← Chapters

အခန်း ၂၉၄၉

Vol. 235 Ch. 2949

အခန်း ၂၉၄၉

Vol. 235 Ch. 2949

အခန်း (၂၉၄၉)

ကျန်းချန်၏ စိတ်နှလုံးက လှုပ်ခတ်သွားခဲ့ပြီး မော့မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

ရင်းနှီးနေသော လူရိပ်တစ်ရိပ်သည် သူ၏ မြင်ကွင်းထဲတွင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။

ထိုလူမှာ အခြားသူ မဟုတ်ဘဲ သူ ယခင်က ဤနေရာတွင် တွေ့ဆုံခဲ့ဖူးသော ယဥ်ကျေးသိမ်မွေ့သည့် လူလတ်ပိုင်းအရွယ် အမျိုးသားပင် ဖြစ်သည်။

သူ့ရှေ့ရှိ ကျန်းချန်ကို မြင်လျှင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

“ဧကရာဇ်က တကယ်ကို ထူးခြားတာပဲ.. ဒီလောက် တိုတောင်းတဲ့အချိန်အတွင်းမှာ တလော့အဆင့်ကို ထိုးဖောက်ပြီး ဒီနေရာကို တစ်ခေါက် ပြန်လာနိုင်ခဲ့တယ်”

“စီနီယာ...ကျွန်တော်တို့ တစ်ခေါက် ပြန်ဆုံကြပြန်ပြီပေါ့”

ကျန်းချန်က လူလတ်ပိုင်းအရွယ် အမျိုးသားကို လက်သီးဆုပ်၍ ဂါဝရပြုကာ တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။

“ကျွန်တော် အခု အတွင်းထဲကို ဝင်သွားလို့ရပြီလား”

လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“သေချာပေါက် ဝင်လို့ရတာပေါ့.. ကျွန်တော်က ဧကရာဇ်ကို စောင့်ဆိုင်းဖို့အတွက် ဒီနေရာမှာ ရှိနေတာပဲ.. ဒါပေမဲ့ အတွင်းထဲကို မဝင်ခင်မှာ ဒီနေရာရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နည်းနည်းတော့ ရှင်းပြပါရစေ”

ကျန်းချန်က ဘာစကားမျှ မပြောဘဲ တိတ်တဆိတ်သာ နားထောင်နေခဲ့သည်။

ကောင်းကင်ဧကရာဇ် နန်းတော်သည် တစ်ချိန်က အင်မော်တယ်လောကတို ခေတ်တစ်ခေတ် အုပ်စိုးခဲ့ဖူးပြီး အင်မော်တယ်လောက၏ အဆုံးမဲ့ ရှည်လျားသော သမိုင်းကြောင်းထဲတွင်ပင် အင်အားအကြီးဆုံး တည်ရှိမှု ဖြစ်ခဲ့သည်။

ကောင်းကင်ဧကရာဇ်နန်းတော်၏ လက်အောက်တွင် ခန်းမသုံးဆယ့်ခြောက်ခု ရှိပြီး ခန်းမတစ်ခုချင်းစီတွင် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများ ရှိခဲ့သည်။

အင်အားကောင်းသော ခန်းမများတွင်မူ အင်မော်တယ်ဧကရာဇ်အဆင့် ကျင့်ကြံသူများပင် ရှိခဲ့ကြသည်။

ကျန်းချန်၏ နှလုံးသားထဲတွင် အနည်းငယ် သိလိုစိတ်ပြင်းပြနေမိသည်မှာ အင်မော်တယ်လောကကို ခေတ်တစ်ခေတ်အုပ်စိုးခဲ့သည့် ဤကဲ့သို့ အင်အားစုကြီးသည် အင်မော်တယ်လောကထဲကနေ မည်ကဲ့သို့ အကြောင်းအရင်းမရှိ ပ‌ဟေဠိဆန်စွာ ပျောက်ကွယ်သွားခဲ့ရလဲ ဆိုသည်ကိုပင်။

