← Chapters

အခန်း (၆၇၅-၆၇၆)

Vol. 57 Ch. 675-676

အခန်း (၆၇၅-၆၇၆)

Vol. 57 Ch. 675-676

အပိုင်း (၆၇၅)

“အနည်းဆုံးတော့... မင်းအမေ၊ အဖွားနဲ့ အဒေါ်တို့အားလုံး ဘေးကင်းရာကို ရောက်သွားကြပြီလေ။” ယွင်ကျုံးဟဲ့က သက်ပြင်းတစ်ချက်ချရင်း ပြုံးလိုက်သည်။

ယွင်ယောင်က မော့ကြည့်ကာ ပြောလိုက်၏။ “အဘိုးနဲ့ အဖေက သားအတွက် အားကျ အတုယူရဆုံး စံပြပုဂ္ဂိုလ်တွေပါပဲ။ အားလုံးက မိသားစုကိုကာကွယ်ဖို့ ဉာဏ်ပညာရော ခွန်အားပါ ရှိသမျှအကုန် သုံးခဲ့ကြတာ။ သား ကြီးလာရင်လည်း အဘိုးနဲ့ အဖေလို ယောက်ျားကောင်းတစ်ယောက် ဖြစ်အောင် နေမယ်။”

“လိမ္မာလိုက်တာ သားရယ်” ယွင်ကျုံးဟဲ့က ဂုဏ်ယူဝင့်ကြွားစွာဖြင့် သားဖြစ်သူ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

ထို့နောက် ယွင်ကျုံးဟဲ့သည် သားငယ်ကို ဖက်ထားရင်း ထိုမှောင်မိုက်သော ကျောက်ဂူအတွင်း၌ တိတ်ဆိတ်ငြိမ်သက်စွာ ဇာတ်လမ်းကို စောင့်ကြည့်နေလိုက်တော့၏။

သူသည် ဤမျှကြီးမားကျယ်ပြန့်လှသော ထောင်ချောက်ကြီးကို ကိုယ်တိုင်ကြံစည်ကာ တာယင်ဧကရာဇ်ကို ဤသေမင်းတမန်ကွန်ရက်ကြီးအတွင်းသို့ ဆွဲခေါ်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် နောက်ထပ်ဖြစ်လာမည့် တာရှီအင်ပါယာ၏ သွေးစွန်းဘုရင်မနှင့် မီတျဲချိုင့်ဝှမ်းတို့၏ လှုပ်ရှားမှု များကိုသာ စောင့်ကြည့်ရန် ကျန်တော့၏။

ဤအင်အားကြီးအဖွဲ့အစည်းနှစ်ခု ပူးပေါင်းလိုက်ခြင်းက တာယင်ဧကရာဇ်အတွက် ကြီးမားသော အံ့ဩတုန်လှုပ်မှုများကို ယူဆောင်လာပေးမည်မှာ မြေကြီးလက်ခတ် မလွဲပေ။

“သတ်... သတ်... သတ်...”

တာရှီအင်ပါယာ သွေးစွန်းဘုရင်မ၏ အမိန့်ပေးသံနှင့်အတူ သဲကန္တာရအမည်းရောင်ဝတ် မြင်းစီးတပ်ဖွဲ့ အင်အားခြောက်သောင်းသည် အရှိန်အဟုန်ဖြင့် တိုက်ခိုက်လာကြပြီး တာယင်ဧကရာဇ် ခေါ်ဆောင်လာခဲ့သည့် တာရှန်းမိစ္ဆာနိုင်ငံတော်မှ သိုင်းပညာရှင် ထောင်ပေါင်းများစွာထံသို့ ဆူညံစွာ ပြေးဝင်တိုက်ခိုက်ကြတော့သည်။

ဤအမည်းရောင်ဝတ် စစ်သည်တော်များသည် တာရှီအင်ပါယာ၏ အတောင့်တင်းဆုံး စစ်အင်အားစုဖြစ်ပြီး မြင်းကိုသာမက ကုလားအုတ်များကိုပါ ကျွမ်းကျင်စွာ စီးနင်းနိုင်ကြသူများ ဖြစ်၏။

အနောက်ဘက်စစ်မျက်နှာသို့ ဆက်တိုက်ချဲ့ထွင်နေရသော မဟာဗျူဟာကြောင့် တာရှီအင်ပါယာသည် သဲကန္တာရများကို ဖြတ်ကျော်တိုက်ခိုက်ရလေ့ရှိရာ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သဲကန္တာရ စစ်တပ်ကြီးကို ပျိုးထောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဤသဲကန္တာရကြီးတစ်ခုလုံးက သူတို့အတွက် ကစားကွင်းသဖွယ် ဖြစ်နေတော့သည်။ စစ်သည်တိုင်း၏ သွေးသားထဲတွင် ရူးသွပ်မှုနှင့် သွေးဆာမှုဗီဇတို့ ကိန်းအောင်းနေကြ၏။ ထိုသို့မဟုတ်ပါက ဤငရဲ သဲကန္တာရထဲ၌ ရှင်သန်နိုင်ကြမည် မဟုတ်ပေ။

လက်ရှိတွင် တာယင်ဧကရာဇ် ပျောက်ဆုံးနေသလို ယောင်ရောင်ကလည်း ပိရမစ်ထက်၌ အသက်နှင့်လဲ၍ ဆက်လက် တူးဆွနေဆဲ ဖြစ်သည်။ ထို့ကြောင့် ဤတာရှန်းမိစ္ဆာနိုင်ငံတော် သိုင်းပညာရှင် ထောင်ပေါင်း များစွာကို ကွပ်ကဲအုပ်ချုပ်မည့်သူ လုံးဝမရှိချေ။

သို့ပေမည့် မည်သည့်အမိန့်မျှ မရရှိသည့်တိုင်အောင် ထိုတာရှန်းမိစ္ဆာနိုင်ငံတော် သိုင်းပညာရှင် သုံးထောင်ကျော်သည် တပ်ဖြန့်လျက် စနစ်တကျ စုရုံးလိုက်ကြသည်။

လှုပ်ရှားမှုမှာ အလွန်တရာ မြန်ဆန်လွန်းလှပြီး လူထောင်ပေါင်းများစွာသည် တစ်သွေးတစ်သားတည်း ကျနေသည့်အလား အတိုတောင်းဆုံးအချိန်အတွင်း စတုရန်းပုံစံ စစ်ဗျူဟာတပ်ဖွဲ့ကြီးအဖြစ် ပြောင်းလဲလိုက်ကြ၏။

ထို့အပြင် အားလုံးက ကုလားအုတ်များပေါ်မှ ခုန်ဆင်းကာ ၎င်းတို့၏ သွေးမျိုးဆက် ခန္ဓာကိုယ်ကြီးများကို အသုံးပြု၍ သံမဏိတံတိုင်းကြီးသဖွယ် ကာကွယ်ရေးမျဉ်းကို တည်ဆောက်လိုက်ကြသည်။

အပြင်ဘက်ရှိ လူနှစ်ထောင်က အကာအကွယ်တံတိုင်း တည်ဆောက်ထားပြီး အတွင်းဘက်ရှိ လူနှစ်ထောင် ကမူ လေးကြိုးတင်ကာ မြားများပစ်လွှတ်ရန် အဆင်သင့် ပြင်ဆင်လိုက်ကြ၏။

ဤတာရှန်းမိစ္ဆာနိုင်ငံတော် သိုင်းပညာရှင်များ ကိုင်ဆောင်ထားသော လေးမြားများမှာ အလွန်ကြီးမား ထွားကျိုင်းလှပြီး လူတစ်ယောက်စာခန့် မြင့်မား၏။ လေးကြိုးကို တင်းကြပ်စွာ ဆွဲတင်လျက် ပစ်မှတ်ကို ပြိုင်တူချိန်ရွယ်လိုက်ကြ၏။ ပစ်မှတ်ကို ချိန်ပြီးသည်နှင့် ပြိုင်တူ လွှတ်လိုက်ကြတော့သည်။

“ဝှစ်... ဝှစ်... ဝှစ်...”

