လူသူ အရောက်ပေါက်နည်းသည့် တောင်တန်းအနီးတွင် တည်ရှိသည့် စံအိမ်အဟောင်းတစ်လုံး
Vol. 34 Ch. 339
“ အစ်ကိုဟူ … ဒီရဲ့ ရှင့်အိမ်က သရဲခြောက်တာ ဖြစ်နိုင်လောက်တယ် ….”
ကျိုးခဲ့ရှင်းက တွေးတွေးဆဆနှင့် မှတ်ချက်ပြုလိုက်၏။
“ မမလေးကျိုး … မင်း တစ်ခုခု မြင်လိုက်လို့လား ….”
ကျိုးခဲ့ရှင်း၏ လက်ရှိ အထောက်အထားက ချန်ယွီ့၏ စိတ်ကျန်းမာရေး ဆေးခန်းတွင် နာ့စ်အဖြစ် ထမ်းဆောင်နေသူ ဖြစ်ပြီး ချန်ယွီ့၏ စကေးတစ်ချို့ကို တတ်မြောက်ထားကောင်း တတ်မြောက်ထားနိုင်သည်။
သူ့အိမ်နှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေသည်ကို သူမ မြင်တွေ့လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
“ ရှင်ဝယ်လိုက်တဲ့ အိမ်က အရမ်း ခေါင်သီလွန်းတယ် ….”
ကျိုးခဲ့ရှင်းက ရှုပ်ထွေးနေသည့် အအမူအရာဖြင့် ရှင်းပြလိုက်ပြီး “ အဲ့နေရာက တကယ်ရော လူနေလို့ ရတာ ဟုတ်လို့လားနော် …”
ဓာတ်ပုံကို ဒရုန်းဖြင့် ရိုက်ကူးထားတာ ဖြစ်၏။
ဟောင်းနွမ်းပြီး ရှေးဆန်သည့်အိမ်ပင်။
ဟူလျန် ပြောသည့်အတိုင်း အိမ်တွင် ရှေးဟောင်းအငွေ့အသက်တို့ ပြည့်နှက်နေလျက် ရှိသည်။
အိမ်၏ ဟောင်းနွမ်းနေမှုအပြင် ကျိုးခဲ့ရှင်း အခြားအရာတစ်ခုကိုလည်း မြင်တွေ့လိုက်ရ၏။
ယင်းကပဲ အိမ်ကို တစ်ခုခု ညစ်နွမ်းနေသည်ဟု ကျိုးခဲ့ရှင်း တွေးထင်မိနေခြင်းပင်။
အိမ်အဟောင်း ပတ်ပတ်လည်တွင် သဘာဝပေါင်းပင်များ၊ မြက်ရိုင်းများက ထူထဲသိပ်သည်းစွာ ပေါက်ရောက်နေလျက်ရှိပြီး ထီးထီးကြီး ရပ်တည်နေသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။
ထို့ပြင် အနီးနားဝန်းကျင်၌ အခြားသော အိမ်အဟောင်းများလည်း မရှိချေ။
အိမ်အဟောင်းတစ်ခုဆိုသော်လည်း အချိန်ကြာမြင့်စွာ စွန့်ပစ်ခံထားရသည့် စွန့်ပစ်အိမ်တစ်လုံးနှင့် ပိုတူနေသည်။
ဘယ်လိုပဲ ကြည့်ကြည့် ၊ သူမအတွက်တော့ ထူးဆန်းနေတော့၏။
“ငါက မင်း ပြဿနာကို ရှာတွေ့သွားပြီများလားလို့ကွာ ….”
ဟူလျန် ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်။
သူ ဤအိမ်အဟောင်းကို ဝယ်လိုက်ကတည်းက ဟူလျန်သည် မေးခွန်းထုတ်မှု အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရ၏။
သူ့လုပ်ဖော်ကိုင်ဖက်များ၊ ဆွေမျိုးများနှင့် မိတ်ဆွေသူငယ်ချင်းများက သူ့ကို မေးမြန်းကြ၏။
ဘာကြောင့် အဲ့လို ရွာပြင်ရောက်နေတဲ့ အိမ်မျိုးကို ဝယ်လိုက်ရတာလဲ ..
