အခန်း ၄၃
Vol. 3 Ch. 43
အပိုင်း(၄၃) ရိက္ခာပစ္စည်းများ ခွဲဝေခြင်း (၃)
ဟွာဇီး နှစ်တောင့်၊ တာဇီး နှစ်တောင့်အပြင် အခြားတံဆိပ် ဆေးလိပ်ဘူး အနည်းငယ်ကို ချန်းရီ ရရှိခဲ့၏။
အရက်ဖြူ နှစ်ပုလင်း၊ လောင်ကန်းမား ငရုတ်ဆီ နှစ်ပုလင်းနှင့် ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည် အစရှိသည့် ဟင်းခတ်အမွှေးအကြိုင်အချို့လည်း ပါဝင်သေးသည်။
ကျန်လူများ ရရှိသည့် ရိက္ခာမှာလည်း အနည်းနှင့်အများ ဆင်တူသော်လည်း ဟွာဇီး နှစ်တောင့်ကိုမူ ချန်းရီအား ဦးစားပေး ခွဲဝေပေးထားခြင်း ဖြစ်၏။
ဤကိစ္စနှင့် ပတ်သက်၍ ချန်းရီက မည်သည့် မကျေနပ်မှုမျှ မရှိပေ။
ယခင်က သဘောတူထားသည့်အတိုင်း သူ ရရှိရမည့် ဝေစုက ၂၀ ရာခိုင်နှုန်းဆိုလျှင် ၂၀ ရာခိုင်နှုန်းသာ ဖြစ်ပြီး၊ ဤခွဲဝေမှုစနစ်ကို ချန်းရီ လက်ခံထားသည်။
နောင်တစ်ချိန် ဆေးလိပ်ကုန်သွားပါက ခေါင်းဆောင်ချူတို့နှင့် သွားရောက် လဲလှယ်၍ ရနိုင်သေးသည် မဟုတ်ပါလော။
တကယ်တမ်းတွင် ယာဉ်တန်းရှိ လမ်းစဉ်အစွမ်းပိုင်ရှင် လေးဦးအနက် ချန်းရီမှလွဲ၍ ကျန်လူများမှာ ဆေးလိပ် မသောက်ကြပေ။
သို့သော် ဆေးလိပ်နှင့် အရက်တို့မှာ တန်ဖိုးကြီး ငွေကြေးသဖွယ် ဖြစ်နေသဖြင့် မိမိကိုယ်တိုင် မသုံးလျှင်တောင် အခြားသူများနှင့် ရိက္ခာ လဲလှယ်ရာတွင် အသုံးပြုနိုင်ပေသည်။
ခေါင်းဆောင်ချူ၏ အဆိုအရ ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် ယခုလို ယာဉ်တန်းမျိုး အများအပြား ရှိသည်ဟု ဆို၏။
နောင်တစ်ချိန် အခြားယာဉ်တန်းများနှင့် တွေ့ဆုံသည့်အခါ ပစ္စည်းကောင်းအချို့ လဲလှယ်နိုင်ကောင်း လဲလှယ်နိုင်ပေလိမ့်မည်။
"ချန်းရီ... ရှင့်ဆေးလိပ်တွေ ကုန်သွားရင် ကျွန်မဆီမှာ လာလဲလို့ရတယ်... အသင်းဖော်တွေဆိုတော့ ရှင့်ကို ဈေးလျှော့ပေးမယ်လေ"
ခြေတံရှည်ကောင်မလေးက သူမလက်ထဲရှိ ဟဲဟွာ ဆေးလိပ်တောင့်ကို ဝှေ့ယမ်းပြကာ ရယ်မောလျက် ပြောလိုက်သည်။
"ဒါဆိုမဆိုးဘူး... အဲဒီအချိန်ကျရင်လည်း အမနာနာက ကျွန်တော့်အပေါ် ညှာတာပေးဖို့ မျှော်လင့်ပါတယ်"
"ဟီးဟီး... "
ကောင်မလေးက ချန်းရီ၏ ထိုအခေါ်အဝေါ်ကို အလွန်သဘောကျသွားပုံရကာ တောက်ပစွာ ပြုံးရယ်လိုက်သည်။ ကမ္ဘာပျက်ကပ်၏ နေဝင်ဆည်းဆာအောက်တွင် သူမ၏ နက်မှောင်သော ဆံပင်ရှည်ကြီးက တောက်ပနေ၏။
နောက်တစ်ဆင့်ကတော့ နာနာ၏ ကျောပိုးအိတ်ပင် ဖြစ်သည်။