ဤယဥ်ကျေးသိမ်မွေ့သော လူလတ်ပိုင်းအရွယ် အမျိုးသား၏ အမည်မှာ မိုယွမ် ဖြစ်ပြီး ကောင်းကင်ဧကရာဇ်နန်းတော်၏ ခန်းမသုံးဆယ့်ခြောက်ခု ထဲမှ တစ်ခုဖြစ်သော ထျန်းယွမ်ခန်းမ၏ အဖွဲ့ဝင်ဖြစ်ကာ ဟန်ယွင်အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေသည့် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါးလည်း ဖြစ်သည်။

ထိုစဥ်က ကောင်းကင်ဧကရာဇ် နန်းတော်သည် အင်မော်တယ်လောကကို အုပ်စိုးခဲ့ဖူးပြီး အလွန်အမင်း ဘုန်းတန်ခိုး တောက်ပခဲ့ဖူးသည်။

နောက်ပိုင်းတွင် အင်မော်တယ်လောက၌ တုန်လှုပ်ချောက်ချားဖွယ်ရာ အပြောင်းအလဲကြီး တစ်ခု ဖြစ်သွားခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ကောင်းကင်ဧကရာဇ်က ကောင်းကင်ဧကရာဇ် နန်းတော်၏ ခန်းမသုံးဆယ့် ခြောက်ခုမှ အင်မော်တယ်ဘုရင်အဆင့် အစွမ်းထက် ကျင့်ကြံသူအားလုံးကို ဆင့်ခေါ်ခဲ့သော်လည်း ရလဒ်ကမူ ၎င်းတို့သည် တစ်ညအတွင်း အင်မော်တယ်လောကထဲကနေ အစအနပင် မကျန်ရှိသည်အထိ ပျောက်ကွယ်သွားခဲ့သည်။

ထိုမျှနှင့်မပြီးသေးဘဲ ကောင်းကင်ဧကရာဇ်နန်းတော်၏ ခန်းမသုံးဆယ့်ခြောက်ခု စလုံးသည်လည်း အင်မော်တယ်လောကထဲကနေ အငွေ့ပျံ ပျောက်ကွယ်သွားသကဲ့သို့ ပျောက်ဆုံးသွားခဲ့သည်။

ဥပမာအားဖြင့် ခန်းမသုံးဆယ့်ခြောက်ခုထဲမှ တစ်ခု ဖြစ်သော ထျန်းယွမ်ခန်းမ တည်ရှိရာ အင်မော်တယ်လောကအစိတ်အပိုင်းသည် အင်မော်တယ်လောက ဆီကနေ ကွဲထွက်သွားခဲ့ပြီး အမွေအနှစ်နယ်မြေတစ်ခု ဖြစ်လာခဲ့ရသည်။

ထျန်းယွမ်ခန်းမမှ အစွမ်းထက် ကျင့်ကြံသူအားလုံးသည် အကြောင်းအရင်းမရှိဘဲ ဆန်းကြယ်စွာ ကျဆုံးသွားခဲ့ရ၏။

ထို့အပြင် ဤနယ်မြေ တစ်ခုလုံးသည်လည်း ဆန်းကြယ်သော အင်မော်တယ် ဥပဒေသတစ်ခု၏ ဖုံးလွှမ်းခြင်းကို ခံထားရသဖြင့် ထျန်းယွမ်ခန်းမထဲမှ ကျဆုံးသွားခဲ့ကြသော အစွမ်းထက်ကျင့်ကြံသူများသည် လူပြန်ဝင်စားနိုင်ခြင်း မရှိတော့ဘဲ ဆန်းကြယ်သော အခြေအနေတစ်ခု‌အောက်တွင် ဆက်လက်ရှင်သန်နေခဲ့ကြသည်။

ဤကဲ့သို့ ရှင်သန်ကျန်ရစ်ခဲ့ကြသော ထျန်းယွမ်ခန်းမမှ အစွမ်းထက် ကျင့်ကြံသူများကို ရှေးဦးအင်မော်တယ်ဟု ခေါ်ဆိုခဲ့ကြ၏။

