သူမရဲ့ ချမ်းသာတဲ့ အိုနီးချန်
Vol. 34 Ch. 331
ချန်ယွီ့ပြောလိုက်သည့် နောက်ဆုံးစကားကို ကြားတော့ ချစ်ဖို့ကောင်းတဲ့ ယုန်သားဆော့စ်လေးက နောက်တစ်ကြိမ်ထပ်ပြီး ဤနေရာက ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်တော့၏။
ကြက်ဥခြင်းတောင်းများ ကိုင်ထားကြသည့် အန်တီကြီးများက သူမပြေးမည့် လမ်းကို ကြိုတင်ပိတ်ဆို့ထားကာ ရုန့်ရင်းကြမ်းတမ်းသည့် မျက်နှာအမူအရာများဖြင့် “ အခုမှ ရှက်ပြီး ထွက်ပြေးချင်နေပြီပေါ့ … နင် သူများ ပိုက်ဆံကို လိမ်စားတုန်းကရော ရှက်ရကောင်းမှန်း မသိဘူးလား ….”
“ ငါ့သက်တမ်းတစ်လျှောက် နင့်လောက် အရှက်မဲ့တဲ့ ကောင်မစုတ်မျိုး တစ်ခါမှ မမြင်ဖူးဘူး …. ကိစ္စတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် မလုပ်ပြီးသေးဘဲနဲ့ ဒီကနေ ထွက်သွားလို့ရမယ် မကြံနဲ့ …..”
အန်တီကြီးများက တစ်ယောက်တစ်လှည့်စီဝိုင်းပြီး ချစ်စဖွယ် ယုန်သားဆော့စ်လေးကို ဆဲဆိုနေကြတော့သည်။
အဆိုပါ အန်တီကြီးများက အိမ်ကမထွက်လာခင် ကြက်သွန်ဖြူစားထားသောကြောင့်လားတော့ မသိ။ သူမတို့ စကားပြောလိုက်တိုင်း ချစ်စဖွယ် ယုန်သားဆော့စ်လေးမှာ အာခံတွင်းနံ့ကြောင့် အော့အန်ချင်လုနီးပါးပင် ဖြစ်နေမိတော့၏။
သူမ၏ သူငယ်ချင်းကောင်းသည်လည်း ချက်ချင်း နောက်ဆုတ်သွားခဲ့ရလေသည်။
[ဟားဟား … အန်တီကြီးတွေရဲ့ စွမ်းအားကွ … ]
[ ဒေါက်တာချန် … သူ့ရဲ့ အစီအစဉ်က ဘာလဲ … နောင်ကျ ရိုးသားတဲ့ လူကောင်းလေး တစ်ယောက် ရှာဖွေပြီး လက်ထပ်မလို့တော့ မဟုတ်ဘူးမလား … ]
[ အပေါ်က ညီကို ပြောသွားတဲ့ထဲမှာ စကားအဓိပ္ပာယ်တစ်ချို့ ရှိနေတယ်ဆိုပြီး ဘာကြောင့် ခံစားနေရပါလိမ့် … ]
[ လဒကောင်တွေ ... စထွင်မာကို လက်ဆောင်ပေးတဲ့သူတိုင်း ပါတနာ ဖြစ်လာပေးရမယ်လို့ စည်းမျဉ်းမှ မရှိတာ … ]
[ ဖန်အဆင့်စာရင်းက နံပါတ်ဝမ်းဖန်ဆိုတော့ ရုပ်ရှိရေလျှံ သူဌေးသားလေး ထင်နေတာ နေမှာပေါ့ …. တကယ့်အပြင်လက်တွေ့မှာကျ မျက်နှာအဆီပြန်နေတဲ့ အိမ်ထောင်ရှင် သက်လတ်ပိုင်း ဦးလေးကြီး ဖြစ်နေတယ် … ]
[ အင်း …. ဘယ်သူကမှလည်း သူ့ကို ပိုက်ဆံပေးပါဆိုပြီး အတင်းအကြပ် တောင်းမနေဘူး …. စထွင်မာတွေကို လက်ဆောင်ပေးတယ်ဆိုတာ ကိုယ့်စိတ်အလိုကျ နှစ်သက်လို့ပဲ မဟုတ်လား … ]
