← Chapters

ရလဒ်ကို ဦးစားပေးခြင်း

Vol. 34 Ch. 334

ရလဒ်ကို ဦးစားပေးခြင်း

Vol. 34 Ch. 334

[ ငါတော့ အတင်းအဖျင်းနံ့တွေ ထပ်ပြီး ရှိနေမှာကို အာရုံရနေပြီ … ]

[ သူတို့ အကုန်လုံးက တစ်ဂိုဏ်းတည်းသားချင်းတွေလား ဘာလား ]

[ သူတို့က မိသားစုတွေလေ … ]

[ ငါတော့ နားမလည်ဘူး … ဒါပေမယ့် အတော်တော့ ရှော့ခ်ရသွားပြီ ]

[ အမှန်ပဲ … ဒါ အုပ်စုဖွဲ့ လိမ်လည်မှုပဲ … ဒီမိန်းမကြီး သုံးတဲ့ ဒစ်ဂျစ်တယ် အက်ဗက်တာဆိုတာ သူ့သား ဖန်တီးပေးထားတာ ဖြစ်လောက်တယ် … ]

[ ယုတ္တိရှိတယ် …. ဒီမိန်းမကြီး ပုံစံကြည့်ရသလောက်ကတော့ အေအိုင် နည်းပညာအကြောင်း နကန်းတစ်လုံး သိမယ့်ပုံ မပေါ်ဘူး … ]

[ သူ့ ယောက်ျားက အနစ်နာဆုံးပဲ … စထွင်မာမိန်းကလေးကတော့ ဒုတိယပေါ့ .. ]

သက်လတ်ပိုင်း အမျိုးသမီးကြီးက သူမက ချမ်းသာသည့် သူဌေးသားဟန်ဆောင်ထားသည့် လူလိမ်ဖြစ်သည်ကို ကြားသိလိုက်ရတော့ ကြည့်ရှုသူများမှာ ပြပွဲကို နှစ်သက်မွေ့လျော်နေကြစဉ် တစ်ချိန်တည်းမှာပဲ ဇဝေဇဝါ ဖြစ်နေမိကြ၏။

သက်လတ်ပိုင်း အမျိုးသမီးကြီး ထွက်ပေါ်လာသည်နှင့် ချစ်စဖွယ်ယုန်သားဆော့စ်နှင့် သူမ၏ သူငယ်ချင်းမှာ ခေါင်းငုံ့ပြေးရုံမျှသာ တတ်နိုင်လေသည်။ ဤသည်ကို ကြည့်ချင်းအားဖြင့် ဤမိန်းမကြီးက အင်မတန် စရိုက်ကြမ်းသည့် အမျိုးသမီး ဖြစ်သည်မှာ ကျိန်းသေပေါက်ပင်။

ယခု သူမက ပုံရိပ်ယောင် နည်းပညာကို အသုံးချပြီး ချစ်စဖွယ် ယုန်သားဆော့စ်ကို လှည့်စားကာ သူမ၏ ပိုက်ဆံများ လိမ်လည်သွားကြောင်း သိလိုက်ရတော့ ကြည့်ရှုသူများမှာ သိပ်တော့ မဟုတ်သေးဟု ခံစားလိုက်ရ၏။

သူမက သာမန် အိမ်ထောင်ရှင်မ တစ်ဦးသာ ဖြစ်သည်။ အေအိုင် ကျွမ်းကျင်သူ မဟုတ်ပေ။

ဒါဆို ဘယ်လိုဖြစ်ပြီး အဲ့လိုမျိုး နည်းပညာနဲ့ လိမ်လည်သူ ဖြစ်လာခဲ့ရတာ …

အကယ်၍ သူမ၏ သားလည်း ပါဝင်ပတ်သက်နေသည်ဆိုလျှင်တော့ ယင်းက ယုတ္တိရှိသွားခဲ့လေပြီ။

ခင်ပွန်းဖြစ်သူက စထွင်မာ မိန်းကလေးနှင့် ဖောက်လွဲ ဖောက်ပြန်သည့် ဆက်ဆံရေးတို့ ရှိနေသဖြင့် ခင်ပွန်းဖြစ်သူ အမ်းထားသည့် ပိုက်ဆံများကို သားဖြစ်သူ၏ နည်းပညာ ပံ့ပိုးကူညီပေးမှုဖြင့် ပြန်လည် လိမ်ယူခဲ့သည်။

