အခန်း (၆၇၁-၆၇၂)
Vol. 57 Ch. 671-672
အပိုင်း (၆၇၁)
ယွင်ကျုံးဟဲ့ တစ်ခဏမျှ အသက်ရှူရပ်သွားသည်။ ‘ကိုဩဒိနိတ်တစ်ခု ပြန်ပေါ်လာပြန်ပြီလား။ ဒါက သန့်စင်သောကျောင်းတော်၏ တည်နေရာလား။’
သန့်စင်သောကျောင်းတော်မှာ နေရာအတည်တကျ မရှိဟု ဆိုကြသည် မဟုတ်ပါလား။ သို့ပေမည့် ပြီးခဲ့သည့်အကြိမ်က နုဧကရာဇ်၏ နစ်မြုပ်နေသော ရတနာသင်္ဘောများမှာလည်း အလွန်တိကျသည့် ကိုဩဒိနိတ်တစ်ခုနှင့် ဆက်စပ်နေခဲ့၏။
ယခု သန့်စင်သောကျောင်းတော်၏ တည်နေရာမှာလည်း ထိုနည်းတူပင် ဖြစ်နေသည်။
တာယင်ဧကရာဇ်မှာ အံ့ဩမှင်တက်သွားပုံရပြီး ကျောက်စိမ်းပြားကို အမြန်ယူကာ အနီးကပ် စိုက်ကြည့်လိုက်၏။
“ဒါ... ဒါက ဘာအဓိပ္ပာယ်လဲ။ ကျုပ် ဒီလိုစာသားမျိုး တစ်ခါမှ မမြင်ဖူးဘူး။”
တာယင်ဧကရာဇ်က တုန်လှုပ်စွာ ပြောလိုက်သည်။ “ဒီကျောက်စိမ်းပြားက တာယင်ဧကရာဇ်အဆက်ဆက် လက်ထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေခဲ့တာတောင် ဘာအချက်အလက်မှ ပေါ်မလာခဲ့ဘူး။ ဘိုးဘေးတွေက အားအင်တွေ အများကြီး ကုန်ခံပြီး လေ့လာခဲ့တာတောင် ဘာသတင်းအချက်အလက်မှ မရခဲ့ဘူး။ ဒီနေ့မှ ပေါ်လာတယ်။ ဒါ ကောင်းကင်ဘုံရဲ့ အလိုတော်များလား။”
တာယင်ဧကရာဇ်မှာ အလွန်စိတ်လှုပ်ရှားနေပြီး အသက်ရှူပင် မြန်ဆန်လာသည်။ ထို့နောက် ယွင်ကျုံးဟဲ့ကို ကြည့်ကာ မေးလိုက်၏။ “ခင်ဗျား... ဒီစာသားတွေရဲ့ အဓိပ္ပာယ်ကို နားလည်လား။”
“နားလည်ပါတယ်။ ဒါက ကိုဩဒိနိတ်တစ်ခုပါ။ အဲဒီနေရာ ဘယ်နေရာလဲဆိုတာ တိတိကျကျ တွက်ချက်လို့ ရပါတယ်။” ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။
တာယင်ဧကရာဇ်က တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်၏။ “ဒါဆို... ဒါက သန့်စင်သောကျောင်းတော်ရဲ့ တိကျတဲ့ တည်နေရာပေါ့။”
“ဟုတ်လောက်ပါတယ်။” ယွင်ကျုံးဟဲ့၏ အသံမှာ တုန်ယင်နေသည်။
တာယင်ဧကရာဇ်က ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်မောကာ ပြောလိုက်သည်။ “ထျန်းကျိုး ဧကရာဇ်က ခင်ဗျားကို အရှေ့တိုင်းလောကရဲ့ ကောင်းကင်ဘုံက ရွေးချယ်ထားသူလို့ ပြောတာ တကယ် ဖြစ်နိုင်တယ်။
ဒီကျောက်စိမ်းပြားက ကျုပ်တို့လက်ထဲမှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ရှိခဲ့ပေမဲ့ ဘာမှ မပေါ်ခဲ့ဘူး။ အခု ခင်ဗျားလက်ထဲ ရောက်မှပဲ ပြောင်းလဲသွားတယ်။ ခင်ဗျားရဲ့ သွေးနဲ့မှ ဒါကို ဖွင့်နိုင်တာပဲ။ တကယ်ပဲ ရွှေရောင် သွေးကြောပါပဲလား။ ဒီကျောက်စိမ်းပြားက ခင်ဗျားနဲ့ပဲ ထိုက်တန်တယ်။”
ဧကရာဇ်က ကျောက်စိမ်းပြားကို ယွင်ကျုံးဟဲ့ထံ ပြန်ပေးလိုက်၏။ “အရှင်မင်းမြတ်... ကျုပ် ဧကရာဇ် ဟုန်ကျူရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်ပါတယ်။ ကျုပ် အရှင်မင်းမြတ်ကို ခေါ်ပြီး သန့်စင်သော ကျောင်းတော်ကို သွားပူဇော်ချင်ပါတယ်။”
တာယင်ဧကရာဇ်က တုန်ယင်စွာဖြင့် မေးလိုက်သည်။ “တကယ်လား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “တကယ်ပါ။”
တာယင်ဧကရာဇ်က ပြောလိုက်သည်။ “ဒါဆိုရင် တာယင်အင်ပါယာရဲ့ ဘိုးဘေးအဆက်ဆက် ကိုယ်စား ခင်ဗျားရဲ့ကျေးဇူးကို ကျုပ် ကျေးဇူးတင်ပါတယ်။”
ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်၏။ “အရှင်မင်းမြတ်... ဒါက အလွန်တိကျတဲ့ တွက်ချက်မှုတွေ လိုအပ်လို့ ကျုပ်ကို ရက်အနည်းငယ် အချိန်ပေးပါ။”
တာယင်ဧကရာဇ်က ပြောလိုက်သည်။ “ရပါတယ်။”
ယွင်ကျုံးဟဲ့ ခဏ တွန့်ဆုတ်နေပြီးမှ ထပ်ပြောလိုက်၏။ “အရှင်မင်းမြတ်... အခု ကျုပ်ရဲ့ မိသားစု တာယင်အင်ပါယာမှာ နေတာ လုံခြုံမှု မရှိတော့ဘူးလို့ ထင်ပါတယ်။ တာရှနဲ့ တာယင်ရဲ့ အခြေအနေက ပိုဆိုးလာတာနဲ့အမျှ တစ်နေ့နေ့ တာယင်ပြည်သူတွေက ကျုပ်ရဲ့ စံအိမ်ကို ဝင်စီးလာနိုင်တယ်။ ကျုပ်သားက အသက်ဆယ်နှစ်ပဲ ရှိသေးတာမို့ သူတို့ကို အရင် လွှတ်လိုက်ချင်တယ်။”
တာယင်ဧကရာဇ် အံ့ဩသွားပြီးနောက် အတန်ကြာမှ မေးလိုက်သည်။ “ခင်ဗျား သူတို့ကို ဘယ်လွှတ်ချင်တာလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏၊ “အရှေ့တိုင်းလောကကနေ လုံးဝထွက်ခွာပြီး အနောက်ဘက်ကို သွားရင်းနဲ့ ကျင်းကျုံးယွဲ့ကို ရှာခိုင်းမလို့ပါ။”
