← Chapters

အခန်း ၅၁

Vol. 3 Ch. 51

အခန်း ၅၁

Vol. 3 Ch. 51

အပိုင်း(၅၁) အရန်အစီအစဉ်

ယခုကဲ့သို့သော ကမ္ဘာပျက်ကပ် အခြေအနေမျိုးတွင် ကောင်းမွန်သော ကားတစ်စီး၏ အသုံးဝင်မှုက အစားထိုး၍ မရနိုင်ပေ။

လမ်းပြသူလမ်းစဉ်မှ အစွမ်းပိုင်ရှင်က ယာဉ်တန်းကို ဦးဆောင်ကာ လမ်းတစ်လျှောက် မရပ်မနား ရွှေ့ပြောင်းနေကြရာ၊ ရိက္ခာပစ္စည်းများကို တင်ဆောင်နိုင်ပြီး ခိုလှုံရာလည်း ပေးစွမ်းနိုင်သော အဆင့်မြှင့်တင်ထားသည့် လမ်းကြမ်းမောင်းကားတစ်စီးသည် အသက်ရှင်ကျန်ရစ်သူများ အားကျရဆုံးသော ပိုင်ဆိုင်မှုပင် ဖြစ်သည်။

ယာဉ်တန်းထဲရှိ ထိုအဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကား နှစ်စီးကို လူအများအပြားက အလွန် အားကျနေကြသည်။

တကယ်၍ လက်ရှိ မြို့ကြီးများထဲတွင်သာ ဆိုပါက ပိုင်ရှင်မဲ့ကားတစ်စီး ရရှိရန်မှာ မခဲယဉ်းလှပေ။

သို့သော် မည်သူကမျှ မသွားရဲကြချေ။

လူဦးရေ ထူထပ်လွန်းသော ထိုမြို့ကြီးများသည်ကား ယခုအခါ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေလေပြီ။

ခေါင်းဆောင်ချူက အသက်ရှင်ကျန်ရစ်သူများကို ဦးဆောင်ကာ လမ်းကြောင်းရွေးချယ်သည့်အခါတိုင်း ထိုနေရာများနှင့် တတ်နိုင်သမျှ အဝေးဆုံးကိုသာ ရွေးချယ်လေ့ရှိပြီး အများစုမှာ လူသူကင်းမဲ့ကာ လူအရိပ်အယောင်ပင် ပြတ်လပ်နေသော လမ်းများသာ ဖြစ်ကြသည်။

ထို့ကြောင့် ကားတစ်စီး ရရှိရန်မှာ မလွယ်ကူလှပေ။

သင့်တော်သော ကားတစ်စီး ရရှိရန်မှာဆိုလျှင် ပြောစရာပင် မလိုတော့ချေ။

ရှေ့တွင် ကားအစီးရေ ဆယ်ဂဏန်းခန့် ယာဉ်တိုက်မှု ဖြစ်ပွားထားသည်ကို မြင်လိုက်ရသောအခါ အသက်ရှင်ကျန်ရစ်သူ အများအပြားသည် ချန်းရီကဲ့သို့ပင် စိတ်လှုပ်ရှား တက်ကြွသွားကြသည်။

ကားအစီးရေ ဆယ်ဂဏန်းခန့် ထိုနေရာတွင် ရပ်တန့်နေသည်ဖြစ်ရာ သင့်တော်သည့် ကားတစ်စီးမျှ ရှာမတွေ့နိုင်စရာ အကြောင်းမရှိဟု ယုံကြည်နေကြသည်။

"အရင်သွားနှင့်ပြီဟေ့"

ဆိုင်ကယ်စီးလာသော လူငယ်တစ်ယောက်က ချန်းရီ၏ သုံးဘီးစက်ဘီးဘေးမှ ဝေါခနဲ ဖြတ်မောင်းသွားရင်း ချန်းရီကို မျက်ခုံးပင့်ပြသွားခဲ့သည်။

