အခန်း ၂၉၄၂
Vol. 235 Ch. 2942
အခန်း (၂၉၄၂)
လုချင်းလီက ကျန်းချန်ကို စိုက်ကြည့်နေမိပြီး သူ၏ စိတ်ထဲမှ တုန်လှုပ်ချောက်ချားမှုကို အချိန်အတော်ကြာသည်အထိ တည်ငြိမ်အောင် မလုပ်နိုင်ဘဲ ဖြစ်နေခဲ့သည်။
သူ့ရှေ့တွင် ရှိနေသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် ကျိုလီအင်မော်တယ်ဘုရင်၏ မျိုးဆက် ဖြစ်နေခဲ့သည်။
သို့သော်လည်း လုချင်းလီ နားမလည်နိုင်သည်မှာ ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော်နှင့် ကျိုလီဘုရင်တို့ကြားတွင် မည်သည့်ပတ်သက်မှုမှ ရှိမနေခဲ့ခြင်းပင်။
သို့ဖြစ်ရာ ကျိုလီအင်မော်တယ်ဘုရင်သည် အကြောင်းအရင်းမရှိဘဲ သူ၏ မျိုးဆက်ကို လွှတ်ကာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ကိုင်တွယ်ခိုင်းရပါသနည်း။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် လုချင်းလီကို သတ်ဖြတ်ရန်အတွက် ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် လှုံ့ဆော်လိုက်သည်။
ထိုအချင်းအရာကိုမြင်လျှင် လုချင်းလီ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ထိုက်ယီအင်မော်တယ် စွမ်းအားကို အလျင်အမြန် လှုံ့ဆော်ကာ ပေပေါင်းထောင်ချီ အကွာအဝေးအထိ နောက်သို့ ဆုတ်သွားခဲ့ရသည်။
“ကောင်လေး ခဏနေပါဦး”
ထပ်မံ တိုက်ခိုက်တော့မည့် ကျန်းချန်ကို ကြည့်ပြီး လုချင်းလီ အလျင်အမြန် ပြောလိုက်သည်။
“ငါတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နဲ့ ကျိုလီအင်မော်တယ်ဘုရင်တို့ကြားမှာ အတိတ်က ဘာရန်ငြိုးရန်စမှ မရှိခဲ့သလို လတ်တလောလည်း ဘာပြဿနာမှ မရှိခဲ့ဘူး”
ကျိုလီအင်မော်တယ်ဘုရင် ဆိုသည်မှာ ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေတွင် အကျော်ကြားဆုံး အင်မော်တယ်ဘုရင်များထဲမှ တစ်ဦး ဖြစ်သည်။
သူတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကမူ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ ထိပ်တန်းအင်အားစုတစ်စု ဖြစ်ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေကို လွှမ်းမိုးရန် လုံလောက်သော်လည်း အဆုံးသတ်တွင် သူတို့သည် ဟန်ယွင်အဆင့် အင်အားစုမျှသာ ဖြစ်သည်။
အကယ်၍ သူသာ ကျိုလီအင်မော်တယ်ဘုရင်ကို အမှန်တကယ် စော်ကားမိလျှင် ကျိုလီအင်မော်တယ်ဘုရင် အနေဖြင့် သူတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ဖျက်ဆီးပစ်ရန်မှာ လက်ဖျောက် တစ်ချက်တီးရုံမျှသာ ကြာမြင့်ပေလိမ့်မည်။
“ငါ တိုက်ချင်လို့ တိုက်တာပဲ.. ဘာအကြောင်းပြချက်မှမလိုဘူး”
ကျန်းချန်က အေးစက်စက် ပြောလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို ပေပေါင်းထောင်ချီ မြင့်မားသော ခန္ဓာကိုယ်ကြီးဖြင့် လုချင်းလီကို ဆက်လက် တိုက်ခိုက်လိုက်သည်။