သက်လတ်ပိုင်း အန်တီကြီးများက ချစ်ဖို့ကောင်းတဲ့ ယုန်သားဆော့စ်လေး၏ လမ်းကို ပိတ်ရပ်လိုက်တာမြင်တော့ ကြည့်ရှုသူများမှာ ဝမ်းသာသွားကြ၏။ မဟုတ်ဘူးဆိုပါက သူတို့တွေ ပွဲဆက်ကြည့်လို့ရမှာ မဟုတ်တော့ချေ။
အကယ်၍ ချစ်စဖွယ်ယုန်သားဆော့စ်သာ ထွက်ပြေးလွတ်မြောက်သွားခဲ့လျှင် ပွဲရှုစားနေကြသည့် ကြည့်ရှုသူများက ဟပ်ကော့ကြီး ကျန်နေရစ်ခဲ့လိမ့်မည်။
ချန်ယွီ့ပြောသည့် အစီအစဉ် အကြောင်းနှင့် ပတ်သက်၍ကတော့ ကြည့်ရှုသူများက အပူတပြင်း ဆွေးနွေးနေလျက် ရှိတော့သည်။
“ ဒေါက်တာချန် …. သူ့ရဲ့ ပြီးပြည့်စုံတဲ့ အစီအစဉ်ဆိုတာ ဘာလဲ ….” [ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]က မည်သို့မျှ မနေနိုင်တော့ဘဲ မေးမြန်းလိုက်တော့သည်။ “ သူ ဘာလို့ ငါ့ကောင်မလေးလုပ်ဖို့ ငြင်းရတာလဲ …..”
“ သူက ရိုးသားဖြူစင်ပြီး အပြစ်ကင်းစင်တဲ့ အဖြူရောင်ပန်းကလေးလေ ….” ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ သူ့ရဲ့ တကယ့် အိုနီးချန် အစစ်နဲ့ပဲ အချစ်တွေ ဖန်တီးမှာပေါ့ …..”
“ အဲ့တာပြီးရင်တော့ …..”
ထိုအထိ ပြောဆိုပြီးနောက် ချန်ယွီ့က အန်တီကြီးများကို ကြောက်ကြောက်လန့်လန့်နှင့် မျက်နှာချင်းဆိုင်နေသည့် ချစ်စဖွယ် ယုန်သားဆော့စ်အား ကျီစယ်မြူးတူးနေသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
“ ချမ်းသာတဲ့ မိသားစုထဲ ဝင်ပြီး ဘဝရဲ့ အထွတ်အထိပ်ထိ ရောက်အောင် တက်မယ် …..”
“ သူ့ရဲ့ တကယ့် အိုနီးချန် … ချီးပဲ … ဒါဆို ဒီကောင်မမှာ ရည်းစား ရှိနေတာပေါ့ …..”
[ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]မှာ ရှော့ခ်ရသည့် မျက်နှာအမူအရာနှင့် ဖြစ်သွားခဲ့တော့သည်။
“ အင်း … အဲ့လိုမျိုးပဲ ….” ချန်ယွီ့ ခေါင်းညိတ်ပြလိုက်၏။
“ မိန်းကလေး … ငါ ပြောတာ မှန်လား ….”
ချစ်စဖွယ်ယုန်သားဆော့စ်လေးက သက်လတ်ပိုင်း အန်တီကြီးများ၏ အာငွေ့နံ့များ ရှူရှိုက်နေသည်ကို ရပ်တန့်လိုက်ပြီး ရှက်ကိုးရှက်ကန်း ခေါင်းငုံ့လိုက်၏။
“ မင်း မင်း မင်း …. ကောင်လေးရှိရဲ့သားနဲ့ ငါ့ကို စင်ဂယ်ပါဆိုပြီး ညာတယ် ….”
