သူက ဒီတိုင်း မင်းရဲ့ ချစ်သူကောင်လေး ခြုံထားတဲ့ အပေါ်ယံ အရေပြားပဲ
Vol. 34 Ch. 332
သူမက ဖုန်းနှင့် နီးကပ်စွာ တည်ရှိနေသောကြောင့် ကွန်းမန့်များအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။
ချန်ယွီ့က စကားတစ်ဝက်တစ်ပျက်တွင် ရပ်တန့်လိုက်ပြီး သန်းနှင့်ချီသည့် ကြည့်ရှုသူများ၏ စူးစမ်းချင်စိတ်ကို ဆွဲဆောင်သွားခဲ့လေသည်။
မှန်းဆချက် အမျိုးမျိုးက စခရင်ထက်တွင် ရေကြီးသလိုကို ထွက်ပေါ်လာတော့သည်။
အကယ်၍ သူမသာ ဘာတစ်ခုမျှ မပြေဆိုဘူးဆိုပါက အခြေအနေက ပို၍ပင် ဆိုးရွားသွားနိုင်သည်။
ယင်းက သူမ၏ ချာနယ် ပိတ်ဆို့ခံရရုံလောက်နှင့် အဆုံးသတ်သွားမည့် ကိစ္စမဟုတ်ပေ။ ရဲအရာရှိများကပါ သူမထံ ရောက်လို့လာပြီး လက်ဖက်ရည်သောက်ဖို့ လာရောက်ဖိတ်ခေါ်လောက်၏။
“ ကျွန်မ လောင်းကစားလည်း မလုပ်သလို ဆေးလည်း မသုံးဘူး … ကျွန်မရဲ့ ပိုက်ဆံတွေက ……”
“ ငွေတွေကို ရင်းနှီးမြုပ်နှံဖို့ သုံးလိုက်တာ ….”
ချစ်စဖွယ် ယုန်သားဆော့စ်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကြည့်ရှုသူများ၏ မှန်းဆချက်များကို ငြင်းဆန်လိုက်သည်။
လတ်တလောတွင် သူမ၏ ချစ်သူကောင်လေးက သူမထံ အဆက်အသွယ် နည်းလာသည်။
ချစ်စဖွယ်ယုန်သားဆော့စ်က သူမကောင်လေး အသစ်တစ်ယောက် တွေ့နေပြီဟု ထင်မိသဖြင့် သူမဘက်က လက်ဦးမှု ရယူ၍ ဆက်သွယ်ကြည့်လိုက်သည်။
ထိုအခါမှပဲ ချစ်သူကောင်လေးက ရန်ပုံငွေ တိုးမြင့်ဖို့ရာအတွက် အလုပ်ရှုပ်နေကြောင်းကို သိရှိလိုက်ရတော့၏။
ချစ်စဖွယ်ယုန်သားဆော့စ်၏ ချစ်သူကောင်လေးက FMCG စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေပြီး သိပ်မကြာခင်တုန်းကပဲ သူ့အဆက်အသွယ်များကတစ်ဆင့် စီရင်စုထဲ ရောင်းအားအကောင်းဆုံး ဘရန်းတစ်ခုအတွက် ကိုယ်စားလှယ် အခွင့်အရေးကို ရယူနိုင်ခဲ့သည်။
ယင်းက ကြီးမားသည့် စီးပွားရေးကြီး တစ်ခုဖြစ်၏။ သို့သော် ၎င်းနှင့်အတူ ပြဿနာများကလည်း အတူပါလာသည်။
ချစ်သူကောင်လေး၏ စီးပွားရေးလုပ်ငန်းက စတင်တည်ထောင်တာ မကြာသေးသည့် စီးပွားရေးလုပ်ငန်းဖြစ်သဖြင့် အခြား ကြီးမားသည့် စီးပွားရေးလုပ်ငန်းများနှင့် နှိုင်းယှဉ်၍ မရသေးပေ။
ထို့ကြောင့် လုံခြုံရေး အာမခံချက်နှင့် စပ်လျဉ်းပြီး ချစ်သူကောင်လေးဘက်က အပြည့်ပေးချေထားဖို့ လိုသည်။
မည်သည့်လျှော့ပေါ့ပေးမှုကိုမျှလည်း မရရှိခဲ့ပေ။
“ စာချုပ်က ဒီလကုန်မှာ ချုပ်ရမှာ … အာမခံကြေး နှစ်သန်းပေးဖို့ လိုနေသေးတုန်းပဲ ….”
