အခန်း ၁၅၁
Vol. 16 Ch. 151
အခန်း (၁၅၁) - အင်အားကြီးမားလာလျှင် မိတ်ဆွေပေါများလာခြင်း (၁)
ကျိုးရီ၏ သက်စောင့်စွမ်းအင်များ ပြင်းပြင်းထန်ထန်လောင်ကျွမ်းနေပြီး လျင်မြန်စွာကုန်ဆုံးသွားကာ သူ၏စွမ်းအားများကလည်း အဆက်မပြတ် တိုးလာနေသည်။
အစွမ်းထက်သော လျှို့၀ှက်ဆန်းကြယ်စွမ်းအားက တစ်ဖက်လူ၏ ခုခံနိုင်စွမ်းကို လျင်မြန်စွာ ကျော်လွန်သွားလေသည်။
သူ၏တိုက်ခိုက်မှု အောင်မြင်ခါနီးဆဲဆဲတွင် ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ယံရှိ လေဟာနယ်အတားအဆီးကို ရုတ်တရက် ဆွဲဖြဲလိုက်ပြီး တစ်ဖက်လူကို လွှမ်းခြုံသွားလေသည်။
ဝုန်း။
ကျိုးရီ၏ မဟာကံကြမ္မာပညာရပ် စွမ်းအားသည် ဤစွမ်းအားနှင့် ရိုက်ခတ်သွားသောအခါ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုကို ချက်ချင်း ဖြစ်ပေါ်လာစေခဲ့သည်။
ဤပေါက်ကွဲမှုမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းက အလွန်တရာ ကြောက်စရာကောင်းလွန်းလှသည်။
လက်ရှိကမ္ဘာကြီးတစ်ခုလုံး ချက်ချင်း တုန်ခါသွားစေသည်။
မရေမတွက်နိုင်သော သိုင်းပညာရှင်များ နောက်သို့ တွန်းထုတ်ခံလိုက်ရပြီး အချို့မှာ ရင်ဘတ်ထဲတွင် နာကျင်မှုကို ခံစားလိုက်ရကာ လည်ချောင်းထဲမှ လတ်ဆတ်သောသွေးတစ်ပွက်ကို အန်ချလိုက်ရသည်။
“ဘာတွေဖြစ်ကုန်တာလဲ။ ဒီလောက်အထိ ကြောက်စရာကောင်းတဲ့စွမ်းအင်၊ ဒီစွမ်းအင်က တကယ်ကိုအစွမ်းထက်လွန်းတယ်။ အဲဒီ မဟာကံကြမ္မာပညာရပ်ထက် မနိမ့်ဘူး”
“ဘာတွေဖြစ်နေလဲဆိုတာ ငါလည်းမသိဘူး။ ဒါပေမယ့် ကြည့်ရတာ ပိုပြီး အစွမ်းထက်တဲ့ တည်ရှိမှုတစ်ခု ရောက်လာပုံပဲ”
စကားသံဆုံးသည်နှင့် အားလုံးက အသံတစ်သံကို ကြားလိုက်ရသည်။
“ဖြစ်နိုင်ရင် သက်ညှာပေးသင့်ပါတယ်။ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်သတ်ဖို့ ဒီလောက်အထိ ကြိုးစားနေရတာလဲ”
ကျိုးရီနှင့် အခြားလူများအားလုံး ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြရင်း အထက်မှ မည်သူက စကားပြောနေသနည်းဆိုသည်ကို တွေးတောနေမိကြသည်။
များမကြာမီ ပိုမို တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု ကောင်းကင်မှ ဆင်းသက်လာသည်။
ဤရွှေရောင်အလင်းတန်းကို မြင်သောအခါ အကြီးအကဲလင်နှင့် ကောင်းကင်မိစ္ဆာဧကရာဇ်တို့နှစ်ဦးလုံး အလွန်တရာ ရိုသေလေးစားသော အမူအရာများကို ချက်ချင်းပြသလိုက်ကြသည်။
