ကုမ္ပဏီ၀န်ထမ်းရဲ့ အလုပ်အကိုင်သစ်
Vol. 34 Ch. 338
ချန်ယွီ့၏ စကားလုံးများက လိုက်စထွင်းထဲရှိ လေထုကို အထွတ်အထိပ်သို့ ရောက်သွားစေလေသည်။ လူတိုင်းက ဤကိစ္စကို ပြီးဆုံးပြီဟု တွေးထင်နေကြသော်လည်း ထို့ထက်ပိုပြီး ရှိနေသေးသည်လော။
“ ဒီမိသားစု သုံးယောက်အပြင် တစ်ခြားပါတနာတွေ ရှိနေသေးတယ်ဆိုတဲ့ သဘောလား ….”
ကပ္ပတိန်က ပတ်ဝန်းကျင်ကို သတိကြီးစွာကြည့်လိုက်ပြီး သူ့အဖွဲ့သားများကို အခင်းနေရာအား ကောင်မွန်စွာ ထိန်းသိမ်းကြီးကြပ်ထားဖို့ အချက်ပြလိုက်သည်။
သူ၏ ခွင့်ပြုချက် မပါရှိဘဲနှင့် မည်သူကမျှ အခင်းနေရာမှ ထွက်ခွာသွားနိုင်မှာ မဟုတ်ချေ။
“ အင်း …” ဒေါက်တာချန် ခေါင်းညိတ်လိုက်ပြီး “ ညာဘက်ခြမ်းမှာ ကြက်ဥခြင်းတောင်းတွေ ကိုင်ထားတဲ့ အန်တီကြီးတွေကလည်း သူတို့နဲ့ ကြံရာပါတွေပဲ ….”
“ သူတို့ရဲ့ အခန်းကဏ္ဍကတော့ မီးလောင်ရာ လေပင့်ပေးပြီး ဒီမိန်းကလေးနဲ့ သူ့သူငယ်ချင်းကို ဟန့်တားဖို့ပဲ …”
ထိုစကားကြားတော့ ကြည့်ရှုသူများလည်း သိပ်မကြာခင်တုန်းကမှ အခင်းနေရာကနေ ထွက်ခွာသွားခဲ့သည့် ချစ်စဖွယ် ယုန်သားဆော့စ်လေး၏ သူငယ်ချင်းကို အမှတ်ရသွားခဲ့ကြသည်။
သူတို့၏ အထောက်အထားများ ဖော်ထုတ်ခံလိုက်ရပြီဆိုတာကို သိတော့ တရားမျှတမှု လိုလားစိတ်များဖြင့် ပြည့်နှက်နေသည့် အန်တီကြီးများမှာ ကြက်ဥခြင်းတောင်းများကို လွှတ်ချပြီး ချက်ချင်း ထွက်ပြေးကြလေတော့သည်။
ရဲအရာရှိများကလည်း ၎င်းတို့နောက်သို့ အလျင်အမြန်ပေးလိုက်ပြီး ထွက်ပြေးလွတ်မြောက်သွားမည့် ဖြစ်ရပ်မှ ကြိုတင် ကာကွယ်လိုက်၏။
“ နောက်တစ်ကြိမ် ထပ်ပြီး ကျေးဇူးတင်ပါတယ် ဒေါက်တာချန် ….”
