← Chapters

အခန်း ၅၄

Vol. 3 Ch. 54

အခန်း ၅၄

Vol. 3 Ch. 54

အပိုင်း(၅၄) မီးခိုးတမန်တော်၏ နောက်ထပ် အသုံးဝင်မှုတစ်ရပ်

အသက်ရှင်ကျန်ရစ်သူများက အစောပိုင်းတုန်းက မိနစ်လေးဆယ် အချိန်ရသေးသည်ဟု ပြောထားခဲ့သော်လည်း၊ ယခု အဘယ်ကြောင့် ချက်ချင်း ထွက်ခွာရမည်ကို နားမလည်နိုင် ဖြစ်နေကြသည်။

သို့သော် မည်သူကမျှ ခေါင်းဆောင်ချူ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခြင်း မရှိခဲ့ပေ။

ချန်းရီ ကိုယ်တိုင်ကလည်း ခေါင်းဆောင်ချူ၏ ဤဆုံးဖြတ်ချက်အပေါ် အနည်းငယ်မျှ သံသယ မရှိခဲ့ချေ။

ယာဉ်တိုက်မှုဖြစ်ပွားထားသော နေရာကို ဖြတ်သန်းရန် လမ်းကြောင်းတစ်ခုကို ရှင်းလင်းဖောက်ထွက်လိုက်ပြီးနောက်၊ ယာဉ်တန်းကြီးသည် ဤဧရာမ ယာဉ်တိုက်မှုဖြစ်စဉ် နေရာမှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

ထိုအထဲမှ လူအတော်များများက တဖြည်းဖြည်း ဝေးကွာသွားသော ယာဉ်တိုက်မှုဖြစ်စဉ် နေရာကို နှမြောတသစွာဖြင့် လှမ်းကြည့်နေခဲ့ကြ၏။

ချန်းရီ တစ်ယောက်တည်းသာ ကားတစ်စီး ရယူလိုနေခဲ့ခြင်း မဟုတ်ပေ။

အခြားသော အသက်ရှင်ကျန်ရစ်သူများတွင်လည်း ထိုကဲ့သို့သော အတွေးမျိုး ရှိနေခဲ့ကြသည်။

ပြင်းထန်ပူလောင်လှသော နေရောင်ခြည်ကြောင့် ခန္ဓာကိုယ်မှ ခံစားရသော အပူချိန်မှာ (၄၀) ဒီဂရီ ကျော်လွန်နေပြီး၊ မြေပြင်အပူချိန် ဆိုလျှင်မူ ပြောစရာပင် မလိုတော့ဘဲ သေချာပေါက် ပို၍ မြင့်မားနေပေလိမ့်မည်။

ချန်းရီသည် ကားပေါ်တွင် ထိုင်လိုက်မိချိန်မှသာ သူ၏ ဖိနပ်အောက်ခြေများ အပူလောင်ကာ အရည်ပျော်ကျနေပြီ ဖြစ်ကြောင်း သတိထားမိလိုက်တော့သည်။

ကောင်းမွန်နေသေးသော ဖိနပ်တစ်ရံ ချက်ချင်း ပျက်စီးသွားရသဖြင့် ချန်းရီမှာ အလွန် နှမြောတသ ဖြစ်သွားရ၏။

ဤအချိန်က ကမ္ဘာပျက်ကပ်ကြီး ဖြစ်နေသည်မို့ နောက်ထပ် ဖိနပ်တစ်ရံ ပြန်ရှာတွေ့နိုင်ရန်မှာ လွယ်ကူသော ကိစ္စတစ်ရပ် မဟုတ်တော့ပေ။

မျက်နှာကို တိုက်ခတ်လာသော လေပြေလေးများကပင် ချန်းရီအတွက် အပူဟပ်နေသကဲ့သို့ ခံစားနေရသည်။

ချွေးပေါက်များမှ ထွက်လာသော ချွေးများမှာ မေးစေ့ဆီသို့ပင် မစီးကျနိုင်သေးမီ အပူချိန်ကြောင့် အငွေ့ပျံသွားခဲ့ပြီး၊ နားထင်စွန်းတွင် ဆားပွင့်အဖြူရောင်လေးများသာ ကပ်ကျန်ရစ်ခဲ့တော့သည်။

