← Chapters

အခန်း ၄၄

Vol. 3 Ch. 44

အခန်း ၄၄

Vol. 3 Ch. 44

အပိုင်း(၄၄) သုံးဘီးဆိုင်ကယ် အဆင့်မြှင့်တင်ခြင်း ပြီးစီးသွားပြီ

နောက်ဆုံးတွင် ခွဲဝေရမည့် ရိက္ခာပစ္စည်းများက အများဆုံး ဖြစ်သည်။ သို့သော် ခွဲဝေသည့် အမြန်နှုန်းကမူ အမြန်ဆုံးပင် ဖြစ်နေ၏။

ယခင်က သဘောတူထားသည့် အချိုးအစားအရ ဆယ်ပုံနှစ်ပုံသာ ရရှိမည်ဆိုလျှင်တောင် ချန်းရီ၏ ရှေ့ရှိ ရိက္ခာပစ္စည်းများက တောင်ကုန်းငယ်လေး တစ်ခုအလား ပုံနေခဲ့ပြီ ဖြစ်သည်။

ဘေးပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများ၏ မျက်လုံးများထဲမှ အားကျမှုနှင့် လောဘရမ္မက်များကို မည်သို့မျှ ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။ လမ်းစဉ် အစွမ်းပိုင်ရှင်များ၏ တည်ရှိမှုကိုသာ မကြောက်ရွံ့ကြပါက ယခုအချိန်တွင် တစ်ယောက်ယောက်က စတင် လုယက်နေလောက်ပြီ ဖြစ်သည်။

ချန်းရီက သူ့ခါးရှိ ဓားမနှင့် လက်ကိုင်ဒူးလေးကို လက်လှမ်းလိုက်သည်။

နာနာက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ခါးရှိ ဓားရှည်၏ လက်ကိုင်ရိုးပေါ်သို့ လက်တင်လိုက်သည်။ ထို့နောက် အကြံအစည် ရှိနေသူများကို မျက်လုံးများဖြင့် ဝေ့ဝဲကြည့်လိုက်ရာ နေရာတစ်ခုလုံးရှိ ဆူပူလှုပ်ရှားမှုများမှာ ချက်ချင်း ငြိမ်ကျသွားလေသည်။

ဓားနတ်ဘုရား လမ်းစဉ်၏ ဒုတိယအဆင့်ဖြစ်သော ထက်မြက်သောဓား အဆင့် အစွမ်းပိုင်ရှင် တစ်ယောက်အနေဖြင့် အကြည့်တစ်ချက်လေးကပင် သာမန်လူများကို သတ္တိကြောင်သွားစေရန် လုံလောက်နေပြီ ဖြစ်သည်။

"ချန်းရီ... ခဏနေရင် ရှင့်ဆိုင်ကယ်ကို ကျွန်မကားနဲ့ အတူတူ လာရပ်ထားလိုက်"

နာနာက ချန်းရီကို လေသံတိုးတိုးဖြင့် လှမ်းပြောလိုက်သည်။

ချန်းရီက ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။

ဤမျှ များပြားလှသော ပစ္စည်းများသည် ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် တန်ဖိုးမရှိသော အရာများသာ ဖြစ်ပြီး လမ်းမပေါ်တွင် ပုံထားလျှင်တောင် မည်သူကမျှ လှည့်ကြည့်ကြမည် မဟုတ်ပေ။

သို့သော် ယခုအချိန်တွင်မူ ဤပစ္စည်းများသည် ရွှေတောင်ကြီး တစ်တောင်နှင့်ပင် နှိုင်းယှဉ်၍ ရနေပြီ ဖြစ်သည်။

ချန်းရီက သူ့သုံးဘီးဆိုင်ကယ်ကို မောင်းလာပြီး နောက်ခန်းထဲတွင် နေရာလွတ်တစ်ခုကို ရှင်းလင်းလိုက်ကာ ရိက္ခာများအားလုံးကို ထိုနောက်ခန်းထဲသို့ တင်လိုက်သည်။

ယခင်က ဟာလာဟင်းလင်း ဖြစ်နေသော ကားနောက်ခန်းမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရိက္ခာပစ္စည်းများဖြင့် ပြည့်နှက်သွားတော့သည်။

