← Chapters

အခန်း ၅၀

Vol. 3 Ch. 50

အခန်း ၅၀

Vol. 3 Ch. 50

အပိုင်း(၅၀) ကားပြောင်းရတော့မည်

ယာဉ်တန်း၏ အသံချဲ့စက်ထဲမှ ထိုစကားသံ ထွက်ပေါ်လာချိန်တွင် ယာဉ်တန်းတစ်ခုလုံး၌ တင်းမာသော လေထုက ချက်ချင်း လွှမ်းမိုးသွားသည်။

ယာဉ်တန်း၏ အမြန်နှုန်းကလည်း ချက်ချင်း လျော့ကျသွား၏။

ကျိုးရှောင်ရှောင်က ကားနောက်ခန်းထိုင်ခုံအောက်မှ ဘေ့စ်ဘောတုတ်တစ်ချောင်းကို ယူလိုက်ပြီး ရှေ့သို့ စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။

သို့သော် ရှေ့တွင် ဘတ်စ်ကားကြီးက ပိတ်ဆို့နေသဖြင့် ရှေ့အခြေအနေကို သေချာ မမြင်ရပေ။

"အမ"

"ဘာမှမဖြစ်ပါဘူး... ယာဉ်တန်းထဲမှာ ခေါင်းဆောင်ချူ ရှိတယ်... နာနာ ရှိတယ်... ပြီးတော့... ချန်းရီလည်း ရှိသေးတယ်... သူတို့က လမ်းစဉ်အစွမ်းပိုင်ရှင်တွေလေ... ဘာမှမဖြစ်လောက်ပါဘူး"

ကျိုးလန်လည်း အနည်းငယ် စိုးရိမ်ထိတ်လန့်နေသည်။

ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် မိမိတို့ ယာဉ်တန်းတစ်ခုတည်းသာ ရှိနေမည်မဟုတ်ဘဲ အခြားသော အသက်ရှင်ကျန်ရစ်သူများလည်း သေချာပေါက် ရှိနေဦးမည်ကို ကျိုးလန် စောစောကတည်းက ခန့်မှန်းမိပြီး ဖြစ်သည်။

သို့သော် အခြား အသက်ရှင်ကျန်ရစ်သူများနှင့် ဤမျှ မြန်မြန်ဆန်ဆန် တွေ့ဆုံရလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။

သို့သော်... အခြားအသက်ရှင်ကျန်ရစ်သူများနှင့် တွေ့ဆုံရခြင်းသည် ဝမ်းသာစရာကိစ္စတစ်ခုတော့ မဟုတ်ပေ။

ချန်းရီက ခေါင်းဆောင်ချူ၏ အသံချဲ့စက်မှ အသံကို ကြားလိုက်ရချိန်တွင် သူ၏ သုံးဘီးဆိုင်ကယ် အမြန်နှုန်းကို ချက်ချင်း လျှော့ချလိုက်ပြီး ခါးတွင် ချိတ်ဆွဲထားသော လက်ကိုင်ဒူးလေးကို ဖြုတ်ယူလိုက်သည်။

ဘယ်ဘက်လက်က ဆိုင်ကယ်လက်ကိုင်ကို ထိန်းထားပြီး ညာဘက်လက်တစ်ဖက်တည်းဖြင့် ဒူးလေးကြိုးကို စတင် တင်လိုက်သည်။

"ထောက်"

ဝန်ပိနေသည်မှာ ကြာပြီဖြစ်သော ဒူးလေးကြိုးက အသံနှင့်အတူ ပြတ်တောက်သွားတော့သည်။

နှမြောနေရန် အချိန်မရလိုက်ဘဲ လက်ကိုင်ဒူးလေးကို ဘေးသို့ ပစ်ချလိုက်ကာ ခါးရှိ ဓားမကို ဆွဲထုတ်လိုက်သည်။

ကျိုး ညီအမနှစ်ယောက်ကဲ့သို့ပင် အခြားယာဉ်တန်းတစ်ခု ရှိနေကြောင်း ကြားလိုက်ရချိန်တွင် ချန်းရီသည်လည်း ချက်ချင်း သတိဝီရိယ ထားလိုက်သည်။