နာနာ၏ ကျောပိုးအိတ်မှာ ချန်းရီ၏ ကျောပိုးအိတ် နှစ်လုံးပေါင်းထက်ပင် သိသိသာသာ ပို၍ ကြီးမားနေသည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အားပြုရသည့် လမ်းစဉ်အစွမ်းပိုင်ရှင် မဟုတ်လျှင်တောင်မှ ခြေတံရှည်ကောင်မလေး၏ ခန္ဓာကိုယ်စွမ်းရည်မှာ သာမန်လူများနှင့် ယှဉ်နိုင်စွမ်း မရှိပေ။
ကောင်မလေး၏ ကျောပေါ်ရှိ အိတ်မှာ ပစ္စည်း ပိဿာ ၅၀ ခန့် ဝင်ဆံ့ပြီး ယင်းကျောပိုးအိတ်မျိုးကို တောင်တက်ခရီးကြမ်း သွားလာသူများသာ ဝယ်ယူလေ့ရှိကြသည်။ ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် ယွမ်ထောင်ချီ ပေးရမည့် ထိပ်တန်းအဆင့် ပစ္စည်းကောင်းတစ်ခု ဖြစ်၏။
ချန်းရီသည် တစ်ချိန်က တောင်တက်ခရီးကြမ်း သွားလာခြင်းကို အလွန် စိတ်ဝင်စားခဲ့ဖူးသည်။
ထို့ကြောင့် ခြေတံရှည်ကောင်မလေး၏ ဤကျောပိုးအိတ်ကြီးနှင့် ပတ်သက်၍ အတော်အတန် နားလည်ထားသည်။
ဤခရီးကြမ်းသုံး ကျောပိုးအိတ်ကြီးကို အရွယ်ရောက်ပြီးသော အမျိုးသားတစ်ယောက် လွယ်ထားမည်ဆိုလျှင်တောင် သိပ်ပြီး သက်တောင့်သက်သာ ရှိမည်မဟုတ်ပေ။
သို့သော် ခြေတံရှည်ကောင်မလေး၏ ကျောပေါ်တွင်မူ ဘာမှမရှိသကဲ့သို့ ပေါ့ပါးနေပုံရ၏။
ဒါကလည်း လမ်းစဉ်အစွမ်းပိုင်ရှင်များ၏ စွမ်းရည်တစ်ခု ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။
ထယ်ရှီးက သူ လမ်းစဉ်အစွမ်းပိုင်ရှင်အဖြစ် နိုးကြားလာပြီးနောက် အလွန်တိုတောင်းသော အချိန်ကာလအတွင်းမှာပင် ခန္ဓာကိုယ်ကြံ့ခိုင်မှုက အများကြီး တိုးတက်လာခဲ့သည်ဟု ပြောခဲ့ဖူးသည်။
ကြည့်ရသည်မှာ တိုက်တန် လမ်းစဉ်မှသာ ဤကဲ့သို့ အကျိုးကျေးဇူး ရှိသည်မဟုတ်ဘဲ အခြားလမ်းစဉ်များတွင်လည်း အနည်းနှင့်အများဆိုသလို တိုးတက်မှုများ ရှိနေပုံရသည်။
ကျောပိုးအိတ်ကို ဖွင့်လိုက်ပြီး ခြေတံရှည်ကောင်မလေးက အိတ်၏ ကြိုးနှစ်ချောင်းကို ကိုင်ကာ အထဲရှိ ပစ္စည်းများအားလုံးကို မြေပြင်ပေါ်သို့ တိုက်ရိုက် သွန်ချလိုက်သည်။
မြေပြင်ပေါ်တွင် ပစ္စည်းများက တောင်ကုန်းလေးတစ်ခုအလား ပုံထပ်သွားလေ၏။
ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများက အံ့သြတကြီးဖြင့် "ဝါး... " ဟု အသံထွက်လာကြသည်။
ဤကျောပိုးအိတ်ထဲရှိ ရိက္ခာများက ချန်းရီ၏ ရိက္ခာများနှင့် သိသိသာသာ ကွာခြားနေသည်။
အထဲရှိ ရိက္ခာများမှာ အစုံအလင် ပါဝင်နေပြီး မရှိတာမရှိသလောက်ပင် ဖြစ်သည်။