“ သူ့မှာ စိုးရိမ်လွန်းလို့ ခေါင်းမီးတောက်မတတ် ဖြစ်နေတာကို ချစ်သူကောင်မလေး တစ်ယောက်အနေနဲ့ သူ့ကို ကူညီပေးသင့်တာ သဘာဝပဲ မဟုတ်လား ….”
“ ကျွန်မရဲ့ ကောင်လေးက သူ့မိသားစုအပေါ် မမှီခိုချင်ဘူး … သူ့စီးပွားရေးလုပ်ငန်းကို သူ့လက်သူ့ခြေနဲ့ပဲ တည်ဆောက်ချင်တယ် ….”
“ ဒီတစ်ချက်တည်းနဲ့တင် သူက ရှင်တို့တွေ အကုန်လုံးထက် အပုံကြီးသာတယ် ….”
“ ရှင်တို့သာဆိုရင်ကော မိသားစုရဲ့ ဘီလီယမ်ချီတဲ့ ကြွယ်ဝမှုတွေကို မမှီခိုဘဲ ကိုယ်ပိုင်စီးပွားရေး တစ်ခုကို စတင်နိုင်မှာလား …”
ဂုဏ်ယူဝံ့ကြွားသည့် အမူအရာတစ်ခုက ချစ်စဖွယ်ယုန်သားဆော့စ်၏ မျက်နှာထက်တွင် ဖြစ်ပေါ်လာသည်။
သူက ခန့်ညားသည်။ ချမ်းသာသည်။ ဂုဏ်ယူလောက်သည့် အကျင့်စရိုက်လည်း ရှိသည်။
အကယ်၍ သူမ၏ ချစ်သူကောင်လေးက မိုးကောင်းကင်ထက်က နေမင်းကြီးဆိုလျှင် [ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]က နောက်ချေးပုံထဲက ချီးထိုးပိုးကောင်ဖြစ်၏။
ယှဉ်ရက်စရာပင် မရှိချေ။
“ စောက်တုံးမကျတဲ့ ဝက်လိုကောင် … ရှင် ကြားပြီမလား … ဒါ ရှင့်ရဲ့ နတ်သမီးလေးလေ ….”
“ ရှင် သူ့ကို ချစ်တယ် … ဒါပေမယ့် သူကတော့ ရှင့်ကို ငွေထုတ်စက်လိုပဲ သဘောထားနေတယ် …”
သက်လတ်ပိုင်း အမျိုးသမီးကြီးက ငိုကြွေးရင်း သူမ၏ ခင်ပွန်းဖြစ်သူကို အမြင်ကန်းရကောင်းလားဟု ဆဲဆိုကြိမ်းမောင်းနေတော့သည်။
သူက ဒီတိုင်း သာမန် တုံးအနေသည့် ဝက်တစ်ကောင်မဟုတ်ပေ။ မျှော်လင့်ချက်မဲ့နေသည့် အရူးတစ်ယောက် ဖြစ်၏။
သူ ပေးခဲ့သည့် ပိုက်ဆံများအားလုံးက ချစ်စဖွယ် ယုန်သားဆော့စ်လေး၏ ချစ်သူကောင်လေးထံသို့ ရောက်ရှိသွားခဲ့ရသည်။
“ လာပြီး ဘဝင်ခိုက်ပြမနေနဲ့ ….”
