ဇာတ်လမ်း အလှည့်အပြောင်း
Vol. 34 Ch. 333
ချန်ယွီ့ ပြောလိုက်သည့် စကားကြောင့် စကားပြောခန်းထဲရှိ ကွန်းမန့်များပင် တစ်ဝက်လောက်အထိ လျော့ကျသွားခဲ့သည်။
ကြည့်ရှုသူများမှာ ရှော့ခ်ရလွန်း၍ ကျည်ဆံကွန်းမန့်များကိုပင် ဆက်တိုက် မပေးပို့နိုင်ကြတော့ချေ။
ဒေါက်တာချန်က သူတို့ကို ဘယ်တုန်းကမှ စိတ်မပျက်စေခဲ့ဘူးပဲ။
အရှိန်ကောင်းနေသည့် အခိုက်အတန့်တိုင်းတွင် သင်းပျံ့လှသည့် လက်ဖက်ရနံ့များကို ထုတ်လွှတ်ပေးလေ့ရှိ၏။
[ ငါနားရှုပ်သွားပြီ … avatar ဆိုတာ ဘာကြီးလဲ … 2d ကာရိုက်တာနဲ့ ဘာကွာသွားလို့ … ]
[ နည်းပညာ အသစ်လေ … AI အသုံးချပုံစံ တစ်မျိုးပဲ … လူအစစ်ကို 1:1 နဲ့ ကိုယ်စားထိုးတဲ့ နည်းပညာ … ]
[ ညီကိုတို့ …. လူလိမ်တွေတောင် နည်းပညာနဲ့ မျက်ခြေမပြတ်ကြတာ ငါတို့ကောင်တွေက ဘာကိစ္စ အပျင်းတစ်နေကြမှာလဲ ဟုတ်တယ်မလား … ]
[ သောက်ရမ်းမိုတီရတာပဲ … ငါ အခုချက်ချင်းပဲ ကုမ္ပဏီသွားပြီး အချိန်ပိုဆင်းတော့မယ် …. အစွမ်းကုန်ကြိုးစားပြီး ငါတို့ဘော့စ်ကို တိုက်ခန်းတွေ အများကြီး ဝယ်နိုင်အောင် လုပ်ပေးရမယ် … ]
[ သွားသေလိုက်စမ်း အရင်းရှင်တွေရဲ့ လက်ပါးစေတစ်သိုက်တွေ … ]
[ ငါ ဒီထက်ပိုပြီး မရယ်နိုင်တော့ဘူး … ပုံရိပ်ယောင် avatar တစ်ခုကို တကယ်ပဲ သူ့ချစ်သူကောင်လေးဆိုပြီး သဘောထားနေတယ် … အဲ့လောက်တောင် ကန်းရလားဟ … ]
[ ဒစ်ဂျစ်တယ် အက်ဗက်တာတွေကလည်း အခုဆို လူသားအစစ်တွေနဲ့ အတော်လေး တူလာနေပြီလေ … ]
လူသားပုံရိပ်ယောင် နည်းပညာအကြောင်း နားလည်ကြသည့် ကြည့်ရှုသူများက စတင်ရှင်းပြကြတော့သည်။
ဤနည်းပညာအသစ်ကို လိုက်စထွင်း ပလတ်ဖောင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပြီ ဖြစ်၏။ စထွင်မာတစ်ယောက် ဖြစ်ပြီး ယင်းအချက်ကို သတိမထားမိသည်က လုံးဝ ထူးဆန်းနေသည်။
အဆိုပါ နည်းပညာကို အသုံးပြု၍ ကာရိုက်တာ တစ်ခု ဖန်တီးခြင်းကို မဆိုထားနှင့် ၊ သေဆုံးသွားသည့် မိမိ၏ ဆွေမျိုးများကိုပင် ပုံစံတူ ဖန်တီး၍ရလေသည်။
မကြာမီ ပရိသတ်တစ်ဦးက အထူးကွန်းမန့်တစ်ခု ပေးပို့လာခဲ့ပြီး လူတိုင်း၏ အာရုံစိုက်မှုလမ်းကြောင်းမှာလည်း သွေဖည်သွားခဲ့တော့သည်။