ရွှေရောင်အလင်းတန်း ဆင်းသက်လာသောအခါ ဖြည်းညင်းစွာ ပြန့်ကျဲသွားပြီးအတွင်းမှ အလွန်အစွမ်းထက်ပုံရသော တည်ရှိမှုတစ်ခု ထွက်ပေါ်လာသည်။
နုပျိုသော မျက်နှာသွင်ပြင်နှင့် ဆံဖြူများရှိသော အင်မော်တယ်နှင့်တူသည့် အဘိုးအိုတစ်ဦးဖြစ်သည်။ သူ၏ အင်အားကို ခန့်မှန်း၍မရနိုင်သလို သူ၏ ချီစွမ်းအင်ကိုပင် ခံစားသိရှိရန် ခက်ခဲလှသည်။
သို့သော် သူ သာမန်အတိုင်းရပ်နေလျှင်ပင် သူ၏ အင်အားသည် မည်မျှကြီးမားကြောင်း သိသာနေပြီး ထိုနေရာရှိ မည်သူကမျှ သူ၏ချီစွမ်းအင်ကို အာရုံမခံနိုင်ပေ။
ဤသို့သော သိုင်းပညာရှင်မျိုးက တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုပင်။ သူက ထိုနေရာရှိ လူအားလုံးကို စိတ်ကူးတစ်ချက်တည်းဖြင့်ပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။
“မဟာအကြီးအကဲကို ဂါရဝပြုပါတယ်”
အကြီးအကဲလင်နှင့် ကောင်းကင်မိစ္ဆာဧကရာဇ်တို့က တစ်ဖက်လူကို မြင်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းဒူးထောက်ကာ အရိုအသေပေးလိုက်ကြသည်။
မဟာအကြီးအကဲက ခေါင်းညိတ်ပြလိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“မင်းတို့နှစ်ယောက် အရမ်း မဆင်မခြင်လုပ်ခဲ့ကြတယ်။ ပြန်ရောက်မှ ဒီကိစ္စကို ဖြေရှင်းကြတာပေါ့”
ထိုစကားကို ကြားသောအခါ သူတို့နှစ်ဦးလုံး အရှက်ရစွာဖြင့် ခေါင်းငုံ့သွားကြပြီး ဘာမှထပ်မပြောရဲတော့ချေ။
တစ်ဖက်လူ၏ သြဇာအာဏာက မှန်းဆ၍မရနိုင်အောင် ကြီးမားနေသည်မှာ ထင်ရှားပေသည်။ ထိုအချိန်တွင် အခြားတစ်ယောက်က စတင်စကားပြောလာသည်။
“ဘုရားရေ၊ သူတို့ မျိုးနွယ်စုတစ်ခုလုံးရဲ့ မဟာအကြီးအကဲပဲ။ ဒီမဟာအကြီးအကဲက တစ်ယောက်တည်းရဲ့ အောက်မှာရှိပြီး လူထောင်ပေါင်းများစွာရဲ့အထက်မှာ ရှိတယ်လို့ သတ်မှတ်လို့ရတယ် မဟုတ်လား”
“မဟာအကြီးအကဲလား။ ဆိုလိုတာက သူက အကြီးအကဲကောင်စီမှာ အသန်မာဆုံးပဲပေါ့”
“သူက မျိုးနွယ်စုတစ်ခုလုံးမှာ အသန်မာဆုံးလို့တော့ ပြောလို့မရဘူး။ သူ့အထက်မှာ မျိုးနွယ်စုခေါင်းဆောင်နဲ့ တခြားမဟာအကြီးအကဲတွေ ရှိနေသေးတယ်၊ ဒါပေမယ့် သူ့ရဲ့အင်အားကို လျှော့တွက်လို့မရတာတော့ သေချာတယ်”
“ဒါက တကယ်ကို ရူးသွပ်စရာပဲ။ အခုချိန်မှာ ဒီလောက်ကြောက်စရာကောင်းတဲ့ တည်ရှိမှုတွေ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး”
“ကျိုးမျိုးရိုးနဲ့လူက တကယ့်ကို ပျားအုံတုတ်နဲ့ထိုးလိုက်တာပဲ။ ဒါပေမယ့် သူ့ရဲ့ နာမည်ကတော့ တကယ်ကို ကြီးကျယ်လွန်းတယ်။ သူ ဒီနေ့ ဒီနေရာမှာ သေသွားရင်တောင် သူ့ရဲ့ဒဏ္ဍာရီက စကြဝဠာတစ်ခုလုံးမှာ ဆက်လက်ပျံ့နှံ့နေဦးမှာပဲ”