ယခုလေးတင် ကားပေါ်မှ ခဏဆင်းလိုက်ရုံမျှဖြင့် အကာအကွယ်မဲ့နေသော အသားအရေများမှာ အပူလောင်ကာ နီရဲသွားခဲ့ချေပြီ။

တစ်စုံတစ်ခုသော နှစ်သိမ့်စရာဆို၍ ကားအမိုးလေးက နေရောင်ခြည် အချို့ကို ကွယ်ကာပေးထားနိုင်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့်သာ ချန်းရီက အရိပ်အာဝါသလေးကို ခဏတာမျှ ခံစားခွင့် ရနေခြင်း ဖြစ်၏။

ထို မီနီကားသေးသေးလေးထဲမှ သူ ရှာတွေ့ခဲ့သော နေကာမျက်မှန်က စူးရှသော နေရောင်ခြည် အတော်များများကို ကာကွယ်ပေးထားနိုင်သည်။

အကယ်၍ သူ့ရှေ့မှ တဖြည်းဖြည်း ဝေးကွာသွားနေသော ယာဉ်တန်းကြီးသာ မရှိပါက ချန်းရီ၏ ခံစားချက်က ပို၍ ကောင်းမွန်နေပေလိမ့်မည်။

ချန်းရီ၏ ဤသုံးဘီးဆိုင်ကယ်မှာ ပစ္စည်းပစ္စယ အမြောက်အမြားနှင့် ဧရာမ တာယာကြီး လေးလုံးကို တင်ဆောင်ထားရသဖြင့် အမြန်နှုန်းမှာ အနှေးကွေးဆုံး အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် သုံးဘီးဆိုင်ကယ်၏ နောက်တွင် မီနီကားသေးသေးလေး တစ်စီးကိုပါ ဆွဲချိတ်လာခဲ့သေး၏။

ဟုတ်ပေသည်၊ ၎င်းမှာ လမ်းဘေးတွင် ရပ်ထားခဲ့သော ထို မီနီကားသေးသေးလေးပင် ဖြစ်သည်။

ချန်းရီက လုံးဝ လက်မလွှတ်နိုင်ခဲ့သဖြင့် ကြိုးတစ်ချောင်းကို အသုံးပြုကာ ထိုကားလေးကို ချိတ်ဆွဲလာခဲ့ခြင်း ဖြစ်သည်။

သူက ဤ မီနီကားသေးသေးလေးကိုပါ တစ်ပါတည်း ယူဆောင်သွားရန် ရည်ရွယ်ထားခဲ့သည်။

ဤကားလေး၏ အခြေအနေမှာ အကောင်းမွန်ဆုံးဖြစ်ပြီး သူ့တွင်ရှိသော သုံးဘီးဆိုင်ကယ်နှင့်သာ ပေါင်းစပ် ပြုပြင်နိုင်မည် ဆိုပါက...

ထို့နောက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြား တစ်ခုကိုပါ တပ်ဆင် အဆင့်မြှင့်လိုက်မည် ဆိုပါက...

သူ့၏ သုံးဘီးဆိုင်ကယ်လေးသည် ဓာတ်ဆီရော လျှပ်စစ်ပါ သုံးနိုင်သော နှစ်မျိုးစပ် စနစ်တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ချေ ရှိပေသည်။

နောင်တစ်ချိန်တွင် ဓာတ်ဆီ မရှိတော့လျှင်ပင် ခရီးဆက်ရန်အတွက် စိုးရိမ်စရာ လိုတော့မည် မဟုတ်ပေ။

ကံကောင်းသည်မှာ ဤကားလေးက သိပ်မလေးလံလှခြင်းပင်။ သို့မဟုတ်ပါက ချန်းရီက မည်မျှပင် လက်မလွှတ်ချင်ဖြစ်နေစေကာမူ ဤကားကို ဆွဲယူသွားနိုင်ရန်မှာ ဖြစ်နိုင်မည် မဟုတ်ချေ။

ယခင်က ဤသုံးဘီးဆိုင်ကယ်လေးသည် မြင်းငယ်လေးက လှည်းကြီးကို ဆွဲနေရသကဲ့သို့ ဖြစ်နေခဲ့သည်။