ဤကမ္ဘာပျက်ကပ်တွင် တစ်ခါတစ်ရံ၌ လူတွေက ထူးဆန်းသောအရာများထက် ပို၍ပင် ကြောက်စရာကောင်းနေတတ်သည်။

ယာဉ်တန်းတစ်ခုလုံးသည် အလွန်အမင်း သတိဝီရိယရှိစွာဖြင့် စောင့်ကြည့်နေကြသည်။

ချန်းရီ၏ အဆင့်မြှင့်တင်ထားသော ညာဘက်မျက်လုံးက ပုံမှန်မဟုတ်သည်ကို လျင်မြန်စွာ သတိထားမိလိုက်သည်။

စောစောက အသံချဲ့စက်သံကို တစ်ဖက်ယာဉ်တန်းက သေချာပေါက် ကြားရမည် ဖြစ်သည်။

သို့သော် တစ်ဖက်တွင် မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။

ထူးဆန်းသောအရာများများ ဖြစ်နေမလား။

မဖြစ်နိုင်ဘူး။

အကယ်၍ ထူးဆန်းသောအရာသာ ဖြစ်နေမည်ဆိုပါက ချူချယ်က ယာဉ်တန်းကို ရှေ့ဆက်ခေါ်သွားမည် မဟုတ်ပေ။

ရှေ့မှ အခြေအနေက ပို၍ ရှင်းလင်းလာသည်။

နောက်ဆုံးတွင် သေချာ မြင်လိုက်ရပြီ ဖြစ်သည်။

ရှေ့တွင် ယာဉ်တန်းတစ်ခု အမှန်တကယ် ရှိနေသည်။

ကားအစီးရေ ဆယ်ဂဏန်းခန့် ရှိမည်ဟု ခန့်မှန်းရပြီး ရှေ့ဆုံးမှ ကားသည် လမ်းကြမ်းမောင်းကားတစ်စီး ဖြစ်ပုံရကာ ကားလမ်းဘေးရှိ သဲကန္တာရထဲတွင် တစ်စီးလုံး မှောက်လျက်သား ဖြစ်နေပြီး ကားကိုယ်ထည် တစ်ဝက်ခန့်မှာ သဲများထဲသို့ နစ်ဝင်နေသည်။

ကျန်ရှိနေသော ကားများမှာမူ တစ်စီးနှင့်တစ်စီး ပူးကပ်နေကြပြီး နောက်မှ ဝင်တိုက်မိသည့် ယာဉ်တိုက်မှုများ အသီးသီး ဖြစ်ပွားထားပုံရသည်။

၎င်းသည် ကြီးမားလှသော ယာဉ်တိုက်မှု မြင်ကွင်းကြီး တစ်ခုပင် ဖြစ်သည်။

ကားအစီးအချို့မှာ မီးလောင်ထားပုံရပြီး မည်းနက်နေသည်။

ကားအစီးပေါင်း ဆယ်နှင့်ချီ၍ သဲကန္တာရလမ်းမကြီးပေါ်တွင် ပိတ်ဆို့နေကြသည်။

သဲကန္တာရ၏ အပူရှိန်ကြောင့် အဝေးမှ ယာဉ်တိုက်မှု မြင်ကွင်းမှာ မှုန်ဝါးဝါး ဖြစ်နေ၏။

ယခုအချိန်၌ အပြင်ဘက် အပူချိန်မှာ အနည်းဆုံး စင်တီဂရိတ် (၄၀) ဒီဂရီကျော်ခန့် ရှိနေမည် ဖြစ်သည်။

တရားမျှတမှု ယာဉ်တန်း၏ လှုပ်ရှားသံများက ယာဉ်တိုက်မှု မြင်ကွင်းဘက်မှ မည်သည့် တုံ့ပြန်မှုကိုမျှ ထွက်ပေါ်လာစေခြင်း မရှိပေ။

