အခန်း ၄၉
Vol. 3 Ch. 49
အပိုင်း(၄၉) အခြားယာဉ်တန်းတစ်ခုနှင့် ဆုံတွေ့ခြင်း
ချန်းရီက ဒုတိယ လမ်းစဉ်ကို နိုးကြားလာစေခဲ့သည့်ကိစ္စသည် ခေါင်းဆောင်ချူနှင့် နာနာတို့အား အလွန်အမင်း အံ့အားသင့်သွားစေခဲ့၏။
သို့သော်လည်း သူတို့နှစ်ဦး၏ မျက်နှာပေါ်တွင် အားကျသည့် အရိပ်အယောင်များ ပေါ်လွင်မနေခဲ့ပေ။
ခြေတံရှည်ကောင်မလေးက ချန်းရီကို ရှုပ်ထွေးနေသည့် အမူအရာဖြင့်ပင် ကြည့်လိုက်သည်။
"လမ်းစဉ်နှစ်ခု ပိုင်ဆိုင်တာက ကောင်းပါတယ်... ဒါပေမဲ့ ပေးဆပ်ရမယ့် တန်ဖိုးကလည်း နှစ်ဆဖြစ်နေမှာနော်... ရှင်... ခံနိုင်ရည်ရှိပါ့မလား"
ကောင်မလေး၏ ပန်းရောင် ဆံပင်ရှည်ကြီးမှာ နံနက်ခင်း နေရောင်ခြည်အောက်တွင် တောက်ပနေပြီး အလွန် ကြည့်ကောင်းနေသည်။
ချန်းရီက ဟွာဇီး ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ကာ ဖြည်းညှင်းစွာ ပြောလိုက်၏။
"အဲဒီလောက်အထိ ဂရုမစိုက်နိုင်သေးဘူး... နောက်မှဖြစ်မယ့်ကိစ္စ နောက်မှပဲ ရှင်းမယ်"
ခြေတံရှည်ကောင်မလေးက ချန်းရီကို လက်မထောင်ပြလိုက်သည်။
"ဘယ်လိုပဲပြောပြော... ဒုတိယ လမ်းစဉ် နိုးကြားလာတာက ကောင်းတဲ့ကိစ္စတစ်ခုပါပဲ"
"ဒီလို ကမ္ဘာပျက်ကပ်ကြီးထဲမှာ... တစ်ရက်ပိုပြီး အသက်ရှင်ရတာကပဲ အမြတ်တစ်ခုပါပဲ"
ခေါင်းဆောင်ချူက နူးညံ့စွာ ပြုံးရင်း ပြောလိုက်သည်။
ထယ်ရှီးက ဩရှရှအသံကြီးဖြင့် မေးလိုက်၏။ "ညီလေး... မင်းရဲ့ ဒုတိယ လမ်းစဉ်က ဘာလဲ"
ချန်းရီက ဆေးလိပ်ငွေ့ ကွင်းတစ်ကွင်းကို မှုတ်ထုတ်လိုက်ရာ လူအားလုံး အံ့ဩသွားကြသည့် အမူအရာများကြားတွင် ဆေးလိပ်ငွေ့များက လှိုင်းထကာ လူးလွန့်သွားပြီး အငွေ့များထဲမှ ကြောင်ပေါက်လေးတစ်ကောင် ထွက်ပေါ်လာလေသည်။
ထိုကြောင်ပေါက်လေးက လူအများ၏ ခြေထောက်နားတွင် လှည့်ပတ်သွားလာနေ၏။
ဆေးလိပ်ငွေ့ဖြင့် ဖွဲ့စည်းထားသော ကြောင်ပေါက်လေးမှာ အသက်ဝင်နေသကဲ့သို့ ရှိသည်။
လူအားလုံးမှာ မျက်လုံးပြူးကာ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။
ကြောင်လေး ဖန်တီးခြင်းသည် ချန်းရီအတွက် အကျွမ်းကျင်ဆုံးသော ပုံရိပ်ယောင်ဖန်တီးမှု တစ်ခု ဖြစ်သည်။
