အခန်း ၅၈
Vol. 3 Ch. 58
အပိုင်း(၅၈) သဘာဝလွန်ပစ္စည်း
ချန်းရီက ထယ်ရှီး၏ ကျောင်းကားကို သွားရောက် ပြင်ဆင်ပေးခဲ့သည့် ကိစ္စအား ခေါင်းဆောင်ချူချယ်တစ်ယောက် သဘာဝကျကျပင် သိရှိထား၏။
ခိုးနားထောင်သည့် ရေဒီယိုကို ပိုင်ဆိုင်ထားသော ခေါင်းဆောင်ချူအတွက် ယာဉ်တန်းထဲရှိ မည်သည့်ကိစ္စမျှ သူ၏ နားနှင့် မလွတ်ကင်းနိုင်ပေ။
ဥပမာအားဖြင့် အမြဲတမ်း ငြိမ်ငြိမ်မနေတတ်သော ရွှီကျောင်းကျောင်း ကဲ့သို့သော ကိစ္စမျိုးပင်။
သို့သော် ခေါင်းဆောင်ချူကမူ ရွှီကျောင်းကျောင်းအား စိတ်ထဲ ထည့်မထားချေ။
အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ ဤမိန်းမကို အရေးယူလိုက်မည်ဆိုပါက ယာဉ်တန်း၏ တရားမျှတမှု စည်းမျဉ်းကို ချိုးဖောက်ရာ ရောက်သွားပေလိမ့်မည်။
ခေါင်းဆောင်တစ်ယောက်အနေဖြင့် ကိုယ်တိုင် ချမှတ်ထားသော စည်းမျဉ်းကို ကိုယ်တိုင် အလွယ်တကူ ချိုးဖောက်မည် မဟုတ်သည်မှာ သေချာလှသည်။
ထို့အပြင် ဤမိန်းမက ချန်းရီအား ယာဉ်တန်းတစ်ခုလုံးတွင် အားအနည်းဆုံးသူဟုပင် ထင်မှတ်နေသေး၏။
ဟားဟားဟား... အတော်လေး စိတ်ဝင်စားစရာ ကောင်းပေသည်။
"ဂလု... ဂလု..."
ခေါင်းဆောင်ချူက ခွက်ထဲမှ ပူအာလက်ဖက်ရည်ကို တစ်ငုံ ငုံသောက်လိုက်ရာ တစ်ကိုယ်လုံး လန်းဆန်းသက်သာသွားသကဲ့သို့ ခံစားလိုက်ရသည်။
ယခင်က လက်ဖက်ရည်ကို လွတ်လွတ်လပ်လပ် သောက်ခွင့်ရခဲ့သော အချိန်များကို သူ အမှန်တကယ် လွမ်းဆွတ်မိ၏။
အရင် အိမ်ဟောင်းမှာဆိုလျှင် သူ၏ ကိုယ်ပိုင် သီးသန့် လက်ဖက်ရည်သောက်ခန်း တစ်ခန်းပင် ရှိခဲ့သေးသည်။
ကမ္ဘာပျက်ကပ်ကြီးတွင် အရာအားလုံးက ကောင်းမွန်နေပါသော်လည်း ဤလက်ဖက်ခြောက်များကမူ သောက်လေ လျော့လေဖြစ်ပြီး ထပ်မံ စုဆောင်းရန်မှာလည်း လွယ်ကူသော ကိစ္စတော့ မဟုတ်ချေ။
ပြီးခဲ့သည့်အကြိမ်က နာနာတစ်ယောက် လက်ဖက်ရည်ကို နွားငတ်ရေသောက်သလို အငန်းမရ သောက်ချသွားခဲ့သည့် မြင်ကွင်းကို ပြန်တွေးမိတိုင်း ခေါင်းဆောင်ချူ၏ ရင်ထဲတွင် နာကျင်ရဆဲပင်။
ခေါင်းဆောင်တစ်ယောက် ဖြစ်သော ချူချယ်သည် မိန်းမလှလေးများကို စိတ်မဝင်စားတတ်ပေ။ ယာဉ်တန်းထဲရှိ ကိုယ်လုံးကိုယ်ပေါက် လှပသော အမျိုးသမီးများကိုပင် ခေါင်းဆောင်ချူက တစ်ချက်ကလေးမျှ ပိုကြည့်ချင်စိတ် မရှိခဲ့ချေ။
ကျိုးလန်နှင့် ကျိုးရှောင်ရှောင် ညီအစ်မကဲ့သို့သော အလှပဂေးများကိုပင် ခေါင်းဆောင်ချူက စိတ်မဝင်စားပေ။
သူ တစ်ခုတည်း သဘောကျ နှစ်သက်သည့်အရာမှာ ဤခွက်ထဲရှိ လက်ဖက်ရည် အငွေ့အသက်လေးပင် ဖြစ်သည်။
၎င်းသည် လူ့ပြည်၏ အကောင်းဆုံးသော ခံစားမှုရသတစ်ခုပင် ဖြစ်လေသည်။
"ဂလု... ဂလု..."