ယခုအချိန်တွင်မူ မြင်းငယ်လေးက တင့်ကားကြီးကို ဆွဲနေရသကဲ့သို့ ဖြစ်သွားခဲ့ချေပြီ။

လီဗာကို အဆုံးထိ တင်ထားသော်လည်း အရှိန်က တက်မလာတော့ဘဲ သာမန် စက်ဘီးစီးနေသူ တစ်ယောက်၏ အမြန်နှုန်းနှင့် သိပ်မကွာတော့ပေ။

"အမ... ချန်းရီ့ ပုံစံကို ကြည့်ပါဦး... လောဘကြီးလွန်းတော့ ဆင်ကိုမြိုချင်တဲ့ မြွေလိုပဲ ဖြစ်နေပြီ"

"သူ့ရဲ့ သုံးဘီးဆိုင်ကယ်ပေါ်မှာလည်း အပြည့်တင်ထားတာ... သေချာပေါက် မောင်းလို့ ရတော့မှာ မဟုတ်ဘူး"

"ပစ္စည်းတချို့လောက်ကို လွှင့်ပစ်လိုက်ရကောင်းမှန်းလည်း မသိဘူး... တကယ်လို့ ထူးဆန်းတဲ့အရာတွေသာ လိုက်မီလာခဲ့ရင်..."

ကျိုးရှောင်ရှောင်က နှုတ်ခမ်းကို တွန့်ကာ ချန်းရီ၏ ထိုကဲ့သို့သော မိုက်မဲသည့် လုပ်ရပ်ကို လှောင်ပြောင်သရော်လိုက်သည်။

အဘယ်ကြောင့်မှန်း မသိသော်လည်း ချန်ရှုရွာကိစ္စ ပြီးဆုံးသွားချိန်မှစ၍ ကျိုးရှောင်ရှောင်၏ ချန်းရီအပေါ် အမြင်များက ပြောင်းလဲသွားခဲ့သည်။

ပြီးခဲ့သော အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရပြီးနောက်...

သာမန်လူ တစ်ယောက်အနေဖြင့် ဤကမ္ဘာပျက်ကပ်ကြီးအောက်တွင် အသက်ရှင်သန်နိုင်ရန် အလွန်ခက်ခဲလှကြောင်းကို ကျိုးရှောင်ရှောင် ကောင်းစွာ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

မနက်ဖြန်တွင်ပင် ခရီးသွားနေစဉ် လမ်းခုလတ်၌ သေဆုံးသွားနိုင်ပေသည်။

သို့တည်းမဟုတ် သန်ဘက်ခါတွင် ရိက္ခာပြတ်လပ်ပြီး ငတ်မွတ်သေဆုံးသွားနိုင်ချေလည်း ရှိ၏။

ယခုအချိန်အထိ အသက်ရှင်နေနိုင်ခြင်းမှာ ညီအစ်မ နှစ်ယောက်က စွမ်းဆောင်ရည် မြင့်မားနေ၍ မဟုတ်ဘဲ ကံကောင်းနေ၍သာ ဖြစ်သည်။

ထို့ကြောင့် ကျိုးရှောင်ရှောင်က ချန်းရီနှင့် ဆက်ဆံရေးကို ပြန်လည် ပြုပြင်တည်ဆောက်ကာ အကာအကွယ် တစ်ခု ရယူလိုနေခဲ့သည်။

သို့သော် သူမအနေဖြင့် အခြားသူများကို မျက်နှာချိုသွေးရန်မှာ လုံးဝ မတတ်နိုင်သော ကိစ္စဖြစ်နေပြန်၏။

ကမ္ဘာပျက်ကပ်ကြီး မတိုင်မီက သူမသည် ဖျော်ဖြေရေး လောကတွင် ကြယ်ပွင့်များအလယ်မှ လမင်းကြီးကဲ့သို့ ထင်ရှားကျော်ကြားသူ တစ်ဦး ဖြစ်ခဲ့ပြီး၊ ပွဲဦးထွက် မလုပ်ရသေးမီကပင် လူပေါင်းများစွာ၏ အားပေးထောက်ခံမှုကို ရရှိထားခဲ့သူ ဖြစ်သည်။

ထိုကဲ့သို့သော အဆင့်အတန်းမျိုး ရှိခဲ့သူတစ်ယောက်အနေဖြင့် မိမိ၏ အတွေးအခေါ်များကို ပြောင်းလဲပစ်ရန်မှာ...