“ မင်းက ငါ့ပိုက်ဆံကို သုံးပြီး ယောက်ျားတစ်ယောက်ကို ပျိုးထောင်ခဲ့တယ် … မင်းရဲ့ အသိစိတ်ကို ခွေးစားသွားတာလား …” [ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]က ဒေါသတကြီးနှင့် ဟစ်အော်လိုက်သည်။
“ ရှင့်ပိုက်ဆံဆိုတာ ဘာစကားလဲ …. ရှင် ကျွန်မကို ပေးတဲ့ ပိုက်ဆံတွေ အကုန်လုံးက ကျွန်မ လုပ်အားနဲ့ ရှာဖွေထားတဲ့ ပိုက်ဆံတွေချည်းပဲ ….”
“ ကိုယ်ပိုင်တဲ့ ပိုက်ဆံသုံပြီး ကိုယ့်ချစ်သူကောင်လေးရဲ့ စီးပွားရေးလုပ်ငန်းထဲမှာ ရင်းနှီးမြုပ်နှံပေးတယ် … ဒါ ရှင်နဲ့ ဘာဆိုင်လို့လဲ ….”
ပြောရင်းဖြင့် ချစ်စဖွယ် ယုန်သားဆော့စ်လေးက သူမ၏ ရှုပ်ယှက်ခတ်နေသည့် ဆံပင်များကို နောက်သို့ ပင့်သပ်လိုက်၏။
[ တစ်ခုခုမှားနေတယ်ဆိုပြီး ဘာလို့ ခံစားနေရတာပါလိမ့် … ]
[ အနှစ်ချုပ်လိုက်ရင် သူက နံပါတ်ဝမ်းဖန်ဆီက ရတဲ့ပိုက်ဆံတွေကို ချမ်းသာတဲ့ ကောင်လေးအပေါ်မှာ ရင်းနှီးမြုပ်နှံလိုက်တယ် ]
[ ဘဲကြီးက စထွင်မာမိန်းကလေး လိမ်တာကို ခံလိုက်ရပြီး စထွင်မာမိန်းကလေးကတော့ ချစ်သူကောင်လေး လိမ်တာကို ခံလိုက်ရတယ် … အဆန်းကြီးတော့ မဟုတ်ပါဘူး … အင်တာနက်ပေါ်မှာ ဖြစ်ပျက်နေကြ ဓမ္မတာတွေပါပဲ … ]
[ အား ….. စက်ဆုပ်ဖို့ကောင်းလိုက်တဲ့ လက်တွေ့ဘဝကြီးကွာ … ]
[ နိုင်ငံထဲမှာ လူဦးရေ တစ်ဘီလီယမ်ကျော်တောင် ရှိတယ် … ထူးဆန်းတဲ့လူတစ်ချို့ မရှိရင် ဒီလောက်များပြားတဲ့ လူမှုအသိုင်းအဝိုင်းမှာ ဘယ်လိုဆက်ပြီး အသက်ရှင်နိုင်မှာ … ]
[ အမျိုးသမီး စထွင်မာတွေလား … 2d ကာတွန်းဇာတ်ကောင်လောက်တောင် ကြည့်လို့မကောင်းပါဘူးကွာ … ]
[ ဒေါက်တာချန်ရဲ့ လိုက်စထွင်းတွေ ကြည့်ရတာ မျက်စိပွင့်၊နားပွင့် ဖြစ်ရုံတင် မကဘူး ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုလည်း လေ့ကျင့်ပြီးသား ဖြစ်တယ် … ငါ ခက်ခက်ခဲခဲ ရုန်းကန်လို့မှ ယွမ်လေး ထောင်ဂဏန်းလောက် ရှာနိုင်တဲ့အချိန် တစ်ချို့လူတွေက စထွင်မာတစ်ယောက်ကို သိန်းနဲ့ချီပြီး ပိုက်ဆံတွေ ပေးနေတယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး … ]
[ ဗျူးတီးဖလစ်တာနဲ့ မိတ်ကပ်ကို ဖယ်လိုက် … စထွင်မာ ဆယ်ယောက်မှာ ကိုးယောက်လောက်က ပုံဆိုးပန်းဆိုးတွေချည်းပဲ …]
လိုက်စထွင်းပုံမှန် ကြည့်လေ့ရှိသည့် ကြည့်ရှုသူများကတော့ ပုံမှန်မဟုတ်သည့် အနံ့တစ်ချို့ကို ရရှိနေကြတော့သည်။