"မီးခိုးငွေ့တမန်တော် လမ်းစဉ်"
ချန်းရီက ဖုံးကွယ်ထားလိုသည့် ဆန္ဒမရှိဘဲ လမ်းစဉ်၏ အမည်ကို တိုက်ရိုက် ပြောပြလိုက်သည်။
"မီးခိုးငွေ့တမန်တော်... သဘာဝလွန်လမ်းကြောင်း တစ်မျိုးပဲ"
ခိုးနားထောင်တဲ့ ရေဒီယိုကို ပိုင်ဆိုင်ထားသော ခေါင်းဆောင်ချူက ဗဟုသုတ ကြွယ်ဝလှသဖြင့် သူ၏ ထင်မြင်ချက်ကို ချက်ချင်းပင် ပြောဆိုလိုက်၏။
"သဘာဝလွန်လမ်းကြောင်း"
ချန်းရီက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ သူ ရရှိထားသည့် သတင်းအချက်အလက်များထဲတွင် သဘာဝလွန်လမ်းကြောင်း ဆိုသည့် အသုံးအနှုန်းမျိုး မပါရှိခဲ့ပေ။
"လမ်းစဉ် အစွမ်းတွေက ရာဂဏန်းထက်မက ရှိတယ်... လမ်းကြောင်းဆိုတာက အဲဒီလမ်းစဉ်တွေကို အမျိုးအစား ခွဲခြားထားတဲ့ အုပ်စုကြီးတစ်ခုလို့ မှတ်ယူလို့ရတယ်"
"ဥပမာပြောရရင် ထယ်ရှီးရဲ့ တိုက်တန် လမ်းစဉ်နဲ့ နာနာရဲ့ ဓားနတ်ဘုရား လမ်းစဉ်တို့က အနီးကပ်တိုက်ခိုက်ရေး လမ်းကြောင်းအောက်မှာ ပါဝင်တယ်"
"လူသားတွေရဲ့ စည်းမျဉ်းစနစ်တွေ အကုန်လုံး ပျက်စီးသွားပြီဆိုတော့... လောလောဆယ် ဒီလိုပဲ ခွဲခြားလို့ ရတော့တယ်"
"မင်းက မီးခိုးငွေ့တွေကို ထိန်းချုပ်နိုင်တယ်ဆိုတော့ အဲဒါက သဘာဝလွန်လမ်းကြောင်း ဖြစ်ရမယ်... စူပါ ပါဝါ လမ်းကြောင်းလို့လည်း ခေါ်လို့ရတယ်"
ခေါင်းဆောင်ချူက လူအများကို လမ်းသင့်သလို ဗဟုသုတ ဖြန့်ဝေပေးလိုက်သည်။
ဤအချက်က ခေါင်းဆောင်ချူ၏ ဗဟုသုတကြွယ်ဝမှုကို ချန်းရီအား အံ့အားသင့်သွားစေခဲ့၏။
ယာဉ်တန်းထဲတွင် ထယ်ရှီးမှာ ယခင်က ဘတ်စ်ကား ဒရိုင်ဘာတစ်ဦး ဖြစ်ခဲ့သည်။
နာနာသည် ယခင်က အထက်တန်းနောက်ဆုံးနှစ်မှ ထူးချွန်ကျောင်းသူတစ်ဦး ဖြစ်ပြီး ပြည်တွင်းရှိ ထိပ်တန်း တက္ကသိုလ်တစ်ခုမှ ကျောင်းဝင်ခွင့်စာကို ရရှိပြီးကာစမှာပင် ကမ္ဘာပျက်ကပ်ကြီးနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
ခေါင်းဆောင်ချူ တစ်ယောက်သာလျှင် သူ၏ အတိတ်အကြောင်းကို ဘယ်သောအခါမျှ ထုတ်ဖော်ပြောဆိုလေ့မရှိဘဲ အလွန် လျှို့ဝှက်ဆန်းကြယ်လှသည်။