ရန်သူနှင့် မီတာနှစ်ရာအကွာမှပင် စတင်ပစ်ခတ်လိုက်ကြခြင်း ဖြစ်၏။ ပုံမှန်အားဖြင့် လေးမြားများ၏ ထိရောက်သော ပစ်ခတ်မှုအကွာအဝေးမှာ မီတာတစ်ရာထက် မပိုနိုင်ချေ။

တာရှီအင်ပါယာ၏ ထိပ်တန်းလေးသည်တော်များမှသာ မြားကို မီတာနှစ်ရာအကွာအဝေးထိ ရောက်အောင် ပစ်လွှတ်နိုင်စွမ်းရှိကြသည်။

“ဇွပ်... ဇွပ်... ဇွပ်...”

သို့သော်လည်း ပထမဆုံး မြားမိုးများ သဲကြီးမဲကြီး ကျရောက်လာသည်နှင့်အမျှ တာရှီအင်ပါယာ၏ သဲကန္တာရ အမည်းရောင်ဝတ် မြင်းစီးစစ်သည်များမှာ တစ်ယောက်ပြီးတစ်ယောက် ကုလားအုတ်ပေါ်မှ လဲကျကာ သေဆုံးသွားကြတော့၏။

ဤမြင်ကွင်းက အလွန်တရာ အံ့ဩတုန်လှုပ်ဖွယ် ကောင်းလွန်းလှ၏။ မီတာနှစ်ရာအကွာအဝေးကနေ ရန်သူကို သေစေလောက်အောင် တိကျစွာ ပစ်သတ်နိုင်သည်လား။ ထိုအရာက မည်ကဲ့သို့သော လေးမြားမျိုး ဖြစ်ပြီး မည်သည့် လေးပစ်ပညာမျိုးနည်း။ ဤတာရှန်းမိစ္ဆာနိုင်ငံတော် သိုင်းပညာရှင်များ၏ စွမ်းရည်မှာ ကြောက်ခမန်းလိလိပင်။

သို့သော်လည်း တာရှီအင်ပါယာ၏ သဲကန္တာရအမည်းရောင်ဝတ် မြင်းစီးတပ်ဖွဲ့သည် သေခြင်းတရားကို ဂရုမစိုက်ဘဲ ထူးဆန်းသော အော်ဟစ်သံကြီးများ ပြုလုပ်လျက် ရှေ့သို့ ဇွတ်တိုး တိုက်ခိုက်ကြပြန်သည်။

အကွာအဝေး မီတာတစ်ရာသို့ ရောက်ရှိချိန်တွင် ဤတာရှီအင်ပါယာ မြင်းစီးတပ်ဖွဲ့ကလည်း မြားများကို စတင် တုံ့ပြန်ပစ်ခတ်ကြတော့၏။

“ဝှစ်... ဝှစ်... ဝှစ်...”

လူသောင်းပေါင်းများစွာ တပြိုင်နက်တည်း ပစ်လွှတ်လိုက်သောကြောင့် မြားမိုးကြီးက ကောင်းကင် တစ်ခုလုံးကို မှောင်မိုက်သွားစေကာ တာရှန်းမိစ္ဆာနိုင်ငံတော် သိုင်းပညာရှင် ထောင်ပေါင်းများစွာထံသို့ သဲကြီးမဲကြီး ပြေးဝင်သွားသည်။

“ဒုန်း... ဒုန်း...”

ထိုခဏ၌ တာရှန်းမိစ္ဆာနိုင်ငံတော် သိုင်းပညာရှင်များသည် ဧရာမဒိုင်းလွှားကြီးများကို ရုတ်တရက် မြှောက်လိုက်ကြပြီး ကျရောက်လာသော မြားမိုးအားလုံးကို တစ်စက်မကျန် ကာကွယ်ပိတ်ဆို့လိုက်ကြ၏။

“သတ်... သတ်... သတ်...”

တာရှီအင်ပါယာ၏ သဲကန္တာရအမည်းရောင်ဝတ် စစ်သည်တော် သောင်းပေါင်းများစွာ၏ တိုက်ခိုက်မှုအရှိန်က ပိုမိုပြင်းထန်လာသည်။

“ဝုန်း... ဝုန်း... ဝုန်း...”

ကျောက်တောင်ကြီးများ အချင်းချင်း ရိုက်ခတ်မိသည့်အလား ဧရာမအသံကြီးများနှင့်အတူ တာရှီအင်ပါယာ သဲကန္တာရ မြင်းစီးတပ်ဖွဲ့သည် တာရှန်းမိစ္ဆာနိုင်ငံတော် သိုင်းပညာရှင်များနှင့် ပြင်းထန်စွာ တိုက်မိကြ တော့သည်။ ထို့နောက် စစ်တပ်နှစ်ခုသည် သွေးရူးဆန်းကြမ်း အပြန်အလှန် ခုတ်ဖြတ်သတ်ဖြတ်ကြတော့၏။

ပုံမှန်အတိုင်းဆိုလျှင် တိုက်ပွဲအခြေအနေမှာ တာရှီအင်ပါယာဘက်က တစ်ဖက်သတ် အသာစီးရနေသင့်သည်။ အကြောင်းမှာ ၎င်းတို့သည် အင်အားအကောင်းဆုံး တပ်ဖွဲ့ဖြစ်ပြီး ရန်သူထက် အရေအတွက် ဆယ်ဆကျော် များပြားနေသောကြောင့်ပင်။

သို့သော်လည်း လက်တွေ့ရလဒ်က ထိုသို့ လုံးဝမဟုတ်ပေ။ စစ်မြေပြင်ထက်တွင် အသားစများ လွင့်စင်နေပြီး သွေးအိုင်များ သဲပြင်ပေါ်၌ ချောင်းစီးကာ ဖုန်လုံးကြီးများ လိမ့်တက်နေတော့သည်။

တာရှီအင်ပါယာ သဲကန္တာရ အမည်းရောင်ဝတ် မြင်းစီးတပ်ဖွဲ့ဘက်မှ ဟိန်းဟောက်သတ်ဖြတ်သံများ ကောင်းကင်ယံသို့ လွင့်ပျံနေသော်လည်း တာရှန်းမိစ္ဆာနိုင်ငံတော် သိုင်းပညာရှင်များမှာမူ ကျောက်ရုပ်ကြီး များကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေကြဆဲ ဖြစ်၏။

သို့ပေမည့် လူသတ်သည့် အချိန်တွင်မူ သူတို့သည် အစစ်အမှန် သားရဲတိရစ္ဆာန်ကြီးများအလား ပြောင်းလဲ သွားကြ၏။ ဓားတစ်ချက် မြှောက်လိုက်တိုင်း ရန်သူ့ဦးခေါင်းတစ်ခု ပြတ်ကျသွားကာ သွေးအေးအေးဖြင့် ရူးသွပ်စွာ သတ်ဖြတ်နေကြသည်။

တာရှန်းမိစ္ဆာနိုင်ငံတော် သိုင်းပညာရှင်တိုင်း၏ ခန္ဓာကိုယ်ပေါ်တွင် အလွန်ထူထဲခိုင်ခံ့သော သံချပ်ကာ ဝတ်စုံကြီးများ ဆင်ယင်ထားသောကြောင့် တာရှီအင်ပါယာ မြင်းစီးတပ်ဖွဲ့၏ ဓားကောက်များက ခုတ်ဖြတ်ရန် အလွန်ခက်ခဲလှသည်။ ထို့အပြင် နှစ်ဖက်စလုံး၏ လက်နက်များမှာလည်း အဆင့်အတန်း လုံးဝကွာခြားလှ၏။

တာရှန်းမိစ္ဆာနိုင်ငံတော် သိုင်းပညာရှင်များ၏ စစ်ဓားကြီးများသည် ထိပ်တန်း သံမဏိသန့်သန့်ဖြင့် သွန်းလုပ်ထားပြီး အလေးချိန် ပေါင်နှစ်ဆယ်၊ သုံးဆယ်ခန့်အထိ ရှိကြသည်။

စစ်သည်တိုင်းသည် ဆင်ပြောင်တစ်ကောင်စာ ခွန်အားကြီးမားကြပြီး ဓားတစ်ချက် ခုတ်ချလိုက်ရုံဖြင့် လူတစ်ယောက်ကို မြင်းနှင့်တကွ နှစ်ပိုင်း ပိုင်းဖြတ်ပစ်နိုင်စွမ်း ရှိကြ၏။

“သတ်... သတ်... သတ်...”

