အခန်း ၄၅
Vol. 3 Ch. 45
အပိုင်း(၄၅) သဘာဝလွန်လမ်းစဉ် နိုးထလာခြင်း
အရင်က ချန်းရီသည် လီတာဝက်ဝင် ဘီယာဘူး လေးဘူး ဝေစုရရှိထားခဲ့သည်။
နာနာက ဒီလောက် မြန်မြန်ကြီး သူ့ဆီ ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကောင်မလေးက သူမလက်ထဲရှိ ဟဲဟွာ ဆေးလိပ်တစ်တောင့်လုံးကို မြှောက်ပြရင်း ပြောလိုက်သည်။
"အစ်ကိုရီ... ဘီယာလေးဘူးကို ဟဲဟွာတစ်တောင့်နဲ့ လဲပေးမလား... ဒီလိုဆို အစ်ကို တော်တော်လေး အမြတ်ထွက်သွားမှာ"
အရင်တုန်းက ထိုကောင်မလေးသည် ချန်းရီထံမှ ဆေးလိပ်ဝေစုများကို ချန်းရီရသည်ထက်ပင် ပို၍ ခွဲယူသွားခဲ့သေး၏။
သူမက ပစ္စည်းရိက္ခာ စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ကို အပြည့်ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။
"နာနာ... မင်းတွက်တာက အရမ်းမလည်လွန်းဘူးလား... ဟဲဟွာ တစ်တောင့်တည်းနဲ့ ငါ့ရဲ့ ဘီယာတွေ အကုန်လုံးကို လဲချင်တာလား"
ချန်းရီက ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး ကောင်မလေးအား စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ထိုအချိန်ကျမှပင် ကောင်မလေး၏ ဆံပင်များက ပန်းရောင်အဖြစ်သို့ ပြောင်းလဲသွားကြောင်း ချန်းရီ သတိထားမိလိုက်၏။
ကြည့်ရသည်မှာ ဤမိန်းမက ထိုဆံပင်ဆိုးဆေးဘူးကို အသုံးပြုလိုက်ခြင်း ဖြစ်ဟန်တူသည်။
တကယ့်ကို ကောင်မလေးပါပဲ။ ကမ္ဘာပျက်ကပ်ကြီးထဲ ရောက်နေသည့်တိုင် သူမ၏ အပြင်ပန်းအသွင်အပြင်ကို အလွန် ဂရုစိုက်နေသေး၏။
ပြင်းထန်သော ဆံပင်ဆိုးဆေး အနံ့ကြီးက လေထဲမှတစ်ဆင့် ချန်းရီ၏ နှာခေါင်းထဲသို့ တိုးဝင်လာသဖြင့် ချန်းရီတစ်ယောက် အနည်းငယ် နေရခက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
နေပါဦး။ ယခုအချိန်က ညဉ့်နက်နေပြီ ဖြစ်ပြီး အလင်းရောင်ကလည်း ဤမျှ မှောင်မိုက်နေသည်ကို သူက ရှေ့မှ ကောင်မလေး၏ ဆံပင်အရောင်ကို ဘယ်လိုလုပ် ရှင်းရှင်းလင်းလင်း မြင်နိုင်မှာလဲ။
ထို့အပြင် သူမက သူနှင့် ဤမျှ ဝေးကွာသော နေရာတွင် ရှိနေပါလျက် သူမ၏ ဆံပင်မှ အနံ့ကို သူ ဘယ်လိုလုပ် ရနိုင်မှာလဲ။
ဒါက...
