← Chapters

အခန်း ၄၁

Vol. 3 Ch. 41

အခန်း ၄၁

Vol. 3 Ch. 41

အပိုင်း(၄၁) ရိက္ခာပစ္စည်းများ ခွဲဝေခြင်း

သက်ကြီးရွယ်အိုသုံး သုံးဘီးစက်ဘီး ပေါ်ထွက်လာမှုက လူအများအပြား၏ အာရုံကို ချက်ချင်း ဖမ်းစားသွားခဲ့သည်။

ဤတစ်ကြိမ် ယာဉ်တန်းထဲတွင် အသက်အရွယ်ကြီးရင့်သူများနှင့် အားနည်းသူများမှာ နီးပါးအားဖြင့် အကုန်သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။

ယခင်က ချန်းရီနှင့် ပြဿနာဖြစ်ခဲ့ဖူးသော အဘွားနှင့်မြေး နှစ်ယောက်တွင် အဘွားဖြစ်သူက ချန်ရှုရွာ၌ သေဆုံးသွားခဲ့ပြီး ထို ၇ နှစ်၊ ၈ နှစ်အရွယ် ကလေးဆိုးလေးကိုလည်း ယခုအချိန်အထိ မတွေ့ရတော့ပေ။ မနေ့ညက ထွက်ပြေးလွတ်မြောက်လာသည့် လမ်းတစ်လျှောက်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်နိုင်ခြေများသည်။

ထိုအဘွားနှင့်မြေး၏ စိတ်ပျက်စရာကောင်းလှသော အမူအကျင့်များကြောင့် မည်သူကမျှ သူ့ကို ကယ်တင်ချင်မည် မဟုတ်ဟု ခန့်မှန်းရသည်။

မနေ့ညက ကြုံတွေ့ခဲ့ရသော အခြေအနေမျိုးတွင် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ပုံရသည့် လူရွယ်များစွာပင် ညတွင်းချင်း သေဆုံးသွားခဲ့ကြရသည်။

သို့သော် သက်ကြီးရွယ်အိုသုံး သုံးဘီးစက်ဘီးကို မောင်းနှင်လာသော ဤအဘိုးအိုကမူ အသက်ရှင်ကျန်ရစ်ခဲ့လေသည်။

ဤကဲ့သို့သော အခြေအနေမျိုးက လုံးဝကို မယုံနိုင်စရာပင် ဖြစ်သည်။

ဤအဘိုးအိုသည် လူသားတို့ တားမြစ်နယ်မြေများဖြစ်သည့် ရှင်းဟွာမြို့နှင့် ချန်ရှုရွာ နှစ်နေရာစလုံးကို ဝင်ရောက်ခဲ့သော်လည်း နောက်တွင် ကျန်ရစ်ခဲ့ခြင်း မရှိပေ။

လူတွေ ဒီလောက် အများကြီး သေဆုံးသွားခဲ့တာတောင်မှ သူက အသက်ရှင်နေဆဲပင်။

ထို သက်ကြီးရွယ်အိုသုံး သုံးဘီးစက်ဘီးလေးသည် နောက်တစ်စက္ကန့်တွင် တစ်စစီ ဖြစ်သွားတော့မည့်အလား ယိမ်းထိုးကာ မောင်းနှင်လာသည်။

ယခုအချိန်တွင် ထိုသုံးဘီးစက်ဘီး၏ အခြေအနေမှာ အလွန် ဆိုးရွားနေသည်။ စက်ဘီးကိုယ်ထည်ပေါ်ရှိ ခြစ်ရာမျိုးစုံကို မဆိုထားနှင့် ကားကိုယ်ထည်တစ်ခုလုံးပင် ပုံပျက်နေပြီ ဖြစ်သည်။