သတ်ဖြတ်သံများ ဆူညံနေပြီး ကောင်းကင်သို့ သဲဖုန်လုံးများ လိမ့်တက်နေသောကြောင့် မျက်စိတဆုံး ဘာမှမမြင်ရသလောက် ဖြစ်နေသော်လည်း အမှန်တကယ် ဖြစ်ပျက်နေသည်မှာ တာရှီအင်ပါယာ၏ အမည်းရောင်ဝတ် မြင်းစီးစစ်သည်များ တစ်ယောက်ပြီးတစ်ယောက် လဲကျသေဆုံးနေခြင်းသာ ဖြစ်သည်။

တာရှန်းမိစ္ဆာနိုင်ငံတော် သိုင်းပညာရှင်များ၏ ကာကွယ်ရေးမျဉ်းမှာ လူနှစ်ထောင်သာ ရှိသော်လည်း တိုက်စစ်အရှိန်ကို လုံးဝ ပိတ်ဆို့ထားကာ မည်သို့မှ ဖောက်ထွက်၍ မရနိုင်ချေ။

ကာကွယ်ရေးမျဉ်းအတွင်းရှိ တာရှန်းမိစ္ဆာနိုင်ငံတော် သိုင်းပညာရှင်များမှာလည်း လေးမြားများကို အငြိုးတကြီး ပစ်လွှတ်နေပြီး အနီးကပ်ပစ်ခတ်မှုတွင် မြားတစ်စင်းမျှ မလွဲချော်ဘဲ အသက်ပေါင်းများစွာကို ကောက်ရိုးရိတ်သကဲ့သို့ ရိတ်သိမ်းနေကြတော့သည်။

ဤမြင်ကွင်းကို ကြည့်ပြီး တာရှီအင်ပါယာ၏ သွေးစွန်းဘုရင်မ၊ မီတျဲချိုင့်ဝှမ်း၏ ဆရာကြီးများနှင့် မိုးပျံ ပူဖောင်းစီးကာ ရောက်ရှိလာသော ယွမ်ထျန်းရှဲ့တို့အားလုံး ဆွံ့အမှင်တက်သွားကြရ၏။

အင်အားခြောက်သောင်းရှိသော တာရှီအင်ပါယာ အတောင့်တင်းဆုံး မြင်းစီးတပ်ဖွဲ့ကြီးက လေးထောင်မျှသာ ရှိသော တာရှန်းမိစ္ဆာနိုင်ငံတော် သိုင်းပညာရှင်များကို မယှဉ်နိုင်ဘဲ အထိနာနေသည်လား။ ဤအရာက လုံးဝယုံနိုင်စရာ မရှိပေ။

‘ဒဏ္ဍာရီထဲက တာရှန်းမိစ္ဆာနိုင်ငံတော် သိုင်းပညာရှင်တွေက ဒီလောက်တောင် ကြောက်စရာ ကောင်းနေတာလား။’

မီတျဲချိုင့်ဝှမ်းမှ ဆရာကြီးဆယ်ယောက်ကျော်သည် ဘာစကားမှ မပြောတော့ဘဲ သူတို့၏ ကုလားအုတ်ဖြူ များကို စီးနင်းကာ စစ်မြေပြင်သို့ တိုက်ရိုက်ဝင်ရောက် တိုက်ခိုက်ကြတော့သည်။

သွေးစွန်းဘုရင်မကလည်း နန်းတော်၏ ထိပ်တန်းသိုင်းပညာရှင် ရာပေါင်းများစွာကို ဦးဆောင်လျက် ဝင်ရောက်တိုက်ခိုက်သလို ယွမ်ထျန်းရှဲ့သည်လည်း မိုးပျံပူဖောင်းပေါ်မှ မြေပြင်သို့ တိုက်ရိုက်ခုန်ချကာ စစ်ပွဲထဲ ဝင်ပါတော့၏။

“ဝုန်း... ဝုန်း... ဝုန်း...”

သို့သော်လည်း ထိုခဏ၌ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး ပိရမစ်အတွင်းမှ ဧရာမ ကျောက်တုံးကြီးအချို့ လေထဲသို့ လွင့်စင်ထွက်လာ၏။ ထို့နောက် အဝတ်အစား လုံးဝနီးပါး မပါရှိတော့သော အမျိုးသားတစ်ဦး ရုတ်တရက် ခုန်ထွက်လာသည်။

‘သူ... သူက ဘယ်သူလဲ။’

ယောင်ရောင် အရင်ဆုံး အံ့ဩမှင်တက်သွားပြီးနောက် ထိုသူ့ထံသို့ အလောတကြီး ပြေးသွားလိုက်၏။ “အစ်ကို...”

ဤလူက တာယင်ဧကရာဇ်လား။ သို့ပေမည့် သူက လုံးဝ တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီ မဟုတ်ပါလား။

ယခင်က သူသည် အရပ်ရှည်သော်လည်း တစ်ကိုယ်လုံး ပိန်လှီသွယ်လျနေခဲ့သည်။ ယခုမူ ပိုမိုထွားကျိုင်း အရပ်ရှည်လာသည့်အပြင် တစ်ကိုယ်လုံးရှိ ကြွက်သားများက ဖောင်းကြွလာကာ အလွန်ကြီးမားတောင့်တင်း နေတော့သည်။

ရှည်လျားသော ဆံပင်များမှာ မီးလောင်ထားသောကြောင့် ရှုပ်ပွနေသော်လည်း လေထဲတွင် တလွင့်လွင့် ဖြစ်နေသည်။ အခုအချိန်တွင် တစ်ကိုယ်လုံးက အစစ်အမှန် အမှောင်စစ်နတ်ဘုရား တစ်ပါးအလား ဖုံးကွယ် မရသော အရှိန်အဝါများ ထွက်ပေါ်နေ၏။

သူ မသေသည့့််အပြင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပုံစံမျိုးအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ သူက ကောင်းကင်ယံသို့ မော့ကြည့်လိုက်ပြီး မီတာသုံးရာခန့် အမြင့်တွင် ပျံသန်းနေသော မိုးပျံပူဖောင်းကို စိုက်ကြည့်လိုက်သည်။

ထိုတာယင်အမှောင်သခင်ကြီးသည် ပိရမစ်အမြင့်ထက်မှနေ၍ ရုတ်တရက် ခုန်ချလိုက်ပြီး မြေပြင်ပေါ်ရှိ သံမဏိလှံရှည်တစ်ချောင်းကို ဆွဲယူကာ ကောင်းကင်ယံရှိ မိုးပျံပူဖောင်းဆီသို့ အားကုန်လွှဲ၍ ပစ်ပေါက်လိုက်တော့၏။

“ဝှစ်...”

ထိုလှံရှည်သည် မိုးကြိုးလျှပ်စီးတစ်ခုအလား ဝုန်းခနဲ ပစ်ထွက်သွားပြီး လေထက်ရှိ မိုးပျံပူဖောင်းမှာ လုံးဝ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။

“ခလွပ်... ဝုန်း...”

လှံရှည်က မိုးပျံပူဖောင်း၏ ခြင်းတောင်းကို တည့်တည့်ဆွဲဆုတ်ပစ်လိုက်သောကြောင့် စုတ်ပြဲပျက်စီး သွားတော့သည်။

“ဝှစ်... ဝှစ်... ဝှစ်...”