လအနည်းငယ်မျှ အချိန်ယူရမည် ဆိုသည်ကို အသာထားလိုက်ဦး။

အချို့လူများအတွက်မူ တစ်သက်လုံးပင် အပြောင်းအလဲကို လက်ခံနိုင်မည် မဟုတ်ပေ။

ချန်းရီကို မြင်လိုက်ရတိုင်း ကျိုးရှောင်ရှောင်မှာ သူ့ကို မနေနိုင်မထိုင်နိုင် အကဲခတ်မိတတ်စမြဲပင်။

သို့သော် ချန်းရီနှင့် အကြည့်ချင်း ဆုံသွားတိုင်းတွင် ကျိုးရှောင်ရှောင်သည် အကြည့်ကို အလျင်အမြန် လွှဲဖယ်ပစ်တတ်ပြီး ရင်ထဲတွင်လည်း ထိတ်လန့်တုန်လှုပ်သွားတတ်သည်။

အကယ်၍ အမှန်တကယ် အန္တရာယ်နှင့်သာ ကြုံတွေ့လာရပါက ချန်းရီကဲ့သို့သော ယောက်ျားတစ်ယောက်သည် သူမကို အကာအကွယ် ဒိုင်းတစ်ခုအဖြစ် အသုံးပြုသွားနိုင်ချေ အလွန်များကြောင်းကို သူမ ကောင်းစွာ သိရှိထားသည်။

ဥပမာအားဖြင့် ချန်ရှုရွာတွင် ဖြစ်ပွားခဲ့သော ကိစ္စမျိုးပင်။

ချန်းရီက ထိုအဒေါ်ကြီးကို ကိုယ်စား သေပေးရမည့်သူအဖြစ် အသုံးပြုခဲ့ပြီး မည်သည့် နောင်တတရားမျှ မရှိခဲ့သည်ကို ကျိုးရှောင်ရှောင် ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည် မဟုတ်ပါလော။

ကျိုးရှောင်ရှောင်က အဘယ်ကြောင့် အခြားသော လမ်းစဉ် အစွမ်းပိုင်ရှင်များကို မရှာဖွေဘဲ ချန်းရီကိုသာ ပစ်မှတ်ထားခဲ့ရသနည်း ဆိုလျှင်...

အခြားသော လမ်းစဉ် အစွမ်းပိုင်ရှင်များနှင့် ယှဉ်လိုက်ပါက ချန်းရီသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ကြောင်း ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။

အကြောင်းမှာ ချန်းရီကသာ တစ်ကိုယ်တည်း သီးသန့်ဖြစ်နေ၍ပင်။

ဥပမာအားဖြင့် ခေါင်းဆောင်ချူ၊ ထယ်ရှီး သို့မဟုတ် နာနာ တို့ကဲ့သို့သော သူများ၏ ဘေးတွင် မိမိတို့၏ ကိုယ်ပိုင် အသိုင်းအဝိုင်းများ အခိုင်အမာ ရှိနေကြပြီး ဖြစ်သည်။

ကျိုးရှောင်ရှောင်အနေဖြင့် ထိုအဖွဲ့များထဲသို့ ဝင်ဆံ့နိုင်ရန်မှာ အလွန် ခက်ခဲလှပေသည်။

"ရှောင်ရှောင်... ညီမလေးက ဒီတလော ချန်းရီကို တော်တော်လေး အကဲခတ်နေတာကို အမ သတိထားမိတယ်... ညီမလေးကများ..."