စက်ဘီးကိုယ်ထည်ပေါ်တွင် ရွှံ့ဗွက်များစွာလည်း ပေကျံနေသေး၏။

စက်ဘီးခေါင်မိုးပေါ်တွင် ယိမ်းထိုးနေသော ခရီးဆောင်အိတ်တင်စင် တစ်ခုရှိပြီး မည်သည့်အရာများ ထည့်ထားမှန်းမသိသော အိတ်အချို့ကို ချည်နှောင်ထားရာ အချိန်မရွေး ပြုတ်ကျလာနိုင်ချေ ရှိသည်။

ဤသုံးဘီးစက်ဘီးသည် မနေ့ညက မည်မျှ ကြမ်းတမ်းသော အခြေအနေများကို ဖြတ်သန်းခဲ့ရကြောင်း သိသာထင်ရှားလှသည်။

လူအများအပြားက အံ့သြတကြီးဖြင့် လှမ်းကြည့်နေကြသည်။

သက်ကြီးရွယ်အိုသုံး သုံးဘီးစက်ဘီးသည် စခန်းဘေးတွင် ယိမ်းထိုးကာ ရပ်တန့်သွားသည်။

ကားထဲမှ ပိန်လှီပြီး စက်ဆုပ်ဖွယ်ကောင်းသော အဘိုးအိုတစ်ယောက် ခုန်ဆင်းလာသည်။

ဖြူယော်နေသော ဆံပင်များက အနည်းငယ် လွင့်ဝဲနေပြီး ခန္ဓာကိုယ်အထက်ပိုင်းတွင် အဖြူရောင် စွပ်ကျယ်တစ်ထည်သာ ဝတ်ဆင်ထားကာ အောက်ပိုင်းတွင် အနက်ရောင် ဘောင်းဘီတိုကြီးတစ်ထည်ကို ဝတ်ဆင်ထားပြီး ခြေထောက်တွင် ညှပ်ဖိနပ်တစ်ရန်ကို စီးထားသည်။

အဘိုးအိုက လူအုပ်ကြီးကို မြင်လိုက်ရသောအခါ မျက်လုံးများထဲတွင် ဝမ်းသာအားရဖြစ်သွားသော အရိပ်အယောင်များ ပေါ်လာသည်။

"ရောက်ပြီဟေ့... ငါတော့ သေတော့မလို့ပဲ"

"တောက်"

"မင်းတို့တွေက... လူကြီးသူမတွေကို ရိုသေရကောင်းမှန်းလည်း မသိကြဘူး... ငါ့ကို လာမကူကြဘူးလား"

"ရှောင်ကျောက်... ရှောင်ကျန်းး... မင်းတို့ရဲ့ အဘိုးကျန်းကို မြင်တာတောင် လာမကူကြတော့ဘူးလား"

အဘိုးအိုက လူငယ်အချို့၏ နာမည်များကို အားနာမှုမရှိဘဲ လှမ်းခေါ်ကာ ကူညီခိုင်းလိုက်သည်။

ထိုလူငယ်များက တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး လုံးဝ ဂရုမစိုက်ကြပေ။

အဘိုးအိုသည် အချိန်အတော်ကြာအောင် ဆဲရေးတိုင်းထွာနေခဲ့သည်။

နောက်ဆုံးတွင် သူကိုယ်တိုင်ပင် ကားထဲမှ နေကာတဲ တစ်ခုကို ထုတ်ယူကာ ဆောက်လုပ်လိုက်ရသည်။

ဤမြင်ကွင်းက ချန်းရီကို အနည်းငယ် အံ့သြသွားစေသည်။

ဒီအဘိုးအိုမှာ ရိက္ခာပစ္စည်းတွေ ဒီလောက်တောင် ပြည့်စုံနေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ နေကာတဲတောင် ပါသေးသည်။

ထို့နောက် အဘိုးအို၏ အလုပ်များက မပြီးသေးဘဲ သုံးဘီးစက်ဘီးထဲမှ နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြား အတော်များများကို ထပ်မံ ထုတ်ယူလိုက်ပြန်သည်။

