← Chapters

နံရံပေါ်က အမျိုးသမီး

Vol. 34 Ch. 340

နံရံပေါ်က အမျိုးသမီး

Vol. 34 Ch. 340

“ လူကြီးတွေ သူတို့ကလေးတွေကို ဒီနေရာနဲ့ ဝေးဝေးနေခိုင်းတာ အကြောင်းအရင်း တစ်ခုခုတော့ ကျိန်းသေပေါက် ရှိရမယ် …” ကျိုးခဲ့ရှင်း မနေနိုင်ဘဲ ဝင်ပြောလိုက်၏။

“ ဒီအိမ်က သရဲခြောက်တဲ့အိမ်ဖြစ်နေလို့များလားနော် …”

“ အစ်ကိုဟူကလည်း ဒီလို အကြောင်းတွေ သိနေတာတောင် ဘာလို့ ဒီအိမ်ကြီးကို ဝယ်လိုက်သေးလဲ ….”

“ ဘာလို့ဆို ငါက ရူးမိုက်ပြီး တုံးအလို့ပေါ့ ….” ဟူလျန်မှာ ခါးသီးစွာ ပြုံးလိုက်ပြီး “ အဲ့တုန်းက ငါနဲ့ ငါ့ကောင်မလေးက တစ္ဆေသရဲတွေရှိတာကို မယုံဘူး … “

“ ဒါပေမယ့် ငါနဲ့ ငါ့ကောင်မလေး နှစ်ယောက်လုံးက တော်တော်လေး သတ္တိကြောင်တဲ့ထဲ ပါတယ် …”

“ ငါတို့ ကျေးလက်ဘက်ကို ပထမဆုံးအကြိမ် ရွေ့ပြောင်းနေတုန်းကဆိုရင် ညတိုင်းည အိမ်သာကို အတူလက်တွဲပြီး သွားတာ ….”

“ အချိန်ကြာလာတော့ ငါတို့ရဲ့ သတ္တိတွေလည်း ကြီးထွားလာတယ် ….”

“ ဒါပေမယ့်လည်း ကျေးလက်ဘက်တွေမှာ နေတယ်ဆိုတော့လည်း နေ့တိုင်းနေ့ ဒဏ္ဍာရီပုံပြင်တွေ၊ တစ္ဆေသရဲအကြောင်းတွေဆိုတာ မကြားချင်မှ အဆုံး ကြားနေရတာပါပဲ ….”

“ ငါ ငှားလိုက်တဲ့ အလုပ်သမား တစ်ချို့ကလည်း ဒီအိမ်ကြီး ဘာကြောင့် စွန့်ပစ်ခံလိုက်ရလဲဆိုတာ မသိပေမယ့် ဒီမှာ ထူးဆန်းသည့် သဘာဝလွန် ဖြစ်ရပ်တွေ ဖြစ်တာကိုတော့ မကြားမိကြဘူး ….”

“ အဲ့တာကြောင့်လည်း စိတ်ချလက်ချ ဖြစ်နေမိတာပေါ့ ….”

“ လူကြီးတွေက သူတို့ရဲ့ အသိဉာဏ်နဲ့ မရှင်းပြနိုင်တဲ့ တစ်ခုခုကို မြင်တွေ့ပြီဆို နတ်တွေ၊ တစ္ဆေသရဲတွေလို့ပဲ ခေါင်းစဉ်တပ်လိုက်ကြတယ်လေ ….”

“ ဒီနေရာက သီးခြားဆန်ပြီး လူမနေတာလည်း ကြာပြီဆိုတော့ တစ္ဆေသရဲတွေကို ဆွဲဆောင်နေတယ်လို့လည်း ထင်နေမိကြတာ နေမှာပေါ့ … အဲ့တာကြောင့်လည်း ကလေးတွေကို အိမ်နားမကပ်ခိုင်းတာ ဖြစ်လောက်တယ် ….”