ပြီးတော့ ပတ်ပတ်လည်မှာ ဘယ်အိမ်မှလည်း မရှိဘူး … မြက်ရိုင်းတွေနဲ့ချည်း ပြည့်နှက်နေတာ …
ဘယ်လိုပဲ ကြည့်ကြည့် သရဲကားထဲက သရဲခြောက်တဲ့အိမ်နဲ့ တစ်ပုံစံတည်းပဲ …
“ ငါ့ကောင်မလေးနဲ့ ငါ … အရင် ၂ နှစ်ကျော်တုန်းက ကျေးလက်ဘက်မှာ သီးသန့်သွားနေရင်း ဒီလိုမျိုး ဘယ်သူ့အနှောင့်အယှက်မှမရှိတဲ့ ကျေးလက်ဘဝမျိုးနဲ့ ဖြည်းဖြည်းချင်း နေသားကျလာခဲ့တယ် …”
“ ငါတို့ဘေးမှာ လူတွေ ပတ်လည်ဝိုင်းနေတာကို ဘယ်လိုမှ နေသားမကျတော့ဘူး ….”
အိမ်ဝယ်မည်ဟု ဆုံးဖြတ်ပြီးနောက်တွင် ဟူလျန်နှင့် သူ့ကောင်မလေးက မရေမတွက်နိုင်သည့် အိမ်များ လိုက်ကြည့်ခဲ့သော်လည်း တစ်လုံးတစ်လေကိုမျှ စိတ်တိုင်းကျခဲ့ခြင်း မရှိပေ။
အိမ်အဟောင်း အများအပြားက လူထူထပ်သည့် ဧရိယာများတွင် ရှိပြီး ဤတစ်လုံးတည်းကသာ သီးသီးခြားခြား တည်ရှိနေခြင်းပင်။
အခြားသူများ၏ မျက်လုံးထဲ မကြိုက်သည့်အချက်က သူတို့အတွက်တော့ နှစ်သက်စရာ တစ်ခု ဖြစ်လို့လာသည်။
ပတ်ဝန်းကျင်က ဝေးဝေးလံလံရှိသဖြင့် အခြားသူများ၏ အနှောင့်အယှက်ကိုလည်း မပူရတော့ပေ။
နောက်ပြီး ဈေးကလည်း သက်သာသေးသည်။
လူမနေသည့် နေရာများတွင် ဆောက်လုပ်ထားလင့်ကစား၊ မင်နှင့်ချင်မင်းဆက်ခေတ်အတွင်း ဆောက်လုပ်ထားသည့် အိမ်များက လူနေထူထပ်သည့် နေရာများတွင် မိုးမြင့်မတတ် တန်ကြေးရှိ၏။
လဝက်ခန့်မျှ အချိန်ပေး လိုက်ရှာပြီး ၊ နောက်ဆုံးတွင် သူတို့လိုချင်သည်နှင့် ကိုက်ညီသည့် ဤစံအိမ်အဟောင်းကို သွားပြီး ရှာတွေ့ခဲ့သည်။
ဘေးပတ်ပတ်လည်တွင် မြက်ရိုင်းများ ပေါက်ရောက်နေပြီး ပတ်ဝန်းကျင်က ဝေးလံခေါင်သီသော်လည်းပဲ ယင်းက အသေးအမွှား ပြဿနာရပ်လေးမျှသာ ဖြစ်၏။
ဟူလျန်က နောက်ဓာတ်ပုံတစ်ပုံကို ထုတ်ပြလိုက်သည်။
ဤပုံထဲတွင်တော့ ကျိုးခဲ့ရှင်းက အိမ်ပတ်ပတ်လည်ကို ပို၍ ထင်သာရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။
မြက်ရိုင်းတို့က နေရာအနှံ့ ပေါက်ရောက်နေသော်လည်း အနီးနားတွင် တောင်ကုန်းသေးသေးလေး တစ်ခု ရှိ၏။
“ ဟစ် …..”
