← Chapters

အခန်း ၅၇

Vol. 3 Ch. 57

အခန်း ၅၇

Vol. 3 Ch. 57

အပိုင်း(၅၇) နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြား လဲလှယ်ရန်

ထယ်ရှီး၏ ပစ္စည်းများကို ယူထားပြီးပြီဖြစ်ရာ ထယ်ရှီး၏ ကားကို ပြင်ပေးရမည်မှာ သဘာဝပင် ဖြစ်သည်။

ချန်းရီ ရောက်လာသည်ကို မြင်သောအခါ လူအတော်များများက လက်ထဲရှိ အလုပ်များကို ချထားလိုက်ကြပြီး မျှော်လင့်တကြီး မျက်လုံးများဖြင့် ချန်းရီကို လှမ်းကြည့်လိုက်ကြသည်။

"ချန်းရီ... ရောက်လာပြီလား"

"အင်း... လာကြည့်တာ... မပြင်ရသေးဘူးလား"

"မပြင်ရသေးဘူး... ဟူး... ဘာဖြစ်မှန်းကို မသိတာ... ဒီလိုမှန်းသိရင် ဒီကားကို လဲမယူခဲ့ပါဘူး"

ထယ်ရှီး၏ ရိုးအအ မျက်နှာပေါ်တွင် နောင်တရနေသော အမူအရာတစ်ခု ပေါ်လာသည်။

ဤကျောင်းကားသည် ယခင်ဘတ်စ်ကားထက် အများကြီး ပိုကောင်းသည်မှာ အသေအချာပင်။

ဤကား၏ နေရာအကျယ်အဝန်း တစ်ခုတည်းကပင် ယခင်ဘတ်စ်ကားထက် ၃၀ ရာခိုင်နှုန်းခန့် ပိုမို ကျယ်ဝန်းနေသည်။

ထို့အပြင် ကားအတွင်းပိုင်း အမြင့်သည်လည်း ယခင်ဘတ်စ်ကားထက် အများကြီး ပိုမြင့်ကာ နေရာလွတ်လည်း ပို၍ ကျယ်ဝန်းလှသည်။

ထယ်ရှီးကဲ့သို့ လူသန်ကြီး တစ်ယောက်အတွက် ဤသို့ ကြီးမားသော ကားတစ်စီး လိုအပ်သည်မှာ သေချာပေါက်ပင် ဖြစ်၏။

"ကိစ္စမရှိပါဘူး... ငါ ကြည့်ပေးပါ့မယ်"

ချန်းရီက အနားသို့ လျှောက်သွားရာ ပြင်ဆင်နေကြသော အသက်ရှင်ကျန်ရစ်သူများက သူ့အတွက် နေရာဖယ်ပေးလိုက်ကြသည်။

ထိုအချိန်တွင် ကျောင်းကား၏ အင်ဂျင်ခန်းမှာ အတော်များများ ဖြုတ်ချခံထားရပြီး အင်ဂျင်နှင့် ဆီဂျီးများ ပေကျံနေသော စက်ဆီများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အထင်းသား မြင်တွေ့နေရသည်။

ထယ်ရှီး၏ ကံကောင်းမှုကို ချီးကျူးရမည်ပင်။ ယခုလို အခြေအနေမျိုးတွင် မောင်းနှင်၍ ရနိုင်သေးသော ဤကဲ့သို့ ကျောင်းကားတစ်စီးကို ရှာတွေ့ရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ချေ။

ချန်းရီက ကျောင်းကား၏ ကိုယ်ထည်ပေါ်သို့ လက်ဖိတင်လိုက်သည်နှင့် သူ့ရှေ့တွင် စနစ်၏ အသိပေးချက် တစ်ခု ပေါ်လာသည်။

"စနစ်... ဒီကားရဲ့ အခြေအနေကို စစ်ဆေးပေး"

[စစ်ဆေးခြင်း ပြီးဆုံးပါပြီ၊ ဤကား၏ ကောင်းမွန်မှု ရာခိုင်နှုန်းမှာ ၈၇ ရာခိုင်နှုန်း ဖြစ်ပါသည်]

ထို ကောင်းမွန်မှု ရာခိုင်နှုန်းကို မြင်လိုက်ရသောအခါ ဤကျောင်းကားတွင် ကြီးကြီးမားမား ပြဿနာ မရှိနိုင်ကြောင်း ချန်းရီ၏ စိတ်ထဲတွင် ယေဘုယျအားဖြင့် နားလည်သွားခဲ့သည်။

