← Chapters

အခန်း ၆၀

Vol. 3 Ch. 60

အခန်း ၆၀

Vol. 3 Ch. 60

အပိုင်း(၆၀) အမှတ်စဉ် နှစ်ထောင်အောက်ရှိ သဘာဝလွန်ပစ္စည်း

"အတည်ပြုတယ်... စစ်ဆေးမယ်"

ချန်းရီက စိတ်ထဲမှနေ၍ အတည်ပြုလိုက်ချိန်တွင် စနစ်က စစ်ဆေးမှုရလဒ်ကို အမြန်ပင် ပြန်လည် ဖြေကြားပေးလာသည်။

[သတ်ဖြတ်မှတ် (၁၀၀) နုတ်ယူလိုက်ပါသည်]

[စစ်ဆေးနေပါသည်]

[စစ်ဆေးမှု ပြီးဆုံးပါပြီ]

[ပစ္စည်းအမည် - အရေခွံဆုတ် တစ္ဆေ၏ ဦးရေပြား]

[အမျိုးအစား - သဘာဝလွန်ပစ္စည်းကုန်ကြမ်း။ သဘာဝလွန်ပစ္စည်းများ ပြုလုပ်ရာတွင် အသုံးပြုနိုင်ပြီး သာမန်လူများ တွေးတော၍မရနိုင်သော အစွမ်းအာနိသင်များ ပိုင်ဆိုင်နိုင်ပါသည်]

[မူလဇစ်မြစ် - ဤပစ္စည်းကို ဗုဒ္ဓလမ်းစဉ် အဆင့် (၃) အစွမ်းပိုင်ရှင်တစ်ဦးက အရေခွံဆုတ် တစ္ဆေတစ်ကောင်၏ ခေါင်းမှ ဆုတ်ခွာယူခဲ့ခြင်း ဖြစ်သည်။ ထိုဗုဒ္ဓလမ်းစဉ် အစွမ်းပိုင်ရှင် ကျဆုံးသွားပြီးနောက် အသက်ရှင်ကျန်ရစ်သူတစ်ဦးက ကောက်ရခဲ့ပြီး တရားမျှတမှုယာဉ်တန်း ခေါင်းဆောင်ချူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်]

[အကြံပြုချက် - ဤပစ္စည်းသည် ရှားပါးသော ထူးဆန်းသည့် ပစ္စည်းကုန်ကြမ်း ဖြစ်ပါသည်။ ထုတ်လုပ်လိုက်သော ထူးဆန်းသည့် ပစ္စည်း၏ အမှတ်စဉ်သည် (၂၀၀၀) အောက်တွင် ရှိနိုင်သော်လည်း ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ခြေ အတိုင်းအတာတစ်ခုအထိ ရှိပါသည်]

အမှတ်စဉ် နှစ်ထောင်အောက် ဟုတ်လား။

ခေါင်းဆောင်ချူ၏ ခိုးနားထောင်သည့် ရေဒီယို အမှတ်စဉ်မှာ (၁၂၅၇) ဖြစ်သည်။

ခေါင်းဆောင်ချူ၏ ခိုးနားထောင်သည့် ရေဒီယိုကို မယှဉ်နိုင်လျှင်တောင်မှ ချန်းရီက အလွန်တရာ ကျေနပ်နေမိပြီ ဖြစ်သည်။

၎င်းသည် သဘာဝလွန်ပစ္စည်းတစ်ခု ဖြစ်ကြောင်း သိထားရမည်။

ခေါင်းဆောင်ချူ၏ ပြောစကားများအရ သဘာဝလွန်ပစ္စည်းများမှာ အလွန်တရာ ရှားပါးလှပြီး သူကိုယ်တိုင်ပင်လျှင် ကံကောင်းထောက်မစွာဖြင့် ထိုခိုးနားထောင်သည့် ရေဒီယိုကို ရရှိခဲ့ခြင်း ဖြစ်သည်။