တာယင်ဧကရာဇ် မျက်လုံးကို မှိတ်လိုက်၏။ အတန်ကြာမှ ပြန်ဖွင့်ကာ ပြောလိုက်သည်။ “ကောင်းပြီ။ ကျုပ် သဘောတူပါတယ်။”
ယွင်ကျုံးဟဲ့ ဦးညွှတ်ကာ ထွက်ခွာသွားသည်။ သူ ထွက်သွားပြီးသည်နှင့် ဆွဲဆောင်မှုရှိသော မိန်းမချောလေး တစ်ဦး ဖြည်းညင်းစွာ ထွက်ပေါ်လာ၏။
“ယွင်ကျုံးဟဲ့က ကျုပ်ကို ရိပ်မိသွားပြီ။ တကယ်ကို ဉာဏ်ပညာ ကြီးမားတာပဲ” တာယင်ဧကရာဇ်က ပြောလိုက်သည်။
ယွင်ကျုံးဟဲ့၏ စကားတစ်ခွန်းတည်းဖြင့် သူသည် မိမိ၏ အစစ်အမှန် သဘောသဘာဝကို သိရှိသွားပြီ ဖြစ်ကြောင်း ဧကရာဇ် ရိပ်မိလိုက်၏။
ယွင်ကျုံးဟဲ့ လုပ်ဆောင်သမျှမှာ မိသားစုကို လွှတ်ပေးရန်အတွက်သာဖြစ်ပြီး သူတို့၏ မိသားစုမှာ သေရေးရှင်ရေး အန္တရာယ်ရှိနေကြောင်း စောစောတည်းက သိရှိနေပုံရသည်။
“ဒါဆို ကျွန်မတို့ သူ့တောင်းဆိုချက်ကို သဘောတူရအုံးမှာလား။” ထိုမိန်းမချောလေးက မေးလိုက်၏။
တာယင်ဧကရာဇ်က ပြောလိုက်သည်။ “အရင် သဘောတူလိုက်ပါ။”
ထိုမိန်းမချောလေးက ပြောလိုက်၏။ “အရှင်မင်းမြတ်... ဒီကိုဩဒိနိတ်ကို ကျွန်မတို့ ဖော်ထုတ်ပြီးပါပြီ။ အကြိမ်ပေါင်း သောင်းနဲ့ချီ ရှာခဲ့ပြီးပြီ၊ လုံးဝ အသုံးမဝင်တဲ့နေရာပါ။ ယွင်ကျုံးဟဲ့က ဉာဏ်ကြီးရှင်ပေမဲ့ ဒီကိုဩဒိနိတ်ကို ဖော်ထုတ်နိုင်ရုံသက်သက်ပါ။ ဒီလျှို့ဝှက်ချက်ပြည့်နှက်နေတဲ့ ရတနာမြေကို ကျွန်မတို့တောင် မရှာနိုင်ခဲ့ရင် သူလည်း ရှာတွေ့နိုင်မှာ မဟုတ်ဘူး။”
တာယင်ဧကရာဇ်က ပြုံးလိုက်သည်။ “စမ်းကြည့်တာပေါ့။”
ထိုမိန်းမချောလေးက မေးလိုက်၏။ “တကယ်လို့ သူလည်း နုဧကရာဇ်ရဲ့ တကယ့် မြေအောက်မိစ္ဆာနိုင်ငံတော်ကို မရှာတွေ့နိုင်ဘူးဆိုရင်ကော။”
တာယင်ဧကရာဇ် သက်ပြင်းချကာ ပြောလိုက်သည်။ “တချို့စကားတွေကို ကျုပ်နှုတ်က ထွက်အောင် အတင်းဖိအားပေးဖို့ မလိုပါဘူး။”
ထိုမိန်းမချောလေးက ပြောလိုက်၏။ “ကျွန်မ နားလည်ပါပြီ။ တကယ်လို့ သူလည်း မရှာတွေ့ဘူးဆိုရင် သူ့မိသားစုတစ်ခုလုံးကို သတ်ပစ်လိုက်မယ်။”
တာယင်ဧကရာဇ် လက်ယမ်းပြလိုက်၏။ တစ်နိုင်ငံလုံးကို ယစ်မူးစေနိုင်သော ထိုမိန်းမချောလေးမှာ ရှေ့သို့တိုးကာ ဧကရာဇ်ကို မျက်နှာချိုသွေးနေသည်။
ဧကရာဇ်က သက်ပြင်းချလျက် ပြောလိုက်၏။ “သူ့မိသားစုကို ကျုပ် မသတ်ချင်ဘူး။ ဒါပေမဲ့ ဒီလူကို ကောင်းကောင်းအသုံးမချနိုင်ရင် တကယ့်အန္တရာယ်ကောင် ဖြစ်လာလိမ့်မယ်။ သူက အရမ်းကို ဒဏ္ဍာရီ ဆန်လွန်းတယ်။”
.........................
သုံးရက်အကြာတွင်...
ယွင်ကျုံးဟဲ့က သန့်စင်သောကျောင်းတော်၏ တည်နေရာကို တွက်ချက်နိုင်ပြီဟု ကြေညာလိုက်ရာ တာယင်ဧကရာဇ် အလွန်ဝမ်းသာသွားသည်။
ထို့နောက် ဧကရာဇ်မှာ ရုပ်ဖျက်လျက် လူထောင်ပေါင်းများစွာကိုသာ ခေါ်ဆောင်ကာ ယွင်ကျုံးဟဲ့နှင့်အတူ မြို့တော်မှ ထွက်ခွာပြီး အနောက်ဘက်သို့ ခရီးဆက်ခဲ့၏။
ယွင်ကျုံးဟဲ့၏ မိသားစုမှာလည်း အသက်ဆယ်နှစ်အရွယ် သားလေးနှင့်အတူ တာယင်အင်ပါယာမှ ထွက်ခွာ လာခဲ့ကြ၏။ အနောက်ဘက်သို့... အနောက်ဘက်သို့သာ အဆက်မပြတ် သွားနေခဲ့သည်။
ရက်ပေါင်းနှစ်ဆယ်ကျော်အကြာတွင် သူတို့သည် အလွန်ဝေးလံသော နေရာတစ်ခုသို့ ရောက်ရှိလာသည်။ အနောက်ဘက် သဲကန္တာရကြီးပင်။
ယခင်က ယွင်ကျုံးဟဲ့ ရိုလန်မြို့မှ မီတျဲချိုင့်ဝှမ်းသို့ သွားစဉ်က ဤနေရာကို ဖြတ်သန်းခဲ့ဖူးသော်လည်း အထဲသို့မူ တစ်ခါမျှ မဝင်ရောက်ခဲ့ဖူးပေ။
လူများမှာ ကုလားအုတ်များစီးကာဖြင့် သဲကန္တာရထဲသို့ မိုင်ပေါင်း သုံးထောင်ကျော်အထိ ဝင်ရောက်သွား ခဲ့ကြ၏။ ဤနေရာတွင် ကျောက်စရစ်ခဲမရှိ၊ အပင်မရှိ၊ မျက်စိတစ်ဆုံး သဲဝါပြင်ကြီးသာ ရှိသည်။ လျှို့ဝှက် ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ရာများ ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်သည်။