သဲသောင်ပြင်ပေါ်တွင် အကျယ်ကြီး ဖြန့်ခင်းလိုက်သည်။

ဒါက လုံးဝကို မယုံနိုင်စရာပင်။

ချန်းရီသည် ခေါင်းဆောင်ချူ ပိုင်ဆိုင်သော နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြားများကို အမြဲတမ်း လိုချင်နေခဲ့သော်လည်း ဤအဘိုးအိုတွင် ထိုမျှလောက် အများကြီး ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ခန့်မှန်းခြေအားဖြင့် နှစ်နာရီခန့် ကြာပြီးနောက် သဲကန္တာရထဲရှိ ရာသီဥတုက တဖြည်းဖြည်း အေးမြလာချိန်တွင် သူတို့ လာခဲ့ရာ လမ်း၏ အဆုံးတွင် လူရိပ်နှစ်ခု ထပ်မံ ပေါ်ထွက်လာခဲ့သည်။

ဒါက ချန်းရီ၏ အကြည့်များကို နောက်တစ်ကြိမ် ဆွဲဆောင်သွားပြန်သည်။

ထိုအရာမှာ စက်ဘီးစီးလာသော အမျိုးသားနှစ်ယောက်၏ အရိပ်များ ဖြစ်သည်။

သို့သော် ထိုအမျိုးသားနှစ်ယောက်၏ လက်ရှိ အခြေအနေမှာ သိသိသာသာကို ဆိုးရွားနေပြီး စက်ဘီးအရှိန်မှာလည်း အလွန် နှေးကွေးလှကာ ငရဲပြည်မှ တွားသွား၍ တက်လာသူများအလား အလွန်တရာ သနားစရာကောင်းလှသည်။

ထိုအထဲမှ တစ်ယောက်ကို ချန်းရီ သိနေသည်။ ထိုသူမှာ ယခင်က ချန်ရှုရွာတွင် ရွာသူကြီး၏ မြေအောက်ခန်းကို ရှာတွေ့ခဲ့သော မျက်မှန်နှင့် တက္ကသိုလ်ကျောင်းသား ဖြစ်သည်။

နောက်တစ်ယောက်ကိုမူ သူ မသိသော်လည်း ထိုသူမှာလည်း သိသိသာသာကို သနားစရာကောင်းနေသည်။

ထိုသူနှစ်ဦး၏ စက်ဘီးနောက်ခုံများပေါ်တွင် ချန်ရှုရွာမှ ရှာဖွေစုဆောင်းလာခဲ့သော ရိက္ခာပစ္စည်းများ ပါဝင်သည့် အထုပ်ကြီးနှစ်ထုပ် ရှိနေသည်။

မနေ့ညက အခြေအနေမျိုးတွင် သက်ကြီးရွယ်အိုသုံး သုံးဘီးစက်ဘီးမှလွဲ၍ အခြား အသက်ရှင်ကျန်ရစ်သူများ ရှိနေသေးသည်ကို တွေ့ရသဖြင့် ချန်းရီ အလွန် အံ့သြသွားခဲ့သည်။

ထိုသူနှစ်ဦးသည် စခန်းအနီးသို့ ရောက်လာသည်နှင့် ရုတ်တရက် ခန္ဓာကိုယ်များ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

"ရှောင်လီ... ရှောင်ကျန်း... ပြီးတော့ မင်းတို့ကောင်တွေ... လာကူကြပါဦး"

စကားပြောလိုက်သူမှာ ဦးလေးအားပေါင် ဖြစ်ပြီး သူက လူငယ် အသက်ရှင်ကျန်ရစ်သူ အချို့ကို အကူအညီပေးရန် လမ်းညွှန်လိုက်ခြင်း ဖြစ်သည်။

