အခန်း ၂၉၄၇
Vol. 235 Ch. 2947
အခန်း (၂၉၄၇)
“ဝုန်း..”
“ဝုန်း..”
ဟင်းလင်းပြင်ထဲမှာ ကြီးမားသော နေရာလွတ် တွင်းနက်ကြီးထဲတွင် ထိတ်လန့်ဖွယ်ရာကောင်းသော ပေါက်ကွဲသံများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့သည်။
မည်မျှ ကြာမြင့်သွားပြီကိုပင် မသိရပေ။
ဟင်းလင်းပြင်ထဲမှ နေရာလွတ်တွင်းနက်ကြီးသည် အဆုံးသတ်တွင် လုံးဝ ပေါက်ကွဲပျက်စီးသွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် ပုံရိပ်နှစ်ခုသည် နေရာလွတ် တွင်းနက်ကြီးထဲကနေ တစ်ပြိုင်တည်းနီးပါး နောက်သို့ လွင့်စင်ထွက်လာခဲ့ကြသည်။
အရှင်ဇူရီက ခြေလှမ်းထောင်ချီမျှ အထိ ဆက်တိုက်ဆိုသလို ဆုတ်ခွာခဲ့ရပြီးမှ သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို တည်ငြိမ်အောင် ပြန်လည်ထိန်းချုပ်နိုင်လိုက်၏။
သို့သော်လည်း သူ၏ မျက်နှာထက်တွင်မူ ဖြူဖျော့သောအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အခြားတစ်ဖက်တွင် လုချန်ချင်း၏ အခြေအနေကမူ အရှင်ဇူရီထက် သိသိသာသာပင် ပိုမို ကောင်းမွန်နေခဲ့သည်။
သူက ဟင်းလင်းပြင်ထဲတွင် ခြေလှမ်း ရာကျော်မျှသာ နောက်ဆုတ်ခဲ့ရပြီး သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို အလွယ်တကူပင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
ထိပ်တိုက်တွေ့ဆုံမှုတွင် လုချန်ချင်းဘက်မှ အကြွင်းမဲ့အသာစီး ရရှိထားသည်မှာ ထင်ရှားနေခဲ့၏။
“ဒီလူက တကယ် မလွယ်ဘူးပဲ”
လုချန်ချင်း၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့ပြီး မျက်နှာချင်းဆိုင်မှ အရှင်ဇူရီကို စူးစိုက်ကြည့်လိုက်သည်။
အစောပိုင်းက ထိပ်တိုက် ရင်ဆိုင်မှုတွင် သူက အကြွင်းမဲ့အသာစီးရရှိခဲ့သော်လည်း သူ့ရှေ့မှ ဟန်ယွင်အဆင့် ကျင့်ကြံသူကို အထင်သေးရဲခြင်း လုံးဝမရှိပေ။
သူ့ရှေ့မှ ကျင့်ကြသူသည် ဟန်ယွင်အဆင့် အစောပိုင်းတွင်သာ ရှိသော်လည်း ဟန်ယွင်ဥပဒေသ အပေါ် နားလည်သဘောပေါက်မှုတွင်မူ ဟန်ယွင်နှောင်းပိုင်းအဆင့်ဖြစ်သည့် သူ့ထက်ပင် သာလွန်နေခဲ့သည်။
လုချန်ချင်းက အရှင်ဇူရီကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
“မင်းရဲ့စွမ်းရည်က မဆိုးပါဘူး.. ဒါပေမဲ့ ငါ့ရဲ့ ရှေ့မှာ ရမ်းကားဖို့အထိတော့ အရည်အချင်း မပြည့်မီသေးဘူး”
“ဟမ့် အဲဒီတုန်းက ဒီအရှင်သာ အင်မော်တယ်ဘုရင် အဆင့်ကို တက်လှမ်းဖို့အတွက် အတင်းအကျပ် ကြိုးစားရင်း စွမ်းအားတွေ အကြီးအကျယ် မဆုံးရှုံးသွားခဲ့ဘူးဆိုရင် မင်းလို ဟန်ယွင်နှောင်းပိုင်းအဆင့် ကျင့်ကြံသူလောက်က ဒီအရှင် ရှေ့မှာ မောက်မာနေဖို့ ဘာအရည်အချင်းမှမရှိဘူး”
အရှင်ဇူရီက အေးစက်စက် ရေရွတ်လိုက်သည်။
“ဒီအရှင်က အခုအချိန်မှာ အထွတ်အထိပ် အခြေအနေမှာ မရှိရင်တောင် မင်းငါ့ကို အနိုင်ယူဖို့ကတော့ လွယ်ကူမှာ မဟုတ်ဘူး”
အရှင်ဇူရီ၏ စကားကိုကြားလျှင် လုချန်ချင်း၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
သူ့ရှေ့မှ လူက အဘယ်ကြောင့် ဟန်ယွင်အစောပိုင်း အဆင့်ဖြင့် ဟန်ယွင်ဥပဒေသကို သူ့ထက်ပင် ပိုမို၍ ထိန်းချုပ်နိုင်စွမ်း ရှိနေရသလဲ ဆိုသည်ကို အဆုံးသတ်တွင် သူနားလည်သဘောပေါက်သွားခဲ့သည်။