“ မင်း လူလိမ်မ … ငါ …..”
[ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]က လက်ပင့်ပြီး သူမကို ဖြတ်ရိုက်ဖို့ လုပ်လိုက်၏။
ထိုအချိန်မှာပဲ ချစ်စဖွယ် ယုန်သားဆော့စ်လေးက ရုတ်ချည်းခေါင်းမော့လာခဲ့ကာ မျက်နှာထားတင်းတင်းဖြင့် သူမ၏ မျက်နှာကို အပ်ပေးလိုက်သည်။
“ ရိုက်လိုက်စမ်းပါ …. သတ္တိရှိတယ်ဆို ရိုက်လိုက်စမ်းပါ ….”
“ ရိုက်တာနဲ့ ပိုက်ဆံပေးရမယ် ….” ချစ်ဖွယ်ယုန်သားဆော့စ်လေးက သူမ၏ ရင်ဘက်ကို ကော့လိုက်ပြီး “ ခပ်ပါးပါးပဲဆိုရင်တော့ ကျွန်မကို လျော်ရမယ် … တကယ်လို့ ပြင်းထန်တယ်ဆိုရင်တော့ အချုပ်ထဲ ဆယ့်ငါးရက် သွားအိပ်ခိုင်းလိုက်မယ် ….”
“ ရှင့်မှာ သတ္တိရှိတယ်ဆို ကျွန်မကို ရိုက်လိုက်စမ်း ….”
အကြောက်အရွံ့ကင်းနေသည့် ချစ်စဖွယ် ယုန်သားဆော့စ်ကို မြင်တော့ [ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]သည် သူ့ပေါင်သူ ဒေါသတကြီးနှင့် ဖြတ်ရိုက်လိုက်သည်။
“ ကောင်းပြီလေ … မေးနေတာတွေ တော်လိုက်တော့ … ကျွန်မရဲ့ ကတ်ကို စားပွဲပေါ် ချပြလိုက်တော့မယ် ….”
“ ကျွန်မမှာ တကယ်လည်း ကောင်လေး ရှိတယ် … အဲ့ဒီတော့ ဘာဖြစ်လဲ ….”
“ ဒီနေ့ခေတ် အမျိုးသမီးစထွင်မာတိုင်းက သူတို့ကိုယ်သူတို့ စင်ဂယ်တွေပါဆိုပြီး ပြောကြတယ် …. တကယ့်လက်တွေ့မှာကျ တစ်ချို့ဆို ကလေးတောင် ရှိကြသေးတယ် ….”
“ စင်ဂယ်လို့ ပြောတာကလည်း လိုက်စထွင်းထဲမှာ ပြောနေကြ စကားလုံးတွေထဲက တစ်ခု သပ်သပ်ပဲ … ဘယ်သူကရော အဲ့ဒီစကားလုံးကို အတည်ယူကြလို့…..”
“ ကျွန်မတို့လို အမျိုးသမီး စထွင်မာတွေကို မပြောနဲ့ဦး … နာမည်ကြီးနေတဲ့ ဆယ်လီတွေတောင် တိတ်တိတ်ပုန်း လက်ထပ်ထားကြသေးတာပဲ မဟုတ်လား …..”
“ ကျွန်မ မပြောခဲ့ဘူးဆိုတာက ကိုယ့်ရဲ့ ပရိသတ်တွေကို စိတ်မကောင်း မဖြစ်စေချင်လို့ ….”
