← Chapters

အခန်း (၆၇၃-၆၇၄)

Vol. 57 Ch. 673-674

အခန်း (၆၇၃-၆၇၄)

Vol. 57 Ch. 673-674

အပိုင်း (၆၇၃)

“ဒါက တာရှန်းမိစ္ဆာနိုင်ငံတော်ရဲ့ စာလုံးတွေလား။” ယွင်ကျုံးဟဲ့က လှမ်းမေး၏။

“ဟုတ်တယ်... လုံးဝကို ကွဲပြားခြားနားတဲ့ စာလုံးတွေပဲ။” တာယင်ဧကရာဇ်က ပြန်ဖြေလိုက်သည်။

“စာလုံးတွေချည်း သက်သက်တောင် မိစ္ဆာဆန်ပြီး ယုတ်မာတဲ့ အငွေ့အသက်တွေ ပြည့်နှက်နေတာပဲ။” ယွင်ကျုံးဟဲ့က မှတ်ချက်ပြုလိုက်၏။

တာယင်ဧကရာဇ်က ဘာမှထပ်မပြောဘဲ တံခါးပေါ်ရှိ ကျောက်ပြားများကို စတင်စစ်ဆေးနေ၏။

ဤကျောက်ပြားများသည် တံခါးဖွင့်ရန် စက်ယန္တရားများဖြစ်ပြီး တစ်နည်းအားဖြင့် လျှို့ဝှက်သော့ တံခါးပင် ဖြစ်၏။ ကျောက်ပြားအချို့ကို နည်းစနစ်တကျ လှည့်ပေးမှသာ တံခါးပွင့်မည်ဖြစ်ကြောင်း သေချာသည်။

ယွင်ကျုံးဟဲ့ အကြမ်းဖျင်း တွက်ချက်ကြည့်ရာ ဖြစ်နိုင်ခြေပေါင်း ဘီလီယံနှင့်ချီ၍ ရှိနေသောကြောင့် တာရှန်းမိစ္ဆာနိုင်ငံတော်၏ လျှို့ဝှက်ချက်များနှင့် စာလုံးများကို မသိရှိပါက မည်သို့မှ ဖွင့်နိုင်မည် မဟုတ်ပေ။ ကံစမ်းပြီး လျှောက်ဖွင့်မည်ဆိုပါကလည်း နှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။

တာယင်ဧကရာဇ်သည် ခဏမျှ အသေအချာ စဉ်းစားပြီးနောက် ရှေ့သို့တိုးကာ တံခါးကြီးပေါ်ရှိ ကျောက်ပြား များကို စတင်လှည့်လိုက်တော့သည်။

ဤစကားဝှက််မှာ အလွန်ရှုပ်ထွေးလှပြီး ကျောက်ပြား ဆယ်ခုကျော်ကို အဆင့်ဆင့် လှည့်ရုံမက လှည့်ရမည့် ဦးတည်ချက်များပါ တိကျရန် လိုအပ်လို့နေ၏။

“ဂလတ်... ဂလတ်... ဝုန်း...”

နာရီဝက်ခန့် တိတ်ဆိတ်စွာ စောင့်ဆိုင်းပြီးနောက် စက်ယန္တရားများ လည်ပတ်သံနှင့်အတူ ပိရမစ် တံခါးမကြီးသည် ဖြည်းညင်းစွာ ပွင့်အာလာပြီး ရှည်လျားမှောင်မိုက်သော လျှောက်လမ်းတစ်ခု ပေါ်ထွက်လာ၏။ တာယင်ဧကရာဇ်၏ မျက်လုံးများ ချက်ချင်း ဝင်းခနဲ ဖြစ်သွားသည်။

“ဝူး...”

တွင်းနက်ကြီးတစ်ခု ပွင့်သွားသကဲ့သို့ လေပြင်းတစ်ချက် အပြင်သို့ အရှိန်အဟုန်ဖြင့် တိုးထွက်လာရာ ပိရမစ်ကြီးတစ်ခုလုံး နဂါး ဟိန်းဟောက်လိုက်သည့်နှယ် အသံဆိုးကြီး မြည်ဟည်းသွား၏။

ယွင်ကျုံးဟဲ့သည် ဤရှေးဟောင်းအဆောက်အအုံကြီး၏ ဆန်းကြယ်သော ဆွဲဆောင်မှုကြောင့် အလိုအလျောက် ရှေ့သို့ တစ်လှမ်း တိုးမိသွားသည်။

သို့ပေမည့် ခြေတစ်လှမ်း ပြင်ရုံနှင့်ပင် ဒြပ်မဲ့လေထုနံရံကြီးတစ်ခုက သူ့ကို တားဆီးထားသကဲ့သို့ ခံစားလိုက်ရ၏။

‘သိုင်းပညာက ဒီလောက်တောင် အစွမ်းထက်တာလား။ အတွင်းအားသက်သက်နဲ့တင် လူကို ရှေ့ဆက် မတိုးနိုင်အောင် တွန်းထုတ်ထားနိုင်တယ်ပေါ့။’

ထို့နောက် တာယင်ဧကရာဇ်သည် တစ်ဦးတည်း ပိရမစ်အဝင်ဝဆီသို့ အေးအေးလူလူ လျှောက်လှမ်း သွားသည်။ နုဧကရာဇ်၏ ဂူဗိမာန်အတွင်းသို့ တာရှန်းမိစ္ဆာနိုင်ငံတော်၏ ဧကရာဇ်အမွေခံသွေးပါသူများသာ ဝင်ရောက်ခွင့်ရှိသည် မဟုတ်ပါလား။

ယောင်ရောင်က ဓားကောက်ကို ယွင်ကျုံးဟဲ့ထံ ရွယ်ထားဆဲဖြစ်ပြီး နှုတ်ခမ်းထောင့်ကို ကွေးရုံမျှပြုံးကာ မေးလိုက်၏။ “ယွင်ကျုံးဟဲ့... လူတစ်ယောက်က အသုံးမဝင်တော့တဲ့အပြင် အန္တရာယ်ပါ ပေးနိုင်တဲ့ အချိန်မျိုးမှာ ဘာလုပ်ရမလဲ သိလား။ သူ့ကို အရှင်လတ်လတ် လူညွန့်တုံးအောင် လုပ်ပစ်ရတယ်။ အခု ရှင့်ရဲ့လျှာကို အရင်ဖြတ်ရမလား။ ဒါမှမဟုတ် လက်မောင်းတွေကို အရင် အဆစ်ဖြုတ်ပေးရမလား။”

ထိုမိန်းမဆိုး၏ ဓားဦးက ယွင်ကျုံးဟဲ့၏ ခြေလက်အဆစ်များထံ အငြိုးတကြီး ပြောင်းရွှေ့ချိန်ရွယ်နေသည်။

ချက်ချင်းဆိုသလို သူမ၏အကြည့်က အသက်ဆယ်နှစ်အရွယ် ယွင်ယောင်ထံ ရောက်ရှိသွားပြီး ဟန်ဆောင် ချွဲနွဲ့သောအသံဖြင့် ပြောလိုက်ပြန်၏။ “အင်း... ဘေးမှာ ကလေးလေး ရှိနေတာ မေ့လုမတတ်ပဲ။ ကျွန်မ မှားသွားတယ်။ လူလာကြ... ဒီကလေးရဲ့မျက်လုံးတွေကို အုပ်ထားလိုက်ကြစမ်း။ ကလေးတစ်ယောက်ရှေ့မှာ ကိုယ့်အဖေ အပိုင်းပိုင်းအပြတ်ပြတ် အနှိပ်စက်ခံရတာကို ပြနေဖို့က ရက်စက်လွန်းရာကျတယ် မဟုတ်လား။”

သိုင်းပညာရှင်တစ်ဦး ရှေ့သို့ တိုးလာပြီး ယွင်ယောင်၏ မျက်လုံးများကို အတင်းအကျပ် အုပ်ကာ လိုက်တော့သည်။