ချန်ယွီ့က လုံလောက်အောင် ရှင်းပြသွားခဲ့ပြီး ဖြစ်၏။ ချစ်စဖွယ် ယုန်သားဆော့စ်လေးက လိမ်ခံလိုက်ရသည်မှာ သေချာသည်။
လူလိမ်က ဒစ်ဂျစ်တယ်အက်ဗက်တာ နည်းပညာကို အသုံးချပြီး အမျိုးသား မော်ဒယ်တစ်ဦး၏ ပုံရိပ်ကို ဖန်တီး၍ ချိုမြိန်သည့် စကားလုံးလေးများမှတစ်ဆင့် ချစ်စဖွယ် ယုန်သားဆော့စ်လေး၏ ပိုက်ဆံများအကုန်လုံးကို သူမလက်တွင်းမှ ညှစ်ယူသွားခဲ့သည်။
နောက်ပြီး ထိုလူလိမ်ကလည်း ယခု ဤနေရာတွင် ရှိနေသည်။
ချက်ချင်းဆိုသလို သန်းနှင့်ချီသည့် မျက်ဝန်းအစုံတို့က စခရင်မှတစ်ဆင့် ချစ်စဖွယ် ယုန်သားဆော့စ်ထံ ကျရောက်လာခဲ့တော့သည်။
ချစ်စဖွယ် ယုန်သားဆော့စ်က ကြောက်လန့်တုန်လှုပ်နေသည့် အမူအရာဖြင့် တုန်ယင်စွာ မေးမြန်းလိုက်၏။ “ ကျွန်မ … ကျွန်မ တကယ်ပဲ လှည့်စားခံလိုက်ရတာလားဟင် …..”
သူမရင်ထဲ မယုံကြည်နိုင်သော်ငြား ကြည့်ရှုသူများ၏ ကွန်းမန့်များက သူမကို လုံလောက်အောင် သိမ်းသွင်းနိုင်ခဲ့ဆဲပင်။
နှစ်ဦးက တစ်မြို့တည်းသားချင်းများ မဟုတ်ကြပေ။
သူမ အပြင်တွင် ဆုံတွေ့ဖို့ ချိန်းလိုက်ည့်အခါတိုင်း ကောင်လေးဖြစ်သူက ငြင်းဆန်လေ့ရှိ၏။
“ မင်းမှာ ကောင်လေးဖြစ်သူရဲ့ ဖုန်းနံပါတ် ရှိတယ် မဟုတ်လား ….” ချန်ယွီ့ ရယ်သွမ်းလျက် “ တစ်ချက်ဖုန်းခေါ်ပြီး သူ့ကို လူလိမ်ဟုတ်မဟုတ် မေးကြည့်လိုက်ပေါ့ ….”
“ ကောင်းပြီလေ … ကျွန်မ အခုပဲ ရှင်းအောင် မေးမယ် ….”
ပြောရင်းဖြင့် ချစ်စဖွယ် ယုန်သားဆော့စ်က ကောင်လေးဖြစ်သူ၏ နံပါတ်ကို လိုက်လံရှာဖွေတော့သည်။
“ ဟိုက် …”
ထိုအချိန်မှာပဲ [ ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]က ရုတ်တရက် အော်ဟစ်လိုက်ပြီး “ ငါ အခုမှ အမှတ်ရတယ် … အပြင်ထွက်မလာခင်တုန်းက အိမ်မှာ ဟင်းအိုးတည်ထားခဲ့တာ တူးနေပြီလား မသိပါဘူး …”
“ ဒေါက်တာချန် … ငါ အခု လိုင်းဆင်းတော့မယ် … အခုချိန် မပြန်ဘူးဆိုရင် ငါ့အိမ် တစ်ခုခု ဖြစ်သွားလိမ့်မယ် …..”
ဤစကားကြားတော့ ချန်ယွီ့ ရုတ်ချည်း ရယ်မောလိုက်၏။
“ တကယ်လည်း တစ်ခုခု ဖြစ်သွားမှာ … ဒါပေမယ့် အိမ်တော့ မဟုတ်ဘူး … ခင်များမိန်းမပဲ ….”
“ ငါ့မိန်းမ ဟုတ်လား …. သူက အိမ်ထောင်ရှင်မလေ … သူက ဘာများ ဖြစ်နိုင်မှာမလို့ ….”
[ ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]က မေးလိုက်သည်။
“ မိန်းကလေး … မင်း ဒီတိုင်း ရပ်မနေနဲ့လေ …” ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ မင်းရဲ့ ကောင်လေးကို ဖုန်းခေါ်လိုက်တော့ ….”
“ အိုး ….”
ချစ်ဖို့ကောင်းတဲ့ ယုန်သားဆော့စ်က ချက်ချင်းပဲ အသိစိတ် ပြန်ဝင်လာခဲ့ပြီး ချစ်သူကောင်လေးထံ ဖုန်းခေါ်လိုက်တော့သည်။
“ ကလင် ကလင် ကလင် …..”
ထိုအချိန်မှာပဲ ဖုန်းမြည်သံတစ်ခုက ဧရိယာတစ်ခုလုံးသို့ ပျံ့နှံ့လာခဲ့၏။
မရေမတွက်နိုင်သည့် မျက်ဝန်းများက ဖုန်းအသံလာရာဘက်သို့ လှမ်းကြည့်လိုက်ကြရာ မြေပြင်ပေါ်မှာ ထိုင်ပြီး ငိုကြွေးနေသည့် သက်လတ်ပိုင်း အမျိုးသမီးကြီးက လက်ထဲ ဖုန်းကိုင်ထားသည်ကို မြင်တွေ့လိုက်ရလေသည်။
သူမက ဖုန်းဘေးဘက်ခြမ်းရှိ ခလုတ်ကို လက်မဖြင့် အမြန်ဖိလိုက်၏။
နောက်တစ်စက္ကန့်၌ ဖုန်းစခရင်တစ်ခုလုံး နက်မှောင်သွားခဲ့တော့သည်။
ချစ်စဖွယ် ယုန်သားဆော့စ်၏ ဖုန်းထံမှ ဖုန်းခေါ်ဆိုမှုသည်လည်း ပြတ်တောက်သွားခဲ့လေသည်။
ချစ်စဖွယ် ယုန်သားဆော့စ်မှာ သက်လတ်ပိုင်း အမျိုးသမီးကြီးကို မယုံကြည်နိုင်စွာ ကြည့်မိလိုက်သည်။
ဘေးမှ ဝိုင်းအုံကြည့်နေသူများနှင့် ကြည့်ရှုသူများအားလုံး စိတ်ထဲ တစ်ပြိုင်နက်တည်း ကျိန်ဆဲမိသွားကြ၏။
သောက်ကျိုးနည်း …
ချစ်စဖွယ် ယုန်သားဆော့စ်က အခုလေးတင် သူ့ကောင်လေးဆီ ဖုန်းခေါ်လိုက်တာကို သက်လတ်ပိုင်း အမျိုးသမီးကြီးရဲ့ ဖုန်းက အသံမြည်လာတယ် …
သူက မကိုင်ဘဲ ငြင်းလိုက်တော့ ချစ်စဖွယ် ယုန်သားဆော့စ်ရဲ့ ခေါ်ဆိုမှုကလည်း ပြတ်တောက်သွားခဲ့တယ် ….