အစပ်ချောင်းများ၊ ကြက်ပေါင်များ၊ အစာသွတ်ဘီစကစ်များနှင့် ချောကလက်များ ပါဝင်ပြီး အာလူးကြော်များပင် ပါသေး၏။
ဤကိစ္စနှင့် ပတ်သက်၍ ချန်းရီ ဘာမှပင် မပြောချင်တော့ချေ။
ရိက္ခာထွက်ရှာကြသည့် အသက်ရှင်ကျန်ရစ်သူတိုင်း အယူချင်ဆုံး ပစ္စည်းမှာ အာလူးကြော်ပင် ဖြစ်သည်။ ဤအရာက နေရာယူသလောက် အလေးချိန်ပေါ့ပါးလွန်းသဖြင့် အိတ်ထဲတွင် နေရာ အလဟဿ အကုန်ဆုံးခံရဆုံး ဖြစ်သောကြောင့်တည်း။
သို့သော် ခြေတံရှည်ကောင်မလေးက ဤမျှများပြားစွာ ယူလာလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။
ထိုအထဲတွင် သွားတိုက်ဆေးနှင့် ခေါင်းလျှော်ရည်တို့ကဲ့သို့ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံး ပစ္စည်းများလည်း အများအပြား ပါဝင်နေသေးသည်။
အမျိုးသမီး လစဉ်သုံး ပစ္စည်းများပင် ပါဝင်နေ၏။
ဤကိစ္စကိုလည်း ချန်းရီ နားလည်ပေးနိုင်ပါသည်။ မိန်းကလေးဆိုတော့ အလှအပကို မြတ်နိုးတတ်ကြသည်မှာ သဘာဝဖြစ်ပြီး ဤပစ္စည်းများကို သယ်ဆောင်လာခြင်းက အပြစ်တင်စရာ မရှိပေ။
ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများထဲတွင် မိန်းကလေးများက အများစုဖြစ်ပြီး ထိုပစ္စည်းများကို မြင်သောအခါ မိန်းကလေးအများအပြား၏ မျက်လုံးများက အရောင်လက်သွားကြသည်။
စောစောက အမျိုးသားများ ဆေးလိပ်နှင့် အရက်ကို မြင်တွေ့လိုက်ရသကဲ့သို့ပင် ဖြစ်သည်။
ကျန်သည့်အရာများမှာမူ အာလူး၊ ဂျုံမှုန့်နှင့် ဆန်ကဲ့သို့သော အရေးပါသည့် ရိက္ခာများ ဖြစ်ကြသည်။
ထိုပစ္စည်းများကို ရွာလူကြီးအိမ်၏ ခြံဝင်းကျယ်ကြီးထဲရှိ မြေအောက်ခန်းထဲမှ ရှာတွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိသာလှသည်။
ခြေတံရှည်ကောင်မလေးက မပြီးသေးဘဲ အခြား ကျောပိုးအိတ် တစ်လုံးကိုပါ ဖွင့်လိုက်ပြန်သည်။
ဤကျောပိုးအိတ်မှာ သူမ၏ ရင်ဘတ်တွင် လွယ်ထားခဲ့သော အိတ်ဖြစ်ပြီး ကျောပေါ်မှ အိတ်ကြီးထက် သိသိသာသာ သေးငယ်သည်။
ထိုကျောပိုးအိတ်ကို ဖွင့်လိုက်ပြီး အထဲရှိ ပစ္စည်းများ လူအများရှေ့သို့ ထွက်ပေါ်လာချိန်တွင် လူတိုင်း၏ မျက်နှာများမှာ ထူးဆန်းသွားကြသည်။
ဤကျောပိုးအိတ်ထဲတွင် ဘီယာများချည်း ပြည့်နှက်နေသည် မဟုတ်ပါလော။
ဘီယာဘူးများက အိတ်ထဲတွင် အပြည့်အမောက် ဖြစ်နေ၏။
ယခုလို အခြေအနေမျိုးတွင် ရိက္ခာသွားရှာသည့်အခါ ဤအရူးမလေးက ဘီယာတွေ သယ်လာသေးတယ်လား။
တကယ်ကိုပဲ...
