အခန်း (၆၇၇-၆၇၈)
Vol. 57 Ch. 677-678
အပိုင်း (၆၇၇)
“ဝုန်း.. ဝုန်း... ဝုန်း...”
သို့ပေမည့် ထိုအချိန်မှာပဲ ရုတ်တရက် ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ သဲကန္တာရ တစ်ခုလုံး ပြင်းထန်စွာ အက်ကွဲသွားပြီး မီတာထောင်ပေါင်းများစွာ ကျယ်ဝန်းသော သဲကန္တာရကြီးက ပြိုကျလာ၏။
ဤသည်မှာ မုန်တိုင်း၏ စွမ်းအားမဟုတ်ဘဲ ကြီးမားလှသော ပိရမစ်အတွင်းပိုင်းတစ်ခုလုံး ဖျက်ဆီး ခံလိုက်ရသောကြောင့် စက်ယန္တရားအချို့ အလုပ် လုပ်သွားကာ ပိရမစ်၏အုတ်မြစ်တစ်ခုလုံး စတင် ပြိုကျလာပြီး ဒေသတွင်း မြေငလျင်လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။
“ဝုန်း… ဝုန်း… ဝုန်း… ဝုန်း…”
ဤမြင်ကွင်းမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။ မီတာထောင်ပေါင်းများစွာ ကျယ်ဝန်းသော မြေပြင်က လျင်မြန်စွာ ပြိုကျလာပြီး အောက်သို့ ပြုတ်ကျသွားသည်။ အမှန်တကယ် ကောင်းကင်နှင့် မြေကြီး တုန်လှုပ်သွားခြင်းပင် ဖြစ်၏။
“ဝုန်း… ဝုန်း… ဝုန်း…”
သဲကန္တာရ၏ ကြွပ်ဆတ်နေသော အောက်ခံမြေပြင်မှာ အဆက်မပြတ် ပြိုကျနေဆဲ ဖြစ်၏။ တာရှီအင်ပါယာ၏ ကန္တာရ မြင်းစီးတပ်ဖွဲ့ဝင်များနှင့် တာရှန်းမိစ္ဆာနိုင်ငံတော်မှ သိုင်းပညာရှင်များမှာ သဲဝါဝါများအောက်သို့ တစ်သုတ်ပြီး တစ်သုတ် နစ်မြုပ်ပျောက်ကွယ်ကုန်ကြသည်။
ထိုအချိန်မှာပဲ ပြင်းထန်လွန်းသော လေမုန်တိုင်းကြီးကလည်း အရှိန်ပြင်းပြင်း ဝင်ရောက်လာရာ ကောင်းကင်တစ်ခုလုံး သဲလုံးခဲလုံးများ ဖုံးလွှမ်းသွားပြီး သဲခုံကြီးများမှာ ပင်လယ်လှိုင်းတံပိုးများကဲ့သို့ တလိမ့်လိမ့် တက်လာတော့၏။
ဤသို့သော အခြေအနေမျိုးတွင် ရှေ့တိုးနောက်ဆုတ် မမြင်ရတော့ဘဲ အမြင်အာရုံ လုံးဝ ကွယ်ပျောက် သွားရ၏။ မရေမတွက်နိုင်သော သဲမုန်တိုင်းများက နေမင်းကြီးကို ကာကွယ်ထားသောကြောင့် နေ့ခင်းကြောင်တောင်မှာပင် ညဉ့်နက်သကဲ့သို့ မှောင်အတိ ကျသွားသည်။
ပြိုကျနေသော မြေပြင်က သက်ရှိမှန်သမျှကို ရက်ရက်စက်စက် မျိုချနေသည်။ မည်မျှပင် အင်အားတောင့်တင်းသော တပ်ဖွဲ့ဖြစ်ပါစေ သဲကန္တာရအောက်သို့ တဖြည်းဖြည်း နစ်ဝင်သွားကြ၏။
ယွမ်ထျန်းရှဲ့၊ အောက်ရှင်း နှင့် သွေးစွန်းဘုရင်မတို့ပင်လျှင် ထိုသဲဝါဝါများထဲ၌ နစ်မြုပ်သွားကြပြီး အရိပ်အယောင်မျှပင် မကျန်တော့ချေ။
.........................
ယွင်ကျုံးဟဲ့မှာမူ သားဖြစ်သူကို ရင်ခွင်ထဲ၌ ကျစ်ကျစ်ပါအောင် ဖက်ထားရင်း ကျဉ်းမြောင်းသော ကျောက်ဂူတစ်ခုအတွင်း ခိုအောင်းနေရသည်။ မြေပြင်တစ်ခုလုံး ပြိုကျနေချိန်ဖြစ်၍ ဤနေရာသည်လည်း လွတ်ကင်းခြင်း မရှိဘဲ အဆက်မပြတ် ပြင်းထန်စွာ တုန်ခါနေ၏။
မူလက အလွန်ခိုင်ခံ့ပါသည်ဆိုသော ကျောက်နံရံများဆီမှ ကျောက်သားချင်း ပွတ်တိုက်သံနှင့် အက်ကွဲသံကြီးများ တဂျိန်းဂျိန်း မြည်ဟည်းလာသည်။
နောက်ဆုံးတွင် ကျောက်တုံးများဖြင့် တည်ဆောက်ထားသော ဤလျှို့ဝှက်စင်္ကြံလမ်းသည်လည်း ဒဏ်မခံနိုင်တော့ဘဲ စတင်ပြိုကျလာတော့၏။
ယွင်ကျုံးဟဲ့ ရှိနေသော ကျောက်ဂူဝမှ ကျောက်တံခါးကြီးပင် အက်ကြောင်းထလာသည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသောကြောင့် ဆက်နေ၍ မဖြစ်တော့ကြောင်း သိလိုက်၏။ သူသည် သားဖြစ်သူကို အမြန်ပွေ့ချီကာ ရှေ့သို့သာ ဇွတ်တိုးပြေးခဲ့တော့သည်။
“ဝုန်း… ဝုန်း… ဝုန်း…”
ကျောက်တုံးစင်္ကြံလမ်းက သူ၏နောက်နားလေးတင် ကပ်လျက် ပြိုကျနေ၏။
ယွင်ကျုံးဟဲ့သည် အသက်လုကာ ရူးသွပ်စွာ ပြေးလွှားနေရသည်။ အကယ်၍ တစ်ကိုယ်တည်း ပြေးရမည် ဆိုပါက ဤမျှ မြန်ဆန်နိုင်မည် မဟုတ်သော်လည်း ယခုမူ သားဖြစ်သူ၏ အသက်အန္တရာယ်က ရှေ့မှောက်သို့ ရောက်နေသောကြောင့် မိဘမေတ္တာအရှိန်ကြောင့် ခြေလှမ်းများက ပို၍ပင် လျင်မြန်သွက်လက်နေတော့သည်။
မမြန်၍လည်း မရချေ။ အနည်းငယ် နှောင့်နှေးသွားသည်နှင့် နောက်မှ လိုက်လာသော ပြိုကျမှုကြီးက အမီလိုက်ကာ သူတို့သားအဖကို တွင်းနက်ကြီးထဲ မျိုချသွားမည်။ မဟုတ်လျှင်လည်း ကျောက်တုံးကြီးများ အောက်၌ အရှင်လတ်လတ် ဖိမိ၍ သေဆုံးသွားပေလိမ့်မည်။