ဆက်တိုက်ဆိုသလိုပင် ဒုတိယလှံ၊ တတိယလှံများက လေကိုခွဲ၍ ရောက်ရှိလာပြန်သည်။ ကောင်းကင်ယံရှိ မိုးပျံပူဖောင်းကြီးသည် အလုံးစုံ ပျက်စီးသွားကာ တောက်လောင်နေသော မီးတောက်ကြီးတစ်ခုအသွင်ဖြင့် မြေပြင်သို့ ထိုးဆင်းပြုတ်ကျလာတော့၏။

ဤအရာက အံ့ဩစရာပင်။ မီတာသုံးရာကျော် အမြင့်တွင်ရှိသော မိုးပျံပူဖောင်းကို မြေပြင်ကနေ လှံဖြင့် ပစ်ချနိုင်သည်လား။

ထို့နောက် သူက မြေပြင်မှ လှံရှည်တစ်ချောင်းကို ထပ်မံကောက်ယူကာ စစ်မြေပြင်ဆီသို့ အေးအေးလူလူ လျှောက်လှမ်းသွားတော့သည်။

တာရှီအင်ပါယာ၏ သွေးစွန်းဘုရင်မက ထိပ်တန်းသိုင်းပညာရှင် တစ်ရာကျော်ကို ခေါ်ဆောင်လာသလို ယွမ်ထျန်းရှဲ့ကလည်း ဟွမ်ထျန်းဂိုဏ်းမှ သိုင်းပညာရှင် ဆယ်ဂဏန်းကျော်ကို ခေါ်ဆောင်လာ၏။

မီတျဲချိုင့်ဝှမ်းမှ ဆရာကြီး ဆယ်ယောက်ကျော်တို့ကလည်း ဤအမှောင်သခင်ကြီးထံသို့ တပြိုင်နက်တည်း ပြေးဝင်လာကြသည်။

တစ်ချိန်တည်းမှာပဲ မလှမ်းမကမ်းရှိ သဲကန္တာရထဲမှ အခြားလူရိပ်တစ်ခုက အပြေးအလွှား ရောက်ရှိ လာပြန်သည်။ ထိုသူမှာ အောက်ရှင်း ဖြစ်၏။

သူသည် မိသားစုကို ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် တစ်ယောက်တည်း ပြန်လည်တိုက်ခိုက်ရန် ရောက်လာခြင်း ဖြစ်၏။ ဖခင်တစ်ယောက်၏ တာဝန်ကို သူက အတိအကျ ထမ်းဆောင်မည်မှာ သေချာလို့နေသည်။

လူတစ်ရာကျော်သည် ဤအမှောင်သခင်ကြီးကို သတ်ဖြတ်ရန် ဝိုင်းရံတိုက်ခိုက်ကြတော့၏။ ယနေ့ ဤအမှောင်သခင်ကြီးကို သတ်ပစ်နိုင်ပါက ကြီးမားသောအနိုင်ရရှိမှု ဖြစ်ပေလိမ့်မည်။

ယောင်ရောင်သည်လည်း ဓားကိုဆွဲကာ ပြေးဝင်လာပြီး ဤအမှောင်သခင်ကြီးနှင့်အတူ လက်တွဲတိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်သည်။

သို့သော်ငြား အမှောင်သခင်ကြီးက သူမကို လည်ပင်းမှ ဆွဲမကာ ဆယ်မီတာကျော်အဝေးသို့ ပစ်ပေါက်လိုက်ပြီး တိုက်ပွဲအတွင်းမှ အဓမ္မ ဖယ်ထုတ်လိုက်၏။

ထို့နောက် သူသည် မြေပြင်မှ သံမဏိလှံရှည်တစ်ချောင်းကို အေးဆေးစွာ ကောက်ယူလိုက်ပြန်သည်။

“သတ်... သတ်... သတ်...”

တာရှီအင်ပါယာ သွေးစွန်းဘုရင်မ၏ လက်အောက်ရှိ နန်းတော်သိုင်းပညာရှင် တစ်ရာကျော်က ဦးစွာ ဝင်ရောက်တိုက်ခိုက်ကြ၏။

“ဝှစ်...”

အမှောင်သခင်ကြီး လက်ထဲရှိ လှံရှည်က ရုတ်တရက် ဝေ့ယမ်းကာ ဘေးတိုက် ရိုက်ချလိုက်သည်။

“ဝုန်း... ဝုန်း...”

သိုင်းပညာရှင် ဆယ်ဂဏန်းခန့်မှာ လေပြင်းတိုက်ခံရသည့် ကောက်ရိုးရုပ်များအလား လေထဲသို့ တိုက်ရိုက် လွင့်စင်ထွက်သွားကြတော့၏။

ယွမ်ထျန်းရှဲ့က သိုင်းပညာရှင် ဆယ်ကျော်ကို ခေါ်ဆောင်လျက် ထပ်မံဝင်ရောက် တိုက်ခိုက်ပြန်သည်။

“ဝှစ်...”

တာယင်အမှောင်သခင်ကြီး၏ လှံရှည်က ဒုတိယအကြိမ် ဘေးတိုက် ပြင်းထန်စွာ ရိုက်ချလိုက်ပြန်သည်။ ကျယ်လောင်လှသော ရိုက်ခတ်သံကြီးနှင့်အတူ ဟွမ်ထျန်းဂိုဏ်း၏ သိုင်းပညာရှင် ဆယ်ယောက်ကျော် သည်လည်း တိုက်ရိုက် လွင့်စင်သွားကြပြန်၏။

မီတျဲချိုင့်ဝှမ်းမှ ဆရာကြီး ဆယ်ဦးကျော် ဝင်ရောက်တိုက်ခိုက်ကြရာ ချက်ချင်းပဲ ဤအမှောင်သခင်ကြီးမှာ ပိတ်မိသွားတော့သည်။

ဆက်တိုက်ဆိုသလိုပင် ယွမ်ထျန်းရှဲ့၊ အောက်ရှင်းနှင့် တာရှီအင်ပါယာ သွေးစွန်းဘုရင်မတို့ပါ ဝင်ရောက် ပူးပေါင်း တိုက်ခိုက်ကြရာ ချက်ချင်းဆိုသလို ထိုအမှောင်သခင်ကြီး၏ လူရိပ်မှာ တိုက်ကွက်များအောက်တွင် လုံးဝ ကွယ်ပျောက်သွားတော့သည်။ ကြည့်ရသည်မှာ သူ အရေးနိမ့်သွားပုံပေါ်၏။

သို့သော်လည်း နောက်တစ်စက္ကန့်တွင် တိုက်ခိုက်နေသော လူဆယ်ယောက်ကျော်လုံး ဝုန်းခနဲ အဝေးသို့ လွင့်စင်ထွက်သွားကြပြီး အားလုံး ပါးစပ်မှ သွေးများ အန်ထွက်လာကြတော့၏။ ဤမြင်ကွင်းက အရမ်းကို ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ယွမ်ထျန်းရှဲ့၊ အောက်ရှင်း၊ သွေးစွန်းဘုရင်မနှင့် မီတျဲချိုမ်းမှ ဆရာကြီးများ... ၎င်းတို့ထဲတွင် မည်သူကများ ဆရာကြီးအဆင့် သိုင်းပညာရှင်များ မဟုတ်ကြသနည်း။ လူတိုင်း စုပေါင်း၍ ဝင်တိုက်ကြသည်တောင် အမှောင်သခင်ကြီး တစ်ယောက်တည်းကို မယှဉ်နိုင်ပေ။

‘သူက ဒီလောက်အထိတောင် အစွမ်းထက်နေတာလား။ ယုံနိုင်စရာ မရှိဘူး။ ဒါက လူသားတစ်ယောက်ရဲ့ အစွမ်းရော ဟုတ်သေးရဲ့လား။’

အခြားတစ်ဖက်ရှိ စစ်မြေပြင်တွင်လည်း အင်အားခြောက်သောင်းရှိသော တာရှီအင်ပါယာ သဲကန္တာရ အမည်းရောင်ဝတ် မြင်းစီးတပ်ဖွဲ့၏ အခြေအနေမှာ အလွန်တရာ ဆိုးရွားပျက်စီးနေပြီ ဖြစ်သည်။