ထို့နောက် ဟူလျန်က အဓိကအကြောင်းအရာထံ ပြန်သွားသည်။

ထိန်းသိမ်းမှု ကင်းမဲ့ခြင်းကြောင့် အိမ်အဟောင်းကြီး၏ ထောက်တန်းတိုင်များက အတိုင်းအတာတစ်ခုထိအောင် ထိခိုက်ပျက်စီးနေလေပြီ။

တိုင်တစ်ခုဆိုလျှင် အထဲတွင် ခြများဖြင့် ပြည့်နှက်နေလျက်ရှိ၏။

ပထမဆုံး အလုပ်စလုပ်သည့်နေမှာပဲ အလုပ်သမား တစ်ယောက် မတော်တဆ ဖြစ်သွားခဲ့သည်။

အလုပ်လုပ်နေစဉ် အာရုံပျံ့လွင့်သွားခဲ့ပြီး သူ့လက်မှာ စက်လွှထဲ ပါလုနီးနီး ဖြစ်သွားခဲ့၏။

နောက်ရက်အနည်းငယ်ထိတိုင်အောင် ထူးဆန်းသည့် ကိစ္စရပ်များက အလုပ်သမားများထံတွင် တစ်ခုပြီး တစ်ခု စတင် ဖြစ်ပေါ်လာသည်။

တစ်ဦးဆို အပေါ်က ပြုတ်ကျလာသည့် ကြွပ်ပြားကြောင့် ခေါင်းထိမှန်လုနီးပါးပင်။

နောက်တစ်ယောက်ကလည်း အော့အန်မူးဝေပြီး မအီမသာ‌တွေ ဖြစ်နေသည်။

ပြင်းထန်သည့် ကိစ္စရပ်များ မဟုတ်သော်လည်း အဆိုပါ စိတ်ကူးမယဉ်နိုင်လောက်သည့် ထူးဆန်းသည့် ကိစ္စရပ်များကပင် သူတို့အားလုံးကို ကြောက်လန့်သွားစေဖို့ လုံလောက်နေပြီး ဖြစ်၏။

ရွာသားတစ်ဦးက ဟူလျန်ကို နတ်တင်ပြီးမှ လုပ်ငန်း ဆက်လုပ်ဖို့ သတိပေးသည်။

ယခုလို ပြဿနာ အနှောင့်အယှက် မျိုးစုံနှင့် ကြုံတွေ့နေရသည်က လုပ်ငန်းမစမီ နတ်ပွဲပေးဖို့ မေ့လျော့နေခြင်းကြောင့် ဖြစ်နိုင်လေသည်။

ယင်းကြောင့်လည်းပဲ နတ်ဘုရားများ မကျေမနပ်ဖြစ်ပြီး သူတို့အား ပြစ်ဒဏ်ခတ်နေခြင်း ဖြစ်လောက်သည်။

“ အမှန်အတိုင်း ဝန်ခံရရင် ငါလည်း အဲ့တုန်းက အတော်လေးကို ဆွံ့အသွားခဲ့တာ ….”

“ နတ်ဘုရားတွေက အဲ့လောက်ထိတော့ သဘောထား မသေးသိမ်လောက်ပါဘူး ဟုတ်တယ်မလား ….”

“ သူတို့ကို မရှိခိုးတာနဲ့ပဲ ပြဿနာရှာမယ့် နတ် မရှိဘူးလို့ ထင်တာပဲ …”

“ ရှိခဲ့ရင်လည်း အဲ့တာ နတ်မဟုတ်လို့ပဲ ….”

ဟူလျန်မှာ စပြီး စောဒကတက်တော့၏။

ဟူလျန်နှင့် သူ့ကောင်မလေးတို့က မြင့်မားသည့် ပညာရေးကို သင်ယူခဲ့ကြရပြီး ထိုသို့သော ပေါက်တတ်ကရများကို မယုံကြည်ပေ။

သို့ပေမယ့်လည်း …

ဆောက်လုပ်ရေး စတင်ကတည်းက ထူးဆန်းသည့် ကိစ္စရပ်များမှာ နေ့စဉ်နှင့် အမျှ ဖြစ်ပျက်နေလေရာ မယုံကြည်သည်ထက် အစဉ်အလာကို လိုက်နာလိုက်သည်က ပိုကောင်းသည်ဟု အကြံဉာဏ်ဖြင့် အင်တာနက်ပေါ်တွင် ပွဲပေးပြီး ဆုတောင်းသည့် နည်းလမ်းကို ရှာဖွေခဲ့သည်။