ထယ်ရှီး စောစောက ပြောခဲ့သော ပြဿနာများမှာ သူ စိုးရိမ်လွန်ပြီး လာကြည့်ခိုင်းခြင်းသာ ဖြစ်ပေလိမ့်မည်။

ဤကဲ့သို့သော ကမ္ဘာပျက်ကပ်တွင် ယာဉ်တစ်စီး၏ အရေးပါမှုမှာ ပြောနေစရာပင် မလိုတော့ပေ။

"စနစ်... ကားမှာဖြစ်နေတဲ့ ပြဿနာ စာရင်းကို ပြပေး"

သူ့ရှေ့တွင် ဇယားကွက်တစ်ခုက လျင်မြန်စွာ ထွက်ပေါ်လာ၏။

ဇယားကွက်ထဲတွင် ပြဿနာ ခုနစ်ခု၊ ရှစ်ခုခန့် ရှိနေပြီး ထက်ဝက်ခန့်မှာ ကားအပြင်ပိုင်းနှင့် သက်ဆိုင်သော ပြဿနာများ ဖြစ်သည်။

ဥပမာအားဖြင့် ဆေးကွာကျနေခြင်း သို့မဟုတ် ကားကိုယ်ထည် ပုံပျက်နေခြင်းမျိုး ဖြစ်သည်။

ချန်းရီသည် ထယ်ရှီး စောစောက ပြောခဲ့သော ကားမှ အသံထွက်နေခြင်းနှင့် လီဗာနင်းမရဖြစ်နေသည့် ပြဿနာများကို ဇယားကွက်ထဲတွင် လျင်မြန်စွာ ရှာတွေ့သွားသည်။

ဤပြဿနာများသည် အချိန်တိုအတွင်းတွင်မူ ကားမောင်းနှင်ခြင်းကို ကြီးမားသော ထိခိုက်မှု ဖြစ်စေမည် မဟုတ်ပေ။

သို့သော် အချိန်ကြာမြင့်စွာ ဖြေရှင်းခြင်း မရှိပါက သေးငယ်သော ပြဿနာလေးများက ကြီးမားသော ပြဿနာများအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။

ထယ်ရှီးကလည်း ဤကားကို ယခုမှ ရထားခြင်းဖြစ်သဖြင့် သူ့စိတ်ထဲတွင် အနည်းနှင့်အများတော့ စိုးရိမ်နေမိမည်သာ ဖြစ်၏။

ချန်းရီနှင့် ထယ်ရှီးတို့ဘက်မှ လှုပ်ရှားမှုများက အခြားသော အသက်ရှင်ကျန်ရစ်သူများ၏ အာရုံစိုက်မှုကို လျင်မြန်စွာ ရရှိသွားစေခဲ့သည်။

ယာဉ်တန်းထဲတွင် လူလေးဆယ်ကျော်သာ ရှိရာ မည်သည့် သတင်းဖြစ်စေ ယာဉ်တန်းတစ်ခုလုံးသို့ ချက်ချင်း ပြန့်နှံ့သွားတတ်သည်။

ဥပမာအားဖြင့် ချန်းရီက ယခင်က မက္ကန်းနစ်လမ်းစဉ် ရှိခဲ့ပြီး ယခုအခါ အခြား စူပါအစွမ်း လမ်းစဉ် တစ်ခုခုကိုပါ ထပ်မံ နိုးကြားလာခဲ့သည်ဆိုသော သတင်းမျိုးပင်။

ယခုအချိန်တွင် ချန်းရီက ထယ်ရှီး၏ ကားကို ပြင်ဆင်ပေးမည်မှာ သိသာလှသည်။

ထို့ကြောင့် ချန်းရီ တစ်ယောက် ကားကို မည်သို့ ပြင်ဆင်မည်နည်းဆိုသည်ကို လူတိုင်းက သိချင်နေကြ၏။

ယခုအခါ ချန်းရီ၏ လက်က အဝါရောင် ကျောင်းကားပေါ်တွင် ငြိမ်သက်စွာ ကပ်နေသည်ကို မြင်လိုက်ရသဖြင့် ပတ်ဝန်းကျင်မှ လူများက တီးတိုး စကားပြောလာကြသည်။

"အစ်မ... ချန်းရီက ဘာလုပ်နေတာလဲ... ဘာလို့ ငြိမ်နေတာလဲ"

"မသိဘူးလေ... သူ့ရဲ့ သဘာဝလွန်အစွမ်းကို သုံးနေတာ ဖြစ်မယ်"

