လိမ်လည်နည်းလမ်းအသစ်
Vol. 34 Ch. 335
[ အဓိက အချက်ကို ဆုပ်ကိုင်ပြီး ပေါင်းထည့်၊ နုတ်ယူ၊ တန်ဖိုးတွေကို ဖြန့်ဝေ …. ၊ လက်စသတ်တော့ ဒေါက်တာချန်ကလည်း ဗန်းစကားနယ်ပယ်ထဲက ဖြစ်နေတာကိုး ….]
[ ဗန်းစကားတွေဆိုတာ ရှေးတုန်းကတည်းက ရှိနေတဲ့ အရာတွေပါပဲ … ဥပမာပေးရရင် ‘ မြောက်ပိုင်းကို ခိုးခေါ်သွားခံရတယ် ‘ ဆိုတဲ့ စကားအသုံးအနှုန်းက ဟွမ်တိမင်းကြီး ပြန်ပေးဆွဲခံလိုက်ရတာကို ဆိုလိုတာ ….]
[ ကိုယ့်ဖုန်းကို တိတ်တိတ်လေး ကစားနေတာကိုကျ ဒရိုင်ဘာခေါ်တယ်လို့ အဓိပ္ပာယ်ရတယ် .. ဒါကြောင့်လည်း သူတို့ဖုန်းနဲ့ ကစားနေတဲ့လူတွေကို ယာဉ်မောင်းအိုကြီးတွေလို့ ခေါ်ကြတာ …]
( ဖုန်းနဲ့ ချက်တင်ထိုင်နေတာကို ပြောချင်တာ နေမှာပါ။ ယာဉ်မောင်းအိုကြီးဆိုတာက ဖွန်ကြောင်တဲ့နေရာမှာ ဆရာကြီးတွေပေါ့ )
[ တောင်ပိုင်းက ငါ့ပြည်သူပြည်သားတို့ … မင်းတို့ပြောနေတာတွေ ငါ တစ်လုံးမှ နားမလည်ဘူး …]
ချန်ယွီ့က အနှီလူလိမ်များအတွက် ဗန်းစကားတစ်မျိုးဖြင့် ရှင်းပြခဲ့ပြီး ကြည့်ရှုသူများကလည်း ချက်ချင်း လိုက်ပါပြောဆိုလာခဲ့ကြတော့သည်။
တစ်ယောက်ပြီး တစ်ယောက် … ၎င်းတို့အားလုံးက သူတို့ကိုယ်စီနယ်ပယ်များရှိ ဗန်းစကားအသီးသီးဖြင့်သာ သုံးနှုန်းပြောဆိုနေကြတော့သည်။
အချိန်တစ်ခုမျှကြာအောင် စကားပြောခန်းထဲတွင် ပျော်ရွှင်ဖွယ်ရာကောင်းသည့် လေထုအငွေ့အသက်တို့ဖြင့် ပြည့်နှက်နေလေသည်။
ကြည့်ရှုသူများက ပျော်ရွှင်နေကြ၏။ သို့သော် ချစ်စဖွယ်ယုန်သားဆော့စ်ကတော့ ငိုချလုမတတ် ဖြစ်နေသည်။
သူမရဲ့ ကံကြမ္မာက ဘယ်လိုတွေတောင် ဖြစ်ပျက်နေရတာလဲ …
ဘာကြောင့် ဒီလောက်တောင် ကံဆိုးနိုင်ရတာလဲ …
လူလိမ်တစ်ယောက်နဲ့ တိုးတာတောင် ကံဆိုးလှပါပြီဆိုနေ အခုတော့ လူလိမ်အုပ်လိုက်ကြီးနဲ့ လာတိုးနေတယ် …
ပြီးတော့ အဲ့တာကလည်း သောက်ကျိုးနည်း တစ်မိသားစုတည်းသားချင်းတွေတဲ့လား ….