နာနာတွင်လည်း သဘာဝလွန်ပစ္စည်းတစ်ခု ရှိသည်ဟု ကြားဖူးသော်လည်း အမှတ်စဉ် သုံးထောင်ကျော်တွင်သာ ရှိပြီး မည်သည့်ပစ္စည်း ဖြစ်ကြောင်းကိုတော့ မသိရပေ။

သူမ၏ ဓားဖြစ်လောက်မည်ဟု ချန်းရီက ခန့်မှန်းမိ၏။

ထိုအမျိုးသမီးနှင့် စတင်သိကျွမ်းခဲ့ချိန်မှစ၍ သူမသည် ထိုဓားနှင့် လုံးဝ မခွာသည်ကို သူ သတိထားမိခဲ့သည်။

ထယ်ရှီးနှင့် ပတ်သက်၍မူ သူ့ထံတွင် သဘာဝလွန်ပစ္စည်းရှိကြောင်း မကြားဖူးပေ။

ယင်းကို ကြည့်ခြင်းအားဖြင့် သဘာဝလွန်ပစ္စည်းများသည် မည်မျှ တန်ဖိုးကြီးမားကြောင်း သိသာထင်ရှားလှသည်။

"မင်း ဒါကို လိုချင်လို့လား"

မေးခွန်းတစ်ခု ဖြစ်သော်လည်း ခေါင်းဆောင်ချူ၏ မျက်နှာအမူအရာက "ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာ ငါ သိပြီးသား" ဟု ပြောနေသကဲ့သို့ ရှိသည်။

အရာအားလုံးကို ထိန်းချုပ်ထားနိုင်ပြီဟု ထင်မှတ်နေသော ထိုမျက်နှာကြွားကြွားကြီးကို ကြည့်ရင်း ချန်းရီက တံတွေးနှင့် ထွေးပစ်ချင်စိတ် ပေါက်လာသည်။

သို့သော် ဈေးဆစ်နိုင်ရန်အတွက် သူ သည်းခံလိုက်ရ၏။

ချန်းရီက သူ့စိတ်ထဲမှ လောဘကို ဖိနှိပ်ထားလိုက်သည်။ ဤအရာကို အသေအချာ လိုချင်နေသည် ဆိုလျှင်တောင်မှ အပြင်ပန်းတွင် သိသာအောင် ပြသ၍ မဖြစ်ပေ။

"ဒါကို ဘာနဲ့ လဲမှာလဲ"

ချူချယ်က ချန်းရီ၏ စကားကို ပြန်မဖြေဘဲ ဘေးနားမှ ပလတ်စတစ် လက်အိတ်တစ်စုံကို ယူကာ လက်တွင် စွပ်လိုက်ပြီးမှ ထိုအနီရောင် အရေခွံကို ကိုင်တွယ်လိုက်သည်။

ခွေးကောင်... ခုနလေးတင်က ပေါ့ပေါ့ဆဆ လွှင့်ပစ်ထားပြီး ဘာမှ မဟုတ်သလို နေနေခဲ့တာလေ။

ငါက လိုချင်တယ်ဆိုမှ လက်အိတ်တွေ ဘာတွေ စွပ်ပြနေတယ်ပေါ့။

ခင်ဗျားရဲ့ စိတ်က တကယ်ကို ညစ်ပတ်လွန်းတယ်... ခေါင်းဆောင်ချူ။

ဤတစ်ကြိမ် ထိုအနီရောင် အရေခွံကို အနီးကပ် ကြည့်ရှုလိုက်ချိန်တွင်...