သူ သဘာဝလွန်လမ်းစဉ် နိုးထလာတော့မှာများလား။
"အစ်ကိုချန်းရီ... အစ်ကိုက သိပ်ပြီး အမြတ်ကြီးစားချင်တာပဲ... ဒီ ဟဲဟွာတစ်တောင့်က အရင်တုန်းကဆို ငွေသုံးငါးရာလောက် တန်တာနော်... အစ်ကို့ရဲ့ ဘီယာလေးဘူးက ဘယ်လောက်များ တန်လို့လဲ"
ကောင်မလေးသည် ချန်းရီက သဘောမတူကြောင်း ကြားလိုက်ရသဖြင့် ချက်ချင်းပင် မကျေမနပ် အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။
ချန်းရီက ရင်ထဲမှ အတိုင်းမသိ ဝမ်းသာနေမှုကို ဖိနှိပ်ထားလိုက်ပြီး ကောင်မလေးနှင့် ဈေးဆစ်ရန် စတင်လိုက်သည်။
"အမနာနာ... အမက အဲဒီလို ပြောလို့ မရဘူးလေ... အခုက ကမ္ဘာပျက်ကပ် ရောက်နေပြီ... အရက်ဖြစ်ဖြစ် ဆေးလိပ်ဖြစ်ဖြစ် အားလုံးက ရှားပါးပစ္စည်းတွေချည်းပဲ"
နောက်ဆုံးတွင် ချန်းရီက လီတာဝက်ဝင် ဘီယာလေးဘူးဖြင့် ကောင်မလေးထံမှ ဟဲဟွာ တစ်တောင့်အပြင် တာဇီး တစ်တောင့်ကိုပါ အပိုဆောင်း၍ လဲလှယ်လိုက်လေသည်။
ယခုဆိုလျှင် ချန်းရီ၏ လက်ထဲရှိ ဆေးလိပ် စုစုပေါင်းမှာ ခုနစ်တောင့်ကျော်အထိ ရှိနေပြီ ဖြစ်သည်။
ဤမျှ များပြားသော ဆေးလိပ်အရန်များ ရှိနေသဖြင့် ချန်းရီကဲ့သို့ ဆေးလိပ်စွဲနေသူ တစ်ယောက်အတွက် အချိန်တိုအတွင်း ဆေးလိပ် ပြတ်လပ်သွားမည့် ပြဿနာကို စိုးရိမ်စရာ မလိုတော့ပေ။
ကောင်မလေးသည် မကျေမနပ် ပွစိပွစိ ပြောဆိုရင်း ချန်းရီ၏ သုံးဘီးဆိုင်ကယ်အနီးမှ ထွက်ခွာသွားတော့သည်။
ချန်းရီက ပြုံးစိစိဖြင့် ဟွာဇီး တစ်တောင့်နှင့် တာဇီး တစ်တောင့်ကို ကျောပိုးအိတ်ထဲသို့ ထိုးထည့်လိုက်သည်။
ဆေးလိပ်တိုလေးမှ မှိန်ဖျော့ဖျော့ မီးရောင်လေးက ချန်းရီ၏ ပြုံးနေသော မျက်နှာကို လင်းထိန်သွားစေ၏။
ခေါင်းဆောင်ချူ၏ ဤကဲ့သို့ ရိက္ခာခွဲဝေသည့် နည်းလမ်းက အလွန် တရားမျှတလှသည်ဟု ဆိုရပေမည်။
မိမိ လိုအပ်သော ပစ္စည်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အားလုံးကို အစောပိုင်းက သတ်မှတ်ထားသော ခွဲဝေမှုစနစ်အတိုင်း ခွဲဝေပေးခြင်း ဖြစ်သည်။
အကယ်၍ မိမိ လိုချင်သော ပစ္စည်းကို ပို၍ လိုချင်ပါက ကိုယ့်ဘာသာ သီးသန့် အချင်းချင်း လဲလှယ်ရယူကြရမည် ဖြစ်သည်။
ဤသို့ ပြုလုပ်ခြင်းဖြင့် ခေါင်းဆောင်ချူ၏ ခွဲဝေမှု မမျှတခြင်းကြောင့် အဖွဲ့ဝင်များက ခေါင်းဆောင်အပေါ်သို့ ဒေါသထွက် ပေါက်ကွဲလာနိုင်မည့် အခွင့်အရေးကို များစွာ ရှောင်လွှဲနိုင်ခဲ့သည်။
ဥပမာအားဖြင့် ယခုလိုမျိုး နာနာက အရက်သောက်ရသည်ကို နှစ်သက်ပြီး ဆေးလိပ်သောက်ရသည်ကို မကြိုက်သဖြင့် သူမရရှိသော ဆေးလိပ်များကို ယူကာ ချန်းရီနှင့် ဘီယာ လာလဲလှယ်ခြင်းမျိုး ဖြစ်သည်။
