အခန်း ၅၉
Vol. 3 Ch. 59
အပိုင်း(၅၉) နင် သူ့ကို အဲ့ဒီလိုပြောခွင့် မရှိဘူး
ညဘက် သဲကန္တာရ၏ အပူချိန်က ရုတ်ချည်း ထိုးကျသွား၏။ နေ့ခင်းဘက်ကမူ ကိုယ်ပေါ်ရှိ အဝတ်အစားများအားလုံးကို ချွတ်ပစ်ချင်စိတ်ပေါက်လောက်အောင် ပူပြင်းခဲ့သည်။
ညအချိန်သို့ ရောက်သောအခါတွင်မူ ရှိသမျှ အဝတ်အစားများအားလုံးကို ထပ်ဝတ်ထားချင်လောက်အောင် ချမ်းအေးနေတော့သည်။
ယခုလေးတင်မှ ပြင်ဆင်ပြီးစီးခဲ့သော ကျောင်းကားလေးက ပြတင်းပေါက်များကို အကုန်ပိတ်ထားလိုက်ပြီး အဝတ်အစားများ၊ စောင်များဖြင့်ပါ ကားပြတင်းပေါက်များကို လုံနေအောင် ပိတ်ဆို့ထားကြသည်။
သန်းခေါင်ယံအချိန်တွင် သုညအောက် အနုတ်ဆယ်ဂဏန်းကျော်လောက်ထိ ထိုးကျသွားသော အပူချိန်က လူတစ်ယောက်ကို ညတွင်းချင်း အေးခဲသေဆုံးသွားစေရန် လုံလောက်နေသည်။
ဤသို့သော ညသန်းခေါင်ယံအချိန်ကြီးတွင် ရွှီကျောင်းကျောင်းက သူမအား ကားထဲမှ အဘယ်ကြောင့် လာခေါ်ရသနည်းဆိုသည်ကို ရှုလီနာ နားမလည်နိုင်ဖြစ်နေမိ၏။
သို့သော် အပမ်းမကြီးသဖြင့် ရှုလီနာက အဝတ်အစားများကို ထူထူထဲထဲ ဝတ်ဆင်ကာ ကျောင်းကားပေါ်မှ ဆင်းလာခဲ့သည်။
သို့သော် ရှုလီနာက အဝတ်အစားများကို တစ်ကိုယ်လုံး ထူပိန်းနေအောင် ရစ်ပတ်ထားသော်ငြားလည်း သူမ၏ လှပသော ခန္ဓာကိုယ် ကောက်ကြောင်းများကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။ အမျိုးသား အသက်ရှင်ကျန်ရစ်သူ အချို့က ရှုလီနာ၏ ကျောပြင်ကို ငေးမောကြည့်ရှုနေကြပြီး သူတို့၏ မျက်လုံးများထဲတွင် တပ်မက်မှုများ ပြည့်နှက်နေကြ၏။
ခေါင်းဆောင်ချူ ဦးဆောင်သော ယာဉ်တန်းတွင် သံမဏိစည်းမျဉ်းတစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ တရားမျှတမှုပင် ဖြစ်သည်။
ရှုလီနာက မိမိသဘောဆန္ဒအလျောက် မဟုတ်ပါက မည်သူကမျှ သူမ မလုပ်ချင်သော အရာကို အတင်းအကျပ် ခိုင်းစေခွင့် မရှိပေ။
သုံးဘီးဆိုင်ကယ်ကို မောင်းနှင်သော အဘိုးကျန်းက ရှုလီနာ၏ စိတ်ကို အလိုလိုက်ရန်အတွက် အစားအသောက် အိတ်ကြီးတစ်အိတ်ကိုပင် ထုတ်ပေးခဲ့သော်လည်း ရှုလီနာက ယဉ်ကျေးစွာဖြင့် ငြင်းပယ်ခဲ့သည်။
၎င်းတို့က အစားအသောက်များ ဖြစ်ကြောင်း သိထားရမည်။
အိတ်ကြီး တစ်အိတ်လုံးပင် ဖြစ်သည်။
အကယ်၍သာ အခြားသော အသက်ရှင်ကျန်ရစ်သူများကို ပေးလိုက်မည်ဆိုပါက သူတို့ကို မည်သည့်အရာမဆို ခိုင်းစေနိုင်ပေလိမ့်မည်။