ရန်စနေသည့်ဟန်လည်း ပေါက်သလို ဂုဏ်ဆာနေသည့်ဟန်လည်း ပေါက်နေ၏။

ယာဉ်တန်းထဲတွင် လမ်းစဉ် အစွမ်းပိုင်ရှင် စုစုပေါင်း လေးယောက်ရှိသည့်အနက် ချန်းရီ၏ သုံးဘီးစက်ဘီးကသာ အစုတ်ချာဆုံးနှင့် အိုဟောင်းဆုံး ဖြစ်နေသည်။

"ကောင်လေး... ကြိုးစားထား... ဒီနေ့ မင်း ကားကောင်းတစ်စီး ရချင်ရသွားနိုင်တယ်... အဘ အရင်သွားနှင့်ပြီနော်"

သက်ကြီးရွယ်အိုသုံး လျှပ်စစ်သုံးဘီးတစ်စီးကလည်း သူ့ဘေးမှ ဝေါခနဲ ဖြတ်ကျော်သွားပြန်သည်။

အကယ်၍ ယခင်ကသာဆိုလျှင် ချန်းရီ၏ သုံးဘီးစက်ဘီးနှင့် အဘိုးအို၏ လျှပ်စစ်သုံးဘီးတို့အနက် မည်သူက ပိုမြန်မည်ကို အတိအကျ ပြောနိုင်မည် မဟုတ်ပေ။

သို့သော် ချန်းရီက ယာဉ်အမိုး တပ်ဆင်လိုက်ပြီးနောက်တွင်မူ လီဗာကို အဆုံးထိ တင်လိုက်လျှင်ပင် အရှိန်က တက်မလာတော့ချေ။

ချန်းရီ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားပြီး သူ၏ မျက်လုံးများထဲတွင် ကောက်ကျစ်သော လှောင်ပြောင်မှု အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။

ဤလူများက လမ်းစဉ် အစွမ်းပိုင်ရှင်ကို အစွမ်းပိုင်ရှင်ဟုပင် သဘောမထားကြတော့ပေ။

စောစောက ချန်းရီဘေးမှ ဖြတ်မောင်းသွားသော ဆိုင်ကယ်၏ ဘီးက ရုတ်တရက် ချော်ထွက်သွားကာ စူးရှသော အော်ဟစ်သံနှင့်အတူ ကားလမ်းဘေးရှိ သဲကန္တာရထဲသို့ တိုက်ရိုက် လိမ့်ကျသွားလေတော့သည်။

ဆိုင်ကယ်က ကားလမ်းမပေါ်တွင် လဲကျသွားပြီး အဘိုးအို၏ လျှပ်စစ်သုံးဘီး ရှေ့လမ်းကို တည့်တည့်ကြီး ပိတ်ဆို့သွား၏။

ထိုလျှပ်စစ်သုံးဘီးလေးက ဘယ်ညာ ယိမ်းနွဲ့ကာ လမ်းပိတ်နေသော ဆိုင်ကယ်ကို အလွန် ပေါ့ပါးလွယ်ကူစွာဖြင့် ကွေ့ရှောင်သွားနိုင်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားမိမည်နည်း။

"ခွေးကောင်လေး... အရမ်း ဂုဏ်ဆာချင်ဦး... အခုတော့ ဝဋ်လည်ပြီ မဟုတ်လား... ဟားဟားဟား... "

ထိုအဘိုးအိုက လဲကျကာ မူးဝေနေသော ဆိုင်ကယ်သမားကို ပါးစပ်သရမ်း၍ လှောင်ပြောင်သွားသေးသည်။

ဆိုင်ကယ်သမားမှာ အလွန် ဒေါသထွက်သွားပြီး ညည်းညူရင်း ဆဲရေးတိုင်းထွာနေတော့သည်။

သုံးဘီးစက်ဘီးကလည်း မြေပြင်ပေါ်တွင် လဲကျနေသော ဆိုင်ကယ်ကို လျင်မြန်စွာ ကွေ့ရှောင်သွားပြီး ရှေ့သို့ ဖြည်းဖြည်းမှန်မှန် ဆက်လက် မောင်းနှင်သွားသည်။