အမွှေးတိုင်များ ဝယ်ယူပြီးနောက် အိမ်ဝင်ပေါက်ဝတွင် စိုက်ထူပြီး တိရစ္ဆာန်သုံးကောင်ကိုလည်း အတူ ယစ်ဇ်ပူဇော်သည်။

အမွှေးတိုင်များ ထွန်းညှိခြင်း၊ ဆုတောင်းခြင်းတို့ ပြုလုပ်ပြီးနောက် ဗျောက်အိုးများလည်း ဖောက်ခဲ့သေး၏။

“ ဒေါက်တာချန် … တိရစ္ဆာန် သုံးကောင်က ဘာတွေလဲဟင် …”

ကျိုးခဲ့ရှင်းက သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။

“ သိုး ၊ နွား ၊ ဝက် ….”

“ ကျေးလက်ရိုးရာ ဒဏ္ဍာရီတွေထဲမှာ ရှေးတုန်းကတည်းက သိုး၊ နွား နဲ့ ဝက်တွေက နတ်ဘုရားတွေဆီ ယစ်ဇ်ပူဇော် ဆက်သတဲ့နေရာမှာ အရေးပါတဲ့ သားကောင်တွေပဲ …” ချန်ယွီ့ ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။

“ အဲ့နောက်ရော … အဲ့လို ပွဲပေးပြီးတော့ အားလုံး ပုံမှန် ပြန်ဖြစ်သွားရောလား …” ကျိုးခဲ့ရှင်း မေးလိုက်သည်။

“ အားလုံး ပုံမှန် ပြန်ဖြစ်သွားတယ် ….”

ဟူလျန် ခါးသက်နေသည့် အမူအရာဖြင့် သူ့မျက်နှာသူ ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်၏။

အင်တာနက်ပေါ်က ပွဲပေးသည့် နည်းလမ်းအတိုင်း သူ သားကောင် သုံးကောင်ကို ဝယ်ယူပြီး ပွဲပေးခဲ့သည်။

အလုပ်သမားများလည်း မည်သည့်ပြဿနာတို့နှင့်မျှ မကြုံတွေ့ကြရတော့ပေ။

သို့တိုင် … သူနှင့် သူ့ကောင်မလေးတို့ကတော့ ရှင်းပြ၍ မရနိုင်သည့် ထူးဆန်းသည့် ဖြစ်ရပ်မျိုးစုံနှင့် ကြုံတွေ့လာရလေသည်။

သူ့အိမ်ကြီး ပြန်လည် မွမ်းမံပြင်ဆင်ပါပြီဆိုကတည်းက ဟူလျန် လိုက်စထွင်းကို စတင်ခဲ့သည်။

ဆယ်မိနစ်ကြာပြီးနောက် လိုက်စထွင်းမှာ ဖြတ်တောက်ခံလိုက်ရ၏။

သူ့လိုက်စထွင်းနှင့် ပတ်သက်၍ ပြဿနာ ရှိနေခြင်းတော့ မဟုတ်။ အိမ်က ရုတ်ချည်း မီးပျက်သွား၍ပင်။

စုံစမ်းကြည့်ပြီးနောက် အပြင်ဘက်တွင် ဆက်သွယ်ထားသည့် ဝိုင်ယာများက ပြတ်တောက်သွားခြင်းပင်။

ယင်းက ထူးထူးဆန်းဆန်း ပြတ်တောက်နေသည်။

အရည်အသွေးဆိုင်ရာ ပြဿနာကြောင့် ပြတ်တောက်သွားခြင်းလည်း မဟုတ်သလို တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်လိုက်ခြင်းလည်း မဟုတ်ပေ။

ထိုအစား တိရစ္ဆာန် တစ်ကောင်ကောင်က ကိုက်ဖြတ်သွားသည်နှင့် တူသည်။

ဟူလျန် ဖုန်းထုတ်၍ ဓာတ်ပုံတစ်ပုံကို ဖွင့်ပြလိုက်၏။

ပုံထဲတွင် ဝိုင်ယာများက ထူးဆန်းစွာ ကိုက်ခံထားရပြီး ပြတ်တောက်နေသည်။

“ ငါလည်း အနီးနားက လေလွင့်ကြောင်တွေ၊ ခွေးတွေ ကိုက်သွားတာ နေမှာပါဆိုပြီး ခေါင်းထဲ ထားမနေခဲ့ဘူး ….”