ကမ္ဘာပျက်ကပ်ကြီးထဲတွင် အစားအသောက်ထက် ပို၍ အဖိုးတန်သော ပစ္စည်းဟူ၍ မရှိတော့ပေ။
ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက ယောက်ျားများအတွက် ကျိုးညီအမများထက်ပင် ပို၍ ဆွဲဆောင်မှု ရှိနေသည်။
သူမ၏ လှုပ်ရှားမှုတိုင်းက သဘာဝဆန်သော ညှို့ဓာတ်များဖြင့် ပြည့်နှက်နေ၏။
ဤကဲ့သို့သော ဆွဲဆောင်မှုကို အချို့က မိန်းမပီသမှုဟု ခေါ်ဆိုကြပြီး အချို့သော အမျိုးသမီးများက မွေးရာပါ ပိုင်ဆိုင်ထားတတ်ကြသည်။
အချို့သော အမျိုးသမီးများမှာမူ အတုခိုးရန် ကြိုးစားလျှင်ပင် အရာမထင်ဘဲ ရယ်စရာသာ ဖြစ်သွားတတ်သည်။
ကမ္ဘာပျက်ကပ် မတိုင်မီက ရှုလီနာ တစ်ယောက် မည်သည့် အလုပ်အကိုင်ကို လုပ်ကိုင်ခဲ့သနည်းဟု အချို့က သိချင်စိတ် ပြင်းပြခဲ့ဖူးကြသည်။
ကျိုးညီအမများပင်လျှင် ယာဉ်တန်းထဲမှ ဤဆွဲဆောင်မှု အပြည့်ရှိသော အမျိုးသမီးကို အလွန် သိချင်နေခဲ့ကြ၏။
သို့သော် မည်သူကမျှ သတင်းအချက်အလက် အနည်းငယ်မျှတောင် စုံစမ်း၍ မရခဲ့ပေ။
သူမက လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။ ယာဉ်တန်းထဲရှိ သူမ၏ လူမှုဆက်ဆံရေးက အကောင်းကြီး မဟုတ်သလို အဆိုးကြီးလည်း မဟုတ်ပေ။ မည်သူနှင့် စကားပြောပြော အမြဲတမ်း ပြုံးရွှင်နေတတ်ပြီး မည်သူ့ကိုမျှ မထိခိုက်စေသလို မည်သူနှင့်မျှလည်း အလွန်အကျွံ ရင်းနှီးခြင်း မရှိပေ။
ထို့ကြောင့်ပင် ရှုလီနာက သူမ၏ အလှအပကြောင့် ယာဉ်တန်းထဲတွင် ပိုမို ကောင်းမွန်စွာ နေထိုင်ရခြင်းမျိုး မရှိခဲ့ဘဲ ပုံမှန်အားဖြင့် ယာဉ်တန်းထဲရှိ အလုပ်များကိုလည်း အခြားသူများနည်းတူ လုပ်ဆောင်ခဲ့ရသည်။
ရှုလီနာက ကိုယ်ပေါ်ရှိ အဝတ်အစားများကို တင်းကျပ်စွာ ဆွဲစေ့လိုက်ပြီး ပါးစပ်မှ အခိုးအငွေ့များ မှုတ်ထုတ်ကာ ခြေဖော့နင်းရင်း မလှမ်းမကမ်းဆီသို့ လျှောက်လာခဲ့သည်။
"ကျောင်းကျောင်း... ညကြီးမိုးချုပ် အိပ်မနေဘဲ အမကို ဘာကိစ္စ ခေါ်ရတာလဲ"
ရွှီကျောင်းကျောင်း၏ ကိုယ်ပေါ်ရှိ အဝတ်အစားများက ဘောလုံးတစ်လုံးကဲ့သို့ ဖောင်းကားနေသည်။ ထို့အပြင် အချိန်ကြာမြင့်စွာ မလျှော်ရသေးသော ဆံပင်များကြောင့် သူမ၏ ကိုယ်ပေါ်မှ အနံ့အသက်ဆိုးများ ထွက်ပေါ်နေ၏။
သို့သော် ဤအမျိုးသမီးက ထိုအရာကို ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ယာဉ်တန်းတစ်ခုလုံးရှိ လူအများစုမှာလည်း ဤကဲ့သို့ပင် ဖြစ်နေသောကြောင့်ပင်။