ယခုအချိန်တွင် ဆိုင်ကယ်အမိုး အဆင့်မြှင့်တင်မှု ပြီးဆုံးရန် နာရီဝက်ပင် မလိုတော့ချေ။

လောင်လီကလည်း ဘတ်စ်ကားပေါ်မှ လူနှစ်ယောက်ကို ခေါ်ချလာပြီး ထယ်ရှီးနှင့် သက်ဆိုင်သော ရိက္ခာများကို ထုပ်ပိုးကာ သယ်ဆောင်သွားကြသည်။ ချန်းရီက ထိုအသက်ရှင်ကျန်ရစ်သူများ ရိက္ခာများကို ဘတ်စ်ကား အမိုးပေါ်တွင် ကြိုးဖြင့် ချည်နှောင်နေကြသည်ကို လှမ်းကြည့်နေလိုက်သည်။

ချူချယ်နှင့် နာနာတို့ကလည်း ထိုနည်းတူပင် ပြုမူကြပြီး သူတို့နှစ်ယောက်၏ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကား အမိုးပေါ်တွင် ရိက္ခာပစ္စည်းများ ထပ်မံ များပြားလာခဲ့သည်။

ကောင်းကင်ယံမှ နေမင်းကြီးက အနောက်ဘက်သို့ တဖြည်းဖြည်း ယိမ်းယိုင်သွားပြီး မှိုင်းညို့ညို့ နေရောင်ခြည်က သဲသောင်ပြင်များပေါ်သို့ ဖြာကျလာကာ ကန္တာရတစ်ခုလုံးကို ရွှေရောင်ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားစေသည်။

အကယ်၍ ယခုလို လှပသော ရှုခင်းမျိုးကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်ပေါ်သို့ တင်နိုင်မည်ဆိုပါက သေချာပေါက် "Like" အများအပြား ရရှိမည် ဖြစ်သည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ ကမ္ဘာပျက်ကပ် စတင်ချိန်မှစ၍ အီလက်ထရောနစ် ပစ္စည်းအများစုမှာ အားကုန်သွားပြီးနောက် အုတ်ခဲများသဖွယ် အသုံးမဝင် ဖြစ်သွားခဲ့ရခြင်းပင်။

အခြားတစ်ဖက်တွင်မူ သွေးရောင်လမင်းကြီးက ကောင်းကင်ယံသို့ တက်လာခဲ့ပြီ ဖြစ်သည်။ သဲကန္တာရ၏ ရွှေရောင်ပင်လယ်ကြီးနေရာတွင် သွေးရောင်များ အစားထိုး ဝင်ရောက်လာပြီး သဲကန္တာရ တစ်ခုလုံးကို ပို၍ ခြောက်ခြားဖွယ်ရာနှင့် မလုံခြုံမှုများကို ဖြစ်ပေါ်လာစေသည်။

အပူချိန်ကလည်း တဖြည်းဖြည်း ကျဆင်းလာသဖြင့် ချန်းရီသည် သုံးဘီးဆိုင်ကယ် နောက်ခန်းထဲမှ အပေါ်ဝတ်အင်္ကျီကို ထုတ်ဝတ်လိုက်ပြီး အနည်းငယ် ထူသော ဘောင်းဘီရှည်ကိုပါ တစ်ပါတည်း လဲဝတ်လိုက်မှသာ အနည်းငယ် နေလို့ထိုင်လို့ ကောင်းသွားတော့သည်။

အသက်ရှင်ကျန်ရစ်သူ အချို့မှာ ညစာ ချက်ပြုတ်ရန်ပင် စတင်နေကြပြီ ဖြစ်သည်။

ချန်ရှုရွာတွင် လူအများအပြား သေဆုံးသွားခဲ့သော်လည်း ယာဉ်တန်းထဲတွင်မူ ရိက္ခာပစ္စည်းများက အချိန်တိုအတွင်း ပြတ်လပ်သွားမည် မဟုတ်ချေ။

စားစရာများ၏ မွှေးပျံ့သော အနံ့များက သဲကုန်းများပေါ်တွင် ပျံ့နှံ့နေပြီး လေထုထဲတွင် ချိုမြိန်သော အငွေ့အသက်လေးများ ရောယှက်နေကာ နားထဲတွင်လည်း ဆူညံသံအချို့ကို ကြားနေရသည်။