ကျိုးညီအစ်မ နှစ်ယောက်သည်လည်း လူအုပ်ထဲတွင် ရှိနေကြသည်။

အထူးသဖြင့် ကျိုးရှောင်ရှောင်ဖြစ်သည်။ သဘာဝလွန် လမ်းစဉ်အပေါ် သူမ၏ တောင့်တမှုက အလွန်တရာ ပြင်းပြလှပြီး ဤမိန်းကလေးက လမ်းစဉ် နိုးကြားလာကာ အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်လာရန် အိပ်မက်မက်နေသူ ဖြစ်သည်။

ထို့ကြောင့် သဘာဝလွန် လမ်းစဉ်အစွမ်းကို အနီးကပ် လေ့လာခွင့်ရမည့် ဤအခွင့်အရေးကို သူမအနေဖြင့် မည်သို့မျှ လက်လွတ်ခံမည် မဟုတ်ပေ။

ကျိုးရှောင်ရှောင်ကဲ့သို့ တွေးတောနေသူများလည်း နည်းပါးလှသည်တော့ မဟုတ်ချေ။

ချန်းရီ၏ လက်ဖဝါးက ကားကိုယ်ထည်ပေါ်တွင် ငြိမ်သက်စွာ ကပ်နေသည်ကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ လူအများအပြားက အချင်းချင်း တီးတိုး ဆွေးနွေးနေကြသည်။

ခြေတံရှည် ကောင်မလေး နာနာပင်လျှင် ရောက်ရှိလာခဲ့၏။

ချန်းရီ တစ်ယောက် မက္ကန်းနစ်အစွမ်းကို လက်တွေ့ အသုံးပြုနေသည်ကို သူမလည်း တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

ဤအချိန်တွင် ချန်းရီသည် စနစ်မှ ဖော်ပြလာသော ပြဿနာ စာရင်းများကို မြင်တွေ့ခဲ့ရပြီးဖြစ်ကာ ၎င်းတို့ထဲမှ အဓိက ပြဿနာများကို ပစ်မှတ်ထားလိုက်သည်။

"စနစ်... ငါသာ ဒီပြဿနာကို ပြင်မယ်ဆိုရင် သတ်ဖြတ်မှတ် ဘယ်လောက် လိုမလဲ"

[သတ်ဖြတ်မှတ် (၁၅၀) လိုအပ်ပါသည်]

(၁၅၀) မှတ်တောင်လား။

ချန်းရီမှာ နှမြောသွားသကဲ့သို့ ခံစားလိုက်ရ၏။

ဒီစနစ်ကတော့ ငါ့ကို ဂုတ်သွေးစုပ်နေတာပဲ။

သို့သော် ထယ်ရှီးဆီမှ တာဇီး ဆေးလိပ်တစ်တောင့်ကို ယူထားပြီးပြီဖြစ်ရာ ယခုမှ မပြင်နိုင်တော့ဘူးဟုဆိုကာ ပြန်ပေးရန် ချန်းရီ လုံးဝ စိတ်ကူးမရှိပေ။

ကပ်စေးနှဲလှသော ချန်းရီသည်လည်း သတ်ဖြတ်မှတ် (၁၅၀) ကို မသုံးရက်နိုင်ပါချေ။

"စနစ်... ကားပြင်ဆင်နည်း လမ်းညွှန်ချက် ပြပေးလို့ရမလား... အဲဒါဆိုရင်ရော သတ်ဖြတ်မှတ် လိုသေးလား"

[ပြင်ဆင်မှု လမ်းညွှန်ချက်အတွက် သတ်ဖြတ်မှတ် (၁၀) မှတ်သာ လိုအပ်ပါသည်]

(၁၀) မှတ်သာ လိုအပ်သည်ဟု ကြားလိုက်ရသောအခါ ချန်းရီ ချက်ချင်းပင် စိတ်ဝင်စားသွားသည်။

ထို့ကြောင့် သတ်ဖြတ်မှတ် (၁၀) မှတ်ကို ချက်ချင်း လဲလှယ်လိုက်၏။

ထိုအခါ ချန်းရီ၏ ရှေ့တွင် စနစ်မှ ပေးသော ပြင်ဆင်မှု လမ်းညွှန်ချက်များ ထွက်ပေါ်လာတော့သည်။

ချန်းရီ၏ မျက်နှာပေါ်တွင် မည်သည့် အပြောင်းအလဲမျှ မရှိဘဲ အကျင့်ပါနေသည့်အတိုင်း ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး ဘေးနားရှိ အသက်ရှင်ကျန်ရစ်သူဆီမှ ကိရိယာများကို ယူကာ စတင် ပြင်ဆင်လေတော့သည်။

ထိုနေရာရှိ လူအများမှာ အထဲသို့ လည်ပင်းရှည်ကြီးများ ထုတ်ကာ လှမ်းကြည့်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေကြသည်။

ချန်းရီ တစ်ယောက် အင်ဂျင်ခန်းထဲရှိ အစိတ်အပိုင်း မျိုးစုံကို အလွန် ကျွမ်းကျင်ပိုင်နိုင်စွာ ဖြုတ်ချနေသည်ကိုသာ မြင်တွေ့နေရ၏။

ထိုခံစားချက်က ဆယ်စုနှစ်ချီ၍ ကားပြင်လာခဲ့သော ဆရာတစ်ဆူ အလုပ်လုပ်နေသည်နှင့်ပင် တူနေတော့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက်...

