အခန်း ၂၉၄၈
Vol. 235 Ch. 2948
အခန်း (၂၉၄၈)
သူ့ရှေ့ရှိ မြင်ကွင်းကိုမြင်လိုက်ရလျှင် ကျန်းချန်၏ စိတ်နှလုံးထဲတွင် ကူကယ်ရာမဲ့သော ခံစားချက်တစ်ခု မပေါ်ပေါက်ဘဲ မနေနိုင်ခဲ့ချေ။
ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ်ကို ထုတ်ဖော်ထားသည့်အခြေအနေတွင် ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို အသုံးပြုလိုက်ခြင်းသည် သာမန် ထိုက်ယီအင်မော်တယ်တစ်ပါးကို တုန်လှုပ်သွားစေရန် သေချာပေါက် လုံလောက်၏။
သို့သော်လည်း ဤကဲ့သို့ စွမ်းအားမျိုးသည် လုချန်ချင်း၏ ကိုယ်ပွားအတွက်မူ အယားပြေသလောက်သာ ဖြစ်နေခဲ့သည်။
သူ၏ လက်ရှိစွမ်းရည်ဖြင့် လုချန်ချင်းကိုယ်ပွား၏ ခုခံကာကွယ်မှုကို ထိုးဖောက်ရန်မှာ အမှန်တကယ်ပင် ခက်ခဲနေခဲ့သည်။
“မင်းသာ ထိုက်ယီအင်မော်တယ် အဆင့်ကို ထိုးဖောက်နိုင်မဲ့အချိန်အထိ စောင့်ဆိုင်းလိုက်မယ် ဆိုရင်တော့ ငါ့ကို အနည်းငယ် ခြိမ်းခြောက်ကောင်း ခြိမ်းခြောက်နိုင်လိမ့်မယ်.. ဒါပေမဲ့ မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်ကတော့ အရမ်းကို အားနည်းလွန်းနေသေးတယ်”
လုချန်ချင်း ကိုယ်ပွားက ခေါင်းခါရမ်းလိုက်ပြီးနောက်တွင် တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းက ကျိုလီအင်မော်တယ်ဘုရင်ရဲ့ မျိုးဆက်ဖြစ်နေရင်တောင် ငါတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က အနိုင်ကျင့်တာကို ခံမှာမဟုတ်ဘူး”
လုချန်ချင်း၏ ကိုယ်ပွားက စကားဆုံးသည်နှင့် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကျန်းချန်ကို လှမ်း၍ ဖမ်းဆီးလိုက်သည်။
ဤကောင်လေးသည် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ထဲသို့ ကျူးကျော်ကာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ အရင်းအမြစ်များကို လုယူသွားခဲ့သည်။
တစ်ဖက်လူက ကျိုလီအင်မော်တယ်ဘုရင်၏ မျိုးဆက် ဖြစ်နေစေကာမူ သူက ထိုကောင်လေးကို ဖမ်းဆီးကာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် ပိုင်ဆိုင်သည့် အရင်းအမြစ်များကို ပြန်လည်သိမ်းဆည်းရလိမ့်မည် မဟုတ်ပါလော။
သို့မဟုတ်လျှင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် အမှန်တကယ် အကြီးအကျယ် ပျက်စီးဆုံးရှုံးသွားရလိမ့်မည်ကို သူ စိုးရိမ်နေမိသည်။
လုချန်ချင်း ကိုယ်ပွားက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်မှာ သာမန်ဟုသာ ထင်ရသော်လည်း မမြင်နိုင်သော စွမ်းအားတစ်ခု ပါဝင်နေခဲ့ပြီး ကျန်းချန်ရှိနေသည့် ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို တစ်ခဏအတွင်း အေးခဲသွားစေခဲ့သည်။
ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ်ကို ထုတ်ဖော်ထားသည့် ကျန်းချန် ပင်လျှင် လုံးဝရွေ့လျား၍ မရနိုင်လောက်အောင် ဖြစ်နေခဲ့၏။
