အခန်း ၅၂
Vol. 3 Ch. 52
အပိုင်း(၅၂) မထင်မှတ်ထားသော ဝမ်းမြောက်စရာ
ယာဉ်တိုက်မှုဖြစ်ပွားရာ နေရာတွင် ကားအစီးပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေပြီး ၎င်းတို့ထဲတွင် ဇိမ်ခံကားတချို့လည်း ပါဝင်သည်။
ချန်းရီက ထိုကားများထဲတွင် နန်ဇီကားတစ်စီးကိုပင် မြင်တွေ့လိုက်ရပြီး ယခင်က ရုပ်မြင်သံကြား သို့မဟုတ် ဖုန်းထဲတွင်သာ မြင်ဖူးခဲ့သော ကားအချို့လည်း ပါဝင်နေ၏။
သို့သော် ထိုကားများအားလုံးမှာ အဆိုးရွားဆုံး ပျက်စီးနေကြပြီ ဖြစ်သည်။
တန်ဖိုးအားဖြင့် ယွမ်ဆယ်သန်းကျော် တန်ကြေးရှိသော ထိုနန်ဇီကားမှာ ကားခေါင်းပိုင်းတစ်ခုလုံး ကြေမွပျက်စီးနေပြီး ချန်းရီက အဝေးမှ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤကားကို ပြင်ဆင်လိုပါက သတ်ဖြတ်မှတ် သောင်းချီမရှိဘဲ လုံးဝ စဉ်းစား၍မရနိုင်ကြောင်း သိလိုက်သည်။
ကားရွေးချယ်မည်ဆိုပါက အသုံးအဝင်ဆုံးကို ရွေးချယ်ရမည်ဖြစ်ပြီး စွမ်းဆောင်ရည် အားကောင်းခြင်း၊ ပစ္စည်းထည့်ရန် နောက်ဖုံးကျယ်ဝန်းခြင်း၊ ခိုင်ခံ့မှုရှိခြင်းနှင့် ဆီစားသက်သာခြင်းတို့ ရှိရန် အကောင်းဆုံး ဖြစ်သည်။
အရေးအကြီးဆုံးမှာ ဆီစားသက်သာခြင်းပင် ဖြစ်၏။
ဘာပဲဖြစ်ဖြစ် အချိန်တိုင်းတွင် လုံလောက်သော ဓာတ်ဆီကို ရှာဖွေနိုင်မည် မဟုတ်ပေ။
ချန်းရီ ကိုယ်တိုင်ကပင် ခေါင်းဆောင်ချူချယ်ကို ဓာတ်ဆီတစ်ပုံး အကြွေးဆပ်ရန် ကျန်နေသေးသည်။
မလှမ်းမကမ်းတွင် ရှိနေသော ရန်းဂလာဂျစ်ကားမှာ နာမည်ကြီးကားတစ်စီး ဖြစ်ပြီး လမ်းကြမ်းမောင်းကားများအကြောင်း အနည်းငယ် သိနားလည်သူတိုင်း ဤကားကို သိကြသည်။
ကမ္ဘာပျက်ကပ် မတိုင်မီက ဤကား လမ်းပေါ်သို့ ထွက်လာတိုင်း လမ်းသွားလမ်းလာများ၏ အာရုံစိုက်မှုကို အမြဲ ဆွဲဆောင်နိုင်ခဲ့သည်။
လမ်းကြမ်းမောင်းကားစစ်စစ် ဟူသော နာမည်ဂုဏ်သတင်းကြောင့် ဤကားသည် လူများစွာ၏ အိပ်မက်မက်ရသော ကားတစ်စီး ဖြစ်လာခဲ့သည်။
အသက်ရှင်ကျန်ရစ်သူ အချို့က ဤကားကို ဝိုင်းရံကာ တစ်ခုခုကို ပြောဆိုနေကြသည်။
အချို့က ဤကားကို သဲထဲမှ ဆွဲထုတ်ရန်ပင် ရည်ရွယ်ထားကြ၏။
သို့သော် ကားမှာ သဲထဲသို့ နက်ရှိုင်းစွာ နစ်ဝင်နေသဖြင့် ကိရိယာများ အကူအညီမပါဘဲ ဆွဲထုတ်ရန်မှာ အလွန် ခဲယဉ်းလှသည်။
