← Chapters

အခန်း ၂၉၅၀

Vol. 235 Ch. 2950

အခန်း ၂၉၅၀

Vol. 235 Ch. 2950

အခန်း (၂၉၅၀)

“တလော့အင်မော်တယ် အဆင့်နဲ့တင် ထိုက်ယီအင်မော်တယ်အဆင့်ကို ယှဥ်နိုင်တဲ့ တိုက်ခိုက်ရေးစွမ်းရည်မျိုး ရှိနေဖို့က သာမန်လူတွေ အတွက် အလှမ်းဝေးပေမဲ့ ဧကရာဇ်ကတော့ မတူဘူးလေ”

မိုယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

“တစ်ချိန်က ကောင်းကင်ဧကရာဇ်နန်းတော်မှာ တလော့အင်မော်တယ်အဆင့်နဲ့တင် ထိုက်ယီအင်မော်တယ် အဆင့်ကို အနိုင်ယူနိုင်ခဲ့တဲ့ ပါရမီရှင်တွေ မရေမတွက်နိုင်အောင် ရှိခဲ့တယ်.. တကယ်လို့ ဧကရာဇ်မှာ ဒီလို စွမ်းရည်မျိုးတောင် မရှိဘူးဆိုရင် ဧကရာဇ်က ဘယ်လိုလုပ် ကောင်းကင်ဧကရာဇ်စည်းတံဆိပ်ကို တတ်မြောက်ပြီး ကောင်းကင်ဧကရာဇ်နန်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်လာနိုင်မှာလဲ”

ထိုစကားကို ကြားလိုက်ရလျှင် ကျန်းချန်၏ စိတ်နှလုံးသည် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

မိုယွမ်၏ စကားအရဆိုလျှင် ကောင်းကင်ဧကရာဇ် နန်းတော်က အင်မော်တယ်လောကကို အုပ်စိုးခဲ့သည့်ခေတ်၌ အင်မော်တယ်လောကတွင် အစွမ်းထက် ကျင့်ကြံသူများသည် မိုးရေစက်များ ကဲ့သို့ ပေါများခဲ့ပုံ ရ၏။

ထိုခေတ်ကာလက အင်မော်တယ်လောက၏ အင်အားသည် ယခုလက်ရှိ အင်မော်တယ်လောကထက် အဆပေါင်းများစွာ သာလွန်နေပေလိမ့်မည်။

ယနေ့ခေတ် အင်မော်တယ်လောကတွင်မူ တလော့အဆင့်ကို အလွယ်တကူ ထိုးဖောက်နိုင်သည့် တလော့အဆင့် ပါရမီရှင်များပင်လျှင် အလွန်အမင်း ရှားပါးနေခဲ့ချေပြီ။

ယေဘုယျအားဖြင့် ဟန်ယွင်အဆင့် အင်အားစုကြီးများတွင်သာ ထိုကဲ့သို့ ပါရမီရှင်မျိုး မွေးဖွားနိုင်ကြပြီး တလော့အင်မော်တယ် အဆင့်ဖြင့် ထိုက်ယီအင်မော်တယ် အဆင့်ကို သတ်ဖြတ်နိုင်သည့် စွမ်းရည်မျိုး ဆိုလျှင် ဆိုဖွယ်ရာမရှိတော့ချေ။

ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး သူ၏အတွေးစများကို ရှင်းထုတ်လိုက်ကာ ချက်ချင်းပင် မေးလိုက်သည်။

“စီနီယာ.. ထျန်းယွမ်ခန်းမမှာ ကျွန်တော့်ရဲ့ကျင့်ကြံခြင်းအတွက် အထောက်အကူဖြစ်စေမဲ့ အရာတစ်ခုခု ရှိနေလို့လား”

မိုယွမ်ကို ဖယ်လိုက်လျှင် ထိုက်ယီအင်မော်တယ်အဆင့် ရှေးဦးအင်မော်တယ် နှစ်ပါးနှင့် တလော့အင်မော်တယ်အဆင့်‌ ရှေးဦးအင်မော်တယ် တစ်ဒါဇင်ကျော် ဟူသော အင်အားမျိုးသည် သူ့အတွက် အလွန်အမင်း အန္တရာယ်ကြီးမားသည်ဟု ဆို၍ ရသည်။