ချန်းရီသည် ခဏနေလျှင် အဆင့်မြှင့်တင်မှု ပြီးစီးသွားမည့် အပြောင်းအလဲများကို ဖုံးကွယ်ရန်အတွက် ဆိုင်ကယ်ပေါ်တွင် အလုပ်များနေသယောင် ဟန်ဆောင်နေလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် အခြားသူများ၏ အမြင်တွင် မက္ကန်းနစ် လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။

အဆင့်မြှင့်တင်မှု ပြီးဆုံးရန် ဆယ့်ငါးမိနစ်သာ လိုတော့သည်။

ချန်းရီက သစ်သားချောင်း အနည်းငယ်ကို ရှာဖွေပြီး ဆိုင်ကယ်နောက်ခန်းပေါ်တွင် ထောက်ထားလိုက်သည်။ ထို့နောက် ဂျင်းဘောင်းဘီ အနည်းငယ်ကို ဖြဲကာ ရိုးရှင်းသော တဲအသေးစားလေး တစ်ခုကို ဆောက်လုပ်လိုက်သည်။

ယခုအချိန်တွင် မိုးကုပ်စက်ဝိုင်းမှ အလင်းရောင်များမှာ တဖြည်းဖြည်း မှေးမှိန်လာပြီး ချန်းရီ၏ ဆိုင်ကယ်ရပ်ထားသော နေရာကလည်း အလွန် လိမ္မာပါးနပ်လှသည်။

သာမန်လူများအနေဖြင့် ချန်းရီကို တမင်တကာ သတိမထားမိပါက သူ ဘာလုပ်နေသလဲဆိုသည်ကို သေချာ မြင်ရမည် မဟုတ်ပေ။

ယခုအချိန်တွင် အသက်ရှင်ကျန်ရစ်သူများမှာ မီးပုံဘေးတွင် ဝိုင်းထိုင်ကာ စကားပြောရင်း ထမင်းစားနေကြသဖြင့် ချန်းရီ ဘာလုပ်နေသည်ကို မည်သူကမျှ သတိမထားမိကြချေ။

ဆယ့်ငါးမိနစ် ဆိုသော အချိန်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ရေတွက်နေသော အချိန်စက်ဝန်းက သုည သို့ ရောက်ရှိသွားသည်ကို သူ ကြည့်နေလိုက်သည်။

ချန်းရီ၏ မျက်လုံးရှေ့တွင် မြင်ကွင်းများ ဝေဝါးသွားသလို ခံစားလိုက်ရပြီး သူ၏ လက်ထဲရှိ အမျိုးသမီး ဂျင်းဘောင်းဘီမှာ ပျောက်ကွယ်သွားသည်။ ဆိုင်ကယ်နောက်ခန်းထဲရှိ အခြားသော အမျိုးသမီး အဝတ်အစားများပင်လျှင် လေထဲတွင် အလိုအလျောက် ပျောက်ကွယ်သွားလေသည်။

သတိပြန်ဝင်လာချိန်တွင် ချန်းရီသည် သူကိုယ်တိုင် တစ်ဝက်တစ်ပျက် ပိတ်လှောင်ထားသော နေရာတစ်ခုထဲသို့ ရောက်ရှိနေကြောင်း ခံစားလိုက်ရသည်။

ယခင်က မလှမ်းမကမ်းရှိ မီးပုံကို မြင်နေရသေးသော်လည်း ယခုအခါတွင်မူ အဖာအထေးများဖြင့် ပြည့်နှက်နေသော အဝတ်နံရံတစ်ခုက ကွယ်ထားလေပြီ။

"ဒါဆိုရင်... အောင်မြင်သွားပြီပေါ့"

ချန်းရီက အနည်းငယ် ဝမ်းသာသွားပြီး ရင်ထဲမှ အောင်မြင်မှု ခံစားချက်ကို ဖိနှိပ်ထားကာ ဆိုင်ကယ်နောက်ခန်းထဲမှ တိုက်ရိုက် ထွက်လာခဲ့သည်။