ချန်းရီ လျှောက်လာသည်ကို မြင်လိုက်ရသောအခါ ထိုအသက်ရှင်ကျန်ရစ်သူများ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် လက်မှိုင်ချရမှုတို့ ရောယှက်သွားသည်။
အကယ်၍ ချန်းရီက ဤကားကို သဘောကျသွားပါက သူတို့ လက်လွှတ်လိုက်ရတော့မည် ဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူများနှင့် အစွမ်းပိုင်ရှင်တို့ ဆုံတွေ့လာပါက သူတို့မှာ နောက်ဆုတ်ပေးရန်သာ ရှိတော့သည်။
ယခုအချိန်သည် ကမ္ဘာပျက်ကပ် ဖြစ်သဖြင့် ခွန်အားကြီးသူကသာ အမှန်တရား ဖြစ်ပေသည်။
ချန်းရီက ကား၏ အခြေအနေကို တစ်ချက် စစ်ဆေးကြည့်လိုက်သည်။
ကားတံခါးမှာ ဝင်တိုက်ခံထားရပုံပေါ်ပြီး တံခါးတစ်ခုလုံး အတွင်းသို့ ပိန်ချိုင့်ဝင်နေကာ စောစောက အသက်ရှင်ကျန်ရစ်သူများ တံခါးဖွင့်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြပေ။
ကားကိုယ်ထည် တစ်ဝက်မှာ သဲထဲတွင် နစ်ဝင်နေသဖြင့် တာယာများ၏ အခြေအနေကို မမြင်ရပေ။
သဲထဲမှ ပေါ်နေသော တာယာနှစ်လုံးအနက် တစ်လုံးမှာ ပေါက်ပြဲနေပြီး လေမရှိတော့ဘဲ ဘီးခွေပေါ်တွင် တွဲလောင်းဖြစ်နေ၏။
ကားအမိုးသည်လည်း လေးလံသော အရာတစ်ခုခုဖြင့် ထုနှက်ခံထားရသကဲ့သို့ ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်နေသည်။
အပြင်သို့ ထွက်နေသော ကားအောက်ပိုင်းသည်ပင် အနည်းငယ် ပုံပျက်နေသည်။
"စနစ်... ရှေ့မှာရှိတဲ့ ကားရဲ့ အခြေအနေကို စစ်ဆေးပေး"
ချန်းရီက သူ၏ လက်ကို ကားတံခါးပေါ်တွင် တင်လိုက်သည်။
[ကား၏ ကောင်းမွန်မှု အခြေအနေ ၆၉% ရှိပြီး အလုံးစုံ ပြင်ဆင်ရန် လိုအပ်ပါသည်၊ လက်ရှိအချိန်တွင် ကားကို မောင်းနှင်၍ မရနိုင်ပါ]
၆၉% လား။
ချန်းရီက တောက်ခေါက်လိုက်ပြီး ဤကောင်းမွန်မှု အခြေအနေမှာ မမြင့်လွန်း၊ မနိမ့်လွန်းဟု ယူဆလိုက်သည်။
သို့သော် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ချန်းရီသည် ဤကားကို အလွယ်တကူ လက်မလွှတ်လိုပေ။
"စနစ်... ဒီကားကို အလုံးစုံ ပြင်ဆင်မယ်ဆိုရင် သတ်ဖြတ်မှတ် ဘယ်လောက် လိုအပ်မလဲ... အချိန်ရော ဘယ်လောက် ယူရမလဲ"