ထို့ကြောင့် ထျန်းယွမ်ခန်းမတွင် သူ့အတွက် လိုအပ်သောအရာမရှိသရွေ့ ကျန်းချန် အနေဖြင့် ဤရှေးဦးအင်မော်တယ်များကို သွားမဆွချင်ခဲ့ပေ။

“ကောင်းကင်ဧကရာဇ်နန်းတော်ရဲ့ ခန်းမသုံးဆယ့်ခြောက်ခုထဲက တစ်ခုအနေနဲ့ ထျန်းယွမ်ခန်းမမှာ ကျင့်ကြံခြင်းအရင်းအမြစ်တွေ အများအပြား စုဆောင်းထားတာတော့ အမှန်ပဲ.. ဒါပေမဲ့ အခုအချိန်မှာ အဲဒီအရင်းအမြစ်တွေ ဘယ်လောက်အထိ ကျန်နေသေးလဲ ဆိုတာတော့ ကျွန်တော်လည်းမသိဘူး”

မိုယွမ်က ကျန်းချန်ကို ကြည့်ကာ အ‌လေးအနက် ပြောလိုက်သည်။

“တကယ်တမ်းပြောရရင် ဒါတွေအားလုံးက အရေးမကြီးပါဘူး.. ဘယ်လိုပဲဖြစ်ဖြစ် ဧကရာဇ်အနေနဲ့ အတွင်းထဲကို မဝင်လို့တော့မရဘူး.. ထျန်းယွမ်ခန်းမထဲမှာ ရှိနေတဲ့ အရာတစ်ခုကိုတော့ ဧကရာဇ် ရအောင် သေချာပေါက် ယူရလိမ့်မယ်”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာပေါ်၌ အံ့အားသင့်သော အရိပ်အယောင်တစ်ခု ယှက်သန်းသွားခဲ့သည်။

“အဲဒါက ဘာလဲ”

မိုယွမ်က တစ်လုံးချင်း သေချာပြတ်သားစွာ ပြောလိုက်သည်။

“အဲဒီအရာက ကောင်းကင် ဧကရာဇ်ရဲ့ မူလအသက်ဓာတ်ပဲ”

မိုယွမ်၏ စကားဆုံးသည်နှင့် ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့ပြီး ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် မေးလိုက်သည်။

“အဲဒီ မူလအသက်ဓာတ်က ကောင်းကင်ဧကရာဇ်နဲ့ သက်ဆိုင်နေတာလား”

“ဟုတ်တယ်”

မိုယွမ်က ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“ကောင်းကင်ဧကရာဇ်နန်းတော်ရဲ့ ခန်းမသုံးဆယ့်ခြောက်ခုကို တည်ထောင်ခဲ့စဥ်က ကံကြမ္မာကို ဖိနှိပ်ချုပ်ကိုင်နိုင်ဖို့ အတွက် ကောင်းကင်ဧကရာဇ်က ခန်းမတစ်ခုချင်းစီမှာ မူလအသက်ဓာတ် အပိုင်းအစ တစ်ခုစီကို ချန်ထားပေးခဲ့တယ်.. အဲဒီမူလအသက်ဓာတ်ထဲမှာ မယုံကြည်နိုင်လောက်အောင် အစွမ်းထက်တဲ့ စွမ်းအားတွေ ပါဝင်နေတယ်”

“ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ်..”

ကျန်းချန်က စိတ်နှလုံးထဲတွင် ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

မူလအသက်ဓာတ် ဆိုသည်မှာ မည်ကဲ့သို့သောအရာဖြစ်သည်ကို သူသေချာ မသိသော်လည်း ခေတ်တစ်ခေတ်လုံးကို ဖိနှိပ်ချုပ်ချယ်ခဲ့သည့် ပြိုင်ဘက်ကင်း အင်မော်တယ်ဧကရာဇ် ဖြစ်သော ကောင်းကင်ဧကရာဇ် ကိုယ်တိုင် ချန်ထားခဲ့သောအရာဖြစ်၍ သေချာပေါက် ထူးခြားမည်မှာ တွေးနေစရာပင် မလိုပေ။

အကယ်၍ သူသာ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို ရရှိနိုင်မည် ဆိုလျှင် သူ၏ စွမ်းအားသည် အကြီးအကျယ် ခုန်ပေါက် တိုးတက်သွားလိမ့်မည် မဟုတ်ပါလား။