သူ နောက်ထပ် တစ်ငုံ ထပ်သောက်လိုက်ပြန်သည်။
ခေါင်းဆောင်ချူသည် သူ၏ ဝိညာဉ်ပါ လွင့်မျောသွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်နေကုန် ပင်ပန်းနွမ်းနယ်မှုများ အားလုံးမှာလည်း ဤအချိန်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"ခေါင်းဆောင်... ခေါင်းဆောင်ချူ"
ရင်းနှီးနေသော အသံတစ်သံက တဲအပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
ခေါင်းဆောင်ချူ ရင်ထဲ လန့်ဖျပ်သွား၏။
သူက လက်ဖက်ရည်ပန်းကန်များကို ဘေးနားရှိ သေတ္တာထဲသို့ အမြန် ကမန်းကတန်း ထိုးထည့်ရန် ပြင်ဆင်လိုက်သည်။
ခေါင်းဆောင်ချူက လက်ဖက်ရည်အိုးကို ကိုင်ကာ ဘေးရှိ သေတ္တာထဲသို့ ဖွက်ရန် ကြိုးစားနေစဉ်မှာပင် တဲတံခါးစကို အပြင်ဘက်မှ တစ်စုံတစ်ယောက်က ဆွဲလှန်လိုက်လေသည်။
ချောမောသော်လည်း ဆံပင်စုတ်ဖွားနှင့် မျက်နှာတစ်ခုက တံခါးဝတွင် ပေါ်လာ၏။
ချန်းရီပင် ဖြစ်သည်။
ချန်းရီကလည်း တဲတံခါးစကို ဆွဲလှန်လိုက်ချိန်တွင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ချေ။
ခေါင်းဆောင်ချူက ဘေးနားရှိ သေတ္တာထဲသို့ တစ်စုံတစ်ခုကို သူခိုးလူမိသကဲ့သို့ ကပျာကယာ ထိုးသိပ်ထည့်နေသည်။
ချန်းရီ၏ အကြည့်များက ခေါင်းဆောင်ချူ ဖွက်ရန် ကြိုးစားနေသော ပစ္စည်းများဆီသို့ ရောက်သွားသောအခါ သူ၏ မျက်လုံးများ အရောင်လက်သွား၏။
"ခေါင်းဆောင်... ခင်ဗျားကတော့ တစ်ကယ့်လူပဲ... လက်ဖက်ရည်ကို တစ်ယောက်တည်း သောက်နေပြီး ကျွန်တော့်ကိုလည်း မခေါ်ဘူး"
"စဉ်းစားကြည့်ရင် ကျွန်တော် လက်ဖက်ရည် မသောက်ရတာတောင် တော်တော်ကြာပြီပဲ"
ချန်းရီသည် လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ကာ တဲထဲသို့ ဝင်လာခဲ့သည်။
မူလက ခေါင်းဆောင်ချူနှင့် နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြားကို လာရောက် လဲလှယ်ရန် ရည်ရွယ်ထားခဲ့သော်လည်း ခေါင်းဆောင်ချူ လက်ဖက်ရည် သောက်နေသည်နှင့် ကွက်တိ လာဆုံနေခဲ့သည်။
ဤနေရာက သဲကန္တာရဖြစ်ကြောင်း သိထားရမည်။
သဲကန္တာရထဲတွင် ရေအရင်းအမြစ်ဆိုသည်မှာ အလွန်တရာ အဖိုးတန်လှပေသည်။
ချန်းရီကိုယ်တိုင်ပင်လျှင် နေ့စဉ် ရေသောက်သုံးမှုကို ထိန်းချုပ်နေရသည်။
လက်ဖက်ရည် သောက်ရန်ဆိုသည်မှာ ပို၍ပင် ဝေးသေး၏။
ရေအရင်းအမြစ်ကို ချွေတာနိုင်ရန်အတွက် ချန်းရီသည် သွားမတိုက်ရသည်မှာ လပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးအကြိမ် ရေချိုးခဲ့ရသည်မှာ ချန်ရှုရွာမှ ထွက်လာစဉ်က မိုးရွာသွန်းခဲ့သော ည၌ ဖြစ်သည်။