အတော်လေး ပြီးပြည့်စုံလှသည့် သားအမိနှစ်ယောက် ပူးပေါင်းဆောင်ရွက်ခြင်းပေတကား။

“ ရှင်တို့ … ရှင်တို့တစ်မိသားစုလုံးက မကောင်းတဲ့လူတွေ …”

ချစ်စဖွယ် ယုန်သားဆော့စ်လေးမှာ ဒေါသထွက်လွန်း၍ လဲပြိုလုမတတ် ဖြစ်နေသည်။

လူလိမ်ခံရသည်ပင် ရှက်ဖို့ကောင်းလှပြီ ဖြစ်၏။ ယခု သားဖြစ်သူကပင် သက်လတ်ပိုင်း အမျိုးသမီးကြီး၏ ကြံရာပါ ဖြစ်နေသည်ကို သိရှိလိုက်ရတော့ ...

ယုန်ပင် ချောင်ပိတ်ဆို့ခံရပါက ပြန်ကိုက်တတ်သေး၏။

ချစ်စဖွယ် ယုန်သားဆော့စ်လေးလည်း အနှီ မိသားစုတစ်မျိုးလုံးကို သေသည်ထိ ကိုက်သတ်ချင်နေမိတော့သည်။

“ အိုး ဟုတ်သား ….”

“ ရှေ့နေလော့ ….” ချန်ယွီ့က ရုတ်တရက် သူ၏ နားထင်ကို ထိကိုင်ရင်း ညင်သာသည့် အပြုံးတစ်ပွင့်ဖြင့် “ ကျေးဇူးပြုပြီး လူတိုင်းကို ဉာဏ်အလင်းဖွင့်ပေးပါဦး …. လိမ်ခံရတဲ့ အမှုတွေကို သီးသန့်ဖြေရှင်းလို့ ရနိုင်လား …”

“ ရတာပေါ့ ….”

ရှေ့နေလော့က ဖြေဆိုလိုက်ပြီး များပြားလှသည့် အထူးကွန်းမန့်တို့က စကားပြောခန်းထဲ ထွက်ပေါ်လာသည်။

အာဏာပိုင်ရဲများ ဝင်ရောက် မစွက်ဖက်မီ ကျူးလွန်သူနှင့် နစ်နာသူ နှစ်ဦးနှစ်ဖက်က ညှိနှိုင်းပြီး သဘောတူညီချက် ရယူ၍ရသည်။

ကျူးလွန်သူက နစ်နာသူကို လျော်ကြေးတစ်ခု ပေးလိုက်လျှင် ဤကိစ္စကို သီးသန့်ဖြေရှင်းဖို့က မဖြစ်နိုင်သည် မဟုတ်ပေ။

အမှုကို ရဲစခန်းတွင် အမှုဖွင့်လိုက်မည်ဆိုလျှင်တော့ အများသူငှာသိရှိအောင် တရားစွဲဆိုလိုက်ခြင်း ဖြစ်ပြီး နှစ်ဦးနှစ်ဖက်က သီးသန့် ဖြေရှင်းလိုလျှင်ပင် ဖြစ်နိုင်မှာ မဟုတ်တော့ချေ။

ကျူးလွန်သူက နစ်နာသူကို လိမ်လည်ရယူထားသည့် ငွေများ ပြန်ပေးလိုက်လျှင်ပင် အမှုကတော့ သူ့အလိုလို ဆက်သွားနေဦးမှာ ဖြစ်၏။