သူမရှေ့ရှိ ရှုလီနာ ပင်လျှင် သူမထက် များစွာ ပိုမို ကောင်းမွန်နေခြင်း မရှိပေ။
"အမလီနာ... ကျွန်မ အမနဲ့ ပြောစရာ ကိစ္စလေး ရှိလို့"
ရွှီကျောင်းကျောင်းက ဘယ်ညာကို ဝေ့ဝဲကြည့်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် သတိထားနေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။
"ကျောင်းကျောင်း... ဒီအချိန်ကြီးကျမှ စကားကို ဝှက်မနေပါနဲ့တော့... ပြောစရာရှိတာ မြန်မြန်ပြော... အရမ်း ချမ်းနေပြီ"
"ဒါဆိုလည်း... အမလီနာ... ကျွန်မတို့ ယာဉ်တန်းထဲမှာ အရမ်းကို မတရားဘူးလို့ အမ မထင်ဘူးလား"
ရှုလီနာ၏ မျက်လုံးများက သတိအနေအထားဖြစ်သွားပြီး မေးလိုက်သည်။
"ဘာသဘောလဲ"
"အမလီနာ... ကျွန်မတို့ ယာဉ်တန်းမှာ လူစုစုပေါင်း လေးဆယ့်သုံးယောက် ရှိတယ်... လမ်းစဉ် အစွမ်းပိုင်ရှင်က လေးယောက်တည်း ရှိတာ... ယောက်ျား သုံးယောက်နဲ့ မိန်းမက တစ်ယောက်တည်းရယ်... အမလီနာ... အဲ့ဒါကြီးက မတရားဘူးလို့ မထင်ဘူးလား"
ရှုလီနာက စကားမပြန်ဘဲ သူမ၏ ခြေလှမ်းများကို နောက်သို့ အနည်းငယ် ဆုတ်လိုက်ကာ ရွှီကျောင်းကျောင်းနှင့် အနည်းငယ် ခပ်ခွာခွာ နေလိုက်သည်။
ရွှီကျောင်းကျောင်းက တစ်စုံတစ်ရာကို အလွန်အမင်း စိတ်လှုပ်ရှားနေပုံရသည်။
"အမလီနာ... ကျွန်မတို့တွေ နေ့တိုင်း ကားခန်းတွေကို ရှင်းရတယ်... ယောက်ျားတွေအတွက် ထမင်းဟင်း ချက်ပေးရတယ်... အဲ့ဒါတောင် မကသေးဘူး သူတို့ရဲ့... ဖျက်ဆီးတာကိုပါ ခံရသေးတယ်"
"အမလီနာ... အဲ့ဒါကြီးက မတရားဘူးလို့ မထင်ဘူးလား"
"ဘာဖြစ်လို့ အဲ့ဒီယောက်ျားတွေက ဘာမှမလုပ်ဘဲနဲ့ အကောင်းစားတွေ စားနေရတာလဲ... ဘာဖြစ်လို့ ကျွန်မတို့က နေ့တိုင်း ကားခန်းတွေ ရှင်းရတယ်... ထမင်းဟင်း ချက်ရတယ်... ဒါတောင် ဝမ်းဝရုံလေးပဲ စားနေရတာလဲ"
"ဘာလို့လဲ... ဒါက လုံးဝ မတရားဘူး"
ရွှီကျောင်းကျောင်းက အံကြိတ်ကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။
ရှုလီနာက ရွှီကျောင်းကျောင်း၏ စကားများကြောင့် မည်သည့် စိတ်လှုပ်ရှားမှုမျှ ပြောင်းလဲသွားခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမ၏ မျက်လုံးများက အလွန် ရှင်းလင်းကြည်လင်နေသည်။
ရှုလီနာက ကားပေါ်မှ ဆင်းလာခဲ့မိသည်ကိုပင် အနည်းငယ် နောင်တရသွားမိ၏။
ဒီမိန်းမ ရူးသွားပြီပဲ။
"နင် ဘာလုပ်ချင်လို့လဲ"
ရှုလီနာက သိချင်စိတ်ဖြင့် မေးလိုက်မိသည်။