သူ့ရှေ့မှလူသည် တစ်ချိန်က အင်မော်တယ်ဘုရင် အဆင့်ကို တက်လှမ်းရန်ပင် ကြိုးစားခဲ့ဖူးသူ ဖြစ်နေခဲ့သည်။
ဤအချက်ကိုထောက်လျှင် ထိုပုဂ္ဂိုလ်၏ အထွတ်အထိပ်ကာလက ကျင့်ကြံခြင်း အဆင့်သည် ဟန်ယွင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိဖူးသည်မှာ သေချာနေခဲ့၏။
ဟန်ယွင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိဖူးသော အင်မော်တယ် တစ်ပါးသည် ယခုအချိန်တွင် သူ၏ အထွတ်အထိပ်အခြေအနေ၌ ရှိမနေလျှင်ပင် ၎င်းကို ရင်ဆိုင်ဖြေရှင်းရန်မှာ သေချာပေါက် လွယ်ကူမည်မဟုတ်ပေ။
“ခင်ဗျားက ဟန်ယွင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ဖူးတာကိုး...ကျုပ်အနေနဲ့ တစ်ခဏအတွင်း ခင်ဗျားကို အနိုင်ယူဖို့ကတော့ ခက်ခဲတာတော့ အမှန်ပဲ’
ထိုစကားကို ပြောနေစဥ်မှာပင် လုချန်ချင်း၏ ခန္ဓာကိုယ်ကနေ ဟန်ယွင်အဆင့် အင်မော်တယ်စွမ်းအားသည် ရုတ်တရက်ပေါက်ကွဲထွက်လာခဲ့ပြီး လုချန်ချင်းနှင့် တစ်ပုံစံတည်း တူညီသော ပုံရိပ်တစ်ခုသည် ခန္ဓာကိုယ်ထဲကနေ တစ်ခဏအတွင်း ကွဲထွက်လာခဲ့သည်။
ထိုအချင်းအရာကို မြင်လိုက်ရလျှင် အရှင်ဇူရီ၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“ကိုယ်ပွားပါလား”
“ဒီအရှင်က ခင်ဗျားကို တစ်ခဏအတွင်း ဘာမှ မလုပ်နိုင်မှတော့ ခင်ဗျားရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ကောင်လေးကို အရင်ဆုံး ရှင်းပစ်ရတာပေါ့”
လုချန်ချင်းက အေးစက်စက် ပြုံးလိုက်ပြီး သူ၏ အနားရှိ ကိုယ်ပွားကို ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
“ဟိုနောက်က ကောင်လေးကို အမြန်ဆုံးရှင်းပစ်လိုက်”
“ကောင်းပါပြီ”
လုချန်ချင်း၏ ကိုယ်ပွားက ခေါင်းညိတ်လိုက်ပြီး ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ ကျန်းချန်၏ ရှေ့မှောက်သို့ တိုက်ရိုက်ဆိုသလို ရောက်ရှိလာခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် အရှင်ဇူရီက မျက်နှာပျက်သွားခဲ့ပြီး အလောတကြီး အော်ဟစ် သတိပေးလိုက်သည်။
“ကျန်းချန် သတိထား”
လုချန်ချင်း၏ ကိုယ်ပွားသည် အထွတ်အထိပ် အင်မော်တယ်နည်းစနစ် တစ်ခုကို အသုံးပြု၍ ကျင့်ကြံထားခြင်း ဖြစ်သည်။
ဤကိုယ်ပွားသည် မူလခန္ဓာကိုယ်ထက် များစွာပို၍ အားနည်းသော်လည်း ကျင့်ကြံခြင်းအဆင့်ကမူ ထိုက်ယီအင်မော်တယ် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ကျန်းချန်တွင် ထိုက်ယီအင်မော်တယ်နှင့် ယှဥ်ပြိုင်နိုင်သော တိုက်ခိုက်ရေးစွမ်းရည် ရှိသော်လည်း လုချန်ချင်း၏ ကိုယ်ပွားနှင့် ရင်ဆိုင်ရန်မှာ အလွန်တရာ ခက်ခဲလိမ့်မည်ကို သူစိုးရိမ်နေမိ၏။
လက်ရှိတွင် သူက လုချန်ချင်း၏ မူလခန္ဓာကိုယ်ကို ရင်ဆိုင်နေရသဖြင့် ကျန်းချန်ကို ကူညီရန်အတွက် အချိန်မပေးနိုင် ဖြစ်နေခဲ့သည်။
“ကောင်လေး မင်းကိုယ်တိုင် အလိုက်သင့် အဖမ်းခံမလား ဒါမှမဟုတ် ဒီအရှင်ကိုယ်တိုင် ဖမ်းဆီးတာကို ခံချင်လား”
လုချန်ချင်း၏ ကိုယ်ပွားသည် ကျန်းချန်ကို အထက်စီးဆန်စွာ ကြည့်လိုက်ပြီး အောင်နိုင်သူ တစ်ဦး ကဲ့သို့ ပြုမူနေခဲ့သည်။