ပြီးနောက် ရှေ့နေလော့က နောက်ထပ် ကွန်းမန့်တစ်ခုကို ထပ်ပေါင်း ပေးလာခဲ့သေး၏။

သူ့အတွေ့အကြုံအရတော့ ချစ်စဖွယ် ယုန်သားဆော့စ်နှင့် [ငါ အစ်ကိုကြီး မဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]၏ ဇနီးသည်ကြားတွင် သီးသန့်ဖြေရှင်းဖို့က လုံးဝ မဖြစ်နိုင်ပေ။

“ ဘာလို့လဲ …”

“ သူက အမှုကို အခုထိ ရဲမတိုင်ရသေးဘူးလေ … ငါ့မိန်းမနဲ့ သီးသန့်ညှိနှိုင်းပြီး ဘာလို့ ဖြေရှင်းမရနိုင်ရမှာ ….” [ငါ အစ်ကိုကြီး မဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]က ကြားဖြတ် မေးမြန်းလိုက်၏။

ရှေ့နေ့လော့က အလျင်အမြန်ပဲ ရှင်းပြလာသည်။

“ နစ်နာသူက ရဲကို ဖုန်းမခေါ်ခဲ့ဘူးဆိုပေမယ့် ဒေါက်တာချန်ရဲ့ လိုက်စထွင်းကို ကြည့်နေတဲ့ ယူနီဖောင်းဝတ်ရဲအရာရှိတွေ ရှိနေမှာကိုတော့ စိုးရိမ်မိသား ….”

“ တကယ်လို့ ရဲတပ်ဖွဲ့က တရားမဝင် လှုပ်ရှားမှုတွေကို မျက်မြင်တွေ့ခဲ့မယ်ဆိုရင် ကိုယ့်သဘောဆန္ဒအလျောက် စုံစမ်းစစ်ဆေးနိုင်တဲ့ အာဏာရှိတယ် ….”

“ ဘယ်သူမှ မတိုင်ကြားရင်တောင် သူတို့ဘာသူတို့ အမှုဖွင့်လို့ရတယ် ….”

“ မင်းရဲ့ ဇနီးသည်က သူ ငွေကို လိမ်ခဲ့တာပါဆိုပြီး ဝန်ခံသွားခဲ့ပြီးပြီ … ဒါ ငွေကြေးလိမ်လည်တဲ့ ရာဇဝတ်မှုမြောက်သွားပြီ ….”

ကွန်းမန့်များကို ဖတ်ရှုပြီးနောက် ကြည့်ရှုသူများမှာ ခေါင်းမဖော်နိုင်အောင် ရယ်မောနေမိကြတော့သည်။

ချန်ယွီ့ လိုက်စထွင်းကို မကြာခဏ ကြည့်ဖူးသည့် ပရိသတ်အဟောင်းများက လိုက်စထွင်းထဲတွင် ဖမ်းဆီးရမိလိုက်သည့် ရာဇဝတ်သားများက လက်နှစ်ဖက်ဖြင့်ပင် ရေတွက်နိုင်သည့် ပမာဏသို့ ရောက်နေပြီဖြစ်ကြောင်းကို သိရှိထားကြသည်။

အာဏာပိုင်များဘက်က ချန်ယွီ့လိုက်စထွင်းကို အမြဲတမ်း စောင့်ကြည့်နေဖို့ လူလွှတ်ထားမည်မှာ ကျိန်းသေပေါက်ပင်။

အနည်းဆုံးတော့ အချိန်မရွေး စောင့်ကြည့်နေနိုင်သည့် ရဲအရာရှိ ရှစ်ဦးခန့်လောက်တော့ ရှိမှာ ဖြစ်၏။

ရှေ့နေလော့ပင်လျှင် ရုပ်ဖျက်ထားသည့် ရဲအရာရှိတစ်ဦး ဖြစ်ကောင်းဖြစ်နေနိုင်သည်။

“ သောက်သုံးမကျတဲ့ မိန်းမ … မင်းအခု ဘာတွေ လုပ်ထားလဲ ကြည့်လိုက်စမ်း … မင်းတစ်ယောက်တည်းတင် မဟုတ်တော့ဘူး … ငါတို့သားပါ အခု ဒီအမှုထဲ ပါဝင်ပတ်သက်သွားပြီ ….”