မိုယွမ်၏ ပြောကြားချက်ကို ကြားလိုက်ရလျှင် ကျန်းချန်အနေဖြင့် တစ်ခဏမျှ အံ့အားသင့်သွားရုံမှ တစ်ပါး အခြားမရှိတော့ပေ။

တစ်ချိန်က အင်မော်တယ်လောက၏ ခေတ်တစ်ခေတ်ကိုအုပ်စိုးခဲ့ဖူးသည့် ကောင်းကင်ဧကရာဇ် နန်းတော် ကဲ့သို့ အရှိန်အဝါ ကြီးမားသော အင်အားစုကြီး တစ်စုသည် ဤကဲ့သို့ အင်‌မော်တယ်လောကထဲကနေ ‌ပျောက်ကွယ်သွားလိမ့်မည်ဟု သူ သေချာပေါက် ထင်မှတ်မထားခဲ့ပေ။

သိထားရမည့်အချက်မှာ ကောင်းကင်ဧကရာဇ် နန်းတော်၏ အထွတ်အထိပ် ကာလတွင် ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်ခဲ့သော နံပါတ်တစ် အစွမ်းထက်ပုဂ္ဂိုလ်ကြီး ဖြစ်သည့် ကောင်းကင်ဧကရာဇ်သာမက သူ၏ လက်အောက်၌ အင်မော်တယ် ဧကရာဇ်များသည် လက်တစ်ဖက်တည်းဖြင့် ရေတွက်၍ မရနိုင်လောက်အောင် ရှိနေခဲ့သည်။

မည်ကဲ့သို့သောအရာက ဤကဲ့သို့ အစွမ်းထက် အင်အားစုကြီးကို လောကထဲကနေ တစ်ညအတွင်း အစအနပင် မကျန်ရှိအောင် ပျောက်ကွယ်သွားစေသည်အထိ လုပ်ဆောင်နိုင်ခဲ့သလဲ ဆိုသည်ကို ကျန်းချန် မတွေးရဲလောက်အောင် ဖြစ်နေခဲ့သည်။

ကျန်းချန်က သက်ပြင်းရှည်ချလိုက်ပြီး လေးနက်စွာဖြင့် မေးလိုက်သည်။

“စီနီယာ.. အဲဒီအချိန်က အင်မော်တယ်လောကထဲမှာ ဘယ်လိုအပြောင်းအလဲကြီးတွေ ဖြစ်ပွားခဲ့လဲဆိုတာ စီနီယာသိလား”

“မသိဘူး”

မိုယွမ်က ခေါင်းကိုခါရမ်း၍ ပြောလိုက်သည်။

“ဒီကိစ္စကို ကောင်းကင်ဧကရာဇ်နဲ့ အင်မော်တယ်ဧကရာဇ် အနည်းငယ်လောက်ပဲ သိလိမ့်မယ်ထင်တယ်...ကောင်းကင်ဧကရာဇ်နန်းတော် မပျောက်ကွယ်သွားခင်မှာ သူတို့တွေ တစ်ခုခုကို စီစဥ်နေခဲ့ကြပုံရတယ်”

သူက ထျန်းယွမ်ခန်းမ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်က ဟန်ယွင်အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေခဲ့သော်လည်း ကောင်းကင်ဧကရာဇ်နန်းတော် တစ်ခုလုံးတွင်မူ သူ၏ အဆင့်အတန်းမှာ ထိပ်တန်းအဆင့်တွင် ရှိမနေခဲ့သဖြင့် ကောင်းကင်ဧကရာဇ်နန်းတော်၏ အမြင့်ဆုံးသော လျှို့ဝှက်ချက်များကို မည်ကဲ့သို့ သိရှိနိုင်ပါမည်နည်း။

မိုယွမ်ထံမှ စကားကို ကြားလိုက်ရပြီးနောက်တွင် ကျန်းချန်သည် ဆက်လက်မေးမြန်းခြင်း မပြုတော့ချေ။