ကပ္ပတိန်က စခရင်သို့ အလေးပြုလိုက်သည်။
အခင်းနေရာရှိ ပရမ်းပတာ ဖြစ်နေသည့် အခြေအနေများကြောင့် ချန်ယွီ့နှင့် စကားဆက်ပြောဖို့ အချိန်မရှိတော့ဘဲ ခေါ်ဆိုမှုကို ရပ်တန့်လိုက်တော့သည်။
[ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ နောက်ထပ် ရာဇဝတ်မှုတစ်ခု ဖြေရှင်းပြီးတာကို ကြည့်ရတာ သောက်ရမ်း စိတ်ကျေနပ်ဖို့ကောင်းတာပဲ ]
[ လူလိမ်တွေက တကယ့်ကို စက်ဆုပ်ဖို့ကောင်းလွန်းတယ် … ဒါပေမယ့် စထွင်မာမိန်းကလေးကလည်း ငါတို့ သနားတာနဲ့ ထိုက်တန်နေတာတော့ မဟုတ်ဘူး ]
[ ခွေးချင်းခွေး ကိုက်ကြတဲ့ ရန်ပွဲပေါ့ ]
[ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းကြီးမှာ ရိုးသားတဲ့လူတွေကမှ သနားဖို့ အကောင်းဆုံးပဲ … ထောက်ခံတယ်ဆို ငါ့ကွန်းမန့်ကို လက်မပေးသွားလိုက် … ]
[ ATM တွေ၊ ခိုင်းနွားတွေ၊ မျက်နှာလိုမျက်နှာရကောင်တွေ၊ စော်ကြိုက်လိုက်လုပ်တဲ့ကောင်တွေ ၊ ရိုးသားတဲ့ကောင်တွေအတွက်တော့ သူတို့နဲ့ သင့်လျော်မယ့် စကားအသုံးအနှုန်းတစ်ခုကတော့ အမြဲတမ်း ရှိနေမှာပဲ .. ]
[ စထွင်မာမိန်းကလေးတွေ ငါ့ကို ဒယ်ဒီလို့ လာခေါ်ရင်တောင် လက်ဆောင် မပေးတော့ဘူးကွ ]
[ လုပ်စမ်းပါ … ကလပ်သွားတာကတောင် စထွင်မာမိန်းကလေးတွေထက် ပိုကောင်းတဲ့ စော်လေးတွေ တွေ့နိုင်ဦးမယ် ….. ပြီးရင် တစ်ညတာ ဘာညာကွိကွ … ဟဲဟဲဟဲ ]
[ ဖရီးအန်တာတိန်းမန့်တွေ ကြည့်တာက ဆိုရှယ်တည်ငြိမ်မှု၊ မိသားစု သင့်မြတ်မှုအတွက် ပိုကောင်းတယ် … ကိုယ့်ပိုက်ဆံအိတ်လည်း လျော့စရာ မလိုတော့ဘူးပေါ့ … ]
လိုက်စထွင်းက အဆုံးသတ်သွားပြီ ဖြစ်သော်လည်း ကြည့်ရှုသူများကတော့ မပျောက်ကွယ်သွားကြဘဲ စိတ်အားထက်သန်စွာဖြင့် ဆက်လက်ဆွေးနွေးနေကြဆဲ ဖြစ်၏။
သူတို့တွေ စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်မိကြသည်။
လူလိမ်တွေ ယခုလို ဖြစ်သွားခဲ့သည်က တန်သည်။ သို့ပေမယ့် ချစ်ဖို့ကောင်းသည့် ယုန်သားဆော့စ်သည်လည်း သူနှင့်တန်ရာတန်ရာ ပြန်လည်ရရှိသွားခြင်းပင်။
မည်သို့ပင်ဆိုစေ နှစ်ဘက်လုံးကလည်း သူတို့နည်းသူတို့ဟန်ဖြင့် လူလိမ်များ ဖြစ်နေသောကြောင့် ဖြစ်၏။
“ လိုက်စထွင်း ဒီမှာတင် အဆုံးသတ်ပြီ … နောက်တစ်ခေါက်မှ ပြန်တွေ့ကြတာပေါ့ ချစ်လှစွာသော လူနာတို့ ….”
ချန်ယွီ့ လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်၏။
ယခင်အတိုင်းပဲ လိုင်းဆင်းဖို့ကို တုံ့ဆိုင်းနေခြင်း မရှိပေ။
အချိန်က မျက်စိတစ်မှိတ်စာအတွင်း ကုန်လွန်သွားခဲ့ပြီး နောက်တစ်နေ့ နေ့လည်ခင်း အချိန်သို့ပင် ရောက်ရှိလာလေပြီ။
ချန်ယွီ့မှာ ကြိုးစားပမ်းစားနှင့် ကီးဘုတ်ကို ဆက်တိုက် နှိပ်နေပြီး ယခု တစ်ချီကို သူ့အသက်နှင့်ရင်းပြီး ရှင်းလင်းရန် ကြိုးပမ်းနေလျက် ရှိ၏။
သန့်ရှင်းရေး လုပ်နေရင်း ကျိုးခဲ့ရှင်းက ကွန်ပျူတာနောက်တွင် ထိုင်နေသည့် ချန်ယွီ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
Arcade game က တကယ်ပဲ အဲ့လောက် ပျော်စရာကောင်းလို့လား …
သူမလည်း arcade simulator ကို ဒေါင်းလုတ် ဆွဲလိုက်သင့်လား …
“ တစ်စိတ်လောက်ပါခင်ဗျ … ဒေါက်တာချန် ရှိလား မသိဘူး … ဟမ် မင်းက မမလေးကျိုးမဟုတ်လား ….”