[အလုံးစုံ ပြင်ဆင်ရန်အတွက် ခုနစ်ရက်နှင့် ဆယ့်နှစ်နာရီ ကြာမြင့်မည်ဖြစ်ပြီး သတ်ဖြတ်မှတ် ၁၃၇၂၈ မှတ် လိုအပ်ပါသည်]
"...... "
ဤမျှလောက် များပြားသော သတ်ဖြတ်မှတ်များနှင့် အချိန်များစွာ လိုအပ်မည်ကို ကြားလိုက်ရသောအခါ ချန်းရီမှာ လက်လျှော့လိုက်ရန်သာ ရှိတော့သည်။
ယခုလို အခြေအနေမျိုးတွင် ဤကားကို ပြင်ဆင်ရန် အချိန် အလုံအလောက် လုံးဝ မရှိပေ။
သောင်းချီနေသော သတ်ဖြတ်မှတ်များကလည်း ချန်းရီကို နောက်ဆုတ်သွားစေသည်။
ရုတ်တရက် ချန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ အကြောင်းမှာ သူသည် ကားမှန်မှတစ်ဆင့် ကားနောက်ဖုံးထဲတွင် တစ်ခုခု ရှိနေသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
ချန်းရီက နောက်ဖုံး၏ လက်ကိုင်ကို ဆွဲလိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ချန်းရီ၏ အကြမ်းပတမ်း ဖြုတ်ချမှုကြောင့် နောက်ဖုံးမှာ ပွင့်ထွက်သွားလေသည်။
ထိုသို့ ဖွင့်နိုင်ရန်အတွက် ချန်းရီသည် သူ၏ သုံးဘီးဆိုင်ကယ်ဆီသို့ ပြန်သွားကာ ကိရိယာများကို သွားရောက် ယူဆောင်ခဲ့ရသေး၏။
ဤသည်မှာ ခန္ဓာကိုယ် ကြံ့ခိုင်မှုများ မြင့်တက်လာပြီးနောက်ပိုင်းမှသာ လုပ်နိုင်ခြင်းဖြစ်ပြီး သာမန်လူတစ်ယောက်သာ ဆိုပါက တွေးကြည့်ရန်ပင် မဖြစ်နိုင်ပေ။
နောက်ဖုံးထဲမှ ပစ္စည်းများက ချန်းရီ၏ မျက်လုံးများကို အရောင်လက်သွားစေသည်။
ရှစ်ဂါလန်ဆံ့သော ဓာတ်ဆီပုံး နှစ်ပုံး ဖြစ်နေသည်။
ဤကဲ့သို့သော ဆီပုံးမျိုးမှာ ခရီးဝေး သွားလာသူများအတွက် မရှိမဖြစ် လိုအပ်သော အရန်ဆီပုံးများ ဖြစ်သည်။
ဆီပုံးများပေါ်တွင် အင်္ဂလိပ် စာလုံးအချို့ ရေးသားထားပြီး ချန်းရီက မဖတ်တတ်သော်လည်း ထိုဆီပုံးနှစ်ပုံးမှာ တန်ဖိုးကြီးမားကြောင်းကိုမူ ခံစားသိရှိနိုင်၏။
ထို့အပြင် ဆီပုံးတစ်ပုံးမှာ ဆီအပြည့် ပါနေသေးသည်။
ဤအချက်က ချန်းရီကို အလွန် ဝမ်းသာသွားစေသည်။
အခြား အလွတ်ဖြစ်နေသော ဆီပုံးကို မ,ကိုင်လိုက်ရင်း ချန်းရီ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
ဒီလောက်များတဲ့ ကားတွေရဲ့ ဆီတိုင်ကီထဲမှာ ဓာတ်ဆီတွေ ကျန်နေဦးမှာ အသေအချာပဲ။
ငါ နည်းနည်းလောက် သွားစုဆောင်းရင် ပိုကောင်းမယ်။
