အခန်း ၄၆
Vol. 3 Ch. 46
အပိုင်း(၄၆) သဘာဝလွန်လမ်းစဉ်
စနစ်၏ အသိပေးချက်ကို ချန်းရီ တွေ့မြင်ပြီးနောက် သူ၏ တစ်ကိုယ်လုံးသည် အဆုံးအစမဲ့သော ကြယ်တာရာ ဂလက်ဆီထဲသို့ ဆွဲသွင်းခံရသကဲ့သို့ ဖြစ်သွားပြီး ထိုခံစားချက်ကို စကားလုံးများဖြင့် ဖော်ပြရန် မဖြစ်နိုင်ပေ။
နာကျင်မှု မဟုတ်သလို ဝမ်းနည်းခြင်း သို့မဟုတ် ဝမ်းသာခြင်းလည်း မရှိချေ။
အလွန် အံ့သြဖွယ်ကောင်းသော စွမ်းအင်တစ်ရပ်က ခန္ဓာကိုယ်အနှံ့ အကြိမ်ကြိမ် လှည့်လည်သွားလာနေပြီး ပင်လယ်ရေလှိုင်းများက ခန္ဓာကိုယ်ကို ဆေးကြောပေးနေသကဲ့သို့ ခံစားရ၏။
တစ်ကြိမ် ဖြတ်သန်းသွားတိုင်း ချန်းရီ၏ တစ်ကိုယ်လုံး အလွန် သက်သောင့်သက်သာ ဖြစ်သွားရသည်။
ထိုစွမ်းအင်များ၏ ဆေးကြောမှုနှင့်အတူ ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးများ အားလုံး စင်ကြယ်သွားသကဲ့သို့ပင်။
၎င်းသည် သဘာဝလွန်လမ်းစဉ် နိုးထလာခြင်း၏ ဖြစ်စဉ်ပင်လော။
ဦးနှောက်သည်ပင်လျှင် များစွာ ကြည်လင်လာခဲ့သည်။
ထိုခံစားချက်ကို စကားလုံးများဖြင့် အတိအကျ ဖော်ပြရန် ခက်ခဲလှ၏။
တင်စားရမည်ဆိုပါက ချွေးထုတ်ခန်းထဲက ထွက်လာပြီးနောက် တစ်ကိုယ်လုံးကို ဇိမ်ကျကျ အနှိပ်ခံရသကဲ့သို့ပင်။
ခန္ဓာကိုယ် ကြံ့ခိုင်လာမှုနှင့်အတူ သတင်းအချက်အလက် အမြောက်အမြားက ဦးနှောက်ထဲသို့ စီးဝင်လာသည်။
ထိုအချက်အလက်များသည် မျိုးဗီဇသင်္ကေတများထဲတွင် ကာလရှည်ကြာကတည်းက ကိန်းအောင်းနေပုံရပြီး လမ်းစဉ်ဆေးထိုးအပ်က လမ်းပြပေးသည့် အခန်းကဏ္ဍမှသာ ပါဝင်ခဲ့ခြင်း ဖြစ်သည်။
သဘာဝလွန်လမ်းစဉ်၊ မီးခိုးတမန်တော်လမ်းစဉ် အဆင့် (၁) မီးခိုးတပည့်။
၎င်းက သူ၏ သဘာဝလွန်အစွမ်းပင် ဖြစ်သည်။
ခဏကြာသော် ချန်းရီ မျက်လုံးများ ပွင့်လာပြီး သူ၏ မျက်ဝန်းများထဲမှ စိတ်လှုပ်ရှားမှုများကို မည်သို့မျှ ဖုံးကွယ်ထား၍ မရတော့ပေ။
တုန်ယင်နေသော လက်များဖြင့် ဆေးလိပ်ဘူးထဲမှ ဟွာဇီး ဆေးလိပ်တစ်လိပ်ကို ထုတ်ယူကာ မီးညှိလိုက်သည်။
မီးခြစ်ကို အကြိမ်ကြိမ် ခြစ်ပြီးမှသာ မီးတောက်သွားသည်။
အားပါးတရ ရှိုက်သွင်းလိုက်ရာ မှိန်ဖျော့ဖျော့ မီးရောင်လေးက ချန်းရီ၏ စိတ်လှုပ်ရှားနေသော မျက်ဝန်းများကို လင်းထိန်သွားစေသည်။
ချန်းရီ၏ နှာခေါင်းပေါက်များမှတစ်ဆင့် မီးခိုးငွေ့များ ထွက်ပေါ်လာ၏။