သူတို့အဖွဲ့သည် ချန်းရီ၏ ဒုတိယ လမ်းစဉ်အကြောင်း အနည်းငယ် စကားစမြည်ပြောဆိုပြီးနောက် ခရီးဆက်ရန်အတွက် ကိုယ့်ကားပေါ်ကိုယ် ပြန်တက်ရန် ပြင်ဆင်လိုက်ကြသည်။
"ခေါင်းဆောင်... ဒီနေ့ ရေအရင်းအမြစ် ရှာတွေ့နိုင်မလား... ကျွန်မ တစ်ကိုယ်လုံး ညစ်ပတ်နေပြီ"
"ရေအရင်းအမြစ် ဟုတ်လား... ငါလည်း ရှာတွေ့ချင်တာပေါ့... ဒါပေမဲ့ အဲ့ဒါက ကံတရားအပေါ်ပဲ မူတည်တယ်"
"ဟွန့်... ရှင်က လမ်းပြသူလမ်းစဉ် ပိုင်ရှင် မဟုတ်ဘူးလား... ဒီလောက်ကိစ္စလေးတောင် မလုပ်နိုင်ဘူးလား"
"..."
ခြေတံရှည်ကောင်မလေးက ခေါင်းဆောင်ကို အားနာမှုကင်းမဲ့စွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
ချန်းရီက ဆေးလိပ်ငွေ့ ကွင်းတစ်ကွင်းကို မှုတ်ထုတ်လိုက်ပြီး သူ၏ သုံးဘီးဆိုင်ကယ်ဆီသို့ ပြန်ရန် လှည့်ထွက်လာခဲ့၏။
လမ်းစဉ်တိုင်းတွင် ဘေးထွက်ဆိုးကျိုးများ ရှိကြပြီး လမ်းစဉ်အဆင့် မြင့်တက်လာသည်နှင့်အမျှ ဘေးထွက်ဆိုးကျိုးများကလည်း ပိုမို ကြီးမားလာတတ်သည်။
လမ်းစဉ် နှစ်ခု ပိုင်ဆိုင်ထားသော အစွမ်းပိုင်ရှင် တစ်ဦးသည် တန်ဖိုး နှစ်ဆ ပေးဆပ်ရမည် ဖြစ်ကြောင်း ကိုယ်စားပြုနေသည်။
ဥပမာအားဖြင့် ချန်းရီ၏ ယခု လက်ရှိ ဖြူရော်နေသော ဘယ်ဘက်မျက်လုံးကဲ့သို့ပင် ဖြစ်သည်။
"အား"
အတော်အတန် တိတ်ဆိတ်နေသော သဲကန္တာရ၏ နံနက်ခင်းလေထုကို ထိတ်လန့်တကြား အော်ဟစ်သံက ဖောက်ထွင်းသွားသည်။
အဝေးသို့ ထွက်ခွာသွားနေသော ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အရိပ်မှာ ချက်ချင်းပင်နေရာမှ ပျောက်ကွယ်သွား၏။
ချန်းရီက ပါးစပ်တွင် ဆေးလိပ်ကို ခဲထားရင်း အသံထွက်ပေါ်လာရာ အရပ်သို့ လှည့်ကြည့်လိုက်သည်။
အမျိုးသမီးတစ်ဦးက သူမ၏ ရှေ့ရှိ တဲတစ်လုံးကို ထိတ်လန့်တကြား လက်ညှိုးထိုးနေသည်ကို မြင်လိုက်ရသည်။
ချန်းရီက ဆေးလိပ်တိုကို ထွေးထုတ်လိုက်ပြီး ထိုနေရာသို့ အမြန် လျှောက်သွားလိုက်၏။
"ဘာဖြစ်တာလဲ"
ခြေတံရှည်ကောင်မလေးက ခါးရှိ ဓားရှည်ကို ကိုင်ထားရင်း တည်ငြိမ်သော မျက်နှာထားဖြင့် မေးလိုက်သည်။