ထိုအချိန်တွင် တာယင်ဧကရာဇ်သည် တစ်ဦးတည်း ပိရမစ်အတွင်းပိုင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားပြီ ဖြစ်၏။

သူသည် လျှောစောက်လမ်းအတိုင်း အပေါ်သို့ တရွေ့ရွေ့ တက်လှမ်းသွား၏။ ပိရမစ်အတွင်းရှိ လျှောက်လမ်းမှာ အလွန်ကျဉ်းမြောင်းလှပြီး လူနှစ်ယောက်သာ မတ်တတ်ရပ်နိုင်သည်။

ထူးဆန်းသည်မှာ အတွင်း၌ ရွှေငွေရတနာ၊ ကျောက်သံပတ္တမြားများ မရှိ၊ မြေအောင်းစစ်သည်ရုပ်တုများ မရှိသလို မရေမတွက်နိုင်သော ဘဏ္ဍာတိုက်များလည်း မတွေ့ရချေ။ ၎င်းမှာ သာမန်သင်္ချိုင်းဂူတစ်ခု သက်သက်ဟုသာ ထင်ရ၏။

ဤအချက်က အလွန်ပင် စဉ်းစားရခက်လှ၏။ လေခွင်းမြို့အောက်ရှိ မြေအောက်ဂူဗိမာန်ကမှ အရှေ့တိုင်းသားတို့ စိတ်ကူးထဲရှိ ဧကရာဇ်ဂူဗိမာန်အသွင်မျိုးနှင့် ကိုက်ညီနေသေးသည်။

မျက်စိရှေ့မှောက်ရှိ ပိရမစ်ကြီးကမူ ဤအရှေ့တိုင်းလောက၏ ယဉ်ကျေးမှုနှင့် လုံးဝဥဿုံ ကွဲပြားနေပေသည်။ သို့သော် တာရှန်းအင်ပါယာသည် မိမိကိုယ်မိမိ အရှေ့တိုင်းအင်ပါယာတစ်ခုအဖြစ် ဘယ်တုန်းကမှ မသတ်မှတ်ခဲ့သည်ကို ပြန်တွေးမိလျှင်မူ မဆန်းတော့ချေ။

သူသည် ပိရမစ်အတွင်းပိုင်း အဓိကနေရာဖြစ်သော သင်္ချိုင်းခန်းမဆီသို့ ရောက်ရှိသွားသည်။ ခန်းမကျယ်ကြီး၏ အလယ်ဗဟိုတွင် ကျောက်အခေါင်းတစ်လုံးကိုသာ အထီးကျန်စွာ ထားရှိထား၏။ ကျောက်အခေါင်း တစ်လုံးတည်းသာ ရှိနေခြင်း ဖြစ်သည်။

ထိုသို့ဆိုလျှင် နုဧကရာဇ်၏ ဂူဗိမာန်နှင့် မြေအောက်မိစ္ဆာနိုင်ငံတော်ဆိုသည်မှာ မည်သည့်အကာအကွယ်မျှမရှိ၊ မည်သည့်အဆောက်အအုံမျိုးမှမရှိဘဲ နုဧကရာဇ်၏ ရုပ်အလောင်းတစ်ခုတည်းသာ ရှိနေခဲ့ခြင်းလား။

တာယင်ဧကရာဇ်နှင့် ပိုင်ယင်မြို့စားတို့သည် အသက်ဘေးကိုပင် အံတုရင်း အချိန်နှင့် ခွန်အား အမြောက်အမြား အကုန်ခံကာ ရှာဖွေခဲ့ကြခြင်းမှာ နုဧကရာဇ်၏ ရုပ်အလောင်းကို တွေ့မြင်လိုရုံသက်သက် အတွက်ကြောင့်လား။

ဤသည်ကရော မည်သည့်အကြောင်းရင်းကြောင့် ဖြစ်နိုင်မည်နည်း။ နုဧကရာဇ်၏ ရုပ်အလောင်းထံမှ သူတို့ မည်သည်ကို လိုချင်နေကြသနည်း။ အမှတ်အသားတစ်ခုခုလား၊ ရတနာတစ်ခုခုလား၊ သို့မဟုတ် အခြားသော လျှို့ဝှက်ချက်တစ်ခုခုများ ရှိနေလေသည်လား။

တာယင်ဧကရာဇ်သည် ရှေ့သို့ တိုးသွားကာ ကျောက်အခေါင်းကို သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ ထိုအရာမှာ အဆက်အစပ် မရှိဘဲ တစ်ဆက်တည်း ထုလုပ်ထားသည့် ကျောက်တုံးကြီးဖြစ်ပြီး မည်သည့် အက်ကွဲကြောင်းမှ မရှိချေ။

ထို့အပြင် ကျောက်အခေါင်း၏ အောက်ခြေတွင် စက်ဝိုင်းချပ်အချို့ ရှိနေပြီး ၎င်းတို့အပေါ်၌ တာရှန်း အင်ပါယာ၏ ရှေးဟောင်းစာလုံးများ ထွင်းထုထားသည်။ စက်ဝိုင်းချပ်အချို့ကို စနစ်တကျ လှည့်၍ စကားဝှက် မှန်ကန်မှသာ ဤကျောက်အခေါင်းကို ဖွင့်နိုင်မှာဖြစ်၏။

တာယင်ဧကရာဇ်သည် မျက်လုံးများကို မှိတ်ကာ အတန်ကြာအောင် နက်နက်နဲနဲ စဉ်းစားလိုက်သည်။ ‘ဒီစကားဝှက်က ဘာဖြစ်နိုင်မလဲ။ သေချာပေါက် နုဧကရာဇ်မှတ်တမ်းထဲမှာ ရှိရမယ်။’

ထိုမှတ်တမ်းထဲတွင် နုဧကရာဇ်၏ လောက၊ ကောင်းကင်နှင့် မြေကြီး၊ စကြဝဠာအပေါ် နားလည်မှုများ အားလုံးကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ နုဧကရာဇ်၏ သေခြင်းတရား အပေါ် ခံယူချက်များလည်း ပါဝင်နေခြင်း ဖြစ်၏။

ထို့ကြောင့် ဤစကားဝှက်သည် နုဧကရာဇ်မှတ်တမ်းထဲက သေခြင်းတရားနှင့်ပတ်သက်သော မှတ်တမ်း တစ်ခုခု ဖြစ်ရပေမည်။

နုဧကရာဇ်မှတ်တမ်းသည် အလွန်အမင်း ရှားပါးလှသည်တော့ မဟုတ်ပေ။ ပိုင်ယင်မြို့သို့ ခိုလှုံကြသူ အများစုသည်လည်း နုဧကရာဇ်မှတ်တမ်းကို ဖတ်ဖူးကြပြီး ယန်ဖြန်ရှန်ပင်လျှင် ဖတ်ဖူးခဲ့သည်။

သို့သော်ငြား ထိုအရာများမှာ ဘာသာပြန်ဆိုပြီးသား စာအုပ်များသာ ဖြစ်၏။ မူရင်းနုဧကရာဇ်မှတ်တမ်းကို အစစ်အမှန် ဖတ်ဖူးသူမှာမူ လက်ချိုးရေ၍ပင် ရသည်။ အကြောင်းမှာ တာရှန်းအင်ပါယာ၏ ရှေးဟောင်း စာလုံးများသည် အလွန်ရှုပ်ထွေးထူးဆန်းလှသောကြောင့် လေ့လာရန် ခက်ခဲလွန်းလှပြီး လေ့လာ၍ မရနိုင်သည့် အဆင့်တွင် ရှိနေသောကြောင့်ပင်။

လောကတွင် တာရှန်းစာလုံးများကို တတ်ကျွမ်းနားလည်သူမှာ အလွန်ပင် နည်းပါးလှသည်။ ပိုင်ရွှယ်နှင့် ကျင်းဝူရွမ်းတို့ကဲ့သို့ ထိပ်သီးများပင်လျှင် တာရှန်းအင်ပါယာ၏ မူရင်းစာလုံးများကို ကောင်းစွာ နားမလည်ကြချေ။