ချန်းရီ၏ မျက်လုံးများထဲတွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ ဪ... ဒီလိုကိုး။
ယာဉ်တန်းထဲရှိ လမ်းစဉ်အစွမ်းပိုင်ရှင် လေးဦးစလုံးတွင် ကိုယ်စီ အကြိုက်များ ရှိကြသည်။
ခေါင်းဆောင် ချူချယ်က လက်ဖက်ရည် ကြိုက်သည်၊ ခြေတံရှည် ဓားနတ်ဘုရား မိန်းကလေးက အရက် ကြိုက်ပြီး သူကိုယ်တိုင်က ဆေးလိပ် ကြိုက်သည်။
ဟို လူကောင်ထွားထွား အရူးကြီးကတော့ ဘာကို ကြိုက်မှန်း မသိရပေ။
ခေါင်းဆောင်ချူ၏ မျက်နှာပေါ်တွင်လည်း ဘာမှမတတ်နိုင်သည့် အမူအရာ ပေါ်လွင်နေပြီး နာနာ၏ ဤလုပ်ရပ်ကို အသားကျနေပြီ ဖြစ်ကြောင်း သိသာလှသည်။
ကောင်မလေးက မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ လှပသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်မှ "ကျွတ်... ကျွတ်" ဟူသော အသံများကို စိုက်ကြည့်လိုက်သည်။
"ဘာကြည့်နေကြတာလဲ... ကျွန်မ ယူချင်တာ ယူမှာပေါ့"
အသက်ရှင်ကျန်ရစ်သူများက ကောင်မလေး၏ ရန်တွေ့မည့်ပုံစံကို မြင်သောအခါ အကြည့်များကို ချက်ချင်း လွှဲဖယ်သွားကြသည်။
"ဒါကိုတော့ ကျွန်မ ယူလိုက်မယ်... ကျန်တာတွေကို ကျွန်မတို့ ပြန်ခွဲကြတာပေါ့"
ခြေတံရှည်ကောင်မလေးက ရိက္ခာများထဲမှ ဆံပင်ဆိုးဆေးတစ်ဘူးကို ရှာဖွေထုတ်ယူကာ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
ချန်းရီက တစ်ချက်မျှသာ လှမ်းကြည့်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
နာနာမှာ ဆယ်ကျော်သက်အရွယ် ကောင်မလေး တစ်ယောက်မျှသာ ဖြစ်ပြီး သူမ၏ ဆံပင်အရောင်ကို အသစ်ပြောင်းချင်သည်ကို မည်သူကမျှ ကန့်ကွက်စရာ အကြောင်းမရှိပေ။
ခြေတံရှည်ကောင်မလေး၏ ရိက္ခာခွဲဝေမှုမှာ အလျင်အမြန်ပင် ပြီးဆုံးသွားခဲ့သည်။
ချန်းရီလည်း ဘီယာဘူး လေးဘူး၊ ဆန်တစ်အိတ်၊ အာလူးနှင့် ပြောင်းဖူး သုံးပိဿာခန့် အပြင် ခေါင်းလျှော်ရည်နှင့် ကိုယ်တိုက်ဆပ်ပြာရည်အချို့ကို ဝေစုရခဲ့သည်။
သို့သော် ရေမချိုးရသည်မှာ လနှင့်ချီ ကြာမြင့်နေပြီဖြစ်ရာ ဤခေါင်းလျှော်ရည်နှင့် ကိုယ်တိုက်ဆပ်ပြာရည်များကို ရရှိခဲ့သော်လည်း အသုံးပြုရန် နေရာမရှိဖြစ်နေ၏။