ဤကဲ့သို့သော အခြေအနေမျိုးက သာမန် ဆေးလိပ်သောက်သူများ၏ အမြင်တွင် ထူးခြားသော ကျွမ်းကျင်မှုတစ်ခု မဟုတ်ပေ။
လူတိုင်းနီးပါး ပြုလုပ်နိုင်သော အရာဖြစ်သည်။
သို့သော် ချန်းရီ၏ မီးခိုးငွေ့ကမူ လုံးဝ ကွာခြားနေသည်။
ချန်းရီက တစ်ကြိမ်သာရှိုက်ပြီး တစ်မိနစ်ကျော်ကြာသည့်တိုင်အောင် မီးခိုးထူထူများကို မှုတ်ထုတ်နေခဲ့ခြင်း ဖြစ်သည်။
သူ၏ ကိုယ်ပတ်လည် သုံးပေခန့် အကွာအဝေးအတွင်း၌ ပါးလွှာသော မီးခိုးငွေ့များ ပျံ့နှံ့နေပြီ ဖြစ်သည်။ ထိုမီးခိုးငွေ့များသည် သူ၏ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများကဲ့သို့ပင် ပတ်ဝန်းကျင်၌ လွင့်ဝဲနေပြီး အချိန်ကြာမြင့်စွာ ပျောက်ကွယ်မသွားခဲ့ပေ။
ထိုအချိန်တွင် ချန်းရီ၏ အရိပ်သည် မီးခိုးငွေ့များကြား၌ ဝေဝါးစွာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေ၏။
တိုက်ခိုက်ရေးစွမ်းအားကို တိုက်ရိုက် တိုးတက်စေခြင်း မရှိသော်လည်း ဤစွမ်းရည်ကပင် ချန်းရီအတွက် များစွာ ကျေနပ်စရာ ကောင်းနေပြီ ဖြစ်သည်။
ပထမဆုံး အစွမ်း - မီးခိုးငွေ့။
ဤအစွမ်းသည် လမ်းစဉ်အဆင့် မြင့်တက်လာသည်နှင့်အမျှ ပိုမို အားကောင်းလာမည် ဖြစ်သည်။
အကယ်၍ အဆင့်မြင့် လမ်းစဉ်သို့ ရောက်ရှိသွားပါက မီးခိုးတစ်ရှိုက် မှုတ်ထုတ်လိုက်ရုံဖြင့် ပတ်ဝန်းကျင် မိုင်အနည်းငယ် အကွာအဝေးအထိ လွှမ်းခြုံသွားစေနိုင်ပေလိမ့်မည်။
ချန်းရီ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး မျက်ဝန်းများထဲ၌ ထူးဆန်းသော အလင်းရောင်များ တောက်ပလာသည်။ သူ၏ ကိုယ်ပတ်လည်ရှိ မီးခိုးငွေ့များက လိမ်ကောက်လှုပ်ရှားလာပြီး ပုံပန်းမကျသော ယုန်လေးတစ်ကောင်က မီးခိုးငွေ့များကြားမှ ရုန်းကန်ထွက်ပေါ်လာ၏။
သို့သော် မကြာမီမှာပင် ပုံသဏ္ဍန်မရှိသော မီးခိုးငွေ့များအဖြစ်သို့ ပြန်လည် ပြိုကွဲသွားခဲ့သည်။
ချန်းရီက လက်မလျှော့ဘဲ ထပ်မံ ကြိုးစားရာ မီးခိုးငွေ့များဖြင့် ဖွဲ့စည်းထားသော ကြောင်တစ်ကောင်က သူ၏ ခြေရင်းတွင် ဝပ်နေလေသည်။
ကြောင်ကလေးသည် သမ်းဝေလိုက်ပြီး အိပ်ချင်မူးတူး မျက်လုံးများကို ဖွင့်ကာ ချန်းရီကို စပ်စုချင်စိတ်ဖြင့် ကြည့်နေသည်။
ဒုတိယ အစွမ်း - အခြေခံ မီးခိုး ပုံဖော်ခြင်း။