ယခု ထိုညက မိုးရေများကို ပြန်တွေးမိတိုင်း အနည်းငယ် နှမြောမိဆဲပင်။
ထိုအချိန်က ပုလင်းများဖြင့်သာ အနည်းငယ် စုဆောင်းထားနိုင်ခဲ့လျှင် ဘယ်လောက်ကောင်းလိုက်မည်နည်း။
"ခေါင်းဆောင်က တကယ် တွန့်တိုတာပဲ"
ချန်းရီက တဟဲဟဲ ရယ်မောရင်း ဘေးမှ လခြမ်းပုံခေါက်ထိုင်ခုံ တစ်လုံးကို ဆွဲယူကာ ခေါင်းဆောင်ချူ၏ မျက်နှာချင်းဆိုင်တွင် တိုက်ရိုက် ဝင်ထိုင်လိုက်သည်။
ချူချယ်၏ နှုတ်ခမ်းထောင့်များက အဆက်မပြတ် တုန်လှုပ်သွား၏။
"မင်း... ထားလိုက်ပါတော့ကွာ"
လက်ပူးလက်ကြပ် မိသွားပြီဖြစ်သဖြင့် ခေါင်းဆောင်ချူက ဤပူအာလက်ဖက်ရည် တစ်အိုးကို ချန်းရီနှင့် မျှဝေခံစားရန်သာ တတ်နိုင်တော့သည်။
ခေါင်းဆောင်ချူက လက်ဖက်ရည်အိုးထဲသို့ ရေနွေးများ ထပ်မံ ဖြည့်စွက်လိုက်ပြီးနောက် လက်ဖက်ရည်များကို ခွက်ထဲသို့ ငှဲ့ထည့်လိုက်ရာ လိမ္မော်ရောင်သန်းနေသော လက်ဖက်ရည်အရည်များဆီမှ ရင်ထဲအထိ အေးမြသွားစေသော မွှေးပျံ့သည့် ရနံ့လေးများ လွင့်ပျံ့လာသည်။
ချန်းရီကလည်း ခေါင်းဆောင်ချူ၏ တဲကို အကဲခတ် ကြည့်ရှုနေ၏။
ခေါင်းဆောင်ချူသည် ဇိမ်ခံတတ်သူတစ်ယောက် ဖြစ်ကြောင်း ဝန်ခံရပေမည်။
တဲထဲတွင် တစ်ယောက်အိပ် စစ်သုံးခေါက်တင်ကုတင် တစ်လုံးနှင့် စခန်းချ မီးအိမ်တစ်လုံးလည်း ရှိသေးသည်။
ချန်းရီ အလိုရှိနေသော နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြားကမူ ကြမ်းပြင်ပေါ်တွင် ပေါ့ပေါ့ဆဆ ပစ်ချထားခြင်း ခံနေရသည်။
ချန်းရီ၏ အခြေအနေနှင့် နှိုင်းယှဉ်ပါက များစွာ သာလွန်ကောင်းမွန်နေပေသည်။
"ဘယ်လိုလဲ... ထယ်ရှီးရဲ့ ကားကို ပြင်ပြီးပြီလား"
"ပြင်ပြီးပြီ... ဘာပြဿနာကြီးကြီးမားမားမှ မရှိပါဘူး"
"တကယ့် မက္ကန်းနစ်လမ်းစဉ် ပီသပါပေတယ်... ဒါပေမဲ့ မင်းက တော်တော် ရက်စက်တာပဲ... မိနစ်အနည်းငယ်လေးအတွင်းမှာတင် ထယ်ရှီးဆီက ဆေးလိပ်တစ်တောင့်တောင် အမြတ်ထုတ်လိုက်သေးတယ်"
"မတတ်နိုင်ဘူးလေ... ထယ်ရှီးနဲ့ ကျွန်တော်နဲ့က ဆက်ဆံရေး ကောင်းတာကိုး... ဆေးလိပ်တစ်တောင့်တည်းပါ... ဆေးလိပ်မပေးရင်တောင် ကျွန်တော်က သူ့ကို ကြည့်ပေးမှာပါပဲ"
ဤစကားက လိမ်ညာနေခြင်းတော့ မဟုတ်ပေ။ ယခင်က ချန်းရီသည် သဲကန္တာရထဲမှ ကားကို ဆွဲထုတ်ရန် ထယ်ရှီးထံ အကူအညီ တောင်းခံခဲ့စဉ်ကလည်း ထယ်ရှီးက တစ်ချက်ကလေးမျှ တုံဆိုင်းခြင်းမရှိဘဲ သဘောတူ လက်ခံပေးခဲ့သည်။