ချန်းရီက ထယ်ရှီး၏ ကားကို အပြီးသတ် ပြင်ဆင်ပေးလိုက်သည်။

မျက်မှန်နှင့် လူလတ်ပိုင်း လောင်လီက ကားပေါ်တက်ကာ စမ်းသပ်ကြည့်လိုက်ရာ စက်နှိုးရသည်မှာ အလွန် ချောမွေ့နေပြီး လီဗာနင်းလိုက်သည်နှင့် ချက်ချင်း တုံ့ပြန်မှု ရရှိလေသည်။

ထယ်ရှီးမှာ ဝမ်းသာလုံးဆို့သွားပြီး ချန်းရီ၏ ပခုံးကို ပုတ်ကာ ရိုးအအ အပြုံးကြီးဖြင့် ပြုံးပြလိုက်သည်။

သို့သော် ဘေးနားရှိ အသက်ရှင်ကျန်ရစ်သူများမှာမူ စိတ်ပျက်သွားကြ၏။

"ဒါပဲလား..."

"စူပါအစွမ်းတွေကို မြင်ရမယ် ထင်နေတာ... ဒီလောက်နဲ့ပဲ ပြီးသွားလိမ့်မယ်လို့ မထင်ထားဘူး..."

"ဒီ မက္ကန်းနစ်လမ်းစဉ် ဆိုတာကလည်း အတုဖြစ်မယ် ထင်တယ်"

"ငါသာဆိုရင်... ငါလည်း လုပ်နိုင်မှာပဲ..."

"မင်းကရော ဘာဖြစ်လို့လဲ... မင်းလုပ်ရင်ရော ရမှာမို့လို့လား"

"ငါ..."

နာနာက လက်ထဲရှိ ဘီယာဘူးကို မော့သောက်လိုက်ပြီး သူမ၏ ခြေတံရှည်ကြီးများဖြင့် လှမ်းကာ ထွက်သွားလေတော့သည်။

ကျိုးညီအစ်မ နှစ်ယောက်က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်၏ မျက်လုံးထဲတွင် အခြားတစ်ယောက်၏ သံသယများကို အထင်းသား မြင်တွေ့လိုက်ကြရသည်။

လူအုပ်ထဲတွင် မျက်နှာဝိုင်းဝိုင်း၊ မေးစေ့ချွန်ချွန်နှင့် ဖရိုဖရဲ ဆံပင်များ ရှိသော အမျိုးသမီး တစ်ယောက် ရပ်နေ၏။

တစ်စုံတစ်ယောက်ကသာ သူမကို သတိထားမိခဲ့မည် ဆိုပါက ဤအမျိုးသမီး၏ မျက်လုံးများက အရောင်လက်နေသည်ကို မြင်တွေ့နိုင်ပေလိမ့်မည်။

ဤအမျိုးသမီးကား အခြားသူမဟုတ် ယခင်က ပြဿနာမိန်းမ ရွှီကျောင်းကျောင်း ပင် ဖြစ်သည်။

ခေါင်းဆောင်ချူက လှည့်ကွက်လေး တစ်ခု သုံးလိုက်ပြီးနောက် ဤအမျိုးသမီးမှာ ယာဉ်တန်းထဲတွင် လူရာမဝင်တော့ဘဲ အချို့လူများကမူ သူမကို အလွန်အမင်း ရွံရှာသွားခဲ့ကြသည်။

ထိုအဖြစ်အပျက်ပြီးနောက် ဤအမျိုးသမီးက ငြိမ်ကုပ်သွားခဲ့သည်။

ပြီးခဲ့သည့်အကြိမ်က ချန်ရှုရွာသို့ သွားစဉ်ကလည်း သူမက ကြောက်လန့်နေသဖြင့် လုံးဝ လိုက်မသွားခဲ့ပေ။

ယခုအခါ ယာဉ်တန်းထဲတွင် ရွှီကျောင်းကျောင်းသည် အခြားသူများကို ကူညီပေးရင်း သူမ၏ ဘဝကို ရပ်တည်နေရသည်။