နုဧကရာဇ်မှတ်တမ်းထဲတွင် သေခြင်းတရားနှင့် ပတ်သက်သော ဖော်ပြချက်များစွာ ရှိနေသည့်အနက် မည်သည့်စာကြောင်းက ကျောက်အခေါင်းကို ဖွင့်ပေးမည့် စကားဝှက် ဖြစ်သနည်း။

တာယင်ဧကရာဇ်သည် အချက်အလက်များကို စတင်နှိုင်းယှဉ်ကာ စဉ်းစားရွေးချယ်လိုက်သည်။ နောက်ဆုံးတွင် သူသည် စာကြောင်းတစ်ကြောင်းကို အတည်ပြုလိုက်၏။ သေမင်းသည် ထာဝရ အသက်ရှင်သည် ဆိုသောစကားပင်။

‘ဒီစာကြောင်းက နုဧကရာဇ်ရဲ့ အမြင့်ဆုံးရည်ရွယ်ချက် ဖြစ်နိုင်မလား။ နုဧကရာဇ် မှတ်တမ်းထဲမှာ သေခြင်းတရားကသာ ထာဝရအသက်ရှင်ခြင်းကို ယူဆောင်လာနိုင်တယ်လို့ အမြဲတမ်း တွေးဆဖော်ပြ ထားခဲ့တာပဲ။’

ဤစာကြောင်းသည် အဓိပ္ပာယ် ရှေ့နောက်မညီဟု ထင်ရသော်လည်း အနည်းဆုံးတော့ ပိုင်ယင်မြို့၏ လူငယ်ပြန်ဖြစ်စေပြီး အသက်ရှည်စေသည့် ဆေးဝါးများ၏ သဘောတရားထက် ပိုမိုနက်နဲပေသည်။

တာယင်ဧကရာဇ်က သေမင်းသည် ထာဝရ အသက်ရှင်သည် ဟူသော စာကြောင်းကို တာရှန်းအင်ပါယာ စာလုံးများအဖြစ် ပြောင်းလဲကာ စက်ဝိုင်းချပ်များကို စတင်လှည့်လိုက်သည်။ တရုတ်စာဖြင့်ဆိုလျှင် စာလုံးလေးလုံးတည်းသာ ဖြစ်သော်လည်း တာရှန်းစာလုံးဖြင့်မူ ဆယ့်ကိုးလုံးအထိ ရှည်လျားလှ၏။

“ကလတ်...”

စာလုံးအားလုံးကို နေရာတကျ လှည့်ပြီးသွားချိန်တွင်မူ ကျောက်အခေါင်းကြီးဆီမှ အသံတစ်ချက်မြည်ကာ အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာသည်။

ဧကရာဇ်သည် ရင်ဘတ်တစ်ခုလုံး ဒိန်းခနဲ ခုန်သွားရပြီး ချက်ချင်း ရှေ့ဆက်မတိုးသေးဘဲ ထိုနေရာတွင်တင် ထိုင်ချလိုက်၏။

မိမိကိုယ်ကို တည်ငြိမ်အောင် ပြန်လည်ထိန်းချုပ်နေခြင်းလည်း ဖြစ်နိုင်သလို၊ အခြေအနေကို အသေအချာ ပြန်လည်သုံးသပ်နေခြင်းလည်း ဖြစ်နိုင်သည်။

နာရီဝက်တိတိ ငြိမ်သက်စွာ စဉ်းစားပြီးနောက် သူ၏တစ်ကိုယ်လုံးရှိ ချွေးပေါက်များအားလုံး ပွင့်ဟသွားပြီး သင်္ချိုင်းဂူအတွင်းရှိ ဆန်းကြယ်သော အငွေ့အသက်များကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခံစားနေရသကဲ့သို့ ဖြစ်လာ၏။

ထို့နောက် သူသည် စိတ်ထဲ၌ ညင်သာစွာ သက်ပြင်းချလိုက်ပြီး မျက်လုံးများကို ဖွင့်ကာ သူ၏လက်နှစ်ဖက်ကို စိုက်ကြည့်လိုက်သည်။

အတန်ကြာမှ လက်နှစ်ဖက်ကို အောက်သို့ ချလိုက်သည်။ ထို့နောက် သူသည် မတ်တတ်ထရပ်ကာ ကျောက်အခေါင်းအဖုံးပေါ်သို့ လက်နှစ်ဖက် တင်လိုက်ပြီး ရှိသမျှခွန်အား အကုန်သုံး၍ တွန်းထုတ် လိုက်တော့၏။

“ဂလတ်... ဝုန်း...”

ကြီးမားလေးလံလှသော ကျောက်အဖုံးကြီး ဘေးသို့ ရွေ့လျားပွင့်ထွက်သွား၏။ သို့သော်ငြား ထိုခဏ၌ စိတ်ကူးမယဉ်နိုင်သော အပြောင်းအလဲကြီးတစ်ခု ရုတ်ချည်း ဖြစ်ပေါ်လာတော့သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

ကျောက်ခေါင်းအတွင်းမှ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားကာ အဆုံးအစ မရှိသော စိမ်းပြာရောင်အမှုန့်များက ဧကရာဇ်၏ မျက်နှာပေါ်သို့ အရှိန်အဟုန်ဖြင့် လွင့်စင်လာသည်။ ထိုအမှုန့်များထဲတွင် ဖျက်ဆီးလိုသော အမှောင်ထုအငွေ့အသက်များ အပြည့်အဝ သိပ်သည်းနေ၏။

၎င်းအမှုန့်များသည် အပေါ်ယံကြည့်လျှင် ဂရက်ဖိုက်အမှုန့်များသာ ဖြစ်သော်လည်း အမှန်စင်စစ် ကြောက်မက်ဖွယ်ကောင်းသော ရေဒီယိုသတ္တိကြွစွမ်းအင်များ သိပ်သည်းနေသည့် အမှုန့်များ ဖြစ်သည်။

ရေဒီယိုသတ္တိကြွမှုအကြောင်း နားလည်သူတိုင်း သိကြသည်မှာ အစစ်အမှန် ပလူတိုနီယမ်နှင့် ယူရေနီယမ် သတ္တုများသည် သန့်စင်မှု အလွန်မြင့်မားနေလျှင်ပင် အလွန်အမင်း ကြောက်စရာ မကောင်းဘဲ လက်အိတ် စွပ်ထားရုံမျှဖြင့် သန့်စင်မှုမြင့်မားသော ယူရေနီယမ်တုံးကိုပင် ကိုင်တွယ်နိုင်၏။

အမှန်တကယ် ကြောက်စရာကောင်းသည်မှာ နျူကလီးယား ကွဲထွက်ခြင်းမှ ထွက်ပေါ်လာသော ရေဒီယို သတ္တိကြွမှုဖြစ်၏။ ထို့ကြောင့်ပင် နျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကြားမှုသည် ဤမျှ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်နိုင်စွမ်း ရှိခြင်း ဖြစ်သည်။

ရေဒီယိုသတ္တိကြွ မီးခိုးငွေ့များသည်ပင် အသက်အန္တရာယ်ရှိစေနိုင်ပြီး ဂရက်ဖိုက်အူတိုင်ကို ထိမိရုံမျှဖြင့် လူ့ခန္ဓာကိုယ်ကို အရှင်လတ်လတ် လောင်ကျွမ်းပြာကျစေနိုင်၏။

‘ဒီဂရက်ဖိုက်တွေက ဘယ်ကနေ ရောက်လာတာလဲ။ ဒီလောကမှာ ဒီလိုမျိုး ပစ္စည်းတွေ ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ။ ယွင်ကျုံးဟဲ့ ကိုယ်တိုင်လည်း ဒီလိုမျိုး အသက်အန္တရာယ်ရှိတဲ့အရာကို ဘယ်လိုနည်းနဲ့မှ ရနိုင်စရာ အကြောင်းမရှိဘူးလေ။’

ဧကရာဇ်သည် တစ်ကိုယ်လုံးမှ အားကောင်းလှသော အတွင်းအားများကို ထုတ်လွှတ်ကာ ဤအမှောင် အမှုန့်များကို ခန္ဓာကိုယ်နှင့် မထိတွေ့စေရန် အပြင်းအထန် ခုခံဖယ်ရှားပစ်ရန် ကြိုးစားလိုက်သည်။

သို့သော်ငြား ထိုအဖြစ်အပျက်နောက်တွင် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေမည့် ဒုတိယမြောက် ပေါက်ကွဲမှုကြီးက ထပ်မံ ဖြစ်ပွားလာပြန်၏။

“ဝုန်း... ဝုန်း... ဝုန်း...”