ရေကို အလွန်ခြိုးခြံသုံးသော်လည်း ယွမ်ယောင်၏ နှုတ်ခမ်းများမှာ ကွဲအက်နေသည်။ မိသားစုဝင်များက မိမိတို့၏ သောက်ရေချိုများကို ချွေတာကာ ကလေးကို တိုက်ကြသော်လည်း ကလေးမှာ လိမ္မာလွန်းလှသည်။ သူ၏ နှုတ်ခမ်းကို အနည်းငယ်သာ စိုစွတ်စေပြီးနောက် အဘိုးကို ရေဝပြီဟု လိမ်ပြောတတ်၏။
ထိုမြင်ကွင်းမှာ ယွင်ကျုံးဟဲ့အတွက် ရင်နာစရာအကောင်းဆုံးပင်။ သူ့ကြောင့်ပင် မိသားစုမှာ ဤမျှ အန္တရာယ်များသည့်နေရာသို့ ရောက်လာခဲ့ရသည်။ အနောက်ဘက်သို့ တိုးလေလေ၊ ငရဲပြည်သို့ ဝင်ရောက် သွားသကဲ့သို့ ခံစားရလေလေ ဖြစ်သည်။
သူတို့ကို ဝိုင်းရံထားသော သိုင်းပညာရှင် ထောင်ပေါင်းများစွာမှာလည်း တာယင်မှ ထွက်ခွာလာချိန်မှစ၍ ထူးဆန်းလာကြသည်။ သူတို့၏မျက်လုံးများမှာ သားရဲများကဲ့သို့ တောက်ပနေ၏။
ဧကရာဇ်နှင့် ထိုမိန်းမချောလေးမှာမူ ရေဓာတ်ခန်းခြောက်သည့် လက္ခဏာ မရှိဘဲ အလွန်တက်ကြွနေ၏။ အထူးသဖြင့် ထိုမိန်းမချောလေး၏ အသားအရေမှာ သဲမုန်တိုင်းများကြားတွင်ပင် နုနယ်နေဆဲ ဖြစ်သည်။
ရက်အနည်းငယ် ဆက်သွားပြီးနောက် သဲကန္တာရ၏ အလယ်ဗဟိုသို့ ရောက်ရှိသွား၏။ ဤနေရာရှိ ကြယ်များမှာ အခြားနေရာများနှင့် မတူညီဘဲ သက်ရှိလက္ခဏာ မရှိသော အခြားကမ္ဘာတစ်ခုသို့ ရောက်နေ သကဲ့သို့ ခံစားရသည်။ ရုတ်တရက် ယွင်ကျုံးဟဲ့ ရပ်တန့်လိုက်၏။
“ယွင်ကျုံးဟဲ့... ဘာလို့ ဆက်မသွားတာလဲ” ဧကရာဇ်က မေးလိုက်သည်။
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “အရှင်မင်းမြတ်... ရောက်ပါပြီ။ ဒီနေရာက ကိုဩဒိနိတ်ရဲ့ ဗဟိုချက်ပဲ။”
“ဒီနေရာလား။ ဒါပေမဲ့ ဒီနေရာမှာ ဘာမှ မရှိပါလား။ နေရာတိုင်း သဲဝါတွေချည်းပဲ။ အဆုံးမရှိတဲ့ သဲကန္တာရကြီးပဲ ရှိတာလေ။” ဧကရာဇ်က မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်သည်။
ယွင်ကျုံးဟဲ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ “ဒါပေမဲ့ ကိုဩဒိနိတ်ရဲ့ တိကျတဲ့ တည်နေရာက ဒီနေရာပါပဲ။”
ထို့နောက် သူ သက်ပြင်းတစ်ချက်ချကာ ဆက်ပြောလိုက်သည်။ “အရှင်မင်းမြတ်... ကျုပ် ခန့်မှန်းတာ မမှားဘူးဆိုရင် အရှင်မင်းမြတ် ရှာဖွေချင်နေတာက သန့်စင်သောကျောင်းတော် မဟုတ်ဘဲ နုဧကရာဇ်ရဲ့ တကယ့်ဂူဗိမာန်ကို ရှာချင်နေတာ မဟုတ်လား။
လေခွင်းမြို့ထဲက ဂူဗိမာန်က အတုကြီး ဖြစ်နေတာလား။ ဒါက တကယ်ကို မယုံနိုင်စရာပဲ။ အတုကြီးတောင် ဒီလောက် အံ့ဩစရာ ကောင်းနေတာ အစစ်ကရော ဘယ်လိုမျိုးဖြစ်မလဲ။ မြေအောက်မိစ္ဆာနိုင်ငံတော်များ ဖြစ်နေမလား။”
သူ ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ပြောလိုက်၏။ “အခုမှပဲ ကျုပ် နားလည်သွားတော့တယ်။ အရှင်မင်းမြတ်က ဘာလို့ လေခွင်းမြို့မှာပဲ အမြဲနေချင်နေတာလဲဆိုတာ။ အဲဒီမှာ နုဧကရာဇ်ရဲ့ မြေအောက် ဂူဗိမာန် အတုတစ်ခု ရှိနေလို့ကိုး။”
“ဟင်း....”
သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီးနောက် ယွင်ကျုံးဟဲ့က ဧကရာဇ်ကို စိုက်ကြည့်ကာ မေးလိုက်၏။ “နောက်တစ်ခုက ကျုပ် အရှင်မင်းမြတ်ကို ဘယ်လို ခေါ်ရမလဲ။ တာယင်အင်ပါယာရဲ့ ဧကရာဇ်မင်းမြတ်လို့ ခေါ်ရမလား၊ ဒါမှမဟုတ် တာရှန်းမိစ္ဆာနိုင်ငံတော်ရဲ့ အမှောင်သခင်ကြီးလို့ ခေါ်ရမလား။”
ဧကရာဇ်မှာ အနည်းငယ် အံ့ဩသွားပုံရသော်လည်း ချက်ချင်းဆိုသလို ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
ထိုအချိန်မှာပဲ သူ၏ဘေးရှိ အလွန်လှပသော မိန်းမချောလေးက လက်ခုပ်ကို ညင်သာစွာ တီးလိုက်၏။
တစ်ခဏချင်းမှာပဲ သဲကန္တာရပြင်ကြီးသည် တုန်ခါသွားပြီး ပုန်းအောင်းနေသော သိုင်းပညာရှင် မြောက်မြားစွာ ထွက်ပေါ်လာကြသည်။
သူတို့သည် ပိုးကောင်များအလား သဲပြင်တစ်လျှောက် ပြည့်နှက်သွားကာ လူတိုင်းမှာ မိစ္ဆာဆန်သော အသွင်အပြင်များဖြင့် ပြည့်နှက်နေ၏။
လူတိုင်းမှာ အရပ်နှစ်မီတာခန့် မြင့်မားပြီး မျက်လုံးများမှာ သားရဲတိရစ္ဆာန်များကဲ့သို့ အရောင်လက်နေသည်။ တာရှန်းမိစ္ဆာနိုင်ငံတော်၏ အစစ်အမှန် စစ်သည်တော်များပင်။
ထိုသူတို့သည် လေးများကိုတင်ကာ မြားများဖြင့် ယွင်ကျုံးဟဲ့၏ မိသားစုတစ်ခုလုံးကို ဝိုင်းဝန်း ချိန်ရွယ် ထားကြတော့သည်။