"အမ... ဘာတွေ လျှောက်ပြောနေတာလဲ... ညီမက သူနဲ့ ဆက်ဆံရေးကို ပြန်အဆင်ပြေအောင် လုပ်ချင်ရုံလေးပါ... သက်သက် သူ့ကို အသုံးချချင်ရုံ သက်သက်ပါပဲ... အမ တွေးနေသလို အောက်တန်းကျတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး"

"ညီမလေးက... သူ့ကို အသုံးချမယ် ဟုတ်လား... တော်ပါတော့ ရှောင်ရှောင်ရယ်... မီးနဲ့ကစားရင်း ကိုယ့်ကိုယ်ကိုယ် ပြန်မလောင်ကျွမ်းစေနဲ့ဦး"

"အဲဒီလို လုံးဝ မဖြစ်စေရပါဘူး"

"အမ... ကျွန်မတို့ သူ့ကို ကူခေါ်သွားပေးရင် ကောင်းမလား... သူ့ရဲ့ သုံးဘီးဆိုင်ကယ်က စက်အားမနိုင်တော့လို့ ဆက်မသွားနိုင်တော့ဘူးလေ"

ကျိုးလန်က နောက်ကြည့်မှန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ချန်းရီ၏ ယာဉ်မှာ တကယ်ပင် တဖြည်းဖြည်း နှေးကွေးလာနေခဲ့၏။

ယာဉ်တန်းကြီးနှင့် အလွန်ဝေးကွာစွာ ကျန်ရစ်ခဲ့တော့မည့် အခြေအနေပင်။

သို့သော် ချန်းရီကမူ အနည်းငယ်မျှပင် ထိတ်လန့်နေခြင်း မရှိသည့်အပြင် ဆေးလိပ်တစ်လိပ်ကိုပင် ထုတ်သောက်ရန် စိတ်ကူးရနေသေးသည်။

ဤယောက်ျားကို တကယ်ကို ဘယ်လိုပြောရမှန်း မသိတော့ပါဘူး... ဒီလိုအချိန်မျိုးမှာတောင် ဆေးလိပ်သောက်ဖို့ အချိန်ရနေသေးတယ် ဟု ကျိုးလန်က စိတ်ထဲမှ ကြိတ်၍ အပြစ်တင်လိုက်မိသည်။

သို့သော် ထိုအချိန်မှာပင် ထိုယောက်ျား၏ ခန္ဓာကိုယ် ပတ်လည်တွင် မီးခိုးငွေ့များက တဖြည်းဖြည်း ပို၍ များပြားလာခဲ့သည်။

ကျိုးလန်၏ မျက်လုံးများ ပြူးကျယ်သွားရ၏။

ဘေးနားမှ ကျိုးရှောင်ရှောင်သည်လည်း အံ့သြလွန်းသဖြင့် ဘာပြောရမှန်းပင် မသိတော့ချေ။

"အမ... သူ... သူ ဘာလုပ်နေတာလဲ"

မီးခိုးငွေ့များက ရပ်တန့်မသွားဘဲ အဆက်မပြတ် လှုပ်ရှားလည်ပတ်နေပြီး၊ ထိုမီးခိုးငွေ့များထဲမှ တစ်စုံတစ်ရာက ချက်ချင်းပင် ခုန်ထွက်လာတော့မည့်အလား ထင်မှတ်ရသည်။

"ဒါက..."

မီးခိုးငွေ့များဖြင့် ဖွဲ့စည်းထားသော မြင်းတစ်ကောင်က အရှိန်အဟုန်ဖြင့် ပြေးထွက်လာခဲ့သည်။

ညီအစ်မ နှစ်ယောက်လုံး၏ မျက်လုံးများမှာ ပြူးကျယ်သွားကြ၏။

"အမ... ဒါက..."

"လမ်းစဉ် အစွမ်းပိုင်ရှင်လေ"

မီးခိုးငွေ့များထဲမှ ပြေးထွက်လာသော ဤမြင်းမှာ ကြည့်ရသည်မှာ အသက်မဝင်လှဘဲ၊ အချို့နေရာများတွင် အနည်းငယ်ပင် ပုံပျက်နေသကဲ့သို့ ဖြစ်နေသည်။

ဤမီးခိုးငွေ့မြင်းသည် ယခင်က သူမ ဇာတ်ကားရိုက်ကူးရေး အဖွဲ့တွင် တွေ့ကြုံခဲ့ဖူးသည့် မြင်းများနှင့် သိပ်မတူညီလှကြောင်း ကျိုးလန်က ခံစားလိုက်ရသည်။