အကယ်၍ ချန်ယွီ့ကို ပြောခွင့်ပေးလိုက်မည်ဆိုပါက သူမ၏ လျှို့ဝှက်ချက်များအားလုံး ဖွင့်ဟခံလိုက်ရမည်ကို ချစ်စဖွယ် ယုန်သားဆော့စ် စိတ်ထဲတွင် နားလည်နေသည်။
ထို့ကြောင့်လည်း မိမိဘက်က အရင်ဦးစွာ ဝန်ခံ၍ လူတိုင်းကို အဖြူရောင် မုသားတစ်ခုတည်းသာ ဖြစ်ကြောင်း ယုံကြည်ချက်ရှိရှိ ပြောဆိုလိုက်၏။
နောက်ပြီး … တကယ်လည်း စထွင်မာ စစလုပ်ချင်းတုန်းကတော့ သူမက စင်ဂယ်ဖြစ်ခဲ့၏။
ထို့ကြောင့် သူမ၏ ဖန်များကို လိမ်လည်သည်ဟု မသတ်မှတ်နိုင်ပေ။
တစ်လကျော်လောက် လိုက်စထွင်း လွှင့်ပြီးတော့မှ သူမ၏ လက်ရှိ ကောင်လေးဖြစ်သူနှင့် ဆုံတွေ့ခဲ့ရခြင်းပင်။
“ ရှင်နားလည်လား … ကျွန်မရှင့်ကို လုံးဝ မညာခဲ့ဘူး …..”
“ အစတုန်းက ကျွန်မမှာ ကောင်လေး မရှိခဲ့ဘူး …..”
“ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာကရှင် …. ကျွန်မကို အမြဲတမ်း စင်ဂယ်လို့ တွက်ပြီး စွဲလမ်းနေတာလေ ….”
“ ကျွန်မကို အရယူဖို့အတွက် လက်ဆောင်တွေ ဆက်တိုက် ပေးလိုက်သေးတယ် ….”
“ တကယ်လို့ ရုပ်ဆိုးဆိုး ၊ အသက်ကြီးကြီး ၊ ဖက်တီးမ အမျိုးသမီး စထွင်မာသာဆို ရှင် သူ့ကို နှစ်ပဲခြောက်ပြားလေးတောင် စွန့်ကျဲနိုင်လို့လား ….”
ပြောရင်းဖြင့် ချစ်စဖွယ်ယုန်သားဆော့စ်က မြေပြင်ပေါ်ထိုင်ပြီး ငိုနေသည့် စည်ပိုင်းမကြီးကို ရည်ရွယ်ချက်ရှိရှိ ကြည့်လိုက်သည်။
[ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]၏ ဇနီးက ရုပ်ဆိုးပြီး အရွယ်လည်း ကျနေလေပြီ။
ထို့ပြင် လူကလည်း စည်ပိုင်းကြီးလို ဝတုတ်နေသေး၏။
“ ငါ မင်းကို ဒီလောက် ပိုက်ဆံတွေ အများကြီးပေးခဲ့တာ မင်းငါ့အပေါ် တကယ်ပဲ ခံစားချက် နည်းနည်းလေးတောင် မရှိဘူးလား …..”
[ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]က နာကျင်နေသည့် အမူအရာဖြင့် မေးမြန်းလိုက်သည်။
“ အိုနီးချန်က ချောတယ် … အရည်အချင်းရှိတယ် …”
“ ရှင့်ထက်လည်း အဘက်ဘက်ကနေ အပုံကြီး သာသေးတယ် ….”
“ ရှင့်ကိုတော့ အော်ဂလီဆန်တာပဲ သိတယ် … ဒါကို ခံစားချက်တွေအကြောင်း လာပြောချင်နေသေးတာလား … တော်စမ်းပါ …”
“ ကျွန်မရဲ့ အိုနီးချန်က နာမည်ကြီး တက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့လူ …. ကျောင်းတက်တုန်းကလည်း နိုင်ငံ့ဆုတွေ အများကြီး ရခဲ့သေးတယ် …..” ချစ်စဖွယ် ယုန်သားဆော့စ်က [ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]ကို လှောင်ပြောင်ထေ့ငေါ့လိုက်ပြီး “ တက္ကသိုလ်ကနေ ဘွဲ့ရပြီးတော့လည်း မိသားစု စီးပွားရေးလုပ်ငန်းကို မဆက်ခံဘဲ သူ့ကိုယ်ပိုင် စီးပွားရေးတစ်ခု စတင်ခဲ့တယ် …”
“ သူက ချောတယ် ၊ ငယ်တယ်၊ ပြီးတော့ အားကိုးရမယ့် အစွမ်းအစလည်း ရှိတယ် … ရှင်ကတော့ မှန်ထဲ ကိုယ့်ကိုယ်ကို ပြန်ကြည့်စမ်းပါ … သူနဲ့ ယှဉ်နိုင်မှာလားလို့ …..”