ကိစ္စက ဖော်ထုတ်ခံလိုက်ရပြီဆိုတာကို မြင်တော့ [ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]က ချက်ချင်းပဲ ခေါ်ဆိုမှုကို အဆုံးသတ်လိုက်သည်။
ထိုအချိန်မှာပဲ ထင်မှတ်မထားသည့် အရာတစ်ခုက ဖြစ်ပျက်သွားခဲ့၏။
သူ ခေါ်ဆိုမှုကို အဆုံးသတ်တော့မည့် အချိန်မှာပဲ သူ့လက်သူ မရွေ့လျားနိုင်တော့ချေ။
ခြေထောက်များ၊ လက်များက ခဲ(ဂဲ)များဖြင့် ပြည့်နှက်နေသည့်နှယ် တုတ်တုတ်မလှုပ်နိုင် ဖြစ်နေလေသည်။
“ ဟဲ့အကောင်စုတ် … နင့်ဖုန်းကို မြန်မြန်ပိတ်လိုက်လေ ….”
“ ဒီလူက ပေါက်တတ်ကရတွေ လျှောက်ပြောနေတာ … ငါတို့ကို လူလိမ်တွေပါဆိုပြီး စွပ်စွဲတယ် … သူ့ကို ဆက်ပြောခိုင်းနေရင် ငါတို့တစ်မိသားစုလုံးက လူလိမ်တွေပါဆိုပြီး သူများတွေ အဟုတ် ထင်ကုန်လိမ့်မယ် …”
“ မြန်မြန် ဖုန်းပိတ်လိုက်လေ … ဘာတွေ ထိုင်စောင့်နေတာလဲ …”
သက်လတ်ပိုင်းအမျိုးသမီးကြီးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး [ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]ကို စိတ်ပျက်လက်ပျက်ဖြစ်စွာ မျက်လုံးအချက်ပြလိုက်သည်။
သူမ၏ ထိုပုံစံကို မြင်တော့ ကြည့်ရှုသူများ ရွှင်မြူးသွားခဲ့ကြ၏။
“ ငါ … ငါ လှုပ်လို့မရဘူး ….”
[ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ] အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်၏။
“ လှုပ်လို့မရဘူး …” သက်လတ်ပိုင်း အမျိုးသမီးကြီးက အော်ဟစ်နေသည်ကို ရပ်တန့်လိုက်ပြီး လင်ဖြစ်သူကို ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်သည်။
သူမ ခင်ပွန်း ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို နားမလည်သော်လည်း ချန်ယွီ့ လိုက်စထွင်း ခေါ်ဆိုမှုကိုတော့ ချက်ချင်း အဆုံးသတ်ရမည်။
အကယ်၍ လိုက်စထွင်းသာ ဆက်လွှင့်နေမည်ဆိုပါက တစ်မိသားစုလုံး ထောင်ထဲရောက်သွားကုန်တော့မည်။
ထို့နောက် သူမခင်ပွန်းဖြစ်သူ နေရာတွင် အစားထိုးဝင်ရောက်၍ ခေါ်ဆိုမှုကို အဆုံးသတ်ဖို့ လုပ်လိုက်သည်။
ထင်မှတ်မထားစွာဖြင့် ထိုအချိန်မှာပဲ သူမ၏ တစ်ကိုယ်လုံး လှုပ်မရတော့ချေ။
လင်မယားနှစ်ယောက်ကြားရှိ စကားအသွားအလာက ချစ်စဖွယ် ယုန်သားဆော့စ်ကို အသိစိတ်ပြန်ဝင်လာစေပြီး “ ဒေါက်တာချန် … ဒီ အဆီပြန်နေတဲ့ လူကြီးက ကျွန်မကို ဘယ်လိုလိမ်ခဲ့တာလဲ ….”