တစ်ချို့သော ကြည့်ရှုသူများ ပြောနေသည့်အတိုင်း ၊ အမျိုးသမီး စထွင်မာ အများစုက သူတို့၏ ပရိသတ်များကို လိမ်လည်ရာတွင် အထူးကျွမ်းကျင်သူများ ဖြစ်ကြသည်။
သို့ပေမယ့်လည်း အဆိုပါ အမျိုးသမီးစထွင်မာများကို ပစ်မှတ်ထားလိမ်လေ့ရှိသည့် လူလိမ်များလည်း ကင်းမဲ့မနေပေ။
ချစ်စဖွယ်ယုန်သားဆော့စ်၏ ပြောစကားကို နားထောင်ရသလောက်တော့ သူမ၏ အချစ်စစ်ဆိုသည်မှာ လူလိမ်ဖြစ်နိုင်ချေ အတော်လေး များ၏။
“ ငါ ပြောချင်တာကတော့ ….” ချန်ယွီ့က စကားပြောခန်းကို တစ်ချက် ကြည့်ရင်း “ မင်းမှာ ချို့ယွင်းချက်တွေ အများကြီးရှိတယ်ဆိုပေမယ့် မင်းရဲ့ ချစ်သူကောင်လေးကိုတော့ အကောင်းဆုံး ပံ့ပိုးပေးခဲ့တယ် …”
ထိုသို့ပြောဆိုပြီးနောက် ချန်ယွီ့က သူမကို လက်မထောင်ပြလိုက်သည်။
“ ချစ်သူကောင်လေးရဲ့ စိုးရိမ်ပူပန်မှုတွေကို ကူပြီး ပခုံးထမ်းပေးဖို့နဲ့ လကုန်ပိုင်းကျရင် သူ့ရဲ့ အာမခံကြေးကို အပြည့်ပေးနိုင်ဖို့အတွက် …”
“ မင်းက လိုက်စထွင်းထဲမှာ ရှိတဲ့ ကြည့်ရှုသူအဟောင်းတွေကို သုံးရက် အချိန်ပေးပြီး ဆန်ကာစစ်လိုက်တယ် …”
“ ပိုက်ဆံ တစ်ချို့ ရှိမယ်ထင်တဲ့ ကြည့်ရှုသူအဟောင်းတွေကို ပစ်မှတ်ထားပြီး သူတို့နဲ့ ဝီချက်အပ်တယ် ….”
“ သူတို့ကို ချစ်ဖို့ကောင်းအောင် သရုပ်ဆောင်၊ ချွဲပြ၊ နွှဲ့ပြ၊ ချော့မော့ပြီးတော့ ပိုက်ဆံပေးလာအောင် လုပ်တယ် ….”
“ ရေစက်လေးတွေ စုစည်းပြီး ရေအိုင်ဖြစ်လာတယ်ဆိုတဲ့ စကားအတိုင်း သူတို့ဆီက ရတဲ့ ငွေနည်းနည်းလေးတွေကို သေချာစုတယ် …”
“ နောက်ပြီး အဲ့ဒါအပြင်ကို မင်းက မင်းအပေါ် မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတဲ့ ကြည့်ရှုသူတွေကို ပစ်မှတ်ထားပြီး အပြင်မှာ တွေ့ဖို့ တောင်းဆိုတယ် ….”
“ ကြိုးရှည်ရှည်နဲ့ လှန်ထားပြီး မင်းကို ဘယ်လိုနည်းနည်းနဲ့ပဲ ဖြစ်ဖြစ် ပိုက်ဆံပေးလာအောင် လုပ်တယ် …”
“ မင်းရဲ့ ကောင်လေးကို ပိုက်ဆံချေးတာပဲ ဖြစ်ဖြစ် ၊ သူ့ကို ပိုက်ဆံရန်ပုံငွေ ရအောင် လုပ်ပေးတာပဲ ဖြစ်ဖြစ် ၊ မင်းမျက်လုံးထဲမှာတော့ ဒါက ရင်းနှီးမြုပ်နှံမှုပဲ …”
“ မကြာခင်မှာ အနှေးနဲ့အမြန် ၊ သူက မိသားစုစီးပွားရေးလုပ်ငန်းကို ဆက်ခံရတော့မှာ …”
“ သူ့ကို ဒီလောက် အများကြီး ကူညီပေးထားမှတော့ ဘယ်လိုနေနေ မင်းက သူ လိုအပ်ဆုံး အချိန်မှာ အနားမှာ ရှိနေပေးခဲ့တဲ့လူပဲလေ … သူ့ဇနီးမယား ဖြစ်လာမှာ ကျိန်းသေပေါက်ပဲ ….”