ထိုယာဉ်တန်းတွင် လူရိပ်လူယောင် တစ်ခုမျှပင် မတွေ့ရချေ။

ချန်းရီက မျက်မှောင်ကြုတ်လိုက်သည်။

ဤအခြေအနေက အလွန် ပုံမှန်မဟုတ်ပေ။

ထို့နောက် ချူချယ်၏ ကားကလည်း ရပ်တန့်သွားသည်။

အခြားကားများလည်း အသီးသီး ရပ်တန့်သွားကြ၏။

ခြေဗလာနှင့် လူငယ်က ကားပေါ်မှ ဆင်းလာပြီး ချန်းရီဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ကာ အဝေးသို့ ဆက်ကြည့်နေသည်။

လူငယ်က မြေပြင်ပေါ်မှ သဲတစ်ဆုပ်ကို ကောက်ယူကာ ပါးစပ်ထဲ ထည့်ပြီး ဝါးစားလိုက်သည်။

လမ်းပြသူ၏ စွမ်းရည်တစ်မျိုးမျိုးကို အသုံးပြုလိုက်ခြင်း ဖြစ်ပုံရသည်။

ချန်းရီက သုံးဘီးဆိုင်ကယ်ကို ရပ်လိုက်ပြီး ဘောင်းဘီတိုနှင့် နေကာအင်္ကျီကို ဝတ်ဆင်ကာ ချူချယ်ထံသို့ လျှောက်သွားလိုက်သည်။

နာနာနှင့် ထယ်ရှီးတို့လည်း သူတို့၏ ကားများပေါ်မှ အသီးသီး ဆင်းလာကြသည်။

"ခေါင်းဆောင်... အခြေအနေ ဘယ်လိုရှိလဲ"

နေကာဦးထုပ်နှင့် နေကာမျက်မှန်ကို တပ်ဆင်ထားသော ခြေတံရှည် ကောင်မလေး၏ အသံမှာ အနည်းငယ် စိတ်ရှုပ်နေပုံရသည်။

ကားထဲမှ အဲကွန်းနှင့် ဝေးကွာသွားသူ မည်သူမဆို စိတ်ရှုပ်သွားမည်မှာ သေချာလှသည်။

သို့တိုင်အောင် ထိုကောင်မလေး၏ လက်က ခါးရှိ ဓားလက်ကိုင်ရိုးဆီမှ ခွာမသွားခဲ့ပေ။

ချန်းရီက ကောင်မလေး၏ မျက်နှာပေါ်ရှိ နေကာမျက်မှန်နှင့် နေကာဦးထုပ်တို့ကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး အနည်းငယ် အားကျသွားမိသည်။

ဤမျှ ပြင်းထန်သော နေရောင်ခြည်အောက်တွင် နေကာမျက်မှန်နှင့် နေကာဦးထုပ် တစ်လုံး ရှိနေခြင်းကပင်လျှင် ကြီးမားလှသော ကံကောင်းမှုတစ်ခု ဖြစ်သည်။

ချူချယ်က မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်သည်။ "မင်းတို့အားလုံး မြင်တဲ့အတိုင်းပဲ... ရှေ့မှာ ယာဉ်တိုက်မှုဖြစ်ထားတဲ့ ယာဉ်တန်းတစ်ခု ရှိနေတယ်... ငါတို့ သွားလို့မရတော့ဘူး"

"ထူးဆန်းတဲ့အရာ ရှိနေလို့လား"

ကောင်မလေး၏ မျက်လုံးများတွင် သတိဝီရိယတို့ ပြည့်နှက်သွားသည်။

ရှေ့ရှိ ယာဉ်တန်းအခြေအနေကို သူမ မြင်တွေ့ထားပြီး မိမိတို့ဘက်မှ ထွက်ပေါ်လာသော အသံများကလည်း မတိုးလှသော်လည်း ရှေ့မှ မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။

ပြဿနာ တစ်စုံတစ်ရာ မရှိဘူးဆိုလျှင် မည်သူမျှ ယုံကြည်မည် မဟုတ်ချေ။

ချူချယ်က ခေါင်းခါယမ်းလိုက်သည်။ "ထူးဆန်းတဲ့အရာတွေ မရှိဘူး"

"ဒါဆိုလည်း လွယ်လွယ်လေးပဲ... ရှောင်ဖူ... သွားကြည့်လိုက်စမ်း"