မိမိကိုယ်တိုင်အတွက် ထိခိုက်နစ်နာမှု မရှိမည့် အခြေအနေမျိုးတွင် ချန်းရီသည် ထယ်ရှီးအား အကူအညီပေးရန် ဆန္ဒရှိနေဆဲပင်။
သို့သော် ထယ်ရှီးက ဆေးလိပ် ပေးလိုသည့်အတွက် ချန်းရီကလည်း ငြင်းဆန်မည် မဟုတ်ပေ။
"မက္ကန်းနစ်လမ်းစဉ်က တကယ်ကို အစွမ်းထက်တာပဲ... ဒါပေမဲ့ အထောက်အကူပြု လမ်းစဉ်တွေက တခြားသူတွေရဲ့ အထင်သေးတာကို ခံရလွယ်တယ်... မင်းကလည်း ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး နှိမ့်ချလွန်းနေတယ်"
ခေါင်းဆောင်ချူက ချန်းရီအား ပြုံးစိစိဖြင့် ကြည့်လိုက်သည်။ သူ၏ စကားထဲတွင် အဓိပ္ပာယ် တစ်ခုခုကို ရည်ရွယ်နေသကဲ့သို့ ရှိ၏။
ချန်းရီက ခွက်ကို မယူကာ တစ်ငုံတည်းဖြင့် မော့သောက်လိုက်ပြီး လက်ဖက်ရည်၏ မွှေးပျံ့သော အရသာကို ခံစားလိုက်သည်။
"ချန်းရီ... မင်းက အလုပ်မရှိဘဲနဲ့ အလကားတော့ လာမယ့်ကောင် မဟုတ်ဘူး... သန်းခေါင်ယံကြီး ငါ့ဆီလာတာ ဘာကိစ္စလဲ... တည့်သာပြောစမ်းပါ"
ချန်းရီက ခေါင်းဆောင်ချူ၏ နောက်ကျောဘက်ရှိ နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြားကို လက်ညှိုးထိုးပြလိုက်သည်။
"ကျွန်တော် အဲ့ဒါကို လိုချင်လို့... ခေါင်းဆောင် ဘယ်လို လဲပေးမလဲ"
ခေါင်းဆောင်ချူက နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြားကို တစ်ချက် ကြည့်လိုက်သည်။ ချန်းရီတစ်ယောက် ဤပစ္စည်းကို လာလဲမည်ဆိုတာ သူ စောစောကတည်းက ခန့်မှန်းမိပြီးသား ဖြစ်သော်လည်း ဤမျှ အချိန်ကြာလိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။
"မင်း ဒါကို လိုချင်ရင် လဲလို့ မရတာတော့ မဟုတ်ဘူး... ဒါပေမဲ့ ဒီပစ္စည်းက ဈေးမပေါဘူးနော်"
"ဈေးသာပြောစမ်းပါ"
"ဂျုံမှုန့် (၅) ပြည် တစ်အိတ်နဲ့... ဆန် (၅) ပြည် တစ်အိတ်"
"ခင်ဗျား ရူးနေတာလား"
ခေါင်းဆောင်ချူက သူထက်ပင် သာ၍ လောဘကြီးပြီး ရက်စက်လိမ့်မည်ဟု ချန်းရီ ထင်မထားခဲ့ချေ။
ချူချယ်က လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း တစ်ငုံ သောက်လိုက်ပြီးမှ ပြောလိုက်သည်။ "ဈေးကြီးလို့လား... မင်း အဘိုးကျန်းဆီ သွားရှာလို့ ရတာပဲ... သူ့ဆီမှာ နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြားတွေ အများကြီး ရှိတယ်"
"ဒါပေမဲ့... သူက ငါ့ထက် အများကြီး ပိုပြီး ရက်စက်တယ်နော်"
"မင်း သူ့ဆီမှာ နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြား သွားလဲမယ်ဆိုရင် ဈေးက အနည်းဆုံး နှစ်ဆလောက် ပိုများလိမ့်မယ်"