“ ကျွန်မ သူနဲ့ စတွေ့ပြီဆိုကတည်းက ကျွန်မဆီကို ပိုက်ဆံတွေ ဆက်တိုက်ပို့နေတာ … တစ်ခါမှလည်း ပိုက်ဆံ မတောင်းဖူးဘူး ….”
ချစ်စဖွယ် ယုန်သားဆော့စ်လေးက သူမနှင့် [ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ] အကြားရှိ မှတ်ဉာဏ်များအား ပြန်လည်တွေးတောမြင်ယောင်ရင်း မေးမြန်းလိုက်သည်။
တစ်ဖက်သူက သူမကို ပိုက်ဆံတစ်ပြားတစ်ချပ်မှ မတောင်းခဲ့သည်ကိုတော့ ယုံကြည်ချက်အပြည့်ရှိ၏။
၎င်းနှင့်ဆန့်ကျင်ဘက်ဖြစ်စွာ လိုက်စထွင်း လွှင့်သည့်အခါတိုင်းလည်း လက်ဆောင်များ ဆက်တိုက် ပေးလေ့ရှိသည်။
ဝီချက်မှတစ်ဆင့်ပင် ငွေများ လွှဲပေးခဲ့သေး၏။
“ အဲ့ဒါကြောင့်လည်း သာမန် လူလိမ်တွေနဲ့ မတူဘူးလို့ ပြောတာပေါ့ ….”
“ ဆိုရိုးစကားတွေတောင် ရှိသေးတာပဲ … ကိုယ်က တစ်ခုခု လိုချင်တယ်ဆိုရင် တစ်ခုခုကို အရင်ပြန်ပေးရမယ် ….” ချန်ယွီ့ ထူးမခြားနားသည့် အမူအရာဖြင့် ပြောဆိုလိုက်ပြီး “ တကယ်လို့ မင်းကို ကောင်းကောင်းမွန်မွန် လက်စမသတ်ထားဘူးဆိုရင် မင်းရဲ့ အရိုးတွေ၊ ချဉ်စီတွေကို ဘယ်လိုလုပ် စုပ်ယူလို့ရတော့မှာ …”
“ အင်တာနက် ရေပန်းစားလားတာနဲ့ လူလိမ်တော်တော်များများကလည်း လတ်တလောနှစ်တွေမှာ အင်တာနက်ပေါ်မှာ တော်တော်များများ ထွက်ပေါ်လာနေပြီ ….”
“ ဒီအကြောင်းအရင်းကြောင့်ပဲ အာဏာပိုင်တွေက လိမ်လည်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို လူတိုင်းသိအောင် ပညာပေးဖို့ ကြိုးပမ်းအားထုတ်နေကြတယ် … လိမ်လည်မှု တိုက်ဖျက်ရေးကလည်း အွန်လိုင်းရော ပြင်ပမှာပါ ပိုပိုပြီး အားကောင်းလာတယ် …..”
“ ဦးနှောက် တစ်ခန်းလွတ်နေတဲ့လူနဲ့ မတွေ့သရွေ့တော့ လိမ်ဖို့ဆိုတာ အတော်လေး မလွယ်ကူတော့ဘူး ….”
“ ဒီ သားမိသားဖ သုံးယောက်ကလည်း တကယ်လို့ သူတို့ရဲ့ နည်းစနစ်တွေကို အဆင့်မမြင့်တော့ဘူးဆိုရင် အနှေးနဲ့ အမြန် ထောင်ထဲဝင်ရမှာကို နားလည်တယ် ….”
“ ဒါကြောင့်လည်း ဒီမိသားစုက လမ်းသစ်ဖောက်သူတွေဆိုပြီး ငါ ပြောတာပေါ့ ….”
“ အင်တာနက်တွေ တွင်ကျယ်လာတာနဲ့အမျှ အွန်လိုင်းစထွင်မာတွေကလည်း အများကြီး ထွက်ပေါ်လာတယ် … သူတို့တွေရဲ့ ငွေရှာကြမ်းချက်က ပိုက်ဆံကို ပုံနှိပ်ပြီး ထုတ်တာထက်တောင် ပိုမြန်နေသေးတယ် ….”