သူ့ရှေ့မှ ကောင်လေးသည် ထူးခြားသောပါရမီရှင်တစ်ဦး ဖြစ်လျှင်ပင် အဆုံးသတ်တွင် ထိုကောင်လေး၏ ကျင့်ကြံခြင်းအဆင့်သည် တလော့အင်မော်တယ် အစောပိုင်းမျှသာ ဖြစ်၍ သူ၏ စွမ်းအားဖြင့် ဆိုလျှင် ကျန်းချန်ကို မျက်စိထဲ ထည့်စရာ မလိုအပ်ပေ။
ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ်ကို တိုက်ရိုက်ပင် လှုံ့ဆော်လိုက်ရာ တစ်ခဏအတွင်းမှာပင် သူ၏ခန္ဓာကိုယ်သည် ရွှေရောင်မွန်းစတားတစ်ကောင် အဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်သည် အင်မော်တယ်ဘုရင် ရုပ်အလောင်းကိုလည်း တိုက်ရိုက်ဆိုသလို ဆင့်ခေါ်လိုက်၏။
လုချန်ချင်း၏ ကိုယ်ပွားနှင့် ရင်ဆိုင်ရာတွင် ကျန်းချန်သည် အနည်းငယ်မျှပင် ပေ့ါဆရဲခြင်းမရှိဘဲ စတင်လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ စွမ်အားအလုံးစုံကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
ကျန်းချန်၏ အသွင်ပြောင်းလဲမှုကိုမြင်လျှင် လုချန်ချင်း၏ကိုယ်ပွားသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ်ပါလား.. မင်းက ကျိုလီအင်မော်တယ်ဘုရင်ရဲ့ တပည့်လား”
ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ ခွဲထွက်လာသည့် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ဦး အနေဖြင့် လုချန်ချင်းက ဗဟုသုတ အလွန်အမင်း ကြွယ်ဝသည်။
ထို့ကြောင့် တစ်ချက် ကြည့်ရုံဖြင့်ပင် ကျန်းချန်ထုတ်ဖော်ခဲ့သော နည်းစနစ်က ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေတစ်ခုလုံးကို တုန်လှုပ်စေခဲ့သော အင်မော်တယ်ဘုရင်အဆင့် နည်းစနစ် ဖြစ်သည့် ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ် ဖြစ်မှန်း မှတ်မိသွားခဲ့ခြင်း ဖြစ်သည်။
သူ့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်တွင် အလွန်ထူးခြားဆန်းကြယ်သော နောက်ခံ ရှိနေလိမ့်မည်ဟု သူသိထားသော်လည်း ကျိုလီအင်မော်တယ်ဘုရင်၏ မျိုးဆက်ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
ကျိုလီအင်မော်တယ်ဘုရင် ဆိုသည်မှာ ခရမ်းရောင်မီးလျှံကောင်းကင်နယ်မြေတွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် တန်းတူ ကျော်ကြားသည့် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။
ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ အထွတ်အထိပ် ကာလတွင်ပင် ကျိုလီအင်မော်တယ်ဘုရင်ကို သုံးပုံတစ်ပုံမျှ ကြောက်ရွံ့ရိုသေခဲ့ရ၏။
ယွင်ရှောင်ဂိုဏ်း၏ နောက်ကွယ်မှ အင်အားစုသည် ကျိုလီအင်မော်တယ်ဘုရင်နှင့် ပတ်သက် ဆက်နွှယ်နေလိမ့်မည်ဟု လုချန်ချင်း တစ်ခါမှ မတွေးခဲ့မိချေ။
“သေစမ်း”
ကျန်းချန်က လုချန်ချင်း၏ မေးခွန်းကို ပြန်လည် မဖြေကြားခဲ့ပေ။
သူက ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်လှုပ်စေသော စွမ်းအားနှင့်အတူ လုချန်ချင်း၏ ကိုယ်ပွားတည်ရှိရာ ဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် အင်မော်တယ်ဘုရင် ရုပ်အလောင်းကိုလည်း တိုက်ရိုက်ဆိုသလို ထိန်းချုပ်လိုက်ပြီး လုချန်ချင်း၏ ကိုယ်ပွားကို ပူးပေါင်း တိုက်ခိုက်စေခဲ့သည်။