ပိရမစ်၏ သင်္ချိုင်းဂူအတွင်း၌ မြှုပ်နှံထားသော ယမ်းများ မရေမတွက်နိုင်အောင် ဆက်တိုက် ပေါက်ကွဲကုန် တော့၏။ ကောင်းကင်သို့ မြင့်မားစွာ လွင့်စင်တက်သွားသော မီးတောက်မီးလျှံများနှင့်အတူ သင်္ချိုင်းဂူ တစ်ခုလုံး တစ်စစီ ပြိုကျပျက်စီးသွားသည်။

အဆုံးအစ မရှိသော မီးတောက်များ၊ တရစပ်ဖြစ်ပွားနေသော ပေါက်ကွဲမှုများနှင့် ရေဒီယိုသတ္တိကြွ အမှုန့်များက တာယင်ဧကရာဇ်၏ ခန္ဓာကိုယ်ကို လုံးဝ မျိုချပစ်လိုက်တော့၏။

“ဘုန်း... ဘုန်း... ဘုန်း...”

ပြင်းထန်လှသော ပေါက်ကွဲသံကြီးများသည် ပိရမစ်အပြင်ဘက်အထိ ဟိန်းထွက်လာ၏။ မြေပြင်တစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားပြီး မီးခိုးမည်းကြီးများက ပိရမစ်၏ အပေါက်အမျိုးမျိုးမှ ရုန်းကြွ ပန်းထွက်လာသည်။

ယောင်ရောင်သည် မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားကာ ယွင်ကျုံးဟဲ့ဘက်သို့ လှည့်၍ ဒေါသတကြီး အော်ဟစ်လိုက်တော့၏။ “ရှင်... ရှင်... ကျွန်မတို့ကို ထောင်ချောက်ဆင်ရဲတယ်ပေါ့လေ။”

သူမသည် သွေးဆာနေသော မျက်လုံးများဖြင့် ဓားကောက်ကို ဆွဲထုတ်ကာ ယွင်ကျုံးဟဲ့ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ရန် ပြင်လိုက်သည်။

ယွင်ကျုံးဟဲ့က တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။ “ကြင်ယာတော် ယောင်ရောင်... အရှင်မင်းမြတ်ကို သွားမကယ်တော့ဘူးလား။”

ထိုစကားကြောင့် ယောင်ရောင်သည် ဓားကို ပြန်သိမ်းကာ ပိရမစ်ဆီသို့ အရှိန်အဟုန်ဖြင့် ဒုန်းစိုင်း ပြေးဝင်သွားတော့သည်။

သူမ၏အမြန်နှုန်းမှာ အံ့မခန်းလှပြီး ဤအရေးကြီးသော အချိန်တွင် သူမ၏လှုပ်ရှားမှုများက သားရဲရိုင်း တစ်ကောင်နှင့် ပို၍တူနေ၏။

ခြေထောက်များ၏ ခုန်ကူးနိုင်စွမ်းက အံ့မခန်းဖြစ်ပြီး ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်း၍ အားကုန်ခုန်လိုက်ရာ မီတာဆယ်နှင့်ချီသော အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်ကာ ပိရမစ်အဝင်ဝအတွင်းသို့ ငုပ်လျှိုးဝင်ရောက်သွားသည်။

“ဝုန်း... ဝုန်း... ဝုန်း...”

ပိရမစ်အတွင်းမှ ပေါက်ကွဲသံကြီးများ ထပ်မံ ထွက်ပေါ်လာပြန်သည်။ အတွင်းပိုင်းတစ်ခုလုံး နေရာအနှံ့ ပြင်းထန်စွာ တုန်ခါနေပြီး ကျောက်တုံးကြီးများ ပြိုကျနေသောကြောင့် သင်္ချိုင်းဂူသို့ သွားရာ လျှောက်လမ်းမှာ လုံးဝ ပိတ်ဆို့သွားခဲ့ပြီ ဖြစ်၏။

ယောင်ရောင်သည် ပိရမစ်အပေါ်သို့ အတင်းအကျပ် တက်သွားပြီး ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော အက်ကွဲကြောင်းမှတစ်ဆင့် သင်္ချိုင်းဂူအတွင်းသို့ ဝင်ရောက်ကာ တာယင်ဧကရာဇ်ကို ကယ်တင်ရန် ကြိုးစားနေ၏။ သို့သော်ငြား နေရာတိုင်းက ပိတ်ဆို့နေဆဲပင်။

“ဟင့်အင်း... မဖြစ်ဘူး... မဖြစ်ဘူး...”

ယောင်ရောင်သည် သားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်ကာ ကျောက်တုံးကြီးများကို တစ်တုံးပြီးတစ်တုံး အတင်းအကျပ် ဖယ်ရှားပစ်နေ၏။ ဤအမျိုးသမီး၏ ခွန်အားမှာ အလွန်ကြောက်စရာကောင်းလှပြီး ပေါင်ရာနှင့်ချီ၍ လေးလံသော ကျောက်တုံးကြီးများကို လွယ်လွယ်ကူကူ မ၍ အဝေးသို့ လွှင့်ပစ်နေသည်။

“ဝုန်း... ဝုန်း...”

ထိုအချိန်မှာပဲ မလှမ်းမကမ်း သဲကန္တာရဆီမှ ဖုန်မှုန့်လုံးကြီးများ ကောင်းကင်ယံထက်သို့ လိပ်တက်လာသည်။ သဲကန္တာရတစ်ခုလုံး ဖုန်မုန်တိုင်းကြီး ဖုံးလွှမ်းသွားပြီး နေ့ခင်းကြောင်တောင် ကောင်းကင်ကြီးတစ်ခုလုံး မှောင်အတိ ကျသွား၏။

“ရန်သူ လာပြီ... ရန်သူ လာပြီ။”

တာယင်ဧကရာဇ် ခေါ်ဆောင်လာသော တာရှန်းမိစ္ဆာနိုင်ငံတော်မှ သိုင်းပညာရှင် နှစ်ထောင်ကျော်သည် ရန်သူကို ရင်ဆိုင်ရန်အတွက် အမြန်ဆုံး စစ်ဗျူဟာခင်းလိုက်ကြသည်။ သို့သော်ငြား ဤနေရာမှာ ဟာလာဟင်းလင်း သဲကန္တာရဖြစ်သောကြောင့် မည်သည့် ကာကွယ်ရေး အဆောက်အအုံမှ မရှိချေ။

ပိရမစ်ပေါ်ရှိ ယောင်ရောင်မှာမူ ဧကရာဇ်ကို ကယ်တင်ရန်သာ စိတ်ဇောသန်ပြီး ပိရမစ်ကို အတင်း တူးဆွနေကာ ဒီရေလုံးကြီးကဲ့သို့ တဟုန်ထိုး တက်လာနေသော ရန်သူများကို လုံးဝ ဂရုမစိုက်အားပေ။

အပိုင်း (၆၇၄)

“ဟီး... ဟီး...”

“ဂလွပ်... ဂလွပ်...”