နောက်ဆုံးတွင်မူ မီတာရာပေါင်းများစွာကို တစ်ဟုန်ထိုး ပြေးလွှားပြီးနောက် ကြောက်မက်ဖွယ် ပြိုကျမှုကြီး ရပ်တန့်သွားခဲ့လေသည်။ သူသည် သားဖြစ်သူကို ရင်ခွင်ထဲ၌ ဆွဲပွေ့ထားဆဲဖြစ်ပြီး မြေပြင်ပေါ်သို့ အားလျော့စွာ ထိုင်ချကာ အသက်ကို ပြင်းပြင်းရှူနေရ၏။ အနည်းဆုံးတော့ ယခုနေရာ၌ ဘေးကင်းသွားပြီ ဖြစ်သည်။
သို့ပေမည့် မြေပြင်ပေါ်မှာ အတိအကျ ဘာဖြစ်သွားခဲ့သနည်း။ ဤအရာက မြေငလျင်လည်း မဟုတ်ပါဘဲနှင့် အဘယ့်ကြောင့် ဤမျှ ကြောက်စရာကောင်းသော ကမ္ဘာပျက်မတတ် ပြိုကျမှုကြီး ဖြစ်ပွားခဲ့ရသနည်း။
“ဘုန်း…”
ထိုအချိန်မှာပဲ အနောက်ဘက်ဆီမှ ကျယ်လောင်သော အသံကြီးတစ်သံနှင့်အတူ လူရိပ်တစ်ခုက မြေပြင် ပေါ်သို့ ဘုန်းကနဲ ပြုတ်ကျလာသည်။
ဤသည်မှာ လူတစ်ယောက်ဖြစ်ကြောင်း သေချာသလောက်ရှိပြီး ဂူတွင်းရှိ အလင်းရောင် ဖျော့ဖျော့ကြောင့် ထိုလူ၏မျက်နှာပေါ်မှ မျက်နှာဖုံးတွင် ပုလဲတစ်လုံး မြှုပ်နှံထားသည်ကို တွေ့လိုက်ရသည်။ ထိုပုလဲဆီမှ ခပ်ဖျော့ဖျော့ အလင်းရောင်တစ်ခု ထွက်ပေါ်နေ၏။
ယွင်ကျုံးဟဲ့ အနီးသို့ တိုးကပ်ကြည့်ရှုလိုက်ရာ ထိုသူမှာ အမျိုးသမီးတစ်ဦး ဖြစ်နေကြောင်း သိလိုက်ရသည်။
သူမသည် ရွဲ့စောင်းနေသော ရွှေမျက်နှာဖုံးကို တပ်ဆင်ထားပြီး နဖူးတည့်တည့်တွင် ညလင်းပုလဲတစ်လုံး မြှုပ်နှံထားကာ ပါးစပ်နေရာ၌မူ သွေးများယိုစီးလျက် လျှာထွက်နေသည့် သွေးစွန်းသော မကောင်းဆိုးဝါး ပုံကြီး ရေးဆွဲထား၏။
သူမကား အခြားသူမဟုတ်၊ သွေးစွန်းဘုရင်မ ပင်ဖြစ်၏။ သူမ၏ ဤမျက်နှာဖုံးမှာ အလွန်ပင် ကျော်စောလှပြီး အနောက်ဘက်ဒေသ နိုင်ငံများအတွက် ကြောက်မက်ဖွယ် အိပ်မက်ဆိုးကြီး တစ်ခု ဖြစ်ခဲ့သည်။
သူမ၏ သွေးအေးလှသော သတ်ဖြတ်ရေးမူဝါဒကြောင့် အနောက်ဘက်ဒေသနိုင်ငံများရှိ မြို့ပေါင်းမည်မျှ အကုန်အစင် သတ်ဖြတ်ခြင်း ခံခဲ့ရဖူးသနည်း။ မင်းမျိုးမင်းနွယ်ပေါင်း မည်မျှ မျိုးပြုတ်သွားခဲ့ရသနည်း ဆိုသည်ကို ရေတွက်၍ပင် မရနိုင်ချေ။
ထို့အပြင် တာရှီအင်ပါယာ၏ ပုန်ကန်မှုနှိမ်နင်းရေးတွင်လည်း သူမ၏ ရက်စက်ကြမ်းကြုတ်မှုက သွေးချောင်းစီးခဲ့သည်။ မြို့တစ်မြို့တွင် ပုန်ကန်မှုဖြစ်ပွားပါက မည်သူမဆို ထိုမြို့ရှိလူအားလုံးကို သတ်ဖြတ်နှိမ်နင်းနိုင်လျှင် ထိုမြို့ကို ပိုင်ဆိုင်ခွင့်ပေးသည့် မူဝါဒကို ကျင့်သုံးခဲ့သည်။
ထိုမူဝါဒကြောင့်ပင် အနောက်ဘက်ဒေသ၏ ကျယ်ပြန့်လှသော မြေပြန့်လွင်ပြင်ပေါ်တွင် လူမျိုးစုပေါင်း မည်မျှ တိုက်ရိုက်မျိုးတုံး ပျောက်ကွယ်သွားရသည်ကို မည်သူမှ မခန့်မှန်းနိုင်တော့ချေ။
သို့သော်ငြား ယခုမူ ဤမျှ ရက်စက်ကြမ်းကြုတ်ပြီး အစွမ်းထက်လှသော အမျိုးသမီးကြီးသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး ရင်ဘတ်အထက်၊ ပခုံးအောက်နား တည့်တည့်တွင် လှံဖြင့် အဖောက်ခံထားရပြီး သွေးများက ဒလဟော စီးကျနေ၏။
ထိုမျှမက သူမသည် ပြင်းထန်သော အတွင်းဒဏ်ရာကိုပါ ရရှိထားပုံရပြီး နားပေါက်များမှပင် သွေးစများ ယိုစီးနေသည်။
ယွင်ကျုံးဟဲ့သည် အသာအယာ တိုးသွားကာ သူမကို တွဲထူ၍ အတွင်းဘက်သို့ ခေါ်ဆောင်သွားခဲ့သည်။ မီတာတစ်ရာကျော် လျှောက်လှမ်းပြီးနောက် နောက်ထပ် ကျောက်ဂူတစ်ခုသို့ ရောက်ရှိလာပြီး နံရံပေါ်တွင် စက်ယန္တရားခလုတ်တစ်ခုကို တွေ့လိုက်ရသောကြောင့် အားကုန်သုံးကာ လှည့်လိုက်၏။
ကျောက်တံခါးကြီး ပွင့်ဟသွားသည်နှင့် ယွင်ကျုံးဟဲ့သည် သွေးစွန်းဘုရင်မကို တွဲလျက် ထိုကျောက်ဂူ အတွင်းသို့ ဝင်လိုက်ပြီး အတွင်းဘက်မှနေ၍ ကျောက်တံခါးကို ပြန်ပိတ်ကာ ကျောက်တုံးတစ်တုံးဖြင့် စက်ယန္တရားကို လုံးဝ ပိတ်ဆို့ထားလိုက်တော့သည်။
ဤကျောက်ဂူသည် စောစောကနေရာထက် အနည်းငယ် ပိုမိုကျယ်ဝန်းပြီး သပ်ရပ်ချောမွေ့ကာ လေဝင် လေထွက်လည်း ကောင်းမွန်လှ၏။
ဤသည်မှာလည်း ပိရမစ်၏ တွဲဖက်အဆောက်အအုံတစ်ခု ဖြစ်နိုင်ပြီး အလွန်ရှေးကျသော လက်ရာ ဖြစ်သော်လည်း ဒီဇိုင်းအယူအဆမှာ အလွန် ခေတ်မီဆန်းသစ်ပြီး လေဝင်လေထွက်ပေါက်များကို စနစ်တကျ ထည့်သွင်း တည်ဆောက်ထားသည်။
“အဖေ… ဒီမှာ နောက်ထပ် စက်ယန္တရားတစ်ခု ရှိသေးတယ်။” သားဖြစ်သူက ရုတ်တရက် လှမ်းပြောလိုက်၏။
ယွင်ကျုံးဟဲ့ သွားရောက်ကြည့်ရှုလိုက်ရာ နေမင်းအမှတ်အသားပါသော စက်ယန္တရားတစ်ခုကို တွေ့လိုက်ရ သောကြောင့် အားကုန် သုံး၍ လှည့်လိုက်သည်။
“ဂလောက်…”
နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော စက်ယန္တရားကြီးမှာ အနည်းငယ် ညပ်နေသကဲ့သို့ ရှိသော်လည်း အတန်ကြာ လှည့်ပေးလိုက်သောအခါ ပြန်လည်ချောမွေ့သွားသည်။ ပွတ်တိုက်သံကြီးနှင့်အတူ အပေါ်ဘက်မှ အလင်းတန်းတစ်ခု ဖြာကျလာပြီး နံရံများပေါ်တွင် အပြန်အလှန် ရောင်ပြန်ဟပ်နေတော့၏။
သို့သော်ငြား ဤအလင်းတန်းမှာ အလွန်မှိန်ဖျော့နေ၏။ အဘယ်ကြောင့်ဆိုသော် အပြင်ဘက်တွင် ပြင်းထန်သော သဲမုန်တိုင်းများ တိုက်ခတ်နေပြီး နေရောင်ခြည်ကို ကာကွယ်ထားသောကြောင့်ပင်။
အတန်ကြာပြီးနောက် သဲမုန်တိုင်းကြီး ငြိမ်သက်သွားသည့်နှယ် နေရောင်ခြည်က ပြန်လည်တောက်ပလာပြီး အလင်းတန်းများ လင်းထိန်လာရာ ကျောက်ဂူတစ်ခုလုံး နေ့ခင်းဘက်ကဲ့သို့ ထိန်ထိန်လင်းသွားတော့သည်။
ယွင်ကျုံးဟဲ့သည် ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း ဤကျောက်ဂူမှာ ရှေးခေတ်က ယဇ်ပူဇော်ရာနေရာ ဖြစ်ကြောင်း ရိပ်မိလိုက်၏။
ဂူအတွင်း၌ ရွှေထည်ပစ္စည်း အများအပြား ရှိနေပြီး အလယ်တွင် ကျောက်စင်မြင့်တစ်ခု ရှိနေ၏။ ဂူ၏ အတွင်းနံရံများကို ကျောက်စိမ်းကဲ့သို့ ချောမွေ့နေအောင် ပွတ်တိုက်ထားသောကြောင့် အလင်းပြန်နိုင်စွမ်း ရှိသည်။
ယွင်ကျုံးဟဲ့က သွေးစွန်းဘုရင်မကို ကျောက်စင်မြင့်ပေါ်သို့ အားစိုက်၍ မတင်လိုက်ပြီးနောက် သူမ၏ ကိုယ်ပေါ်ရှိ ဒဏ်ရာများကို စတင်စစ်ဆေးတော့သည်။ ဒဏ်ရာက သေစေနိုင်သော အချက်အချာနေရာတွင် မဟုတ်သော်လည်း ဤမျှ သွေးထွက်လွန်နေသည်ကို ဆက်၍ ပစ်ထား၍ မရချေ။
“သား… အဲဒီမှန်တွေကို လှည့်ပြီး အလင်းရောင်ကို ဒီကျောက်စင်မြင့်ပေါ် ရောက်အောင် လုပ်ပေးပါ။ အဖေ ဒီအဒေါ်ကို ခွဲစိတ်မှုလေး တစ်ခု လုပ်ပေးမလို့။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။
“ဟုတ်ကဲ့ အဖေ...”
ယွင်ယောင်သည် အလွန်ဉာဏ်ကောင်းလှသောကြောင့် ထိုမှန်များကို ကျွမ်းကျင်စွာ လှည့်လျက် အလင်းတန်း အချို့ကို ကျောက်စင်မြင့်ပေါ်ရှိ သွေးစွန်းဘုရင်မထံသို့ တည့်တည့်ကျရောက်စေ၏။
ထိုရောင်ပြန်မှန်များမှာ အလွန်မြင့်မားသော နေရာတွင် ရှိ၏။ သူက အသက်ဆယ်နှစ်သာ ရှိသေးသော်ငြား သိုင်းပညာ အခြေခံရှိထားသောကြောင့် အထက်သို့ အလွယ်တကူ ခုန်တက်၍ ချိန်ညှိပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ယွင်ကျုံးဟဲ့က သွေးစွန်းဘုရင်မ၏ အပေါ်အင်္ကျီကို ဆွဲဖြဲကာ ဒဏ်ရာကို ဖော်လိုက်သည်။ သူသည် အမြဲတစေ ကိုယ်ပေါ်၌ ဆောင်ထားသော ဆေးသေတ္တာငယ်လေးကို ထုတ်ယူလိုက်၏။ ဤခရီးစဉ် တစ်လျှောက်လုံးတွင် ဧကရာဇ်သည်လည်း ဤသေတ္တာလေး ယူလာသည်ကို မတားဆီးခဲ့ချေ။
သူသည် အရက်ပြန်ပုလင်းကို အရင်ထုတ်ကာ အမျိုးသမီး၏ ဒဏ်ရာကို သန့်စင်ပေးလိုက်သည်။ အရက်ပြန်များ ဒဏ်ရာပေါ်သို့ ထိမှန်သွားသည့် ခဏတွင် အမျိုးသမီး၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်သွားပြီး မျက်လုံးများ ပွင့်လာတော့သည်။
သူမသည် ချောင်းအနည်းငယ် ဆိုးလိုက်ပြီး သွေးစအချို့ကို ထပ်မံအန်ထုတ်လိုက်သည်။ တစ်ခဏချင်းမှာပဲ သူမထံမှ ကြောက်မက်ဖွယ် လူသတ်လိုစိတ် အငွေ့အသက်များ ပေါက်ကွဲထွက်လာပြီး အလွန်လှပသော မျက်ဝန်းများထဲ၌ ရက်စက်မှုနှင့် သွေးဆာမှုများ ပြည့်နှက်သွားသ၏။
သူမသည် အသိစိတ်မဲ့စွာပင် ယွင်ကျုံးဟဲ့ကို လက်ဝါးဖြင့် ရိုက်သတ်ရန် အားယူလိုက်၏။ ယခုအချိန်တွင် သူမ အလွန်အားနည်းနေသည် ဆိုသော်ငြား ဤလက်ဝါးရိုက်ချက်သာ ထိမှန်သွားပါက ယွင်ကျုံးဟဲ့မှာ သေချာပေါက် ကြေမွကာ သေဆုံးသွားပေလိမ့်မည်။
သို့သော်ငြား နောက်တစ်စက္ကန့်၌ သူမသည် ယွင်ကျုံးဟဲ့၏ ဘေးတွင်ရပ်နေသော အသက်ဆယ်နှစ်အရွယ် သားငယ်လေး၏ သန့်စင်ကြည်လင်သော မျက်ဝန်းများကို မြင်တွေ့လိုက်ရသည်။ ချက်ချင်းပဲ သူမ၏ အကြည့်များ နူးညံ့သွားပြီး လူသတ်လိုစိတ် အားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်တော့၏။
“ကျုပ် ဆက်လုပ်တော့မယ်နော်” ယွင်ကျုံးဟဲ့က တီးတိုး ပြောလိုက်သည်။
ထိုအမျိုးသမီးက ငြိမ်သက်စွာ ခေါင်းညိတ်ပြလိုက်၏။
“သား… အဖေ့ကို ကူညီပေးမလား။” ယွင်ကျုံးဟဲ့က လှမ်းမေးလိုက်သည်။
ယွင်ယောင်က ပြန်မေး၏။ “သား လုပ်နိုင်ပါ့မလား အဖေ..”