“ကောင်းကင်ဧကရာဇ်နန်းတော်ရဲ့ အင်မော်တယ်ဘုရင်အဆင့်ကျင့်ကြံသူအားလုံးကို ဆင့်ခေါ်စဥ်က ကောင်းကင်ဧကရာဇ်နန်းတော်မှာ တစ်စုံတစ်ရာ ဖြစ်ပျက်တော့မယ် ဆိုတာကို ကောင်းကင်ဧကရာဇ် ကြိုတင်သိမြင်ခဲ့ပုံပဲ...ဒါကြောင့်မို့ ကောင်းကင်ဧကရာဇ်က ဧကရာဇ်အမိန့်ပြန်တမ်း တစ်ခုကို ချန်ထားရစ်ခဲ့တယ်.. အဲဒီဧကရာဇ်အမိန့်ပြန်တမ်း ထဲမှာ သူ့ရဲ့ဆက်ခံသူ ပြန်လည် ရောက်ရှိလာမဲ့ အချိန်အထိ စောင့်ဆိုင်းဖို့နဲ့ ကောင်းကင်ဧကရာဇ် နန်းတော် ပြန်လည်နိုးထလာစေဖို့ အတွက် ဧကရာဇ်ရဲ့ မူလအသက်ဓာတ်တွေကို စုဆောင်းရာမှာ ဆက်ခံသူကို ကူညီပံ့ပိုးပေးဖို့ ညွှန်ကြားခဲ့တယ်.. တကယ်လို့ ခန်းမသုံးဆယ့်ခြောက်ခုလုံးမှာ ရှိတဲ့ ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ်တွေကိုသာ စုစည်းနိုင်မယ်ဆိုရင် ကောင်းကင်ဧကရာဇ်နဲ့ ယှဥ်လို့ မရနိုင်ရင်တောင်မှ အနည်းဆုံးတော့ ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်တဲ့ အင်မော်တယ်ဧကရာဇ် တစ်ပါး သေချာပေါက် ဖြစ်လာနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်”

ထိုခဏဝယ် မိုယွမ်၏ စကားသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းမရှူဘဲ မနေနိုင်ခဲ့ချေ။

ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ထဲတွင် သူစိတ်ကူးထားသည်ထက်ပင် ပိုမို ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများ ကိန်းအောင်းနေပုံ ရ၏။

ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီးနောက်တွင် ပို၍ အရေးကြီးသော မေးခွန်းတစ်ခုကို မေးမြန်းလိုက်သည်။

“စီနီယာ.. ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ်ထဲမှာ ဒီလိုမျိုး စွမ်းအားတွေ ရှိနေတာ ဆိုတော့ ထျန်းယွမ်ခန်းမက လူတွေထဲမှာ ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ်ကို လက်ဝါးကြီး အုပ်ချင်နေတဲ့သူတွေ ရှိမနေဘူးလား”

တစ်ချိန်က ထျန်းယွမ်ခန်းမ၏ အဖွဲ့ဝင်များ ဖြစ်ခဲ့ဖူးသော ရှေးဦးအင်မော်တယ်များသည် ယနေ့ခေတ်တွင် ဧကရာဇ်အမိန့်ပြန်တမ်းကို အထင်အရှား ချိုးဖောက်ထားကြပြီ ဖြစ်သည်။

သို့ဖြစ်ရာ ၎င်းတို့အနေဖြင့် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို အပိုင်သိမ်းပိုက်ရန် မကြိုးစားဘဲ နေလိမ့်မည် မဟုတ်ပေ။

“သူတို့တွေက ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ်ကို မလိုချင်ဘဲ နေပါ့မလား”

မိုယွမ်က အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

“ဒီနှစ်တွေ တစ်လျှောက်လုံးမှာ သူတို့တွေ မရေမတွက်နိုင်အောင် ကြိုးစားခဲ့ကြပေမဲ့ တစ်ကြိမ်လေးတောင် အောင်မြင်မှုမရခဲ့ကြဘူး.. ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ်ဆိုတာက ကောင်းကင်ဧကရာဇ် စည်းတံဆိပ် နည်းစနစ်ကို တတ်မြောက်ထားတဲ့သူတွေသာ ချဥ်းကပ်လို့ရတဲ့ အရာမျိုးပဲ.. သူတို့က ဘယ်လိုလုပ်ပြီး အလွယ်တကူ လက်ဝါးကြီးအုပ်နိုင်မှာလဲ”