“ဟုတ်တယ်၊ သူ ဒီမှာ သေသွားရင်တောင် အရှုံးမရှိဘူး”
“ဒီနေ့ ဒီကိုလာရင်းနဲ့ ဒီလောက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အဖြစ်အပျက်မျိုးနဲ့ ကြုံရလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး”
ကျိုးရီက တစ်ဖက်လူကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
သူ အလွန် အစွမ်းထက်နေသော်လည်း တစ်ဖက်လူကို မကြောက်ရွံ့ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ ချီစွမ်းအင်က နတ်ဘုရားအင်ပါယာအဆင့်တွင်သာ ရှိနေသေးကြောင်း ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်သောကြောင့်ဖြစ်သည်။
သူက ထိုအဆင့်သို့မရောက်သေးလျှင်ပင် ခုခံကာကွယ်ရန် ယုံကြည်မှုရှိနေသေးသဖြင့် လုံးဝ ကြောက်ရွံ့နေရန်မလိုအပ်ပေ။
တစ်ဖက်လူက သူ့ကို ကြည့်လိုက်၏။
ထိုလူမှာ သူ၏အတွေးများကို ဖတ်ရှုနိုင်ပုံရကာ အနည်းငယ်ပြုံးလိုက်သည်။
“ဒီနေ့ကိစ္စက ငါတို့ ကောင်းကင်မိစ္ဆာမျိုးနွယ်စုရဲ့ အမှားပါ။ ငါက သူတို့နှစ်ယောက်ကိုယ်စား မင်းကိုတောင်းပန်ဖို့ ဒီကို ရောက်လာတာပါ။ ဒါပေမယ့် သေလောက်တဲ့အထိ လုပ်ဖို့တော့မလိုပါဘူး။
ဘာပဲဖြစ်ဖြစ် အားလုံးက ဒီစကြဝဠာကြီးထဲမှာ ရှိနေကြတာပဲလေ။ ငါတို့ တကယ်ပဲ ရန်သူတွေ ဖြစ်သွားမယ်ဆိုရင် အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး။ နောက်ဆုံးတော့ တခြားလူတွေကပဲ အကျိုးအမြတ်ရသွားလိမ့်မယ်။ မင်းလည်း ဒီလိုမဖြစ်စေချင်ဘူးမလား”
ထိုစကားများကို ကြားသောအခါ လက်ရှိနေရာတွင် ရှိနေသူအားလုံး နှလုံးခုန်မြန်လာလေ၏။
ကောင်းကင်မိစ္ဆာမျိုးနွယ်စု၏ မဟာအကြီးအကဲက ဤကဲ့သို့သောသဘောထားမျိုး ရှိလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပေ။
သူက တစ်ဖက်လူကို အမှန်တကယ် သတ်ချင်ပုံမရပေ။ ဤသည်က အလွန် ယုံကြည်နိုင်စရာမရှိလှချေ။
ကျိုးရီ တိတ်ဆိတ်နေဆဲဖြစ်သည်။
တစ်ဖက်လူက အဘယ်ကြောင်ပ ဤသို့ပြောနေသသည်ကို သူ မသေချာပေ။ ဤသည်က ပြန်လည်သင့်မြတ်ရေးအတွက် တောင်းဆိုခြင်းဖြစ်ကြောင်း ရှင်းလင်းနေသည်။
သို့သော် သူနှင့် တစ်ဖက်လူက ပြန်မပြေလည်နိုင်သော တိုက်ပွဲတစ်ခု ဆင်နွှဲပြီးသွားပြီဖြစ်သည်။ နှစ်ဖက်လုံးက ရန်သူတွေ ဖြစ်နေကြလေပြီ။
အဘယ်ကြောင့် သူ့ကို မိတ်ဆွေဖွဲ့ချင်နေသေးသနည်း။
‘လျှို့ဝှက်ချက်တစ်ခုခုများ ရှိနေတာလား’