ထယ်ရှီးက ဩရှရှအသံကြီးဖြင့် ပြောလိုက်သည်။

ပထမ စကားတစ်ပိုင်းက လူအုပ်ကို ပြောခြင်းဖြစ်ပြီး နောက်တစ်ပိုင်းကမူ ဘတ်စ်ကားထဲသို့ လှည့်ကာ အော်ပြောလိုက်ခြင်း ဖြစ်သည်။

မျက်မှန်တပ်ထားသော တက္ကသိုလ်ကျောင်းသားလေးက ဘတ်စ်ကားပေါ်မှ ဆင်းလာပြီး ဆိုင်ကယ်တစ်စီးကို ခွစီးကာ ရှေ့သို့ လျင်မြန်စွာ မောင်းနှင်သွားသည်။

ထိုဆိုင်ကယ်ကို ချန်းရီ မှတ်မိနေသည်။ ယနေ့ မနက်က ဆိုင်ကယ်ပင် ဖြစ်သည်။

သို့သော် ထိုဆိုင်ကယ်က တက္ကသိုလ်ကျောင်းသားလေး၏ လက်ထဲသို့ မည်သို့ ရောက်ရှိသွားသည်ကိုတော့ သူ မသိပေ။

မကြာမီမှာပင် ရှောင်ဖူ ပြန်ရောက်လာပြီး သူ၏ မျက်နှာပေါ်တွင် အလွန် ထူးဆန်းသော အမူအရာတစ်ခု ရှိနေ၏။

"ရှောင်ဖူ... ရှေ့အခြေအနေ ဘယ်လိုလဲ"

"အစ်ကိုထယ်... ခေါင်းဆောင်... အမနာနာ... အစ်ကိုရီ... ရှေ့ကကားတွေထဲမှာ လူတစ်ယောက်မှ မရှိဘူးဗျ"

ဖြူစင်အပြစ်ကင်းပုံရသော တက္ကသိုလ်ကျောင်းသားလေးက ထိုနေရာရှိ လူအားလုံးကို အသီးသီး ခေါ်ဝေါ်နှုတ်ဆက်ပြီးမှ သူ မြင်တွေ့ခဲ့ရသော အခြေအနေကို ပြောပြလေသည်။

"ရှေ့မှာ လူမရှိဘူး ဟုတ်လား... အလောင်းတောင် မရှိဘူးလား"

"မရှိဘူး... ကားတွေအကုန်လုံးထဲမှာ လူတစ်ယောက်မှကို မရှိတာ"

ရှောင်ဖူက သူ မြင်တွေ့ခဲ့ရသည့် အခြေအနေကို ပြန်ပြောပြသည်။

ထိုနေရာရှိ လူအားလုံး အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်မိကြသည်။

"ကျွန်တော်တို့ကိုယ်တိုင် သွားကြည့်ကြမလား"

ချန်းရီက ဆေးလိပ်ကို ကိုက်ထားရင်း ပြောလိုက်သည်။

"ဒီလိုပဲ လုပ်ရတော့မှာပေါ့"

လူအားလုံး ကိုယ့်ကားပေါ် ကိုယ် ပြန်တက်သွားကြသည်။

ယာဉ်တန်းက လျင်မြန်စွာ ပြန်လည် စတင်လိုက်ပြီး ရှေ့သို့ ဖြည်းညင်းစွာ ရွေ့လျားသွားသည်။ အားလုံးက သတိထားမှု အနည်းငယ်၊ စူးစမ်းလိုစိတ် အနည်းငယ်နှင့် လောဘစိတ် အနည်းငယ်တို့ကို ကိုယ်စီ ပိုက်ထွေးထားကြ၏။

ချန်းရီကမူ ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

အကယ်၍ ရှေ့ရှိ ယာဉ်တန်းတွင် အမှန်တကယ် လူမရှိဘူး ဆိုပါက သူ ကားတစ်စီး ပြောင်းစီးလို့ ရနိုင်ပြီ မဟုတ်ပါလော။

သူ၏ သုံးဘီးဆိုင်ကယ်ကို အဆင့်မြှင့်တင်ထားသည်က မဆိုးလှသော်လည်း ဘီးလေးဘီးပါသော လမ်းကြမ်းမောင်းကားနှင့် ယှဉ်လျှင်တော့ အများကြီး ကွာခြားနေဆဲ ဖြစ်သည်။