အမည်းရောင်ဝတ်စုံ ဆင်မြန်းထားသော မြင်းစီးတပ်ဖွဲ့ကြီးသည် ဒီရေလှိုင်းကြီးတမျှ အရပ်မျက်နှာအသီးသီးမှ ဝိုင်းရံပိတ်ဆို့ ဝင်ရောက်လာကြသည်။

အရေအတွက်အားဖြင့် ငါးသောင်း၊ ခြောက်သောင်းခန့် ရှိပြီး တစ်ကိုယ်လုံး အဝတ်မည်းများဖြင့် လုံခြုံစွာ ဖုံးလွှမ်းထားကြ၏။

ထိုသူတို့မှာ အခြားမဟုတ်ပေ။ တာရှီအင်ပါယာ၏ ကျော်ကြားလှသော သဲကန္တာရ အမည်းရောင်ဝတ် မြင်းစီးတပ်ဖွဲ့ကြီးပင် ဖြစ်တော့သည်။

ထိုအဖွဲ့မှာ တာရှီအင်ပါယာ၏ အင်အားအကောင်းဆုံး မြင်းစီးတပ်ဖွဲ့ဖြစ်ပြီး စစ်သည်အများစုမှာ ကုလားအုတ်များကို စီးနင်းထားကြ၏။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး မျက်နှာတွင် ရွှေရောင်မျက်နှာဖုံးတစ်ခု စွပ်ထား၏။ ထိုမျက်နှာဖုံးပေါ်၌ လျှာမှသွေးများ ယိုစီးကျနေသည့် ရွဲ့စောင်းစောင်း မျက်နှာဆိုးတစ်ခုကို ခြောက်ခြားဖွယ် ရေးဆွဲထား၏။ သူမသည် အခြားသူမဟုတ်၊ တာရှီအင်ပါယာ၏ သွေးစွန်းဘုရင်မ ဖြစ်သည်။

သဲကန္တာရ အမည်းရောင်ဝတ် မြင်းစီးတပ်ဖွဲ့ အင်အား ခြောက်သောင်းခန့်သည် တာယင်ဧကရာဇ် ခေါ်ဆောင်လာသော လူထောင်ပေါင်းများစွာကို ကြွက်ပင် မတိုးနိုင်အောင် ပိတ်ဆို့ဝိုင်းရံထားလိုက်ကြပြီ ဖြစ်၏။

တစ်ချိန်တည်းမှာပင် အဝေးဆီမှ သဲတောင်များကို ဖြတ်ကျော်၍ ကုလားအုတ်ဖြူများ စီးနင်းထားသည့် လူရိပ်အချို့ ပေါ်ထွက်လာ၏။ မီတျဲချိုင့်ဝှမ်းမှ ဆရာကြီးအချို့ ဖြည်းညင်းစွာ ရောက်ရှိလာခြင်း ဖြစ်သည်။

ယောင်ရောင်သည် ပိရမစ်ထက်၌ ရူးသွပ်စွာ တူးဆွနေခြင်းကို နောက်ဆုံးတွင် ရပ်တန့်လိုက်ရတော့သည်။ သူမသည် ယွင်ကျုံးဟဲ့ထံသို့ အငြိုးအတေးကြီးစွာ လှည့်ကြည့်လိုက်သည်။ ၎င်းမှာ အစစ်အမှန် မိစ္ဆာမျက်လုံး တစ်စုံကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှ၏။

“ရှင်... ရှင် တမင်အကွက်ဆင်ပြီး ကျွန်မတို့ကို ထောင်ချောက်ဆင်တာလား၊” သူမက ယွင်ကျုံးဟဲ့ကို အော်ဟစ် မေးမြန်းလိုက်သည်။

ယွင်ကျုံးဟဲ့ကမူ မည်သည့်စကားမျှမဆိုဘဲ ငြိမ်သက်နေ၏။

ယောင်ရောင်က ဒေါသတကြီးဖြင့် ဆက်မေးသည်။ “ဒီပိရမစ်က နုဧကရာဇ်ရဲ့ ဂူဗိမာန်မဟုတ်ဘူး။ နုဧကရာဇ်ရဲ့ မြေအောက်မိစ္ဆာနိုင်ငံတော်လည်း မဟုတ်ဘူး မလား။”

ယွင်ကျုံးဟဲ့သည် နှုတ်ဆိတ်နေဆဲပင်။

ယောင်ရောင်သည် ဝိုင်းရံထားသည့် တာရှီအင်ပါယာ၏ မြင်းစီးတပ်ဖွဲ့ သောင်းချီနှင့် ကုလားအုတ်ဖြူစီး၍ ချဉ်းကပ်လာသော မီတျဲချိုင့်ဝှမ်းမှ ဆရာကြီး ဆယ်ဂဏန်းကို ဝေ့ဝဲကြည့်ကာ အံကြိတ်၍ မေးလိုက်ပြန်သည်။ “ဒါ ကျွန်မတို့ကို ဖမ်းဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ သေမင်းတမန် ကွန်ရက်ကြီးပေါ့လေ။ ကျွန်မတို့ကို အပြတ်ရှင်းဖို့ လုပ်ထားတာမလား။ ရှင် ဒီထောင်ချောက်ကြီးကို အစောတည်းက ကြံစည်ထားတာလား။”

ယွင်ကျုံးဟဲ့သည် သားဖြစ်သူကို ရင်ခွင်ထဲသို့ ပွေ့ဖက်ထားရင်း ဘာမှ ပြန်မပြောသေးပေ။

ယောင်ရောင်က မခံချင်စိတ်ဖြင့် ထပ်ပြောလိုက်သည်။ “ဒီလို ကြီးမားတဲ့ ထောင်ချောက်ကြီးကို ပြင်ဆင်ဖို့ဆိုရင် အချိန်အများကြီး လိုအပ်သလို ကြိုတင်ပြင်ဆင်မှုတွေလည်း အများကြီး လုပ်ရမှာ။ ဒီပိရမစ်ကြီးကို ပြုပြင်မွမ်းမံဖို့ဆိုရင်တောင် အချိန်မနည်း ပေးရလိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့ လက်ထဲက ရွှေနဂါးကျောက်စိမ်းပြားကို ရှင့်ကိုပေးပြီး ကိုဩဒိနိတ်ကို ဖော်ခိုင်းတဲ့အချိန်က အရမ်းတိုတောင်းလွန်းတယ်။ ရှင့်မှာ ပြင်ဆင်ဖို့ အချိန် လုံးဝမရှိနိုင်ဘူး။”

ထိုအခါမှ ယွင်ကျုံးဟဲ့က အေးဆေးစွာ ရှင်းပြလိုက်၏။ “ကျုပ် နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောအနားက ကျောက်ဂူကို ရောက်ခဲ့ဖူးတယ်။ အဲဒီထဲက ရေကန်ထဲမှာ ကျောက်စိမ်းပြားတစ်ခု တွေ့ခဲ့တယ်။ အရမ်း တိုက်ဆိုင်တာက အဲဒီကျောက်စိမ်းပြားထဲမှာလည်း ကိုဩဒိနိတ်တစ်ခု ရှိနေတာပဲ။ ခင်ဗျားတို့ ကျုပ်ကိုပြတဲ့ ရွှေနဂါးကျောက်စိမ်းပြားက ကိုဩဒိနိတ်နဲ့ တစ်ထေရာတည်း တူနေခဲ့တယ်။”

ယောင်ရောင်က မေးခွန်းထုတ်လိုက်သည်။ “ဒါဆို ဒီပိရမစ်ကရော။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ပိရမစ်အစစ်တစ်ခုပါ။ ဒါပေမဲ့ အချိန်အများစုမှာ သဲကန္တာရအောက်မှာ နစ်မြုပ်နေပြီး တစ်နှစ်မှာ အချိန်အနည်းငယ်ပဲ ပေါ်လာတတ်တာ။ အရင်က ယွမ်ထျန်းရှဲ့ ဒါကို တွေ့တုန်းကဆို ဝမ်းသာလွန်းလို့ ငိုတောင်ငိုခဲ့သေးတယ်။ သူက သန့်စင်သောကျောင်းတော်ကို ရှာတွေ့ပြီလို့တောင် ထင်ခဲ့တာ။”