နှမြောစရာကောင်းသည်မှာ ဤအမျိုးသမီးက ခန္ဓာကိုယ် အချိုးအစားကလည်း သာမန်၊ ရုပ်ရည်ကလည်း သာမန်သာ ဖြစ်ပြီး သာမန်လူများထက် သာလွန်သော ယုံကြည်မှု ရှိသည်မှလွဲ၍ မည်သည့် ကျွမ်းကျင်မှုမျှ မရှိချေ။

ထို့ကြောင့် သူမ၏ နေထိုင်မှု ဘဝကလည်း အဆင်မပြေလှဘဲ ယာဉ်တန်းထဲတွင် ရေမြောင်းထဲက ကြွက်တစ်ကောင်လို ဖြစ်နေရှာသည်။

သို့သော် သူမက အလွယ်တကူ အရှုံးပေးသွားမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

လွန်ခဲ့သော အချိန်များက ဤအမျိုးသမီးသည် လမ်းစဉ် အစွမ်းပိုင်ရှင်များ၏ အုပ်ချုပ်မှုကို ဖြုတ်ချရန်အတွက် အခြားသော အသက်ရှင်ကျန်ရစ်သူများနှင့် အဆက်အသွယ် လုပ်နေခဲ့သည်။

သို့သော် အကျိုးသက်ရောက်မှုက အလွန် နည်းပါးလှ၏။

ဤအချိန်တွင် နားထဲသို့ ဝင်လာသော စကားများကို ကြားလိုက်ရသဖြင့် ရွှီကျောင်းကျောင်း၏ မျက်လုံးများက ပို၍ တောက်ပလာပြီး ချန်းရီကို ကြည့်နေသော သူမ၏ အကြည့်များတွင် နက်နဲသော အဓိပ္ပာယ်တစ်ခု ပါဝင်နေသည်။

လတ်တလော ငြိမ်းချမ်းနေမှုများကလည်း သူမ၏ ဂနာမငြိမ်သော စိတ်နှလုံးကို တစ်ဖန် ပြန်လည် လှုပ်ရှားလာစေခဲ့သည်။

ချန်းရီက လက်ကို ခါလိုက်ပြီး မတ်တတ်ထရပ်ကာ ထွက်သွားရန် ပြင်လိုက်သည်။

ယခင်က ကားကို အချိန်ကြာမြင့်စွာ အလုပ်ရှုပ်ခံပြီး ပြင်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့သော အသက်ရှင်ကျန်ရစ်သူများကမူ ချန်းရီကို လေးစားသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

သူတို့ရှေ့မှ ဤလူက မည်မျှ တော်သည်ဆိုခြင်းကို သူတို့ကိုယ်တိုင်သာ အသိဆုံး ဖြစ်၏။

ယခုဆိုလျှင် ညဆယ့်တစ်နာရီ ကျော်နေပြီ ဖြစ်သည်။

သဲကန္တာရ၏ အပူချိန်မှာ ရုတ်တရက် ကျဆင်းသွားသည်။

အသက်ရှင်ကျန်ရစ်သူများက သူတို့၏ ကိုယ်ပေါ်ရှိ အဝတ်အစားများကို တင်းကြပ်စွာ လွှမ်းခြုံထားကြသည်။

ကားရှိသူများက ကားထဲသို့ ဝင်သွားကြသည်။

ကားမရှိသူများကမူ တဲများထဲသို့ ဝင်သွားကြလေပြီ။

ချန်းရီလည်း အအေးဓာတ်ကို ခံစားလိုက်ရသော်လည်း ယခုအချိန်က အနားယူရမည့် အချိန်မဟုတ်သေးပေ။

ချန်းရီ အမြဲတမ်း လုပ်ချင်နေခဲ့သော်လည်း မလုပ်ဖြစ်သေးသည့် ကိစ္စတစ်ခု ရှိသေးသည်။

၎င်းမှာ ခေါင်းဆောင်ချူကို သွားရှာပြီး နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြားကို လဲလှယ်ရန်ပင် ဖြစ်သည်။

ဤပစ္စည်းကို သူ လိုချင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

ဤနေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြားသာ ရှိပါက ချန်ရှုရွာတွင် သူရှာတွေ့ခဲ့သော ဒစ်ဂျစ်တယ်နာရီကို အသုံးပြုနိုင်မည်သာမက သူ၏ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားလေးပင် လျှပ်စစ်စွမ်းအင်ကို အသုံးပြုနိုင်တော့မည် ဖြစ်သည်။

ဆက်ရန်...

All Chapters