မီးခိုးငွေ့များကို မည်သည့် အရာဝတ္ထုအဖြစ်မဆို ပုံဖော်နိုင်သည်။ မိမိနှင့် ရင်းနှီးကျွမ်းဝင်သော အရာဖြစ်လေလေ ပုံဖော်နိုင်စွမ်း အောင်မြင်မှုရာခိုင်နှုန်း ပိုများလေလေ ဖြစ်သည်။
ယခင်က ချန်းရီသည် ကြောင်တစ်ကောင် မွေးဖူးသဖြင့် ကြောင်များအကြောင်းကို ကောင်းကောင်း နားလည်ထားသည်။
ထို့ကြောင့် မီးခိုးငွေ့ဖြင့် ကြောင်တစ်ကောင်ကို ပုံဖော်ရန်မှာ အလွန် လွယ်ကူနေခြင်း ဖြစ်၏။ သို့သော် ယုန်ပုံစံမှာမူ မအောင်မြင်ခဲ့ပေ။
ချန်းရီသည် ယုန်မွေးဖူးခြင်း မရှိသဖြင့် ပုံဖော်ရန် မလွယ်ကူခဲ့ခြင်း ဖြစ်သည်။
အဆုတ်ထဲတွင်လည်း ပေါ့ပါးလန်းဆန်းသွားသကဲ့သို့ ခံစားရသည်။
ဆေးလိပ်သောက်သည့် အကျင့်ကြောင့် ချန်းရီ၏ အဆုတ်သည် အမြဲတမ်း နေရထိုင်ရ ခက်ခဲနေတတ်ပြီး ချောင်းဆိုးခြင်းကလည်း သူ၏ နာတာရှည် ရောဂါတစ်ခု ဖြစ်နေခဲ့သည်။
ယခုမူကား အဆုတ်၏ သက်သောင့်သက်သာ ရှိမှုကြောင့် ချန်းရီသည် ယခင်က တစ်ကြိမ်မျှ မခံစားဖူးသော ပေါ့ပါးမှုကို ခံစားနေရ၏။
၎င်းက ချန်းရီ၏ တတိယမြောက် အစွမ်းဖြစ်ပြီး အလိုအလျောက် သက်ရောက်သည့် စွမ်းရည်တစ်ရပ်ဟုလည်း ဆိုနိုင်သည်။ ၎င်းမှာ နီကိုတင်း ခံနိုင်ရည်ပင် ဖြစ်သည်။
ဤအစွမ်းက တိုက်ခိုက်ရေးအတွက် မည်သည့် အထောက်အကူမျှ မဖြစ်ဟု ထင်ရသော်လည်း ချန်းရီ အနှစ်သက်ဆုံးသော အစွမ်းပင် ဖြစ်နေသည်။
မီးခိုးတမန်တော် လမ်းစဉ်သည် ယခုမှ နိုးထလာသော သဘာဝလွန်အစွမ်း ဖြစ်သည်။
အစွမ်းသုံးရပ်မှာ မီးခိုးငွေ့၊ မီးခိုးပုံဖော်ခြင်းနှင့် နီကိုတင်း ခံနိုင်ရည်တို့ ဖြစ်ကြသည်။
တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည်လည်း သိသိသာသာ တိုးတက်လာကြောင်း ချန်းရီ ခံစားမိသည်။
တိုက်တန် လမ်းစဉ်လောက် ကြောက်ခမန်းလိလိ မဟုတ်လျှင်တောင် သာမန်လူတစ်ယောက်ထက်မူ များစွာ သန်မာနေပြီ ဖြစ်သည်။
နောက်တစ်ကြိမ် ရိက္ခာသွားရှာလျှင် ချန်းရီက ယခုထက် ပိုကြီးသော ကျောပိုးအိတ်ကိုပင် ပြောင်းလဲ လွယ်နိုင်ပေလိမ့်မည်။
"ငါ နောက်ဆုံးတော့ သဘာဝလွန် အစွမ်းပိုင်ရှင် ဖြစ်လာခဲ့ပြီပဲ"
"နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီ"
ထိုအချိန်မှာပင် ချန်းရီ၏ ဘယ်ဘက်မျက်လုံးထဲတွင် ရုတ်တရက် မှုန်ဝါးသွားသလို ခံစားရသည်။
အချိန်တိုလေးအတွင်းမှာပင် အမြင်အာရုံက လျင်မြန်စွာ အားနည်းသွား၏။
ထိုခံစားချက်ကြောင့် ချန်းရီ အနည်းငယ် ထိတ်လန့်သွားသည်။
ဒါက...