သို့တိုင်အောင် သူမ၏ ရင်ထဲတွင် ပြိုင်စံရှားလောက်အောင် အံ့သြတုန်လှုပ်နေမိဆဲပင်။

ချန်းရီကမူ ထိုအခြေအနေကို အလွန် ကျေနပ်နေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူ ကိုယ်တိုင်က မြင်းကို ရုပ်မြင်သံကြားထဲတွင်သာ မြင်တွေ့ဖူးခဲ့ပြီး၊ လက်တွေ့ဘဝတွင်လည်း ခရီးသွားဆွဲဆောင်ရာ နေရာများ၌သာ တွေ့ဖူးခဲ့သည် မဟုတ်ပါလော။

ယခုလို အတိုင်းအတာတစ်ခုအထိ တုပဖန်တီးနိုင်ရန်မှာပင် အလွန် မလွယ်ကူလှသော ကိစ္စဖြစ်သည်။

မီးခိုးငွေ့များဖြင့် ဖွဲ့စည်းထားသော ကြိုးနှစ်ချောင်းက ဆန့်ထွက်လာပြီး သုံးဘီးဆိုင်ကယ်၏ ကိုယ်ထည်ပေါ်တွင် ချည်နှောင်သွားသည်။

မီးခိုးငွေ့ဖြင့် ဖန်တီးထားသော မြင်းက ခွာလေးဖက်ကို မြှောက်ကာ အစွမ်းကုန် စတင် ပြေးလွှားတော့သည်။

သုံးဘီးဆိုင်ကယ်နှင့် ယာဉ်တန်းကြီးကြားမှ အကွာအဝေးမှာ မျက်စိရှေ့တွင်ပင် သိသိသာသာ နီးကပ်လာခဲ့သည်။

ရှေ့မှ လမ်းကြမ်းမောင်းကားပေါ်ရှိ ခြေတံရှည် ကောင်မလေး နာနာကလည်း ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပြီး၊ သူမ၏ မျက်ဝန်းများထဲတွင် ပျော်စရာတစ်ခုကို တွေ့လိုက်ရသကဲ့သို့ အရိပ်အယောင်များ ပေါ်ထွက်လာသည်။

"စိတ်ဝင်စားစရာပဲ... မီးခိုးတမန်တော် လမ်းစဉ်က ဒီလိုမျိုးတောင် ကစားလို့ ရတာကိုး"

အဝါရောင် ကျောင်းကားပေါ်ရှိ အားအင်ကုန်ခမ်းနေဟန်ရှိသော လူသန်ကြီး ထယ်ရှီးကလည်း ဤမြင်ကွင်းကို တွေ့လိုက်ရပြီး အသံဩဩကြီးဖြင့်...

"ရှောင်ရီ... အရမ်း မိုက်တယ်ကွ"

ထိုသို့ ပြောပြီးသည်နှင့် ဤလူသန်ကြီးက ခေါင်းစိုက်ကျသွားကာ တိုက်ရိုက်ပင် အိပ်ပျော်သွားတော့သည်။

ယခုလေးတင် သဲထဲမှ ဤကားကို ဆွဲထုတ်ရာတွင် ထယ်ရှီးသည်လည်း သူ၏ ပုံသဏ္ဍန်ပြောင်းလဲခြင်း အစွမ်းကို အသုံးပြုခဲ့ရသည်။

ပုံသဏ္ဍန်ပြောင်းလဲခြင်း အစွမ်းကို အသုံးပြုပြီးတိုင်း၊ ထယ်ရှီးသည် အိပ်စက်ခြင်းဖြင့် သူ၏ ခွန်အားများကို ပြန်လည် ဖြည့်တင်းလေ့ရှိသည်။

ချန်းရီ၏ လုပ်ရပ်ကို ခေါင်းဆောင်ချူ၏ မျက်လုံးထဲတွင်မူ အလဟဿ ဖြုန်းတီးခြင်းတစ်ခုအဖြစ်သာ မြင်သည်။

ခေါင်းဆောင်ချူ၏ အမြင်တွင် လမ်းစဉ် အစွမ်းပိုင်ရှင်များ၏ စွမ်းရည်များသည် အလွန်တရာ အဖိုးတန်လှပြီး၊ တိုက်ခိုက်ခြင်းမှအပ အခြားသော မည်သည့်နေရာတွင်မျှ အသုံးမပြုသင့်ဟု ယူဆထားသည်။