ကားအစီးရေ ဆယ်ဂဏန်းခန့် ပါဝင်သော အကြီးစား ယာဉ်တိုက်မှု ဖြစ်ရပ်မျိုးကို ယခင်က သတင်းများထဲတွင်သာ မြင်တွေ့ဖူးခဲ့ပြီး ၎င်းမှာ သတင်းသက်သက်မျှသာ ဖြစ်သည်ဟု အမြဲ ထင်မှတ်ခဲ့ဖူး၏။

သုံးဘီးစက်ဘီးက အနီးသို့ ရောက်ရှိသွားသောအခါမှသာ ယာဉ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသော တုန်လှုပ်ချောက်ချားဖွယ် အခြေအနေကို ချန်းရီ ခံစားလိုက်ရတော့သည်။

အပြင်းထန်ဆုံး တိုက်မိထားသော ကားအချို့မှာ ပုံပန်းသဏ္ဍာန် လုံးဝ ပျက်စီးနေပြီး ကားတစ်စီး၏ ပုံစံဟုပင် မှတ်မိနိုင်စွမ်း မရှိတော့ပေ။

ကားကိုယ်ထည် အခွံသာ ကျန်တော့သည်အထိ မီးလောင်ကျွမ်းနေသော ကားအချို့လည်း ရှိနေသေးသည်။

သို့သော် လူတစ်ယောက်ကိုမျှ မတွေ့ရချေ။

အသက်ရှင်နေသော လူများကို မဆိုထားနှင့်၊ အလောင်းတစ်လောင်းပင် မရှိပေ။

ဤသည်မှာ အလွန်တရာ ထူးဆန်းကျောချမ်းဖွယ်ကောင်းသော ကိစ္စရပ်တစ်ခု ဖြစ်သည်။

ချန်းရီက သုံးဘီးစက်ဘီးကို သေချာရပ်နားလိုက်ပြီး တာဇီး ဆေးလိပ်တစ်လိပ်ကို မီးညှိကာ မီးခိုးများ မှုတ်ထုတ်လိုက်ရာ သူ့ဘေးပတ်လည်တွင် ဝန်းရံနေသော မီးခိုးငွေ့တိမ်တိုက်များ ပိုမို များပြားလာသည်။

မီးခိုးငွေ့များဖြင့် ဖွဲ့စည်းထားသော ကြောင်ငယ်လေး တစ်ကောင်က သူ၏ ခြေထောက်နားတွင် ရစ်ဝဲနေ၏။

အသက်ရှင်ကျန်ရစ်သူ အချို့က ချန်းရီ၏ အခြေအနေကို သတိထားမိသွားကြပြီး ဤဘက်သို့ ခိုးကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးများထဲတွင် အားကျမှုများနှင့်အတူ ကြောက်ရွံ့မှုများလည်း ပါဝင်နေသည်။

"အမ... ချန်းရီက အထောက်အကူပြု လမ်းစဉ် ဆို... ကြည့်ရတာ နည်းနည်းလေးမှ မတူပါလား"

ကျိုးရှောင်ရှောင်က ချန်းရီ၏ အကြည့်နှင့် ဆုံမိသွားပြီးနောက် အမြန် ခေါင်းလှည့်ကာ အမဖြစ်သူအား လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

ကျိုးလန်ကမူ ချန်းရီကို ဖော်ရွေသော အပြုံးတစ်ခု ပြုံးပြလိုက်ပြီးမှ "မသိဘူးလေ... သူများကိစ္စ ဝင်မပါနဲ့... ငါတို့ သုံးလို့ရမယ့် ရိက္ခာတွေ ရှိမရှိ မြန်မြန်သွားကြည့်ရအောင်"

ညီအမနှစ်ယောက်လည်း ကားကို သေချာရပ်နားလိုက်ပြီး ထိုအကြီးစား ယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာဆီသို့ ခပ်သုတ်သုတ် လျှောက်သွားကြသည်။