"အမလီနာ... ကျွန်မ ဒီယာဉ်တန်းကို ပိုပြီး တရားမျှတစေချင်တယ်"
"အမလီနာ... ကျွန်မ ဒီယာဉ်တန်းထဲက လူတိုင်း ထမင်းစားရစေချင်တယ်... လူတိုင်း ဝဝလင်လင် စားရပြီး နွေးနွေးထွေးထွေး နေရစေချင်တယ်... လူတိုင်း ကိုယ့်အတွက်ကိုယ် အသံထွက်ခွင့် ရစေချင်တယ်"
"အမလီနာ... ကျွန်မ စုံစမ်းပြီးသွားပြီ... လမ်းစဉ် အစွမ်းပိုင်ရှင်တွေကလည်း ဘာမှ သိပ်ထူးဆန်းတာ မဟုတ်ပါဘူး"
"ဒီနေ့ အမလည်း မြင်တဲ့အတိုင်းပဲ... အဲ့ဒီ ချန်းရီ... သူလည်း လမ်းစဉ် အစွမ်းပိုင်ရှင်ပဲ... ဒါပေမဲ့ ဒီနေ့ သူ ကားပြင်နေတဲ့ အချိန်တုန်းက ကြည့်လိုက်... ကျွန်မတို့ သာမန်လူတွေနဲ့ ဘာမှ ကွာခြားမနေပါဘူး"
"အမလီနာ... လမ်းစဉ် အစွမ်းပိုင်ရှင်ဆိုတာက ရယ်စရာတစ်ခု သက်သက်ပဲလို့ အမ တွေးမကြည့်ဖူးဘူးလား"
"အမလီနာ... ကျွန်မ အစီအစဉ်ဆွဲပြီးပြီ... အဲ့ဒီ ချန်းရီက လမ်းစဉ် အစွမ်းပိုင်ရှင်တွေထဲမှာ အားအနည်းဆုံးပဲ... ကျွန်မတို့ သူ့ကို ပစ်မှတ်ထားကြမယ်"
"သူက မက္ကန်းနစ် လမ်းစဉ် မဟုတ်လား... အဲ့ဒီအချိန်ကျရင် ကျွန်မတို့က ချန်းရီကို ထိန်းချုပ်နိုင်တာနဲ့ ဒီယာဉ်တန်းကို ပြောင်းလဲပစ်လို့ ရပြီ"
"အဲ့ဒီကျရင် အမက ဒုတိယ ခေါင်းဆောင်... ကျွန်မက ခေါင်းဆောင်ပေါ့... ကျွန်မတို့တွေ ပြီးပြည့်စုံတဲ့ ကမ္ဘာသစ်ကြီးတစ်ခုကို တည်ဆောက်ကြမယ်"
"တော်တော့"
ရှုလီနာက လက်ကာပြကာ ရွှီကျောင်းကျောင်း၏ စကားကို ဖြတ်ပြောလိုက်သည်။
ရွှီကျောင်းကျောင်းက သူမထက် အဆပေါင်းတစ်သောင်းမက ပို၍ လှပသော ရှုလီနာ၏ မျက်လုံးများကို အံ့အားသင့်စွာဖြင့် ကြည့်နေမိ၏။
"ကျောင်းကျောင်း... နင်က မတရားဘူးလို့ ထင်နေရင် နောက်တစ်ခါ ပစ္စည်းတွေ သွားရှာတဲ့အချိန်ကျရင် နင့်ဘာသာနင် သွားရှာလေ"
"ကျိုးညီအမတွေလည်း သူတို့ဘာသာ ပစ္စည်းတွေ သွားရှာကြတာပဲ... သူတို့လည်း အကောင်းကြီး ရှင်သန်နေကြတာပဲ မဟုတ်ဘူးလား"
ရွှီကျောင်းကျောင်း၏ မျက်နှာမှာ တောင့်တင်းသွားသည်။
"ကျွန်မက"
ထိုထူးဆန်းသည့် အရာများကို ရင်ဆိုင်ပြီး ပစ္စည်းများ သွားရှာရန်ဆိုသည်မှာ သူမ လုံးဝ မရဲဝံ့သော ကိစ္စဖြစ်သည်။
"နင် ဘာမှမပြောနဲ့... ငါပဲ ပြောမယ်... ကားခန်းကလည်း ဒီလောက်လေးပဲ ရှိတာ... နေ့တိုင်း ရှင်းနေရတယ် ဆိုပေမဲ့လည်း အလုပ်က သိပ်များတာမှ မဟုတ်တာ... နင် မလုပ်ချင်ရင်လည်း နောက်ဆို နင့်အလုပ်တွေကို ငါပဲ ဝင်လုပ်ပေးမယ်"