ချန်းရီ၏ ခံစားချက်မှာ ယခင်အကြိမ်နှင့် လုံးဝကို ကွဲပြားခြားနားနေတော့သည်။

ဤအရေခွံ၏ သွေးရောင်လွှမ်းနေမှုမှာ လူကို အံ့အားသင့်သွားစေသည်။ သွေးကန်ထဲတွင် နှစ်ပေါင်းများစွာ စိမ်ထားခဲ့သကဲ့သို့ ကြက်သီးထဖွယ် ကောင်းလောက်အောင် နီရဲနေ၏။

ဘာကြောင့်မှန်းမသိပေမဲ့ ဤအရာသည် လူ့အရေခွံ တစ်ခုဖြစ်ကြောင်း ချန်းရီ ချက်ချင်းပင် အတည်ပြုနိုင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤအရေခွံ၏ အသားအရေ အသွင်အပြင်မှာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရေပြားနှင့် လုံးဝ တစ်ပုံစံတည်း တူညီနေသောကြောင့် ဖြစ်သည်။

"မင်းလည်း ရိပ်မိနေပြီဆိုတော့... ငါလည်း မဖုံးကွယ်တော့ပါဘူး"

"ဒီအရေခွံရဲ့ ဇာစ်မြစ်ကို တကယ်တော့ ငါကိုယ်တိုင်လည်း မသိဘူး"

ချန်းရီ "..."

"ဒါပေမဲ့ ဒီပစ္စည်းက သာမန်မဟုတ်ဘူး ဆိုတာတော့ ငါ သိတယ်... ဒီအရေခွံအတွက်နဲ့ ငါတို့ ယာဉ်တန်းထဲက အသက်ရှင်ကျန်ရစ်သူ တစ်ယောက်တောင် အသက်ပေးလိုက်ရတယ်"

ချူချယ်က သူ သိထားသော အကြောင်းအရာများကို စတင် ပြောပြတော့သည်။

ထိုအချိန်က ချန်းရီ ယာဉ်တန်းထဲသို့ မဝင်ရသေးပေ။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်က ရိက္ခာများ လိုက်လံရှာဖွေရင်း ဤအရာကို သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်း တစ်နေ့သော မနက်ခင်းတွင် ထိုအသက်ရှင်ကျန်ရစ်သူမှာ သူ၏ တဲအတွင်း၌ သေဆုံးနေခဲ့သည်။

ထိုမျှသာမက သူ၏ တစ်ကိုယ်လုံးရှိ အရေပြားများမှာလည်း ပြောင်စင်နေအောင် ဆုတ်ခွာခံထားရ၏။

ထို့နောက် ဤအရေခွံမှာ ချူချယ်၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။

မူလက ဤအရာကို လွှင့်ပစ်ရန် ချူချယ် ရည်ရွယ်ထားခဲ့သော်လည်း ခေါင်းဆောင်ချူက တစ်ခဏမျှ ဝေခွဲမရဖြစ်သွားပြီး နောင်တစ်ချိန်တွင် အသုံးဝင်လာနိုင်သည်ဟု ထင်မြင်ကာ သိမ်းဆည်းထားလိုက်ခြင်း ဖြစ်သည်။

"ဒီပစ္စည်းရဲ့ ဇာစ်မြစ်ကို သေချာ မသိရပေမဲ့ သာမန်မဟုတ်ဘူး ဆိုတာတော့ ငါ သိတယ်"

"တခြား ယာဉ်တန်းတွေနဲ့ တွေ့ရင် ပစ္စည်းကောင်းတွေနဲ့ လဲမယ်လို့ စိတ်ကူးထားတာ... ဒါပေမဲ့ မင်းက လိုချင်နေမှတော့ မင်းကိုပဲ လဲပေးလိုက်ပါ့မယ်"

ခေါင်းဆောင်ချူ၏ အဓိပ္ပာယ်မရှိသော စကားများကို နားထောင်ပြီးနောက်... တန်ဖိုးက အနည်းအကျဉ်း ဖြစ်မည်မဟုတ်ကြောင်း ချန်းရီ သဘောပေါက်လိုက်သည်။

"ဒါဆို... ခင်ဗျား ဘယ်လို လဲချင်လို့လဲ"