ချန်းရီက အံကြိတ်လိုက်သည်။ ခေါင်းဆောင်ချူ၏ ဤစကားကို သူ ယုံကြည်သည်။
အသက်ကြီးရွယ်အိုသုံး အမိုးပါ လျှပ်စစ်သုံးဘီးကို မောင်းနှင်သော ထိုအဘိုးအိုသည် တောင့်တင်းပြည့်ဖြိုးသော အမျိုးသမီးနှင့် အလဲအလှယ် ကိစ္စပြီးဆုံးသွားတိုင်း ပေါင်မုန့်လေး တစ်ခုသာ ပေးလေ့ရှိသည်။
တစ်ညလုံးနေမှ ပေါင်မုန့်လေး တစ်ခုတည်း ပေးခြင်း ဖြစ်သည်။
ထိုကဲ့သို့သော ကပ်စေးနဲသည့် အခြေအနေမျိုးနှင့်ဆိုလျှင် နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြားကို လဲလှယ်လိုပါက ကြီးမားသော တန်ဖိုးကို ပေးဆပ်ရမည်မှာ သေချာလှသည်။
ထို့ပြင် ချန်းရီကလည်း ထိုအဘိုးအိုနှင့် ဆက်ဆံရသည်ကို သိပ်ပြီး သဘောမကျပေ။
ဘာကြောင့်မှန်းမသိသော်လည်း ချန်းရီက ထိုအဘိုးအိုတွင် ပြဿနာ တစ်ခုခု ရှိနေနိုင်သည်ဟု အမြဲတမ်း ခံစားနေရ၏။
ထိုအဘိုးအို၏ နောက်ခံအကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးမီတွင် ချန်းရီအနေဖြင့် ခပ်ခွာခွာ နေခြင်းက ပိုကောင်းလိမ့်မည်ဟု ထင်မြင်မိသည်။
တစ်ခါတစ်ရံတွင် ဟန်လောင်မို ကဲ့သို့ ကျင့်ကြံနေထိုင်ခြင်းက အသက်ပိုရှည်စေတတ်သည်။
"ခေါင်းဆောင်... ခင်ဗျား ဈေးက အရမ်းကြီးများလွန်းတယ်"
"မဟုတ်တာ... မများပါဘူးကွ... ချန်းရီ... မင်းမှာ ပစ္စည်းတွေ အများကြီးရှိပြီး တစ်ယောက်တည်း စားရတာ... ငါကတော့ လူတွေအများကြီးကို ကျွေးမွေးနေရတာလေ"
"ငါ့ရဲ့ ရိက္ခာအခြေအနေက မင်းထက်တောင် ပိုပြီး ကျပ်တည်းနေသေးတယ်"
"ငါ့ကိုသာ လဲပေးလိုက်စမ်းပါ"
"ဒါနဲ့... မင်း ငါ့ဆီက ဓာတ်ဆီ (၄) ဂါလန် တစ်ပုံး အကြွေးတင်နေသေးတယ်နော်"
"အဲ့တာရော ဘယ်တော့ ပြန်ဆပ်မှာလဲ"
ချန်းရီ၏ လက်ရှိ ဓာတ်ဆီမှာ (၁၆) ဂါလန်သာ ရှိတော့ပြီး အကယ်၍ ချူချယ်အား ပြန်ဆပ်လိုက်ပါက သူကိုယ်တိုင်အတွက် (၁၂) ဂါလန်ခန့်သာ ကျန်ရှိတော့မည် ဖြစ်သည်။
"အဟမ်း... အဟမ်း... ခေါင်းဆောင်... ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားက ဓာတ်ဆီ မပြတ်လပ်သေးပါဘူး... နောက်မှ ဆပ်ပါ့မယ်... နောက်မှ ပြောကြတာပေါ့"
"နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြား ကိစ္စကိုပဲ အရင်ပြောကြရအောင်"
"ဆန် (၅) ပြည်... ဂျုံမှုန့် (၅) ပြည်... ဈေးဆစ်လို့ မရဘူး"
"ခင်ဗျားကတော့ အင်မတန် ရက်စက်တဲ့ ကပ်စေးနဲကြီးပဲ"
"မင်း သဘောရှိ ပြောနိုင်တယ်"