“ဟမ့် မင်းက ပါရမီထူးချွန်ပြီး ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ်ကျင့်စဥ်ကို တတ်မြောက်ထားပေမဲ့ အဆုံးသတ်မှာတော့ မင်းက တလော့အင်မော်တယ် အစောပိုင်းအဆင့်မှာပဲ ရှိပါသေးတယ်.. ငါ အရှင် မင်းကို ဘာမှ မလုပ်ချင်တာက ကျိုလီအင်မော်တယ်ဘုရင်ရဲ့ မျက်နှာကို ထောက်ထားလို့ပဲ”
လုချင်းလီက ကျန်းချန်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ထပ်မံ တားဆီးလိုက်ပြီးနောက် ဒေါသတကြီးပြောလိုက်သည်။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ထူးခြားသောပါရမီရှင်တစ်ဦးဖြစ်ပြီး ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့ကာ တလော့အင်မော်တယ် အဆင့်ဖြင့်ပင် ထိုက်ယီအင်မော်တယ် အဆင့်ကို ယှဥ်ပြိုင်နိုင်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
သို့သော်လည်း ကျင့်ကြံခြင်းအဆင့်တွင် ထိုက်ယီအင်မော်တယ် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသည့် လုချင်းလီသည် ကျန်းချန်ကို စိုးရိမ်ပူပန်ခြင်း လုံးဝမရှိခဲ့ပေ။
သူ ပြန်လည် မတိုက်ခိုက်ချင်ရသည့် တစ်ခုတည်းသောအကြောင်းအရင်းမှာ ကျန်းချန်၏ နောက်ကွယ်တွင် ရှိနေသာ ကျိုလီအင်မော်တယ် ဘုရင်ကို ကြောက်ရွံ့ခြင်းကြောင့်သာ ဖြစ်သည်။
“ဒီအဘိုးကြီးရဲ့ စွမ်းအားက တကယ်ကို မရိုးရှင်းဘူးပဲ.. ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့တော့ သူ့ကို အနိုင်ယူဖို့ ခက်ခဲလိမ့်မယ်ထင်တယ်”
ကျန်းချန်က စိတ်ထဲကနေ တွေးတောလိုက်သည်။
သူက ဟင်းလင်းပြင်ထဲမှ အခြား တိုက်ပွဲနှစ်ပွဲကို လှမ်းကြည့်လိုက်ရာ ဘိုးဘေးချင်းယွင်နှင့် အရှင်ယွင်ကန်း တို့သည် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှ ထိုက်ယီအင်မော်တယ် နှစ်ပါး၏ ဖိနှိပ်ခြင်းအား လုံးဝ ခံနေရသည်ကို တွေ့လိုက်ရသည်။
မည်သို့ပင် ဖြစ်စေကာမူ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကနေ ခွဲထွက်လာခဲ့သော ဟန်ယွင်အဆင့် အင်အားစု ဖြစ်ပြီး ၎င်း၏ အခြေခံအုတ်မြစ်သည် ယွင်ရှောင်ဂိုဏ်း ကဲ့သို့ ဒုတိယတန်းစား ထိုက်ယီအဆင့် အင်အားစုများနှင့် များစွာ ကွာခြားနေခဲ့သည်။
ကျင့်ကြံခြင်းအဆင့် တူညီနေလျှင်ပင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှ ထိုက်ယီအဆင့် အင်မော်တယ်နှစ်ပါးသည် ယွင်ရှောင်ဂိုဏ်းမှ ထိုက်ယီအဆင့် အင်မော်တယ်နှစ်ပါးထက် ပိုမို၍ အစွမ်းထက်နေခဲ့သည်။
အထူးသဖြင့် အရှင်ယွင်ကန်းသည် ထိုက်ယီအင်မော်တယ်အဆင့်ကို ထိုးဖောက်ခဲ့သည်မှာ မကြာသေးသဖြင့် ထိုက်ယီအင်မော်တယ် စွမ်းအားကို အသုံးပြုရာတွင် သူ၏ ပြိုင်ဘက်ထက်များစွာ နောက်ကောက်ကျနေခဲ့သည်။