"လူ... လူသေနေတယ်"
ထိတ်လန့်နေသော အမျိုးသမီးက သူမ၏ ရှေ့ရှိ တဲကို တုန်ယင်နေသော လက်ဖြင့် လက်ညှိုးထိုးပြလိုက်၏။
ကောင်မလေး၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး လက်ထဲရှိ ဓားရှည်ဖြင့် တဲ၏ အကာကို ပင့်တင်လိုက်သည်။
တဲအတွင်းတွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။
အမျိုးသား၏ ကိုယ်ပေါ်တွင် အလွန် ပါးလွှာသော စောင်တစ်ထည်ကို လွှမ်းခြုံထားပြီး တစ်ကိုယ်လုံး ကွေးကွေးလေး ဖြစ်နေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ချန်းရီအနေဖြင့် ဤအမျိုးသား၏ သေဆုံးရသည့် အကြောင်းရင်းကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
မနေ့ညက အပူချိန် အလွန်အမင်း ကျဆင်းသွားခဲ့ရာ ဤအမျိုးသားတွင် အအေးဒဏ်ကို ကာကွယ်ရန် လုံလောက်သော အဝတ်အစားများ မရှိသဖြင့် သဲကန္တာရ၏ ညဉ့်ယံတွင် အအေးပတ်ကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ဤအမျိုးသားကို ချန်းရီ အနည်းငယ် မှတ်မိနေသည်။ သူသည် ယာဉ်တန်းထဲတွင် ဆိုင်ကယ် ပိုင်ဆိုင်သော လူအနည်းစုထဲမှ တစ်ဦးဖြစ်ပြီး ချန်ရှုရွာမှ ထွက်ပြေးလွတ်မြောက်လာသော လူအနည်းစုထဲမှ တစ်ဦးလည်း ဖြစ်သည်။
ထိုသူသည် မနေ့ညက ဘတ်စ်ကားပေါ်သို့ တက်ရောက်ရန် ရွေးချယ်ခဲ့ခြင်း မရှိဘဲ စခန်းချရာ နေရာတွင် တဲထိုးကာ နေထိုင်ခဲ့ခြင်း ဖြစ်၏။
ဘတ်စ်ကားပေါ်သို့ တက်ရောက်ခြင်းက သက်တောင့်သက်သာ ရှိသည်ဟု ထင်ရသော်လည်း မိမိ၏ ပိုင်ဆိုင်မှု ပစ္စည်းအားလုံးကို အပ်နှံရမည်ဖြစ်ပြီး ဘတ်စ်ကား၏ စုပေါင်း စီမံခန့်ခွဲမှုအောက်တွင် ထားရှိရမည် ဖြစ်သည်။
ထို့ကြောင့် လူအများစုမှာ ထိုသို့ ပြုလုပ်ရန် ဆန္ဒမရှိကြပေ။
ရိက္ခာပစ္စည်းများ မရှိခြင်းသည် ကမ္ဘာပျက်ကပ်တွင် လွတ်လပ်ခွင့် ဆုံးရှုံးသွားခြင်းကို ကိုယ်စားပြုနေ၏။
ကမ္ဘာပျက်ကပ်အောက်တွင် ရိက္ခာပစ္စည်းများ ပိုင်ဆိုင်ထားခြင်းက အရာအားလုံးကို ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် ဆိုရလျှင် ကမ္ဘာပျက်ကပ် မတိုင်မီကထက်ပင် ပို၍ လွတ်လပ်ခွင့် ရရှိနေသေးသည်။