တာရှန်းမိစ္ဆာနိုင်ငံတော် သိုင်းပညာရှင်များ၏ စွမ်းရည်က အလွန်ကြောက်စရာ ကောင်းလွန်းသောကြောင့် တာရှီအင်ပါယာ မြင်းစီးစစ်သည်များမှာ မရေမတွက်နိုင်အောင် သေဆုံးနေကြရ၏။

လက်ရှိတွင် တာယင်ဧကရာဇ်မှန်း လုံးဝခွဲခြားမရတော့သော ဤအမှောင်သခင်ကြီး၏ အေးစက်လှသော အကြည့်များက မြေပြင်အနှံ့ လဲကျနေသည့် ဒဏ်ရာရသူများထံသို့ ရောက်ရှိသွားပြီး ၎င်း၏မျက်ဝန်းထဲတွင်မူ အထင်သေးရွံရှာသည့် အကြည့်များဖြင့်သာ ပြည့်နှက်နေတော့သည်။

အပိုင်း (၆၇၆)

“ယွမ်ထျန်းရှဲ့… ဒီပိရမစ်ကို ခင်ဗျားက နုဧကရာဇ်ရဲ့ ဂူဗိမာန်အဖြစ် အတုဖန်တီးထားတာ မဟုတ်လား။”

တာယင်အမှောင်သခင်ကြီးက အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။ “အရမ်းသပ်ရပ်လွန်းတယ်။ အထူးသဖြင့် အဲဒီကျောက်ခေါင်းက စကားဝှက် သေမင်းထာဝရအသက်ရှင်သည် ဆိုတဲ့ စကားပဲ။”

သူ့အသံက ပြောင်းလဲသွားပြီး အလွန်လေးနက်ကာ ကြောက်မက်ဖွယ်ကောင်းအောင် ထိုးဖောက်နိုင်စွမ်း ရှိနေသည်။

“ဒါက နုဧကရာဇ်အမည်းရောင်မှတ်တမ်းထဲက စကားတစ်ခွန်းပါ။ ဪ… ပိုင်ယင်မြို့ကတော့ နုဧကရာဇ် မှတ်တမ်းလို့ ခေါ်တာပေါ့။ အဲဒါက ဖြတ်တောက်ထားတဲ့ စာအုပ်ပါ။ တကယ့်နုဧကရာဇ်အမည်းရောင် မှတ်တမ်းထဲမှာ ရည်ရွယ်ချက်တစ်ခုတည်းပဲ ရှိတယ်။ အမြင့်ဆုံးရည်ရွယ်ချက်က သေမင်းထာဝရ အသက်ရှင်သည် ဆိုတာပဲ။ ဒါကြောင့် တာရှန်းမိစ္ဆာနိုင်ငံတော်က အမြဲတမ်း သစ္စာခံခဲ့တာ သေမင်းကိုပဲ။”

တာယင်အမှောင်သခင်ကြီးက ပြောလိုက်သည်။ “တာရှန်းမိစ္ဆာနိုင်ငံတော်ရဲ့ နတ်ဆရာတွေက သေလုမျောပါး အခြေအနေ ရောက်မှသာ ကိုးထပ်ကောင်းကင် အပြင်ဘက်က ဉာဏ်အလင်းကို ရှာဖွေနိုင်ပြီး အဆိပ်ပြင်း ဆေးဝါးတွေ၊ ယုတ်မာတဲ့ လျှို့ဝှက်ပညာတွေကို ဖန်တီးနိုင်တာ။ တာရှန်းမိစ္ဆာနိုင်ငံတော်ရဲ့ စစ်သည်တွေ ကလည်း မရေမတွက်နိုင်တဲ့ သေလုမျောပါး အခြေအနေတွေ ကြုံတွေ့ ရမှသာ သိုင်းပညာ တိုးတက်နိုင်တာ။

ဒါကြောင့် တကယ့်တာရှန်းမိစ္ဆာနိုင်ငံတော် သိုင်းပညာရှင်တစ်ယောက် ဖြစ်ဖို့ဆိုရင် အကြိမ်ကြိမ် သေလုမျောပါး ဖြစ်ခဲ့ရတယ်။ မိစ္ဆာနိုင်ငံတော်ရဲ့ သိုင်းပညာရှင်တွေတင်မကဘူး၊ နုဧကရာဇ်ကိုယ်တိုင်ကလည်း အချိန်တိုင်း သေခြင်းတရားရဲ့ အဓိပ္ပာယ် အစစ်အမှန်ကို ရှာဖွေနေခဲ့တာ။

ခင်ဗျားတို့ ခင်းကျင်းထားတဲ့ ထောင်ချောက်ကြီးက ကျုပ်ကို အရမ်းအံ့ဩစေခဲ့တယ်။ ဒီပိရမစ် ဂူဗိမာန်က အရမ်းကို ပီပြင်လွန်းတယ်။ ဒါပေမဲ့ ဟာကွက်က ဘယ်မှာလဲဆိုတာ ခင်ဗျားတို့ သိလား။”

“ပြောပြပါအုံး။” ယွမ်ထျန်းရှဲ့က မေးလိုက်၏။

“ကျောက်ခေါင်းက စကားဝှက် သေမင်းထာဝရအသက်ရှင်သည် ဆိုတဲ့စကားပဲ။” တာယင် အမှောင်သခင်ကြီးက ပြောလိုက်သည်။

ယွမ်ထျန်းရှဲ့က ပြန်ပြောလိုက်၏။ “သေမင်းထာဝရအသက်ရှင်သည် ဆိုတဲ့ တာရှန်းအင်ပါယာ ဘာသာစကားက သခင်ကြီး ကျုပ်ကို သင်ပေးထားတာ။ မှားစရာ အကြောင်းမရှိဘူး။”

တာယင် အမှောင်သခင်ကြီးက ရှင်းပြလိုက်သည်။ “ခင်ဗျား ထွင်းထားတဲ့ စာလုံးတွေက ပြုပြင်ထားတဲ့ စာလုံးတွေလေ။ တကယ့် နုဧကရာဇ်အမည်းရောင်မှတ်တမ်းက အရမ်းကို ရှေးကျပြီး ခက်ခဲနက်နဲတဲ့ စာလုံးတွေ။ အခု ပိုင်ယင်မြို့ကလူတွေထဲမှာတောင် ဖတ်နိုင်တဲ့သူ သိပ်မရှိဘူး။

တာရှန်းမိစ္ဆာနိုင်ငံတော်က လူတွေ နုဧကရာဇ်မှတ်တမ်းနဲ့ သိုင်းပညာတွေကို လေ့လာနိုင်ဖို့ အဲဒီနတ်ဆရာကြီး တွေက နည်းလမ်းရှာပြီး ဒီစာလုံးတွေကို ပြုပြင်ခဲ့တာ။ ဒါပေမဲ့ နုဧကရာဇ်ရဲ့ ကျောက်ခေါင်းမှာတော့ သေချာပေါက် ရှေးဟောင်းစာလုံးတွေပဲ ထွင်းထားမှာပေါ့။”

‘ချီးတဲ့မှ… ဒါကို သရဲတောင် သိမှာမဟုတ်ဘူး။’

တာယင်အမှောင်သခင်ကြီးက ဆက်ပြော၏။ “ခင်ဗျားတို့ အံ့ဩနေလိမ့်မယ်။ ကျုပ်က ဒီကျောက်ခေါင်းက အတုမှန်းသိနေရက်နဲ့၊ အထဲမှာ နုဧကရာဇ်ရဲ့အလောင်း လုံးဝမရှိမှန်း သိနေရက်နဲ့ ဘာလို့ အတင်းဖွင့်ရတာလဲ ဆိုတာကို မဟုတ်လား။ ဘာလို့လဲဆိုတော့ ကျုပ် အရမ်းကြောက်စရာကောင်းတဲ့ အငွေ့အသက်တစ်ခုကို အနံ့ရလိုက်လို့ပဲ။”

ထိုအမှောင်အငွေ့အသက်ဆိုသည်မှာ သေချာပေါက် ရေဒီယိုသတ္တိကြွမှု အပြည့်ရှိသော ဂရက်ဖိုက်ပင် ဖြစ်သည်။