ချူချယ်က ခဏမျှ စဉ်းစားပြီးနောက် "မင်းရဲ့ သုံးဘီးဆိုင်ကယ်လေးကို ငါ လိုချင်တယ်" ဟု ပြောလိုက်သည်။

ချန်းရီက မတ်တတ်ထရပ်ကာ ချက်ချင်း လှည့်ထွက်သွားသည်။

"နေပါဦး... နေပါဦး... မင်းကလည်း မလောပါနဲ့... ထပ်တိုင်ပင်ကြတာပေါ့... ထပ်တိုင်ပင်ကြတာပေါ့"

"လူငယ်တွေကတော့ကွာ... ဘာလို့ ဒီလောက်တောင် စိတ်လောရတာလဲ"

ချန်းရီက နောက်ဆုံးတွင် ဆန် ၅ ပြည်ဝင် အိတ်နှစ်အိတ်၊ စုစုပေါင်း ဆန် ၁၀ ပြည်ကို ပေးလိုက်ရသည်။

ထို့အပြင် ဂျုံမှုန့် ၆ ပိဿာခွဲ၊ ခေါက်ဆွဲခြောက် တစ်ဖာ၊ ရေသန့် တစ်ဖာ၊ ငရုတ်သီးဆီပုလင်း နှစ်ပုလင်း၊ ဝက်အူချောင်း ဆယ်ချောင်း၊ ကြက်ဥပြုတ် ဆယ်ထုပ်နှင့် ဝက်သားခြောက် တစ်ပိဿာခွဲ တို့ကိုလည်း ပေးလိုက်ရသေးသည်။

ထိုမျှ ပေးပြီးမှသာ ထိုအနီရောင် အရေခွံနှင့် ပျက်နေသော နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြား တစ်ခုကို ရရှိခဲ့သည်။

ဤအရောင်းအဝယ်တွင် နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြားမှာ လုံးဝ လက်ဆောင်အဖြစ် ပါလာခြင်းသာ ဖြစ်သည်။

ချန်းရီအတွက်တော့ သွေးထွက်လွန်သွားသကဲ့သို့ နစ်နာလှသည်။

"ညီလေးရီ... ငါ့ကို လောဘကြီးတယ်လို့ အပြစ်မတင်ပါနဲ့ကွာ... ငါက ယာဉ်တန်းတစ်ခုလုံးကို ကျွေးမွေးစောင့်ရှောက်နေရတဲ့ ယောက်ျားတစ်ယောက်ပါ... ဒီလောက် ရိက္ခာလေးနဲ့ ဘယ်လိုမှ မလောက်ပါဘူး"

ခင်ဗျားက ယာဉ်တန်းတစ်ခုလုံးကို ကျွေးမွေးနေတယ် ဟုတ်လား။

ထားပါတော့လေ... အရင်က လုမြို့မှ ထွက်ပြေးလွတ်မြောက်လာသော အသက်ရှင်ကျန်ရစ်သူများကို ခေါင်းဆောင်ချူက နှစ်ရက်တိုင်တိုင် အခမဲ့ အစားအသောက်များ ကျွေးမွေးခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

ချန်းရီက အဖက်လုပ်မနေတော့ဘဲ ခေါင်းဆောင်ချူ၏ တဲအတွင်းမှ တိုက်ရိုက် ထွက်လာခဲ့သည်။

ပစ္စည်းကို လက်ဝယ်ရရှိသွားပြီဖြစ်ရာ ယခုအချိန်တွင် သူ၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားရန်ပင် မလိုတော့ပေ။

တဲအပြင်သို့ ထွက်လာချိန်တွင် ဦးလေးအားပေါင်က ခွေးနက်ကြီး နှစ်ကောင်ကို ဆွဲကာ လမ်းလျှောက်ထွက်လာသည်နှင့် ကွက်တိပင် တိုးလေသည်။

ဤခွေးနက်ကြီး နှစ်ကောင်မှာ ယခင်က ခွေးနက်သွေးဖြင့် ထူးဆန်းသောအရာများကို ရင်ဆိုင်နိုင်ကြောင်း ချန်းရီက ချူချယ်အား ပြောပြခဲ့ပြီးနောက်...