“ ငါတော့ မင်းကို သေအောင်သာ ရိုက်သတ်ချင်တော့တယ် ….”

[ငါ အစ်ကိုကြီး မဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]က ဒေါသထွက်လွန်း၍ လက်ပင့်မြှောက်ပြီး မိန်းမဖြစ်သူကို ဖြတ်ရိုက်လိုက်၏။

နှစ်ဦးသား ရန်ဖြစ်ရင်း မျက်ရည်များက သူ့မျက်နှာထက်တွင် စီးကျလာသည်။

[ငါ အစ်ကိုကြီး မဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]က ရုတ်တရက်ဆိုသလို မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး ချစ်စဖွယ်ယုန်သားဆော့စ်လေးအား တောင်းပန်လိုက်သည်။

သူနှင့် သူ့ဇနီးက ကွာရှင်းပြတ်ဆဲကာလတွင် ရှိနေသော်လည်း အချိန်တစ်ခုကြာအောင် အတူပေါင်းသင်း နေထိုင်ခဲ့ကြသည့် ဇနီးမောင်နှံနှစ်ဦး ဖြစ်နေခဲ့ဆဲပင်။

သူ့ဇနီးနှင့် သားဖြစ်သူတို့ ထောင်ထဲ ရောက်သွားမှာကို သူ မမြင်တွေ့လိုပေ။

ချစ်စဖွယ် ယုန်သားဆော့စ်အား သူ့မိသားစုကို ခွင့်လွှတ်ပေးဖို့ တောင်းပန်နေတော့၏။

ချစ်စဖွယ် ယုန်သားဆော့စ်မှာ ခံစားချက်တို့ ရှုပ်ထွေးနေသည့် အမူအရာဖြင့် “ အရင်ထလိုက်ပါ .. ကျွန်မ … ကျွန်မ စဉ်းစားကြည့်ဦးမယ် …”

မညာတမ်း ဝန်ခံရမည်ဆိုပါက သူတို့သုံးယောက်လုံး ထောင်ထဲရောက်သွားခဲ့လျှင်ပင် သူမ ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်မိမှာ မဟုတ်ချေ။

သူမက ကိုယ်ချင်းမစာသော်လည်း သူမ၏ ဖန်များကပါ ထိုသို့ ဖြစ်လိမ့်မည်လို့ မဆိုလိုပေ။

ဖီးနစ်ဖြစ်လိုစိတ်ဖြင့် ချမ်းသာသည့် ကောင်လေးတစ်ယောက်ကို မျှားခဲ့သော်လည်း ထိုကောင်လေးက ရုပ်ဆိုးဆိုး မိန်းမကြီး တစ်ဦး ဖြစ်နေသဖြင့် လိုက်စထွင်း လွှင့်သည့်အပေါ် မှီခို၍ နောက်ထပ် ချမ်းသာသည့် ကောင်လေးတစ်ယောက်ကို ထပ်မျှားဖို့ လိုအပ်နေသေးသည်။

စထွင်မာအလုပ်အကိုင်ကို ဆက်လက် လုပ်ကိုင်နိုင်ရေးအတွက် သူမ၏ ပုံရိပ်ကို ပြန်လည် တည်ဆောက်ဖို့လိုသည်။

“ ဒါတွေ အကုန်လုံး ငါ့အမှားကြောင့်ပါ … ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ….”

[ငါ အစ်ကိုကြီး မဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]

က တွားသွားထ၍ ဘေးရှိ မိန်းမဖြစ်သူကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်သည်။

“ စောက်ကောင်မ မြန်မြန်ကျေးဇူးတင်လိုက်လေ … ထောင်ထဲ သွားချင်နေတာလား ….”

“ ကျေးဇူးတင်ပါတယ် ….”

သက်လတ်ပိုင်း အမျိုးသမီးကြီးက ချစ်စဖွယ် ယုန်သားဆော့စ်ကို ကျေးဇူးတင်စိတ်အပြည့်ဖြင့် ကျေးဇူးတင်လိုက်၏။

“ ဖြောင်း ဖြောင်း ဖြောင်း ….”