ထိုအချိန်မှာပဲ လူတစ်ဦးက ဆေးခန်းအတွင်းသို့ ဝင်လာသည်။
“ ဪ …. နေ့တစ်ဝက်ခိုးနားမယ်ဆိုတဲ့ အစ်ကိုကြီးပါလား … “
ကျိုးခဲ့ရှင်းက ထိုလူကို ချက်ချင်းပဲ မှတ်မိသွားခဲ့သ်။
“ အင်း … ငါပဲ … ဘယ်လောက်တောင် တိုက်ဆိုင်ထားလဲ … မင်းနဲ့ ဒီမှာ လာဆုံရလိမ့်မယ်လို့ ထင်တောင် မထင်ထားဘူး ….”
အထဲဝင် ဝင်ရောက်လာသူက အသက်သုံးဆယ် အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး ရှေးဟောင်း အဝတ်အစားများကို ဝတ်ဆင်ထားသည်။
ရှည်လျားသည့် သူ၏ ဆံပင်များကိုတော့ စည်းနှောင်ထားပြီး ချည်ထည် ဖိနပ်နှင့် ကျော့ရှင်းသည့် ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားလျက် ရှိ၏။
“ အစ်ကိုကြီး … ရှင်လည်း ဒေါက်တာချန်နား အကူအညီတောင်းဖို့ ရောက်လာတာပဲလား ….” ကျိုးခဲ့ရှင်းက သိချင်စိတ် ပြင်းပြစွာ မေးမြန်းလိုက်၏။
“ ဟင်း ….”
အမျိုးသားက သက်ပြင်းချလိုက်သည်။
အသံကြားတော့ ချန်ယွီ့က ရပ်တန့်သည့် ခလုတ်ကို နှိပ်ပြီး ယခုလေးတင် အထဲဝင်လာသည့် အမျိုးသားအား လှမ်းကြည့်လိုက်၏။
ခန့်မှန်းရခက်သည့် အပြုံးတစ်ခုက သူ့မျက်နှာထက်တွင် ဖြစ်ပေါ်လာသည်။
“ ကျေးဇူးပြုပြီး ထိုင်ပါဦးဗျ … ကျုပ် ဘာများ ကူညီပေးရမလဲ ….”
ချန်ယွီ့ မတ်တပ်ရပ်ပြီး ကျိုးခဲ့ရှင်းကို လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးဖို့ရာ လက်ဟန်ပြလိုက်သည်။
“ ဟယ်လို ဒေါက်တာချန် … ငါ့နာမည်က ဟူလျန်ပါ … ဒေါက်တာချန်နဲ့ မမလေးကျိုးလိုမျိုး စထွင်မာပါပဲ ….”
“ ဒီအချိန်ကြီး အနှောင့်အယှက် ပေးရတာ တကယ့်ကို အားနာမိပါတယ် … ကျေးဇူးပြုပြီး ငါ့ကို ကူညီပါဦး …..”