အကယ်၍ လမ်းကြမ်းမောင်းကား တစ်စီးကိုသာ ရရှိပြီး အဆင့်မြှင့်တင်နိုင်မည် ဆိုပါက၊ စဉ်းစားကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။

ယာဉ်တိုက်မှု မြင်ကွင်းနှင့် ပေ (၁၆၀) ခန့် အကွာသို့ ရောက်သောအခါ ယာဉ်တန်းက ရပ်တန့်သွားသည်။

ထယ်ရှီးက အရင်ဆုံး ဆင်းလာသည်။

ဧရာမ ခန္ဓာကိုယ်ကြီးက ယာဉ်တိုက်မှု မြင်ကွင်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားရာ မြင်တွေ့ရသူများအတွက် စိတ်ကူး၍ပင် မရနိုင်သော လုံခြုံမှု ခံစားချက်ကို ပေးစွမ်းနေ၏။

ခြေတံရှည် ကောင်မလေးက မည်သည့်အချိန်က လမ်းကြမ်းမောင်းကား ခေါင်မိုးပေါ်သို့ ရောက်သွားမှန်း မသိရဘဲ သူမ၏ လက်က ခါးရှိ ဓားကို ဆုပ်ကိုင်ထားကာ မမျှော်လင့်ထားသော အခြေအနေများကို အချိန်မရွေး ရင်ဆိုင်ရန် အသင့်ပြင်ထားသည်။

စောစောက ရှောင်ဖူ သွားရောက် စုံစမ်းထားခဲ့သော်လည်း မိမိတို့ အဖွဲ့ နီးကပ်သွားချိန်တွင် မည်သို့ ဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။

ဤကဲ့သို့သော သတိထားမှုမျိုးသာ မရှိခဲ့ပါက သူတို့ ယာဉ်တန်း ပျက်စီးသွားခဲ့သည်မှာ ကြာပြီ ဖြစ်ပေလိမ့်မည်။

ချန်းရီက ဆေးလိပ်ကို အားပါးတရ ဖွာရှိုက်လိုက်ရာ ဟွာဇီး တစ်လိပ်မှာ တစ်ဝက်နီးပါး ကုန်သွားသည်။

ပြင်းရှသော ဆေးလိပ်ငွေ့များက နှာခေါင်းထဲမှ မှုတ်ထုတ်လိုက်ရာ မကြာမီမှာပင် ပတ်ဝန်းကျင်၌ ဝေဝါးသော အခိုးအငွေ့များ ဖြစ်ပေါ်လာသည်။

ကြောင်ကလေး တစ်ကောင်၏ အော်သံက ထိုအခိုးအငွေ့များကြားမှ ထွက်ပေါ်လာ၏။

ချန်းရီ၏ ညာဘက်မျက်လုံးက အဝေးရှိ ဧရာမ အရိပ်ကြီးကို စူးစိုက်ကြည့်နေသည်။

ထိုလူသန်ကြီးက မိမိတို့ဘက်သို့ လုံခြုံကြောင်း အချက်ပြလိုက်သည်ကို မြင်တွေ့လိုက်ရသောအခါ ချန်းရီ၏ စိတ်က နောက်ဆုံးတွင် ပေါ့ပါးသွားတော့သည်။

ထို့နောက် စိတ်လှုပ်ရှားမှုများက အလျင်အမြန် လွှမ်းမိုးလာပြန်သည်။

ဤမျှများပြားသော ကားများထဲတွင် သူနှင့် သင့်တော်သော ကားတစ်စီးကို ရကောင်း ရနိုင်ပေသည်။

ထိုသို့ဆိုလျှင် သူ ဤသုံးဘီးဆိုင်ကယ် အစုတ်ကြီးကို ဆက်စီးနေစရာ မလိုတော့ပေ။

သူလည်း နောက်ဆုံးတော့ ကားပိုင်ရှင် တစ်ယောက် ဖြစ်လာတော့မည်။

စဉ်းစားကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။

ဆက်ရန်...

All Chapters