သူ သတိရသွားသည်။
သဘာဝလွန် အစွမ်းပိုင်ရှင်တိုင်းသည် မိမိတို့၏ အဖိုးအခကို ပေးဆပ်ရမည်ဖြစ်ကြောင်း ထယ်ရှီး တစ်ကြိမ် ပြောခဲ့ဖူးသည်။
လမ်းစဉ် အစွမ်းပိုင်ရှင်တိုင်းတွင် ဘေးထွက်ဆိုးကျိုးများ ရှိကြသည်။
မည်သူမျှ ကင်းလွတ်ခွင့် မရှိပေ။
ချူချယ် တစ်ယောက် အဘယ်ကြောင့် အမြဲတမ်း ခြေဗလာဖြင့် လမ်းလျှောက်နေသနည်း ဆိုသည်ကို သူ နားလည်သွား၏။
ချူချယ်နှင့် စတင် သိကျွမ်းခဲ့ချိန်မှစ၍ ထိုအစွမ်းပိုင်ရှင်က ဖိနပ်စီးသည်ကို တစ်ကြိမ်မျှ မတွေ့ခဲ့ရပေ။
ထို့အပြင် တိုက်တန် လမ်းစဉ် နိုးထလာသော အစွမ်းပိုင်ရှင်များသည် ဉာဏ်ရည်ပိုင်းဆိုင်ရာတွင် အတိုင်းအတာ တစ်ခုအထိ ထိခိုက်မှုရှိကြောင်း ချူချယ်နှင့် နာနာတို့ ပြောဆိုခဲ့သည်ကိုလည်း အကြိမ်အနည်းငယ် ကြားခဲ့ဖူးသည်။
၎င်းသည် တိုက်တန် လမ်းစဉ်၏ ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်သလော။
မီးခိုးတမန်တော် လမ်းစဉ်၏ ဘေးထွက်ဆိုးကျိုးကရော ဘာများဖြစ်နိုင်မည်နည်း။
ချန်းရီက မီးခိုးတမန်တော်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို အလျင်စလို ရှာဖွေကြည့်သည်။
မကြာမီမှာပင် ချန်းရီ၏ မျက်နှာပေါ်ရှိ ပျော်ရွှင်မှုများ အတော်လေး မှေးမှိန်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ဘယ်ဘက်မျက်လုံး အမြင်အာရုံသည် အတိုင်းအတာတစ်ခုအထိ အားနည်းသွားပြီဖြစ်ကာ ညာဘက်မျက်လုံး၏ အမြင်အာရုံနှင့် သိသိသာသာ ကွဲလွဲနေကြောင်းကို ချန်းရီ ခံစားရသောကြောင့် ဖြစ်သည်။
အစွမ်းနိုးထလာမှုကြောင့် ရရှိခဲ့သော ခန္ဓာကိုယ် ကြံ့ခိုင်လာမှုများသည် ဘယ်ဘက်မျက်လုံးတွင်မူ ဆုတ်ယုတ်သွားခဲ့သည်။
ယခင်က ဘယ်ဘက်မျက်လုံးဖြင့် ကြည့်လျှင် အလွန် ရှင်းလင်းပြတ်သားနေခဲ့သော အဝေးမှ မီးပုံများနှင့် လူရိပ်များသည် ယခုအခါတွင်မူ အနားသတ်များ ဝါးတားတား ဖြစ်နေကြောင်းကို ချန်းရီ အထင်အရှား ခံစားနေရ၏။
မှန်တစ်ချပ်သာ ရှိမည်ဆိုပါက သူ၏ ဘယ်ဘက်မျက်လုံး သူငယ်အိမ်သည် အမည်းရောင်မှ အဖြူရောင်သို့ ပြောင်းလဲသွားကြောင်းကိုပင် ချန်းရီ မြင်တွေ့နိုင်မည် ဖြစ်သည်။
မီးခိုးတမန်တော် လမ်းစဉ်၏ ဘေးထွက်ဆိုးကျိုး - ဘယ်ဘက် မျက်လုံး အမြင်အာရုံ အားနည်းခြင်း။
ကြီးမားသော စွမ်းအားကို ရရှိခြင်းနှင့်အတူ ၎င်းနှင့် ထိုက်တန်သော အဖိုးအခကိုလည်း ပေးဆပ်ရမည် ဖြစ်သည်။
ဘယ်ဘက်မျက်လုံး အမြင်အာရုံ အားနည်းသွားခြင်းသည် ချန်းရီ ပေးဆပ်ခဲ့ရသော အဖိုးအခပင် ဖြစ်လေသည်။
...