နာနာ အနည်းငယ် အရှုံးပေါ်သွားလျှင်တောင်မှ ခေါင်းဆောင်ချူအပေါ် အပြစ်တင် မကျေနပ်မှုမျိုး ဖြစ်လာမည် မဟုတ်ပေ။
အလွန်ဆုံး ချန်းရီနှင့် နာနာတို့ နှစ်ယောက်ကြားတွင်သာ အငြိုးအတေး အနည်းငယ် ရှိသွားမည်သာ ဖြစ်သည်။
ကောင်မလေး အဝေးသို့ ရောက်သွားပြီးနောက်မှသာ ချန်းရီက သူ၏ ခန္ဓာကိုယ် အခြေအနေကို စတင် စစ်ဆေးကြည့်လိုက်သည်။
ထိုအချိန်တွင် ချန်းရီက သူ၏ အမြင်အာရုံမှာ အရင်ကထက် အများကြီး ပိုမို ကောင်းမွန်လာကြောင်း သတိထားမိလိုက်၏။
ဤကဲ့သို့ မှောင်မိုက်နေသော ညအချိန်တွင်ပင် အလွန်ဝေးကွာသော နေရာအထိ ရှင်းလင်းစွာ မြင်နိုင်နေသည်။
မလှမ်းမကမ်းရှိ နေရာတစ်ခုတွင် တောင့်တင်းသော အမျိုးသမီးငယ်တစ်ဦးက နှာဘူးရုပ်ပေါက်နေသော အဘိုးကြီးတစ်ယောက်နောက်သို့ လိုက်ကာ ထိုသုံးဘီးစက်ဘီးထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရသည်။
ချန်းရီက ထိုအရာများကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပြီး အဘိုးကြီး၏ မျက်နှာပေါ်မှ နှာဘူးကျနေသော အပြုံးကိုပင် မြင်နေရသည်။
ဤအမျိုးသမီးငယ်ကို ချန်းရီ အနည်းငယ် မှတ်မိနေသည်။ သူမ၏ ယောက်ျားမှာ အရင်က ရှင်းဟွာမြို့ထဲသို့ ဝင်သွားပြီးနောက် ပြန်ထွက်မလာတော့ပေ။
နောက်ပိုင်းတွင် ထိုအမျိုးသမီးက ရည်းစားသစ် ထပ်ရှာခဲ့သည်။
ရလဒ်အနေဖြင့် ရည်းစားသစ်မှာလည်း ချန်ရှုရွာတွင် ထာဝရ ကျန်ရစ်နေခဲ့ရပြန်သည်။
ဒီတစ်ခေါက်တွင်တော့ သုံးဘီးစက်ဘီးပိုင်ရှင် အဘိုးကြီးနှင့် ငြိစွန်းသွားလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
ဤကဲ့သို့သော ကိစ္စမျိုးမှာ ယာဉ်တန်းထဲတွင် အဆန်းတကြယ် မဟုတ်တော့ပေ။
ရိက္ခာပစ္စည်းများကို သွားရောက် မရှာဖွေရဲသော အသက်ရှင်ကျန်ရစ်သူများမှာ မိမိတို့၏ အရင်းအနှီး တစ်ခုခုကို လဲလှယ်၍သာ အသက်ရှင်သန်ရန် လိုအပ်သော ရိက္ခာများကို ရယူကြရသည်။
ယာဉ်တန်းထဲတွင် အရာအားလုံးက တရားမျှတမှု ရှိသည်။
သွေးရောင်လမင်းကြီးမှ ဖြာကျနေသော သွေးရောင်အလင်းတန်းများက သူ့အပေါ် မည်သည့် သက်ရောက်မှုမျှ များများစားစား မပေးနိုင်တော့ပေ။
ညကို နေ့အလား မြင်ရလောက်သည့် အတိုင်းအတာအထိ မဟုတ်သော်လည်း အရင်ကထက်တော့ အများကြီး ပိုမို ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။
သူ၏ အကြားအာရုံမှာလည်း အရင်ကထက် များစွာ ကောင်းမွန်လာကြောင်း ချန်းရီ သတိထားမိလိုက်သည်။ သုံးဘီးစက်ဘီးထဲမှ ထွက်ပေါ်လာသော နှာဘူးကျကျ ရယ်မောသံများကိုပင် သူက သဲ့သဲ့မျှ ကြားနေရသေးသည်။
ထိုနှာဘူးအဘိုးကြီးက ခေါက်ဆွဲပြုတ် တစ်ဘူးဖြင့်ပင် သဘောတူညီချက် ရရှိသွားခဲ့ခြင်း ဖြစ်သည်။
ဒီအဘိုးကြီးတော့...