ကောင်းကင်ယံမှ ကျန်ရစ်နေသေးသော မှိန်ဖျော့ဖျော့ အလင်းရောင်ဖြင့် ကြည့်လိုက်သောအခါ ချန်းရီ မြင်လိုက်ရသည်မှာ လုံးဝကို ကွဲပြားခြားနားသွားသော သုံးဘီးဆိုင်ကယ် တစ်စီး ဖြစ်နေတော့သည်။

ဆိုင်ကယ်နောက်ခန်း အပေါ်တွင် အဖာအထေးများ အပြည့်ရှိသော အမိုးတစ်ခု တပ်ဆင်ထားသည်။ ထိုအမိုးမှာ အလွန် ထူးခြားလှပြီး ဂျင်းဘောင်းဘီများနှင့် တီရှပ်များကို တစ်ထည်ချင်းစီ ဆက်စပ်ကာ ပြုလုပ်ထားခြင်း ဖြစ်သည်။

ချန်းရီသည် ထိုအမိုးပေါ်တွင် အမျိုးသမီး အတွင်းခံ တစ်ထည်ကိုပင် မြင်လိုက်ရသေး၏။

ဒါက တကယ့်ကို... ဘုန်းနိမ့်စရာကြီးပါလား။

ထိုမျှမကသေးဘဲ ဆိုင်ကယ်နောက်ခန်းပေါ်ရှိ အမိုးမှာ နောက်ခန်းဆီသို့ ရှည်ထွက်လာပြီး အပေါ်ဘက်တစ်ခုလုံးကို ဖုံးအုပ်ပေးထားကာ နေရောင်ကာ အမိုးငယ်လေး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ယခုအချိန်တွင် သုံးဘီးဆိုင်ကယ်မှာ ကမ္ဘာပျက်ကပ် မတိုင်မီက အမြန်ချောပို့ ကားလေးနှင့် အလွန် တူနေသည်။

ကမ္ဘာပျက်ကပ် မတိုင်မီက အမြန်ချောပို့ ဝန်ထမ်းများသည် နေ့စဉ်နေ့တိုင်း ဤကဲ့သို့သော လျှပ်စစ် သုံးဘီးဆိုင်ကယ်များကို စီးကာ လမ်းမကြီးများနှင့် လမ်းသွယ်လေးများကြားတွင် သွားလာလှုပ်ရှားနေတတ်ကြပြီး နောက်ခန်းထဲတွင်လည်း ချောပို့ပစ္စည်းများ အပြည့် တင်ထားတတ်ကြသည်။

ကမ္ဘာပျက်ကပ် မတိုင်မီက ၎င်းသည် အမြန်ချောပို့ သုံးဘီးဆိုင်ကယ် တစ်စီးသာ ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ချန်းရီ၏ မျက်လုံးထဲ၌ ၎င်းသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ကားတစ်စီး ဖြစ်နေလေပြီ။

ကြည့်လေလေ သဘောကျလေလေပင်။

သူ့တွင် စနစ်ရှိနေသဖြင့် အချိန်မရွေး၊ နေရာမရွေး အဆင့်မြှင့်တင်မှု ပြီးစီးသွားနိုင်သည်။

ယခုအခါ ဆိုင်ကယ်နောက်ခန်းတွင် အလုံပိတ် နေရာတစ်ခု ရှိနေပြီဖြစ်သဖြင့် နောင်တစ်ချိန် ရိက္ခာများကို အဆင့်မြှင့်တင်လိုသောအခါ ချန်းရီသည် ထိုပစ္စည်းများကို နောက်ခန်းထဲတွင် ထည့်ထားနိုင်သည်။ အခြားသူများ မြင်သွားမည်ကိုလည်း စိုးရိမ်စရာ မလိုတော့သလို မလိုအပ်သော ပြဿနာများလည်း ဖြစ်လာတော့မည် မဟုတ်ပေ။

ဆိုင်ကယ်အမိုးတွင် နေရောင်ကာနိုင်သော လုပ်ဆောင်ချက်လည်း ပါရှိသဖြင့် နေ့ဘက်တွင် ပူပြင်းသော နေရောင်ခြည်၏ ဒဏ်မှ ရှောင်ရှားနိုင်ပေသည်။

ညဘက်တွင်လည်း ဆိုင်ကယ်နောက်ခန်းထဲ၌ အိပ်စက်နိုင်သေးသည်။ အနည်းဆုံးတော့ လဟာပြင်တွင် အိပ်ရသည်ထက် အများကြီး ပိုကောင်းနေသေးသည် မဟုတ်ပါလော။