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် မီးခိုးတမန်တော် လမ်းစဉ်၏ အစွမ်းပိုင်ရှင် ဖြစ်လာခဲ့ပြီဟူသော အချက်ကို ချန်းရီ လက်ခံနိုင်သွားသည်။
တစ်ချိန်တည်းမှာပင် ဘယ်ဘက်မျက်လုံး အမြင်အာရုံ အားနည်းသွားရသည့် အဖိုးအခကိုလည်း ကျေကျေနပ်နပ် လက်ခံခဲ့၏။
သဘာဝလွန် အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်လာခြင်းကပင် ဤကမ္ဘာပျက်ကပ်ကြီးတွင် ချန်းရီ၏ ရှင်သန်နိုင်စွမ်းကို သိသိသာသာ မြင့်တက်သွားစေပြီ ဖြစ်သည်။
ဆေးလိပ်တစ်လိပ် သောက်အပြီးတွင် သူ၏ ဘယ်ဘက်မျက်လုံး အားနည်းသွားရသည့် အမှန်တရားကို ချန်းရီ အပြည့်အဝ နားလည် လက်ခံလိုက်သည်။
ကမ္ဘာပျက်ကပ်ကြီးထဲတွင် ကိစ္စတစ်ခုအတွက် အချိန်ကြာမြင့်စွာ ဝမ်းနည်းကြေကွဲနေခြင်းမှာ ဇိမ်ကျလွန်းသည့် အရာတစ်ခု ဖြစ်နေပေမည်။
အသက်ရှင်သန်ရေးအတွက် မည်သည့်အရာကိုမဆို ဘေးဖယ်ထားရမည် ဖြစ်သည်။
မီးခိုးတမန်တော် လမ်းစဉ် နိုးထလာပြီး အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်လာခဲ့ကာ အသက်ရှင်နိုင်စွမ်း မြင့်တက်လာခြင်းအတွက် အဖိုးအခ အနည်းငယ် ပေးဆပ်ရသည်မှာ ဝမ်းသာကျေနပ်စရာပင် ဖြစ်သည်။
ညအချိန် သဲကန္တာရ၏ အပူချိန်က လျင်မြန်စွာ ကျဆင်းလာပြီး ချန်းရီ ရှူထုတ်လိုက်သော လေငွေ့များသည် အဖြူရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။
ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူ အများစုမှာ တဲများထဲသို့ ဝင်ရောက် အနားယူနေကြပြီ ဖြစ်သည်။
အချို့ကလည်း ကားများထဲသို့ ဝင်ရောက်သွားကြချေပြီ။
အပြင်ဘက်တွင် ချန်းရီ တစ်ယောက်တည်းသာ ကျန်ရစ်နေတော့၏။
သို့သော် ချန်းရီသည် မခံမရပ်နိုင်အောင် ချမ်းအေးနေခြင်းမျိုး မရှိပေ။
ခန္ဓာကိုယ် ကြံ့ခိုင်မှု တိုးတက်လာသောကြောင့် အပူချိန် အပြောင်းအလဲကိုလည်း အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည် ရှိလာခြင်း ဖြစ်ပေမည်။
စက်ဘီးနှစ်စီး ရရှိထားသဖြင့် ၎င်းတို့ကို အသုံးပြုကာ သူ၏ သုံးဘီးစက်ဘီးကို ဆက်လက် အဆင့်မြှင့်တင်ရန် ချန်းရီ စဉ်းစားနေသည်။