ဤအကြောင်းကို တွေးမိသည်နှင့် ချန်းရီ တစ်ကိုယ်လုံး နေမထိထိုင်မသာ ဖြစ်သွားရသည်။
ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် ဆောင်းရာသီ ဖြစ်နေလျှင်တောင် ချန်းရီက နေ့စဉ် ရေချိုးလေ့ရှိသည် မဟုတ်ပါလော။
လပေါင်းများစွာ ရေမချိုးရသဖြင့် ချန်းရီမှာ သူ့ကိုယ်သူ ချဉ်စော်နံနေပြီဟုပင် ခံစားနေရသည်။
ဘီယာနှင့် ပတ်သက်၍ ချန်းရီတွင် ထူးခြားသော နှစ်သက်မှုမျိုး မရှိသဖြင့် ခဏနေလျှင် ခြေတံရှည်ကောင်မလေးထံမှ ဟဲဟွာ ဆေးလိပ်တောင့်နှင့် သွားရောက် လဲလှယ်ရန် ရည်ရွယ်ထားလိုက်သည်။
လောင်လီက ထယ်ရှီးကိုယ်စား ရိက္ခာများစွာ ခွဲဝေရရှိခဲ့ပြီး ယခုအချိန်တွင် သူ၏ မျက်နှာမှာ ပြုံးရွှင်နေလေသည်။
ကမ္ဘာပျက်ကပ်ကြီးထဲတွင် ရိက္ခာသည် မည်သည့်အရာထက်မဆို ပို၍ အရေးကြီးပေသည်။
နောက်ဆုံးတွင်တော့ ထယ်ရှီး၏ တောင်ကုန်းငယ်လေးအလား ကြီးမားသော ကျောပိုးအိတ်ကြီးပင် ဖြစ်သည်။
ဤကျောပိုးအိတ်ထဲရှိ ရိက္ခာများနှင့် ပတ်သက်၍ ချန်းရီ အစပ်စုချင်ဆုံး ဖြစ်သည်။
ယခင်က မိုးမခပင်အောက်ရှိ စူပါမားကတ်အသေးလေးထဲတွင် ထိုလူသန်ကြီးက ဤကျောပိုးအိတ်ကြီးကို ကိုင်ကာ ရိက္ခာများကို ရူးသွပ်စွာ စုဆောင်းနေခဲ့သည်။
လူသန်ကြီး၏ လက်ကြီးကို ဆန့်ထုတ်လိုက်ရုံဖြင့် စင်ပေါ်ရှိ ရိက္ခာများအားလုံး ဤအိတ်ထဲသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
စူပါမားကတ်ငယ်လေးထဲရှိ ရိက္ခာများ၏ တစ်ဝက်ခန့်မှာ လူသန်ကြီး၏ ဤကျောပိုးအိတ်ထဲသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်၏။
ဤကျောပိုးအိတ်မှာ စက်ရုံထုတ်ပစ္စည်း မဟုတ်ကြောင်း သိသာလှပြီး ကမ္ဘာပျက်ကပ် ရောက်ပြီးနောက် လူသန်ကြီး ရိက္ခာစုဆောင်းရ လွယ်ကူစေရန် ကိုယ်တိုင် ပြုပြင်ဖန်တီးထားခြင်း ဖြစ်ပေလိမ့်မည်။
ယခုအချိန်တွင် ကျောပိုးအိတ်၏ မျက်နှာပြင်တွင် ပေါက်ပြဲနေသော နေရာများစွာ ရှိနေပြီး နေရာတော်တော်များများတွင် ဖုန်များ ကပ်ငြိနေသည်။
ရိက္ခာများ အပြည့်ပါဝင်သော ကျောပိုးအိတ်ကြီးကို အသက်ရှင်ကျန်ရစ်သူ သုံးဦးက ဝိုင်းမကာ ရွက်ဖျင်တဲအလယ်သို့ သယ်ဆောင်လာခဲ့ကြသည်။
ဦးလေးအားပေါင်က လူတိုင်းရှေ့တွင် ဤကျောပိုးအိတ်ကို ဖွင့်ပြလိုက်သည်။