[နေ့တစ်ဝက်ခိုးနားမယ် ]က ထိုင်ခုံသို့ ခါးသက်နေသည့် အမူအရာဖြင့် ထိုင်ချလိုက်၏။
သူ့နားဝန်းကျင်တွင် ဖြစ်ပျက်နေသည်များက သူ့သာမန် နားလည်နိုင်စွမ်းကို ကျောလွန်နေလေပြီ။
အကယ်၍ ချန်ယွီ့ထံ၌ပင် ဖြေရှင်းနည်းလမ်း မရှိဘူးဆိုပါက သူ ဘယ်သွားလို့ သွားရမှန်းကိုပင် မသိတော့ချေ။
ခေတ္တကြာတော့ ကျိုးခဲ့ရှင်းက အငွေ့တထောင်းထောင်း ထနေသည့် လက်ဖက်ရည်ခွက်ကို ဟူလျန်ရှေ့တွင် ချပေးလိုက်၏။ ပြီးနောက် ဟူလျန်မည်သူမည်ဝါဖြစ်သည်ကို ချန်ယွီ့ထံသို့ မိတ်ဆက်ပေးလိုက်သည်။
ဟူလျန် အစောတုန်းက ပြောခဲ့သည့်အတိုင်း သူနှင့် ချန်ယွီ့တို့ နှစ်ဦးလုံးက ဟူယွီပလတ်ဖောင်း၏ စထွင်မာများ ဖြစ်ကြ၏။
ထို့ပြင် သူက အကြီးစား စထွင်မာ တစ်ဦးလည်း ဖြစ်သေး၏။
တစ်ခုတည်းသော ကွာဟချက်မှာ ချန်ယွီ့က စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးပေးသည့် စထွင်မာ ဖြစ်ပြီး ကျိုးခဲ့ရှင်းနှင့် သူကတော့ IRL စထွင်မာများပင်။
ဟူလျန် လျှောက်လှမ်းနေသည့် လိုက်စထွင်း လမ်းကြောင်းက အတော်လေး ထူးခြားသည့်ထဲ ပါသည်။
သူက တောတွင်းတစ်ကိုယ်တော် စထွင်မာပင်။
တောတွင်း စထွင်မာများက အရင် ၂ နှစ်အတွင်း အတော်လေး ရေပန်းစားလာသည့် စထွင်မာ အမျိုးအစား အသစ်တစ်မျိုးပင်။
နာမည်အတိုင်းပဲ တောတွင်း စထွင်မာများက လူသူအရောက်အပေါက် နည်းပါးသည့် ကျေးလက်များတွင် ရှင်သန်နေထိုင်သူများ ဖြစ်ကြ၏။
သူ့ကြည့်ရှုသူများကို ကျေးလက်သဘာဝနှင့် လှပသည့် ရှုခင်းများကို မိတ်ဆက်ပေးပြီး စုံလင်လှသည့် ကျေးလက် စားသောက်ဖွယ်ရာများကို မြည်းစမ်းပြလေသည်။
ဟူလျန်က ပုံမှန်အားဖြင့် ပန်းမန်များနှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးလေ့ ရှိသည်။
အားလပ်သည့် အချိန်များတွင် မြစ်ကမ်းအနီးသို့ သွား၍ ငါးဖမ်းခြင်း ၊ မဟုတ်လည်း တောင်ပေါ်သို့ တက်၍ ထင်းခြောက်သွားရှာခြင်းတို့ ပြုလုပ်လေ့ရှိသည်။
“ ဆိုတော့ ခင်များက ကျေးလက်မှာပဲ အချိန်ပြည့် နေထိုင်တဲ့သူပေါ့ …” ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။ “ ဒီတစ်ခေါက် ကျုပ်ဆီ ရောက်လာရတဲ့အကြောင်းအရင်းက ခင်များ နေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ ဆက်စပ်နေမယ်ထင်တယ် … ဟုတ်တယ်ဟုတ် ….”
“ အမှန်ပါပဲ … အမှန်ပါပဲ …”
ကနေဦးတွင်တော့ ဟူလျန် ရှော့ခ်ရသွားခဲ့သည်။ သို့သော်လည်း ချက်ချင်းပဲ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
မျှော်လင့်ချက် ရှိသေးသည်။ သူ့အတွက် မျှော်လင့်ချက် ရှိနေသေးသည်။
“ ဒေါက်တာချန် … ငါတော့ သရဲခြောက်တဲ့ အိမ်ကို ဝယ်ခဲ့မိပြီထင်တာပဲ …” ဟူလျန်က ဘေးပတ်ဝန်းကျင်ကို တစ်ချက် သတိထားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ အိမ်ပြောင်းပြီးကတည်းက တစ်ခါမှကို အေးအေးချမ်းချမ်း မနေရသေးဘူး …”
“ ငါ တစ်ယောက်တည်းတင် မဟုတ်ဘူး … ငါ့ကောင်မလေးလည်း စိတ်ဓာတ်ပြိုလဲလုနီးပါး ဖြစ်နေပြီ ….”