ဦးလေးအားပေါင်သည် ယာဉ်တန်းတစ်ခုလုံး၏ မန်နေဂျာကဲ့သို့ ဖြစ်နေပြီး ယာဉ်တန်းထဲရှိ ကိစ္စရပ်များစွာကို ဦးလေးအားပေါင်က တာဝန်ယူ ဖြေရှင်းပေးရသည်။

ထို့ကြောင့် ဦးလေးအားပေါင်၏ သြဇာလွှမ်းမိုးမှုသည် သက်ကြီးရွယ်အိုသုံး သုံးဘီးစက်ဘီးကို မောင်းနှင်လာသော အဘိုးအိုထက် အများကြီး ပိုမို ကြီးမားလှသည်။

အသက်ရှင်ကျန်ရစ်သူ နှစ်ဦးကို လူအချို့က အရိပ်ရသည့် နေရာသို့ အမြန် သယ်ဆောင်သွားပြီး အနားယူစေလိုက်ကြသည်။

ချန်းရီက သူတို့ လာခဲ့ရာ လမ်းကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။ ဤသူနှစ်ဦးသည် ယာဉ်တန်းတစ်ခုလုံးမှ နောက်ဆုံး ပြန်ရောက်လာသည့် အသက်ရှင်ကျန်ရစ်သူများ ဖြစ်နိုင်ချေရှိသည်။

ယခင်က ယာဉ်တန်းသည် ရှင်းဟွာမြို့တွင် တစ်သုတ် သေဆုံးခဲ့ရသည်။

နောက်ပိုင်းတွင် ချန်ရှုရွာ၌ နောက်တစ်သုတ် ထပ်မံ သေဆုံးခဲ့ရပြန်သည်။

ရိက္ခာရှာဖွေမှု နှစ်ကြိမ်အတွင်းမှာပင် လူတစ်ရာခန့် ပျောက်ဆုံးသွားခဲ့ရာ ဤကမ္ဘာမြေပေါ်သို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးခဲ့သကဲ့သို့ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

ဒါက ကမ္ဘာပျက်ကပ်၏ ရက်စက်မှုပင် ဖြစ်သည်။

ချန်းရီသည် ဆေးလိပ်တစ်လိပ်ကို မီးညှိကာ အားပါးတရ ရှိုက်သွင်းလိုက်ရာ မှိန်ဖျော့ဖျော့ မီးရောင်လေးက သူ၏ မျက်နှာဘေးထောင့်ကို အနည်းငယ် လင်းထိန်သွားစေသည်။

မီးခိုးများကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်သည်။

ထွက်ပေါ်လာသော မီးခိုးငွေ့များသည် မြွေတစ်ကောင်အလား အဝေးသို့ ပြေးထွက်သွားပြီးမှ ပျောက်ကွယ်သွားကြသည်။

ချန်းရီ အနည်းငယ် ကြောင်သွားပြီး ခုနက လုပ်ရပ်ကို ထပ်မံ လုပ်ဆောင်ရန်အတွက် ဆေးလိပ်ကို နောက်တစ်ကြိမ် ရှိုက်သွင်းလိုက်သည်။

သို့သော် မည်သို့မျှ အောင်မြင်မှု မရခဲ့ပေ။

"ချန်းရီ... ခေါင်းဆောင်ချူ နိုးနေပြီ... မင်းကို လာခဲ့ဖို့ ခေါ်ခိုင်းလိုက်တယ်"

"လောင်လီ... ထယ်ရှီး မနိုးသေးဘူး... မင်းက ထယ်ရှီးကိုယ်စား လိုက်ခဲ့လိုက်"

ဦးလေးအားပေါင်သည် အသက်ရှင်ကျန်ရစ်သူ နှစ်ဦးကို နေရာချထားပေးပြီးနောက် ဘတ်စ်ကားရှေ့သို့ ရောက်လာကာ ချန်းရီကို လှမ်းခေါ်လိုက်သည်။