ဧကရာဇ်က အေးစက်စက် လေသံဖြင့် ပြောလိုက်၏။ “ဒီနေရာကို ကျုပ်တို့ အကြိမ်ကြိမ် ရှာဖွေခဲ့ပြီးပြီ။ ဒါပေမဲ့ ဘာသဲလွန်စမှ မရခဲ့ဘူး။ အောက်ကသဲတွေကိုလည်း အနက်ကြီးအထိ တူးကြည့်ပြီးပြီ။ အားလုံးက ကျောက်ဆောင်တွေချည်းပဲ၊ ဘာမှမရှိဘူး။
ယွင်ကျုံးဟဲ့... ခင်ဗျားက ဉာဏ်ပညာကြီးမားတဲ့သူဆိုတော့ ခင်ဗျားကို ခေါ်လာရင် အံ့ဩစရာတစ်ခုခု တွေ့ရမလားလို့ စောင့်ကြည့်နေတာပါ။”
ယွင်ကျုံးဟဲ့က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။ “အရှင်မင်းမြတ်... အခု တာရှအင်ပါယာနဲ့ တာရှီ အင်ပါယာက စစ်သည် တစ်သန်းကျော် စုရုံးပြီး တာယင်အင်ပါယာကို တိုက်ဖို့ ပြင်နေကြပြီ။ အရှင်မင်းမြတ်က မြို့တော်မှာ မရှိဘဲ ဒီလိုထွက်လာတော့ စစ်ပွဲကြီးဖြစ်လာမှာကို မစိုးရိမ်ဘူးလား။”
ဧကရာဇ်က သက်ပြင်းတစ်ချက် ချလိုက်၏။ “ခင်ဗျားက တာရှအင်ပါယာကို လုံးဝစစ်မတိုက်ဖို့၊ စစ်တိုက်ရင် စစ်တပ်တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်လို့ အကြိမ်ကြိမ် သတိပေးထားတယ် မဟုတ်လား။ ကျုပ်သာ မြို့ပြင်ကို မထွက်လာရင် သူတို့က ဘယ်လိုလုပ် စစ်တိုက်ရဲတော့မှာလဲ။”
ထိုစကားကြောင့် ယွင်ကျုံးဟဲ့ စိတ်ထဲ ထိတ်လန့်သွားပြီး မေးလိုက်မိသည်။ “ကျုပ် မှတ်မိသလောက်ဆိုရင် ဒီသဲကန္တာရတစ်ခုလုံးက မီတျဲချိုင့်ဝှမ်းရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိတာလေ။ ပိုင်ယင်မြို့က ဝင်လို့မရဘူး မဟုတ်လား။”
ဧကရာဇ်က ဘာမှ ပြန်မပြောပေ။
ယွင်ကျုံးဟဲ့က ဇွဲမလျှော့ဘဲ ဆက်မေးလိုက်၏။ “ဒါဆို အရှင်မင်းမြတ်နဲ့ ပိုင်ယင်မြို့စားတို့က ဘယ်လို ပတ်သက်မှုမျိုးလဲ။”
ဧကရာဇ်က နှုတ်ဆိတ်နေဆဲ ဖြစ်သည်။
ယွင်ကျုံးဟဲ့က ဆက်မေးလိုက်ပြန်၏။ “အရှင်မင်းမြတ်နဲ့သူက ယှဉ်ပြိုင်ဖက်လား ဒါမှမဟုတ် ပူးပေါင်းသူ ဆက်ဆံရေးမျိုးလား။ စာလုံးတစ်လုံးတည်းကို အတူတူရေးလို့ မရတဲ့ တာရှန်းလိုမျိုးလား။ ကျုပ်ရဲ့ အကူအညီနဲ့ ထျန်းကျိုးဧကရာဇ် သေဆုံးသွားတော့ ပိုင်ယင်မြို့က အချိန်မီ နောက်ဆုတ်သွားတာလား။”
ဧကရာဇ်က ထိုမေးခွန်းများကို ဖြေဆိုခြင်း မရှိဘဲ ယွင်ကျုံးဟဲ့ကို စူးစိုက်ကြည့်ကာ ပြန်မေးလိုက်သည်။ “ယွင်ကျုံးဟဲ့... နုဧကရာဇ်ရဲ့ မြေအောက်မိစ္ဆာနိုင်ငံတော်နဲ့ ပတ်သက်ပြီး သဲလွန်စရပြီလား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ရပါပြီ။”
ဧကရာဇ်က အမိန့်ပေးလိုက်သည်။ “ပြောပြစမ်း။”
“အရှင်မင်းမြတ်... ကျုပ်ရဲ့မိသားစုကို အရင်လွှတ်ပေးလို့ ရမလား။” ယွင်ကျုံးဟဲ့က အလဲအလှယ် လုပ်ရန် တောင်းဆိုလိုက်၏။
ဧကရာဇ်က ပြတ်ပြတ်သားသားပင် ခေါင်းခါပြလိုက်သည်။
ယွင်ကျုံးဟဲ့က ထပ်မံတောင်းဆိုလိုက်ပြန်၏။ “တစ်ယောက်လောက်ဖြစ်ဖြစ် လွှတ်ပေးပါလား။”
ဧကရာဇ်က ယွင်ကျုံးဟဲ့ကို တစ်ချက်အကဲခတ်ပြီးနောက် ခေါင်းညိတ်ပြကာ နင်ချင်းရှိရာဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
သူမ လွတ်မြောက်သွားသော်လည်း နင်ချင်း၏မျက်နှာတွင် အလွန် မပျော်မရွှင် ဖြစ်သွားသည့် အရိပ်အယောင်များ ထင်ဟပ်နေ၏။ အကြောင်းမှာ ဧကရာဇ်က သူမကို ပထမဆုံးလွှတ်ပေးလိုက်ခြင်းမှာ ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် သူမသည် အရေးမပါဆုံးသူ ဖြစ်နေကြောင်း သက်သေပြလိုက်သကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
‘ဘာလို့လဲ... အတူအိပ်ခဲ့တဲ့ အကြိမ်အရေအတွက်အရဆိုရင် ငါက သူနဲ့ အများဆုံး အိပ်ခဲ့ရတာလေ။’ နင်ချင်းက တွေးလိုက်မိသည်။
“အဖေ...” ယွင်ကျုံးဟဲ့က လှမ်းခေါ်လိုက်၏။
အောက်ရှင်းက ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။ “စိတ်ချပါ။”
ထို့နောက် အောက်ရှင်းနှင့် နင်ချင်းတို့သည် ကုလားအုတ်တစ်ကောင်စီစီးကာ၊ နောက်ထပ် ကုလားအုတ် တစ်ကောင်တွင် သောက်ရေအလုံအလောက် တင်လျက် မြောက်ဘက်သို့ ထွက်ခွာသွားကြတော့၏။
....................
အပိုင်း (၆၇၂)
တစ်ရက်နှင့် တစ်ည ကုန်လွန်ပြီးနောက်...