“ငါ့ရဲ့ လက်ရှိစွမ်းရည်နဲ့ဆိုရင် လုချန်ချင်းလို ဟန်ယွင်အဆင့်ပုဂ္ဂိုလ်ရဲ့ ရှေ့မှောက်မှာ အရမ်းကို အားနည်းလွန်းနေသေးတာပဲ.. ကြည့်ရတာ ငါ အဲဒီအရာကို အသုံးပြုပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေကနေ အရင်ဆုံးထွက်ခွာသွားဖို့ပဲ ရှိတော့တယ်”
လုချန်ချင်း ထုတ်ဖော်လိုက်သည့် စွမ်းအားများကို ခံစားမိလျှင် ကျန်းချန် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“အရှင်ဇူရီ.. ခင်ဗျား အခုချက်ချင်း ယွင်ရှောင်ဂိုဏ်းကို ပြန်ပါ.. ယွင်ရှောင်ဂိုဏ်းကို ကာကွယ်ပေးပြီး ကျွန်တော် ပြန်လာမဲ့အချိန်ကို စောင့်နေပါ”
ကျန်းချန်က အရှင်ဇူရီ ထံသို့ လျှို့ဝှက်စွာ အသံပေးပို့လိုက်ပြီးနောက်တွင် ဆန်းကြယ်သော စာလုံးများ ထွင်းထုထားသည့် ရိုးရှင်းသော တံဆိပ်ပြား တစ်ခုသည် ကျန်းချန်၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။
ဤတံဆိပ်ပြားမှာ အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေထဲ ဝင်ရောက်ခဲ့စဥ်တွင် ကောင်းကင်ဧကရာဇ်နန်းတော်၏ ခန်းမသုံးဆယ့်ခြောက်ခုထဲမှ တစ်ခုဖြစ်သော ထျန်းယွမ်ခန်းမမှ စီနီယာတစ်ဦးက သူ့ကို ပေးအပ်ခဲ့သည့် တံဆိပ်ပြားဖြစ်သည်။
ဤတံဆိပ်ပြားတွင် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေသို့ လာရောက်စဥ်က အသုံးပြုခဲ့သော တည်နေရာ ရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ကဲ့သို့ စွမ်းအားမျိုး ရှိပြီး ထျန်းယွမ်ခန်းမ တည်ရှိရာ အင်မော်တယ်အမွေအနှစ် နယ်မြေ ဆီသို့ သူ့ကို တစ်ခဏအတွင်း တည်နေရာ ရွှေ့ပြောင်းပေးနိုင်စွမ်း ရှိသည်။
ယခုအခါ ဟန်ယွင်အဆင့် အင်မော်တယ် လုချန်ချင်း၏ ကိုယ်ပွားနှင့် ရင်ဆိုင်နေရသည် ဖြစ်ရာ ကျန်းချန်အနေဖြင့် ထွက်ခွာသွားရန် အတွက် ဤတံဆိပ်ပြားကို အသုံးပြုရန်မှ တစ်ပါး အခြားမရှိတော့ပေ။
သူ့ကို တံဆိပ်ပြားပေးခဲ့သော ပုဂ္ဂိုလ်က သူ၏ ကျင့်ကြံခြင်းအဆင့် တလော့အဆင့်သို့ ရောက်ရှိသွားပြီးနောက်မှသာ ထိုနေရာသို့ ပြန်လာပြီး ရှာဖွေစူးစမ်းနိုင်ကြောင်း ပြောကြားခဲ့ဖူးသည်။
ထို့ကြောင့် သူက ဤအခွင့်အရေးကို အသုံးချကာ ထျန်းယွမ်ခန်းမရှိရာ အမွေအနှစ်နယ်မြေ ဆီသို့ ပြန်သွားပြီး လေ့လာကြည့်ရန် ဆုံးဖြတ်ထားခဲ့သည်။
ကျန်းချန်က တံဆိပ်ပြားကို ပြတ်ပြတ်သားသား လှုံ့ဆော်လိုက်ရာ သူ၏ တစ်ကိုယ်လုံးကို ဆန်းကြယ်သော အင်မော်တယ်အလင်းတန်းများက ဖုံးလွှမ်းသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
“ကောင်းကင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ပါလား”
ကျန်းချန်က သူ၏ မျက်စိရှေ့မှောက်မှာပင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရလျှင် လုချန်ချင်းကိုယ်ပွား၏ မျက်နှာ အမူအရာက တစ်ခဏအတွင်း သုန်မှုန်သွားခဲ့သည်။
ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်တွင် ဤကဲ့သို့ အင်မော်တယ်ရတနာမျိုး ရှိနေလိမ့်မည်ဟု သူလုံးဝ မထင်မှတ်ထားခဲ့မိပေ။
ကျန်းချန်က ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေကနေ အခြားသော အင်မော်တယ်နယ်မြေဆီသို့ ကောင်းကင်အဆင့် တည်နေရာ ရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ကို တိုက်ရိုက်အသုံးပြုကာ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
“ဒီကောင့်မှာ အသက်ဘေးကနေ လွတ်မြောက်အောင် လုပ်နိုင်တဲ့နည်းလမ်းတွေ တကယ်ကို မနည်းပါလား”
ကျန်းချန် ပျောက်ကွယ်သွားသည့်နေရာကို ငေးကြည့်ရင်း အရှင်ဇူရီ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာတစ်ခု ယှက်သန်းသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူက ဒေါသကြောင့် မျက်နှာအမူအရာသုန်မှုန်နေသော လုချန်ချင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။
အရှင်ဇူရီက လုချန်ချင်းနှင့် ဆက်လက်တိုက်ခိုက်ရန် အစီအစဥ်မရှိတော့ဘဲ မိုင်ပေါင်းထောင်ချီ ကျယ်ပြောသော ဟင်းလင်းပြင်ကို ခြေလှမ်း တစ်လှမ်းတည်းဖြင့် ဖြတ်ကျော်ကာ လုချန်ချင်း၏ ရှေ့မှောက်ကနေ တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။
လုချန်ချန်းက အရှင်ဇူရီ ပျောက်ကွယ်သွားသော နေရာကို စိုက်ကြည့်နေခဲ့သော်လည်း နောက်ကနေ လိုက်လံဖမ်းဆီးခြင်း မပြုခဲ့ပေ။
အဆုံးသတ်တွင်မူ အရှင်ဇူရီသည် အားနည်းသော ကျင့်ကြံသူတစ်ဦး မဟုတ်၍ လုချန်ချင်း မည်မျှပင် သန်မာနေစေကာမူ အရှင်ဇူရီကို အလွယ်တကူ သတ်ဖြတ်ရန်မှာ မဖြစ်နိုင်ချေ။
ယခုအခါ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နှင့် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်တို့ ပူးပေါင်းကာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို တိုက်ခိုက်နေကြပြီး အခြေအနေက စိတ်ချရသည့် အနေအထားတွင် မရှိသေးပေ။
သူသာ ဒဏ်ရာရရှိသွားခဲ့လျှင် အရှင်ဖြူမဲ တစ်ဦးတည်းဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို ယှဥ်ပြိုင်ရန်ခက်ခဲလိမ့်မည်ကို သူစိုးရိမ်မိသည်။
ထိုသို့ဖြစ်လာခဲ့လျှင် အရှင်ဖြူမဲနှင့် ပြန်လည်မွေးဖွားခြင်းနန်းတော် တို့သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ ချေမှုန်းခြင်းကို ခံလိုက်ရပြီး အကြီးအကျယ်ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည် ဖြစ်ကာ သူ၏ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည်လည်း ထာဝရှရှင်သန်ခြင်း အင်မော်တယ်နန်းတော် လက်ထဲတွင် ပျက်စီးသွားရလိမ့်မည် မဟုတ်ပါလော။