"ပြီးတော့... တစ်ချို့လူတွေက ကိုယ့်ကိုယ်ကိုယ် အောက်ကျခံနေကြတယ် ဆိုတာကလည်း သူတို့ကိစ္စလေ... ငါနဲ့ ဘာမှမဆိုင်ဘူး... တခြားလူတွေရဲ့ ရွေးချယ်မှုတွေကို ငါ ဝင်မစွက်ဖက်ချင်ဘူး"
"နောက်ဆုံးအနေနဲ့ တစ်ခွန်းပဲ ထပ်ပြောမယ်... ချန်းရီက အားအနည်းဆုံးလို့ နင် ပြောလိုက်တာလား... ဟားဟား"
"ငါ မျက်စိကျထားတဲ့ ယောက်ျားကို နင် အဲ့ဒီလို ပြောတာကို... ငါ လက်မခံနိုင်ဘူး"
"ဖြန်း"
ရှုလီနာက ရွှီကျောင်းကျောင်း၏ မျက်နှာကို အားကုန် လွှဲရိုက်လိုက်ရာ ရွှီကျောင်းကျောင်းမှာ ချက်ချင်းပင် ကြောင်အမ်းသွားပြီး သူမ၏ ဝိုင်းစက်စက် မျက်နှာပေါ်တွင် အနီရောင် လက်ဝါးရာတစ်ခု ချက်ချင်း ပေါ်လာတော့သည်။
ရွှီကျောင်းကျောင်း သတိမဝင်လာခင်မှာပင် ရှုလီနာက လှည့်ကာ ခပ်သွက်သွက် ထွက်ခွာသွားလေသည်။
ကမ္ဘာပျက်ကပ် မတိုင်မီက ရှုလီနာသည် ချွမ်ယွီဒေသရှိ တောင်တန်းကြီးများထဲမှ မွေးဖွားလာခဲ့သော ရွှေဖီးနစ်ငှက်လေး တစ်ကောင် ဖြစ်ခဲ့သည်။
ထိုတောင်တန်းကြီးများထဲမှ လွတ်မြောက်လာရန်အတွက် သူမ မည်မျှလောက်အထိ ကြိုးစားအားထုတ်ခဲ့ရသည်ကို ရှုလီနာ ကိုယ်တိုင်သာ သိပေလိမ့်မည်။
ထိုနွေရာသီက ရှုလီနာသည် တက္ကသိုလ်ဝင်ခွင့် အကြောင်းကြားစာကို ဖက်ကာ နေ့လည်ခင်း တစ်ခုလုံး ငိုကြွေးနေခဲ့ဖူးသည်။
တက္ကသိုလ်ရောက်ပြီးနောက် ရှုလီနာ၏ ထူးချွန်ပြောင်မြောက်သော အရည်အချင်းများကြောင့် တက္ကသိုလ်တွင် ကျောင်း၏ နတ်သမီးလေးအဖြစ် သတ်မှတ်ခံခဲ့ရပြီး မရေမတွက်နိုင်သော ကျောင်းသားများ၏ အိပ်မက်ထဲက ချစ်သူလေး ဖြစ်ခဲ့သည်။
သူမ ကျောင်းပြီးသွားသည့်တိုင်အောင် ကျောင်းဝင်းထဲတွင် သူမ၏ ဒဏ္ဍာရီများက ကျန်ရစ်နေဆဲ ဖြစ်၏။
ဘွဲ့ရပြီးနောက် တိုက်ဆိုင်မှုတစ်ခုကြောင့် ရှုလီနာသည် ဩဇာတိက္ကမကြီးမားသော ပုဂ္ဂိုလ်တစ်ဦးနှင့် အဆက်အသွယ် ရခဲ့သည်။
မည်သည့်အချိန်က စတင်ခဲ့မှန်း မသိသော်လည်း ရှုလီနာသည် ထိုပုဂ္ဂိုလ်ကြီး မွေးမြူထားသော ရွှေလှောင်ချိုင့်ထဲက ငှက်ကလေး ဖြစ်လာခဲ့သည်။
ထို့ကြောင့် ရှုလီနာသည် ရွယ်တူများထက် များစွာ သာလွန်သော နေထိုင်မှု ဘဝအဆင့်အတန်းနှင့် အရင်းအမြစ်များကို ရရှိခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှုလီနာက ထိုပုဂ္ဂိုလ်ကြီး၏ အဆက်အသွယ်များကို အသုံးပြုကာ သူမ၏ ကိုယ်ပိုင် လုပ်ငန်းငယ်လေးကို တဖြည်းဖြည်း တိုးချဲ့ခဲ့ပြီး ခြေကုပ်ရလာသည့်အခါ ဘဝကို အသစ်ပြန်လည် စတင်ရန် ရည်ရွယ်ထားခဲ့သည်။