အောက်ရှင်းတစ်ယောက်တည်း ပြန်ရောက်လာ၏။ သူသည် နင်ချင်းကို ဘေးကင်းစွာ ပို့ဆောင်ပေးခဲ့ပြီး ထိုနေရာတွင် ကြိုဆိုမည့်သူလည်း ရှိနေခဲ့ပြီဖြစ်သည်။
ထိုအတောအတွင်း ဧကရာဇ်သည် ဤနေရာတွင် တဲများ ဆောက်လုပ်ခိုင်းထားပြီး ပစ္စည်း အမြောက်အမြားကိုလည်း လျှို့ဝှက်ဖုံးကွယ်ထားခဲ့၏။
“ရှင့်ရဲ့မိသားစုဝင်တစ်ယောက်ကို လွှတ်ပေးလိုက်ပြီဆိုတော့ အခု ပြောသင့်ပြီ။” ဧကရာဇ်၏ဘေးတွင်ရှိသော ဆွဲဆောင်မှုရှိသည့် မိန်းမချောလေးက ဝင်ပြောလိုက်သည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အရှင်မင်းမြတ်... ဒီအမျိုးသမီးက ဘယ်သူလဲ။”
“ယောင်ရောင်လို့ ခေါ်တယ်။” ထိုမိန်းမချောလေးက ကိုယ်တိုင်ဝင်ဖြေလိုက်သည်။
သူမသည် မြွေမလေးတစ်ကောင်ကဲ့သို့ အလွန်ပင် ဆွဲဆောင်မှုအပြည့် ရှိလှသည်။ အချိန်အများစုတွင် သူမသည် ဧကရာဇ်၏ကိုယ်ပေါ်၌ ရစ်ပတ်တွယ်ကပ်နေတတ်ပြီး ဧကရာဇ်မပါလျှင် အသက်မရှင်နိုင်တော့ သကဲ့သို့ ပြုမူတတ်၏။
တာယင်ဧကရာဇ်ကမူ အချိန်တိုင်းလိုလို မြေပြင်ပေါ်တွင် မလှုပ်မယှက် ကျောက်ရုပ်ပမာ ထိုင်နေလေ့ရှိသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ်တို့ ဆက်စောင့်ရမယ်။ ကောင်းကင်ဘုံကပေးမယ့် အချက်ပြမှုကို စောင့်ရလိမ့်မယ်။”
“ဘာအချက်ပြမှုလဲ။” ယောင်ရောင်က ကြားဖြတ်မေးလိုက်သည်။
“အချိန်တန်ရင် သိရပါလိမ့်မယ်။”
ယွင်ကျုံးဟဲ့က ပြန်ဖြေပြီးနောက် မေးခွန်းတစ်ခု ထုတ်လိုက်၏။ “နုဧကရာဇ်ရဲ့ မြေအောက်မိစ္ဆာနိုင်ငံတော်မှာ ဘာတွေရှိလဲဆိုတာ ကျုပ်ကို ပြောပြလို့ရမလား။ မရေမတွက်နိုင်တဲ့ လျှို့ဝှက်လက်နက်တွေလား၊ ဒါမှမဟုတ် ရတနာတွေလား။”
“မင်းထင်ထားသလို မဟုတ်ဘူး။” ဧကရာဇ်က ဖြေလိုက်သည်။
ယောင်ရောင်ကလည်း ဝင်ပြောလိုက်၏။ “ကျွန်မတို့ ရှာချင်တဲ့အရာက လျှို့ဝှက်လက်နက်တွေ၊ ရတနာတွေထက် အများကြီး ပိုအရေးကြီးတယ်။”
နောက်တစ်နေ့ နံနက်ပိုင်းတွင် ယောင်ရောင်က ယွင်ကျုံးဟဲ့ကို အကျပ်ကိုင်ကာ ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ရှင်ထပ်ပြီး သဲလွန်စ မပေးဘူးဆိုရင် ကျွန်မတို့ ရှင့်ရဲ့မိသားစုကို သတ်တော့မယ်နော်။”
ထို့နောက် သူမသည် အောက်နင်နင်ကို အတင်းဆွဲထုတ်လာပြီး ထက်မြက်လှသော ဓားကောက်ဖြင့် ပါးပြင်နုနုကို ပွတ်ဆွဲကာ ချွဲနွဲ့သောအသံဖြင့် ပြောလိုက်၏။ “ချောမွေ့လိုက်တဲ့ ပါးပြင်လေး... ဒီပါးပြင်က အရေပြားကို နွှာချလိုက်ရင် ဘယ်လိုနေမလဲမသိဘူးနော်။”
ယွင်ကျုံးဟဲ့က တည်ငြိမ်အောင်ကြိုးစားရင်း ပြောလိုက်သည်။ “အရှင်မင်းမြတ်... ကျုပ်တို့ ဆက်စောင့်ဖို့ပဲ လိုအပ်တာပါ။”
ယောင်ရောင်က ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ဘာစောင့်ရမှာလဲ။ ဒီနေရာကို ကျွန်မတို့ အကြိမ်ကြိမ် ရှာပြီးပြီ။ ဘာသတင်းအချက်အလက်မှ မတွေ့ရဘူး။ ရှင်က တကယ်တော့ ဘာမှမသိဘဲ ဟန်ဆောင်နေတာ မဟုတ်လား။ အဲဒီလိုဆိုရင် ရှင်က အသုံးမကျတော့ဘူးပေါ့။
ဟုတ်သားပဲ။ ရှင် ကုန်းဆွန်းမာကို သိလား။ သူက ရှင့်ရဲ့တကယ့်မွေးစားအဖေလေ။ သူနဲ့ ကုန်းဆွန်းလုံ တို့ လင်မယားက ရှင်တို့ အမွှာကလေးနှစ်ယောက်ကို ကာကွယ်ဖို့ မိုင်ပေါင်းသောင်းချီ ထွက်ပြေးခဲ့ကြတာ။ ကုန်းဆွန်းလုံက နောက်ကနေ ကာကွယ်ပေးရင်း ကျွန်မ လက်ချက်နဲ့ သေသွားတယ်။
ကုန်းဆွန်းမာကတော့ ကလေးတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် နောက်ဆုံးတော့ သူလည်း ကျုပ်တို့လက်ထဲ မိသွားတာပဲ။ သူ့ကို ကျွန်မတို့ ဘယ်လိုလုပ်လိုက်လဲ သိလား။ သူ့ရဲ့ လက်နှစ်ဖက်၊ ခြေနှစ်ဖက်လုံးကို ဖြတ်ပစ်လိုက်ပြီး ခေါင်းနဲ့ကိုယ်လုံးပဲ ကျန်တော့အောင် လုပ်ပစ်လိုက်တာလေ။”
ယွင်ကျုံးဟဲ့၏ မျက်နှာကြွက်သားများ ပြင်းထန်စွာ တုန်ယင်ကာ တွန့်လိမ်သွားတော့သည်။