တာယင်အမှောင်သခင်ကြီးက ပြောလိုက်သည်။ “အချိန်အတော်ကြာတည်းက ကျောက်ဂူတစ်ခုထဲမှာ ကျုပ် ဒီအငွေ့အသက်မျိုးကို အနံ့ရခဲ့ဖူးတယ်။ အရမ်းကို ကြောက်စရာကောင်းတယ်။ ခင်ဗျားတို့ နားမလည်ပေမဲ့ ယွင်ကျုံးဟဲ့ကတော့ ဒီအငွေ့အသက်ရဲ့ ကြောက်စရာကောင်းပုံကို သေချာပေါက် နားလည်မှာပါ။ နုဧကရာဇ်အမည်းရောင်မှတ်တမ်း မူရင်းစာအုပ် အစစ်ထဲမှာ မှတ်တမ်းတင်ထားဖူးတယ်။ ဒီလိုကြောက်စရာ ကောင်းတဲ့ အငွေ့အသက်က ကျုပ်တို့ တာရှန်းမိစ္ဆာနိုင်ငံတော် အမှောင်သိုင်းပညာရဲ့ စွမ်းအား အရင်းအမြစ်ပဲ။”

‘ချီးတဲ့မှ… ဒါက ဘာစကားကြီးလဲ။ ရေဒီယိုသတ္တိကြွမှုက အသက်အန္တရာယ်ရှိတာ သေချာပါလျက်နှင့် အခုတော့ သိုင်းပညာ၏ အရင်းအမြစ် ဖြစ်သွားပြီ ဟုတ်လား။ နုဧကရာဇ်က ဘယ်ဇီဝ ဗီဇလမ်းကြောင်းကို ဖွင့်ထားတာလဲ။’

ရေဒီယိုသတ္တိကြွမှုသည် ကြောက်မက်ဖွယ်ကောင်းသော မျိုးဗီဇပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း ကမ္ဘာမြေပေါ်တွင် သာဓကများစွာ ရှိနေသည်။ ဟီရိုရှီးမားမြို့ပေါ်သို့ အနုမြူဗုံးကြဲချခဲ့ပြီးနောက်ပိုင်း လူနှင့်တိရစ္ဆာန်များစွာတို့တွင် မျိုးဗီဇဆိုင်ရာ ထူးခြားဆန်းပြားသော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့၏။

ဥပမာအားဖြင့် ခေါင်းနှစ်လုံးပါသော လိပ်များနှင့် ပုံမှန်ထက် များစွာကြီးမားသည့် ကြွက်များ ပေါ်ထွက် လာခြင်းတို့မှာ ထင်ရှားသည့် သက်သေများ ဖြစ်သည်။

သို့သော်လည်း ရေဒီယိုသတ္တိကြွမှုကြောင့် ဖြစ်ပေါ်လာသည့် မျိုးဗီဇပြောင်းလဲမှုအများစုမှာ ကြောက်မက်ဖွယ် ကောင်းသော ပုံစံများသို့သာ ပြောင်းလဲသွားလေ့ရှိပြီး၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အား ပိုမိုကြီးမားလာခြင်းမှာမူ အလွန်ရှားပါးလှ၏။

‘နုဧကရာဇ်ရဲ့ တာရှန်းမိစ္ဆာနိုင်ငံတော်မျိုးဆက်တွေက ရေဒီယိုသတ္တိကြွမျိုးဗီဇပြောင်းလဲမှုကြောင့် ပိုပြီး ခွန်အားကြီးလာတယ် ဟုတ်လား။’

သေချာပေါက် သိပ္ပံသီအိုရီအရ မျိုးဗီဇပြောင်းလဲမှုကြောင့် ခွန်အားကြီးမားလာနိုင်သည့် ဖြစ်နိုင်ခြေ ရှိသော်လည်း ထိုဖြစ်ရပ်မျိုး ဖြစ်ပေါ်လာရန်မှာ အလွန်ပင်ခဲယဉ်းလှသည်။ ထို့အပြင် ထိုရေဒီယိုသတ္တိကြွ အရင်းအမြစ်သည် မည်သည့်နေရာမှ ရောက်ရှိလာသနည်း။

နုဧကရာဇ်၏ နစ်မြုပ်နေသည့် သင်္ဘောကနေ ယွင်ကျုံးဟဲ့ ရခဲ့သည့် သေတ္တာထဲတွင် အကုန်လုံးက ရေဒီယိုသတ္တိကြွ ဂရက်ဖိုက်များသာ ဖြစ်၏။

ဤအချက်သည် အလွန် ထူးဆန်းပြီး ပုံမှန် မဟုတ်ပေ။ လောကတွင် မည်သည့်နျူကလီးယား ဓာတ်ပြုမှုမျှ မရှိဘဲနှင့် ဤဂရက်ဖိုက်တုံးများ မည်သို့ရောက်ရှိလာသည်ကို စဉ်းစားရခက်နေသည်။

တာယင်အမှောင်သခင်ကြီးက ဖြည်းညင်းစွာ ပြောလိုက်၏။ “သေမင်းထာဝရအသက်ရှင်သည်။ ဒါဆို သေမင်းက ဘာလဲ။ ကျုပ်တို့ တာရှန်းမိစ္ဆာနိုင်ငံတော် အမှောင်စွမ်းအားရဲ့ အရင်းအမြစ်က ဘာလဲ။ အဲဒါက လူတွေကို ကြောက်ရွံ့စေတဲ့အရာပဲ။ အဲဒါက ကျုပ်ကိုလည်း ကြောက်ရွံ့စေခဲ့ဖူးတယ်။

အဲဒါက အမှောင်သိုင်းပညာရဲ့ အရင်းအမြစ်မှန်း ကျုပ်သိပေမဲ့ သူက အရမ်းကို အစွမ်းထက်လွန်းတယ်၊ အရမ်းကို ကြောက်စရာကောင်းလွန်းတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အဲဒီကျောက်ဂူထဲမှာ ကျုပ် ကြောက်လွန်းလို့ ရေကန်ထဲကို ခုန်မချရဲခဲ့ဘူး။”

‘ရေဒီယိုသတ္တိကြွမှုက သေမင်းလား။ ဒီအဆိုက ယုတ္တိတော့ ရှိတယ်။ ခေတ်သစ်ကမ္ဘာမြေကြီးပေါ်မှာတောင် သူ့ကို သေမင်းရဲ့အလင်းရောင်လို့ တင်စားခေါ်ဝေါ်ကြတာပဲ။’

“ကျုပ်နဲ့ ပိုင်ကူကြားမှာ ကတိတစ်ခုရှိတယ်။ ဆယ်နှစ်တစ်ကြိမ် သိုင်းပြိုင်ဖို့လေ။ ဒီဆယ်စုနှစ်ပေါင်း များစွာအတွင်းမှာ ကျုပ်သိုင်းပညာက အရမ်းကို တိုးတက်လာခဲ့ပေမဲ့ အကြိမ်တိုင်း သူနဲ့ သရေပဲ ကျနေခဲ့တယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကျုပ်သိုင်းပညာက ပိတ်ဆို့နေတဲ့ ကာလကို ရောက်သွားပြီး နည်းနည်းလေးမှ တိုးတက်မလာတော့ဘူး။ အဲဒါက ကျုပ်ကို အရမ်းနာကျင်စေခဲ့တယ်။ ကျုပ်ရဲ့ အမြင့်ဆုံးအဆင့်က ဒီလောက်တင် မကဘူးဆိုတာ ကျုပ် မြင်နိုင်တယ်။ ဒါဆို ကျုပ်ကို ဘာက ချုပ်နှောင်ထားတာလဲ။ ကျုပ် ဘယ်လိုဖောက်ထွက်ရမလဲ။”