“ မီးသမား တစ်ယောက် ငှားပြီး ဝိုင်ယာတွေ လဲလိုက်တယ် …”

“ လျှပ်စစ်မီးလည်း ပြန်လာပြီ … ဒါပေမယ့် အဲ့မှာ ရေပြဿနာက စတော့တာပဲ ….”

စစချင်းတော့ ရေက ပြတ်တောင်းပြတ်တောင်းနှင့် လေခိုနေသလို ဖြစ်သော်လည်း နောက်ပိုင်းတွင် ရေက လုံးဝ ပြတ်သွားခဲ့သည်။ ဟူလျန်နှင့် သူ့ကောင်မလေးလည်း တဖြည်းဖြည်းချင်း စတင် သံသယဝင်မိလာသည်။

တစ္ဆေသရဲဟူသည် မရှိပေ။ သို့သော် မိမိတို့၏ ပတ်ဝန်းကျင်တွင်တော့ ထူးဆန်းသည့် ဖြစ်ရပ်မျိုးစုံက ဖြစ်ပေါ်နေသည်။

အကယ်၍ တကယ်ပဲ သရဲတစ်ကောင်ကောင် ရှိနေခဲ့လျှင်လည်း သူတို့ နှစ်ယောက်လုံး မမြင်ဖူးကြပေ။

ညဘက် အိပ်စက်သည့် အချိန်တွင်လည်း နှစ်ဦးမှာ ထူးဆန်းသည့် အသံများကို ကြားနေရ၏။

တိရစ္ဆာန်၏ အော်သံလိုလို၊ ကလေးတစ်ယောက် ငိုသံလိုလို။

နေ့ခင်းပိုင်းတွင် အရာအားလုံးက ပုံမှန်ဆိုသော်ငြားလည်း ညရောက်နေသည့် ထူးဆန်းသည့် အရာမျိုးစုံက မကြာခဏဆိုသလို ဖြစ်ပျက်နေတော့၏။

တစ်ည၊ အပြင်ဘက်၌ မိုးသည်းပြီး လျှပ်စီးလက်နေချိန်။

နှစ်ဦးမှာ အိပ်မောကျနေလျက် ရှိ၏။ ထိုအချိန်မှာပဲ တစ်စုံတစ်ဦးက သူတို့နာမည်ကို ခေါ်လာသည်။

စိတ်ထဲတွင်တော့ သူတို့ မိတ်ဆွေသူငယ်ချင်းတစ်ယောက်ယောက်က အရေးကြီး ကိစ္စကြောင့် ညတွင်းချင်း ရောက်လာသည်ဟု ထင်မှတ်နေခဲ့ပြီး အလျင်စလို အဝတ်အစား လဲပြု၍ တံခါးဖွင့်လိုက်ကြသည်။

ခြံရှေ့ရောက်တော့ သူတို့ နှစ်ဦးလုံး ခန္ဓာကိုယ်မှ လိပ်ပြာများ လွင့်ထွက်သွားလုမတတ် ကြောက်လန့်သွားခဲ့ကြ၏။

အမျိုးသမီး တစ်ဦး၏ ပုံရိပ်က အတွင်းခြံနံရံတွင် ထွက်ပေါ်လာသည်။

လျှပ်စီးတစ်ချက်လက် ၊ မိုးခြိမ်းစဉ်တွင် အမျိုးသမီး၏ ပုံရိပ်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။

အမျိုးသမီးက ချင်မင်းဆက်ခေတ် ချုံဆန် အဝတ်အစားကို ဝတ်ဆင်ထားပြီး ထူးဆန်းသည့် အပြုံးတစ်ခုကလည်း သူမ၏ မျက်နှာထက်တွင် ဖြစ်ပေါ်နေသည်။

“ ငါ့ကောင်မလေးဆို နေရာမှာတင် သတိလစ်သွားခဲ့တာပဲ … ငါလည်း တစ်ပိုင်းသေလုနီးနီး ကြောက်လန့်သွားခဲ့တယ် .. သူ့ကို အပြင်ဘက် ကားထဲ ဆွဲခေါ်ပြီး ညတွင်းချင်းပဲ မြို့ပေါ်ပြေးတက်လာခဲ့တယ် …”

“ နောက်တစ်နေ့ မိုးရပ်သွားတော့မှ နှစ်ယောက်သား ရှိစုမဲ့စု သတ္တိလေးတွေနဲ့ ဒီကို ပြန်လာခဲ့ကြတာ …”

“ အဲ့ကျတော့ ဘာမှလည်း မရှိဘူး ….”