ဤအကြောင်းပြချက်ကြောင့်ပင် လုချန်ချင်းသည် ထွက်ခွာသွားသော အရှင်ဇူရီ၏ နောက်သို့ လိုက်လံ မဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ဆက်ခံသူ ရှိနေသော ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်သည်သာ သူတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ အကြီးမားဆုံးရန်သူ ဖြစ်၏။
သူက အရှင်ဖြူမဲဆီ ပြန်သွားပြီး အရှင်ဖြူမဲနှင့်အတူ လက်တွဲကာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို အနိုင်ယူပြီးနောက်မှသာ ယွင်ရှောင်ဂိုဏ်းကို သွားရောက်၍ စာရင်းရှင်းလျှင်လည်း နောက်ကျမည် မဟုတ်ပေ။
“တောင်းပန်ပါတယ်.. အဲဒီကောင်လေးရဲ့လက်ထဲမှာ ကောင်းကင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ ရှိနေမယ်လို့ မထင်ထားခဲ့ဘူး.. အင်မော်တယ်ဘုရင်ကိုယ်တိုင် လှုပ်ရှားတာမျိုး မဟုတ်ရင် ဘယ်သူမှ သူ့ကို တားဆီးထားနိုင်မယ် မထင်ဘူး”
ထိုခဏဝယ် လုချန်ချင်း၏ ကိုယ်ပွားသည် လုချန်ချင်း၏ အနားသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး အားနာသော အမူအရာဖြင့် ပြောလိုက်သည်။
“ဒါ မင်းရဲ့အပြစ် မဟုတ်ပါဘူး”
လုချန်ချင်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့ရှေ့ရှိ ကိုယ်ပွားကို ကြည့်ကာ ပြောလိုက်သည်။
“မင်းဒီမှာပဲနေပြီး ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို စောင့်ရှောက်ထားလိုက်ပါ.. ငါ အရှင်ဖြူမဲနဲ့ပူးပေါင်းပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်နဲ့ သူသေကိုယ်သေ တိုက်ပွဲဝင်ဖို့ ပြင်ဆင်ရဦးမယ်”
ယနေ့ခေတ်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ် နယ်မြေရှိ အခြေအနေများသည် ပိုမို၍ ရှုပ်ထွေးလာခဲ့ပြီ ဖြစ်ရာ ယင်းသည် သူတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်အတွက် အလွန်အမင်း ရတတ်မအေးစရာ ဖြစ်နေခဲ့သည်။
ထို့ကြောင့် သူ့အနေဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်နှင့် ဤကဲ့သို့ ဆက်လက်၍ အချိန်ဆွဲမနေနိုင်တော့ချေ။
မည်သည့်အဖိုးအခကို ပေးဆပ်ရသည်ဖြစ်စေ၊ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ထဲသို့ အတင်းအကျပ် ထိုးဖောက်ဝင်ရောက်ကာ ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်၏ ဆက်ခံသူကို ရှင်းလင်းပစ်ရလိမ့်မည်ဖြစ်၏။
ကျန်းချန်က တံဆိပ်ပြားကို လှုံ့ဆော်လိုက်ပြီးနောက်တွင် အင်မော်တယ် အလင်းတန်းများသည် သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့ပြီး ကမ္ဘာပေါင်း အမြောက်အများကို တစ်ခဏအတွင်း ဖြတ်ကျော်သွားသကဲ့သို့ ခံစားလိုက်ရသည်။
အချိန်မည်မျှ ကြာသွားသည်ကို မသိရပေ။
ကျန်းချန်၏ ပုံရိပ်သည် အဆုံးသတ်၌ တောအုပ် တစ်ခုထဲတွင် ထွက်ပေါ်လာခဲ့သည်။