သောက်ကျိုးနည်း ဘာတွေ ဖြစ်နေတာလဲ …
လူလိမ်က ဒီ မိန်းမကြီးလား …
[ ပြောင်မြောက်လိုက်တဲ့ ရွေ့ကွက် … ငါ အခု နားလည်သွားပြီ ]
[ တစ်တောင်ထက် တစ်တောင်က ပိုမြင့်တယ်ဆိုတဲ့စကားက တယ်မှန်ပါလား … သောက်ကြမ်းကြီးတွေက နေရာတိုင်းမှာ ရှိနေတာပဲ … ]
[ ယောက်ျားဖြစ်သူက စထွင်မာ မိန်းကလေးရဲ့ နူးညံ့ညင်သာမှုတွေကို စွဲလမ်းနေတယ် … ဇနီးဖြစ်သူကကျတော့ ချမ်းသာတဲ့ သူဌေးသားဟန်ဆောင်ပြီး စထွင်မာ မိန်းကလေးဆီက ပိုက်ဆံတွေကို ပြန်လိမ်နေတယ် … သောက်ရမ်း အံ့ဩဖို့ကောင်းလိုက်ပါဘိ … ]
[ ဇာတ်လမ်း ဇာတ်အိမ်ကတော့ ရူးလောက်စရာကောင်းတဲ့ဘက်ခြမ်းကို ဦးတည်နေပြီ … ]
ကြည့်ရှုသူများမှာ အတောမသတ်နိုင်အောင် ရယ်မောနေကြတော့သည်။
အရက်စက်ဆုံးလူက [ ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]၏ ဇနီးသည် ဖြစ်နေလိမ့်မည်ဟု မည်သူကမျှ မျှော်လင့်မထားခဲ့ပါချေ။
အမျိုးသမီး စထွင်မာတစ်ဦးက သူမ ခင်ပွန်းကို ဖျားယောင်းပြီး ပိုက်ဆံအများအပြား ညှစ်ယူခဲ့သည်။
ထို့ကြောင့် ဇနီး ဖြစ်သူအနေဖြင့် စထွင်မာ၏ နည်းလမ်းအတိုင်း လိုက်ပါကစားပေးဖို့ ဆုံးဖြတ်လိုက်လေသည်။
ရှိခိုးကောင်က ပုစဉ်းရင်ကွဲကို ဖမ်းဖို့ ချောင်းနေသော်လည်း နောက်က စာပုတီးငှက်ကိုတော့ သတိမမူမိချေ။
အရည်အချင်းရှိသည့် မုဆိုးဆိုသည်မှာ သားကောင်အနေဖြင့်သာ ပေါ်လာလေ့ရှိ၏။
“ ရှင် … ရှင်က အားဟွေ့လား ….”
ချစ်စဖွယ် ယုန်သားဆော့စ်လေးက နှုတ်မှ ခက်ခက်ခဲခဲ မေးမြန်းလိုက်သည်။
“ ငါ မဟုတ်ဘူး … နင် ဘာတွေ ပြောနေလဲ ငါမသိဘူး ….”
သက်လတ်ပိုင်း အမျိုးသမီးက အလျင်အမြန် မတ်တပ်ထရပ်၍ လူအုပ်ကြီးထဲမှ ထွက်ပြေးဖို့ ကြိုးစားလိုက်၏။
စိတ်အားထက်သန်နေသည့် လူအုပ်ကြီးက သူမ ပြေးမည့်လမ်းကို ပိတ်စို့ထားလိုက်လေသည်။
ဤမျှ စိတ်ဝင်စားဖို့ကောင်းသည့် ဇာတ်လမ်းကို အဆုံးထိ မကြည့်ရလျှင် ယနေ့ည စားဝင်အိပ်ပျော်တော့မှာ မဟုတ်တော့ချေ။
“ ရှင်ဘာလို့ အဲ့လိုလုပ်ရတာလဲ ….”
သက်လတ်ပိုင်း အမျိုးသမီးကြီး၏ ထွက်ပြေးလိုမှုက သူမ၏ အထောက်အထားကို အတည်ပြုပေးလိုက်သလို ဖြစ်သွားခဲ့သည်။
ချစ်စဖွယ် ယုန်သားဆော့စ်မှာ ဒေါသထွက်လွန်း၍ မျက်ဝန်းများ နီရဲလာသည်။ သူမ၏ လက်ကို ဆန့်တန်း၍ သက်လတ်ပိုင်း အမျိုးသမီးကြီး၏ ဆံပင်အား ကြမ်းတမ်းစွာ လှမ်းဆွဲလိုက်၏။
အမျိုးသမီးကြီးက သူမ၏ လက်များကို ရှောင်တိမ်းလိုက်ပြီး တစ်ဖက်သို့ တွန်းထုတ်လိုက်လေသည်။
“ ငါ နင့်ကို လိမ်ခဲ့တယ် … ဒါပေမယ့် ငါ့ယောက်ျားကို အရင်လိမ်ခဲ့တာက နင် ….”