ဟူလျန် နဖူးထက်ရှိ ချွေးစေးများအား လက်ဖြင့် သုတ်လိုက်၏။

ထိုညက တကယ့်ကို ကြောက်ဖို့ကောင်းသည့် ညတစ်ညပင်။

သူတို့နှစ်ယောက်လုံး နံရံပေါ်တွင် ချင်မင်းဆက်ခေတ် အမျိုးသမီးတစ်ဦးကို မြင်တွေ့ခဲ့ရ၏။

မမှားနိုင်ချေ။

နောက်တစ်နေ့ ပြန်လာကြည့်တော့ နံရံပေါ်၌ မည်သည့်အရာမျှ ရှိမနေခဲ့ချေ။

ကျိုးခဲ့ရှင်းမှာ သူမ၏ ဦးရေပြားတို့ ထုံကျဉ်သွားသည့်နှယ် ခံစားလိုက်ရသည်။

“ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ဖြစ်ရပ်မျိုး တစ်သက်နဲ့ တစ်ကိုယ် ပထမဆုံးကြုံဖူးတာပဲ ….” ဟူလျန် ကြောက်စိတ်မပြေသေးသည့် လေသံဖြင့် တုန်လှုပ်ခြောက်ခြားစွာ ဆိုလိုက်သည်။

ကျိုးခဲ့ရှင်းလည်း ခေါင်းညိတ်လိုက်ပြီး ကိုယ်ချင်းစာသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်၏။

မည်သည့် ပုံမှန်လူမဆို ထိုသို့သော ကိစ္စရပ်မျိုးဖြင့် ကြုံတွေ့ရမည်ဆိုပါက သေမတတ် ကြောက်လန့်သွားမည်မှာ ကျိန်းသေသည်။

ဟူလျန်နှင့် သူ့ကောင်မလေးလည်း ခြွင်းချက် မရှိပေ။

ဤအိမ်ကြီးကို ဝယ်ယူနိုင်ဖို့အတွက် နှစ်ဦးမှာ စုငွေများအားလုံး ထုတ်သုံးခဲ့ရသည့်အပြင် မြို့ပေါ်က အိမ်ကိုပါ ရောင်းချခဲ့ရ၏။

ယခုတော့ ဤအိမ်ကြီးက သရဲခြောက်သည့် အိမ်ဖြစ်နေသည်။ နှစ်ဦးလည်း အိမ်ထဲ၌ ဆက်မနေဝံ့ကြတော့ပေ။

သို့ပေမယ့် ပြန်ရောင်းဖို့ရာကလည်း တွန့်ဆုတ်နေမိ၏။

အချိန်တစ်ခုလောက်အထိ ကားထဲမှာပဲ နေပြီး ဤအိမ်ကြီး၏ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ရှာဖွေရပေမည်။

လောကကြီးထဲ တစ္ဆေသရဲ မရှိဟု ယုံကြည်ထားခဲ့သည့် သူတို့၏ ယုံကြည်ချက်သည်လည်း ဤအိမ်ကြီးထဲ ရောက်တော့မှ ပြင်းပြင်းထန်ထန်ကို လှုပ်ခါခံလိုက်ရတော့၏။

ကုတ်တွေ ၊ ပရိုဂရမ်တွေ ၊ bugs တွေ ဖြေရှင်းရတာက သူတို့အတွက် ပြဿနာ မရှိ။ သို့သော် လက်တွေ့ဘဝရှိ bugs များကိုတော့ ဘယ်လိုဖြေရှင်းရမလဲဆိုတာ သူတို့ တကယ် မသိပေ။