ချူချယ်က အသက်ရှင်ကျန်ရစ်သူ တစ်ဦးထံမှ လဲလှယ်ရယူထားခဲ့ခြင်း ဖြစ်သည်။

ခွေးနက်ကြီးများ၏ မူလပိုင်ရှင်မှာ ချန်ရှုရွာတွင် သေဆုံးသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။

ယခု ထိုခွေးနက်ကြီး နှစ်ကောင်ကို ပြန်လည် မြင်တွေ့ရချိန်တွင် အရိုးပေါ် အရေတင်မျှ ပိန်ချုံးနေကြပြီး စိတ်ဓာတ်ကျနေပုံ ပေါ်သည်။

ချူချယ် ဆိုသော လူလည်ကြီးက သွေးတွေ အများကြီး ဖောက်ထုတ်ထားပုံ ရသည်။

ခြေလှမ်း နှစ်လှမ်းခန့်သာ လျှောက်ရသေးချိန်တွင် ခြေတံရှည် ကောင်မလေးက ယိမ်းယိုင်ကာ အပြင်မှ ပြန်လာသည်ကို မြင်လိုက်ရသည်။ သူမ၏ လက်တစ်ဖက်တွင် ဘီယာဘူးတစ်ဘူးကို ကိုင်ထားပြီး အခြားလက်တစ်ဖက်က ခါးရှိ ဓားရိုးကို ဆုပ်ကိုင်ထားသည်။

ချန်းရီကို မြင်လိုက်ရသောအခါ ခြေတံရှည် ကောင်မလေးက လက်ထဲမှ ဘီယာဘူးကိုပင် မြှောက်ပြလိုက်သေး၏။

"အစ်ကိုရီ... ဘီယာလေး နည်းနည်းလောက် သောက်ဦးမလား"

"တော်ပါပြီ... မင်းဘာသာပဲ သောက်လိုက်ပါ"

ဘယ်အချိန်ကစပြီး အခြားသူများကပါ ချန်းရီကို "အစ်ကိုရီ" ဟု ခေါ်လာကြမှန်း မသိတော့ပေ။

ချန်းရီက သူ၏ သုံးဘီးဆိုင်ကယ်ဆီသို့ ပြန်ရောက်လာသောအခါ ရေတွက်ချိန် (၉) နာရီကျော် ကျန်နေသေးသည်ကို တွေ့လိုက်ရသည်။

ကားမိုးအောက်သို့ ဝင်၍ အနားယူရန် ပြင်လိုက်ချိန်မှာပင်...

အေးခဲပြီး တုန်ယင်နေသော အရိပ်တစ်ခုက သုံးဘီးဆိုင်ကယ်ဘေးတွင် ပေါ်လာသည်ကို မြင်လိုက်ရ၏။

"ဘယ်သူလဲ"

ချန်းရီ လန့်သွားပြီး သူ၏ လက်က ခါးရှိ ဓားမရိုးကို ဆုပ်ကိုင်ပြီးသား ဖြစ်နေပြီ ဖြစ်သည်။

"ကျွန်... ကျွန်မပါ"

တုန်ယင်နေသော အရိပ်ကလေးက ထွက်လာပြီး အအေးဒဏ်ကြောင့် အနည်းငယ် ဖြူရော်နေသော မျက်နှာလေးတစ်ခုက သွေးရောင်လမင်းကြီးအောက်တွင် ပေါ်လာသည်။

သွေးရောင်လမင်းအောက်တွင် ဖြစ်နေသော်လည်း ထိုလှပချစ်စရာကောင်းသော မျက်နှာလေးကြောင့် မည်သူဖြစ်ကြောင်း ချန်းရီ ချက်ချင်း မှတ်မိလိုက်သည်။