“ကောင်လေး.. ယွင်ရှောင်ဂိုဏ်းက လူတွေကို ခေါ်ပြီး အခုချက်ချင်းထွက်သွားလိုက်ပါ.. ဒီနေ့ကစပြီး ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က ယွင်ရှောင်ဂိုဏ်းကို ပြဿနာမရှာတော့ဘူး”
လုချင်းလီက တည်ကြည်သော အမူအရာဖြင့် ပြောလိုက်သည်။
“ဆက်ပြီး တိုက်ခိုက်နေလို့လည်း မင်းအတွက် ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး”
“အင်မော်တယ်ဘုရင်ရုပ်အလောင်း သွားစမ်း”
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် အင်မော်တယ်ဘုရင်ရုပ်အလောင်းကို တိုက်ရိုက်ပင် ဆင့်ခေါ်လိုက်ပြီး အရှင်ယွင်ကန်းတို့၏ တိုက်ပွဲထဲသို့ ဝင်ရောက်စေလိုက်သည်။
အင်မော်တယ်ဘုရင်ရုပ်အလောင်း၏ ထိုက်ယီအဆင့် အင်မော်တယ်နှင့် ယှဥ်တိုက်နိုင်သော တိုက်ခိုက်ရေးစွမ်းအားကြောင့် အရှင်ယွင်ကန်းသည် သူ၏ ဆိုးရွားနေသောအခြေအနေကိုလျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး အင်မော်တယ်ဘုရင် ရုပ်အလောင်းနှင့် ပူးပေါင်းကာ ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော်မှ ထိုက်ယီအင်မော်တယ်ကို ပြန်လည်တိုက်ခိုက်လာနိုင်ခဲ့သည်။
“ထိုက်ယီအင်မော်တယ်အဆင့် ရုပ်သေးပါလား”
ဤအချင်းအရာကို မြင်တွေ့လိုက်ရလျှင် လုချင်းလီ၏ မျက်နှာအမူအရာသည် ထပ်မံ၍ ပြောင်းလဲသွားခဲ့သည်။
သူ့ရှေ့မှလူသည် ကျိုလီအင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ဆက်ခံထားသော ပါရမီရှင်တစ်ဦး ဖြစ်ရန် အလွန်ပင် ထိုက်တန်ပြီး နံဘေးတွင်လည်း ထိုက်ယီအင်မော်တယ် အဆင့်ထက် မနိမ့်ကျသော ရုပ်သေးရုပ်ကို ပိုင်ဆိုင်ထားခဲ့သည်။
“မင်းက တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားမှတော့ ငါအရှင်ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့တော့”
လုချင်းလီက အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှုရှိုက်လိုက်သည်။
ထိုခဏဝယ် သူ၏ ခန္ဓာကိုယ်ကနေ ထိုက်ယီအင်မော်တယ် အထွတ်အထိပ်အဆင့် ကြောက်မက်ဖွယ်အရှိန်အဝါများသည် အထိန်းအကွပ်မရှိ ပေါက်ကွဲထွက်လာခဲ့သည်။
သူက သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးကို ကျိုလီအင်မော်တယ်ဘုရင်၏ မျိုးဆက်အဖြစ် သိရှိခဲ့ရသဖြင့် တုန်လှုပ်သွားခဲ့ပြီး တစ်ခဏမျှ တွေဝေနေခဲ့မိခြင်း ဖြစ်သည်။
ယခုအခါတွင် စိတ်တည်ငြိမ်သွားသဖြင့် လုချင်းလီသည် သဲလွန်စတချို့ကို ရှာဖွေတွေ့ရှိခဲ့၏။