သရဲနှင်ပေးသူကို ငှားယမ်းချင်သော်လည်း ဟန်ကျိုးမြို့က အယူသည်းမှု ဝါဒများကို ပြင်းပြင်းထန်ထန် နှိမ်နင်းနေသည့် ကာလနှင့် သွားကြုံနေသည်။ ဆရာကြီးများ အားလုံးက ထောင်ထဲ၌ ပဲဟင်းသောက်နေကြရ၏။

လွန်ခဲ့သော နှစ်ရက်ခန့်က သူ့ကောင်မလေး၏ ဆွေမျိုးများ ရောက်လာခဲ့သည်။ သူမအတွက် ကားထဲ၌ နေရင် မသင့်လျော်သဖြင့် မြို့ထဲသို့ ပြန်သွားပြီး ဟိုတယ်တစ်ခုတွင် အချိန်တစ်ခုလောက် နေခိုင်းထားလိုက်သည်။ သူကတော့ ဤနေရာတွင်နေပြီး နည်းလမ်းတစ်ခု စဉ်းစားဖို့လိုသည်။

ခေတ္တကြာ စဉ်းစားပြီးနောက် ဟူလျန်မှာ နောက်ဆုံး ချန်ယွီ့ကို တွေးမိသွားသည်။

ချန်ယွီ့က အနာဂတ်ကို ခန့်မှန်းနိုင်သဖြင့် သရဲများဖမ်းပြီး နတ်ဆိုးများကို ချေမှုန်းနိုင်မည်က ကျိန်းသေပေါက်ပင်။

“ ဒေါက်တာချန် …” ဟူလျန်က ကူကယ်ရာမဲ့စွာဖြင့် “ အခြေအနေကတော့ အဲ့လိုပါပဲ … မင်းလည်း ကြည့်နေတာကြာပြီဆိုတော့ တစ်ခုခုများ တွေ့မိသေးလား …”

သူ့အတွက်တော့ ချန်ယွီ့က နောက်ဆုံးသော အသက်ကယ်ရာ မြက်ကြိုးလေးတစ်မျှပင်။

အကယ်၍ ချန်ယွီ့ပင် ဘာမျှ မတတ်နိုင်ဘူးဆိုပါက ဤအိမ်ကြီးလည်း လူနေလို့မရသည့်၊ အသုံးမဝင်သည့် အိမ်ကြီးတစ်အိမ် ဖြစ်သွားလိမ့်မည်။

“ ပထမဦးဆုံး ကျုပ်ပြောနိုင်တာကတော့ ခင်များ ခေါ်ခဲ့တဲ့ ရွာသားတွေက တကယ်ပဲ ဒီအိမ်ကြီးနဲ့ ပတ်သက်ပြီး ပြဿနာ တစ်ခုခု ရှိနေတာကို မသိကြဘူး …” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်ပြီး “ ခင်များ ပြောင်းမလာခင်တုန်းက ဒီမှာ ဘာထူးဆန်းတဲ့ သဘာဝလွန် ဖြစ်ရပ်မျိုးမှ မရှိခဲ့ဘူး ….”

“ မဟုတ်ဘူး … ဒီမှာ သရဲရှိတယ် …..”

ထိုအချိန်မှာပဲ တံခါးပေါက်ဝမှနေပြီး အိုမင်းသည့် အသံတစ်သံက ထွက်ပေါ်လာသည်။

ဟူလျန် လှည့်ကြည့်လိုက်တော့ လူအိုကြီးတစ်ယောက် တံခါးပေါက်ဝတွင် မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

အဘိုးကြီးက ချည်သားဖိနှပ်နှင့် ဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားပြီး ကျေးလက်ဘက်က လယ်သမားအိုကြီး တစ်ဦး ပုံစံပင်။

သူ့နောက်ဘက်တွင်တော့ အသက်သုံးဆယ်အရွယ်ရှိမည့် အမျိုးသမီးတစ်ဦးက စိုးရိမ်ထိတ်လန့်သည့် အမူအရာဖြင့် ရပ်နေလျက် ရှိ၏။

စာစဉ် (၃၄) ပြီး၏။

( 17 June 2026, 7:20 PM )

All Chapters