“ သရဲခြောက်တဲ့အိမ် …”
ကျိုးခဲ့ရှင်း အံ့အားတကြီး မြည်တမ်းမိသွားခဲ့၏။
ဟူလျန်မှာ သူ လေသံတီးတိုးဖြင့် ပြောလိုက်သည့်တိုင် ကျိုးခဲ့ရှင်း ကြားသွားလိမ့်ဦးမည်ဟု မျှော်လင့်မထားခဲ့ချေ။ စကားကို ဘယ်လိုဆက်ရမှန်းပင် သူ မေ့လျော့သွားခဲ့တော့၏။
“ ကျေးဇူးပြုပြီး ဆက်ပြောပါဦး ….” ချန်ယွီ့ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ ခဲ့ရှင်းက ကျုပ်ဆေးခန်းက နာ့စ်ပါ …. အဆင်ပြေပါတယ် ….”
“ အဲ့လိုကိုး … မမလေးကျိုးက ဒီမှာရှိနေတာ မဆန်းတော့ပါဘူး ….”
ဟူလျန် စိတ်သက်သာရစွာ သက်ပြင်းချလိုက်သည်။
ကျိုးခဲ့ရှင်းကလည်း အတွင်းလူ ဖြစ်နေသဖြင့် စိတ်ပူနေစရာ အကြောင်းမရှိတော့ချေ။
ဟူလျန်နှင့် သူ့ကောင်မလေးမှာ ယခင်က ဟန်ကျိုးမြို့ရှိ ကုမ္ပဏီကြီး တစ်ခုတွင် ပရိုဂရမ်မာများ ဖြစ်ခဲ့ဖူးသည်။
လွန်ခဲ့သော ၂နှစ်ခန့်က နှစ်ဦးတွင် အလုပ်ရောဂါ ရှိနေကြောင်း သိရှိလိုက်ရသည်။
ဤမျှ နှစ်များစွာ အလုပ်လုပ်လာခဲ့သည့်တိုင် လက်ထဲ စုမိ၊ဆောင်းမိသည့် ပိုက်ဆံတို့က များများစားစား မရှိပါဘဲ ထိုအစား အလုပ်ကြောင့်တော့ ရောဂါရလာခဲ့၏။
အကယ်၍ ဆက်ပြီး အလုပ်လုပ်နေဦးမည်ဆိုပါက အခြေအနေတို့က ပိုပြီး ဆိုးရွားလာနိုင်သည်။
နောက်ပြီး နှစ်ဦးလုံးက သုံးဆယ်အစောပိုင်း၌ ရှိနေကြပြီ ဖြစ်၏။ နောက် ၂ နှစ်အထိ ဆက်လုပ်ပြီးနောက်တွင် ကုမ္ပဏီက သူတို့နေရာ၌ ပိုမိုငယ်ရွယ်သည့် လူတစ်ယောက်ဖြင့် အစားထိုးလိုက်သည်မျိုး ဖြစ်နိုင်လေသည်။
ဆွေနွေးတိုင်ပင်ပြီးနောက် နှစ်ဦးမှာ မြို့ထဲမှ အတူထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြ၏။
သူတို့တွေ လှပသည့် တောင်တန်းမြစ်များနှင့် ပြည့်နှက်နေသည့် နေရာတစ်ခုကို ရှာတွေ့သွားခဲ့ကြပြီး ထိုနေရာတွင် စိတ်ကို ကုစားရင်း နောက်ဘာဆက်လုပ်မည်ကို ဆုံးဖြတ်ကြမည်။
အနားယူနေစဉ်အတောအတွင်း နှစ်ဦးက လှပသည့် ရှုခင်းများ၏ ဗွီဒီယိုအတိုလေးများကို ရိုက်ယူပြီး ဝီချက် မိုးမန့်တွင် တင်လိုက်ကြ၏။
နောက်ပိုင်းတွင် သူငယ်ချင်းတစ်ဦးက အွန်လိုင်းပေါ် တင်လိုက်ပြီး လူအမြောက်အများ၏ အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။