ယောင်ရောင်က ရယ်မောကာ ဆက်ပြောလိုက်၏။ “ရှင် သိလား... မကြာသေးခင်ကမှ သူက ရှင့်ကို လွှတ်ပေးဖို့ ကျွန်မတို့ကို တောင်းပန်နေသေးတယ်။ တကယ်ကို ရင်နာစရာကောင်းလိုက်တာ။
ယွင်ကျုံးဟဲ့... ကျွန်မတို့ ရှင့်ကို မသတ်ဘူး။ ဘာလို့လဲဆိုတော့ ရှင့်ရဲ့သွေးက အရမ်းတန်ဖိုးရှိလို့ပဲ။ ဒါပေမဲ့ ရှင်က ဒီမြေအောက်မိစ္ဆာနိုင်ငံတော်ကို မရှာပေးနိုင်ဘူးဆိုရင် ရှင့်ရဲ့လက်နှစ်ဖက်၊ ခြေနှစ်ဖက်ကို ဖြတ်ပစ်ပြီး ခေါင်းနဲ့ကိုယ်လုံးပဲ ကျန်အောင် လုပ်ပစ်မယ်။ ပြီးတော့ ရှင့်ရဲ့လျှာကို ဖြတ်မယ်၊ နားကိုလည်း ဖြတ်ချပစ်မယ်။ အဲဒီအချိန်ကျရင် ရှင့်ကို အရှေ့တိုင်းလောကရဲ့ ကောင်းကင်ဘုံက ရွေးချယ်ထားသူလို့ ဘယ်သူမှ လက်ခံတော့မှာ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့ အံကို ကြိတ်ထားရင်း ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် တည်ငြိမ်အောင် ထိန်းထားလိုက်ရသည်။
ယောင်ရောင်က ဓားမြှောင်ကို အောက်နင်နင်၏ လက်မောင်းပေါ် တင်ကာ ခြိမ်းခြောက်လိုက်ပြန်၏။ “ဒါမှမဟုတ်... ရှင့်ညီမကို အရင်ဆုံး ခေါင်းနဲ့ကိုယ်လုံးပဲ ကျန်အောင် လုပ်လိုက်ရမလား။”
“ကျုပ်တို့ စောင့်ဖို့ လိုအပ်တယ်လို့။” ယွင်ကျုံးဟဲ့ ဒေါသတကြီး အော်ဟစ်လိုက်မိသည်။
ယောင်ရောင် ရုတ်တရက် ရူးသွပ်မတတ် ဒေါသထွက်လာပြီး ပြန်လည်အော်ဟစ်လိုက်တော့၏။ “ဘာစောင့်ရမှာလဲ။ ဘာစောင့်ရမှာလဲ။ ဘာကိုစောင့်ရမှာလဲလို့ ရှင် ကျွန်မကို ပြောစမ်း။”
ထို့နောက် သူမသည် ရူးသွပ်နေသူတစ်ဦးကဲ့သို့ အောက်နင်နင်၏လက်မောင်းကို ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။
သို့သော် အောက်နင်နင်၏လက်မောင်း ပြတ်မကျသွားပေ။ အကြောင်းမှာ လက်တစ်ဖက်က ကြားထဲက ကာကွယ်လိုက်သောကြောင့် ဖြစ်သည်။ ဧကရာဇ်ကိုယ်တိုင် ဝင်ရောက်တားဆီးလိုက်ခြင်းပင်။
ယောင်ရောင်၏ဓားမြှောင်သည် ဧကရာဇ်၏လက်ဖဝါးကို ထိမှန်သွားပြီး သွေးစက်များ စိမ့်ထွက်လာ တော့သည်။
“တောင်းပန်ပါတယ်... တောင်းပန်ပါတယ် အစ်ကို... ညီမ စိတ်မထိန်းနိုင်ဖြစ်သွားလို့ပါ။”
ယောင်ရောင်က ရှိုက်ကြီးတငင် ငိုယိုရင်း တောင်းပန်လိုက်သည်။ ထို့နောက် မျက်ရည်စများကို သုတ်ကာ ဧကရာဇ်ဘက်သို့ လှည့်၍ ပြောလိုက်၏။
“အစ်ကို... အစ်ကိုက ဒီလောက် အမျှော်အမြင်ကြီးတာတောင် ဒီဂဏန်းတွေရဲ့ လျှို့ဝှက်ချက်ကို မဖော်ထုတ် နိုင်ခဲ့ဘူး။ နုဧကရာဇ်ရဲ့ မြေအောက်မိစ္ဆာနိုင်ငံတော်ကိုလည်း ရှာမတွေ့ခဲ့ဘူးလေ။ ယွင်ကျုံးဟဲ့ ဆိုတဲ့လူ ကတော့ ပိုလို့တောင် မဖြစ်နိုင်တာပေါ့။ သူ့ကို ခေါင်းနဲ့ကိုယ်ပဲ ကျန်အောင် နှိပ်စက်ပြီး ချုပ်နှောင်ထား လိုက်ရအောင်။ ညီမ သူ့ကို ကြည့်ရတာ တစ်စက်ကလေးမှ သဘောမကျဘူး။”
ဧကရာဇ်က ယောင်ရောင်၏စကားကို ဂရုမထားဘဲ ယွင်ကျုံးဟဲ့ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။ “ခင်ဗျားပြောတဲ့ ကောင်းကင်ဘုံရဲ့ အချက်ပြမှုဆိုတာကို ကျုပ်တို့ ဘယ်လောက်ကြာအောင် စောင့်ရအုံးမှာလဲ။”
“မကြာတော့ပါဘူး အရှင်မင်းမြတ်... အဲဒီကောင်းကင်ဘုံရဲ့ အချက်ပြမှု ရောက်လာတာနဲ့ အရှင်မင်းမြတ်ဘက်က ကတိအတိုင်း ကျုပ် မိသားစုဝင်အားလုံးကို ဘေးကင်းကင်း လွှတ်ပေးရပါလိမ့်မယ်။” ယွင်ကျုံးဟဲ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
“ကောင်းပြီ” ဧကရာဇ်က ခေါင်းညိတ်ကာ ကတိပေးလိုက်သည်။
ထို့နောက် လူအားလုံး ငြိမ်သက်စွာ ဆက်လက်စောင့်ဆိုင်းနေကြသည်။ လူတိုင်းက ယွင်ကျုံးဟဲ့ ပြောနေသော ကောင်းကင်ဘုံ၏ အချက်ပြမှုကိုသာ အာရုံစိုက်နေကြခြင်း ဖြစ်၏။
အမှန်တော့ ၎င်းတို့သည် ဤကိုဩဒိနိတ်တည်နေရာသို့ အကြိမ်ကြိမ် လာရောက်ရှာဖွေခဲ့ဖူးသော်လည်း နုဧကရာဇ်၏ မြေအောက်မိစ္ဆာနိုင်ငံတော် အကြွင်းအကျန်မျှကိုပင် လုံးဝမတွေ့ရှိခဲ့ရပေ။ သို့ဖြစ်၍ ယွင်ကျုံးဟဲ့ တစ်ယောက် အတိအကျ ဘာကိုစောင့်မျှော်နေသနည်းဆိုသည်ကို မည်သူမှ မသိကြချေ။