ထိုကောင်လေးသည် ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ်ကို ကျင့်ကြံအောင်မြင်ထားပြီး ကျိုလီအင်မော်တယ်ဘုရင်နှင့် ထူးခြားသော ပတ်သက်မှု ရှိသော်လည်း ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို လာရောက်ခြင်းမှာ ကျိုလီအင်မော်တယ်ဘုရင်၏ စေခိုင်းချက် ဖြစ်ချင်မှသာ ဖြစ်ပေလိမ့်မည်။
အကြောင်းရင်းမှာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ကျိုလီအင်မော်တယ်ဘုရင်ကို မည်သည့်အခါမှ မစော်ကားခဲ့ဖူးသောကြောင့်ပင်။
ဆိုရလျှင် ကျိုလီအင်မော်တယ်ဘုရင် ဆိုသည်မှာ ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေတွင် အကျော်ကြားဆုံး အင်မော်တယ်ဘုရင်များထဲမှ တစ်ဦးဖြစ်ပြီး အကြောင်းပြချက် မည်မည်ရရမရှိဘဲ သူတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို တိုက်ခိုက်ရန် လုံးဝမဖြစ်နိုင်ပေ။
အကယ်၍ ကျိုလီအင်မော်တယ်ဘုရင်သာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို အမှန်တကယ် တိုက်ခိုက်လိုလျှင် ကိုယ်ပွားတစ်ခုကို စေလွှတ်ရုံမျှဖြင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ဖျက်ဆီးပစ်နိုင်မည် ဖြစ်ရာ အဘယ်ကြောင့် သူ၏ မျိုးဆက်နှင့် ယွင်ရှောင်ဂိုဏ်းကို ပူးပေါင်းစေပြီး ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို တိုက်ခိုက်ခိုင်းရပါမည်နည်း။
ထိုလူငယ်၏ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် ဆီသို့ လာရောက် တိုက်ခိုက်ခြင်းသည် ကျိုလီအင်မော်တယ်ဘုရင်၏ ဆန္ဒမဟုတ်သရွေ့ ထာဝရစိမ်းလန်းသော အင်မော်တယ် နန်းတော် အနေဖြင့် အလွန်အကျွံ ကြောက်ရွံ့နေဖို့ မလိုအပ်ပေ။
သူ့အနေဖြင့် ထိုကောင်လေး၏ အသက်အန္တရာယ်ကို မထိခိုက်စေဘဲ ဖမ်းထားနိုင်သရွေ့ ကျိုလီအင်မော်တယ်ဘုရင် ကိုယ်တိုင် ရောက်ရှိလာလျှင်ပင် ထာဝရစိမ်းလန်းသော အင်မော်တယ် နန်းတော်ကို တစ်စုံတစ်ရာ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
လုချင်းလီက ထိုက်ယီ အထွတ်အထိပ်အဆင့် စွမ်းအားကို လှုံ့ဆော်ကာ ထိုက်ယီအဆင့် ဥပဒေသကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်သည်။
ကျန်းချန်၏ ပတ်ဝန်းကျင်သည် မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် ရုတ်တရက် ပိတ်ပင်တားဆီးခြင်းကို ခံလိုက်ရ၏။
ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ်ကို ထုတ်ဖော်ထားသည့် ကျန်းချန် ပင်လျှင် ထိုစွမ်းအား၏ ပိတ်ပင်မှုအောက်တွင် ရှိနေခဲ့ပြီး လုံးဝ လှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။
“တလော့အဆင့်နဲ့ ထိုက်ယီအဆင့်ရဲ့ စွမ်းအားကွာခြားချက်က အရမ်းကို ကြီးမားလွန်းတာပဲ.. ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့တော့ ထိုက်ယီအင်မော်တယ် အထွတ်အထိပ် အဆင့်ကို ယှဥ်ဖို့ ဝေးလွန်းနေသေးတယ်”