ထိုအချက်ကို တွေးမိပြီး ချန်းရီက ခေါင်းမော့ကြည့်လိုက်ရာ အခြားသူများလည်း ထိုသို့ စတင် လုပ်ဆောင်နေကြသည်ကို တွေ့လိုက်ရသည်။
ချန်းရီက ကား၏ ဆီတိုင်ကီအဖုံးကို အလျင်အမြန် ဖွင့်လိုက်ပြီး နောက်ဖုံးထဲမှ ပိုက်တစ်ခုကို ရှာဖွေကာ ဆီစတင် စုပ်ယူတော့သည်။
ထို ရန်းဂလာဂျစ်ကား၏ ဆီတိုင်ကီထဲတွင် ဆီများများစားစား မကျန်တော့ဘဲ ချန်းရီက ဆီပုံး၏ တစ်ဝက်ခန့်သာ ရလိုက်ပြီး ကုန်သွားကြောင်း ခံစားလိုက်ရသည်။
ချန်းရီက အခြားကားများဆီသို့ အကြည့်လွှဲလိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက်မှသာ ချန်းရီက ဒုတိယမြောက် ရှစ်ဂါလန်ဆံ့ ဆီပုံးကို အပြည့်ဖြည့်နိုင်ခဲ့သည်။
မရှာဖွေရသေးသော ကားအချို့ ကျန်နေသေးသည်ကို မြင်လိုက်ရသော်လည်း အခြားသူများအတွက်သာ ချန်ထားပေးလိုက်တော့သည်။
ချန်းရီက သင့်တော်မည့် ကားတစ်စီးကို ဆက်လက် ရွေးချယ်နေခဲ့သည်။
မကြာမီမှာပင် ချန်းရီမှာ စိတ်ပျက်သွားရသည်။
ထိုနေရာတွင် ကားများစွာ ရှိနေသော်လည်း တစ်ဝက်ကျော်လောက်မှာ ချို့ယွင်းချက် တစ်ခုမဟုတ် တစ်ခု ရှိနေကြသည်။
အင်ဂျင်ပိုင်း ပြဿနာမရှိလျှင် ကားအောက်ပိုင်း ပြဿနာ ရှိနေကြ၏။
ကားတစ်စီးအတွက် ထိုအရာများမှာ အလွန် ကြီးမားသော ပြဿနာများပင် ဖြစ်သည်။
တစ်ပတ်ခန့် ပတ်၍ ရွေးချယ်ပြီးနောက် ချန်းရီသည် ကောင်းမွန်မှု အမြင့်ဆုံး ကားတစ်စီးကို မနည်း ရှာတွေ့သွားခဲ့သည်။
ယခင် ရန်းဂလာဂျစ်ကားထက်ပင် ကောင်းမွန်မှု ပိုမြင့်မားပြီး ၇၆% အထိ ရှိသည်။
၎င်းမှာ ဂျပန်ထုတ် နွားခေါင်းတံဆိပ် လမ်းကြမ်းမောင်းကားတစ်စီး ဖြစ်သည်။
(Suzuki X-90 ကို ပြောတာတဲ့)
ဤကား၏ တံဆိပ်မှာ လူသိအလွန်များပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသအချို့တွင် ဤနွားခေါင်းတံဆိပ်ကို နေရာအနှံ့ တွေ့မြင်ရတတ်သည်။
ကားကိုယ်ထည် အနည်းငယ် ပျက်စီးနေသည်မှလွဲ၍ အခြား ပြဿနာများ မရှိပေ။
အကယ်၍ ချန်းရီက ဤကားကို ပြောင်းစီးလိုပါက ဤကားကို ပြင်ဆင်ရမည် ဖြစ်သည်။
ချန်းရီအနေဖြင့် အခြားနေရာများကို ပြင်ဆင်ရန် မလိုအပ်ဘဲ ဤကား လမ်းပေါ်တွင် မောင်းနှင်နိုင်ရုံမျှသာ လိုအပ်သည်။
သို့သော် ထိုမျှလောက် ပြင်ဆင်ရန်ပင် အနည်းဆုံး နေ့တစ်ဝက်ခန့် လိုအပ်ပေလိမ့်မည်။