ထိုအချိန်တွင် အသက်ရှင်ကျန်ရစ်သူများသည် အမှိုက်ကောက်သမားများကဲ့သို့ မျှော်လင့်ချက် အပြည့်ဖြင့် အသီးသီး ရှာဖွေနေကြသည်။

ချန်းရီက တိုက်မိထားမှု အလွန်အမင်း မပြင်းထန်သော ကားတစ်စီးကို ခရီးသွားရန်အတွက် ရှာဖွေရန် ရည်ရွယ်ထားသည်။

သူ့တွင် စနစ်ရှိသည်ဖြစ်ရာ အလွန်အမင်း မဆိုးရွားသရွေ့ မူလအတိုင်း ပြန်လည် ပြုပြင်နိုင်စွမ်း ရှိသည်။

ယာဉ်တိုက်မှု ဗဟိုချက်ရှိ ထိုကားများကိုတော့ သေချာပေါက် ထည့်တွက်မည် မဟုတ်ပေ။

ချန်းရီ အရင်ဆုံး ချဉ်းကပ်သွားသည်မှာ တံခါးနှစ်ပေါက်ပါသော ဆလွန်းကားငယ်လေး တစ်စီးပင် ဖြစ်သည်။

ဤကားလေးကို ယခင်က အင်တာနက်အသုံးပြုသူများက ငရုတ်သီးငါးခေါင်းဟု နောက်ပြောင် ခေါ်ဝေါ်ခဲ့ကြပြီး ကမ္ဘာပျက်ကပ် မတိုင်မီက ဤငရုတ်သီးငါးခေါင်းလေးသည် နိုင်ငံတစ်ဝန်းလုံးတွင် ရေပန်းစားခဲ့ကာ ကလေးမိခင်များ သို့မဟုတ် ရုံးဝန်ထမ်း အများအပြားက ဤကားလေးကို မောင်းနှင်ရန် နှစ်သက်ခဲ့ကြသည်။

တစ်ခါအားသွင်းလျှင် မိုင်(၆၀)ခန့်သာ သွားနိုင်သော်လည်း ထိုသူများ၏ နေ့စဉ်အသုံးပြုမှုအတွက်တော့ လုံလောက်မှု ရှိပေသည်။

ထို့ကြောင့် ရောင်းအားမှာ အလွန်တရာ ကောင်းမွန်ခဲ့သည်။

ချန်းရီက ဤကားလေးကို သဘောကျရသည့် အဓိကအကြောင်းရင်းမှာ အနီးဆုံးတွင် ရှိနေခြင်းကြောင့်ဖြစ်ပြီး ကားအခြေအနေမှာလည်း အတော်လေး ကောင်းမွန်ကာ တိုက်မိခိုက်မိထားသည့် နေရာဟူ၍ လုံးဝနီးပါး မရှိသောကြောင့် ဖြစ်သည်။

အားသွင်းရမည့် ပြဿနာက အနည်းငယ် ရှုပ်ထွေးသော်လည်း ချန်းရီအတွက်မူ ဖြေရှင်း၍မရနိုင်သော ပြဿနာမျိုး မဟုတ်ပေ။

နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြား နှစ်ချပ်ကို ရှာဖွေပြီး အဆင့်မြှင့်တင်လိုက်ပါက လျှပ်စစ်စွမ်းအင် ပြဿနာကို ဖြေရှင်းနိုင်လောက်သည်။

နောင်တစ်ချိန်တွင် ဓာတ်ဆီရှာဖွေရန် ဒုက္ခခံနေစရာလည်း မလိုတော့ပေ။

ဤသည်က ချန်းရီ သဘောကျရသည့် အချက်တစ်ချက် ဖြစ်သည်။

သို့သော် ဤကားလေး၏ နောက်ဘက်ခန်းမှာ လုံးဝနီးပါး မရှိသဖြင့် နောက်ခုံကိုသာ ပစ္စည်းထားသိုရန် နေရာအဖြစ် အသုံးပြုရမည်ဖြစ်ပြီး ကားအမိုးကလည်း တစ်စိတ်တစ်ပိုင်း ဖြေရှင်းပေးနိုင်ပေသည်။