မတတ်နိုင်ပေ ယာဉ်တန်းထဲတွင် လူက ဒီလောက်ပဲ ရှိသည်မဟုတ်ပါလော။

ဤမိန်းကလေးသည် သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်နှင့် ထူးခြားသော ဆွဲဆောင်မှုတို့ကြောင့် ယာဉ်တန်းထဲတွင် အတော်လေး နာမည်ကြီးသူ ဖြစ်သည်။

ချန်းရီသာ ခေါင်းဆောင်ချူကဲ့သို့ ဖြစ်မနေလျှင် ဤအမျိုးသမီးကို သတိမထားမိဘဲ နေနိုင်မည် မဟုတ်ပေ။

"မင်းကိုး..."

ရှုလီနာက မျက်နှာလေးကို အနည်းငယ် မော့လိုက်ပြီး သူမ၏ မျက်နှာအသွင်အပြင်များကို ချန်းရီ ပိုမို ရှင်းလင်းစွာ မြင်နိုင်စေရန် ပြုလုပ်လိုက်သည်။

ထို့နောက်မှ မပီမသ လေသံလေးဖြင့် "ကျွန်မနာမည်... ရှုလီနာပါ ရှင့်..." ဟု ပြောလိုက်သည်။

ရှုလီနာသည် ယာဉ်တန်းထဲတွင် သူမ မည်မျှ နာမည်ကြီးကြောင်း လုံးဝ မသိသကဲ့သို့ ဟန်ဆောင်နေပြီး သူမကိုယ်သူမ သာမန် လူမသိသူမသိ မိန်းကလေးတစ်ဦး အဖြစ်သာ ပြုမူနေသည်။

ဤကဲ့သို့ ပြုမူခြင်းက ယောက်ျားများကို ကာကွယ်ပေးချင်စိတ် ဖြစ်ပေါ်လာစေသည်။

သားကောင်အဖြစ် ဟန်ဆောင်ထားသော မုဆိုးသည်သာ အတော်ဆုံးသော မုဆိုး ဖြစ်သည် မဟုတ်ပါလော။

"ကျွန်မ... ဒီကို လာတာ... ရှင်... သတိထားဖို့ လာပြောတာပါ ရှင့်"

"တစ်ယောက်ယောက်က... ရှင့်ကို ဒုက္ခပေးချင်နေတယ်... ရှင်... သတိလေး ဘာလေး ထားပါဦးနော်"

ရှုလီနာက စကားပြောရင်း ခြေဆောင့်နေပြီး ပါးစပ်မှ ထွက်လာသော အခိုးအငွေ့ဖြူဖြူများကို မျက်စိဖြင့်ပင် မြင်တွေ့နိုင်ကာ သူမ၏ မျက်နှာလေးမှာ အအေးဒဏ်ကြောင့် နီရဲနေ၏။

သနားကမားနိုင်လှသော အသွင်အပြင်လေးကြောင့် ကြည့်ရသူ၏ ရင်ထဲတွင်ပင် သနားစိတ်များ ဖြစ်ပေါ်လာစေသည်။

"မင်းလာတာ ဒါလေး ပြောဖို့လား"

ချန်းရီက သူ့ရှေ့ရှိ အမျိုးသမီးကို အထက်အောက် အကဲခတ်လိုက်သည်။ ဝန်ခံရမည်ဆိုလျှင် သူ့ရှေ့ရှိ အမျိုးသမီးသည် လိပ်ကလေးတစ်ကောင်ကဲ့သို့ အေးခဲနေလျှင်တောင်မှ အလွန် လှပနေပြီး မျက်စိပသာဒ ဖြစ်စေဆဲပင်။

ကျိုး ညီအစ်မများနှင့် ယှဉ်လျှင်ပင် အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိပေ။