၎င်းမှာ လုံးဝ မဖြစ်နိုင်သော အလုပ်တစ်ခုပင်။
နေ့တစ်ဝက်ခန့် အချိန်ယူရန် မဆိုထားနှင့်၊ စောစောက ခေါင်းဆောင်ချူချယ်က မိနစ်လေးဆယ် ကြာလျှင် ထွက်ခွာမည်ဟု ပြောထားခဲ့သည် မဟုတ်ပါလော။
အရေးကြီးသည်မှာ သတ်ဖြတ်မှတ် ပြဿနာ မဟုတ်ပေ။ သတ်ဖြတ်မှတ် ပြဿနာသာ ဆိုပါက ချန်းရီ နည်းလမ်းရှာ၍ ရနိုင်သေးသည်။
ဥပမာအားဖြင့် ယနေ့ နည်းနည်း ပြင်မည်၊ သတ်ဖြတ်မှတ် ပြည့်သွားမှ ထပ်၍ ပြင်မည်။
သို့မဟုတ် စနစ်ဆီမှ ချေးငှားရန် ကြိုးစားကြည့်မည် စသဖြင့် လုပ်နိုင်သည်။
သို့သော် ပြင်ဆင်ရန်မှာ အချိန် လိုအပ်သည်။
ချန်းရီက ကားပြောင်းစီးမည့် အတွေးကို လက်လျှော့လိုက်ပြီ ဖြစ်သည်။
ကားပြောင်းစီးဖို့က ငါ့အတွက် မျှော်လင့်ချက်သက်သက်ပဲ ဖြစ်နေတော့မှာလား။
ချန်းရီ မကျေနပ်နိုင်ပေ။
ရတနာတောင်သို့ ရောက်ပါလျက် လက်ဗလာဖြင့် ပြန်ရမည်မှာ ချန်းရီ၏ စတိုင် မဟုတ်ပေ။
ချန်းရီ၏ အကြည့်များက သူ၏ သုံးဘီးဆိုင်ကယ်နှင့် ပတ်ဝန်းကျင်ရှိ ကားများအကြား ကူးချည်သန်းချည် ဖြစ်နေသည်။
အတွေးတစ်ခုက သူ့ခေါင်းထဲသို့ ဝင်ရောက်လာ၏။
ကားပြောင်းစီးလို့ မရမှတော့ ဒီကားတွေပေါ်က အပိုပစ္စည်းတွေကို ဖြုတ်ယူပြီး ငါ့ရဲ့ သုံးဘီးဆိုင်ကယ်ကို အဆင့်မြှင့်တင်လိုက်ရင် ပိုမကောင်းဘူးလား။
သုံးဘီးဆိုင်ကယ်မှာ စွမ်းဆောင်ရည် မလုံလောက်ဘဲ ကားကိုယ်ထည်မှာလည်း ချောင်ချိနေကာ တာယာများမှာလည်း ဆိုင်ကယ်တာယာများကို ပြောင်းလဲတပ်ဆင်ထားခြင်း ဖြစ်သည်။
စောစောက ရန်းဂလာဂျစ်ကား၏ တာယာများမှာ မြေပြင်အနေအထားစုံအတွက် ထုတ်လုပ်ထားသော တာယာများဖြစ်ပြီး သူ၏ ဆိုင်ကယ်တာယာများထက် အများကြီး ပိုမို ခိုင်ခံ့သည်။
ထိုကား၏ အင်ဂျင်မှာလည်း အလွန် အားကောင်းပြီး၊ ခိုင်ခံ့သော သံမဏိ ကိုယ်ထည်ဖရိန်ကြီးလည်း ရှိသေးသည်။
တွေးလေလေ စိတ်လှုပ်ရှားလာလေလေ ဖြစ်ရသည်။
ထိုအချိန်မှာပင် နားထဲ၌ ဆူညံသော အသံကြီး ထွက်ပေါ်လာသည်။
လှည့်ကြည့်လိုက်ရာ ထယ်ရှီး ဆိုသော လူသန်ကြီး ဖြစ်နေပြီး ထိုလူသန်ကြီးသည် ဆယ်ပေခန့် မြင့်သော လူ့ဘီလူးကြီးအဖြစ်သို့ ပြောင်းလဲသွားကာ သဲထဲမှ အဝါရောင် ကျောင်းကားတစ်စီးကို အတင်း ဆွဲထုတ်နေခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများအားလုံး ကြောင်အမ်းအမ်းဖြင့် ကြည့်နေကြသည်။