ချန်းရီ၏ မျက်လုံးများက အရောင်လက်သွား၏။ သူ့အနေဖြင့် ကမ္ဘာပျက်ကပ် စခန်းချကားကြီး တစ်စီး ပိုင်ဆိုင်ချင်သော ဆန္ဒမှာ နောက်တစ်လှမ်း ပိုမို နီးကပ်လာခဲ့ပြီ ဖြစ်သည်။

"ဟယ်... ချန်းရီ... ဒါ ရှင့်ရဲ့ ကားသစ်ကြီးလား"

ထိုအချိန်မှာပင် ချန်းရီ၏ အနောက်ဘက်ဆီမှ အလွန်အမင်း ချီးကျူးသံ တစ်ခု ထွက်ပေါ်လာသည်။

ထိုအသံကို ကြားလိုက်ရသောအခါ ချန်းရီ၏ တစ်ကိုယ်လုံး ရေခဲတုံးကြီးအလား အေးစက်သွားတော့သည်။

"မဖြစ်နိုင်တာ"

"ဒီမိန်းမက ဘယ်အချိန်တည်းက ရောက်နေတာလဲ"

"သူ ဘာတွေများ မြင်သွားသေးလဲ"

"ငါ ဘယ်လို လုပ်ရမလဲ"

"ထွက်ပြေးရမလား"

"ဒါမှမဟုတ်..."

ချန်းရီက တောင့်တင်းနေသော ခန္ဓာကိုယ်ဖြင့် လှည့်ကြည့်လိုက်ရာ ပထမဆုံး မြင်လိုက်ရသည်မှာ အလွန် ဆွဲဆောင်မှုရှိသော ခြေတံရှည်ကြီး တစ်စုံပင် ဖြစ်သည်။ ထိုခြေတံများမှာ ရှည်လျားပြီး ဖြူဖွေးသွယ်လျနေကာ နှစ်ချီပြီး ကြည့်နေလျှင်တောင် ရိုးသွားမည် မဟုတ်ပေ။

ကောင်မလေး၏ လက်ထဲတွင် ဘီယာဘူး တစ်ဘူးကို ကိုင်ထားပြီး ခါးတွင် ဓားရှည်တစ်လက်ကို ချိတ်ဆွဲထားကာ မျက်နှာပေါ်ရှိ အမူအရာကိုမူ သေချာ မမြင်ရပေ။

သူမက ခြေတံရှည် ကောင်မလေး နာနာ ဖြစ်နေသည်။

"နာနာ... မင်း ငါ့ကို လာရှာတာလား"

ချန်းရီ၏ အသံမှာ အနည်းငယ် အက်ကွဲနေ၏။

"ဖူး... ဟိ... ဟိ... ဟိ... "

ကောင်မလေးက ချန်းရီ၏ စိုးရိမ်တကြီး ဖြစ်နေသော ပုံစံကို မြင်လိုက်ရသောအခါ ချန်းရီ ဘာကြောင့် ထိတ်လန့်နေရသလဲ ဆိုသည့် အကြောင်းရင်းကို ချက်ချင်း သဘောပေါက်သွားသည်။

ဒီအမျိုးသားက ပုံမှန်ဆိုလျှင် အလွန် ပါးနပ်ပြီး အကြံအစည် ကြီးမားသူလို ပုံဖမ်းနေတတ်သော်လည်း ယခုအချိန်တွင်မူ အလွန် ချစ်စရာ ကောင်းနေလေသည်။

ကောင်မလေးမှာ ခွက်ထိုးခွက်လန် ဖြစ်သည်အထိ ရယ်မောနေပြီး သူမ၏ ခြေတံရှည်ကြီး တစ်စုံမှာလည်း မျက်စိကျိန်းလောက်အောင် လှုပ်ရှားနေသည်။

ချန်းရီမှာမူ သူမ၏ ရယ်မောသံကြောင့် ကြက်သီးမွေးညင်းများပင် ထလာခဲ့သည်။

"ဒီကောင်မလေးကတော့..."