တာယင် အမှောင်သခင်ကြီးက ဆက်ပြောလိုက်သည်။ “နုဧကရာဇ်အမည်းရောင်မှတ်တမ်းထဲက အမြင့်ဆုံး ရည်ရွယ်ချက်က သေမင်းထာဝရအသက်ရှင်သည်တဲ့။ သေတွင်းထဲ ရောက်မှ ရှင်သန်ခွင့်ရတာ။ တာ့ကျိုး အင်ပါယာရဲ့ စစ်တုရင်ခုံပေါ်မှာ ကျုပ် ပိုင်ယင်မြို့စားကို နိုင်ခဲ့တယ်။ ဒါပေမဲ့ ဆယ်နှစ်တစ်ကြိမ် သိုင်းပြိုင်ပွဲက ပြန်ရောက်လာတော့မယ်။ သူ့ကို ကျုပ် ဘယ်လိုနိုင်အောင် လုပ်ရမလဲ။ အနိုင်ရတဲ့သူကမှ တစ်ဖက်လူရဲ့သခင် ဖြစ်နိုင်မယ်။ တကယ့်သခင်ကြီး ဖြစ်နိုင်မယ်။

ပိရမစ်ရဲ့သင်္ချိုင်းဂူထဲမှာ ကျောက်ခေါင်းက အက်ကွဲကြောင်းတစ်ခု ပွင့်လာတဲ့အချိန်မှာ ကျုပ် အဲဒီ ကြောက်စရာကောင်းတဲ့ အမှောင်အငွေ့အသက်ကို အနံ့ရလိုက်တယ်။ ဒါက သေမင်းရဲ့ အငွေ့အသက်ပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အဲဒီကျောက်ဂူရေကန်ထဲမှာ ကျုပ်ရခဲ့တဲ့အနံ့နဲ့ လုံးဝအတူတူပဲ။ ဒါပေမဲ့ အဆပေါင်းများစွာ ပိုပြင်းထန်တယ်။

ဒါကြောင့် ကျုပ် တွေဝေသွားတယ်။ ဒါက ထောင်ချောက်မှန်း သိသိရက်နဲ့၊ အထဲမှာ သေမင်းရဲ့ အငွေ့အသက်ရှိမှန်း သိသိရက်နဲ့ ဒီကျောက်ခေါင်းကို ကျုပ် ဖွင့်ရမလား။ ကျုပ် အချိန်အတော်ကြာအောင် စဉ်းစားခဲ့တယ်။ နာရီဝက်လောက်ပေါ့။ ကျုပ်ဦးနှောက်ထဲမှာ အမြဲတမ်း နုဧကရာဇ်အမည်းရောင်မှတ်တမ်းရဲ့ အမြင့်ဆုံးရည်ရွယ်ချက်ဖြစ်တဲ့ သေမင်းထာဝရအသက်ရှင်သည် ဆိုတာပဲ ပေါ်လာနေတယ်။

ကျုပ်သိတယ်၊ ဒါက အရမ်းရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ။ တစ်ခုက ကျုပ် သေတွင်းထဲရောက်မှ ရှင်သန်ခွင့် ရပြီး ပိတ်ဆို့နေတဲ့ အခြေအနေကို ဖောက်ထွက်ကာ ပိုပြီးအစွမ်းထက်လာမယ်။ ဒါမှမဟုတ် သေမင်းရဲ့ အနိုင်ယူတာကို ခံရပြီး တကယ့်အလောင်းတစ်လောင်း ဖြစ်သွားမယ်။

ဒါတွေအားလုံးက မသေချာမှုတွေ အပြည့်ပါပဲ။ ဒါပေမဲ့ အနည်းဆုံးတော့ အဲဒီအချိန်လေးမှာ နုဧကရာဇ်က ကျုပ်ကို လမ်းပြပေးခဲ့တယ်။ ကျုပ် ကျောက်အခေါင်းကို ဖွင့်ဖို့ ရွေးချယ်ခဲ့တယ်။ ကျုပ် မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။

ကောင်းကင်နဲ့မြေကြီးကို တုန်လှုပ်စေတဲ့ ပေါက်ကွဲမှုကြီးနဲ့ ကြောက်စရာကောင်းတဲ့ သေမင်း အငွေ့အသက်တွေက ကျုပ်ကို မျိုချသွားတယ်။ သေခြင်းတရားကို ကျုပ် အရင်ကထက် ပိုပြီး ခံစားလိုက်ရတယ်။ ဒါပေမဲ့ ကျုပ် လောင်းကြေး နိုင်သွားတယ်။”

ဤတာယင်အမှောင်သခင်ကြီးက လောင်းကြေးနိုင်သွားသောကြောင့် ယခုကဲ့သို့ ပုံစံမျိုး ဖြစ်လာခဲ့ခြင်း ဖြစ်၏။

“အခု ကျုပ်ရဲ့သိုင်းပညာက ခင်ဗျားတို့ကို မျှော်လင့်ချက် မဲ့သွားစေလောက်အောင် အစွမ်းထက်နေပြီ မဟုတ်လား။”

တာယင်အမှောင်သခင်ကြီးက ပြောလိုက်သည်။ “စိတ်ချပါ၊ ဒါက ခဏတာပါပဲ။ ကျုပ်ခန္ဓာကိုယ်နဲ့ ရုပ်ရည် မူလအတိုင်း ပြန်ဖြစ်သွားတဲ့ အချိန်ကျရင် ဒီလောက် ကြောက်စရာ မကောင်းတော့ဘူး။ အခုက ကျုပ်ရဲ့ အထူးအခြေအနေတစ်ခု ဖြစ်နေလို့ပါ။”

ထို့နောက် အမှောင်သခင်ကြီးက စစ်မြေပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ တာရှီအင်ပါယာ၏ အင်အား ခြောက်သောင်းရှိသော သဲကန္တာရအမည်းရောင်ဝတ် မြင်းစီးတပ်ဖွဲ့မှာ တစ်ဝက်ကျော် သေကျေဒဏ်ရာ ရနေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။

“ပုံပြင်ပြောပြတာ ပြီးသွားပြီ။ ခင်ဗျားတို့လည်း မျက်စိမှိတ်လို့ ရလောက်ပါပြီ။ လေပြင်းတွေ တိုက်တော့မယ်ဆိုတော့ မြန်မြန် အဆုံးသတ်လိုက်ကြရအောင်။” တာယင် အမှောင်သခင်ကြီးက ပြောလိုက်သည်။

အမှန်တကယ်ပင် လေပြင်းများ တိုက်ခတ်လာတော့မည်ဖြစ်ပြီး သဲမုန်တိုင်းများ စတင်ဝင်ရောက်လာပြီ ဖြစ်၏။

ဤပိရမစ်သည် အချိန်အများစုတွင် သဲတောင်ကုန်းအောက်၌ မြှုပ်နေပြီး တစ်နှစ်လျှင် အချိန် အနည်းငယ်မျှသာ ပေါ်ထွက်လာလေ့ ရှိ၏။ ယခု လေပြင်းတိုက်ခတ်လာပြီဖြစ်၍ မကြာမီ ထပ်မံ မြှုပ်နှံခံရတော့မှာဖြစ်သည်။

တာယင်အမှောင်သခင်ကြီးသည် အစွမ်းအထက်ဆုံး လူအနီးသို့ ရောက်ရှိသွားသည်။ ထိုသူမှာ မီတျဲချိုင့်ဝှမ်း၏ ဆရာကြီးပင် ဖြစ်သည်။

“မီတျဲချိုင့်ဝှမ်း… ဟားဟား…” တာယင်အမှောင်သခင်ကြီး၏ လက်ထဲရှိ ဓားရှည်က ရုတ်တရက် ထိုးချလိုက်သည်။

ချက်ချင်းပဲ ဤနေရာ၌ သိုင်းပညာအမြင့်မားဆုံးဖြစ်သော မီတျဲချိုင့်ဝှမ်းဆရာကြီးသည် ခေါင်းကို ထိုးဖောက်ခံလိုက်ရပြီး လုံးဝသေဆုံးသွားတော့၏။

“ဝှစ်... ဝှစ်... ဝှစ်...”