တကယ်ကို ခွေးကောင်ပဲ...
"ငါ့ရဲ့ အမြင်အာရုံနဲ့ အကြားအာရုံတွေက တော်တော့်ကို တိုးတက်သွားတာပဲ"
ချန်းရီက စနစ်ကို အလျင်အမြန် မေးမြန်းလိုက်ရာ ရရှိလာသော အဖြေမှာ နိုးထနေဆဲဟူ၍ပင် ဖြစ်သည်။
သို့သော် စနစ်က သတိပေးချက်တစ်ခုလည်း ပေးထားသည်။ လက်ရှိ သူ၏ အခြေအနေမှာ သဘာဝလွန်လမ်းစဉ်၏ ဘေးထွက်အာနိသင်ကြောင့် အစွမ်းပိုင်ရှင်များ၏ အာရုံငါးပါးကို ပိုမို စူးရှလာစေခြင်း ဖြစ်သည်။
လမ်းစဉ် အတော်များများတွင် ဤကဲ့သို့သော ဆင်တူသည့် ဘေးထွက်အာနိသင်များ ရှိတတ်ကြသည်။
မိနစ်အနည်းငယ် ကြာပြီးနောက်မှသာ ချန်းရီက ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်လိုက်ပြီး ထမင်းချက်ရန် စတင်လိုက်သည်။
ဒီတစ်ကြိမ် ရိက္ခာခွဲဝေရာတွင် ချန်းရီက အတုံးလိုက်ရှိသော မီးမွှေးလောင်စာတုံး အချို့ကို ဝေစုရခဲ့ပြီး အတုံးရေ တစ်ရာကျော်မျှပင် ရှိသည်။
၎င်းမှာ ထယ်ရှီးက စူပါမားကတ်အသေးလေး တစ်ခုထဲမှ ရှာဖွေစုဆောင်းလာခဲ့ခြင်း ဖြစ်ပြီး ထိုစူပါမားကတ်ထဲရှိ မီးမွှေးလောင်စာတုံး အားလုံးနီးပါးကို ထယ်ရှီးက သိမ်းကြုံး ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
အရင်က ဂတ်စ်မီးဖိုလေးထဲမှ ဂတ်စ်ဘူးက ကုန်သွားပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဤလောင်စာတုံးများ ရှိနေသောကြောင့်သာ ဖြစ်သည်။ သို့မဟုတ်ပါက ယနေ့တွင်လည်း အစားအသောက် အအေးများကိုသာ စားရတော့မည် ဖြစ်သည်။
ချန်းရီသည် ယနေ့တွင် ထမင်းချက်ရမည်ကို ပျင်းရိနေသဖြင့် အိုးထဲသို့ ခေါက်ဆွဲခြောက် အချို့ကို ထည့်ကာ ရေသန့်ဘူး တစ်ဝက်ခန့် လောင်းထည့်ပြီး ခေါက်ဆွဲပြုတ် တစ်ပန်းကန် ပြုတ်ကာ အလွယ်တကူ ဖြေရှင်းလိုက်ရန် ရည်ရွယ်လိုက်သည်။
သာမန် ခေါက်ဆွဲခြောက် ပြုတ်လေး ဆိုလျှင်တောင်မှ ကမ္ဘာပျက်ကပ်ကြီးထဲတွင် ရခဲလှသော အရသာရှိလှသည့် အစားအစာ ဖြစ်သည်။
"ဟိုလေ... ဆရာ... ချန်း"
ထိုအချိန်မှာပင် ချန်းရီသည် အနည်းငယ် သတိထား ကြောက်ရွံ့နေဟန်ရှိသော အသံတစ်သံကို ကြားလိုက်ရသည်။
ချန်းရီက မော့ကြည့်လိုက်သောအခါ ဖျားနာနေပုံရသည့် မျက်နှာတစ်ခုကို မြင်လိုက်ရ၏။