ပြည့်အင့်နေသော ကျောပိုးအိတ်ထဲရှိ ပစ္စည်းများက လူတိုင်းရှေ့တွင် အလျင်အမြန်ပင် ပေါ်လာတော့သည်။
ဤကျောပိုးအိတ်ထဲရှိ ရိက္ခာများမှာ ချန်းရီနှင့် နာနာတို့ နှစ်ဦး၏ အိတ်များထက်စာလျှင် ပို၍ ရိုးရှင်းလှသည်။
အထဲတွင် များပြားလှသော ရိက္ခာများမှလွဲ၍ အခြား မည်သည့်ပစ္စည်းမျှ မပါဝင်ပေ။
ခေါက်ဆွဲခြောက်အထုပ်ကြီးများကတော့ ပြောစရာပင် မလိုတော့ပေ။ အလုံး၊ အတုတ်၊ အပြား၊ အသေး အစရှိသည့် ခေါက်ဆွဲအမျိုးအစား ခုနစ်မျိုး၊ ရှစ်မျိုးခန့် အစုံအလင် ပါဝင်နေသည်။
ဤခေါက်ဆွဲများ သက်သက်ဖြင့်ပင် လူတစ်ယောက်အတွက် အချိန်ကြာမြင့်စွာ စားသောက်ရန် လုံလောက်နေပြီ ဖြစ်သည်။
ချန်းရီသည် ထိုအထဲတွင် ရေသန့်ဘူးဖာပေါင်းများစွာကိုပင် တွေ့လိုက်ရသေးသည်။
ထိုရေသန့်ဘူးများကို မြင်သောအခါ ချန်းရီ၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွား၏။
ယခုရောက်ရှိနေသည်မှာ သဲကန္တာရထဲတွင် ဖြစ်သဖြင့် အစားအစာနှင့် ရေမှာ တန်းတူ အရေးကြီးသည်ကို သိထားရမည်။
ယခင်က ရှင်းဟွာမြို့မှ ရရှိခဲ့သော ရေများမှာလည်း ယခုဆိုလျှင် ကုန်တော့မည် ဖြစ်သည်။
ဤရေသန့်ဘူးများက အရေးတကြီး လိုအပ်ချက်ကို ကွက်တိ ဖြေရှင်းပေးနိုင်သည်။
ထို့အပြင် ဤရေသန့်ဘူးခွံများမှာလည်း ဤကမ္ဘာပျက်ကပ်တွင် ရှားပါးပစ္စည်းများ ဖြစ်ပြီး ရေလှောင်ထားရန် အသုံးပြု၍ ရနိုင်သေးသည်။
အကယ်၍ မနေ့ညကလို မိုးသည်းထန်စွာ ရွာသွန်းမှုမျိုးနှင့် ထပ်ကြုံရပါက ဤဘူးခွံအလွတ်များက အသုံးဝင်လာမည် ဖြစ်သည်။
ကျန်သည့်အရာများမှာမူ သစ်သီးစည်သွတ်ဘူးနှင့် အသားစည်သွတ်ဘူး အမျိုးမျိုးအပြင် အာလူး၊ ပြောင်းဖူးနှင့် ဆန်၊ ဂျုံမှုန့် အမြောက်အမြားပင် ဖြစ်သည်။
စဉ်းစားကြည့်ရသည်မှာ ဤပစ္စည်းများကို ရွာလူကြီးအို၏ အိမ်မှ ရရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဤပစ္စည်းများချည်း သက်သက်ပင် နေရာတော်တော်များများကို ယူထားလေသည်။
ခေါင်းဆောင် ချူချယ်၏ မျက်နှာပေါ်တွင်လည်း နောက်ဆုံးတော့ စစ်မှန်သော အပြုံးတစ်ခု ထွက်ပေါ်လာတော့သည်။
နောက်ဆုံးတော့ ကိုင်တွယ်ရလွယ်သည့် သူတစ်ယောက် ရှိလာခဲ့ပြီပေါ့လေ။
ဆက်ရန်...