"ခစ်... ခစ်... ခစ်... "

"ချန်းရီ... ရှင့်မျက်နှာကြီးက ဘာဖြစ်သွားတာလဲ... ကျွန်မက ရှင့်ရဲ့ လျှို့ဝှက်ချက်ကို မြင်သွားလို့ လူကိုနှုတ်ပိတ်တော့မလို့လား"

"ဟိ... ဟိ... အစ်ကိုချန်းရီ... ရှင်က သိပ်ပြီး ရယ်ရတာပဲ"

"အခုက ဘယ်အချိန် ရောက်နေပြီလဲ... လူသားတွေတောင် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီကို"

"လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက်အနေနဲ့ ဘယ်သူကများ လျှို့ဝှက်ချက် မရှိဘဲ နေပါ့မလဲ... ရယ်ရလွန်းလို့ သေတော့မှာပဲ"

"ဟိ... ဟိ... ဟိ... "

ချန်းရီ "......"

"စိတ်ချပါ... လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက်အနေနဲ့ လူတိုင်းမှာ လျှို့ဝှက်ချက် ကိုယ်စီ ရှိကြတာပါပဲ... ခေါင်းဆောင်ချူမှာလည်း ရှိသလို ထယ်ရှီးမှာလည်း ရှိတယ်... ကျွန်မမှာလည်း ရှိတာပေါ့"

"ရှင့်ရဲ့ ဒီလောက်လေးက ဘာမှတောင် မဟုတ်သေးဘူး"

"ဒါပေမဲ့ မက္ကန်းနစ် လမ်းစဉ်က ဒီလောက်တောင် အံ့သြဖို့ ကောင်းလိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး"

ကောင်မလေးက လက်တစ်ဖက်တွင် ဘီယာဘူးကို ကိုင်ထားရင်း အနီးသို့ လျှောက်လာကာ သူမရှေ့ရှိ အမြန်ချောပို့ သုံးဘီးဆိုင်ကယ်ကို အထက်အောက် အကဲခတ်ကြည့်လိုက်ပြီး ပါးစပ်မှလည်း စုပ်သပ်သံများ ထွက်ပေါ်နေသည်။

"ကျွတ်... ကျွတ်... "

"အရင်တုန်းက စက်ဘီးတစ်စီးပဲ ရှိတာကို... အခု အချိန်ဘယ်လောက်မှ မကြာသေးဘူး... ဒီလိုပုံစံ ဖြစ်လာလိမ့်မယ်လို့ ထင်မထားဘူး"

"ကြည့်ရတာ မက္ကန်းနစ် လမ်းစဉ်က ကျွန်မ တွေးထားတာထက် အများကြီး ပိုပြီး စွမ်းတဲ့ပုံပဲ"

ချန်းရီလည်း ဘေးနားတွင် ဘာဆက်ပြောရမှန်း မသိဖြစ်နေသည်။

"တကယ်လို့ ကမ္ဘာပျက်ကပ်မှာ တကယ်အသက်ရှင်ကျန်ရစ်မယ့်သူကို ပြပါဆိုရင်... ချန်းရီ... ရှင်က အဲဒီအထဲမှာ တစ်ယောက် အပါအဝင်ပဲ"

ထိုစကားကို ပြောလိုက်ချိန်တွင် ကောင်မလေး၏ အသံမှာ အနည်းငယ် တိုးညင်းလေးလံနေ၏။

သို့သော် ထိုသို့ တိုးညင်းလေးလံမှုမှာ တစ်စက္ကန့်ခန့်သာ ကြာလိုက်ပြီး မကြာမီမှာပင် ကောင်မလေး၏ အသံမှာ ပြန်လည် တောက်ပလန်းဆန်းလာခဲ့သည်။ ခုနက စကားကို သူမ ပြောခဲ့သည် မဟုတ်သကဲ့သို့ပင်။

ကောင်မလေးက လှည့်လာပြီး သူမ၏ တောက်ပနေသော မျက်လုံးဝိုင်းကြီးများဖြင့် ချန်းရီကို ကြည့်လိုက်သည်။

"ဒါနဲ့... ရှင့်ရဲ့ အရက်တွေရော... ကျွန်မရဲ့ ဆေးလိပ်နဲ့ လဲမယ်လေ"

ဆက်ရန်...

All Chapters