“သေချာပေါက် လုပ်နိုင်တာပေါ့။ သားက အရမ်းဉာဏ်ကောင်းတာပဲ။ သေချာပေါက် လုပ်နိုင်တယ်။”
ယွင်ကျုံးဟဲ့က အားပေးရင်း ပြောလိုက်သည်။ “ဒီညှပ်လေးကို သား ကိုင်ထား။ ဂွမ်းလေး ညှပ်ထားပြီး ဒဏ်ရာကနေ သွေးတွေ အရမ်းထွက်လာတာ တွေ့ရင် ဂွမ်းနဲ့ သွေးတွေကို ညင်သာစွာ စုပ်ယူပေး။”
“ဟုတ်ကဲ့ပါ အဖေ” ယွင်ယောင်က စိတ်အားထက်သန်စွာ ဖြေလိုက်၏။
ထို့နောက်တွင်မူ အသက်ဆယ်နှစ်အရွယ် ယွင်ယောင်သည် ဖခင်၏ လက်ထောက်လေးဖြစ်လာပြီး ခွဲစိတ်မှု ပြုလုပ်ရာတွင် အာရုံစူးစိုက်စွာ ကူညီပေးတော့သည်။
သားအဖနှစ်ဦးမှာ အလွန် အချိတ်အဆက်မိမိ လုပ်ဆောင်နိုင်ကြပြီး ယွင်ယောင်သည် သတိရှိပြီး ဖျတ်လတ်လွန်းလှရာ ဖခင်၏ မျက်လုံးတစ်ချက် ကြည့်ရုံမျှဖြင့် ဘာလုပ်ရမည်ကို ကောင်းစွာ သဘောပေါက်နေ၏။
မည်သည့်မိဘမဆို ဤမျှ ဉာဏ်ပညာထက်မြက်သော သားသမီးကို ပိုင်ဆိုင်ရခြင်းမှာ ကောင်းကင်ဘုံ၏ အကြီးမားဆုံး ဆုလာဘ်ပင် ဖြစ်ပေလိမ့်မည်။
ယွင်ကျုံးဟဲ့သည် အလွန်သေးငယ်သော သိုးဦးအူကြိုးကို အသုံးပြု၍ သွေးစွန်းဘုရင်မ၏ သွေးကြောများ၊ အာရုံကြောများ၊ ကြွက်သားများနှင့် အပြင်အရေပြားများကို တစ်လွှာချင်းစီ သေသပ်စွာ ချုပ်ပေးလိုက်၏။
ဤသည်မှာ ခွဲစိတ်မှုအသေးစားလေးတစ်ခု ဖြစ်သော်လည်း အနုစိတ်လှသောကြောင့် တစ်နာရီကျော်ခန့် အချိန်ယူလိုက်ရ၏။ ခွဲစိတ်မှုပြီးစီးသွားသောအခါ သွေးစွန်းဘုရင်မအား ပင်နီဆီလင်တစ်လုံး ထိုးပေးလိုက်သည်။
“အမာရွတ်တော့ နည်းနည်း ကျန်ခဲ့လိမ့်မယ်။ ဒါပေမဲ့ ကျုပ်ရဲ့ခွဲစိတ်မှုက သပ်ရပ်လို့ အမာရွတ်က အရမ်းပါးပါလိမ့်မယ်။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။
သွေးစွန်းဘုရင်မသည် ကျောက်စင်မြင့်ပေါ်မှ အသာအယာ ထထိုင်လိုက်ပြီး အင်္ကျီကြယ်သီးများကို တပ်လိုက်၏။ ထို့နောက် လက်လှမ်း၍ ယွင်ယောင်၏ ခေါင်းနောက်ပိုင်းလေးကို အသာအယာ ပွတ်သပ်ရင်း မေးလိုက်သည်။ “ကလေးလေး… အသက် ဘယ်လောက်ရှိပြီလဲ။”
“ဆယ်နှစ်ပါ အဒေါ်..” ယွင်ယောင်က ယဉ်ကျေးစွာ ဖြေလိုက်၏။
သွေးစွန်းဘုရင်မက ပြုံးကာ ချီးမွမ်းလိုက်သည်။ “မင်းက အဒေါ် မြင်ဖူးသမျှထဲမှာ အချောဆုံးနဲ့ ဉာဏ်အကောင်းဆုံး ကလေးလေးပဲ။”
ထို့နောက် ယွင်ကျုံးဟဲ့ဘက်သို့ လှည့်၍ မေးလိုက်၏။ “အောက်ယွီလား… ဒါမှမဟုတ် ယွင်ကျုံးဟဲ့လား။”
ယွင်ကျုံးဟဲ့က ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။ “ကျုပ်ပါ… အပြင်ဘက်မှာ ဘာတွေ ဖြစ်သွားတာလဲ။”
သွေးစွန်းဘုရင်မက သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်၏။ “ကျွန်မတို့ရဲ့ အစီအစဉ် ပျက်သွားပြီ။”
“ဘယ်လိုဖြစ်လို့လဲ။ ကျုပ် ပြင်ဆင်ထားတဲ့ သေမင်းအမှုန့်က ထိပ်တန်းသိုင်းပညာရှင် ဆယ်ယောက် ဆိုရင်တောင် သေချာပေါက် သေစေနိုင်တာ။ ဘယ်လိုမှ လွတ်မြောက်နိုင်စရာ အကြောင်း မရှိဘူး။” ယွင်ကျုံးဟဲ့က မယုံနိုင်ဘဲ ပြောလိုက်၏။
သွေးစွန်းဘုရင်မက စိတ်ပျက်လက်ပျက်ဖြင့် ရှင်းပြလိုက်သည်။ “မှန်ပါတယ်။ ဒါပေမဲ့ တာရှန်းမိစ္ဆာနိုင်ငံတော် ကိုးကွယ်တာက ရှင်ပြောတဲ့ အဲဒီသေမင်းကိုပဲလေ။ ဒါကြောင့် တာယင်ဧကရာဇ်က သေတွင်းထဲရောက်မှ ရှင်သန်ခွင့်ရပြီး မျိုးဗီဇတွေ ပြောင်းလဲသွားကာ အိပ်မက်ဆိုးတစ်ခုလို ကြောက်စရာကောင်းတဲ့ တကယ့် အမှောင်သခင်ကြီး ဖြစ်လာခဲ့တာ။
ရှင့်အဖေရဲ့ သိုင်းပညာ၊ ယွမ်ထျန်းရှဲ့ရဲ့ သိုင်းပညာ ဘယ်လောက်မြင့်လဲဆိုတာ ရှင် ကောင်းကောင်းသိမှာပါ။ ကျွန်မရဲ့သိုင်းပညာကလည်း ယွမ်ထျန်းရှဲ့ထက် နည်းနည်းလေးမှ မနိမ့်ဘူး။ မီတျဲချိုင့်ဝှမ်းက ဆရာကြီး သုံးယောက်ရဲ့ သိုင်းပညာကဆို ကျွန်မထက်တောင် မြင့်သေးတယ်။
သူတို့ အားလုံးပေါင်း ဆယ့်ခြောက်ယောက် လာခဲ့တာ။ ကျွန်မတို့ အားလုံးပေါင်း လူတစ်ရာကျော်က တာယင်ဧကရာဇ် တစ်ယောက်တည်းကို ဝိုင်းတိုက်တာတောင် ရှုံးသွားခဲ့ရတယ်။ သူ့ရဲ့ သတ်ဖြတ်ခြင်းကို အလူးအလဲ ခံလိုက်ရတယ်။ အကယ်၍ မြေပြင်ပြိုကျတာနဲ့ မုန်တိုင်းသာ မဖြစ်ခဲ့ဘူးဆိုရင် ကျွန်မတို့ လူတစ်ရာကျော်လုံး အကုန်အစင် သတ်ဖြတ်ခံရမှာ သေချာတယ်။”
အပိုင်း (၆၇၈)
“ဒါ… ဒါဆို ကျုပ်အဖေရော… ယွမ်ထျန်းရှဲ့ရော…” ယွင်ကျုံးဟဲ့ စိုးရိမ်တကြီးဖြင့် မေးလိုက်မိတော့၏။