“ ခင်များက အတ္တကြီးတဲ့ စရိုက် ရှိရုံတင် မကဘူး … ခင်များရဲ့ မိန်းမနဲ့ သားကတောင် ဒီလို စရိုက်မျိုး ရှိနေတာပဲ ….” ချန်ယွီ့ လက်ခုပ်တဖြောင်းဖြောင်းတီး၍ ပေါ့ပါးစွာ ပြောလိုက်ပြီး “ တကယ့်ကို မိသားစု ပီသပါပေတယ် ….”

“ နေရာမှာတင် ချက်ချင်း အလိုက်သင့်မျှောပါနိုင်စွမ်းကလည်း ထင်မှတ်မထားလောက်အောင်ကိုပဲ … ပြဇာတ်ကတဲ့လူတွေတောင် ခင်များလောက် အရည်အချင်း မရှိနိုင်ဘူး ….”

သူ ထိုစကားပြောလိုက်သည်နှင့် ချစ်စဖွယ်ယုန်သားဆော့စ်လေး၏ မိမိ၏ ပုံရိပ်ကို ပြန်လည် တည်ဆောက်မည့် အကြံဉာဏ်မှာ နောက်ပြန်တွန့်သွားခဲ့ပြီး သရဲသဘက် မြင်တွေ့လိုက်ရသည့်နှယ် ဖြစ်ပျက်သွားခဲ့တော့သည်။

သူမ ချက်ချင်းပဲ ထို လူနှစ်ဦးနှင့် အကွာအဝေးတစ်ခု ခြားထားလိုက်တော့၏။

အားလုံးကလည်း [ငါ အစ်ကိုကြီး မဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]ကို လှည့်ကြည့်လိုက်ကြသည်။

ဒေါက်တာချန်က သူတို့သုံးယောက်လုံးကို အတ္တဆန်သည့် စရိုက်နှင့် လူစားမျိုးဟု ဆိုလာသဖြင့် [ငါ အစ်ကိုကြီး မဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]တွင်လည်း ပြဿနာ တစ်ခုခုတော့ ကျိန်းသေပေါက်ကို ရှိနေရပေမည်။

[ ဒေါက်တာချန် ဒီကောင်မလေးကို သူ့ကောင်လေးဆီ ဖုန်းဆက်ခိုင်းတော့ ဒီဘဲကြီးက ရုတ်ချည်း အိမ်မှာ ဟင်းတည်ထားတယ်ဆိုပြီး ပြောလာတယ် … ဧကန္တ သူ့မိန်းမက လူလိမ်ဆိုတာ ကြိုသိနေတာများလား … ]

[ တော်တယ် ညီကို … မင်းရဲ့ ဆန်းစစ်သုံးသပ်တဲ့ စကေးတွေက တကယ့်ကို ရှားမှရှားပဲ … ငါ့လောက်နီးနီးကို တစ်ထေရာတည်း တွေးနိုင်တယ် … ]

[ မဖြစ်နိုင်တာ … ဗီလိန်ကစားပွဲထဲကို နောက်ထပ် အဖွဲ့ဝင်တစ်ယောက် ရောက်လာတာလားဟ … ]

[ လိုက်စထွင်း နယ်ပယ်ကို ပံ့ပိုးပေးထားတဲ့ လူလိမ်တွေ ဘယ်လောက်တောင် များနေပြီလဲ … နစ်နာသွားရတဲ့ မိန်းကလေးတွေရော ဘယ်လောက်တောင် များနေပြီလဲ … ]

[ လူလိမ်တွေကြားက အဆင့်မြင့်ပွဲပဲ … ]

[ကဲ ကဲ လောင်းကြေးတင်ကြမယ် … ဘယ်သူက နောက်ဆုံးမှာ ရယ်မောသွားနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့ … အဲ့လူက ပိုက်ဆံတွေအကုန်လုံး ရသွားမယ့်လူပဲ … ]

ကြည့်ရှုသူများက ထူးဆန်းသည့် သုံးသပ်မှု မျိုးစုံနှင့် အဖြေထွက်လာသည်။

“ ရှင်လည်း လူလိမ်ပဲလား ….”