၎င်းမှာ မျက်မှန်တပ်ထားသော တက္ကသိုလ်ကျောင်းသား ရှောင်ဖူ ပင် ဖြစ်သည်။
အရင်တုန်းက ချန်ရှုရွာ တွင် ရှိနေစဉ်က လူတိုင်းက ထိုအဘွားအိုကို ဂရုမစိုက်ချင်ကြသော်လည်း ဤကျောင်းသားလေးကသာ အဖက်လုပ် ဂရုစိုက်ခဲ့သည်။
ဤကျောင်းသားသည်လည်း ယာဉ်တန်းဆီသို့ နောက်ဆုံးမှ ပြန်ရောက်လာသည့် လူနှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။
သူ၏ လက်ရှိ အခြေအနေကို ကြည့်ရသည်မှာ ဖျားနာနေပုံ ပေါက်နေသည်။
တစ်ညလုံး သည်းထန်စွာ ရွာသွန်းခဲ့သော မိုးကို ခံထားရပြီးနောက် နေ့ခင်းဘက်တွင် နေပူပြင်းပြင်း ထိတွေ့ခံခဲ့ရကာ ယခုအချိန်၌ အပူချိန်ကလည်း ကျဆင်းနေပြန်သဖြင့် သာမန်လူတစ်ယောက်အနေဖြင့် ဤမျှအထိ ခံနိုင်ရည်ရှိနေခြင်းကပင် အလွန် တော်နေပြီ ဖြစ်သည်။
"ဘာကိစ္စ ရှိလို့လဲ"
"ဆရာချန်း... ကျွန်တော့်ကို လောင်စာတုံးလေး နည်းနည်းလောက် လဲပေးလို့ ရမလား"
ကျောင်းသားလေးက ချန်းရီ၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်ရင်း ပြောလိုက်သည်။
"မင်းက ဘာပစ္စည်းနဲ့ လဲမှာလဲ"
ချန်းရီသည် ရှေ့မှလူကို သနားနေရုံဖြင့် သူ၏ ရိက္ခာများကို ရက်ရက်ရောရော ပေးလိုက်မည် မဟုတ်ပေ။
ကျောင်းသားလေးက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင် အံကြိတ်ကာ ပြောလိုက်သည်။
"ကျွန်တော့်ရဲ့ စက်ဘီးနဲ့ လဲမယ်... ရမလား မသိဘူး"
ချန်းရီက အံ့အားသင့်သွားပြီး "မင်းရဲ့ စက်ဘီးကို ငါ့ကိုပေးလိုက်ရင်... မင်းကဘယ်လို လုပ်မှာလဲ"
"ကျွန်တော်တို့ ကိုလီ နဲ့ သဘောတူညီမှု ရထားပြီးပါပြီ... ကျွန်တော်တို့က ဘတ်စ်ကားပေါ် တက်မှာဆိုတော့ စက်ဘီးက အသုံးမလိုတော့ဘူးလေ"
"ကျွန်တော့် စက်ဘီးတစ်စီးတည်း မဟုတ်ဘူး... ကျွန်တော့် သူငယ်ချင်းရဲ့ စက်ဘီးကိုပါ ပေးလို့ရတယ်"
"ဆရာချန်းက မက္ကန်းနစ်လမ်းစဉ် အစွမ်းပိုင်ရှင် ဆိုတာ ကျွန်တော် သိပါတယ်... ဒီစက်ဘီးနှစ်စီးက ဆရာ့အတွက် အသုံးဝင်လောက်မှာပါ"
လူငယ်လေးက အနည်းငယ် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
ချန်းရီက ခဏမျှ စဉ်းစားလိုက်ပြီးနောက် နောက်ဆုံးတွင် လောင်စာတုံး နှစ်ဆယ်ဖြင့် စက်ဘီးနှစ်စီးကို လဲလှယ်ရန် သဘောတူလိုက်လေသည်။