ကြည့်ရှုသူများမှာ ရုတ်ချည်း နားလည်သဘောပေါက်သွားကြတော့သည်။
ချစ်စဖွယ် ယုန်သားဆော့စ်က စကားတွေ အများကြီး ပြောဆိုခဲ့သော်လည်း အဓိက အချက်ကတော့ တစ်ခုတည်းပင်။
သူမကောင်လေးက မိသားစု စီးပွားရေးလုပ်ငန်းကို မဆက်ခံခဲ့ပေ။
ချမ်းသာသည့် ဒုတိယမျိုးဆက် သူဌေးသားလေး ဖြစ်မည်မှာ ကျိန်းသေသည်။
[ဘာကို အချစ်စစ်လဲ … ဘာကို အဖြူရောင်မုသားလဲ … သူက ဒီတိုင်း ချမ်းသာတာကြောင့်လို့ပဲ ပြောလိုက်စမ်းပါ ]
[ ချမ်းသာတဲ့ ဆက်ခံသူလား … ဒါပေါ့ … ငါသာဆိုလည်း အိုနီးချန်လို့ ခေါ်မိမှာပဲ … ]
[ အဲ့တာတော့ သောက်ရမ်းရယ်ရတယ် … အမျိုးသမီး စထွင်မာတွေကို ပိုက်ဆံပေးနေကြတဲ့ကောင်တွေက တကယ့်နွားစစ်စစ်တွေ … ]
[ ကျွန်မဆိုလည်း ငယ်ငယ်တုန်းက ဆွဲဆောင်မှုရှိတဲ့ မင်းသားလေးနဲ့ လက်ထပ်ရဖို့ အိပ်မက်မက်ခဲ့တယ် … အခုတော့ ချမ်းသာတဲ့ စီအီးအို သူဌေးကြီးနဲ့ပဲ လက်ထပ်ချင်တော့တယ် … ]
[ ငါ သူ့ကို လှောင်ရယ်ချင်နေတာ အဆင့်မီပါ့မလား မသိဘူး … သူ့ ဝင်ငွေက ပထမတန်းစားမြို့မှာ ငွေသုံးလေးလုံးလောက် ဝယ်ဖို့ လောက်တယ် … လက်တွေ့က ရက်စက်လွန်းပါတယ်ကွာ … ]
[ အို့ … တကယ့်လက်တွေ့ဆိုတဲ့ ဓားကြီးနဲ့တော့ လူကို လာမထိုးပါနဲ့ကွာ … လိုင်းပေါ်မှာလေးပဲ ဒီလိုပြောရတာပါ … ]
ကြည့်ရှုသူများက ချစ်စဖွယ် ယုန်သားဆော့စ်လေးကို အမျိုးမျိုး ကျီစယ်နောက်ပြောင်နေကြသော်လည်း သူမ၏ ကောင်လေးဖြစ်သူထံမှ ရသည့် ဝင်ငွေကတော့ စိတ်ကူးမယဉ်နိုင်လောက်အောင် များပြားမည်မှာ ကျိန်းသေသည်။
[ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ] က သိန်းနဲ့ချီ ထောက်ပံ့နေစဉ် သူမ၏ ကောင်လေးဖြစ်သူကလည်း ထိုမျှအောက် မလျော့တမ်း ၊ ထောက်ပံ့ပေးနေလောက်သည်။
ကြည့်ရှုသူအများစုက သာမန် အလုပ်သမားများသာ ဖြစ်ကြ၏။
သူတို့မှာ နေ့တိုင်းနေ့ အသည်းအသန် အလုပ်ကြိုးစားပြီးခါမှ တစ်လ ယွမ်ထောင်ဂဏန်း အနည်းငယ်သာ ရရှိသော်လည်း ချစ်စဖွယ်ယုန်သားဆော့ကတော့ ချစ်ဖို့ကောင်းအောင် ၊ အသည်းယားလာအောင် သရုပ်ဆောင်ပြရုံမျှနှင့် ငွေတွေက သူမလက်ထဲသို့ တသဲသဲ ဝင်ရောက်နေသည်။