ကံကောင်းသည်မှာ ချန်းရီသည်လည်း ဆယ်မိနစ်ကျော်ခန့်သာ အသုံးပြုပြီးနောက်၊ မြင်းကို ဖန်တီး၍ လှည်းဆွဲစေသည့် လုပ်ရပ်ကို ရပ်တန့်လိုက်ခြင်းပင် ဖြစ်သည်။

ဤကဲ့သို့သော ကိစ္စရပ်မျိုးက ခွန်အားများကို အလွန်အမင်း ကုန်ခမ်းစေသည်။

ဆယ်မိနစ်ကျော်မျှသာ ကြာသေးသော်လည်း၊ ချန်းရီသည် ခေါင်းမူးနောက်လာသကဲ့သို့ ခံစားနေရပြီ ဖြစ်သည်။

အပူချိန်များ စတင် ကျဆင်းလာချိန်တွင်...

နေဝင်ဆည်းဆာက သဲကန္တာရကြီးအား ရွှေရောင်လွှမ်းသွားစေချိန်တွင်မူ၊ ယာဉ်တန်းကြီးသည် နောက်ဆုံး၌ ရပ်နားကာ စခန်းချရန် ဆုံးဖြတ်လိုက်ကြသည်။

ညအချိန်တွင် ခရီးဆက်ခြင်းမှာ ကောင်းမွန်သော အကြံအစည်တစ်ခု မဟုတ်ပေ။

သွေးရောင်လမင်းကြီးက ကောင်းကင်ယံတွင် တစ်ဖန် ပြန်လည် ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်ကျမှသာ ချန်းရီ၏ သုံးဘီးဆိုင်ကယ်က နှေးကွေးလေးတွဲ့စွာဖြင့် ရောက်ရှိလာတော့သည်။

လမ်းခရီးတစ်လျှောက်တွင် မီးခိုးငွေ့ဖန်တီးခြင်း အစွမ်းကို နှစ်ကြိမ်တိုင်တိုင် အသုံးပြုခဲ့သော်လည်း၊ ချန်းရီသည် ယာဉ်တန်းကြီး၏ အနောက်တွင် အလွန်ဝေးကွာစွာ ကျန်ရစ်နေခဲ့ဆဲပင်။

သက်ကြီးရွယ်အိုသုံး အမိုးပါ လျှပ်စစ်သုံးဘီးများကပင်လျှင် ချန်းရီထက် အများကြီး ပို၍ မြန်ဆန်နေသေးသည်။

အနည်းဆုံးတော့ ထို သက်ကြီးရွယ်အိုသုံး အမိုးပါ လျှပ်စစ်သုံးဘီးများက ပစ္စည်းပစ္စယ အများအပြားကို သယ်ဆောင်ထားခြင်း မရှိပေ။

သို့သော် ချန်းရီက ဤတစ်ကြိမ် ရရှိလိုက်သော အကျိုးအမြတ်များကို မြင်လိုက်ရချိန်တွင်မူ ရင်ထဲ၌ အလွန် ကျေနပ်နေခဲ့သည်။

ဆက်လက်၍ လက်ထဲတွင် လောလောဆယ် ကျန်ရှိနေသေးသော သတ်ဖြတ်မှတ်များကို အသုံးပြုကာ သူ၏ ယာဉ်ကို အဆင့်မြှင့်တင်ရမည် ဖြစ်သည်။

အဆင့်မြှင့်တင်ပြီးသွားပါက နောင်လာမည့် အချိန်ကာလ တစ်ခုအထိ ယာဉ်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေရန် လိုအပ်တော့မည် မဟုတ်ပေ။

ထို့နောက်တွင် မိမိ၏ စွမ်းရည် သို့မဟုတ် လက်နက်များကို အဆင့်မြှင့်တင်ရန်အတွက် အာရုံစိုက်ထားနိုင်မည် ဖြစ်သည်။

ယခုအချိန်အထိ ချန်းရီသည် ထူးဆန်းသော ပစ္စည်းများကို အဆင့်မြှင့်တင်ရန် သတ်ဖြတ်မှတ် (၅၀၀၀) လိုအပ်သည့် ကိစ္စကို စိတ်ထဲ၌ အမြဲ အမှတ်ရနေဆဲပင် ဖြစ်သည်။

ဆက်ရန်...

All Chapters