါယာသုံးခုထဲက နှစ်ခုက သန့်စင်သော ကျောင်းတော်ကို သွားခဲ့ဖူးတယ်။ ကျုပ်တို့ တာယင်တစ်ခုတည်းကသာ မသွားခဲ့ဖူးလို့ နာမည်လည်း မမှန်၊ စကားလည်း မပီသ ဖြစ်နေရတာ။

ဧကရာဇ် ဟုန်ကျူရဲ့ သေတမ်းစာမှာ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ တာယင်အင်ပါယာအနေနဲ့ မျှော်လင့်ချက်မဲ့ပြီး အန္တရာယ်အများဆုံးအချိန် ရောက်လာရင် သန့်စင်သော ကျောင်းတော်ကို သွားခြင်းဖြင့် အန္တရာယ်ကနေ လွတ်မြောက်နိုင်မယ်တဲ့။ ဒါကြောင့် ဒီရက်ပိုင်းအတွင်းမှာ ဒီကျောက်စိမ်းပြားကို ဆက်တိုက်လေ့လာနေခဲ့ပေမယ့် ဘာမှ မရခဲ့ဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အရှင်မင်းမြတ်... သန့်စင်သော ကျောင်းတော်က ဒဏ္ဍာရီဆန်တယ် ဆိုပေမယ့် လက်ရှိကြုံတွေ့နေရတဲ့ အသက်အန္တရာယ်ကို ဖြေရှင်းဖို့ ဒါကို အားကိုးဖို့ ဆိုတာ အရမ်းကို စိတ်ကူးယဉ် ဆန်လွန်းတယ်လို့ ကျုပ် ထင်တယ်။”

တာယင်ဧကရာဇ်က သက်ပြင်းချကာ ပြောလိုက်သည်။ “ကောင်းကင်ဘုံရဲ့ အလိုတော် ဆိုတာ တစ်ခါတလေ စိတ်ကူးယဉ်ဆန်ပေမယ့် တစ်ခါတလေကျတော့လည်း အရမ်းကို ဆန်းကြယ်တယ်။ ပြီးတော့ အဲဒီတုန်းက ဧကရာဇ် ဟုန်ကျူက သန့်စင်သော ကျောင်းတော်ရှိတဲ့နေရာကို တကယ် ရှာတွေ့ခဲ့တာပါ။ ဒါပေမဲ့ သူ မဝင်ခဲ့ဘဲ နောင်လာနောက်သားတွေအတွက် ချန်ထားခဲ့တယ်။ ဒါကတင် အရမ်း ဒဏ္ဍာရီဆန်နေပြီ။”

ယွင်ကျုံးဟဲ့ အံ့ဩသွား၏။ “ဧကရာဇ် ဟုန်ကျူက ရှာတွေ့ခဲ့တာလား။ ဒီလောကမှာ ဘယ်လောက်များတဲ့ မင်းမျိုးမင်းနွယ်တွေ၊ ဘယ်လောက် ထူးချွန်တဲ့ သိုင်းဂိုဏ်းတွေတောင် ဒီသန့်စင်သောကျောင်းတော်ကို ရှာမတွေ့ခဲ့ကြဘူး။ အဲဒီနေရာက လောကရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်တစ်ခု ဖြစ်နေတာကို ဧကရာဇ် ဟုန်ကျူက ရှာတွေ့ခဲ့တယ်ပေါ့။”

တာယင်ဧကရာဇ်က ပြောလိုက်သည်။ “အနည်းဆုံးတော့ သေတမ်းစာမှာ အဲဒီလို ပြောထားတာပဲ။ ပြီးတော့ သူက လျှို့ဝှက်ချက်ကို ဒီရွှေနဂါးကျောက်စိမ်းပြားထဲမှာ သိမ်းဆည်းထားခဲ့တယ်။”

ယွင်ကျုံးဟဲ့က ထောက်ပြလိုက်၏။ “တခြားဖြစ်နိုင်ခြေတစ်ခုရော ရှိနိုင်မလား။ ဧကရာဇ် ဟုန်ကျူက သန့်စင်သော ကျောင်းတော်ရှိတဲ့နေရာကို ရှာတွေ့ခဲ့ပေမယ့် သူ ဝင်လို့မရခဲ့တာမျိုးပေါ့။”

တာယင်ဧကရာဇ်က ပြုံးရုံသာ ပြုံးပြီး ထိုစကားကို ပြန်မဖြေခဲ့ပေ။

အတန်ကြာမှာ တာယင်ဧကရာဇ်က ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... ခင်ဗျား ပြောတာမှန်တယ်။ ဒါကို အားကိုးပြီး ပြဿနာဖြေရှင်းဖို့ ဆိုတာ အဆိုးမြင်လွန်းပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ရွေးချယ်မှုကို ကျုပ် လေးစားတယ်။

တကယ်လို့ ခင်ဗျား တာရှအင်ပါယာကို သွားပြီး ယုံချီဧကရာဇ်ရဲ့ စစ်တိုက်ချင်တဲ့ဆန္ဒကို ပြောင်းလဲ ပေးနိုင်မယ်ဆိုရင် ကျုပ် အရမ်း ကျေးဇူးတင်မှာပါ။ ဒါပေမဲ့ ခင်ဗျား မသွားချင်ဘူးဆိုရင်လည်း ကျုပ် အတင်းအကျပ် မတောင်းဆိုပါဘူး။”

“အရှင်မင်းမြတ်... ကျုပ် သွားပါ့မယ်” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။

ထို့နောက် ရွှေနဂါးကျောက်စိမ်းပြားကို ဧကရာဇ်ထံ ပြန်ပေးလိုက်၏။

“အာ့...” ရုတ်တရက် ယွင်ကျုံးဟဲ့ အော်ဟစ်လိုက်၏။ သူ့လက်ချောင်းမှာ ကျောက်စိမ်းပြား၏ အစွယ်ဖြင့် ခြစ်မိသွားပြီး သွေးထွက်လာသောကြောင့် ဖြစ်သည်။

ထိုအခိုက်မှာပဲ ထူးဆန်းအံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ယွင်ကျုံးဟဲ့၏ သွေးများမှာ ကျောက်စိမ်းပြားထဲသို့ စိမ့်ဝင်သွားပြီး၊ ရွှေနဂါးမှာ ထိုသွေးကို တပ်မက်စွာ မျိုချလိုက်သကဲ့သို့ ဖြစ်သွားတော့၏၊

ထိုသွေးများမှာ ရွှေနဂါးကျောက်စိမ်းပြားအတွင်း စနစ်တကျ စီးဆင်းသွားပြီးနောက် နောက်ဆုံးတွင် ကိန်းဂဏန်းအချို့အဖြစ် ထင်ရှားပေါ်ပေါက်လာသည်။

All Chapters