“ဒါဆိုလည်း စီနီယာ ကျွန်တော့်ကို လမ်းပြပေးပါဦး”

ကျန်းချန်ကို အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်ကာ ပြောလိုက်သည်။

ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် ဆိုသည်မှာ အင်မော်တယ်ဧကရာဇ်အဆင့် ကျင့်ကြံသူ ဖြစ်သည့် ကောင်းကင်ဧကရာဇ် ကိုယ်တိုင် ချန်ထားရစ်ခဲ့သောစွမ်းအား ဖြစ်သည်။

ယခု သူ့တွင် ဤကဲ့သို့ အခွင့်အရေးမျိုး ရှိနေပြီ ဖြစ်ရာ ကျန်းချန်အနေဖြင့် ငြင်းပယ်စရာ အကြောင်းရင်း လုံးဝမရှိချေ။

ထိုနေရာတွင် ရှေးဦးအင်မော်တယ် များစွာ ရှိနေသော်လည်း သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်သည် ထိုက်ယီအင်မော်တယ်အဆင့်နှင့် ယှဥ်လျှင် နိမ့်ကျမနေသည့် အပြင် အင်မော်တယ်ဘုရင် ရုပ်အလောင်းလည်း ရှိနေသေးသည် ဖြစ်ရာ သူ့အနေဖြင့် အရမ်းကြီး ကြောက်ရွံ့နေစရာ မလိုအပ်ချေ။

မိုယွမ်က ခေါင်းညိတ်လိုက်ပြီး ဘာစကားမျှ ထပ်မပြောတော့ဘဲ ကျန်းချန်ကို ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံး နေရာ ဆီသို့ တိုက်ရိုက်ပင် ခေါ်ဆောင်သွားခဲ့သည်။

မကြာမီမှာပင် မိုယွမ်၏ လမ်းပြမှုအောက်တွင် ကျန်းချန်သည် အလွန်တရာ ကျယ်ပြောသော နန်းတော် အစုအဝေးကြီးတစ်ခု၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။

ဤနေရာမှ နန်းတော်များသည် အလွန်ပင် ‌ရှေးကျပြီး တည်ရှိခဲ့သည့် သမိုင်းကြောင်းမှာလည်း အတော်လေး ရှည်လျားသည်။

တစ်နှစ်ပတ်လုံး ပြင်းထန်သောအရှိန်အဝါများဖြင့် ဖုံးလွှမ်းခြင်းကို ခံထားရသဖြင့် ထိုနန်းတော်များသည် ငရဲကိုးလွှာကနေ ထွက်ပေါ်လာသည့် အလား ခံစားရစေ၏။

မိုယွမ်က ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်တန့်လိုက်ပြီး နန်းတော် အစုအဝေး၏ ဗဟိုချက်ရှိ နေရာတစ်နေရာ ဆီသို့ လက်ညှိုးညွှန်ပြကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“နန်းတော် အစုအဝေးကြီးရဲ့ အလယ်ဗဟိုမှာ ရှိတဲ့ ရွှေရောင်နန်းတော်ကြီးကို တွေ့လား...အဲဒါက ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ် တည်ရှိတဲ့နေရာပဲ”

ကျန်းချန်က မိုယွမ် ညွှန်ပြသည့်နေရာကို ကြည့်လိုက်ရာ နန်းတော် အစုအဝေးကြီးထဲတွင် အမြင့်မီတာ တစ်ရာခန့်ရှိသော ရွှေရောင်နန်းတော်ကြီး တစ်ခုကို တွေ့ရှိလိုက်ရသည်။

ထိုရွှေရောင်နန်းတော်ကြီးသည် ဆန်းကြယ်သော စွမ်းအားတစ်ခု၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံထားရပုံရပြီး ပတ်ဝန်းကျင်၏ တိုက်စားမှုကို လုံးဝမခံရဘဲ အထူးပင် တောက်ပ လင်းလက်နေခဲ့၏။

“ဧကရာဇ်...ကျွန်တော် အဲဒီ ထိုက်ယီအဆင့် ရှေးဦးအင်မော်တယ် နှစ်ပါးကို တစ်ခဏလောက် ထိန်းထားပေးမယ်...ကျန်တာကတော့ ဧကရာဇ်အပေါ်မှာပဲ မူတည်တယ်”