ချစ်စဖွယ် ယုန်သားဆော့က သူမ၏ ချစ်သူကောင်လေးကို ကူညီပေးပြီး ရန်ပုံငွေ တိုးမြင့်ပေးသည်က သူမဘဝ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းမျှသာ ရှိသေးသည်။
ချမ်းသာသည့် အထက်တန်းလွှာ အသိုင်းအဝိုင်းထဲ ခုန်ပျံတက်သွားနိုင်မလား ဆိုသည်က ဤအလောင်းအစားပေါ်တွင် မူတည်နေသည်။
ကြည့်ရှုသူများမှာ ဝါးလုံးကွဲ ရယ်မောမိသွားကြတော့သည်။
အောင်မယ်လေး ကောင်းလိုက်တာ … လက်စသတ်တော့ စက်ဘီးကို မော်တော်ဆိုင်ကယ်ပြောင်းနိုင်မယ်ဆိုပြီး လောင်းကြေးထပ်နေတာကိုး …
“ ကျွန်မရဲ့ ကိုယ်ပိုင် ကောင်းစားရေးအတွက် ကြိုးစားနေတာ ဘာမှားနေလို့လဲ ….”
“ ကျွန်မ ခိုးဝှက်တာလည်း မလုပ်ဘူး ၊ ဓားပြလည်း မတိုက်ဘူး ၊ ကိုယ့်အစွမ်းအစနဲ့ကိုယ် ပိုက်ဆံရှာတယ်လေ ….”
“ ကျွန်မကိုယ်တိုင်က စိတ်လိုလက်ရနဲ့ ချစ်သူကောင်လေးရဲ့ စီးပွားရေးလုပ်ငန်းကို ကူညီပေးနေတာ ရှင် ကျွန်မကို လာပြီး လက်ညှိုးထိုးပိုင်ခွင့် မရှိဘူး …”
ချစ်စဖွယ် ယုန်သားဆော့စ်၏ မျက်နှာအရေ မည်မျှထူထူ၊ သန်းနဲ့ချီသည့် ကြည့်ရှုသူများ၏ လှောင်ပြောင်တိုက်ခိုက်မှုကိုတော့ မခံနိုင်ချေ။
ဤတစ်ကြိမ်တွင်တော့ ၊ အွန်လိုင်းပေါ်တွင် တည်ဆောက်ထားသည့် သူမ၏ ပုံရိပ်လေးမှာ ပျက်စီးသွားခဲ့ချေပြီ။
ကံကောင်းထောက်မစွာဖြင့် သူမ၏ အိုနီးချန်ကတော့ ရှိနေသေး၏။
အလွန်ဆုံး ၊ စထွင်မာ ဆက်မလုပ်နိုင်လျှင်လည်း ချစ်သူကောင်လေးနှင့်အတူ စီးပွားရေးလုပ်လို့လည်း ရသည်။
အမှန်တရားကို ချစ်မြတ်နိုးသည့် ကြည့်ရှုသူ အများအပြားက သူမ၏ စကားကို ကြားတော့ ဝေဖန်လှောင်ပြောင်နေကြလေသည်။
ချစ်စဖွယ်ယုန်သားဆော့စ်က တကယ်လည်း မခိုးမဝှက်၊ မလုယက်ချေ။ သို့သော် သူမက လူ၏ ခံစားချက်ကို အသုံးချပြီး လိမ်လည်ခဲ့၏။
ထို့ပြင် ချစ်စဖွယ်ယုန်သားဆော့စ် အချစ်စစ်ဟု မှတ်ယူထားသူကလည်း လူကောင်းမဖြစ်နိုင်ချေ။ သူက ပိုမိုအဆင့်မြင့်သည့် နည်းလမ်းများဖြင့် လိမ်လည်နေသူ တစ်ဦး ဖြစ်နိုင်လောက်သည်။
မည်သို့ပင်ဆိုစေ ယခင် ၂ နှစ်အတွင်း အမျိုးသမီး စထွင်မာများ အလိမ်ခံရသည့် သတင်းတို့က အင်တာနက်ပေါ်တွင် အများအပြား ရှိခဲ့ဖူး၏။
“ လူကိုလာပြီး မပုတ်ခတ်နဲ့ … ငါ့ကောင်လေးက လူလိမ်မဟုတ်ဘူး ….”