လောင်လီက အသက်ရှင်ကျန်ရစ်သူ နှစ်ယောက်ကို ကားခေါင်မိုးပေါ် တက်ခိုင်းကာ တောင်လိုပုံနေသည့် အထုပ်ကြီးများကို အောက်ချခိုင်းနေသည်ကို ချန်းရီ မြင်လိုက်ရသည်။

ယခုအချိန်သည် ရိက္ခာပစ္စည်းများကို ခွဲဝေရတော့မည့် အချိန်ဖြစ်ကြောင်း ချန်းရီ သိလိုက်သည်။

ချန်ရှုရွာသို့ မဝင်ရောက်မီက သဘောတူညီချက်အရ ခေါင်းဆောင်ချူနှင့် နာနာက သုံးပုံ ယူမည်ဖြစ်ပြီး ချန်းရီနှင့် ထယ်ရှီးက နှစ်ပုံ ယူမည်ဖြစ်သည်။

ချန်းရီသည် သူ၏ သုံးဘီးဆိုင်ကယ်ရှေ့သို့ ပြန်သွားကာ ဆိုင်ကယ်နောက်ခန်းထဲမှ ကျောပိုးအိတ် နှစ်လုံးကို ထုတ်ယူပြီး ခေါင်းဆောင်ချူ၏ လမ်းကြမ်းမောင်းကားဆီသို့ လျှောက်သွားလိုက်သည်။

ချန်းရီသည် ခေါင်းဆောင်ချူကို မြင်လိုက်ရချိန်တွင် ခေါင်းဆောင်ချူက မြေပြင်ပေါ်၌ ခြေဗလာဖြင့် ဆောင့်ကြောင့်ထိုင်ကာ သဲတစ်ဆုပ်ကို ဆုပ်ကိုင်၍ ဝါးစားနေသည်။

ခေါင်းဆောင်ချူသည် ချန်းရီ၏ အကြည့်ကို သတိထားမိသွားပြီး ချန်းရီဘက်သို့ လှည့်ကာ ပြုံးပြလိုက်ရာ ဖြူရော်နေသော သူ၏ မျက်နှာပေါ်တွင် နွေးထွေးမှုအနည်းငယ် တိုးလာသည်။

"လမ်းပြသူလမ်းစဉ်ရဲ့ အစွမ်းပဲ... မြေကြီးနဲ့ ဆက်သွယ်မှုလုပ်ခြင်းအားဖြင့် ငါတို့က ထူးဆန်းတဲ့အရာတွေ ရှိနေတာကို အာရုံခံနိုင်တယ်"

"ပြီးတော့ ဒီသဲတွေက အကောင်းဆုံး ကြားခံနယ်ပဲ"

ချန်ရှုရွာမှ တိုက်ပွဲကြောင့် ခေါင်းဆောင်ချူသည် ချန်းရီအပေါ် အနည်းငယ် ရင်းနှီးမှုရှိလာသဖြင့် ဤကဲ့သို့ သေချာ ရှင်းပြနေခြင်း ဖြစ်သည်။

"အဲ့ဒီလိုလား... ဒါပေမဲ့... သဲက ဘယ်လိုအရသာမျိုး ရှိလို့လဲ"

ချန်းရီ အနည်းငယ် သိချင်စိတ် ပြင်းပြသွားသည်။ ခေါင်းဆောင်ချူ သဲစားနေသည်ကို ကြည့်ရသည်မှာ နာကျင်နေသည့် အမူအရာ လုံးဝမရှိဘဲ အရသာရှိသော အစားအစာကို စားသုံးနေရသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

"သဲက သဲအရသာပဲ ရှိမှာပေါ့... ငါက လမ်းပြသူလမ်းစဉ် ဖြစ်နေရင်တောင် လူပဲလေ... မင်းတို့နဲ့ ဘာမှမကွာပါဘူး"