သူ တုံ့ဆိုင်းနေစဉ်မှာပင် ကောင်းကင်ယံက ထပ်မံအက်ကွဲသွားပြန်သည်။ ထို့နောက် လေဟာနယ်အက်ကွဲကြောင်းက ထပ်ပွင့်လာပြီး အခြားတစ်ယောက် ဝင်ရောက်လာသည်။
ဤတစ်ကြိမ်တွင် ကောင်းကင်မိစ္ဆာမျိုးနွယ်စု၏ မဟာအကြီးအကဲ ပထမဆုံးပေါ်လာချိန်ကထက် ပို၍ပင် အစွမ်းထက်သော ခံစားချက်မျိုးဖြစ်သည်။
“နောက်ထပ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ရောက်လာပြန်ပြီ။ ဒီလူကရော… ဘယ်သူလဲ”
အားလုံးက ဤလူ မည်သူဖြစ်နိုင်သနည်းဟု တွေးတောနေကြဆဲမှာပင် အောက်ဘက်ရှိ အကြီးအကဲလိန်က သိသွားလေသည်။ သူက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အထက်သို့ ချက်ချင်းပြေးတက်သွားကာ ရိုသေစွာ နှုတ်ဆက်လိုက်၏။
“လိန်လုံ ပဉ္စမအကြီးအကဲကို ဂါရဝပြုပါတယ်”
ဤစကားသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဤနေရာရှိ လူအားလုံး မှင်တက်သွားကြသည်။ ရောက်ရှိလာသူမှာ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ပေ။
လူအုပ်ကြားမှ အာမေဍိတ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။
“ဘုရားရေ... သူပြောတာကို ကြားလိုက်ကြလား။ ရောက်လာတဲ့သူက တကယ်ပဲ နဂါးမျိုးနွယ်စုရဲ့ ပဉ္စမအကြီးအကဲတဲ့လား”
ဂဏန်းအမှတ်စဉ်ပါသော အမည်နာမရှိသည့် အကြီးအကဲတိုင်းသည် အကြီးအကဲကောင်စီဝင်ဖြစ်ကြောင်း သိထားရပေမည်။ မျိုးနွယ်စုတိုင်းရှိ အကြီးအကဲကောင်စီမှ အကြီးအကဲများသည် အမှန်တကယ် ထိပ်တန်းအဆင့်ရှိသော သိုင်းပညာရှင်ကြီးများသာ ဖြစ်ကြသည်။
သာမန်လူများ ဝင်ရောက်လိုလျှင်ပင် လုံးဝမဖြစ်နိုင်ချေ။
“သူတောင် ဘယ်လိုလုပ် ရောက်လာတာလဲ။ အခုတော့ တကယ်ကို ပွဲစည်တော့မှာပဲ။ ကောင်းကင်မိစ္ဆာမျိုးနွယ်စုရဲ့ မဟာအကြီးအကဲ ရောက်လာလိမ့်မယ်လို့ မထင်ထားတာကို၊ အခု နဂါးမျိုးနွယ်စုရဲ့ ပဉ္စမအကြီးအကဲကပါ ထပ်ရောက်လာသေးတယ်”
“ဒီနေရာကို သူ ရုတ်တရက် ရောက်လာတာက ဒီတိုက်ပွဲကြီးအတွက်ဆိုတာ သေချာတယ်။ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးဖြစ်လာတော့မယ်။ ဒီတိုက်ပွဲက ဘယ်အဆင့်ထိ ရောက်သွားမလဲဆိုတာ မှန်းဆလို့တောင် မရတော့ဘူး။
ဒီအဖြစ်အပျက်က စကြဝဠာတစ်ခုလုံးမှာ လူတွေ အမြဲပြောစမှတ်ပြုရမယ့် သမိုင်းဝင်အဖြစ်အပျက်တစ်ခု ဖြစ်လာတော့မယ်ထင်တယ်”
“ဒီလို ကြီးကျယ်တဲ့ အဖြစ်အပျက်မျိုးက ပုံမှန်အချိန်ဆို မြင်တွေ့ရဖို့မလွယ်ဘူး။ ဒီဒဏ္ဍာရီက နောင်နှစ်ပေါင်း ထောင်သောင်းချီတဲ့အထိ ထာဝရရှင်သန်နေတော့မှာပဲ”