“ လူလိမ်တွေမှာ ဗွီဒီယိုကော ခေါ်ရဲတဲ့ သတ္တိမရှိဘူး … ချောတဲ့လူစားမျိုးဆို ပိုလို့တောင် မဖြစ်နိုင်သေး ….”
ပြောရင်းဖြင့် ချစ်စဖွယ် ယုန်သားဆော့စ်က သူမ၏ ဖုန်းကို ထုတ်ပြီး ဗွီဒီယီုတစ်ပုဒ်ကို ဖွင့်ပြလိုက်သည်။
ဗွီဒီယိုထဲတွင် သူမက ငယ်ရွယ်ပြီး ခန့်ညားချောမောလှသည့် လူငယ်ကောင်လေးတစ်ယောက်နှင့် ပျော်ပျော်ရွှင်ရွှင် စကားပြောနေသည်။
ကောင်လေး၏ ရုပ်ရည်က နတ်လူသားတစ်ဝက် အဆင့်လောက်ကို ရောက်နေပြီဟု ပြောဆိုလျှင်ပင် ချဲ့ကားရာ မကျလှပေ။
“ ဘယ်လိုလဲ … ကျွန်မကောင်လေးက ချောတယ်မလား ….”
ချစ်စဖွယ် ယုန်သားဆော့စ်လေးက ဘဝင်ခိုက်နေလျက်ရှိ၏။
“ ဒေါက်တာချန် … ဒါ ကျွန်မ ချစ်သူကောင်လေးပဲလို့ ကျေးဇူးပြုပြီး သူတို့ကို ပြောပြလိုက်စမ်းပါ ….”
“ အင်း …..” ဤသည်ကို ကြားတော့ ချန်ယွီ့ ခေါင်းညိတ်လိုက်၏ “ ရှုထောင့် တစ်ခုက ကြည့်ရင်တော့ ဒါ တကယ်လည်း မင်းကောင်လေးပဲ …”
“ ဘာပြောတယ် …” ချစ်စဖွယ် ယုန်သားဆော့၏ မျက်နှာထက်ရှိ အပြုံးက ရုတ်ချည်း အေးခဲသွားပြီး “ ရှုထောင့်တစ်ခုက ကြည့်ရင်ဆိုတာက ဘာစကားလဲ … ဒါ ကျွန်မ ကောင်လေးပဲလေ ….”
“ မဟုတ်ဘူး ….” ခေါင်းခါယမ်းလျက် “ သူက ဒီတိုင်း မင်းချစ်သူကောင်လေး ခြုံထားတဲ့ အပေါ်ယံ အရေပြားသပ်သပ်ပဲ … digital avatar လို့လည်း လူသိများတယ် ….”
“ အဲ့ဒီ အရေပြားနောက်ကွယ်က လူနဲ့ ပတ်သက်လို့ကတော့ ….”
ချန်ယွီ့ စကားကို ခေတ္တ ရပ်နားထားလိုက်ပြီး ဆန်းကြယ်သည့် အပြုံးတစ်ခုက သူ့မျက်နှာထက်တွင် ဖြစ်ပေါ်လာသည်။
“ မင်းရဲ့ ချစ်သူကောင်လေးအစစ်က ဒီခု ဒီနေရာမှာပဲ ရှိနေတယ် …”