သူ၏ လက်ရှိစွမ်းအားဖြင့် ကောင်းကင်ဧကရာဇ် နန်းတော်က မည်ကဲ့သို့ ပျက်စီးသွားခဲ့ရသနည်း ဆိုသည်ကို စူးစမ်းလေ့လာရန်အတွက် အတော်လေး အလှမ်းဝေးလွန်းနေသေး၏။

ယခုတစ်ကြိမ်တွင် သူက လုချန်ချင်း၏ ဖိအားပေးခြင်းကို ခံခဲ့ရသဖြင့် ဤနေရာသို့ ပြန်လာရန်အတွက် တံဆိပ်ပြားကို အသုံးပြုခဲ့ရခြင်း ဖြစ်ပြီး သူ၏ စွမ်းအားကို မြှင့်တင်ရန်အတွက် ဤနေရာကို အသုံးချနိုင်ရန်သာ မျှော်လင့်ထားခဲ့သည်။

ဟန်ယွင်အဆင့်မျှသာ ရှိသော အင်အားစုတစ်စု ဖြစ်သည့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကပင် သူ့ကို ကူကယ်ရာမဲ့အောင် လုပ်ဆောင်နိုင်နေသည် ဖြစ်ရာ ကောင်းကင်ဧကရာဇ်နန်းတော် ပျက်စီးသွားခြင်း၏ လျှို့ဝှက်ချက်ကို စူးစမ်းလေ့လာရန် ဆိုလျှင်မူ ဆိုဖွယ်ရာမရှိတော့ပေ။

သူက မိုယွမ်ကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။

“စီနီယာမိုယွမ်.. ကျွန်တော် ပြီးခဲ့တဲ့တစ်ခေါက်က ဒီနေရာကိုလာခဲ့စဥ်က စီနီယာ ကျွန်တော့်ကို တလော့အဆင့်ကို ထိုးဖောက်ပြီးမှ ပြန်လာဖို့ ပြောခဲ့တယ်.. အဲဒါ ဘာဖြစ်လို့လဲ ဆိုတာ ကျွန်တော် သိလို့ရမလား”

ဤနေရာက ကောင်းကင်ဧကရာဇ်နန်းတော်၏ ခန်းမသုံးဆယ့်ခြောက်ခုထဲမှ တစ်ခုဖြစ်သော ထျန်းယွမ်ခန်းမ ဖြစ်ပြီး သူကိုယ်တိုင်က ကောင်းကင်ဧကရာဇ် စည်းတံဆိပ် နည်းစနစ်ကို တတ်မြောက်ထားကာ မိုယွမ်၏ ဧကရာဇ်ဟု ခေါ်ဆိုခြင်းကိုလည်း ခံထားရသဖြင့် ဤနေရာသည် သူ့အတွက် အန္တရာယ်ရှိနိုင်မည် မဟုတ်ချေ။

သို့ဆိုလျှင် မိုယွမ်က အဘယ်ကြောင့် တလော့အင်မော်တယ်အဆင့်ကို ထိုးဖောက်ပြီးမှ ပြန်လာရန် အဘယ်ကြောင့် မှာကြားခဲ့ပါသနည်း။

“အဲဒီအချိန်တုန်းက ထျန်းယွမ်ခန်းမ တည်ရှိနေတဲ့ နယ်မြေက အင်မော်တယ်လောကကနေ ကွဲထွက်သွားခဲ့ပြီး ထျန်းယွမ်ခန်းမထဲက လူတွေအားလုံး ကျဆုံးသွားခဲ့ရတယ်.. အဲဒီနောက်မှာ ထျန်းယွမ်ခန်းမက လူတွေအားလုံး ရှေးဦးအင်‌မော်တယ်တွေအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဒီနေရာမှာ ရှင်သန်နေခဲ့ရတယ်.. မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီးတဲ့နောက်မှာ အစွမ်းထက် ကျင့်ကြံသူတချို့က ငါ့လိုမျိုး သူတို့ရဲ့ မှတ်ဥာဏ်တွေကို တဖြည်းဖြည်း ပြန်လည်ရရှိလာခဲ့ကြပြီး ထျန်းယွမ်ခန်းမကို ပြန်လည် တည်ဆောက်ခဲ့ကြတယ်"