လူအုပ်ကြီး၏ ဝိုင်းရံပိတ်ဆို့မှုကြောင့် ထွက်မပြေးနိုင်တော့သည့် သက်လတ်ပိုင်း အမျိုးသမီးကြီးမှာ အရာအားလုံးကို သူမလုပ်တာပါဟု ဝန်ခံလိုက်တော့သည်။
ခင်ပွန်းသည်မှာ ချစ်စဖွယ် ယုန်သားဆော့စ်၏ မြှူဆွယ်ဖျားယောင်းမှုကြောင့် ပိုက်ဆံများ အဆက်မပြတ် ထုတ်ပေးနေပြီး စုငွေများလည်း တစ်စထက်တစ်စ လျော့ပါးလာခဲ့၏။
အကယ်၍ ဤအတိုင်း ဆက်ဖြစ်နေမည်ဆိုပါက တစ်မိသားစုလုံး ပြိုလဲသွားနိုင်သည်။
အနှီ အမျိုးသမီး စထွင်မာများက ဆင်းရဲသူများကို စက်ဆုပ်ပြီး လူချမ်းသာများကိုမှ ပစားပေးချင်ကြသဖြင့် သက်လတ်ပိုင်း အမျိုးသမီးကြီးလည်း သူမကို သင်ခန်းစာပေးဖို့ ဆုံးဖြတ်လိုက်သည်။
ချစ်စဖွယ် ယုန်သားဆော့စ်က သူမခင်ပွန်းကို အရူးလို ကစားထားမှတော့ သူမကလည်း သူဖော်သည့် ဆေးအတိုင်း ပြန်ကျွေးမည်။
“ နင်သာ လွန်မလာဘူးဆိုရင် ငါလည်း ဒီလို လုပ်စရာ အကြောင်းမရှိဘူး ….”
“ နင် စကားပြောချင်တယ်ဆို တိတ်ဆိတ်တဲ့နေရာရှာပြီး ကောင်းကောင်း ဖြေရှင်းကြမယ် ….” သက်လတ်ပိုင်း အမျိုးသမီးကြီးက အလျှော့မပေးတမ်း ပြောဆိုလိုက်ပြီး “ အေး နင်က လူမြင်ကွင်းမှာ ရုတ်ရုတ်သဲသဲ လုပ်ချင်တယ်ဆိုလည်း ရတယ် … စိန်လိုက်လေ ….”
ချစ်စဖွယ် ယုန်သားဆော့စ်လေးမှာတော့ နွေခေါင်ခေါင် မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် အေးစက်တောင့်တင်းနေတော့၏။ သူမမှာ ငွေရော အရှက်တရားရောပါ ဆုံးရှုံးလိုက်ရသည်။
“ မိန်းမ … မင်း မင်းကွာ … ဟင်း ….”
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည့် [ ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]က သူ့မိန်းမကို ရောထွေးနေသည့် ခံစားချက်များဖြင့် ကြည့်ရှုလိုက်၏။
“ ဒေါက်တာချန် … အခြေအနေတွေက ဒီလို ဖြစ်လာလိမ့်မယ်လို့ ငါလည်း ထင်မထားခဲ့ဘူး … ဒီလောက်နဲ့ပဲ တော်လိုက်ကြတာပေါ့ ….”
“ ငါတို့သုံးယောက် တစ်နေရာရှာပြီး ဒီကိစ္စကို သေချာလေး ဖြေရှင်းရဦးမယ် …..”
[ ငါ အစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]က ခေါင်းငုံ့လျက် ဖုန်းကို ပွတ်ဆွဲရင်း ပိုက်ဆံလွှဲပြီး ခေါ်ဆိုမှုကို အဆုံးသတ်ဖို့ ဟန်ပြင်နေသည်။
“ ဒီရဲ့လူနာ ….” ချန်ယွီ့ အနည်းငယ်နောက်ဆုတ်ပြီး ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားကာ “ ဒီ ကိစ္စ ဖြေရှင်းချင်တယ်ဆို သုံးယောက်တည်းနဲ့ ဖြစ်ပါ့မလား ….”
“ ကိုယ့်သားကိုယ် မေ့နေတာတော့ မဟုတ်ပါဘူးနော် ….”
“ ခင်များတို့ မိသားစုက သုံးယောက်လေ … ဒီရဲ့ မိန်းကလေးကိုပါ ထည့်တွက်လိုက်မယ်ဆို စုစုပေါင်း လေးယောက်ပေါ့ … မဟုတ်ဘူးလား ….”
အခြားလက်တစ်ဖက်ကို အသုံးပြုရင်း ချန်ယွီ့ လက်လေးချောင်း ထောင်ပြလိုက်သည်။