“အရမ်းအစွမ်းထက်တယ်၊ အရမ်းလည်း ကြောက်စရာကောင်းတယ်”
ဤအခိုက်အတန့်၌ လူတိုင်း၏ရင်ထဲတွင် ကျိုးရီသည် ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦး ဖြစ်နေလေပြီ။ အစပိုင်းတွင် သူ၏အမည်ကို မသိခဲ့ကြသလို အချို့က အထင်သေးခဲ့ကြသည်။
သို့သော် ယနေ့မှစ၍ ဤစကြဝဠာအတွင်း၌ သူသည် ဒဏ္ဍာရီတစ်ခု ဖြစ်လာပြီဖြစ်ပြီး လူများစွာက သူ့ကို ရုပ်တုတစ်ခုထုလုပ်ကာ ကိုးကွယ်ကြတော့မည်ဖြစ်သည်။
ကောင်းကင်မိစ္ဆာမျိုးနွယ်စု၏ မဟာအကြီးအကဲသည် ဤမြင်ကွင်းကို ကြည့်ကာ မျက်နှာအမူအရာ လေးနက်တည်ကြည်သွားသည်။
ဤလူက သူ့ကို အတိုင်းအတာတစ်ခုအထိ ခြိမ်းခြောက်နိုင်စွမ်းရှိနေသည်မှာ ထင်ရှားပေသည်။ မဟုတ်လျှင် ဤကဲ့သို့သော အမူအရာမျိုး ပြသမည်မဟုတ်ပေ။
အကြောင်းမှာ နတ်ဘုရားအင်ပါယာအဆင့်ရှိ ကျင့်ကြံသူများသည် ဤစကြဝဠာအတွင်း၌ အသန်မာဆုံးသော တည်ရှိမှုများ ဖြစ်နေသောကြောင့်ပင်။ သူတို့၏ မျက်နှာအမူအရာကို လေးနက်သွားစေနိုင်သည့် အရာတစ်ခုခု ရှိလာလျှင် ၎င်းသည် သူတို့နှင့် အင်အားချင်း မတိမ်းမယိမ်းရှိသော အခြားတည်ရှိမှုတစ်ခုသာ ဖြစ်ရပေမည်။
အကြီးအကဲလင်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
“မဟာအကြီးအကဲ... ဒီလူကရော ဘာလို့ရောက်လာတာလဲ။ သူက ကျွန်တော်တို့ကို မခြိမ်းခြောက်နိုင်ဘူးမလား၊ ဘာပဲဖြစ်ဖြစ် သူက နဂါးမျိုးနွယ်စုရဲ့ ပဉ္စမအကြီးအကဲပဲလေ၊ ပထမအကြီးအကဲမှ မဟုတ်သေးတာ”
ကောင်းကင်မိစ္ဆာမျိုးနွယ်စု၏ မဟာအကြီးအကဲသည် ကောင်းကင်ယံသို့ စူးစိုက်ကြည့်နေရင်း ပြင်းထန်သော လေသံဖြင့် သတိပေးလိုက်သည်။
“ဒီမှာ အရူးလို အဓိပ္ပာယ်မရှိတဲ့ စကားတွေ လာမပြောစမ်းနဲ့။ သူက နဂါးမျိုးနွယ်စုရဲ့ အဆင့်ငါးနေရာမှာရှိတဲ့ အကြီးအကဲဆိုပေမယ့် သူတို့က နဂါးမျိုးနွယ်စုဝင်တွေဆိုတာ မမေ့နဲ့။ နဂါးမျိုးနွယ်စုက စကြဝဠာတစ်ခုလုံးမှာ အသန်မာဆုံး မျိုးနွယ်စုပဲ၊ ငါတို့ မျိုးနွယ်စုထက် အများကြီးသာတယ်။
ဒါကြောင့် ငါက မဟာအကြီးအကဲ ဖြစ်နေရင်တောင် သူ့ကို အနိုင်ယူနိုင်ဖို့ဆိုတာ မသေချာဘူး”
အကြီးအကဲလင်သည် အလန့်တကြား လေပူတစ်ချက် မှုတ်ထုတ်လိုက်မိပြီး မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။
တစ်ဖက်လူ အလွန်အစွမ်းထက်ကြောင်း သူ သိထားသော်လည်း မဟာအကြီးအကဲကိုယ်တိုင်က ထိုသို့ဝန်ခံလိုက်သည်ကို ကြားသောအခါ ရင်တွင်း၌ အတိုင်းအဆမရှိ တုန်လှုပ်သွားရသည်။