နှစ်ဦးမှာ မြို့ပြကြီးနှင့် သီးခြားနေထိုင်၍ ကျေးလက်တောသဘာဝ၏ လှပသည့် ရှုခင်းများနှင့် စားသောက်ဖွယ်ရာများကို အထူးတလှယ် ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ကြလေသည်။
သိပ်မကြာခင်မှာပဲ ကျေးလက်ဘက်တွင် သူ့တို့ ငှားထားသည့် ခြံငယ်လေးက အစိုးရ၏ ပရောဂျက် စီမံကိန်းထဲ ရောက်ရှိသွားခဲ့သည်။
တောတွင်းစထွင်မာအဖြစ် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ချစ်သူနှစ်ဦးလည်း သူတို့ စုဆောင်းထားသည့် ငွေအများစုကို ထုတ်ယူ၍ မြို့ထဲက အိမ်ကိုပါ ရောင်းချကာ ကြားပွဲစားကတစ်ဆင့် ဈေးကြီးသည့် အိမ်အဟောင်းတစ်လုံးကို ဝယ်ယူလိုက်သည်။
ဟန်ကျိုးမြို့၏ ကျေးလက်ဧရိယာဘက်ခြမ်းမှာ ရှေးခေတ်အချိန်တုန်းကတည်းကပင် စည်ပင်ဝပြောခဲ့သည်။
လှပသည့် ရှုခင်များ ပေါများမှုကြောင့်လည်း နာမည်ကြီး၏။
ဟူလျန်၏ အိမ်အသစ်က ချင်မင်းဆက်ခေတ်ပုံစံ တည်ဆောက်ထားပြီး ရှေးဟောင်းအငွေ့အသက်တို့၏ ဆွဲဆောင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ထိုအိမ်ကို ဝယ်ယူပြီး မကြာခင်မှာပဲ ထူးဆန်းသည့် အရာမျိုးစုံက စတင် ဖြစ်ပျက်လာမည်ဟု မည်သူက ထင်ထားလိမ့်ပါမည်နည်း။
“ ဒေါက်တာချန် … ယေဘုယျ အခြေအနေကတော့ အဲ့လောက်ပဲ … ငါ့အိမ်က တကယ်ပဲ ညစ်နွမ်းခံနေရလားဆိုတာ ကျေးဇူးပြုပြီး တစ်ချက် ကြည့်ပေးပါဦးကွာ …”
အိမ်အကြောင်း အသေးစိတ်ကို ရှင်းပြပြီးနောက် ဟူလျန်က ဖုန်းထုတ်ပြီး အိမ်ဓာတ်ပုံကို ထုတ်ပြလိုက်သည်။
“ လှလိုက်တဲ့ …. ဟမ် …”
ကျိုးခဲ့ရှင်းလည်း တစ်ချက်ကြည့်ဖို့ ရောက်လာသည်။
အိမ်က မည်မျှလှကြောင်း ချီးမွမ်းချင်နေသော်လည်း ရုတ်တရက်ဆိုသလို တစ်စုံတစ်ရာ မှားယွင်းနေသည်အား သတိပြုမိသွားခဲ့၏။
“ ခင်များ မိသားစုရဲ့ အခြေအနေကိုတော့ ကျုပ် အကြမ်းဖျင်း နားလည်ထားပြီ …” ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ ပြဿနာကို ဖြေရှင်းဖို့ဆိုရင်တော့ လူကိုယ်တိုင် ကွင်းဆင်းလေ့လာရေးခရီး ထွက်မှပဲ ရမှာ ….”
“ ခင်များအတွက် အဆင်ပြေပါ့မလား မသိဘူး ….”
“ ပြေတာပေါ့ဗျ … ပြေတာပေါ့ ….”
ချန်ယွီ့ကိုယ်တိုင် လိုက်လာမည်ကို သိလိုက်ရတော့ ဟူလျန်မှာ ပျော်ရွှင်မှုကို ဖုံးဖိမထားနိုင်တော့ချေ။
သူကိုယ်တိုင်က ဤနေရာသို့ ကားမောင်းပြီး ရောက်လာခဲ့သဖြင့် အချိန်မရွေး ထွက်ခွာလို့ ရလေသည်။