ဥပမာအားဖြင့် သက်ကြီးရွယ်အိုသုံး လျှပ်စစ်သုံးဘီးကို မောင်းနှင်နေသော အဘိုးအိုကဲ့သို့ပင် ဖြစ်သည်။
အခြားသော အသက်ရှင်ကျန်ရစ်သူများမှာ နေ့စဉ်နှင့်အမျှ မျှော်လင့်ချက်မဲ့ကာ စိုးရိမ်ထိတ်လန့်နေကြရသည်။
ထိုအဘိုးအို တစ်ဦးတည်းကသာ တစ်နေကုန် ပြုံးရွှင်နေတတ်၏။
ခေါင်းဆောင်ချူက ထိုသူများ၏ ရွေးချယ်မှုကို ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ သူတို့ ရွေးချယ်ထားသော ဘဝနေထိုင်မှုပုံစံအတိုင်း နေထိုင်ခွင့် ပြုထားခဲ့သည်။
သို့သော် မနေ့ညက အအေးပတ်ကာ သေဆုံးသွားလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ပေ။
"ဘတ်စ်ကားပေါ် သွားပါ... ဘတ်စ်ကားပေါ် သွားပါလို့ ကျွန်မ သူ့ကို အစကတည်းက ပြောခဲ့သားပဲ"
အီး... ဟီး...
"သူက ကျွန်မစကားကို နားမထောင်ခဲ့ဘူး... အီး... ဟီး..."
"ခွေးကောင်... လူယုတ်မာ"
အမျိုးသမီးက ငိုကြွေးရင်း ကျိန်ဆဲနေသော်လည်း မည်သူ့ကို ကျိန်ဆဲနေမှန်း မသိရပေ။
ဝိုင်းအုံကြည့်ရှုနေကြသော အသက်ရှင်ကျန်ရစ်သူများမှာ ဝမ်းနည်းကြေကွဲသွားကြ၏။
သူတို့၏ အနာဂတ်ကို ကြိုတင်မြင်တွေ့နေရသကဲ့သို့ ရှိသည်။
ချန်းရီ၏ စိတ်ခံစားချက်သည်လည်း အနည်းနှင့်အများတော့ ထိခိုက်သွားခဲ့သည်။
သူသာ လမ်းစဉ် အစွမ်းကို နိုးကြားလာခြင်း မရှိခဲ့လျှင်၊ လုံလောက်သော ရိက္ခာပစ္စည်းများကို ပိုင်ဆိုင်မထားခဲ့လျှင် ကားအမိုးကို အဆင့်မြှင့်တင်မထားခဲ့လျှင်။
သူ ကိုယ်တိုင်လည်း မနေ့ညက အအေးပတ်ပြီး သေဆုံးသွားခဲ့လောက်ပြီ ဖြစ်သည်။
ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ကြီးတွင် သေဆုံးခြင်းဆိုသည်မှာ အလွန် ရိုးရှင်းသော ကိစ္စတစ်ခုသာ ဖြစ်နေတော့၏။
ရင်းနှီးသော အသက်ရှင်ကျန်ရစ်သူများက သဲကန္တာရပေါ်တွင် တွင်းကြီးတစ်တွင်းတူးကာ အမျိုးသား၏ ရုပ်အလောင်းကို သဲများထဲသို့ ဖြစ်သလို မြှုပ်နှံလိုက်ကြသည်။
အမျိုးသမီးက အမျိုးသား၏ သဲသင်္ချိုင်းရှေ့တွင် ရပ်ကာ မျက်ရည်များ အဆက်မပြတ် ကျဆင်းနေသည်။