ယောင်ရောင်က အက်ကွဲသောအသံဖြင့် ထပ်မေးသည်။ “ကောင်းကင်က တံလျှပ်ပုံရိပ်ကရော...”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “အဲဒါကတော့ နည်းနည်းခက်တယ်။ တံလျှပ်တစ်ခု ဖြစ်ပေါ်လာဖို့ဆိုရင် ထူးခြားတဲ့ အလင်းပြန်ပတ်ဝန်းကျင်မျိုး လိုအပ်တယ်။ မြေပြင်က ပုံရိပ်ကို လေထုထဲ ရောင်ပြန်ဟပ်စေဖို့လေ။ ဒီပိရမစ်ပတ်ပတ်လည်က သဲတွေက သာမန်သဲတွေနဲ့မတူဘဲ အရမ်းထူးခြားနေတာကို ခင်ဗျား သတိမထားမိဘူးလား။”

ထိုစဉ် မီတျဲချိုင့်ဝှမ်းမှ ဆရာကြီးများ အနားသို့ ရောက်ရှိလာပြီးနောက် တည်ငြိမ်စွာ ပြောလိုက်ကြသည်။ “အရင်က ကျုပ်တို့ ပိုင်ယင်မြို့နဲ့ သေသေချာချာ ညှိနှိုင်းဆွေးနွေးပြီးသားပါ။ ဒီသဲကန္တာရအပါအဝင် နယ်မြေတစ်ခုလုံးက ကျုပ်တို့ မီတျဲချိုင့်ဝှမ်းရဲ့ အောက်မှာပဲ ရှိတယ်။ တာရှန်းမိစ္ဆာနိုင်ငံတော်ရဲ့ ဘယ်အင်အားစုမှ ဝင်ရောက်ခွင့် မရှိဘူး။ ကျုပ်တို့ ခင်ဗျားတို့ကို အကြိမ်ကြိမ် နှင်ထုတ်ခဲ့ပေမဲ့ ထပ်ခါတလဲလဲ ကျူးကျော်လာကြတယ်ဆိုတော့ ကျုပ်တို့ မီတျဲချိုင့်ဝှမ်းကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေကြတာလား။”

ယောင်ရောင်က ယွင်ကျုံးဟဲ့ကို စိုက်ကြည့်ကာ ဒေါသတကြီးဖြင့် အော်လိုက်၏။ “တကယ်ကို ကောက်ကျစ်စဉ်းလဲလွန်းတဲ့လူပဲ။ ဒါပေမဲ့ ဘာဖြစ်လဲ။ ရှင်နဲ့ ရှင့်သားက ကျွန်မတို့လက်ထဲမှာ ရှိနေတုန်းပဲ။ လူတွေ... ယွင်ကျုံးဟဲ့နဲ့ သူ့သားကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ကြစမ်း။ သတ်... သတ်... သတ်...”

ယောင်ရောင်၏ အမိန့်ပေးသံအဆုံးတွင် တာရှန်းမိစ္ဆာနိုင်ငံတော်မှ သိုင်းပညာရှင်အချို့က ဓားကောက်များကို မြှောက်လျက် ယွင်ကျုံးဟဲ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြတော့သည်။

“ဝုန်း... ဝုန်း...”

ထိုခဏ၌ သဲကန္တာရမြေပြင်ပေါ်တွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ထပ်မံပေါ်လာသည်။ သို့သော်ငြား ယခုတစ်ကြိမ်မှာမူ တိကျသော ဦးတည်ချက်ရှိသည့် ဖောက်ခွဲမှုမျိုး ဖြစ်၏။

ယွင်ကျုံးဟဲ့ ခြေချထားသော သဲပြင်ကြီးသည် ဝုန်းခနဲ ကျွံကျသွားပြီး သူနှင့် သူ၏သားငယ်နှစ်ဦးစလုံး သဲကန္တာရအောက်ခြေဆီသို့ ရုတ်တရက် ပြုတ်ကျသွားတော့သည်။

ယွင်ကျုံးဟဲ့သည် တာယင်ဧကရာဇ်အား ထိုလျှို့ဝှက်ဆန်းကြယ်သူဖြစ်ကြောင်း မည်သည့်အချိန်က စတင်၍ အတည်ပြုနိုင်ခဲ့သနည်း။ တိတိကျကျ ပြောရန် အလွန်ခက်ခဲ၏။

ပထမဆုံး သံသယဝင်မိသည့်အချိန်မှာ ထျန်းကျိုးဧကရာဇ်၏ နောက်ဆုံးစကားများကြောင့် ဖြစ်ရပေမည်။ ထျန်းကျိုးဧကရာဇ်သည် ယွင်ကျုံးဟဲ့ကို အလွန်မုန်းတီးနေမည်မှာ သေချာပြီး သတ်ပစ်ရန် အခွင့်အရေး ရှိသော်လည်း မသတ်ခဲ့ပေ။

ဤအချက်သည် ယွင်ကျုံးဟဲ့အနေဖြင့် နောင်တွင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော အခြေအနေများနှင့် ရင်ဆိုင်ရမည်ကို ထျန်းကျိုးဧကရာဇ်က အခိုင်အမာ ယုံကြည်နေကြောင်း သက်သေပြနေခြင်း ဖြစ်သည်။ သို့သော် ထိုအချိန်က အချက်အလက်များ အလွန်နည်းပါးနေသေးသောကြောင့် အပြည့်အဝ မဆုံးဖြတ်နိုင်ခဲ့ချေ။

တာ့ကျိုးအင်ပါယာ ပျက်စီးသွားပြီးနောက် ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် ကြီးမားသော မေးခွန်းထုတ်စရာတစ်ခု ရှိနေခဲ့သည်။ ပိုင်ယင်မြို့သည် အဘယ်ကြောင့် တာ့ကျိုးအင်ပါယာကို ဤအတိုင်း အပျက်စီးခံလိုက်ရသနည်း။

ဤအချက်က လုံးဝယုတ္တိမတန်ချေ။ ပိုင်ယင်မြို့သည် အလွန်အင်အားတောင့်တင်းပြီး တာ့ကျိုးကို ကယ်တင်နိုင်စွမ်း ရှိပါလျက်နှင့် မကယ်တင်ခဲ့ဘဲ စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။ ဤအချက်က ကိစ္စရပ်များစွာကို သက်သေပြနေပြီ ဖြစ်၏။

ထို့နောက် ယန်ဖြန်ရှန်နှင့် ယွင်ကျုံးဟဲ့တို့ နှုတ်ဆက်လမ်းခွဲချိန်တွင် သူက ယွင်ကျုံးဟဲ့၏ ဦးနှောက်ထဲသို့ အတွေးသစ်များ ထည့်ပေးခဲ့သောကြောင့် ပိုမိုရှင်းလင်းစွာ စဉ်းစားနိုင်ခဲ့သည်။

သို့သော်ငြား ဤမျှနှင့်လည်း လုံလောက်မှု မရှိသေးချေ။ အကြောင်းမှာ ပို၍ ယုတ္တိရှိသော အခြား အကြောင်းပြချက်တစ်ခု ရှိနေသေးသောကြောင့် ဖြစ်၏။

ပိုင်ယင်မြို့သည် အရှေ့တိုင်းအင်ပါယာသုံးခုအကြား လောကစစ်ပွဲကြီး ဖြစ်ပွားစေရန် လှုံ့ဆော်ပြီး နောက်ဆုံးတွင် ကြားကနေ အမြတ်ထုတ်ရန် ကြံစည်နေခြင်းလည်း ဖြစ်နိုင်သည် မဟုတ်ပါလား။

ယွင်ကျုံးဟဲ့သည် တာယင်ဧကရာဇ်နှင့် နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံချိန်၌ သူ စာရေးနေသည်ကို မြင်လိုက်ရမှသာ ကြီးမားသော ဟာကွက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တာယင်ဧကရာဇ်သည် ဘယ်လက်ဖြင့် စာရေး၏။ ဘယ်လက်ဖြင့် စာရေးခြင်းက ပုံမှန်ပင် ဖြစ်သည်။ ဘယ်သန်များအားလုံးသည် ဘယ်လက်ဖြင့်သာ စာရေးကြသည် မဟုတ်ပါလား။