ခေါင်းဆောင်ချူက ပါးစပ်ထဲမှ သဲများကို မျိုချလိုက်ပြီး ချန်းရီကို နေကာတဲအောက်သို့ ခေါ်ဆောင်ကာ ထိုင်စေလိုက်သည်။

တဲအောက်တွင် စခန်းချရာ၌ အသုံးပြုသော စားပွဲနှင့် ကုလားထိုင် တစ်စုံကို အသင့် ပြင်ဆင်ထားသည်။

"ဒါနဲ့ ခင်ဗျား ဘာတွေ အာရုံခံမိလဲ"

ချန်းရီက သူ၏ ကျောပိုးအိတ်ကို ဘေးသို့ ပစ်ချလိုက်ပြီး ထိုင်ချကာ လက်ဖက်ရည်ခွက်ကို ကိုင်၍ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

"ဒီနေရာမှာ မနက်ဖြန် မနက် ၉ နာရီအထိ ငါတို့ နေလို့ရတယ်"

ခေါင်းဆောင်ချူက လက်ဖက်ရည်အိုးကို ကောက်ကိုင်ကာ ချန်းရီအတွက် လက်ဖက်ရည် ထပ်ငှဲ့ပေးလိုက်သည်။

လမ်းပြသူလမ်းစဉ်က မည်သို့သောနည်းလမ်းများဖြင့် ဤကဲ့သို့ ဆုံးဖြတ်ချက်ချနိုင်သည်ကို ချန်းရီ နားမလည်သော်လည်း ခေါင်းဆောင်ချူ၏ အစွမ်းကိုမူ အံ့သြမိသည်။

တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်ပိုင် သဘာဝလွန်အစွမ်း လမ်းစဉ်အပေါ်လည်း ပို၍ မျှော်လင့်ချက် ကြီးမားလာခဲ့သည်။

သူတို့နှစ်ယောက် စကားပင် သေချာ မပြောရသေးမီမှာပင် ခြေတံရှည်ရှည်နှင့် မိန်းကလေး နာနာက သွေးအားနည်းနေသည့် ပုံစံဖြင့် ရောက်လာသည်ကို မြင်လိုက်ရသည်။

နာနာ၏ နောက်မှ လိုက်လာသော လူနှစ်ယောက်ကလည်း လက်ထဲတွင် ကြီးမားသော ကျောပိုးအိတ်ကြီး တစ်လုံးစီကို ကိုင်ဆောင်ထားကြသည်။

ယှဉ်ကြည့်လိုက်လျှင် ချန်းရီ၏ အိတ်နှစ်လုံးမှာ အသေးငယ်ဆုံး ဖြစ်နေသည်။

မကြာမီမှာပင် ထယ်ရှီး၏ တောင်လိုပုံနေသော ကျောပိုးအိတ်ကြီးကိုလည်း လူအချို့က သယ်ဆောင်လာပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်ကြသည်။

အသက်ရှင်ကျန်ရစ်သူ အများအပြားမှာ အားကျသော အကြည့်များဖြင့် လှမ်းကြည့်နေကြသည်။

နာနာသည် ဆွဲဆောင်မှုရှိသော သူမ၏ ခြေတံရှည်ကြီးများကို လှမ်း၍ ချန်းရီ၏ ဘေးရှိ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး ခေါင်းဆောင်ချူ၏ လက်ထဲမှ လက်ဖက်ရည်အိုးကို တိုက်ရိုက်ယူကာ မော့သောက်တော့သည်။

လက်ဖက်ရည်များက မိန်းကလေး၏ ပါးစပ်မှတစ်ဆင့် လျှံကျလာပြီး လည်ပင်းမှတစ်ဆင့် ညှပ်ရိုးအထိ စီးကျသွားကာ အလွန်စွဲဆောင်မှုရှိသာ အလှတရားတစ်ခုကို ဖန်တီးပေးနေသည်။

ဆက်ရန်...

All Chapters