ထိုခဏဝယ် မိုယွမ်၏ မျက်နှာအမူအရာက လေးနက်တည်ကြည်သွားခဲ့သည်။

ထိုက်ယီအင်မော်တယ် အဆင့်နှင့် ယှဥ်နိုင်သည့် ရှေး‌ဦးအင်မော်တယ်နှစ်ပါးသည် တစ်ချိန်က ဟန်ယွင်အထွတ်အထိပ် အဆင့်ကို ရောက်ရှိခဲ့ကြသည့် အစွမ်းထက် ကျင့်ကြံသူများ ဖြစ်ကြသည်။

ထိုအချိန်က သူသည် ထျန်းယွမ်ခန်းမ၏ အင်မော်တယ်ဘုရင် ပြီးလျှင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်အဖြစ် လူသိများခဲ့သလို ထိုနှစ်ယောက်သည်လည်း သာမန် ကျင့်ကြံသူများ မဟုတ်ကြပေ။

အကယ်၍ တစ်ဦးချင်းသာ တိုက်ခိုက်ရမည် ဆိုလျှင် မိုယွမ်အနေဖြင့် ထိုနှစ်ယောက်ထဲမှ မည်သူ့ကိုမဆို ကြောက်ရွံ့နေမည် မဟုတ်သော်လည်း နှစ်ယောက် တစ်ယောက် ယှဥ်ပြိုင်တိုက်ခုက်ရန်မှာမူ မလွယ်ကူချေ။

ကျန်းချန်က ယုံကြည်မှု အပြည့်ဖြင့် ပြုံး၍ ပြောလိုက်သည်။

“စီနီယာ စိတ်မပူပါနဲ့.. ကျွန်တော် ဒီနေရာကို ရောက်လာပြီ ဆိုမှတော့ ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ်ကို သေချာပေါက် ရအောင်ယူမှာပါ”

“ဟားဟား ဧကရာဇ်ပီသပါပေတယ်.. တကယ်ကို ရဲရင့်ပြတ်သားတာပဲ”

မိုယွမ်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

သူ၏ သူရဲကောင်းဆန်သော ရယ်မောသံသည် ပတ်ဝန်းကျင်ကို ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့၏။

“အဆောင်မှူးနှစ်ယောက် နှစ်ယောက်...မိုယွမ် လာရောက်လည်ပတ်တယ်.. တွေ့ကြရအောင်”

“ဝုန်း..”

“ဝုန်း..”

မိုယွမ်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် အောက်ဘက်ရှိ နန်းတော် နှစ်ဆောင် ဆီကနေ အနက်ရောင် အလင်းတန်းနှစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်လာခဲ့ပြီး ပုံရိပ်နှစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဘယ်ဘက်ရှိ ဆံဖြူအဘိုးအိုက မိုယွမ်နှင့် ကျန်းချန်ကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

“မိုယွမ် ဒီကောင်လေးက ဘယ်သူလဲ.. မင်း ဘာဖြစ်လို့ သူ့ကို ထျန်းယွမ်ခန်းမဆီ ခေါ်လာရတာလဲ”

သူတို့ ယခု ရောက်ရှိနေသော ကမ္ဘာကြီးသည် အင်‌မော်တယ်လောကထဲမှာ လူတချို့၏ အမွေအနှစ်နယ်မြေ အဖြစ် သတ်မှတ်ခံထားရပြီး ဤနေရာကို စူးစမ်းလေ့လာရန် အတွက် မကြာခဏ လူများစေလွှတ်လေ့ ရှိကြသည်။

သို့သော်လည်း ထျန်းယွမ်ခန်းမကို ရောက်လာသည့် လူများထဲတွင် မည်သူကမှ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ခြင်း မရှိခဲ့ကြပေ။

ယခုအခါတွင်မူ မိုယွမ်သည် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်ကို ထျန်းယွမ်ခန်းမဆီ လမ်းပြကာ ခေါ်ဆောင်လာခဲ့သည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် အနက်ရောင်ဝတ်စုံဝတ်လူငယ်၏ အထောက်အထားက သေချာပေါက် မရိုးရှင်းသည်မှာ ထင်ရှားနေခဲ့ပြီး ၎င်းသည် မိုယွမ် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည့် ဧကရာဇ်ဆက်ခံသူ ဖြစ်ရန် အလွန်ပင် အလားအလာ ရှိနေခဲ့သည်။

အခန်း(၂၉၅၀)ပြီး၏။

All Chapters