ကျိုးခဲ့ရှင်း မသိလိုက်ပါဘဲ အသက်ရှူမှားသွားခဲ့သည်။
စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုကြောင့်လားတော့မသိ၊ ထိုတောင်ကုန်းကို ကြည့်လေလေ၊ သင်္ချိုင်းကုန်းတစ်ခုနှင့် ပိုတူလေလေပင်။
တောင်ခြေတွင် သစ်ပင်တစ်ချို့ ပေါက်ရောက်နေပြီး ၎င်းတို့က အုတ်ဂူတစ်ခုရှေ့မှောက်၌ အမွှေးတိုင်များ စိုက်ထူထားသည့်အလား ထင်မှတ်ရ၏။
“ ပတ်ဝန်းကျင်မှာ မြက်ရိုင်းတွေ အများကြီးနဲ့ တောင်ပေါ်မှာ ကျောက်ခဲတွေ တော်တော်လေးပေါတယ်ဆိုပေမယ့် သေချာ ရှင်းလင်းလိုက်ရင် ရှေးခေတ်ဟောင်းအိမ်ရဲ့ ဆွဲဆောင်မှုက သေသေချာချာလေး ထွက်ပေါ်လာခဲ့မှာ ….”
“ ငါ့ကောင်မလေးနဲ့ ငါက အနီးနားက မြက်ရိုင်းတွေကို ရှင်းပစ်ပြီး စိုက်ပျိုးမြေတစ်ခု လုပ်ဖို့ စီစဉ်ထားတယ် …..”
“ အဲ့မှာ ကြက်တွေမွေးမယ် ၊ အပင်တွေစိုက်မယ် ၊ တောင်ခြေနားလေးမှာတော့ ပန်းခြံသေးသေးလေးတစ်ခု လုပ်မယ် ….”
“ တောင်ပေါ်က ကျောက်ခဲတွေကိုလည်း ရှင်းလင်းပြီး နားနေစခန်း သေးသေးလေး တစ်ခု တည်ဆောက်ဖို့တောင် စီစဉ်ပြီးသား ….”
ထိုသို့ပြောဆိုပြီးနောက် ဟူလျန် သက်ပြင်းချလိုက်၏။
အကယ်၍ အိမ်ထဲ ထူးဆန်းသည်များ ဖြစ်ပျက်မနေဘူးဆိုလျှင် သူနှင့် သူ့ကောင်မလေး၏ အစီအစဉ်များမှာ အကောင်အထည် ပေါ်နေလောက်လေပြီ။
သူ အိမ်အဟောင်းကြီးကို ဝယ်ယူခဲ့သည်မှာ ဈေးပေါသည်က တစ်စိတ်တစ်ပိုင်း၊ တစ်ပြိုင်နက်တည်းတွင် ယင်းနေရာက ရွာနှင့် သုံးကီလိုမီတာလောက်သာ ဝေးကွာသည့် နေရာတွင် တည်ရှိခြင်းပင်။
ရွာ၌ ဘာမဆို အကုန်ရ၏။
သူတို့ ရွေ့ပြောင်းသွားပြီး စားစရာ၊ သောက်စရာအကြောင်း ဘာမှ စိတ်ပူစရာ မလိုပေ။
အိမ်အဟောင်းကြီးက ရွာအနီးနားတွင် တည်ရှိသော်လည်း အနီးနားဝန်းကျင်တွင် မည်သူကမျှ မနေထိုင်ကြပေ။
ခြုံငုံကြည့်လိုက်လျှင် ထိုအိမ်အဟောင်းကြီးက သူတို့အတွက် ရည်ရွယ်ပြီး သီးသန့်ဆောက်လုပ်ပေးထားသလိုပင်။
“ လူကြီးမင်းဟူ … ကျုပ်တို့ကို ခင်များရဲ့ အိမ်ဆီ ခေါ်သွားပေးပါဦး ….” ချန်ယွီ့ မတ်တပ်ရပ်ရင်း ပြောလိုက်သည်။
“ အိုကေ … ကျေးဇူးပြုပြီး လိုက်ခဲ့ပေးကြပါ ….”
သိပ်မကြာခင်မှာပဲ သုံးယောက်သား ကားထဲ ဝင်ရောက်လိုက်ကြ၏။
နာရီ၀က်ခန့် ကြာပြီးနောက် ကားက အိမ်အဟောင်းကြီး၏ ဝင်ပေါက်ဝတွင် ထိုးရပ်သွားခဲ့သည်။
ကားပေါ်မှ ဆင်သည်နှင့် ကျိုးခဲ့ရှင်းက ဖုန်းထုတ်ပြီး ဓာတ်ပုံများ ရိုက်တော့၏။
ပတ်ဝန်းကျင် ပြဿနာများကို မေ့လျော့ထားလျှင် အိမ်အဟောင်းကြီးက တကယ်လည်း လှပလွန်းလှ၏။
ချန်ယွီ့ကတော့ လက်နောက်ပစ်ရင်း အိမ်တံခါးဝသို့ ရောက်သွားကာ စံအိမ်ဝင်ပေါက်ဝကို စိတ်ဝင်တစား ကြည့်ရှုနေသည်။
တံခါးတွင် ဆေးနံ့ခပ်ဖျော့ဖျော့ သင်းနေပြီး ပြောင်လက်တောက်ပနေသည့် တံခါးခေါက်ကွင်းကြီး နှစ်ခုလည်း ရှိ၏။
“ ဒီတံခါးက အော်ရီဂျင်နယ်တံခါးမလား ….”