"အစပိုင်းတုန်းကတော့ အားလုံးက ဒီကမ္ဘာထဲကနေ ရုန်းထွက်နိုင်ဖို့အတွက် အတူတကွ လက်တွဲပြီး ကြိုးပမ်းခဲ့ကြတာပေါ့.. ဒါပေမဲ့ နှမြောဖို့ကောင်းတာက ဒီကမ္ဘာကြီးက ဧရာမအကျဥ်းထောင်ကြီး တစ်ခုလို ဖြစ်နေခဲ့ပြီး ဘယ်လောက်ပဲကြိုးစားရုန်းကန်ပါစေ ရုန်းထွက်နိုင်ခြင်းမရှိခဲ့ကြဘူး.. ဒါကြောင့် အချိန်တွေ ကြာလာတာနဲ့အမျှ ခံယူချက်တွေလည်း ပြောင်းလဲသွားခဲ့ကြတယ်"

"သူတို့က ဒီကမ္ဘာထဲကနေ ထွက်ခွာသွားဖို့ မလိုလားကြတော့ပဲ ဒီနေရာကို သီးခြားလွတ်လပ်တဲ့ ကမ္ဘာတစ်ခု အဖြစ် သတ်မှတ်လိုက်ကြပြီး ဒီနေရာကို ရှေးဦးအင်မော်တယ်တွေနဲ့သာ သက်ဆိုင်တဲ့ ကမ္ဘာတစ်ခုအဖြစ် ဖန်တီးဖို့တောင် စီစဥ်နေခဲ့ကြပြီ”

မိုယွမ်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

“တကယ်လို့ ဧကရာဇ်သာ ဒီနေရာကို စောစောစီးစီး ရောက်လာနိုင်ခဲ့မယ်ဆိုရင် ထျန်းယွမ်ခန်းမထဲက ရှေးဦးအင်မော်တယ်တွေ အားလုံးက ဧကရာဇ်ရဲ့အမိန့်ကို နာခံကြလိမ့်မယ်.. ဒါပေမဲ့ အခုအချိန်မှာတော့ သူတို့က ဧကရာဇ် ပေါ်လာမှာကို လိုလားကြတော့မှာ မဟုတ်ဘူး”

ယခုအခါ ထျန်းယွမ်ခန်းမတွင် သူမှတစ်ပါး အခြား မည်သူကမှ ဧကရာဇ်ကျန်းချန် ပေါ်လာမည်ကို လိုလားကြလိမ့်မည် မဟုတ်ပေ။

ထိုစကားကို ကြားလိုက်ရလျှင် ကျန်းချန် မျက်မှောင်အနည်းငယ် တွန့်ကွေးသွားခဲ့သည်။

“ထျန်းယွမ်ခန်းမထဲမှာ ကျန်ရှိနေတဲ့ ရှေးဦးအင်မော်တယ်တွေရဲ့စွမ်းအားက ဘယ်လောက်အထိ ရှိလဲ”

“ငါတို့ ကျဆုံးသွားပြီးတဲ့နောက်မှာ ငါတို့ အားလုံးက ဘာမှတ်ဥာဏ်မှ မရှိတဲ့ လေလွင့်ဝိညာဥ်တွေ အဖြစ် ပြောင်းလဲသွားခဲ့တယ်.. နောက်ပိုင်းမှာ လေလွင့်ဝိညာဥ်တွေက တဖြည်းဖြည်း ပိုမို အားကောင်းလာပြီး မှတ်ဥာဏ်တွေ ပြန်လည်ရရှိလာခဲ့တယ်.. ဒါပေမဲ့ အထွတ်အထိပ်ကာလတုန်းက အခြေအနေမျိုးနဲ့တော့ ယှဥ်လို့ မရတော့ဘူးပေါ့”