ယွင်ယောင်လည်း စိုးရိမ်တကြီး ဖြစ်သွားရသည်။ အကြောင်းမှာ လောကတွင် အဘိုးဖြစ်သူက သူ့ကို အချစ်ဆုံး၊ အလိုအလိုက်ဆုံးသူ ဖြစ်သောကြောင့်ပင်။
သွေးစွန်းဘုရင်မက သက်ပြင်းချရင်း ဆက်ပြော၏။ “မြေပြင်ကြီး ပြိုကျလာတော့ ကျွန်မတို့အားလုံး သဲဝါတွေထဲ မျိုချခံလိုက်ရတယ်။ အဲဒီအချိန်တုန်းက ကျွန်မတို့အားလုံး အမှောင်သခင်ကြီးရဲ့ ပြင်းထန်တဲ့ အတွင်းအား ပြန်ကန်ချက်ကြောင့် သွေးအန်ပြီး သတိလစ်လုနီးပါး ဖြစ်နေကြတာ။ ဒါပေမဲ့ ကျွန်မ နောက်ဆုံးမြင်လိုက်ရတဲ့ အချိန်အထိတော့ သူတို့ မသေသေးဘူးဆိုတာ သေချာပါတယ်။”
ထိုစကားကို ကြားမှ ယွင်ကျုံးဟဲ့ ရင်ထဲမှ အလုံးကြီးကျသွားကာ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
“ဒါဆို တာရှန်းမိစ္ဆာနိုင်ငံတော် သိုင်းပညာရှင်တွေရော… သူတို့က အင်အား လေးထောင်ပဲ ရှိတာလေ။” ယွင်ကျုံးဟဲ့က ကောက်ကာငင်ကာ မေးလိုက်၏။
သွေးစွန်းဘုရင်မက ခါးသီးစွာ ဖြေလိုက်သည်။ “မြေကြီးပြိုကျတဲ့ အချိန်မှာ ကျွန်မရဲ့ ကန္တာရ အမည်းရောင်ဝတ် မြင်းစီးတပ်ဖွဲ့ ခြောက်သောင်းထဲက တစ်ဝက်ကျော် သေကြေဒဏ်ရာရသွားပြီ။ တာရှန်းမိစ္ဆာနိုင်ငံတော် သိုင်းပညာရှင်တွေဘက်ကတော့ သုံးပုံတစ်ပုံလောက်ပဲ သေကြေဒဏ်ရာရတယ်။”
ယွင်ကျုံးဟဲ့က မင်သက်လျက် မေးလိုက်၏။ “ဆယ့်ငါးအချိုးတစ် တောင် မနိုင်ဘူးလား။”
သွေးစွန်းဘုရင်မက အားပျက်စွာ ခေါင်းညိတ်ပြသည်။ “ဟုတ်တယ်… ဆယ့်ငါးအချိုးတစ် တောင် မနိုင်ခဲ့ဘူး။”
ထို့နောက်တွင်မူ သူတို့နှစ်ဦးစလုံး တိတ်ဆိတ်သွားကြတော့သည်။ သွေးစွန်းဘုရင်မသည် မာနခဲ အစွမ်းထက် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ဤအခြေအနေအတွက် ယွင်ကျုံးဟဲ့ကို အပြစ်တင်မည့်သူ မဟုတ်ချေ။
ဤသေမင်းတမန် ကွန်ရက်ကြီးသည် ဟာကွက် မရှိလောက်အောင် စေ့စပ်သေချာပြီး အလွန်ကြီးမားသော စီမံကိန်းကြီး ဖြစ်ခဲ့သည်။ ယခုကဲ့သို့ ကျရှုံးသွားခြင်းမှာ မည်သူ့အမှားမှ မဟုတ်ဘဲ ကံကြမ္မာ၏ ရက်စက်မှုကြောင့်ဟုသာ သတ်မှတ်ရပေလိမ့်မည်။
သို့ပေမည့် ထိုရေဒီယိုသတ္တိကြွ ဂရက်ဖိုက်တုံးများက တာယင်ဧကရာဇ်ကို မသတ်နိုင်ခဲ့ရုံမျှမက သူ့ကို မျိုးဗီဇ ပြောင်းလဲစေပြီး ပိုမိုသန်မာသွားစေလိမ့်မည်ဟု မည်သူက ကြိုတင်တွေးဆနိုင်မည်နည်း။
ဒဏ္ဍာရီထဲက တာရှန်းမိစ္ဆာနိုင်ငံတော် သိုင်းပညာရှင်များ ဤမျှအစွမ်းထက်မည်၊ တာယင်ဧကရာဇ်သည်လည်း လူတို့ကို မျှော်လင့်ချက် မဲ့စေလောက်အောင် ကြောက်စရာကောင်းလာမည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ကြချေ။
သွေးစွန်းဘုရင်မက အဝေးသို့ မျှော်ကြည့်ရင်း ပြောလိုက်သည်။ “ရှင်သိလား… ကျွန်မတို့ တာရှီအင်ပါယာရဲ့ အိမ်ရှေ့စံ လီကျိုးက စစ်တပ်သိန်းပေါင်းများစွာကို ဦးဆောင်ပြီး တာ့ကျိုးရဲ့ အနောက်ဘက်နယ်စပ်ကနေ ချည်းနင်းဝင်တိုက်နေပြီ။
စီးပြန်းနဲ့ ကျိုးလုံတို့ ပူးပေါင်းပြီး စစ်သည်လေးသိန်းကို ဦးဆောင်ကာ တောင်ဘက်နယ်စပ်ကနေ မြောက်ဘက်ကို တက်လာနေပြီ။ သဘောတူညီချက်အရ တာရှအင်ပါယာရဲ့ စစ်တပ်သိန်းပေါင်းများစွာလည်း မြစ်ကိုဖြတ်ပြီး တောင်ဘက်ကို ဆင်းလာသင့်ပြီ။”
ယွင်ကျုံးဟဲ့က အံ့ဩတုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “ဆရာကြီး လီထိုက်အာကို ကျုပ်ပြောထားတဲ့ သဘောထားက အရမ်းရှင်းလင်းပါတယ်၊ လုံးဝစစ်မတိုက်ပါနဲ့လို့။ အထူးသဖြင့် တာရှစစ်တပ်က လုံးဝ မထွက်သင့်ဘူး။ သူတို့ရဲ့ စစ်သင်္ဘောတွေ မြစ်ကိုဖြတ်ပြီး တိုက်တာ သေတွင်းထဲ သက်သက်ဆင်းတာပဲ။”
သွေးစွန်းဘုရင်မက တည်ငြိမ်အေးစက်စွာ ပြောလိုက်သည်။ “ကြည့်ရတာ ဒါက အရမ်းကောင်းတဲ့ အခွင့်အရေးကြီးတစ်ခုလို ဖြစ်နေတာကိုး။ တာရှအင်ပါယာ၊ ကျွန်မခမည်းတော်၊ ပြီးတော့ ကျိုးလုံနဲ့ စီးပြန်းတို့က ဒီဆွဲဆောင်မှုကို မခံနိုင်ကြဘူးလေ။
စစ်တပ်သုံးခုက မြောက်၊ တောင်၊ အနောက် ကနေ တာယင်အင်ပါယာကို ဝိုင်းညှပ်တိုက်မှာ။ စုစုပေါင်း စစ်သည် တစ်သန်းကျော်ဆိုတော့ ဘယ်သူမဆို ယုံကြည်မှု ရှိကြမှာပဲ။ ပြီးတော့ တာယင်ဧကရာဇ် ကိုယ်တိုင်က သူ့နိုင်ငံကနေ ထွက်လာပြီး ရှင်နဲ့အတူ သဲကန္တာရထဲ ရောက်လာကာ ကျုပ်တို့ရဲ့ သေမင်းတမန် ကွန်ရက်ကြီးထဲ ဝင်လာတယ်ဆိုတော့ ဒီလိုအခွင့်ကောင်းကြီးကို ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ။”