ကြည့်ရှုသူ တော်တော်များများမှာ စိတ်ထဲ ဝမ်းနည်းသွားခဲ့ကြတော့၏။
အချိန်တစ်ခုလောက်ကြာသည်အထိ ကွန်းမန့် စခရင်ထက်တွင် ဝေဖန်ထေ့ငေါ့သည့် ကွန်းမန့်များဖြင့်သာ ပြည့်နှက်နေလေသည်။
“ သူ့ကို လှောင်ပြောင်မနေကြနဲ့ … အားလုံးပဲ … သူက မင်းတို့ထင်သလို ချမ်းသာနေတဲ့လူ မဟုတ်ဘူး ….” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်ပြီး “ အခုဆို သူ့လက်ထဲမှာ နောက်လအတွက် အိမ်ငှားခပေးဖို့တောင် ကျန်ပါ့ဦးမလား မသိဘူး …”
ကြည့်ရှုသူများ ကြက်သေသေသွားခဲ့ကြတော့၏။
“ သူ့ပိုက်ဆံတွေ ဘယ်ရောက်သွားခဲ့လို့တုန်း …” [ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]က မယုံကြည်နိုင်စွာ မေးမြန်းလိုက်သည်။
“ ငါ သူ့ကို ဒီလအစထဲမှာပဲ ယွမ်သုံးသောင်း လွှဲပေးခဲ့တယ်လေ … အခုမှ ဆယ်ရက်ရှိသေးတာကို အကုန်သုံးပစ်လိုက်ပြီလား ….”
ဤစကားကြားတော့ ကြည့်ရှုသူများမှာ ပိုလို့ပင် အံ့အားသင့်သွားခဲ့ကြတော့၏။
ယနေ့က ဆယ့်တစ်ရက်မြောက်နေ့။
ဆယ်ရက်ကျော်ကျော်လောက် ရှိသေးတာကို [ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]ပေးထားတဲ့ သုံးသောင်းလုံး ကုန်သွားပြီပေါ့ ….
မဟုတ်မှလွဲရော ချစ်စဖွယ်ယုန်သားဆော့စ်လေးမှာ မကောင်းတဲ့ အလေ့အကျင့်တွေများ ရှိနေတာလား …
သူမက လောင်းကစား တစ်ခုခု ၊ ဒါမှမဟုတ် မူးယစ်ဆေးတွေနဲ့များ ပတ်သက်နေမိတာလား …
“ မိန်းကလေး ….” ချန်ယွီ့ ပြုံးလျက် “ ဒါက မင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပဲ … ငါ့ဘက်က အများသူငှာကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလို့ မကောင်းဘူး ….”
“ မင်း ငါတို့ကို ပြောပြချင်ရဲ့လား ….”
“ ဒါပေါ့ .. ပြောတာ မပြောတာကလည်း မင်းရဲ့ လွတ်လပ်ပိုင်ခွင့်ပဲလေ … “
“ ကျွန်မ ပြောမယ် ….”
အချို့သော အကြောင်းအရင်းများကြောင့် ချစ်စဖွယ် ယုန်သားဆော့စ်လေး၏ မျက်နှာမှာ နီမြန်းသွားခဲ့တော့သည်။