ယခင်က ထယ်ရှီးထံမှ လဲလှယ်ရယူထားခဲ့သော စက်ပြင် ကိရိယာတန်ဆာပလာများကို ယခု အသုံးပြုရမည့် အချိန်ပင် ဖြစ်သည်။
ချန်းရီက နောက်တွဲထဲမှ ကိရိယာသေတ္တာကို ထုတ်ယူကာ စက်ဘီးနှစ်စီးလုံး၏ အစိတ်အပိုင်းများကို စတင် ဖြုတ်ချလေသည်။
တစ်ချိန်တည်းမှာပင် စနစ်၏ အဆင့်မြှင့်တင်ရေး ကိရိယာများကို အသုံးပြုကာ ပုံစံကြမ်းများကိုပါ စတင် ရေးဆွဲနေ၏။
ယခုအချိန်၌ စနစ်၏ အဆင့်မြှင့်တင်ရေး လုပ်ငန်းစဉ်က အားလပ်နေသဖြင့် အချိန်ဖြုန်းသကဲ့သို့ ဖြစ်နေမည်စိုး၍ ဖြစ်သည်။
စနစ်၏ ပုံစံကြမ်းထဲတွင် စက်ဘီးနှစ်စီး၏ ဘီးများကို ဖြုတ်ချကာ ကိုယ်ထည်များကို အသုံးပြု၍ နောက်တွဲအပေါ်တွင် ခိုင်ခံ့သော အမိုးဘောင်တစ်ခု အဖြစ် ဂဟေဆော်ထားသည်။
ဤအမိုးဘောင်ကြောင့် သုံးဘီးစက်ဘီး၏ ခိုင်ခံ့မှုက များစွာ မြင့်တက်သွားသည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် အမိုးပေါ်တွင် ပစ္စည်းတင်ရန် နေရာတစ်ခု ထပ်မံရရှိမည်ဖြစ်ပြီး အလွန်မလေးလံသော ရိက္ခာအချို့ကို ချူချယ်တို့၏ အဆင့်မြှင့်ထားသော လမ်းကြမ်းကားများကဲ့သို့ အမိုးပေါ်တွင် တင်ဆောင်နိုင်မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် နောက်တွဲထဲ၌ အနားယူရန် နေရာလွတ်လည်း ရရှိသွားမည် ဖြစ်သည်။
ကျန်ရှိနေသော ဘီးလေးဘီးကိုမူ နောက်တွဲအပိုတစ်ခု ပြုလုပ်ရန် ချန်းရီ စဉ်းစားထားသည်။ သို့မှသာ နောင်တွင် ရရှိလာမည့် ရိက္ခာများကို သုံးဘီးစက်ဘီး၏ နောက်တွင် ချိတ်ဆက် ဆွဲယူသွားနိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် ချန်းရီသည် စက်ဘီးနှစ်စီးလုံးကို အစိတ်အပိုင်းများ တစ်စစီဖြုတ်ချပြီးလုနီးပါး ဖြစ်နေချေပြီ။
ခန္ဓာကိုယ် ကြံ့ခိုင်လာမှုကြောင့် စက်ဘီး ဖြုတ်ချရသည်မှာ ချန်းရီအတွက် များစွာ လွယ်ကူနေခြင်း ဖြစ်သည်။
သို့သော် စက်ဘီးကိုယ်ထည်များက ဂဟေဆက်ထားခြင်း ဖြစ်ပြီး ချန်းရီတွင် ကိုယ်ထည်များကို ဖြတ်တောက်ရန် ကိရိယာ မရှိပေ။
ခဏမျှ စဉ်းစားအပြီးတွင် ချန်းရီ၏ စိတ်ထဲ၌ အကြံဉာဏ်တစ်ခု ရုတ်တရက် ပေါ်လာ၏။
"စနစ်... ငါ့ရှေ့က ပစ္စည်းတွေကို အမိုးအတွက် အားဖြည့် အစိတ်အပိုင်းတွေအဖြစ် အဆင့်မြှင့်တင်ပေးလို့ ရမလား"
ဆက်ရန်....