ယွင်ကျုံးဟဲ့က လည်ချောင်းသံ အက်ကွဲကွဲဖြင့် မေးလိုက်၏။ “ဒါဆို… ဒီစစ်ပွဲကြီးက ပြီးဆုံးသွားလောက်ပြီပေါ့။”
သွေးစွန်းဘုရင်မကလည်း အက်ကွဲသောအသံဖြင့်ပင် ပြန်ဖြေသည်။ “ဟုတ်တယ်… ပြီးဆုံးသွားလောက်ပြီ။”
ထိုအချိန်တွင် ဘေးမှ နားထောင်နေသော ယွင်ယောင်က ရုတ်တရက် ဝင်မေးလိုက်၏။ “အဖေ… တာယင်ဧကရာဇ်က ဒီလောက် အစွမ်းထက်တဲ့အင်အားတွေ ရှိနေတာ ဘာလို့ အရင်က အသုံးမချခဲ့တာလဲ။ ဒီအင်အားတွေကို သုံးရင် တာ့ကျိုးကို လွယ်လွယ်ကူကူ အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်လို့ ရတာပဲ။ ရှုံးကျိုးကို ရေမြှုပ်ပစ်ဖို့တောင် မလိုဘူး။”
ယွင်ကျုံးဟဲ့က သားဖြစ်သူကို ကြင်နာစွာ ကြည့်ရင်း ရှင်းပြလိုက်သည်။ “သား… ဘာလို့လဲဆိုတော့ သူ့ရဲ့ တကယ့်ရန်သူက တာ့ကျိုးအင်ပါယာ ဘယ်တုန်းကမှ မဟုတ်ခဲ့လို့ပဲ။ ပိုင်ယင်မြို့စားပဲ ဖြစ်ခဲ့တာ။ အရှေ့တိုင်းအင်ပါယာရဲ့ ခမ်းနားတဲ့ အပေါ်ယံအခွံကို ဝတ်ဆင်ထားပြီးမှသာ သူက လောကရဲ့ ဧကရာဇ်စစ်စစ် ဖြစ်လာဖို့ အထောက်အကူ ဖြစ်စေမှာလေ။”
သွေးစွန်းဘုရင်မက ဝင်ပြော၏။ “အခုတော့ သူ အဲဒီလောက် ဖုံးကွယ်ထားဖို့ မလိုတော့ဘူး ထင်တယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ သိုင်းပညာက ပိုင်ယင်မြို့စားထက် သာသွားပြီ။ သူက အကြွင်းမဲ့ အမှောင်သခင်ကြီး ဖြစ်သွားပြီ။”
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် သွေးစွန်းဘုရင်မက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့… ဒီလောကကြီးကတော့ ပြီးသွားပြီ။ ကပ်ဘေးကြီး ဆိုက်ရောက်လာတော့မယ်။”
နောက်ပိုင်းတွင် လောကကြီး မည်သို့သော အခြေအနေဆိုးသို့ ဆိုက်ရောက်သွားမည်ကို ယွင်ကျုံးဟဲ့ မတွေးဝံ့တော့ချေ။ စဉ်းစားကြည့်ရုံမျှဖြင့် သိနိုင်သည်။
တာရှီအင်ပါယာ၏ စစ်သည်သိန်းပေါင်းများစွာမှာ သေချာပေါက် ပျက်စီးသွားလောက်ပြီဖြစ်ပြီး၊ တာရှအင်ပါယာ၏ စစ်သည် တစ်သန်းကျော်သာ အမှန်တကယ် မြစ်ကိုဖြတ်၍ တောင်ဘက်သို့ ဆင်းလာပါက ထိုစစ်တပ်လည်း အမှုန့်ဖြစ်သွားပေလိမ့်မည်။ တောင်ပိုင်းမှ စီးပြန်းနှင့် ကျိုးလုံတို့၏ ပုန်ကန်သူတပ်ဖွဲ့မှာမူ ကလေးကလား အမှိုက်များ သက်သက်သာ ဖြစ်၏။
ဤစစ်ပွဲအပြီးတွင် တာယင်မှ အမှောင်သခင်ကြီးသည် လောကတွင် လုံးဝ ပြိုင်ဘက်ကင်း ဖြစ်သွားတော့မည်။ သေချာသည်မှာ သူပိုင်ဆိုင်သော တာရှန်းမိစ္ဆာနိုင်ငံတော် သိုင်းပညာရှင် အရေအတွက်မှာ နည်းပါးသောကြောင့် သာမန်စစ်တပ်များကိုမူ ဆက်လက်အသုံးချရပေလိမ့်မည်။
သို့သော်ငြား နောက်ပိုင်းတွင် သူနှင့် ပိုင်ကူတို့ အနိုင်အရှုံး ဆုံးဖြတ်ပြီးပါက ပိုင်ယင်မြို့သည်လည်း တာယင်ဧကရာဇ်အား လုံးဝ ဒူးထောက်သစ္စာခံရတော့မှာ ဖြစ်၏။
ထိုအချိန်ကျလျှင် ဤအမှောင်သခင်ကြီးသည် ပိုင်ယင်မြို့၏ ပြိုင်ဘက်ကင်း ရေတပ်အင်အားကြီးကို ပိုင်ဆိုင်မှာဖြစ်ပြီး၊ တာ့ကျိုးအင်ပါယာကို သိမ်းပိုက်ကာ တာရှီအင်ပါယာ၏ တစ်စိတ်တစ်ပိုင်းကိုပင် ဝါးမြိုသွားမှာ ဖြစ်သည်။
သူသည် မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းပြီး လူဦးရေ သန်းနှစ်ရာကျော်ရှိသော အံ့မခန်းအင်ပါယာကြီးကို စိတ်တိုင်းကျ ခြယ်လှယ်ခွင့် ရသွားပေလိမ့်မည်။ ကြည်းတပ်လည်း ပြိုင်ဘက်ကင်း၊ ရေတပ်လည်း ပြိုင်ဘက်ကင်း ဖြစ်လာမည့်အချိန်ကျလျှင် စစ်သည်တစ်သန်းဖြင့် မြောက်ဘက် တာရှအင်ပါယာကို ချီတက်တိုက်ခိုက်ပေတော့မည်။ လောက၏ တရားဝင်မင်းဆက်အဖြစ် သတ်မှတ်ခံထားရသော တာရှမင်းဆက်မှာ လွယ်လွယ်ကူကူ ပျက်စီးသွားပေလိမ့်မည်။
ထို့ကြောင့် သွေးစွန်းဘုရင်မ ပြောသည်မှာ ကွက်တိမှန်ကန်ပေ၏။ လောက၏ ကပ်ဘေးကြီး ဆိုက်ရောက်လာတော့မည်။ ပိုင်ယင်မြို့စားနှင့် တာယင်ဧကရာဇ်တို့ နှစ်ဦးသည် လောကကြီးတစ်ခုလုံးကို စစ်တုရင်ခုံအဖြစ် အသုံးပြုကာ ယှဉ်ပြိုင်ကစားနေကြခြင်းဖြစ်ပြီး၊ တာ့ကျိုးအင်ပါယာမှာ အမှောင်သခင်ကြီး နှစ်ပါး၏ ကစားကွင်းတစ်ခု သက်သက်သာ ဖြစ်ခဲ့သည်။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “နောက်ပိုင်း ခင်ဗျား ဘာလုပ်ဖို့ အစီအစဉ် ရှိလဲ။”