ဤအဝါရောင် ကျောင်းကားမှာ ယခင် ဘတ်စ်ကားထက် အများကြီး ပိုကြီးမားပြီး အဘက်ဘက်မှ ကြည့်လျှင်လည်း ယခင် ဘတ်စ်ကားထက် ပိုမို ခိုင်ခံ့ပုံရသည်။
သိသာထင်ရှားသည်မှာ ထိုလူသန်ကြီးသည် အသုံးပြု၍ရသော ကားတစ်စီးကို ရှာတွေ့သွားပြီး ကားပြောင်းရန် ရည်ရွယ်ထားပုံပေါ်သည်။
လောင်လီက ဤအဝါရောင် ကျောင်းကားကို စတင် စစ်ဆေးနေပြီဖြစ်ပြီး အခြား အသက်ရှင်ကျန်ရစ်သူများကို ကားပေါ်သို့ ပစ္စည်းများ စတင် တင်ဆောင်ရန် ညွှန်ကြားနေသည်။
ချန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ အကယ်၍ သူသာ ထယ်ရှီး၏ ဘတ်စ်ကားကို ပြောင်းစီးလိုက်မည်ဆိုပါကလည်း မဆိုးလှပေ။
"ထယ်ရှီး... "
ချန်းရီက ထယ်ရှီးနှင့် စကားပြောရန် အလျင်အမြန် လျှောက်သွားလိုက်သည်။
မကြာမီမှာပင် ချန်းရီမှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာခဲ့ရသည်။
ထယ်ရှီး၏ အပြောအရ ဤဘတ်စ်ကားမှာ ယမန်နေ့ညကတည်းက အလွန် ကြီးမားသော မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
မူလက ယနေ့မနက်တွင် မက္ကန်းနစ် လမ်းစဉ်ဖြစ်သော ချန်းရီကို ဤဘတ်စ်ကားအား ပြင်ဆင်ပေးရန် အကူအညီတောင်းဖို့ ရည်ရွယ်ထားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ကားပေါ်တွင် ပြင်ဆင်တတ်သူ တစ်ယောက်ပါလာသဖြင့် ဤကားမှာ မနည်း လမ်းပေါ်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် ဤဘတ်စ်ကားမှာ စက်နှိုး၍ မရတော့ပေ။
ချန်းရီက စနစ်ကို အသုံးပြု၍ စစ်ဆေးကြည့်လိုက်ရာ ထယ်ရှီးပြောသည်မှာ မှန်ကန်နေပြီး ဘတ်စ်ကားမှာ အမှန်တကယ်ပင် ကြီးမားသော ပြဿနာများ ဖြစ်ပေါ်နေကာ မောင်းနှင်နိုင်စွမ်း ပြန်လည်ရရှိရန် အနည်းဆုံး သုံးနာရီခန့် အချိန်ယူရမည် ဖြစ်သည်။
ထို့အပြင် ဤဘတ်စ်ကား၏ ဆီစားနှုန်းမှာလည်း သုံးဆယ်ခန့်အထိ ရှိနေသဖြင့် ချန်းရီကို နောက်ဆုတ်သွားစေသည်။
မတတ်နိုင်တော့ပေ။ ယခင် အစီအစဉ်အတိုင်းသာ လုပ်ဆောင်ရတော့မည်။
အပိုပစ္စည်းတွေကို ဖြုတ်ပြီး သုံးဘီးဆိုင်ကယ်ကိုပဲ အဆင့်မြှင့်တင်လိုက်တော့မည်။
ဆက်ရန်...