သို့သော် ချန်းရီ၏ အကြည့်များကမူ ထိုဆိုင်ကယ်ပေါ်သို့ ကျရောက်နေခဲ့၏။
ထိုအမျိုးသား သေဆုံးသွားသော်လည်း သူ၏ ဆိုင်ကယ်က ရှိနေသေးသည်။
ဒီဆိုင်ကယ်ကို အသုံးပြုပြီး သူ၏ သုံးဘီးဆိုင်ကယ်ကို အဆင့်မြှင့်တင်နိုင်ကောင်း မြှင့်တင်နိုင်ပေလိမ့်မည်။
ယခုအခါ သုံးဘီးဆိုင်ကယ်သည် အင်ဂျင်တစ်လုံးတည်းကိုသာ အားကိုးနေရသဖြင့် မြင်းငယ်လေးက လှည်းကြီးကို ဆွဲနေရသကဲ့သို့ ခံစားနေရသည်။
တနေ့ညက မိုးရွာသောညသည် အကောင်းဆုံး သက်သေပင် ဖြစ်၏။
သူ၏ သုံးဘီးဆိုင်ကယ်မှာ ထိုဘီးလေးလုံးတပ် ကားများကို လုံးဝ ယှဉ်ပြေးနိုင်စွမ်း မရှိခဲ့ပေ။
ဘီးနှစ်လုံးတပ် ဆိုင်ကယ်များကိုပင် ယှဉ်ပြေးနိုင်စွမ်း မရှိခဲ့ချေ။
သုံးဘီးဆိုင်ကယ်၏ အရွယ်အစားမှာ အလွန် ကြီးမားလွန်းလှပြီး ရိက္ခာပစ္စည်းများကလည်း အလွန် များပြားနေသည်။
သို့သော် ထိုအမျိုးသမီး၏ လက်ရှိ အခြေအနေကို ကြည့်ရသည်မှာ သူမနှင့် ဆိုင်ကယ်အကြောင်း သွားပြောရန် အနည်းငယ် မသင့်တော်သေးပေ။
အနည်းဆုံးတော့ ညအချိန်ရောက်သည်အထိ စောင့်ရပေလိမ့်မည်။
...
နံနက် ကိုးနာရီ။
ယာဉ်တန်းက အချိန်မီ ထွက်ခွာလာခဲ့ကြသော်လည်း သွားရမည့် ခရီးပန်းတိုင်ကိုမူ အတိအကျ မသိရပေ။
လွန်ခဲ့သော ရက်အနည်းငယ်က ဆူညံပွက်လောရိုက်နေခဲ့သည်နှင့် နှိုင်းယှဉ်လျှင် ယနေ့ ယာဉ်တန်းမှာမူ အလွန် တိတ်ဆိတ်နေသည်။
ခေါင်းဆောင် ချူချယ်၏ အဆင့်မြှင့်တင်ထားသော ကားကိုယ်ထည်ပေါ်တွင် ကြီးမားသော စာလုံးနှစ်လုံး ထင်ရှားစွာ တိုးလာခဲ့ပြီး အနီရောင် ဆေးသုတ်တံဖြင့် ရေးသားထားသော "တရားမျှတမှု" ဟူသည့် စာလုံးနှစ်လုံးပင် ဖြစ်သည်။
လက်ရေးမှာ စောင်းရွဲ့နေသော်လည်း အနည်းဆုံးတော့ မည်သည့်စာလုံး ရေးထားသည်ကို ဖတ်၍ရနိုင်သေး၏။
အစက ခေါင်းဆောင်ချူက ခြေတံရှည်ကောင်မလေး၏ လမ်းကြမ်းမောင်းကားပေါ်တွင်ပါ ရေးသားရန် ရည်ရွယ်ထားခဲ့သော်လည်း ကောင်မလေးက ပြတ်သားစွာ ငြင်းဆန်ခဲ့သည်။
ထို့ကြောင့် ခေါင်းဆောင်ချူက လူသန်ကြီး ထယ်ရှီး၏ ဘတ်စ်ကားပေါ်တွင်သာ ရေးသားခဲ့ရသည်။