သို့သော်ငြားလည်း ကမ္ဘာပျက်ကပ်ကြီး စတင်လာခဲ့လေပြီ။
အစပိုင်းတွင် ကြောက်ရွံ့တုန်လှုပ်မှုများကို ဖြတ်သန်းခဲ့ရသည်။
ယခုအခါ ရှုလီနာသည် လက်ရှိ ဘဝမျိုးက မဆိုးလှဟုပင် ထင်မှတ်လာမိသည်။
နေ့စဉ် လုပ်ရမည့် အလုပ်များက အလွန် ရိုးရှင်းလှသည်။ ကားခန်းများကို သန့်ရှင်းရေး လုပ်ရုံ၊ ထမင်းဟင်း ချက်ပြုတ်ရာတွင် ကူညီပေးရုံ သို့မဟုတ် အခြားသော အလုပ်အနည်းငယ်ကို ကူညီလုပ်ဆောင်ပေးရုံသာ ဖြစ်သည်။
ထိုအလုပ်များကို လုပ်ဆောင်ခြင်းဖြင့် နေ့စဉ် လိုအပ်သော ပစ္စည်းရိက္ခာများကို လဲလှယ်ရယူနိုင်သည်။
ဤယာဉ်တန်းထဲတွင် အရာအားလုံးက တရားမျှတမှုကိုသာ အဓိကထားသည်။
တစ်စုံတစ်ရာကို ရရှိချင်ပါက တစ်စုံတစ်ရာကို ပြန်လည် ပေးဆပ်ရမည် ဖြစ်သည်။
ကံကောင်းသည်မှာ မိမိကိုယ်တိုင်က သဘောမတူပါက သူမ မလုပ်ချင်သော အရာများကို မည်သူကမျှ အတင်းအကျပ် ခိုင်းစေ၍ မရခြင်းပင်။
ဤကဲ့သို့သော ကမ္ဘာပျက်ကပ် ပတ်ဝန်းကျင်မျိုးတွင် ထိုသို့သော အခြေအနေမျိုးက မည်မျှ ရှားပါးလှကြောင်းကို ရှုလီနာ ကောင်းစွာ သိရှိထားသည်။
ထို့ကြောင့် ရှုလီနာ အလွန် ကျေနပ်နေမိသည်။
ရှုလီနာကို စိတ်မချမ်းသာစေသည့် တစ်ခုတည်းသော အရာမှာ လုံလောက်စွာ မစားရခြင်းပင် ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ရှုလီနာသည်လည်း အထက်သို့ တက်လှမ်းချင်လာသည်။ သို့မဟုတ်ပါက အတိတ်က သူမသည် ရွှေလှောင်ချိုင့်ထဲက ငှက်ကလေး ဖြစ်လာခဲ့မည် မဟုတ်ပေ။
အစပိုင်းက ရှုလီနာသည် ခေါင်းဆောင် ချူချယ်၏ အပေါ်သို့ အာရုံစိုက်ထားခဲ့သည်။
အလွန်အကျွံမဟုတ်သော ထိတွေ့ဆက်ဆံမှု အနည်းငယ် ပြုလုပ်ပြီးနောက် ခေါင်းဆောင်ချူ၏ အကြည့်များက အလွန် ထူးဆန်းနေကြောင်း ရှုလီနာ သတိထားမိလိုက်သည်။ သူမကဲ့သို့ လှပသော မိန်းကလေးတစ်ဦးကို ကြည့်နေပါလျက်နှင့် သူ၏ အကြည့်များက မည်သို့မျှ ပြောင်းလဲသွားခြင်း မရှိပေ။
သူမ အရွယ်ရောက်လာပြီးကတည်းက ဤကဲ့သို့သော အကြည့်မျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။
ခေါင်းဆောင်ချူက... အင်း... သိပ်ပြီး မစွမ်းဆောင်နိုင်တော့ဘူး... ထင်ပါရဲ့ ဟု ရှုလီနာက ဝမ်းနည်းဖွယ်ရာ ကောင်းစွာ တွေ့ရှိလိုက်ရသည်။
လူသန်ကြီး ထယ်ရှီးနှင့် ပတ်သက်၍ကတော့...