အစွမ်းထက်သော မီတျဲချိုင့်ဝှမ်းဆရာကြီး ဆယ့်ခြောက်ဦးစလုံး သတ်ဖြတ်ခံလိုက်ရသည်။

ထို့နောက် တာယင်အမှောင်သခင်ကြီးသည် သွေးစွန်းဘုရင်မအနီးသို့ ရောက်ရှိသွားပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ “ခင်ဗျားက ဒီလောက်ငယ်ရွယ်တာ ဘာလို့သိုင်းပညာက ဒီလောက် မြင့်မားနေရတာလဲ။ ပြီးတော့ ခင်ဗျားရဲ့သိုင်းပညာလမ်းစဉ်က နည်းနည်း ရင်းနှီးနေသလိုပဲ။”

သွေးစွန်းဘုရင်မက ရွဲ့စောင်းနေသော ရွှေမျက်နှာဖုံးကို တပ်ဆင်ထားပြီး တာယင်အမှောင်သခင်ကြီးကို အေးစက်စွာ စိုက်ကြည့်နေကာ သူမ၏အကြည့်များက သွေးဆာမှုနှင့် အရိုင်းဆန်မှုများ ပြည့်နှက်နေဆဲ ဖြစ်သည်။

တာယင်အမှောင်သခင်ကြီး၏ လက်ထဲရှိ လှံရှည်က သူမဆီသို့ ပြင်းထန်စွာ ထိုးချလိုက်၏။

ထိုအချိန်မှာပဲ ယွမ်ထျန်းရှဲ့လက်ထဲရှိ တုတ်တစ်ချောင်းက အမှောင်သခင်ကြီးဆီသို့ ရုတ်တရက် ထိုးဝင်လာပြီး ခလုတ်ကို အားကုန်နှိပ်လိုက်ရာ အမှောင်သခင်ကြီးက ရှောင်တိမ်းခြင်း မရှိခဲ့ပေ။

ဤအံ့မခန်းမြင့်မားသော ဗို့အားရှိသည့် လျှပ်စစ်စီးကြောင်းက တာယင်အင်ပါယာ အမှောင်သခင်ကြီး၏ တစ်ကိုယ်လုံးကို ပြင်းထန်စွာ ရိုက်ခတ်သွား၏။ ဤသည်မှာ ယွင်ကျုံးဟဲ့၏ ယခင်က လျှို့ဝှက် လက်နက်ဖြစ်သော ဗို့အားမြင့် လျှပ်စစ်တုတ်ပင် ဖြစ်သည်။

ယွင်ကျုံးဟဲ့သည် ဤလက်နက်ကို အသုံးပြု၍ ကျိန့်ဟိုင်မြို့စား၏သား စီးကွမ်အား ချက်ချင်း သတ်ပစ်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင် ယွမ်ထျန်းရှဲ့လက်ထဲရှိ ဗို့အားမြင့်လျှပ်စစ်လှံရှည်မှာ ပြုပြင်မွမ်းမံ ထားသည့်အတွက် ၎င်း၏ဗို့အားမှာ ပိုမိုအံ့ဩစရာကောင်းလောက်အောင် မြင့်မားနေပြီ ဖြစ်၏။

အမှောင်သခင်ကြီးသည် ကြောက်မက်ဖွယ်ကောင်းသော ဗို့အားမြင့်လျှပ်စစ်စီးကြောင်း၏ ရိုက်ခတ်မှုကို ခံရပြီးနောက် ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ယင်သွားသည်။

“ဝှစ်...”

သူ၏လက်က ရုတ်တရက် ရွေ့သွားပြီး သွေးစွန်းဘုရင်မ၏ ခေါင်းကို မဟုတ်ဘဲ ခန္ဓာကိုယ်ကို ဖောက်ထွက် သွားကာ သူမကို သဲကန္တာရပေါ်တွင် အရှင်လတ်လတ် သံမှိုရိုက်ထားသကဲ့သို့ ဖြစ်သွားစေသည်။ ဤသည်မှာ အလွန်ရှားပါးသော အခွင့်အရေးပင် ဖြစ်၏။

အောက်ရှင်းနှင့် ယွမ်ထျန်းရှဲ့တို့ ရုတ်တရက် ခုန်ထွက်လာပြီး တစ်ကိုယ်လုံးရှိ အားအင်အားလုံးကို အသုံးပြုကာ လက်ထဲရှိ လှံရှည်နှင့် ဓားရှည်ဖြင့် တာယင်အမှောင်သခင်ကြီးဆီသို့ ပြင်းထန်စွာ ထိုးသွင်း လိုက်ကြသည်။

ဓာတ်လိုက်ခံရသော တာယင်အမှောင်သခင်ကြီးမှာ ခဏတာ တောင့်တင်းထုံကျင်သွား၏။

“ဝှစ်...”

အောက်ရှင်း၏ လှံရှည်သည် သူ၏ရင်ဘတ်ထဲသို့ ပြင်းထန်စွာ ထိုးဝင်သွားသည်။ ယွမ်ထျန်းရှဲ့၏ ဓားရှည်သည် သူ၏ဝမ်းဗိုက်ထဲသို့ ပြင်းထန်စွာ ထိုးဝင်သွား၏။ သို့ပေမည့် လက်မအနည်းငယ်ခန့်သာ ထိုးဝင်နိုင်ပြီး ထပ်မံထိုးသွင်း၍ မရတော့ပေ။

“ဝုန်း…”

အမှောင်သခင်ကြီး၏ ခန္ဓာကိုယ်အတွင်းမှ အလွန်အားကောင်းသော အတွင်းအားများ ပေါက်ကွဲထွက်လာ၏။

ယွမ်ထျန်းရှဲ့၊ အောက်ရှင်း၊ သွေးစွန်းဘုရင်မ သုံးဦးစလုံး၏ ခန္ဓာကိုယ်များမှာ ကောက်ရိုးရုပ်များကဲ့သို့ ထပ်မံလွင့်စင်သွားကြသည်။

ပါးစပ်၊ နှာခေါင်း၊ နားများမှ သွေးများ ပန်းထွက်လာသည်။ ဤတာယင်အမှောင်သခင်ကြီးမှာ အမှန်တကယ်ပင် လူများကို မျှော်လင့်ချက်မဲ့သွားစေလောက်အောင် အစွမ်းထက်လွန်းလှ၏။

အမှောင်သခင်ကြီးသည် ထိုလျှပ်စစ်လှံရှည်ကို ကောက်ယူကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ “စိတ်ဝင်စားစရာပဲ… စိတ်ဝင်စားစရာပဲ…”

ထို့နောက် သူသည် သွေးထွက်နေသော ဒဏ်ရာများကို ဂရုမစိုက်ဘဲ ယွမ်ထျန်းရှဲ့တို့ သုံးဦးဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။ လှံရှည် မရှိတော့သောကြောင့် သူတို့သုံးဦး၏ခေါင်းကို ခြေထောက်ဖြင့် နင်းခြေဖောက်ခွဲရန်သာ ရှိတော့၏။

သူ ယွမ်ထျန်းရှဲ့အနီးသို့ ရောက်ရှိလာချိန်မှာတော့ ယွမ်ထျန်းရှဲ့၏ မျက်နှာပေါက်ခုနစ်ပေါက်မှ သွေးများ ယိုစီးနေသည်ကို တွေ့လိုက်ရသည်။

တာယင်အမှောင်သခင်ကြီးက ဖြည်းညင်းစွာ ပြောလိုက်၏။ “ယွမ်ထျန်းရှဲ့… ခင်ဗျားက ဒဏ္ဍာရီတစ်ခုပါ။ ဒါပေမဲ့ ဒီလောကမှာ ဒဏ္ဍာရီဖြစ်ရုံသက်သက်နဲ့ မလုံလောက်တော့ဘူး။”

ထို့နောက် သူ၏ခြေထောက်ကြီးကို မြှောက်ကာ ယွမ်ထျန်းရှဲ့၏ခေါင်းကို ချိန်ရွယ်ပြီး ပြင်းထန်စွာ နင်းချလိုက်တော့သည်။

All Chapters