“အရှင်မင်းမြတ်... အချက်ပြမှု လာပါပြီ။” ရုတ်တရက် ယွင်ကျုံးဟဲ့၏ စကားသံအဆုံးတွင် သူက ကောင်းကင်ယံထက်သို့ လက်ညှိုးထိုးပြလိုက်သည်။
လူတိုင်း မော့ကြည့်လိုက်ကြရာ မျက်မှောက်တွင် မြင်တွေ့လိုက်ရသည့် အံ့မခန်းမြင်ကွင်းကြောင့် ဆွံ့အ မှင်တက်ကုန်၏။
ကောင်းကင်ပြာထက်တွင် ကြီးမားလှသော ပုံရိပ်တစ်ခု ရိုးတိုးရိပ်တိပ် ပေါ်ထွက်လာသည်။ ယခုအချိန်တွင် ဝေဝါးနေသော်လည်း အချိန်စက္ကန့်အနည်းငယ်အတွင်း ပိုမိုထင်ရှားပြတ်သားလာသည်။
ထိုအရာမှာ ခမ်းနားထည်ဝါလှသော ပိရမစ်ကြီးတစ်ခု ဖြစ်ပြီး ပိရမစ်ထိပ်ဖျားတွင် အမည်းရောင် နဂါး ခန္ဓာကိုယ်နှင့် လူသားမျက်နှာရှိသော တိုတမ်သားရဲကြီးတစ်ကောင် ထီးထီးကြီး ရှိနေ၏။
မြင်ကွင်းကြောင့် လူတိုင်း အသက်ရှူ ရပ်တန့်လုမတတ် ဖြစ်သွားကြ၏။ တာရှန်းမိစ္ဆာနိုင်ငံတော်မှ သိုင်းပညာရှင် ထောင်ကျော် အားလုံးသည် အလိုအလျောက် ဒူးထောက် အညံခံလိုက်ကြသည်။
ဧကရာဇ်နှင့် ယောင်ရောင်တို့လည်း အံ့ဩတုန်လှုပ်သွားကြပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်အထိ စိတ်လှုပ်ရှားနေကြ၏။
ယွင်ကျုံးဟဲ့ကိုယ်တိုင်ပင်လျှင် ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်သွားရ၏။ ‘ဒါ... ဒါက တံလျှပ်ပဲ။’
“အစ်ကို... ကျွန်မတို့ ရှာတွေ့ပြီ၊ ရှာတွေ့ပြီ။”
ယောင်ရောင်က တုန်ယင်နေသောအသံဖြင့် အော်ဟစ်လိုက်သည်။ “ကျွန်မတို့ နှစ်ရာပေါင်းများစွာ ရှာဖွေလာခဲ့တာ။ အခုတော့ တကယ်ကြီး ရှာတွေ့သွားပြီ။”
“ဒါ... ဒါက တကယ့် နုဧကရာဇ်ရဲ့ ဂူဗိမာန်လား။” ယွင်ကျုံးဟဲ့က ရေရွတ်လိုက်မိ၏။
စင်စစ် လူမျိုးမတူလျှင် ဓလေ့စရိုက်ချင်း ကွဲပြားတတ်၏။ ပိရမစ်ဆိုသည်မှာ ဂူဗိမာန်တစ်မျိုးသာ ဖြစ်၏။ ကမ္ဘာမြေပေါ်တွင်ပင် ပိရမစ်ဆိုသည်မှာ ရှေးဟောင်းအီဂျစ်ယဉ်ကျေးမှု တစ်ခုတည်းတွင် ရှိခဲ့သည် မဟုတ်ပေ။
မာယာလူမျိုးများတွင်လည်း ပိရမစ်များ ရှိခဲ့သလို ပင်လယ်အောက်ကြမ်းပြင် တော်တော်များများတွင်လည်း ပိရမစ် အပျက်အစီးများကို တွေ့ရှိရတတ်သည်။
ထို့ကြောင့် ဤကိုဩဒိနိတ်အတိုင်း တိတိကျကျ ရောက်လာပါလျက်နှင့် နုဧကရာဇ်၏ဂူဗိမာန်ကို မတွေ့ရခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
ဤနေရာသည် ပုံရိပ်ထင်ဟပ်ရာ နေရာသက်သက်သာဖြစ်ပြီး တကယ့် နုဧကရာဇ်၏ ဂူဗိမာန်မှာ တံလျှပ် အဖြစ် ကောင်းကင်ယံထက်တွင် ပေါ်လာခြင်း ဖြစ်သည်။
“အရှင်မင်းမြတ်... ကတိတည်သင့်ပါပြီ” ယွင်ကျုံးဟဲ့က သတိပေးလိုက်၏။
ဧကရာဇ်၏အကြည့်များက ကောင်းကင်ထက်မှ တံလျှပ်ဆီသို့ တစိုက်မတ်မတ် ကျရောက်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေအောင် စိတ်လှုပ်ရှားနေသည်။
သို့ပေမည့် ယွင်ကျုံးဟဲ့၏ စကားကို ကြားလိုက်ရချိန်တွင်မူ ချက်ချင်း တည်ငြိမ်အေးစက်သွားပြီး ပြောလိုက်၏။ “ခင်ဗျားရဲ့သားက အရမ်းထူးချွန်တာပဲ။ လင်ကျူးမင်းသမီးက သူ့ကို အတော်လေး သဘောကျနေတာ။ ဒါကြောင့် သူ့ကိုတော့ ကျုပ် ထားရစ်ခဲ့မယ်။ ဒါက ညှိနှိုင်းလို့မရတဲ့ ကိစ္စပဲ။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ရွှီအန်းထင်သည် သားဖြစ်သူကို ရင်ခွင်ထဲသို့ ဆွဲဖက်ကာ တုန်တုန်ယင်ယင်ဖြင့် ကမူးရှူးထိုး ပြောလိုက်သည်။ “ဟင့်အင်း... ဟင့်အင်း... မလုပ်ပါနဲ့။ ကျွန်မ နေခဲ့ပါ့မယ်။ ကျွန်မသားလေးကိုတော့ လွှတ်ပေးပါ။”
ဧကရာဇ်က အခြားတစ်ဖက်သို့ လှည့်သွားပြီး လုံးဝ ဥပေက္ခာပြုထားလိုက်၏။
ထိုစဉ် ယွင်ကျုံးဟဲ့၏ အသက်ဆယ်နှစ်အရွယ် သားငယ်လေးက မိခင်၏ရင်ခွင်ထဲမှ ညင်သာစွာ ရုန်းထွက် လိုက်၏။ ပြီးနောက် ဖခင်ဖြစ်သူ ယွင်ကျုံးဟဲ့၏ အနားသို့ လျှောက်သွားကာ အလွန်တည်ငြိမ်ရဲရင့်သော အမူအရာဖြင့် ရပ်နေလိုက်သည်။
“လိမ္မာလိုက်တဲ့ ငါ့သား...”