ခေါင်းဆောင်ချူက ချန်းရီ အရှိုက်ထိသွားသည့် ပုံစံကို အလွန် ကျေနပ်သဘောကျသွားပြီး လက်ဖက်ရည်ခွက်ကို မယူကာ အရသာခံ၍ သောက်နေလေသည်။
"ဒါပေမဲ့... မင်း တကယ်ကို ဈေးကြီးတယ်လို့ ထင်နေရင် ငါ့ဆီမှာ နောက်ထပ် နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြား တစ်စုံ ရှိသေးတယ်"
"ပျက်နေတာ ဆိုပေမဲ့ မင်းအတွက်ကတော့ ပြဿနာ မဟုတ်လောက်ပါဘူး"
"မင်း လိုချင်ရင် ငါ နည်းနည်း ဈေးလျှော့ပေးမယ်... စောစောက ပြောထားတဲ့ဈေးရဲ့ တစ်ဝက်ဆိုရင် ရပြီ"
"ဒါဆိုအဆင်ပြေတယ်... ခေါင်းဆောင်... ကျွန်တော့်ကို အဲဒါလေး ပြပေးပါဦး"
ရိက္ခာ တစ်ဝက်တည်းနှင့် လဲလှယ်နိုင်မည်ကို ကြားလိုက်ရသဖြင့် ချန်းရီ၏ စိတ်ထဲတွင် လန်းဆန်းတက်ကြွသွား၏။
"ခဏစောင့်ဦး... ငါ ရှာကြည့်လိုက်ဦးမယ်"
ပြောပြီးသည်နှင့် ချူချယ်က မတ်တတ်ထရပ်ကာ ဘေးနားရှိ အနည်းဆုံး လက်မ (၃၀) အရွယ် ခရီးဆောင်သေတ္တာ တစ်လုံးအနီးသို့ ရောက်သွားသည်။
ဤခရီးဆောင်သေတ္တာကို ခေါင်းဆောင်ချူက ယခင် ရိက္ခာများ လိုက်လံရှာဖွေစဉ်က ရရှိခဲ့ခြင်း ဖြစ်သည်။
အသုံးပြုရ အဆင်ပြေသည်ဟု ထင်ရသဖြင့် ရိက္ခာများ ထည့်သိမ်းရန် ယူဆောင်လာခဲ့ခြင်း ဖြစ်၏။
ချန်းရီ၏ အကြည့်များကလည်း ထိုသေတ္တာဆီသို့ ရောက်ရှိသွားသည်။
ခေါင်းဆောင်ချူ၏ သေတ္တာထဲတွင် ထည့်သိမ်းထားနိုင်သော ပစ္စည်းများဖြစ်သဖြင့် အနည်းနှင့်အများတော့ အသုံးဝင်မည့် ပစ္စည်းများပင် ဖြစ်ပေလိမ့်မည်။
ရုတ်တရက် ချန်းရီ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။
အနီရောင် သားရေပြားတစ်ချပ်ကို ချူချယ်က သေတ္တာထဲမှ ထုတ်ယူကာ အခြားတစ်ဖက်သို့ ချထားလိုက်သည်။
ယခင်က ယာဉ်တန်း၏ ကုန်စည်ဖလှယ်ပွဲတွင် ဤသားရေပြားကို သူ မြင်တွေ့ခဲ့ဖူးသည်။
ထိုအချိန်က ဤသားရေပြားသည် အတော်လေး ထူးဆန်းသည်ဟုသာ သူ ထင်မှတ်ခဲ့မိ၏။
ယခုကြည့်ရသည်မှာ ဤသားရေပြားသည် တစ်စုံတစ်ရာသော ထူးဆန်းသည့်ပစ္စည်း ကုန်ကြမ်းတစ်ခု ဖြစ်နိုင်ချေ များနေသည်။
ချန်းရီ၏ မျက်လုံးများက ထပ်မံ ကျဉ်းမြောင်းသွားပြန်သည်။
"စနစ်... ဒီသားရေပြားက ဘာပစ္စည်းလဲ"
[သတ်ဖြတ်မှတ် (၁၀၀) အသုံးပြုပြီး အကဲဖြတ်စစ်ဆေးလိုပါသလား]
"ဘာ"
အကဲဖြတ်စစ်ဆေးဖို့အတွက်တောင် သတ်ဖြတ်မှတ်တွေကို အသုံးပြုရဦးမယ် ဟုတ်လား။
ဤကဲ့သို့သော ကိစ္စမျိုးသည် တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ခဲ့ဖူးချေ။
ဒါက တကယ်ပဲ အံ့မခန်း သဘာဝလွန်ပစ္စည်းပစ္စည်း ကုန်ကြမ်းများ ဖြစ်နေမလား။
ဆက်ရန်...