မစဉ်းစားတာပဲ ကောင်းလိမ့်မည်။
ပြီးတော့ သူမကို အမြဲတမ်း မျက်နှာချိုသွေးနေတတ်သော အဘိုးအိုကျန်း...
ထားပါတော့... သူမက အစားမရွေးနိုင်လောက်အောင် ဆာလောင်နေသည့် အခြေအနေမျိုးသို့ မရောက်သေးပေ။
ထိုအဖြစ်က ချန်းရီ ပေါ်လာသည့် အချိန်အထိပင်။
ရှုလီနာ၏ အာရုံစိုက်မှုက ဤလူငယ်လေးထံသို့ ရောက်ရှိသွားတော့သည်။
ငယ်ရွယ်သည်၊ ရုပ်ရည်ချောမောသည်၊ လမ်းစဉ် အစွမ်းပိုင်ရှင် ဖြစ်သည့်အပြင် ယခုဆိုလျှင် လမ်းစဉ်နှစ်ခုကိုပင် ပိုင်ဆိုင်ထားသေးသည်။
ရှုလီနာသည် သူမ၏ ပစ်မှတ်ကို ဤအမျိုးသားအပေါ်သို့ ထားရှိလိုက်သည်။
ရှုလီနာက ရွှီကျောင်းကျောင်းကို မျက်နှာပြောင်တိုက်၍ပင် ချန်းရီက သူမ မျက်စိကျထားသော အမျိုးသားဖြစ်ကြောင်း ပြောပြခဲ့သေးသည်။
ထို့ကြောင့်ပင် ရွှီကျောင်းကျောင်းကို ပါးတစ်ချက် ရိုက်ခဲ့ခြင်း ဖြစ်သည်။
ရှုလီနာက ဒီနေ့ဖြစ်ပျက်ခဲ့သည့် ကိစ္စများနှင့် ဒီနေ့ သူမ ပြောခဲ့သည့် စကားများက ချန်းရီ၏ နားထဲသို့ ရောက်ရှိသွားစေရန် အလွန် မျှော်လင့်နေမိသည်။
ချန်းရီကသာ အရင်စတင် ချဉ်းကပ်လာပါက...
ရှုလီနာသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်နေလိုက်မည်သာ။
၎င်းက ယခင်က ရွှေလှောင်ချိုင့်ထဲက ငှက်ကလေး ဖြစ်ခဲ့ဖူးသူ၏ လှည့်ကွက်များပင် ဖြစ်သည်။
"ဒါနဲ့... ရွှီကျောင်းကျောင်းက ချန်းရီကို ဒုက္ခပေးချင်နေတာပဲ"
"ချန်းရီကတော့ သိလောက်ဦးမှာ မဟုတ်သေးဘူး"
"ငါ သူ့ကို သွားပြောပြရမလား"
"ဒါက သူ့ကို ချဉ်းကပ်ဖို့ အခွင့်အရေး တစ်ခုပဲ"
"ဒါပေမဲ့ သူ ပြန်မရောက်သေးဘူး ထင်တယ်"
"အင်း... ငါ နည်းနည်း ထပ်စောင့်လိုက်ဦးမယ်"
"ခဏနေရင် သူ့ကို ဘယ်လို လေသံမျိုးနဲ့ စကားပြောရင် ကောင်းမလဲ"
ရှုလီနာက စဉ်းစားရင်းဖြင့် သူမ၏ ခေါင်းပေါ်မှ ရှုပ်ပွနေသော ဆံပင်များကို စတင် သပ်ရပ်လိုက်သည်။
ထို့နောက် အဝတ်အစား၏ အတွင်းအိတ်ကပ်ထဲမှ နှမြောတသစွာ သိမ်းဆည်းထားသော တစ်ရှူးအစို တစ်ရွက်ကို ဆွဲထုတ်ကာ ရက်အတော်ကြာ မသစ်ရသေးသော သူမ၏ မျက်နှာကို တစ်ခေါက် သုတ်လိုက်ပြီး လည်ပင်းကိုပါ မချန်ဘဲ သန့်စင်လိုက်လေသည်။
ဆက်ရန်...