မိုယွမ်က ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

“ငါအပါအဝင် ထိုက်ယီအင်မော်တယ်နဲ့ ယှဥ်ပြိုင်နိုင်စွမ်း ရှိတဲ့လူ သုံးယောက်ရှိတယ်.. တလော့အင်မော်တယ်နဲ့ ယှဥ်ပြိုင်နိုင်တဲ့လူကတော့ တစ်ဒါဇင်ကျော်လောက်ရှိလိမ့်မယ်.. ဒါ့အပြင် တလော့အင်မော်တယ် အဆင့်ကို ရောက်ရှိနေတဲ့ ရှေးဦးအင်မော်တယ်တွေ အားလုံးက သူတို့တွေ အသက်ရှင်စဥ်မှာ ဟန်ယွင်အဆင့် အင်မော်တယ်တွေ ဖြစ်ခဲ့ကြတာချည်းပဲ”

ထိုစကားကို ကြားလိုက်ရလျှင် ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်း တစ်ချက်မရှူဘဲ မနေနိုင်ခဲ့ပေ။

ကောင်းကင်ဧကရာဇ်နန်းတော်သည် အမှန်တကယ်ပင် တစ်ချိန်က အင်မော်တယ်လောက၏ ခေတ်တစ်ခေတ်ကို အုပ်စိုးခဲ့ဖူးသည့် အင်အားစုကြီး ဖြစ်ပြီး ၎င်း၏ စွမ်းအားသည် ကျန်းချန် စိတ်ကူးထားသည်ထက်ပင် များစွာ ကျော်လွန်နေခဲ့သည်။

ခန်းမသုံးဆယ့်ခြောက်ခု ထဲမှ တစ်ခု ဖြစ်သော ထျန်းယွမ်ခန်းမတွင် ပင်လျှင် အင်မော်တယ်ဘုရင် အဆင့်သာမက ဟန်ယွင်အဆင့် အင်မော်တယ် ဆယ်ယောက်ကျော် ရှိနေခဲ့သည်။

ဤကဲ့သို့ စွမ်းအားမျိုးသည် ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင် တည်ရှိသည့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေနှင့် နှိုင်းယှဥ်လျှင်ပင် သုံးပုံတစ်ပုံထက်မက ပိုမိုအားကောင်းနေခဲ့၏။

သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ထျန်းယွမ်ခန်းမမှ အစွမ်းထက် ကျင့်ကြံသူများသည် ရှေးဦးအင်မော်တယ်များအဖြစ် ပြောင်းလဲသွားခဲ့ကြပြီး ကလေးသူငယ် အရွယ်သို့ ပြန်လည် ရောက်ရှိသွားသလို ဖြစ်သွားခဲ့ကာ ကျင့်ကြံခြင်းလမ်းစဥ်ကို အသစ် ပြန်လည်လျှောက်လှမ်းနေခဲ့ရ၍ သူတို့၏ စွမ်းရည်သည် အထွတ်အထိပ်ကာလတွင် ရှိစဥ်ကလိုမျိုး ဆယ်ပုံတစ်ပုံမျှပင် မရှိတော့ချေ။

အကယ်၍ ထိုက်ယီအင်မော်တယ် အဆင့် နှစ်ဦးမျှသာ ဆိုလျှင် သူက ကိုင်တွယ်ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။

“စီနီယာက ကျွန်တော့်ကို အထင်ကြီးလွန်းနေပုံပဲ”

ကျန်းချန်က စူးစမ်းစွာဖြင့် မမေးဘဲ မနေနိုင်ခဲ့ချေ။

“စီနီယာသိတဲ့အတိုင်းပဲ.. စီနီယာအပြင် ထိုက်ယီအင်မော်တယ်အဆင့်နှစ်ယောက်နဲ့ တလော့အင်မော်တယ် အဆင့် ရှေးဦးအင်မော်တယ် တစ်ဒါဇင်ကျော် ရှိနေတာတောင် စီနီယာက ဘာလို့ ဒီလောက်အထိ သေချာနေရတာလဲ.. ကျွန်တော်က တလော့အဆင့်ကို ‌ရောက်တာနဲ့ လက်ရှိ အခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်လို့ စီနီယာ ဘာလို့ ထင်နေရတာလဲ”

အခန်း(၂၉၄၉)ပြီး၏။

All Chapters