သွေးစွန်းဘုရင်မက ချက်ချင်းဖြေလိုက်၏။ “ထွက်သွားမယ်။ ဒီနယ်မြေကနေ လုံးဝထွက်ခွာပြီး အနောက်ဘက်ကို တောက်လျှောက် သွားမယ်။ ကျွန်မလက်ထဲမှာ အင်အားကြီးတဲ့ ရေတပ် ရှိသေးတယ်။ တာယင်အင်ပါယာရဲ့ စစ်သည်တွေ တာရှီအင်ပါယာတစ်ခုလုံးကို မလွှမ်းမိုးခင် ကျွန်မကိုသစ္စာခံတဲ့ စစ်သည်တွေ အားလုံးကိုခေါ်ပြီး နိုင်ငံအသစ်တွေကို သွားရောက်တိုက်ခိုက်သိမ်းပိုက်မယ်။ ဒီအမှောင်သခင်ကြီးနဲ့ ဝေးနိုင်သမျှ ဝေးဝေးကို သွားမယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို တာရှီအင်ပါယာကို သူ အမြစ်ပြတ်ဖျက်ဆီးပစ်တာကို ဒီအတိုင်း ထိုင်ကြည့်နေတော့မလို့လား။”
သွေးစွန်းဘုရင်မက ခါးခါးသီးသီး ပြောလိုက်၏။ “ဒါဆို ဘာဖြစ်လဲ။ ကျွန်မက ဥနဲ့ ကျောက်တုံးကို သွားမတိုက်နိုင်ဘူး။ အခြေအနေကို သိတဲ့သူကမှ လူတော်ပဲ။ ဒီအမှောင်သခင်ကြီး တစ်ပါးတည်းတင် ဒီလောက် အစွမ်းထက်နေတာ။ နှစ်ပါးဆိုရင် ပြောနေစရာတောင် မလိုတော့ဘူး။
တာယင်ဧကရာဇ်ရဲ့ စကားအရဆိုရင် သူနဲ့ ပိုင်ကူရဲ့ သိုင်းပြိုင်ပွဲက အရမ်းနီးကပ်နေပြီ။ ဒီသိုင်းပြိုင်ပွဲအပြီးမှာ တာယင်ဧကရာဇ်ဟာ တာရှန်းမိစ္ဆာနိုင်ငံတော်ရဲ့ တစ်ဦးတည်းသော ဧကရာဇ်ဖြစ်လာပြီး ပိုင်ယင်မြို့ တစ်ခုလုံးက သူ့ကို သစ္စာခံရတော့မယ်။
ဒီလောက်အစွမ်းထက်တဲ့ အင်အားကို ကျွန်မတို့ တာရှီအင်ပါယာက ဘယ်လိုလုပ် ခုခံနိုင်မှာလဲ။ ကျွန်မ ထွက်သွားရုံကလွဲလို့ တခြား ရွေးချယ်စရာ မရှိဘူး။”
ယွင်ကျုံးဟဲ့က သက်ပြင်းချရင်း သတိပေးလိုက်သည်။ “ဒါဆို ဒီအမှောင်သခင်ကြီးရဲ့ ရည်မှန်းချက်က ဒီလောက်လေးပဲလို့ ခင်ဗျား ထင်လား။ အရှေ့တိုင်း လောကတစ်ခုလုံးကို အုပ်စိုးပြီးရင် ခင်ဗျား ဘယ်ကိုထွက်ပြေးပြေး အသုံးဝင်မှာမဟုတ်ဘူး။ သူ့ရဲ့ အမှောင်အုပ်ချုပ်မှုက လောကတစ်ခုလုံးကို လွှမ်းမိုးသွားလိမ့်မယ်။ မမေ့နဲ့နော်။ ပိုင်ယင်မြို့ရဲ့ ရေတပ်က ခင်ဗျားရဲ့ သွေးစွန်းရေတပ်ထက် အများကြီး သာလွန်တယ်။”
သွေးစွန်းဘုရင်မက ခေါင်းခါလျက် ပြောလိုက်၏။ “အနာဂတ်ကိစ္စ အနာဂတ်ကျမှပဲ စဉ်းစားတော့မယ်။”
“နောက်မှ ပြန်တွေ့ကြတာပေါ့။” ထို့နောက် သူမသည် ကျောက်စင်မြင့်ပေါ်မှ ခုန်ဆင်းကာ နှုတ်ဆက်၍ ထွက်ခွာသွားရန် ပြင်လိုက်၏။
သို့ပေမည့် ထိုအချိန်တွင် အပြင်ဘက်မှ လေးလံသော ခြေသံတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
ဤကျောက်တံခါးက ထူထဲလှသောကြောင့် အပြင်ဘက်မှ အသံမှန်သမျှကို လုံးဝ ကာကွယ်ပေးနိုင်သည်။ သို့သော် ယခုမူ ခြေသံကို အတိုင်းသား ကြားနေရသည်ဆိုလျှင် ကြက်သီးထစရာ ကောင်းလို့နေ၏။
သွေးစွန်းဘုရင်မ၏ မျက်လုံးများ အရောင်ပြောင်းသွားပြီး ယွင်ကျုံးဟဲ့နှင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ အကြောင်းမှာ ထိုတာယင်၏ အမှောင်သခင်ကြီး ရောက်ရှိလာပြီဖြစ်ကြောင်း သူတို့နှစ်ဦးစလုံး ကောင်းစွာ ရိပ်မိလိုက်သောကြောင့်ပင်။
တာယင်အမှောင်သခင်ကြီးသည် အပြင်ဘက်ရှိ စက်ယန္တရားကို အရင်ဆုံး လှည့်ကြည့်သော်လည်း မရွေ့လျားကြောင်း တွေ့လိုက်ရသောကြောင့် ဓားကြီးကို ရုတ်တရက် ဆွဲထုတ်ကာ ကျောက်တံခါးကို စတင်ခုတ်ချတော့သည်။
ဤကျောက်တံခါးက အလွန်ခိုင်ခံ့ပြီး ယမ်းနှင့်ပင် ဖောက်ခွဲ၍မရချေ။ သို့သော်ငြား အမှောင်သခင်ကြီး၏ ဓားချက်တိုင်းတွင် အံ့ဩစရာကောင်းသော အတွင်းအားများ ပါဝင်နေသောကြောင့် အချိန်တိုအတွင်းမှာပင် ထူထဲလှသော ကျောက်တံခါး၌ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာတော့၏။
“ဒုန်း… ဒုန်း… ဒုန်း…”
အပြင်ဘက်က တာယင်အမှောင်သခင်ကြီးက ဆက်လက်၍ အသေအလဲ တံခါးကို ထုနှက်နေသောကြောင့် ကျောက်ဂူတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်နေသည်။
လွန်ခဲ့သည့် အနှစ်တစ်ထောင်ကျော်က လောကမှ နယ်စားပယ်စားများ၏ ခံစားချက်ကို ယွင်ကျုံးဟဲ့ ယခုမှပင် နားလည်သွားတော့သည်။ အလွန်အစွမ်းထက်လှသော နုဧကရာဇ်ကို ရင်ဆိုင်ရသည့် အချိန်တွင်လည်း သူတို့ ဤမျှ မျှော်လင့်ချက်မဲ့ခဲ့ကြပေလိမ့်မည်။
နုဧကရာဇ်သာ ရုတ်တရက် ကံတော်မကုန်ခဲ့လျှင် လွန်ခဲ့သည့် အနှစ်တစ်ထောင်ကျော်ကတည်းက လောကကြီးတစ်ခုလုံး တာရှန်းမိစ္ဆာနိုင်ငံတော်၏ လွှမ်းမိုးမှုအောက် ရောက်ရှိသွားခဲ့မှာဖြစ်သည်။