ဤနေရာ၏ လေထုမှာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းပြီး ပြင်းထန်စွာ တိုက်ခိုက်နေသော လေပြင်းများသည်လည်း သရဲ တစ္ဆေများ ငိုကြွေးနေသည့်နှယ် ဖြစ်နေခဲ့ကာ လူကို တုန်လှုပ်ချောက်ချားဖွယ် ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။
“ငါ ဒီနေရာကို တကယ် ပြန်ရောက်လာခဲ့တာပဲ”
သူနှင့် ရင်းနှီးနေသည့် ပတ်ဝန်းကျင်ကို ခံစားမိလိုက်လျှင် ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူ့ရှေ့မှောက်ရှိ နေရာမှာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် ရှိစဥ်က အမည်မဲ့အင်မော်တယ် နန်းတော်မှ တစ်ဆင့် သူ ဝင်ရောက်ခဲ့ဖူးသော ရှေးဟောင်းအင်မော်တယ်ဘုရင် အမွေအနှစ်နယ်မြေ ဖြစ်သည်။
သူ ယခု ရောက်ရှိနေသော နေရာမှာ ကောင်းကင်ဧကရာဇ်နန်းတော်၏ ခန်းမသုံးဆယ့်ခြောက်ခု ထဲမှ တစ်ခုဖြစ်သော ထျန်းယွမ်ခန်းမ တည်ရှိရာ ဆန်းကြယ်သောချိုင့်ဝှမ်းကြီးပင် ဖြစ်၏။
ကျန်းချန်က ဤနေရာသို့ လာခဲ့စဥ်တွင် စူးစမ်းလေ့လာရန်အတွက် အတွင်းပိုင်းအထိ ဝင်ရောက်သွားချင်ခဲ့သော်လည်း ထျန်းယွမ် ခန်းမတွင် နေထိုင်သော ရှေးဦးအင်မော်တယ်တစ်ပါး၏ တားဆီးခြင်းကို ခံခဲ့ရသည်။
ထိုရှေးဦးအင်မော်တယ်က သူ့ကို ဧကရာဇ်ဟု ခေါ်ဆိုခဲ့ရုံသာမက ဤနေရာသို့ တည်နေရာ ရွှေ့ပြောင်းကာ ပြန်လည် ရောက်ရှိလာနိုင်သည့် တံဆိပ်ပြား တစ်ခုကိုပါ ပေးအပ်ခဲ့သည်။
ယခုအခါတွင် သူက ထိုတံဆိပ်ပြားကို အသုံးပြု၍ ဤနေရာသို့ ပြန်လာခဲ့ပြီ ဖြစ်ပြီး တလော့အင်မော်တယ် အဆင့်ကိုလည်း ရောက်ရှိနေပြီ ဖြစ်ရာ အတွင်းပိုင်းသို့ ဝင်ရောက်၍ စူးစမ်းလေ့လာရမည့် အချိန်အခါသို့ ရောက်ရှိလာခဲ့ပြီ ဆိုလည်း မမှားပေ။
ကျန်းချန်က ပတ်ဝန်းကျင်ကို အနည်းငယ် အာရုံခံလိုက်ပြီးနောက်တွင် လမ်းကြောင်းများကို ခွဲခြားလိုက်ပြီးနောက် ချိုင့်ဝှမ်း၏ အတွင်းပိုင်း ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားခဲ့သည်။
မကြာမီမှာပင် ကျန်းချန်သည် သူယခင်က ရောက်ရှိခဲ့ဖူးသော ခမ်းနားကြီးကျယ်သည့် ခန်းမဆောင်ကြီး ဆီသို့ ရောက်ရှိလာခဲ့သည်။
ထိုခန်းမဆောင်ထဲတွင် ကျန်းချန်နှင့် အမည်မဲ့အင်မော်တယ်နန်းတော်၏ အဋ္ဌမမြောက် ဌာနခွဲမှ ရှကျီ တို့သည် စူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီးပြီဖြစ်၏။
ခန်းမထဲမှ တလော့အဆင့် အင်မော်တယ် အမွေအနှစ်ကို ရှကျီက ယူဆောင်သွားခဲ့ပြီ ဖြစ်ရာ ကျန်းချန်အနေဖြင့် ခန်းမထဲသို့ ထပ်မံ ဝင်ရောက်ရန် အစီအစဥ် မရှိတော့ပေ။
သူက ချိုင့်ဝှမ်း၏ အတွင်းပိုင်း ဆီသို့ လှမ်းကြည့်လိုက်ပြီးနောက်တွင် ဂရုတစိုက်ဖြင့် ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။
ထိုခဏမှာပင် ဟင်းလင်းပြင် လှိုင်းဂယက် တစ်ခုသည် သူ့ရှေ့ရှိ ဟင်းလင်းပြင်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
အခန်း(၂၉၄၈)ပြီး၏။