သို့သော်ငြား တာယင်ဧကရာဇ်မင်းမြတ်သည် ဘယ်သန်တစ်ဦး မဟုတ်ပေ။ သူ၏ညာလက်က ဖျတ်လတ်ပြီး ပို၍ပင် သွက်လက်နေသေးသည်။

ညာလက်ဖြင့် စာရေးနိုင်ပါလျက်နှင့် အဘယ်ကြောင့် ဘယ်လက်ကို အသုံးပြု၍ ရေးရသနည်း။ ယခင်လက်ရေးများကို ဖုံးကွယ်ရန်အတွက်လား။

ထိုကျောက်ဂူထဲတွင် လျှို့ဝှက်ဆန်းကြယ်သူသည် သူရေးထားသော စာသားများကို ခြစ်ထုတ်ဖျက်ဆီးခဲ့ပြီး ဖြစ်သောကြောင့် လက်ရေးများကို ထပ်မံဖုံးကွယ်ရန် မလိုအပ်တော့ချေ။

သို့သော်ငြား ဧကရာဇ်မင်းမြတ်သည် လက်ပြောင်း၍ စာရေးကာ လုံးဝကွဲပြားခြားနားသော လက်ရေးပုံစံကို အသုံးပြုခဲ့သည်။

ဤသို့ဆိုလျှင် ယွင်ကျုံးဟဲ့သည် ထိုအချိန်ရောက်မှသာ ဧကရာဇ်သည် ဘယ်လက်ဖြင့် စာရေးကြောင်း သိရှိခဲ့ခြင်းလား။ လူအများအပြားသည် ဤအချက်ကို သိရှိထားသင့်သည် မဟုတ်ပါလား။

သို့သော်ငြား ယွင်ကျုံးဟဲ့သည် အမှန်တကယ်ပင် ထိုအချိန်ရောက်မှသာ သိရှိခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ သူကိုယ်တိုင် မမြင်တွေ့ခဲ့ဖူးသလို တာယင်ဧကရာဇ်သည် ဘယ်လက်ဖြင့် စာရေးတတ်ကြောင်း မည်သူကမှ သူ့ကို မပြောပြခဲ့ဖူးသောကြောင့်ပင်။

သေချာသည်မှာ ဤအချက်များအားလုံးက သက်သေအဖြစ် မလုံလောက်သေးပေ။ အမှန်တကယ် သက်သေအဖြစ် အသုံးပြုနိုင်သည်မှာ ဧကရာဇ်၏ လက်ထဲရှိ ထိုရွှေနဂါးကျောက်စိမ်းပြားပင် ဖြစ်သည်။

တာယင်နန်းတော်သို့ ရောက်မှသာ ယွင်ကျုံးဟဲ့ကို အမှန်တကယ် ပြသခဲ့သော်လည်း လေခွင်းမြို့တွင် ရှိနေစဉ်ကတည်းက ဧကရာဇ်သည် ထိုရွှေနဂါး ကျောက်စိမ်းပြားကို မကြာခဏ ကိုင်တွယ်ကစားနေခဲ့ခြင်း ဖြစ်၏။

ဘေးကင်းစွာ လွတ်မြောက်နိုင်ရန်နှင့် ဤတာယင်ဧကရာဇ်ကို အလဲထိုးနိုင်ရန်အတွက် ယွင်ကျုံးဟဲ့သည် ဤသေမင်းတမန် ကွန်ရက်ကြီးကို ခင်းကျင်းခဲ့ရသည်။ ဤနေရာတွင် ဤမျှကြီးမားသော ထောင်ချောက်ကြီးကို ပြင်ဆင်ရန် သူနှင့် လီထိုက်အာ၊ ယွမ်ထျန်းရှဲ့တို့၏ အရင်းအမြစ်များနှင့် အင်အား အားလုံးနီးပါးကို ပုံအောအသုံးပြုခဲ့ရသည်။

အရေးအကြီးဆုံးအချက်မှာ ဤပိရမစ်ပျက်စီးမှုကို တကယ့်နုဧကရာဇ် ဂူဗိမာန်အစစ်အဖြစ် မည်သို့ ဟန်ဆောင်ဖန်တီးမည်ဆိုခြင်းပင်။

ဤအရာအားလုံးမှာ ယွမ်ထျန်းရှဲ့၏ လက်ရာမွန်များသာဖြစ်ပြီး ဤကဏ္ဍတွင် သူသည်သာ အစစ်အမှန် ဆရာကြီး၊ လျှို့ဝှက်ပညာရှင်နှင့် စက်ယန္တရားဆရာကြီး ဖြစ်သည်။

ထိုကျောက်ခေါင်းထဲရှိ ရေဒီယိုသတ္တိကြွမှုအပြည့်ရှိသော ဂရက်ဖိုက်များကို မည်သည့်နေရာက ရခဲ့သနည်း။ လီဟွာမေ့က ယွင်ကျုံးဟဲ့ကို ပေးအပ်ခဲ့သော သေတ္တာကို မှတ်မိကြသေးသည် မဟုတ်ပါလား။

ထိုအထဲတွင် သိမ်းဆည်းထားသည်မှာ ရတနာများ မဟုတ်ဘဲ ရေဒီယိုသတ္တိကြွမှု အပြည့်ရှိသည့် ဂရက်ဖိုက်သေတ္တာ တစ်လုံးပင် ဖြစ်သည်။

ထိုကျောက်ဂူထဲရှိ ကြောက်မက်ဖွယ် လျှပ်စစ်ငါးရှဉ့်များကိုရော မှတ်မိသေးပါရဲ့လား။ ၎င်းတို့အားလုံးသည် မျိုးဗီဇပြောင်းလဲသွားကြပြီး ခန္ဓာကိုယ်အရွယ်အစားမှာ အဆမတန်ကြီးမားလာကာ အံ့မခန်းလျှပ်စီးများ ထုတ်လွှတ်နိုင်ရုံသာမက ခန္ဓာကိုယ်မှ အစိမ်းရောင် အလင်းတန်းများပင် ဖြာထွက်နေကြသည်။ အကြောင်းမှာ ရေဒီယိုသတ္တိကြွမှုဒဏ်ကို ခံရပြီး မျိုးဗီဇပြောင်းလဲသွားသောကြောင့် ဖြစ်၏။

ဤအမှောင်သခင်ကြီးကို အပြတ်ရှင်းပစ်ရန် ယွင်ကျုံးဟဲ့သည် သူတတ်နိုင်သမျှ အရာအားလုံးကို ပုံအောခဲ့ပြီး မီတျဲချိုင့်ဝှမ်းမှ ဆရာကြီးများကိုပင် ပင့်ဖိတ်ခဲ့ရသည်။

ယွမ်ထျန်းရှဲ့သည်လည်း အသက်အန္တရာယ်ကို လျစ်လျူရှု၍ ချိုင့်ဝှမ်းထဲသို့ ကိုယ်တိုင်ဝင်ရောက်ခဲ့ရသည်။ ယခုအခါ ဤသေမင်းတမန်ကွန်ရက်ကြီးသည် အဆင်ပြေချောမွေ့စွာ အောင်မြင်သွားခဲ့ပြီ ဖြစ်၏။

“ဝုန်း... ဝုန်း... ဝုန်း...”

ပိရမစ်အရှေ့ရှိ သဲကန္တာရမြေပြင်တွင် အဆက်မပြတ် ပေါက်ကွဲမှုများ ဖြစ်ပေါ်နေ၏။ ယွင်ကျုံးဟဲ့သည် သားဖြစ်သူကို တင်းကြပ်စွာ ဖက်ထားရင်း အမှောင်ထုအောက်ခြေသို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျနေသည်။

“ဘုန်း...”