ကျိုး ညီအစ်မများနှင့် လုမြို့မှ ထွက်ပြေးလွတ်မြောက်လာသော ကားငယ်လေးပင်လျှင် စာရေးခံရမည့် ကံကြမ္မာမှ မလွတ်မြောက်ခဲ့ပေ။
ခရီးစတင် ထွက်ခွာချိန်တွင် သဲကန္တာရ၏ အပူချိန်မှာ အနည်းငယ် ပူပြင်းလာခဲ့ပြီ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် မနေ့က အဆင့်မြှင့်တင်ထားသော ကားအမိုးက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာခဲ့၏။
ချန်းရီက ဆိုင်ကယ်လက်ကိုင်ကို ကိုင်ထားရင်း ခေါင်းပေါ်ရှိ နေကာမိုးမှ ကြီးမားသော အရိပ်ကြီးတစ်ခုကို ကျရောက်စေသဖြင့် ချန်းရီအတွက် များစွာ သက်သာစေခဲ့သည်။
ထယ်ရှီးက ချန်းရီကို ဘတ်စ်ကားပေါ်သို့ တက်ရန် ဖိတ်ခေါ်ခဲ့ဖူးသည်။
သို့သော် ချန်းရီက သိမ်မွေ့စွာဖြင့် ငြင်းဆန်ခဲ့သည်။
အကယ်၍ ဘတ်စ်ကားပေါ်သို့ တကယ် တက်သွားခဲ့ပါက သက်တောင့်သက်သာ ရှိမည်ဖြစ်သော်လည်း သူ၏ အဆင့်မြှင့်တင်ရေး စနစ်၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။
ထို့ပြင် သူ၏ ပိုင်ဆိုင်မှု ပစ္စည်းအားလုံးကိုပါ အပ်နှံရမည်ဖြစ်ရာ ထိုကိစ္စကိုမူ တွေးပင် မတွေးရဲစရာပင်။
ကားအမိုးကို အဆင့်မြှင့်တင်ပြီးနောက်တွင် သုံးဘီးဆိုင်ကယ်၏ အလေးချိန်မှာ အနည်းဆုံး ပိဿာဆယ်ဂဏန်းခန့် တိုးလာခဲ့ပြီး မနေ့က ဝေစုရထားသော ရိက္ခာပစ္စည်းများကိုပါ ထပ်ပေါင်းလိုက်လျှင် ပို၍ပင် လေးလံလာခဲ့သည်။
သုံးဘီးဆိုင်ကယ်မှာ အလေးချိန် အတော်အတန် တိုးလာခဲ့၏။
ထို့အပြင် ကားအမိုးကြောင့် ဖြစ်ပေါ်လာသော လေတိုက်ခိုက်မှု ဒဏ်ကလည်း ရှိသေးသည်။
ချန်းရီက လီဗာကို အဆုံးထိ တင်မောင်းလျှင်တောင်မှ ရှေ့မှ ယာဉ်တန်းကို မီအောင် လိုက်နိုင်စွမ်း မရှိခဲ့ပေ။
ယခု ယာဉ်တန်းထဲတွင် စက်ဘီးစီးသူများ မရှိတော့သလို ခြေလျင်လျှောက်သူများလည်း မရှိတော့ပေ။
ထို့ကြောင့် ချန်းရီက ယာဉ်တန်းထဲတွင် နောက်ဆုံးမှ ကျန်ရစ်နေသူ ဖြစ်လာခဲ့သည်။
ထိုအချိုးမပြေသော အဘိုးအို၏ သက်ကြီးရွယ်အိုသုံး လျှပ်စစ်စက်ဘီးလေးပင်လျှင် ချန်းရီ၏ သုံးဘီးဆိုင်ကယ်ထက် ပိုမြန်နေသေး၏။