ဤကဲ့သို့သော ဈေးနှုန်းမျိုးကို ကမ္ဘာပျက်ကပ် မတိုင်မီ အချိန်ကသာဆိုလျှင် လိမ်လည်မှုဟုပင် သတ်မှတ်ရမည် ဖြစ်သည်။
လူငယ်လေးမှာ လောင်စာတုံး နှစ်ဆယ်ကို ယူကာ ဝမ်းသာအားရဖြင့် ထွက်ခွာသွားတော့သည်။
သို့သော် ထိုလူနှစ်ယောက်အတွက်လည်း အရှုံးပေါ်သည်ဟု မဆိုသာပေ။
ထယ်ရှီး၏ ဘတ်စ်ကားပေါ်တွင် ယခုအခါ နေရာလွတ်များစွာ ရှိနေသဖြင့် ဤလူနှစ်ယောက်အနေဖြင့် စက်ဘီးများကို ဆက်လက် ယူဆောင်သွားရန် လုံးဝ မလိုအပ်တော့ဘဲ စွန့်ပစ်ရန်သာ ရှိတော့သည်။
ချန်းရီက ထိုသူနှစ်ဦးအား လောင်စာတုံး နှစ်ဆယ် ပြန်ပေးလိုက်ခြင်းမှာ အမှိုက်ကို ပြန်လည် အသုံးပြုလိုက်ခြင်းပင် ဖြစ်သည်။
စနစ်သာ ရှိနေပါက မည်သည့် ရိက္ခာပစ္စည်းကိုမဆို ချန်းရီ၏ လက်ထဲတွင် အသုံးဝင်လာနိုင်စွမ်း ရှိသည်။
ဥပမာအားဖြင့် ဤစက်ဘီးများ၏ အပိုပစ္စည်းများကို ဖြုတ်ယူ၍ ယာဉ်၏ အမိုးကို ပိုမို ခိုင်ခံ့အောင် ပြုလုပ်နိုင်သည်။
သတ်ဖြတ်မှတ်များကို ချွေတာရမည် ဖြစ်သောကြောင့် ကားအမိုးမှာ အပြင်ပန်း ကြည့်ရသည်မှာ ကောင်းမွန်နေသော်လည်း အမှန်တကယ်တွင်မူ အလွန် အားနည်းလှပြီး လေပြင်းတစ်ချက် တိုက်လိုက်ရုံဖြင့် အမိုးက ယိုင်နဲ့သွားနိုင်သည်။
စက်ဘီး၏ ဘီးများကိုလည်း ယာဉ်၏ အနောက်ဘက်တွင် သေတ္တာတစ်လုံး ထပ်ထည့်ရန် အသုံးပြုနိုင်ပြီး ထိုသို့ပြုလုပ်ပါက ပစ္စည်းရိက္ခာများကို ပိုမို သယ်ဆောင်နိုင်မည် ဖြစ်သည်။
ချန်းရီသည် ဤစက်ဘီးနှစ်စီးကို မည်သို့ အထိရောက်ဆုံး အသုံးချရမည်ကို စဉ်းစားရင်း ညစာကို စောင့်ဆိုင်းနေလိုက်သည်။
ထိုအချိန်အတွင်း အခြားသော အသက်ရှင်ကျန်ရစ်သူများကလည်း ချူချယ်၊ နာနာနှင့် ထယ်ရှီးတို့၏ ကားဘေးသို့ သွားရောက်ကာ ပစ္စည်းများ လဲလှယ်ကြသည်။
ယာဉ်တန်းထဲရှိ အခြား အသက်ရှင်ကျန်ရစ်သူများ၏ ပစ္စည်းရိက္ခာများမှာ ကန့်သတ်ချက် ရှိသည်။ ထိုသူများက ပစ္စည်းရှာဖွေရာတွင် အများစုက အစားအစာများကိုသာ အဓိက ပစ်မှတ်ထား ရှာဖွေကြသည်။
ချန်းရီတို့လို အစွမ်းပိုင်ရှင် လေးယောက်၏ ရိက္ခာများကမူ သူတို့ထက် သိသိသာသာ ပို၍ ပေါကြွယ်ဝနေသည်မှာ ထင်ရှားသည်။
ကောင်းမွန်စွာ ရှင်သန်နိုင်ရန်အတွက် အစားအစာ တစ်ခုတည်း ရှိနေရုံဖြင့် မလုံလောက်ပေ။