အတန်ကြာ ပြုတ်ကျသွားပြီးနောက် နောက်ဆုံးတွင် အောက်ခြေရှိ သဲပုံကြီးတစ်ခုပေါ်သို့ ရောက်သွားကာ ရပ်တန့်သွား၏။

နောက်တစ်စက္ကန့်တွင် လူရိပ်ဆယ်ဂဏန်းခန့် ရုတ်ချည်းထွက်ပေါ်လာပြီး ယွင်ကျုံးဟဲ့၏ရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်ကြသည်။ “သခင်ကြီးကို အရိုအသေပေးပါတယ်။”

ဤသူများသည် ဟွမ်ထျန်းဂိုဏ်းမှ သိုင်းပညာရှင်များ ဖြစ်ကြပြီး မြေအောက်တွင် ကြိုတင်ပုန်းအောင်း နေခဲ့ကြခြင်း ဖြစ်၏။

ယခု ယွင်ကျုံးဟဲ့ ရောက်ရှိနေသောနေရာမှာ မြေအောက်လျှို့ဝှက်လမ်းတစ်ခု ဖြစ်ပြီး ယွမ်ထျန်းရှဲ့ တူးထားခြင်း မဟုတ်ဘဲ မူလတည်းက ရှိနေခဲ့သော ဤပိရမစ်ကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကာ ခိုင်ခံ့သော ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားသည်။

သို့သော်ငြား အပေါ်မျက်နှာကျက်တွင် အပေါက်တစ်ခု ဖောက်ခွဲလိုက်သောကြောင့် ယွင်ကျုံးဟဲ့ ပြုတ်ကျလာနိုင်ခြင်း ဖြစ်၏။

“ဘုတ်.. ဘုတ်.. ဘုတ်...”

ထိုအချိန်မှာပဲ အပေါ်ဘက် အပေါက်မှတစ်ဆင့် တတာရှန်းမိစ္ဆာနိုင်ငံတော်၏ သိုင်းပညာရှင်အချို့သည် တစ်ယောက်ပြီးတစ်ယောက် ခုန်ချလာကြ၏။ ယွင်ကျုံးဟဲ့ကို အမိအရ လိုက်လံသတ်ဖြတ်ရန် ရောက်လာကြခြင်း ဖြစ်သည်။

“သခင်ကြီး... မြန်မြန်ဝင်ပါတော့။” ဟွမ်ထျန်းဂိုဏ်းမှ သိုင်းပညာရှင်တစ်ဦးက ယွင်ကျုံးဟဲ့ကို အလောတကြီး တိုက်တွန်းလိုက်၏။

ယွင်ကျုံးဟဲ့သည် အကဲခတ်လိုက်ရာ ဤလျှို့ဝှက်လမ်း၏အဆုံးတွင် ကျောက်ဂူတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသောကြောင့် သားဖြစ်သူကို ပွေ့ချီကာ ထိုကျောက်ဂူထဲသို့ အမြန်ဆုံး ပြေးဝင်သွားလိုက်သည်။

ဟွမ်ထျန်းဂိုဏ်းသိုင်းပညာရှင်သည် ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်ပြီး ကျောက်ဂူ၏ စက်ယန္တရားကို ရိုက်ခွဲဖျက်ဆီးပစ်လိုက်၏။

“ဂလတ်... ဝုန်း...”

အလွန်ထူထပ်ခိုင်ခံ့လှသော ကျောက်တံခါးကြီးသည် ပိတ်ဆို့သွားပြီး အပြင်ဘက်ရှိ ရန်သူများနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားတော့သည်။

ထို့နောက် ကျန်ရစ်ခဲ့သော ဟွမ်ထျန်းဂိုဏ်းသိုင်းပညာရှင်များသည် တာရှန်းမိစ္ဆာနိုင်ငံတော်မှ သိုင်းပညာရှင် များထံသို့ အရူးအမူး ပြေးဝင်တိုက်ခိုက်ကြတော့၏။

“ဝှစ်... ဝှစ်... ဝှစ်..”

တာရှန်းမိစ္ဆာနိုင်ငံတော်၏ သိုင်းပညာရှင်များသည် သားရဲရိုင်းများကဲ့သို့ ရူးသွပ်စွာ ပြေးဝင်လာကြပြီး အလွန်လျင်မြန်လှကာ ကျောက်တံခါးမပိတ်ခင် ကျောက်ဂူထဲသို့ ဝင်ရောက်နိုင်ရန် အတင်းအကျပ် ကြိုးစားနေကြသည်။

“သခင်ကြီးကို ကာကွယ်ကြ...”

“သခင်ကြီးကို ကာကွယ်ကြ...”

ဟွမ်ထျန်းဂိုဏ်း သိုင်းပညာရှင်များသည်လည်း ရူးသွပ်စွာဖြင့် ရှေ့သို့ တိုးဝင်သွားကြပြီး ၎င်းတို့၏ သွေးသား ခန္ဓာကိုယ်များကို အကာအကွယ်ပြု၍ တာရှန်းမိစ္ဆာနိုင်ငံတော် သိုင်းပညာရှင်များကို အသက်နှင့်လဲ၍ ခုခံတားဆီးကြ၏။

“ဝုန်း...”

အလွန်ခိုင်ခံ့လှသော ကျောက်တံခါးကြီး လုံးဝပိတ်ဆို့သွားသည့် တစ်ခဏ၌ ယွင်ကျုံးဟဲ့ နောက်ဆုံး မြင်လိုက်ရသည်မှာ အပြင်ဘက်ရှိ ဟွမ်ထျန်းဂိုဏ်းသိုင်းပညာရှင်တစ်ဦး ပါးစပ်မှ သွေးများ ပန်းထွက် သွားခြင်းပင် ဖြစ်သည်။

ထို့နောက်တွင်မူ မည်သည့်အရာကိုမျှ မမြင်ရတော့သလို မည်သည့်အသံကိုမှလည်း မကြားရတော့ပေ။ ထူထဲလှသော ကျောက်တံခါးကြီးက ပြင်ပမှအသံဟူသမျှကို အကြွင်းမဲ့ပိတ်ဆို့ထားကာ အတွင်း၌မူ ကျောချမ်းဖွယ်ရာ မှောင်မိုက်နေတော့၏။

ယွင်ကျုံးဟဲ့သည် ကျောက်ဂူကြမ်းပြင်ပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်ရင်း ရင်ခွင်ထဲရှိ သားဖြစ်သူကို ပိုမိုတင်းကြပ်စွာ ဖက်ထားလိုက်သည်။

“သား ကြောက်နေလား။” ယွင်ကျုံးဟဲ့က တိုးညှင်းစွာ မေးလိုက်၏။

“မကြောက်ပါဘူး အဖေ” ယွင်ယောင်က ချက်ချင်းပြန်ဖြေလိုက်သည်။

လိမ်ညာနေခြင်း မဟုတ်ဘဲ ရင်ထဲအရှိအတိုင်း အမှန်တကယ် မကြောက်ရွံ့ခြင်းဖြစ်သည်။ သူသည် ပင်ကိုယ်က စကားနည်းပြီး တည်ငြိမ်သူဖြစ်သော်လည်း ဦးနှောက်ထဲတွင်မူ စိတ်ကူးစိတ်သန်း ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည့် ထူးချွန်ထက်မြက်လွန်းသော ကလေးငယ်တစ်ဦး ဖြစ်၏။

ယနေ့ ကြုံတွေ့ခဲ့ရသမျှ အဖြစ်အပျက်များက သူ့ကို ဖခင်ဖြစ်သူ၏ နွေးထွေးလှသော မေတ္တာကို အပြည့်အဝ ခံစားရစေသည့်အပြင် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ စွန့်စားခန်းကြီးတစ်ခုသဖွယ် ဖြစ်နေတော့သည်။

ယွင်ကျုံးဟဲ့၏ သားပီသလှသည်။ အပေါ်ယံကြည့်လျှင် ပုံမှန်ကလေးငယ်တစ်ဦးကဲ့သို့ ထင်ရသော်လည်း တွေးခေါ်ပုံနှင့် ဦးနှောက် အလုပ်လုပ်ပုံမှာ သာမန်လူများနှင့် လုံးဝဥဿုံ ကွဲပြားခြားနားနေ၏။

All Chapters