ကံကောင်းသည်မှာ သဲကန္တာရ လမ်းမကြီး၏ လမ်းအခြေအနေက မဆိုးလှပေ။ လမ်းပိုင်းအများအပြားကို သဲမှုန့်များ ဖုံးလွှမ်းနေသော်လည်း သွားစရာ လမ်းရှိနေသေးသဖြင့် အနည်းငယ် အခက်အခဲ ဖြစ်စေရုံသာ ရှိသည်။
အကယ်၍ သဲကန္တာရထဲတွင် တကယ် မောင်းနှင်ရမည်ဆိုပါက ချန်းရီ၏ ဤသုံးဘီးဆိုင်ကယ်မှာ သေချာပေါက် ဒုက္ခရောက်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ဆိုင်ကယ်က အနိမ့်အမြင့်ရှိသော လမ်းပိုင်းများကို ဖြတ်သန်းသွားသည့် အခါတိုင်း ဆိုင်ကယ်ကိုယ်ထည်မှာ ပြုတ်ထွက်တော့မည့်အလား ဘယ်ညာ ယိမ်းထိုးနေပြီး နောက်တစ်စက္ကန့်တွင်ပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့မည့်ပုံ ပေါက်နေသည်။
ဤအချက်က ချန်းရီအား သူ၏ ဆိုင်ကယ်သည် လမ်းပေါ်တွင် အချိန်မရွေး ပျက်သွားနိုင်ကြောင်း မဖြစ်မနေ စိုးရိမ်လာစေခဲ့၏။
အစတုန်းက သတ်ဖြတ်မှတ်များကို ချွေတာရန်အတွက် ချန်းရီသည် ဤဆိုင်ကယ်၏ ကိုယ်ထည်ကို အဆင့်မြှင့်တင်ရန် လုံးဝ မစဉ်းစားခဲ့ဘဲ သုံးလို့ရလျှင် ပြီးရောဆိုပြီးသာ ထားခဲ့ခြင်း ဖြစ်သည်။
ဆိုင်ကယ်ကို အဆင့်မြှင့်တင် ပြုပြင်ပြောင်းလဲလာသည်နှင့်အမျှ အောက်ခံ ကိုယ်ထည်၏ ပြဿနာများကလည်း ပိုမို ဆိုးရွားလာခဲ့သည်။
ဆိုင်ကယ်ကို နောက်တစ်ကြိမ် အဆင့်မြှင့်တင်ရန်မှာ အရေးတကြီး လိုအပ်နေပြီ ဖြစ်၏။
ချန်းရီက ထိုဆိုင်ကယ်ကို မည်သို့ ရယူရမည်နည်းဟု အစီအစဉ်ဆွဲနေစဉ်မှာပင် ခေါင်းဆောင် ချူချယ်၏ လမ်းကြမ်းမောင်းကားဆီမှ ဟွန်းတီးသံကို ကြားလိုက်ရသည်။
"သတိထား... သတိထား... ရှေ့မှာ တစ်ခုခု ဖြစ်နေတယ်"
"ရှေ့မှာ တစ်ခုခု ရှိနေတယ်"
"အားလုံး အသင့်ပြင်ထားကြ"
ချန်းရီက မျက်လုံးကို ကျဉ်းကာ ရှေ့သို့ ကြည့်လိုက်ရာ ယာဉ်တန်း၏ အရှေ့တည့်တည့် လမ်းပေါ်တွင် ကားဆယ်စီးကျော်ခန့် ရပ်တန့်နေသည်ကို မြင်လိုက်ရသည်။
"ဒါက အခြားယာဉ်တန်းတစ်ခုနဲ့ သွားတွေ့တာလား"
ဤကမ္ဘာပေါ်တွင် အခြားယာဉ်တန်းများ ရှိနေသေးကြောင်းကို အစောကတည်းက သိထားခဲ့သော်လည်း ယခုလို ချက်ချင်း ဆုံတွေ့ရလိမ့်မည်ဟုတော့ မျှော်လင့်မထားခဲ့ပေ။
ဆက်ရန်...