ယွင်ကျုံးဟဲ့က သားဖြစ်သူ၏ခေါင်းကို ယုယစွာ ပွတ်သပ်ပေးလိုက်ရင်း ရွှီအန်းထင်ကို ကြည့်ကာ ပြောလိုက်၏။ “အန်းထင်... စိတ်ချလက်ချသာ သွားပါ။ ငါ သားကို အသက်နဲ့လဲပြီး ကာကွယ်ထားပါ့မယ်။ အဖေ... အားကိုးပါတယ်။”
အောက်ရှင်းက ခေါင်းညိတ်ပြကာ အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။ “ယောင်အာ... မကြောက်နဲ့နော်။ အဘိုး အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်။”
ထို့နောက် အောက်ရှင်းသည် ကုလားအုတ်ပေါ်သို့ ပြန်တက်ကာ ရွှီအန်းထင်၊ အမေဖြစ်သူ လျိုကတော်၊ ညီမဖြစ်သူ အောက်နင်နင်နှင့် အခြားမိသားစုဝင်များကို ခေါ်ဆောင်၍ ထွက်ခွာသွားတော့သည်။
ဧကရာဇ်၏အနားတွင်မူ ယွင်ကျုံးဟဲ့နှင့် ယွင်ယောင်တို့ သားအဖနှစ်ဦးသာ ဓားစာခံအဖြစ် ကျန်ရစ်ခဲ့ရ၏။
ထိုအချိန်တွင် ကောင်းကင်ပြာအဝေးဆီမှ တံလျှပ်ပုံရိပ်သည် တဖြည်းဖြည်း မှေးမှိန်လာပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။
“ယွင်ကျုံးဟဲ့... သွားကြစို့။ နုဧကရာဇ်ရဲ့ တကယ့်ဂူဗိမာန်ဆီကို သွားရအောင်” ဧကရာဇ်က အမိန့်ပေးလိုက်၏။
“ကောင်းပါပြီ” ယွင်ကျုံးဟဲ့က ခေါင်းညိတ်ကာ လိုက်နာလိုက်သည်။
သူသည် ကုလားအုတ်ပေါ်သို့ တက်လိုက်ရာ ဆယ်နှစ်အရွယ် သားငယ်လေးက အရှေ့တွင် ဝင်ကာ ထိုင်လိုက်၏။ ဤသည်မှာ သားအဖနှစ်ဦးအကြား အရင်းနှီးဆုံး အချိန် ဖြစ်ပေလိမ့်မည်။
ဘေးအန္တရာယ်များ ဝိုင်းရံနေသည့်ကြားကပင် အသက်ဆယ်နှစ်အရွယ် ယွင်ယောင်က အလွန်ပျော်ရွှင်နေ၏။ သူ မွေးဖွားလာချိန်မှစ၍ ယခုအထိ ဖခင်ဖြစ်သူမှာ အနားတွင် မရှိခဲ့သောကြောင့် ဖခင်မေတ္တာကို ကောင်းစွာ မခံစားခဲ့ရဖူးချေ။
ယခု ပတ်ဝန်းကျင်တွင် ရန်သူများ ဝိုင်းရံနေသော်လည်း သူ့အတွက်မူ ဖခင်က သဲကန္တာရထဲတွင် လည်ပတ်ရန် ခေါ်ဆောင်လာသကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။
လူထောင်ပေါင်းများစွာသည် ယွင်ကျုံးဟဲ့ကို ဝိုင်းရံလျက် ရည်မှန်းချက် ပန်းတိုင်ရှိရာဆီသို့ ဒုန်းစိုင်း နှင်ခဲ့ကြသည်။ အလွန်ဝေးကွာလှသော ခရီးတစ်ခုကို ဇွဲနပဲဖြင့် တောက်လျှောက် ဖြတ်သန်းခဲ့ကြပြီးနောက် နောက်ဆုံးတွင် ခရီးဆုံးသို့ ရောက်ရှိသွားတော့၏။
လူတိုင်း အံ့ဩမှင်တက်စွာဖြင့် မော့ကြည့်နေကြမိ၏။ ကြီးမားထည်ဝါလှသော ပိရမစ်ကြီးတစ်ခုက မျက်စိ ရှေ့မှောက်တွင် မတ်မတ်ကြီး ရပ်တည်နေပြီး ပတ်ဝန်းကျင်တွင်မူ အလင်းရောင် ထွက်နေသော သဲပွင့်များ ရှိနေသည်။
ယောင်ရောင်က မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။ “အရှင်မင်းမြတ်... ဒီနေရာကို ကျွန်မတို့ သေချာပေါက် ရှာဖွေခဲ့ဖူးတာပဲ။ အရင်က ဘာလို့ မတွေ့ခဲ့ရတာလဲ။”
ယွင်ကျုံးဟဲ့က ဘေးမှ ရှင်းပြလိုက်၏။ “သဲကန္တာရဆိုတာ အချိန်တိုင်း ရွေ့လျားနေတာ။ သဲပြင်ကြီး တစ်ခုလုံးက ရွေ့လျားပြောင်းလဲနေတတ်လို့ပဲ။ တစ်နှစ်မှာ အချိန်အနည်းငယ်လောက်ပဲ ဒီပိရမစ်က မြေပြင်ပေါ် ပေါ်လာတတ်တာ။ ဘာလို့လဲဆိုတော့ သူက အရမ်းကြီးမားပေမယ့် တည်ရှိနေတဲ့ မြေမျက်နှာပြင်က အတော်လေးနိမ့်လို့ပါ။”
ဤပိရမစ်သည် မီတာတစ်ရာကျော် မြင့်မားပြီး ကျောက်တုံးကြီးများဖြင့် သေသပ်စွာ တည်ဆောက်ထားကာ တောင်ကြီးတစ်လုံးကဲ့သို့ ခမ်းနားထည်ဝါစွာ ရပ်တည်နေ၏။ ပိရမစ်ထိပ်ရှိ နဂါးကိုယ်၊ လူမျက်နှာနှင့် တိုတမ်သားရဲကြီးမှာမူ အလွန် ကြောက်မက်ဖွယ် ကောင်းလို့နေသည်။
“ဒီပိရမစ်ထိပ်က နုဧကရာဇ်ရဲ့ တိုတမ်လား” ယွင်ကျုံးဟဲ့က မေးလိုက်၏။
တာယင်ဧကရာဇ်က ခေါင်းညိတ်ပြလိုက်သည်။
“အရှင်မင်းမြတ်... ကျုပ် အရှင်မင်းမြတ်အတွက် တကယ့် နုဧကရာဇ်ရဲ့ ဂူဗိမာန်ကို ရှာဖွေပေးခဲ့ပြီဆိုတော့ အခု ကျုပ်သားကို လွှတ်ပေးလို့ရပြီလား။” ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။
ဧကရာဇ်က အေးစက်စွာ တုံ့ပြန်လိုက်သည်။ “ကျုပ် ပြောပြီးပြီလေ။ လင်ကျူးက ခင်ဗျားရဲ့ သားကို အရမ်းသဘောကျနေတာ။ သူ့ကို ကျုပ်တို့ တာယင်အင်ပါယာရဲ့ သမက်တော်အဖြစ် သတ်မှတ်ပြီး ခေါ်ထားမှာပဲ။”
ယောင်ရောင်ကလည်း ကြားဖြတ်၍ ပြောလိုက်၏။ “အစ်ကို... ကျုပ်တို့ နောက်ဆုံးတော့ နုဧကရာဇ်ရဲ့ ဂူဗိမာန်ကို ရှာတွေ့ပြီဆိုတော့ အခု ယွင်ကျုံးဟဲ့ကို ခေါင်းနဲ့ကိုယ် တကွဲစီဖြစ်အောင် သတ်ပစ်လို့ ရပြီ မဟုတ်လား။”
ဧကရာဇ်က မည်သည့်စကားမှ မဆိုတော့ဘဲ ပိရမစ်၏ တံခါးမကြီးဆီသို့ ဦးတည်လျှောက်လှမ်းသွား၏။ တံခါးကြီးတစ်ခုလုံးကို တင်းကြပ်စွာ ပိတ်ထားပြီး အပေါ်တွင် ကျောက်ပြား ရာပေါင်းများစွာကို စနစ်တကျ စီရီထားကာ ကျောက်ပြားတိုင်းတွင် ထူးဆန်းသော စာလုံးများကို ထွင်းထုထားသည်။
ဤသည်မှာ လောကတွင် မြင်တွေ့ရိုး မရှိသော စာလုံးများ ဖြစ်သည်။ အနည်းဆုံးတော့ တရုတ်စာ မဟုတ်သလို အင်္ဂလိပ်စာလည်း မဟုတ်ဘဲ မည်သည့်ဘာသာစကားနှင့်မှ မတူချေ။