သူ၏ သုံးဘီးစက်ဘီး၏ ပစ္စည်းတင်ဆောင်နိုင်စွမ်းနှင့် ယှဉ်လျှင်တော့ လုံးဝ နှိုင်းယှဉ်၍ ရမည်မဟုတ်ပေ။

ချန်းရီက အရင်ဆုံး ကြည့်ရုံသာ ကြည့်ချင်သေးပြီး ရွေးချယ်မည်၊ မရွေးချယ်မည်ကိုတော့ နောက်မှ ဆက်ပြောရမည် ဖြစ်သည်။

အခြားသော အသက်ရှင်ကျန်ရစ်သူ အချို့ကလည်း ဤကားလေးကို မျက်စိကျနေကြသော်လည်း ချန်းရီ လျှောက်သွားသည်ကို မြင်လိုက်ရသဖြင့် ထိုသူများမှာ ခြေလှမ်းတန့်သွားပြီး အခြားကားများဆီသို့သာ လျှောက်သွားလိုက်ကြရတော့သည်။

ကားဘေးသို့ လျှောက်သွားပြီး ကားမှန်မှတစ်ဆင့် အတွင်းသို့ ကြည့်လိုက်ရာ ကားခန်းထဲတွင် ဟာလာဟင်းလင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သို့သော် ယာဉ်မောင်းခုံဘေးတွင် နေကာမျက်မှန် တစ်လက် ရှိနေသဖြင့် ချန်းရီ အလွန် ဝမ်းသာသွားရသည်။

နေ့စဉ် သဲကန္တာရထဲတွင် ခရီးသွားနေရရာ နေရောင် တိုက်ရိုက်ကျရောက်မှုက အပူချိန်ကို မြင့်တက်စေရုံသာမက ထိုစူးရှသော နေရောင်က လူကို မျက်စိဖွင့်၍ပင် မရလောက်အောင် ဖြစ်စေတတ်သည်။

လက်လှမ်းကာ ကားတံခါးကို ဆွဲဖွင့်လိုက်သော်လည်း တံခါးလော့ခ်ကျနေသည်ကို တွေ့လိုက်ရ၏။

အဆင့်မြှင့်တင်ခံထားရသော ခန္ဓာကိုယ်က သာမန်လူထက် ကျော်လွန်သော ခွန်အားများကို ပိုင်ဆိုင်ထားသည်။

ချန်းရီက အားတစ်ချက် စိုက်လိုက်ပြီး ကားတံခါးကို အကြမ်းပတမ်း ဆွဲဖွင့်လိုက်သည်။

ပြုတ်ထွက်သွားသော အသံတစ်သံနှင့်အတူ ကားတံခါး ပွင့်သွားလေသည်။

ကားခန်းအတွင်းမှ အပူလှိုင်းတစ်ခု ချက်ချင်း တွန်းထွက်လာပြီး တစ်ချိန်တည်းမှာပင် ပလတ်စတစ်များ လောင်ကျွမ်းနေသော အနံ့တစ်မျိုးလည်း ပါလာသည်။

အဲဒီလောက်အထိ ဂရုမစိုက်နိုင်တော့ဘဲ ချန်းရီက မီးခိုးကြောင်ငယ်လေးကို ကားထဲသို့ တိုက်ရိုက် ဝင်ခိုင်းလိုက်ပြီး ထိုနေကာမျက်မှန်ကို ကိုက်ချီကာ သူ၏ လက်ထဲသို့ ထည့်ခိုင်းလိုက်သည်။

ရက်အနည်းငယ်ကြာ လေ့ကျင့်ပြီးနောက် မီးခိုးကြောင်ငယ်လေးမှာ ဤမျှလောက် ကိစ္စလေးကိုတော့ ကောင်းစွာ လုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။