“ ဒီမိသားစု သုံးယောက်က သေသေချာချာလေး သုတေသန လုပ်ပြီး လိမ်လည်နည်းလမ်းအသစ်ကို ဖန်တီးတယ် ….”
“ အလားအလာကောင်းတဲ့ စထွင်မာ အသေးလေးကို မွေးမြူပြီး သူ့ဆီကနေ ပိုက်ဆံတွေ နည်းနည်းချင်းစီ သဲ့ယူနိုင်မယ် ….”
၎င်းနောက် ချက်ချင်းပဲ ချန်ယွီ့က ချစ်စဖွယ် ယုန်သားဆော့စ်လေး ကိုက်ညီနေသည့် စံနှုန်းများကို ထုတ်ပြောပြလိုက်၏။
သူမက ဖြူစင်ရိုးသားသည့် မျက်နှာပေါက်လည်း ရှိ၏။ ကိုယ်လုံးကိုယ်ပေါက်ကလည်း ကောင်းမွန်သည်။ အသံကလည်း ချိုသာသည်။ ကြည့်ရှုသူ ပရိသတ်များကို မည်သို့ လျော်ကန်စွာ တုံ့ပြန်ရမည်ဆိုတာကိုလည်း နားလည်သည်။
သူမက နာမည်ကျော်ကြားလာဖို့အတွက် အခြေခံလိုအပ်ချက်များနှင့် ကိုက်ညီထားပြီး ဖြစ်၏။
တစ်စုံတစ်ဦး ကူညီလိုက်သည်နှင့် နာမည်ကြီးလာဖို့ဆိုသည်မှာ ပြဿနာ မရှိပေ။
“ သေချာပြန်စဉ်းစားကြည့် … သူ မင်းရဲ့ ဖန်အဆင့်ဇယားမှာ နံပါတ်တစ် ဖြစ်လာကတည်းက မင်းရဲ့ စထွင်းလွှင့်တဲ့ စတိုင်ကို ချိန်ညှိဖို့ အကြံဉာဏ်တွေ အများကြီး ပေးခဲ့ဖူးတယ်မလား ….”
ဤစကားကြားတော့ ချစ်စဖွယ် ယုန်သားဆော့စ်လေးက ခေါင်းညိတ်လိုက်သည်။
တကယ်လည်း အဲ့လိုပဲ …
သူမ စပြီး လိုက်စထွင်းလွှင့်တော့ လာကြည့်တဲ့လူဆိုလို့ နှစ်ယောက်၊ သုံးယောက်ပဲ ရှိတယ် …
[ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ] ထွက်ပေါ်လာပြီးတဲ့ နောက်ကျတော့ သူ့ရဲ့ ကာနီဗယ် လက်ဆောင်တွေ အဆက်မပြတ် ပေးမှုကနေတစ်ဆင့် ကြည့်ရှုသူတွေ အများကြီးကို ဆွဲဆောင်နိုင်ခဲ့တယ်…
အဲ့နောက်မှာ နှစ်ယောက်က အချင်းချင်း သီးသန့် အဆက်အသွယ်တွေ ဖလှယ်လိုက်ကြတယ် …
နောက်ပိုင်း … တကယ်လည်း [ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]က သူမ၏ လိုက်စထွင်းလွှင့်သည့် စတိုင်ကို ပြောင်းလဲပစ်ဖို့ အကြိမ်ရေ တော်တော်များများ အကြံပြုပေးခဲ့ဖူးသည်။
အဝတ်အစားဒီဇိုင်းပိုင်းနှင့် ပတ်သက်၍ သူမက အရမ်း ရှေးရိုးမဆန်သင့်ပေ။ ကြည့်ရှုသူများနှင့် နှီးနှောဆက်သွယ်ရာတွင်လည်း ၎င်းတို့နှင့်အတူ လိုက်ပါကစားပေးသင့်၏။
ယင်းက သူမနှင့် သူမ၏ ကြည့်ရှုသူပရိသတ်ကြားရှိ နှောင်ကြိုးကို ပိုပြီး ခိုင်မာလာစေနိုင်သည်။