“သွားမယ်…”
ယွင်ကျုံးဟဲ့က သားဖြစ်သူကို ပွေ့ချီရန် ပြင်လိုက်သည်။ သို့သော်ငြား သွေးစွန်းဘုရင်မက ယွင်ယောင်ကို ရုတ်တရက် ပွေ့ချီကာ အခြားတစ်ဖက်သို့ အပြေးအလွှား သွားပြီး စက်ယန္တရားခလုတ်ကို လှည့်လိုက်၏။
“ဂျိန်း… ဂျိန်း…”
ကျောက်ဂူအတွင်းရှိ အခြားကျောက်တံခါးတစ်ခု ပွင့်လာပြန်၏။ သူတို့သုံးဦးသည် နောက်သို့ တစ်ချက်မျှ လှည့်မကြည့်တော့ဘဲ ရှေ့သို့ အပြေးအလွှား သွားကြတော့သည်။
ကျောက်တုံးများဖြင့် တည်ဆောက်ထားသော ဤလျှို့ဝှက်လမ်းက တကယ်ကို ရှည်လျားလွန်းလှပြီး အမှောင်ထုထဲတွင် သူတို့သုံးဦး အသက်လု၍ ပြေးနေကြရသည်။ ဤအချိန်တွင် ထွက်ပေါက် ရှိ၊မရှိကိုလည်း ဂရုမစိုက်နိုင်တော့ဘဲ အမှောင်သခင်ကြီးလက်မှ လွတ်မြောက်ရန်သာ အဓိက ဖြစ်နေ၏။
“ဘုန်း…”
ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာပြီး စောစောက ကျောက်ဂူ၏ ကျောက်တံခါးကြီး ပြင်းထန်စွာ ပွင့်ထွက်သွားကာ ဘေးနှစ်ဖက်မှ ပြိုကျသွားတော့သည်။
တာယင်အမှောင်သခင်ကြီးက အထဲသို့ ချင်းနင်းဝင်ရောက်လာပြီး လျှို့ဝှက်လမ်းအတိုင်း ယွင်ကျုံးဟဲ့တို့ နောက်သို့ ထပ်ကြပ်မကွာ လိုက်လာတော့သည်။ သူတို့သုံးဦး ပို၍ အသေအလဲ ပြေးကြရ၏။
အမှောင်သခင်ကြီး၏ ခြေလှမ်းများက မမြန်ဟု ထင်ရသော်လည်း သူ၏ရွေ့လျားနှုန်းကမူ အံ့ဩစရာ ကောင်းလောက်အောင် မြန်ဆန်လှသည်။
သူတို့ တောက်လျှောက် ပြေးလာရင်း ရုတ်တရက် ရှေ့တွင် လမ်းခွဲသုံးခု ပေါ်လာသည်။ တာယင် အမှောင်သခင်ကြီးက အနောက် မလှမ်းမကမ်းတွင် ရှိနေပြီး ပိုမိုနီးကပ်လာရာ သူသယ်ဆောင်လာသော အမှောင်အငွေ့အသက် ဖိအားကြောင့် အသက်ရှူရန်ပင် ခက်ခဲလာတော့၏။
ယွင်ကျုံးဟဲ့ သိလိုက်သည်။ ဤအချိန်တွင် သူတို့သုံးဦး တစ်လမ်းတည်း ပြေးပါက လုံးဝ လွတ်မြောက်နိုင်မည်မဟုတ်ဘဲ အားလုံး အတူတူ သေကြရပေလိမ့်မည်။
“ခင်ဗျား ဘယ်ဘက်လမ်းကို ပြေး… အဲဒီမှာ တံခါးရှိတယ်၊ ပိတ်ပြီး ပြေးတော့။” ယွင်ကျုံးဟဲ့က အသံကုန် အော်ဟစ်လိုက်သည်။ ဤအချိန်တွင် နောက်က အမှောင်သခင်ကြီး ကြားသွားမည်ကိုလည်း မမှုတော့ချေ။
သွေးစွန်းဘုရင်မ တုန်လှုပ်သွားပြီး ယွင်ကျုံးဟဲ့က သူ့ကိုယ်သူ စတေးကာ သူမနှင့် ယွင်ယောင်ကို ကယ်တင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။ သူမ၏ နှလုံးသားတစ်ချက် တုန်ခါသွားပြီး မျက်ဝန်းများ ပူနွေးလာရ၏။
သို့ပေမည့် သူမက ပြတ်သားသူပီပီ ဘာမှ ညည်းညူမနေဘဲ ဘယ်ဘက်လမ်းခွဲထဲသို့ ရူးသွပ်စွာ ပြေးဝင်သွားပြီး အသက်ဆယ်နှစ်အရွယ် ယွင်ယောင်ကို ကျစ်ကျစ်ပါအောင် ပွေ့ချီလျက် အသက်လု ပြေးတော့သည်။
“သား… လိမ္မာတယ်။” ယွင်ကျုံးဟဲ့က အော်ဟစ်နှုတ်ဆက်ရင်း အလယ်လမ်းခွဲထဲသို့ ရူးသွပ်စွာ ပြေးဝင်သွား၏။
သူတို့သုံးဦး လမ်းနှစ်သွယ်ခွဲ၍ ထွက်ပြေးကြပြီ ဖြစ်၏။ ယွင်ကျုံးဟဲ့က ပြေးနေရင်း သားဖြစ်သူ ပြေးရာလမ်းဘက်သို့ ဝမ်းနည်းနေသည့် မျက်လုံးအစုံဖြင့် လှမ်းကြည့်လိုက်သည်။
သားအဖနှစ်ဦး အခက်အခဲများစွာကြားမှ ပြန်လည်ဆုံတွေ့ခဲ့ရသော်လည်း ယခုမူ ထပ်မံခွဲခွာရပြန်လေပြီ။ မည်မျှ လိမ္မာပြီး ဉာဏ်ကောင်းလှသော သားလေး ဖြစ်သနည်း။
အနောက်ဘက်မှ တာယင်အမှောင်သခင်ကြီးက ဤမြင်ကွင်းကို မြင်ချိန်မှာတော့ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏။ မျှော်လင့်ထားသည့်အတိုင်း ယွင်ကျုံးဟဲ့ကိုသာ ပစ်မှတ်ထားပြီး သူက ယွင်ကျုံးဟဲ့ပြေးရာ လမ်းခွဲဘက်သို့ လိုက်ပါသွားခဲ့သည်။
“ဒုန်း… ဒုန်း…”
သွေးစွန်းဘုရင်မက ဘယ်ဘက်လမ်းခွဲအတိုင်း အသေအလဲ ပြေးဝင်သွားပြီး တံခါးတစ်ခုအတွင်း ရောက်သည်နှင့် စက်ယန္တရားခလုတ်ကို အားကုန်လှည့်လိုက်ရာ ကျောက်တံခါးက ဖြည်းညင်းစွာ ပိတ်လာတော့၏။
ကျောက်တံခါး ပိတ်လုပိတ်ခင် အက်ကွဲကြောင်းကြားမှ သူမ မြင်လိုက်ရသည်မှာ တာယင် အမှောင်သခင်ကြီးက ဓားကြီးကို မြှောက်ကာ လက်ဝါးကြီးဖြင့် ဓားသွားကို ပြင်းထန်စွာ ပွတ်ဆွဲလိုက်ခြင်းပင် ဖြစ်သည်။
ချက်ချင်းပဲ ဓားကြီးတစ်ခုလုံး မီးဟုန်းဟုန်း တောက်လောင်လာပြီး အမှောင်လျှို့ဝှက်လမ်းတစ်ခုလုံး ထိန်ထိန်လင်းသွားစေ၏။
“ဂျိန်း…”
ကျောက်တံခါး လုံးဝ ပိတ်သွားခဲ့သည်။
....................................