ကျန်းချန်က စိတ်ထဲကနေ ရေရွတ်ကာ တိတ်တဆိတ်ခေါင်းခါရမ်းမိလိုက်သည်။
သူ၏ လက်ရှိစွမ်းအားဖြင့် ထိုက်ယီအင်မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင် ယှဥ်ပြိုင်နိုင်စွမ်း ကောင်းစွာ ရှိသည်။
သို့သော်လည်း ထိုက်ယီ အထွတ်အထိပ်အဆင့်နှင့် ရင်ဆိုင်ရသည့်အခါတွင်မူ သူ့ထံ၌ မည်သည့် ခုခံနိုင်စွမ်းမျှ မရှိသလောက် ဖြစ်နေခဲ့သည်။
ကျန်းချန်က ထပ်မံ၍ တုံ့ဆိုင်းမနေတော့ဘဲ အင်မော်တယ်ကျောက်တိုင် အတွင်းမှ အရှင်ဇူရီကို တိုက်ရိုက်ပင် ဆင့်ခေါ်လိုက်သည်။
နောက်ထပ် တစ်ခဏတွင် အရှင်ဇူရီ၏ ပုံရိပ်သည် ကျန်းချန်၏ ရှေ့ရှိ ဟင်းလင်းပြင်တွင် ပေါ်ထွက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူက ပတ်ဝန်းကျင်ရှိ ကမ္ဘာလောကကို ချိတ်ပိတ်ထားသည့် အင်မော်တယ်ဥပဒေသ စွမ်းအားကို ခံစားမိလိုက်ရာ အရှင်ဇူရီသည် လက်ချောင်းတစ်ချောင်းကို အသာအယာ တောက်ထုတ်လိုက်သည်။
ထိုအခါ မီးတောက်တစ်ခုသည် ပတ်ဝန်းကျင်တွင် ပိတ်ပင်တားဆီးထားသော စွမ်းအားများကို တစ်ခဏအတွင်း လောင်ကျွမ်း ဖျက်ဆီးပစ်လိုက်သည်။
သူ့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် လုချင်းလီ ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက အရှင်ဇူရီကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့ပြီး အရှင်ဇူရီ ထံမှ နက်ရှိုင်းသော အရှိန်အဝါကို ခံစားမိလျှင် သူ၏ မျက်နှာအမူအရာသည် အလွန်တရာ လေးနက်သွားခဲ့သည်။
ဤပုဂ္ဂိုလ်သည် သူ၏ ထိုက်ယီအဆင့် အင်မော်တယ်ဥပဒေသကို လက်ချောင်းတစ်ချောင်း တောက်ထုတ်လိုက်ရုံမျှဖြင့်ပင် အရည်ပျော်စေနိုင်ခဲ့သည် ဖြစ်ရာ ထိုလူ၏ စွမ်းအားသည် ထိုလူ၏ အောက်တွင် ရှိမနေဘဲ ဟန်ယွင်အဆင့်သို့ ရောက်ရှိနေသည့် ဟန်ယွင်အင်မော်တယ် တစ်ပါး ဖြစ်နေနိုင်ခြေ အလွန်များနေခဲ့သည်။
လုချင်းလီသည် ကျန်းချန်ထံတွင် ဤကဲ့သို့ ဝှက်ဖဲတစ်ခု ရှိနေလိမ့်မည်ဟု ဘယ်တုန်းကမျှ မတွေးမိခဲ့ပေ။
သူက အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်ပြီး အရှင်ဇူရီကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။
“စီနီယာက ဘယ်သူလဲဆိုတာ သိပါရစေ”
“ငါ ဘယ်သူလဲဆိုတာ မင်းသိစရာမလိုဘူး.. မင်းက ငါအရှင်ရဲ့ သခင်ကိုတောင် သတ်ဖြတ်ဖို့ ကြံစည်ရဲမှတော့ သေဖို့သာ ပြင်ထားလိုက်တော့”
အရှင်ဇူရီက အေးစက်စက် ကြုံးဝါးလိုက်သည်။
စကားဆုံးသည်နှင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် တစ်ခဏအတွင်း ပြောင်းလဲသွားခဲ့ပြီး အရာအားလုံးကို လောင်ကျွမ်းရန် လုံလောက်သည့် ရွှေရောင်ကမ္ဘာကြီး တစ်ခုအဖြစ် တိုက်ရိုက်ဆိုသလို ပြောင်းလဲသွားခဲ့သည်။
အခန်း(၂၉၄၂)ပြီး၏။