နေကာမျက်မှန်ကို တပ်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်လုံးများ များစွာ သက်သာသွားသည်ဟု ခံစားလိုက်ရသည်။

စူးရှသော နေရောင်ခြည်ကို တားဆီးပေးလိုက်သဖြင့် မျက်စိရှေ့မှ မြင်တွေ့နေရသော ကမ္ဘာကြီးက များစွာ ပိုမို ရှင်းလင်းသွားသည်။

အကယ်၍ ကမ္ဘာပျက်ကပ် မတိုင်မီကသာဆိုလျှင် နေကာမျက်မှန် တစ်လက်မျှဖြင့် ချန်းရီကို ဤမျှလောက် ပျော်ရွှင်စေနိုင်မည် မဟုတ်ပေ။

သို့သော် ယခုက ကမ္ဘာပျက်ကပ် ဖြစ်နေပြီဖြစ်ရာ ရိက္ခာပစ္စည်း မှန်သမျှက အလွန်တရာ တန်ဖိုးကြီးမားလှပေသည်။

ချန်းရီက ကားထဲသို့ ဝင်ထိုင်လိုက်ပြီး သူ၏ မျက်စိရှေ့ရှိ ဤငရုတ်သီးငါးခေါင်း ကားလေး၏ အခြေအနေကို စက်နှိုး၍ စမ်းသပ်ကြည့်ရန် ပြင်ဆင်လိုက်သည်။

ရလဒ်အနေဖြင့် ကားက မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။

အချိန်ကြာမြင့်လွန်းနေပြီ ဖြစ်သဖြင့် ဤကားလေး၏ ဘက်ထရီက အားကုန်နေပြီး စက်နှိုး၍ မရတော့ကြောင်း သိသာလှသည်။

ချန်းရီ အနည်းငယ် စိတ်ပျက်သွားပြီး ကားထဲတွင် အခြားသော ရိက္ခာပစ္စည်းများ ရှိမရှိသာ လိုက်လံ ရှာဖွေရတော့သည်။

နှမြောစရာကောင်းသည်မှာ မည်သည့် အသုံးဝင်သော ပစ္စည်းကိုမျှ ရှာမတွေ့ခဲ့ပေ။

ချန်းရီက အခြားကားများကို သွားကြည့်ရန် ပြင်ဆင်လိုက်ချိန်မှာပင် သူ၏ စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။

ချန်းရီက ကားပေါ်သို့ လက်တင်လိုက်ရာ သူ၏ မျက်စိရှေ့တွင် စနစ်၏ စာတမ်းတစ်ခု ပေါ်လာ၏။

"စနစ်... ကားရဲ့ အခြေအနေကို စစ်ဆေးပေး"

စနစ်က လျင်မြန်စွာပင် တုံ့ပြန်မှု ပေးလာသည်။

[ကား၏ ကောင်းမွန်မှု အခြေအနေ ၈၉% ရှိပါသည်၊ အခြေခံအားဖြင့် ကောင်းမွန်ပြီး လက်ရှိတွင် ဘက်ထရီ အားကုန်နေသော အခြေအနေ ဖြစ်ပါသည်]

ချန်းရီက အလွန် ကျေနပ်သွားကာ ကားတံခါးကို ပိတ်လိုက်သည်။

ဤငရုတ်သီးငါးခေါင်း ကားလေးက မဆိုးပေ၊ အရန်အစီအစဉ် အနေဖြင့် သတ်မှတ်ထားလိုက်မည်။

အခြားကားများကို သွားကြည့်လိုက်ဦးမည်။

မလှမ်းမကမ်းတွင် ဂျစ်ကားတစ်စီး ရှိနေသေးသော်လည်း ဘေးတိုက် မှောက်ကျနေသည်။

အသက်ရှင်ကျန်ရစ်သူ အချို့က ထိုကားနားတွင် ဝိုင်းအုံနေကြရာ သွားကြည့်လိုက်ပါက အံ့အားသင့်စရာများ ရှိကောင်း ရှိနေနိုင်သည်။

ဆက်ရန်...

All Chapters