ထိုမျှမက သူမထံတွင် နူးညံ့ပျော့ပျောင်းသော မိန်းမဆန်မှုလေးများပင် ပိုမို ရှိနေသေးပြီး လူကို အနိုင်ကျင့်ချင်စိတ်များပင် ဖြစ်ပေါ်လာစေသည်။

"ဟုတ်ကဲ့... ရှင်က လူကောင်းတစ်ယောက်မို့... လူကောင်းတွေ ဒဏ်ရာရမှာကို ကျွန်မ မလိုလားလို့ပါ ရှင့်"

ရှုလီနာ၏ စကားအဓိပ္ပာယ်မှာ အခြားသူတစ်ယောက် ဖြစ်နေလျှင်တောင် သူမ ဤကဲ့သို့ ပြုလုပ်ပေးမည်ဖြစ်ပြီး သူမက အလွန် သဘောကောင်းကြောင်း ပြောနေသကဲ့သို့ ရှိသည်။

"ငါ့ကို ဘယ်သူက ဒုက္ခပေးချင်နေတာလဲ"

"ကျွန်မ... ကျွန်မ ပြောလို့မရဘူး... ကျွန်မပြောလိုက်ရင် အဲဒီလူက ကျွန်မကို ရန်ငြိုးဖွဲ့လိမ့်မယ်... ရှင် နာမည်သိသွားရင်လည်း ရှင်က သေချာပေါက် လက်စားချေမှာပဲလေ"

"ကျွန်မ... ဘယ်သူ့ကိုမှ ထိခိုက်ဒဏ်ရာ ရတာမျိုး မမြင်ချင်ဘူး... ကမ္ဘာကြီးကလည်း ဒီလို အခြေအနေ ဖြစ်နေပြီကို"

အရမ်းကို သူရဲကောင်းဆန်နေပါလား။

ချန်းရီက စိတ်ထဲမှနေ၍ ကဲ့ရဲ့လိုက်သည်။

ရှုလီနာက ချန်းရီတစ်ယောက် သူမကို ငတုံးတစ်ယောက်လို စိုက်ကြည့်နေသည်ကို မြင်သောအခါ စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ "ဒီခွေးကောင်... ငါ ဒီလောက်တောင် လုပ်ပြနေတာကို... ကျေးဇူးတင်တဲ့အနေနဲ့ စားစရာလေး ဘာလေး ထုတ်မပေးဘူးလား"

ရှုလီနာ အနေရခက်လာပြီး မနေနိုင်တော့ဘဲ လှည့်ထွက်သွားရန် ပြင်လိုက်ချိန်မှာပင်...

ချန်းရီက နောက်ဆုံးတွင် အင်္ကျီအိတ်ကပ်ထဲမှ စနီကာချောကလက်ဘား တစ်ခုကို ထုတ်ကာ ကမ်းပေးလိုက်သည်။

ရှုလီနာက ထိုချောကလက်ဘားကို ကြည့်ရင်း တံတွေးမြိုချလိုက်မိ၏။

ကမ္ဘာပျက်ကပ် မတိုင်မီကသာဆိုလျှင် ဤကဲ့သို့ ကယ်လိုရီများသော အစားအစာမျိုးကို ရှုလီနာ လုံးဝ ထိမည်ပင် မဟုတ်ပေ။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို ထိန်းသိမ်းကာ ဆွဲဆောင်မှု ရှိနေစေရန် ပြုလုပ်ရမည် မဟုတ်ပါလော။

သို့သော် ယခုတော့ ကမ္ဘာပျက်ကပ်ကြီး ရောက်နေပြီလေ။

ရှုလီနာက သူမ၏ ပါးစပ်အတွင်းမှ တံတွေးများ အရူးအမူး ထွက်ကျလာသည်ကို ခံစားလိုက်ရသော်လည်း ခက်ခဲစွာဖြင့် အကြည့်ကို လွှဲဖယ်လိုက်သည်။ "ကျွန်မ... ဒီသတင်းကို လာပြောတာက လူကောင်းတွေ ထိခိုက်မှာ မလိုလားလို့ပါ... ရှင့်ဆီက ဘာကိုမှ လိုချင်လို့ မဟုတ်ပါဘူး ရှင့်"