ကျန်းချန်နှင့် အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း လုချန်ချင်း၏ကိုယ်ပွားသည် လုံးဝ ထိတ်လန့်တုန်လှုပ်ခြင်း မရှိခဲ့ပေ။
သူက လက်ဖဝါးကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ အပြာရောင်အလင်းတန်းတစ်ခုသည် ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို တိုက်ရိုက်ပင် လွှမ်းခြုံသွားခဲ့ပြီး ကျန်းချန်နှင့် အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုအားလုံးကို ပိတ်ဆို့ တားဆီးပစ်လိုက်သည်။
သူက သူ့ရှေ့မှ ကျန်းချန်ကို စေ့စေ့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ကောင်လေး...ငါတို့ ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော်နဲ့ မင်းနဲ့ကြားမှာ ဘာရန်ငြိုးရန်စမှ မရှိခဲ့ဖူးဘူး.. မင်းက ဘာဖြစ်လို့ ငါတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ပြဿနာရှာချင်နေရတာလဲ”
ကျိုလီအင်မော်တယ်ဘုရင် ဆိုသည်မှာ ခရမ်းရောင်မီးလျှံကောင်းကင်နယ်မြေထဲတွင် ယနေ့ထက်တိုင် တည်ရှိနေသည့် အနှိုင်းမဲ့ အင်မော်တယ်ဘုရင်ကြီးတစ်ပါး ဖြစ်သည်။
ထိုကောင်လေးသည် ကျိုလီအင်မော်တယ်ဘုရင်၏ ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်ကို တတ်မြောက်ထားသည်ဆိုကတည်းကပင် ကျိုလီအင်မော်တယ်ဘုရင်၏ တရားဝင်ဆက်ခံသူ ဖြစ်သည်မှာ သေချာနေခဲ့၏။
ယင်းကြောင့် လုချန်ချင်းသည် ကျိုလီအင်မော်တယ်ဘုရင်နှင့် ပြဿနာတက်မည်ကို စိုးရိမ်နေခဲ့ခြင်းပင်။
“ဒီကောင်က လုချန်ချင်း ဖန်တီးထားတဲ့ ကိုယ်ပွားတစ်ခု ဖြစ်ပေမဲ့ တကယ်ကို အစွမ်းထက်လွန်းတာပဲ”
သူနှင့် အင်မော်တယ်ဘုရင်ရုပ်အလောင်း တို့၏ အင်အားအပြည့်ဖြင့် တိုက်ခိုက်မှုသည် လုချန်ချင်းကိုယ်ပွား၏ အင်္ကျီစကိုပင် မထိနိုင်ခဲ့ပေ။
ထိုကိုယ်ပွား၏ စွမ်းအားသည် လုချင်းလီနှင့် အခြားသော ထိုက်ယီအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများထက်ပင် များစွာ ပိုမို သာလွန်နေခဲ့သည်။
သို့သော်လည်း ကံကောင်းထက်မစွာဖြင့် ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်ခြင်းကြောင့် လုချန်ချင်းသည် သူ့ကို ကျိုလီအင်မော်တယ်ဘုရင်၏ မျိုးဆက် ဖြစ်သည်ဟု အထင်မှားသွားခဲ့ပြီး အလွယ်တကူ မသတ်ဖြတ်ရဲအောင် တားဆီးနိုင်ခဲ့သည်။
“ကောင်းကင်ဧကရာဇ်စည်းတံဆိပ်.. အင်မော်တယ်ဝိညာဥ်များကို ဖျက်ဆီးခြင်း”
ကျန်းချန်က စကားတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ်ဖြင့် ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို တိုက်ရိုက်ပင် ထုတ်ဖော်လိုက်သည်။
“ဝုန်း..”
ကြောက်မက်ဖွယ်ရာကောင်းသော အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် လုချန်ချင်း၏ ကိုယ်ပွားထံသို့ ဦးတည်လာခဲ့သည်။
သို့သော်လည်း ကောင်းကင်နှင့်မြေပြင်ကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် ကျန်းချန်၏ ကောင်းကင်ဧကရာဇ် စည်းတံဆိပ်သည် လုချန်ချင်းကိုယ်ပွား၏ ပတ်ဝန်းကျင် ပေတစ်ရာခန့် ဟင်းလင်းပြင်သို့ပင် ချဥ်းကပ်နိုင်ခြင်းမရှိဘဲ အလိုအလျောက် ပျက်ပြယ်ကာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၂၉၄၇)ပြီး၏။