ကြည့်ရှုသူများကို ဆွဲဆောင်နိုင်ဖို့အတွက် စိတ်ဝင်စားဖို့ကောင်းသည့် အကြောင်းအရာများကိုလည်း ရှာဖွေသင့်သေသည်။
[ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]၏ အကြံပေးမှုအောက်တွင် ချစ်စဖွယ် ယုန်သားဆော့စ်လေးက စပြီး cosplay လုပ်ခဲ့သည်။
သူမကိုယ်သူမ အကောင်းဆုံးကြိုးစား၍ ချစ်ဖို့ကောင်းသည့် လို-လီ-တာ တစ်ယောက်ဖြစ်အောင် ဖန်တီးယူခဲ့သည်။
[ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]၏ အကြံဉာဏ်များက တကယ်လည်း ထိရောက်မှု ရှိလှ၏။
သူ ပေးသည့် ပိုက်ဆံများပေါ် မှီခိုရင်း ချစ်စဖွယ် ယုန်သားဆော့စ်လေးက မတူညီသည့် အဝတ်အစား အမျိုးမျိုးကို ဝယ်ယူခဲ့သည်။
လိုက်စထွင်း လွှင့်သည့် ပစ္စည်းများ ပြောင်းလဲဖို့အတွက်လည်း ပိုက်ဆံ အများအပြား အသုံးပြုခဲ့သေး၏။
အဆင့်မြင့် နည်းပညာများ၏ အကူအညီဖြင့် သူမ၏ ပရိသတ်အရေအတွက်မှာလည်း သိသိသာသာ မြင့်တက်လာသည်။
ရံဖန်ရံခါ သူမပင် ဤကဲ့သို့သော အတွေးမျိုး ဝင်မိရသည်။
သက်လတ်ပိုင်း ဦးလေးကြီး တစ်ယောက် ဖြစ်နေပြီးတော့မှ [ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]က ပရိတ်သတ်တွေကို ဘယ်လို ဆွဲဆောင်ရမလဲဆိုတာ ဘာကြောင့် အဲ့လောက်တောင် သိနေရတာပါလိမ့် …
“ မင်းအခု နားလည်ပြီလား … တကယ်လို့ သူသာ မင်းကို လက်ဆောင်တွေ မပေးဘူးဆိုရင် မင်းရဲ့ ပုံရိပ်ကို တည်ဆောက်ပြီး ပိုများတဲ့ ကြည့်ရှုသူ ပရိသတ်တွေကို ဘယ်လို ဆွဲဆောင်မလဲ ….”
“ ဒီဘက်ခေတ်ကြီးမှာ ကိုယ်က ဘယ်နယ်ပယ်မှာပဲ နာမည်ကြီးချင်ကြီးချင် ၊ အရင်ဆုံး ရင်းနှီးမြုပ်နှံရတယ် ….”
“ တကယ်လို့ အနုပညာရှင် တစ်ယောက်က နာမည်ကြီးလာချင်တယ်ဆိုရင် ပိုကောင်းတဲ့ အနုပညာလက်ရာကို ဖန်တီးဖို့အတွက် ငွေအများကြီး သုံးရမှာပဲ ….”
“ စထွင်မာတွေအတွက်လည်း ထိုနည်းလည်းကောင်းပဲ …..”
“ သူ မင်းအပေါ် သုံးခဲ့တဲ့ ပိုက်ဆံတွေက လက်ဆောင်ပေးခဲ့တာ မဟုတ်ဘူး ….” ချန်ယွီ့ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ အဲ့တာ ရင်းနှီးမြုပ်နှံမှုပဲ … လုံးဝကို စီးပွားရေးဆန်တဲ့ ရင်းနှီးမြုပ်နှံမှုစစ်စစ်တစ်ခု ….”