ခေါက်ဆွဲပြုတ်မှာ မကြာမီမှာပင် ကျက်သွားပြီး ချန်းရီက အထဲသို့ ဝက်အူချောင်း တစ်ချောင်းကိုပါ ထပ်ထည့်လိုက်သည်။
ခေါက်ဆွဲရော ဟင်းရည်ပါမကျန် ပြောင်စင်အောင် စားသောက်ပြီးနောက်မှသာ ချန်းရီတစ်ယောက် ကျေနပ်စွာဖြင့် သဲပြင်ပေါ်သို့ လှဲလျောင်းလိုက်တော့သည်။
ခဏမျှ အနားယူပြီးနောက် သုံးဘီးဆိုင်ကယ်ကို စတင် ပြုပြင်မွမ်းမံတော့သည်။
အလွန် ဝိုင်းစက်နေသော ဆေးလိပ်ငွေ့ကွင်း တစ်ကွင်းက ကောင်းကင်ယံသို့ တရွေ့ရွေ့ လွင့်ပျံသွားသည်။
ကောင်းကင်ပေါ်ရှိ ကြယ်များမှာ သဲကန္တာရထဲရှိ သဲပွင့်များထက်ပင် ပို၍ များပြားနေ၏။
ကမ္ဘာပျက်ကပ် မတိုင်မီက ဤမျှ ကြယ်များပြားသော ညမျိုးကို မြင်တွေ့ရရန်မှာ အလွန်ပင် မဖြစ်နိုင်ခဲ့ပေ။
ထိုသွေးရောင်လွှမ်းနေသော လမင်းကြီးက ကြောက်မက်ဖွယ်ကောင်းနေသည်မှလွဲ၍ ကျန်သည့်အရာများကိုမူ တဖြည်းဖြည်း လက်ခံလာနိုင်ပြီ ဖြစ်သည်။
နောက်ထပ် အလွန် ဝိုင်းစက်နေသော ဆေးလိပ်ငွေ့ကွင်း တစ်ကွင်း ကောင်းကင်သို့ လွင့်ပျံသွားပြန်သည်။
နောက်တစ်ကွင်း...
ရုတ်တရက် ချန်းရီ ကြောင်အမ်းသွားသည်။
ဆေးလိပ်သောက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သဖြင့် ချန်းရီသည် ဆေးလိပ်ငွေ့ကွင်းများကို အမြဲတမ်း မှုတ်ထုတ်နိုင်ခဲ့သည်။
သို့သော် ဤမျှ ဝိုင်းစက်နေသော ဆေးလိပ်ငွေ့ကွင်းများကို တစ်ဆက်တည်း အများကြီး မှုတ်ထုတ်နိုင်ခြင်းမျိုးမှာ အလွန် ရှားပါးလှသည်။
လူတစ်ယောက်က ဤမျှ ဝိုင်းစက်နေသော ဆေးလိပ်ငွေ့ကွင်းများကို မည်ကဲ့သို့ မှုတ်ထုတ်နိုင်မည်နည်း။
ချန်းရီက ဖြစ်နိုင်ချေ တစ်ခုကို ခန့်မှန်းမိလိုက်သည်။
သဘာဝလွန်လမ်းစဉ် ရာပေါင်းများစွာ ရှိပြီး ထိုအထဲတွင် လူတွေ နားမလည်သေးသော လမ်းစဉ်များလည်း အများအပြား ရှိနေသေးသည်။
၎င်းမှာ ချူချယ်က သူ့ကို ပြောပြခဲ့ဖူးသော စကားပင် ဖြစ်သည်။
ဒါဆိုရင်...
ချန်းရီက အလွန်တရာ ဝမ်းသာသွားပြီး စနစ်ကို အလျင်အမြန် မေးမြန်းလိုက်သည်။
"စနစ်... နိုးထနေတာ ပြီးသွားပြီလား"
စနစ်က အမြန်ပင် တုံ့ပြန်မှု ပေးလာသည်။
[ပိုင်ရှင်၏ သဘာဝလွန်လမ်းစဉ် နိုးထမှု ပြီးဆုံးပါပြီ]
ဆက်ရန်...