"ဒါပါပဲ... ရှင်... စောစော အနားယူလိုက်ပါတော့... ကောင်းသောညပါ ရှင့်"

ပြောပြီးသည်နှင့် ထိုအမျိုးသမီးက ခါးလေးကို နွဲ့ကာ လှည့်ထွက်ပြေးသွားတော့သည်။

ခြေတစ်လှမ်း နောက်ကျသွားပါက ထိုယောက်ျားရှေ့တွင် အရှက်ကွဲရမည့် အခြေအနေကို ပြသမိသွားမည်ကို သူမ စိုးရိမ်နေခြင်း ဖြစ်သည်။

ချန်းရီက အမျိုးသမီး၏ အဝေးသို့ ပြေးထွက်သွားသော ကျောပြင်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ "ဒီမိန်းမ အဆင့်က မနိမ့်ဘူးပဲ... အရင်က ဘာတွေများ လုပ်ခဲ့လို့ ဒီလောက်တောင် စွမ်းနေရတာလဲ မသိဘူး"

သို့သော် ချန်းရီက အမြန်ပင် စိတ်ကို ပြန်လည် စုစည်းလိုက်ပြီး သုံးဘီးဆိုင်ကယ်၏ ယာဉ်နောက်ခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။

အမှောင်ထဲတွင် စမ်းသပ်ကာ ထိုမိုးမခကိုင်းကို ရှာဖွေလိုက်သည်။

"အရေခွံဆုတ် သရဲတစ္ဆေ၏ ဦးရေပြား" ကိုပင် စစ်ဆေးနိုင်ပြီဆိုမှတော့ ဤမိုးမခကိုင်းကိုလည်း စစ်ဆေးနိုင်မည် မဟုတ်ပါလောဟု ခုနကတည်းက ချန်းရီ တွေးမိခဲ့သည်။

ချန်ရှုရွာက မိုးမခပင်ကြီးက တကယ်တော့ ဘာကြီးလဲ။

ဒီမိုးမခကိုင်းကရော ဘာအသုံးဝင်လို့လဲ။

ဒီမိုးမခကိုင်းနဲ့ "အရေခွံဆုတ် သရဲတစ္ဆေ၏ ဦးရေပြား" ကိုသာ တွဲသုံးလိုက်မယ်ဆိုရင်ရော။

အမှတ်စဉ် ပိုမြင့်တဲ့ သဘာဝလွန်ပစ္စည်းတစ်ခုကိုများ ဖန်တီးနိုင်မလား။

ဆက်ရန်...

နောက်တစ်အုပ်မှာတော့... ချန်းရီ ဘယ်လိုသဘာဝလွန်ပစ္စည်းမျိုးရသွားမလဲ၊ အဆင့်မြှင့်ထားတဲ့ပစ်ကပ်ကားကရော တကယ်အသုံးဝင်ပါ့မလား၊ ဒီကန္တာရထဲမှာ ဘယ်လိုအရာတွေကြုံရဦးမလဲ၊ ဘယ်လိုတိုက်ပွဲတွေရော စောင့်ကြိုနေဦးမလဲ၊ သူတို့ယာဉ်တန်းနောက်က လိုက်လာတဲ့အရာကရော သူတို့ကိုမီလာမလား၊ ချန်းရီရဲ့မီးခိုးအစွမ်းကရော တိုက်ပွဲမှာ ဘယ်လိုအသုံးဝင်မလဲ စတာတွေကို ဆက်ပြီးစောင့်မျှော်ဖတ်ရှုကြပါဦးနော်။

All Chapters