ချန်ယွီ့ မေးလိုက်သည်။
“ အမှန်ပဲ …”
အိမ်ကြီးမှာ မူလက ယခုလို အခြေအနေတွင်တော့ မဟုတ်ပေ။
သူ ဝယ်တုန်းက နှစ်ပေါင်းမျာစွာ လူမနေခဲ့သောကြောင့် အတော်လေး ပျက်စီးနေသည်။
အတွင်းအပြင် အပေါက်များနှင့် ပြည့်နှက်နေပြီး အရာတော်တော်များများကလည်း ထိခိုက်ပျက်စီးနေလျက် ရှိ၏။ အထူးသဖြင့် တံခါးနှစ်ချက်ပင်။
တံခါးက စုတ်ပြက်၍ ရေညှိပင် တက်လို့နေသည်။
ခေါက်ကွင်းသည်လည်း မရှိတော့ပေ။
ကံကောင်းစွာဖြင့် အိမ်၏ အုတ်မြစ်ကတော့ မူရင်းအတိုင်း မပျောက်မပျက် ကျန်ရှိနေသေး၍ပင်။
အိမ်ဟောင်းကြီးကို ကျေးရွာကော်မတီကပိုင်ပြီး ဟူလျန်နှင့် သူ့ကောင်မလေးက ငွေအပြည့်ချေ၍ ဝယ်ယူထားခြင်း ဖြစ်၏။
အိမ်အဟောင်းကြီးကိုလည်း သူကိုယ်တိုင်ပဲ ပြန်လည်ပြင်ဆင်ခဲ့သည်။
“ အထဲဝင်ကြစို့ ….”
ဟူလျန်၏ မိတ်ဆက်ပေးမှုကို နားထောင်ရင်း ချန်ယွီ့က တွေးတွေးဆဆနှင့် တံခါးဘေးရှိ နံရံသို့ သွားကြည့်လိုက်သည်။
ဟူလျန်က ဖုန်းထုတ်၍ အက်ပ်တစ်ခုကို ဖွင့်လိုက်၏။
နောက်တစ်စက္ကန့်၌ တံခါးကြီးက သူ့အလိုလို ဖြည်းညင်းစွာ ပွင့်လာသည်။
“ ဟင် အစ်ကိုဟူ … တံခါးက အလိုအလျောက် တံခါးပေါ့ ….” ကျိုးခဲ့ရှင်း အံ့အားသင့်သွားခဲ့သည်။
“ အင်း …” ဟူလျန် ခေါင်းညိတ်ပြီး ရှင်းပြလိုက်၏။ “ ဒီတံခါးနှစ်ချပ်ကို သစ်သားအမာနဲ့ လုပ်ထားတာလေ … တစ်ချပ်စီက ပေါင်တစ်ရာကျော်လေးတယ် ….”
“ ငါ့အတွက်က အဆင်ပြေတယ်ဆိုပေမယ့် ငါ့ကောင်မလေးအတွက်ကျ မပြေဘူး … အကြိမ်တိုင်း တံခါးဖွင့်ဖို့ကို အားတော်တော် စိုက်နေရတာ …”
“ အဲ့တာကြောင့် တံခါးကို ပြန်မွမ်းမံလိုက်တာပဲ …”
“ ဝါး … လှလိုက်တာ …”
မကြာမီ သုံးဦးသား တံခါးပေါက်ကို ဖြတ်ကျော်၍ ရှေ့ခြံဝင်းသို့ ရောက်ရှိလာခဲ့သည်။
ကျောက်ခင်းလမ်း သေးသေးလေးနှင့် လှပသည့် ပန်းအိုးအများအပြားက အိမ်ရှေ့ မျက်နှာစာတွင် ဝင့်ဝင့်ထည်ထည် တည်ရှိနေသည်။
၎င်းအပြင် လက်တင် ကုလားထိုင် သုံးလုံးနှင့် ရှည်လျားသည့် ထမင်းစား စားပွဲအရှည်ကြီး တစ်လုံးလည်း ရှိနေလျက် ရှိသည်။
“ ငါ့ကောင်မလေးက ပန်းတွေ၊ မြက်တွေ စိုက်ပျိုးရတာကို နှစ်သက်တယ် … ဒီပန်းအိုးတွေလည်း သူကိုယ်တိုင် ပြုစုထားတာပဲ ….”