ချစ်စဖွယ် ယုန်သားဆော့စ်လေးက [ငါ အစ်ကိုကြီး မဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]

ကို လက်ညှိုးထိုးပြီး ရုတ်တရက်ဆိုသလို မသက်မသာ ခံစားလိုက်ရ၏။

“ ဒေါက်တာချန် … မင်းလျှောက်ပြီး ဟာသလုပ်မနေနဲ့ … တကယ်လို့ ငါသာ လူလိမ်ဆိုရင် ဘာကိစ္စ သူ့ကို သိန်းနဲ့ချီပြီး ပိုက်ဆံတွေ အမ်းပေးနေမှာလဲ ….”

[ငါ အစ်ကိုကြီး မဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ]က မတရားခံနေရသည့်နှယ် နာကျင်စွာ ပြောလိုက်၏။

လူလိမ်က လိမ်မယ့်သူကို ပိုက်ဆံပေးတယ်ဆိုတာ ရာဇဝင်ရှိလား …

“ ဘာလို့ဆို ခင်များတို့က လူလိမ်အမျိုးအစား အသစ်တွေမလို့လေ ….” ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်၏။

“ ဘယ်လို လူလိမ်အမျိုးအစား အသစ်လဲ …. “ ချစ်စဖွယ် ယုန်သားဆော့စ်လေးမှာ သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။

“ ဒီမိသားစုက သာမန်လူလိမ်တွေနဲ့ မတူဘူး … ထိုးဖောက်ပြီး တွေးခေါ်နိုင်စွမ်းနဲ့ ဖန်တီးဉာဏ်ရည်ကောင်းတဲ့ လူလိမ်တွေလို့ ဆိုရမယ် ….”

“ သူတို့က လမ်းသစ်ဖောက်ပြီး သမုဒ္ဒရာထဲက မစူးစမ်းရသေးတဲ့ နေရာတွေကို လိုက်ပြီး စူးစမ်းလေ့လာတယ် ….”

“ အဆင့်အမြင့်ဆုံးဖြစ်တဲ့ အေအိုင် နည်းပညာကို အဓိက နည်းလမ်းအနေနဲ့ အသုံးချပြီး စိတ်ပညာတစ်ချို့ကိုတောင် ပေါင်းစပ်ဖွဲ့စည်းထားသေးတယ် ….”

“ ဥပမာပေးရရင် စိတ်ပိုင်းဆိုင်ရာနဲ့ ခံစားချက်ပိုင်းဆိုင်ရာ ကစားတဲ့ဂိမ်းပေါ့ ….”

“ မိသားစု တစ်ခုလုံးက ဂေဟစနစ်တစ်ခုအသစ် ဖန်တီးပြီး လိမ်လည်မှုကို မရှိတဲ့အတိုင်းလုပ်တယ် … ရလဒ်အပေါ်မှာပဲ အာရုံစိုက်ထားတယ် …”

“ ကဲ အခု နားလည်ကြပြီလား …” ချန်ယွီ့ မေးမြန်းရင်း နေရာမှထပြီး ရေတစ်ဖန်ခွက် ငှဲ့သောက်လိုက်သည်။

လိုက်စထွင်းထဲရှိ ကြည့်ရှုသူများနှင့် အပြင်တွင် ပွဲကြည့်နေသူများမှာ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်မိလိုက်ကြသည်။

ချန်ယွီ့ လူစကားပြောနေသည်ကိုတော့ သူတို့ သေချာသိသည်။

စကားတစ်လုံးချင်းစီတိုင်းကိုလည်း နားလည်သည်။ သို့သော် အတူစုပေါင်းလိုက်လျှင်တော့ နားမလည်နိုင်သည့် လုပ်ငန်းနယ်ပယ် ဗန်းစကားများနှယ် ခံစားလိုက်ရတော့သည်။

All Chapters