“ မင်း နာမည်ကြီးလာပြီး အတိုင်းအတာတစ်ခုအထိ ဖန်ဘေ့စ် ရှိလာပြီဆိုရင် သူ့ဘက်က ရိတ်သိမ်းဖို့ အချိန်ကျလာလိမ့်မယ် ….”
“ မင်းနဲ့ စကားပြောတဲ့အချိန်မှာ မြန်နိုင်သမျှ မြန်မြန် အောင်မြင်လာဖို့အတွက် အကြံဉာဏ်တွေ ပေးတဲ့အပြင် မင်းနှစ်သက်တဲ့ ယောက်ျားလေး type ကိုလည်း မသိမသာ မေးမြန်းထားမယ် ….”
“ မင်းရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လုံလုံလောက်လောက် ရပြီဆိုတာနဲ့ အစီအစဉ် နံပါတ်နှစ်ကို လုပ်ငန်းစရမယ့် အချိန်ရောက်ပြီ ….”
ထိုသို့ ပြောဆိုပြီးနောက် ချန်ယွီ့က သက်လတ်ပိုင်း အမျိုးသမီးကြီးကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
“ မိန်းမတွေကို မိန်းမတွေက နားအလည်ဆုံးပဲ … နောက်ပြီး သူ့ရဲ့ ခင်ပွန်းဖြစ်သူကတစ်ဆင့် မင်းရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အများကြီးကိုလည်း ကြိုပြီး ရထားသေးတယ် ….”
“ မင်းရဲ့ ယုံကြည်မှုနဲ့ အချိန်တိုလေးအတွင်းမှာ သံယောဇဉ်တွယ်သွားစေဖို့အတွက် မင်း ဘယ်လို အစားအသောက်မျိုး ကြိုက်နှစ်သက်တယ်ဆိုတာကစ သိတယ် …”
“ ကိုယ့်ကိုယ်ကို အလုပ်ကြိုးစားတဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက် သူဌေးသားပုံစံ ဖမ်းပြီး အေအိုင်နည်းပညာရဲ့ အကူအညီနဲ့ ခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ မင်းသားလေးကို ဖန်တီးခဲ့တယ်ဆိုတာကလည်း မင်းအတွက် သီးသန့်ပဲ….”
“ တကယ်လို့ တစ်ခြား အမျိုးသမီး စထွင်မာတွေ ဖြစ်ခဲ့မယ်ဆိုရင်တောင် သူတို့ရဲ့ ဒီထောင်ချောက်ထဲကို ကျရောက်သွားဖို့က ရာခိုင်နှုန်း အတော်လေးများတယ် ….”
ချစ်စဖွယ် ယုန်သားဆော့စ်လေးမှာ ငိုချင်သော်လည်း မျက်ရည်များက ကျမလာပေ။
အရာအာလုံးက အတုတွေ ဖြစ်နေသည်။
အကုန်လုံးက အလိမ်အညာတွေချည်း ဖြစ်နေခဲ့၏။
“ ကျွန်မက သူတို့လက်ခုပ်ထဲကရေ ဖြစ်နေပြီ ဆိုမှတော့ ဘာလို့ အပြင်ကိုခေါ်ပြီး လူရှေ့သူရှေ့ မြင်မကောင်းအောင်း လုပ်နေသေးလဲ ….”
“ ဘာလို့ဆို သူက မင်းကို ‘ဟိုလိုစထွင်မာ’ မျိုး ဖြစ်စေချင်လို့ပဲ ….”
ချန်ယွီ့က ‘ဟို’ဆိုသည့် နေရာတွင် လေသံကို သိသိသာသာ ဖိပြီး ပြောလိုက်သည်။