“ ဒီကျောက်ခင်းလမ်းကလည်း အိမ်မှာ အစကတည်းက ရှိနေတာ ….”
“ လူကြီးမင်းဟူ ….” ချန်ယွီ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး “ ခင်များနဲ့ ခင်များကောင်မလေးက ဒီအိမ်ကို ပြောင်းလာပြီးတဲ့နောက်မှာ ထူးဆန်းတာတွေ မျိုးစုံနဲ့ ကြုံခဲ့ရတယ်လို့ ပြောတယ်နော် ….”
“ ခင်များတို့နှစ်ယောက်အပြင် တစ်ခြားလူတွေလည်း ထူးဆန်းတာနဲ့ ကြုံခဲ့သေးတယ်မဟုတ်လား ….”
“ ဟုတ်တယ် ဟုတ်တယ် အမှန်ပဲ ဒေါက်တာချန် … မင်းကတော့ အံ့ဩဖို့ကောင်းလွန်းပါတယ် ….”
ဟူလျန်၏ မျက်နှာထက်တွင် လေးစားရိုသေမှုတို့ ဖြစ်ပေါ်လာသည်။
ချန်ယွီ့က သာမန် စိတ်ပညာရှင်တစ်ယောက်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ … ဒီလယ်ဗယ်လောက်ဆို နတ်ဘုရားအဆင့်ဖြစ်နေပြီ …
သူဘာမှ မပြောရသေးခင်မှာပဲ ချန်ယွီ့က အကုန်လုံးကို ကြိုသိနေတယ် …
အိမ်အဟောင်းကြီးက ကြီးမားလွန်းလှ၏။ ဟူလျန်နှင့် သူ့ကောင်မလေးတို့ နှစ်ဦးတည်းအားဖြင့် မည်သို့မျှ ပြုပြင်နိုင်မှာ မဟုတ်ချေ။
ထို့ကြောင့် အနီးနားရွာရှိ ဆောက်လုပ်ရေး လုပ်သားများကို ငှား၍ အိမ်အဟောင်းကြီးကို ပြန်လည် မွမ်းမံပြင်ဆင်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပဲ အိမ်အဟောင်းကြီး၏ မူရင်းဇစ်မြစ်အကြောင်းကို မေးမြန်းစပ်စုခဲ့၏။
အလုပ်သမားများက အနီးနားရွာရှိ ဒေသခံများပင်။ သို့ပေမယ့်လည်း ဤအိမ်ကြီးက အဘယ်ကြောင့် စွန့်ပစ်ခံလိုက်ရလဲဆိုတာကို မည်သူကမျှ တိတိကျကျ မပြောပြနိုင်ကြချေ။
သူတို့ လူမှန်းသိတတ်စ အရွယ်တွင် ဤအိမ်ကြီးက စွန့်ပစ်ထားသည့် အိမ်အဟောင်းကြီးတစ်လုံး ဖြစ်နေပြီဆိုတာကိုပဲ သိရှိကြ၏။
လူမနေသည်မှာ နှစ်ပေါင်းများစွာ ကြာလေပြီ။
သို့သော်လည်းပဲ ထူးဆန်းသည့် အရာတစ်ခုက …
ရွာထဲရှိ သက်ကြီးရွယ်အိုများမှာ သူတို့ကလေးများကို ဤအိမ်ကြီး အနီးနားသို့ မကပ်ခိုင်းခြင်းပင်။
အကယ်၍ ဘာကြောင့်လဲဟု မေးခွန်းထုတ်ပြန်လျှင်လည်း စောင့်မျှော်နေသည်ကား ဖင်စုတ်အောင် ရိုက်ခံရခြင်း ဖြစ်၏။