← Chapters

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း (၁၅၂) - အင်အားကြီးမားလာလျှင် မိတ်ဆွေပေါများလာခြင်း (၂)

အဆင့်နိမ့် နေရာတွင်ရှိသည့် အကြီးအကဲတစ်ဦးကပင် သူတို့၏ မဟာအကြီးအကဲကို ဤမျှအထိ ခြိမ်းခြောက်နိုင်သည်ဆိုလျှင် နဂါးမျိုးနွယ်စု၏ မဟာအကြီးအကဲသာ ရောက်လာပါက သူတို့ မျိုးနွယ်စုတစ်ခုလုံး အလွယ်တကူ ချေမှုန်းခံရမည်မဟုတ်လော။ ဤသည်က တကယ်ကို ကျောချမ်းဖွယ်ကောင်းလှသည်။

မကြာမီ ထိုပုဂ္ဂိုလ်၏ပုံရိပ် ထွက်ပေါ်လာသည်။ သူသည် ရွှေရောင်နဂါးပုံများ ရေးဆွဲထားသော ဝတ်ရုံနက်ကို ဝတ်ဆင်ထားသည့် အကြီးအကဲတစ်ဦးဖြစ်သည်။

ကောင်းကင်မိစ္ဆာမျိုးနွယ်စု၏ မဟာအကြီးအကဲကဲ့သို့ ဆံဖြူမုတ်ဆိတ်ဖြူများဖြင့် အင်မော်တယ်တစ်ဦး၏ အသွင်အပြင်မျိုး မရှိချေ။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ကြီးမြတ်သော ပညာရှိကြီးတစ်ဦးနှင့် ပိုတူနေပြီး ရိုသေကိုင်းရှိုင်းဖွယ် အသွင်အပြင်ရှိသော်လည်း မည်သူကမျှ သူ့ကို လျှော့တွက်ရဲမည်မဟုတ်ပေ။

အမှန်တကယ် အစွမ်းထက်သော ပုဂ္ဂိုလ်၊ အင်အားအထွတ်အထိပ်သို့ ရောက်ရှိနေသူများသည် များသောအားဖြင့် မိမိတို့၏ ပြင်ပအသွင်အပြင်ကို သိပ်ဂရုမစိုက်တတ်ကြပေ။

ထို့ကြောင့် သူတို့၏ အသွင်အပြင်က သာမန်လူများကဲ့သို့ အလွန်ရိုးရှင်းနေတတ်သည်။ သူတို့၏ ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားအလင်းတန်းများကို မထုတ်ဖော်သရွေ့ အပြင်လူများက အကဲဖြတ်ရန် ခက်ခဲလှပေသည်။

ထိုအကြီးအကဲ ထွက်ပေါ်လာပြီးနောက် အောက်ဘက်ရှိ လိန်လုံကို မြင်တွေ့သွားကာ ခေါင်းညိတ်ပြလိုက်သည်။

“မင်းက စတုတ္ထအကြီးအကဲ မျိုးဆက်က မဟုတ်လား”

လဲ့လုံက ရိုသေစွာဖြင့် ပြန်လည်ဖြေကြားလေသည်။

“ပဉ္စမအကြီးအကဲ ပြောတာ မှန်ပါတယ်။ ကျွန်တော်မျိုးက စတုတ္ထအကြီးအကဲ မျိုးဆက်ကပါ”

ပဉ္စမအကြီးအကဲက ခေါင်းညိတ်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။ ထို့နောက် သူ၏ အကြည့်ကို အောက်ဘက်ရှိ ကျိုးရီထံသို့ လွှဲပြောင်းလိုက်၏။

ပဉ္စမအကြီးအကဲ၏ မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေပြီး ချီးကျူးလေးစားမှု အရိပ်အယောင်တစ်ခုပါ ပါဝင်နေသည်။ သူက ပြုံး၍ နှုတ်ဆက်လိုက်သည်။

“မင်းက ကျိုးရီဆိုတဲ့ ကောင်လေးမဟုတ်လား။ တော်တော်လေး အားရဖို့ကောင်းတယ်။ မင်းဆီမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ အင်အားနဲ့ ပါရမီ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။

မိုးပြာနဂါးလေးက မင်းကို တန်ဖိုးထားနေတာလည်း မဆန်းပါဘူးလေ”

ကျိုးရီက ဘာမှ ပြန်မပြောသော်လည်း အခြားသူများ၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပဲ့တင်ထပ်သွားပြီး ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်သွားကာ ချီစွမ်းအင်များပင် ကမောက်ကမ ဖြစ်သွားတော့သည်။ အားလုံး၏ ရင်တွင်း၌ အကြီးအကျယ် တုန်လှုပ်သွားကြသည်။

ယခုလေးတင် ကြားလိုက်ရသော စကားက သူတို့၏ ကမ္ဘာကြီးအပေါ် အမြင်တစ်ခုလုံးကို လုံးဝ ရိုက်ချိုးပစ်လိုက်သည်။ နဂါးမျိုးနွယ်စု၏ မြင့်မြတ်သားရဲ မိုးပြာနဂါးက လူငယ်တစ်ဦးကို အမှန်တကယ် အသိအမှတ်ပြုထားသည်လော။ ဤသည်က တကယ့်ကို ယုံကြည်နိုင်စရာ မရှိလှချေ။

သို့သော် မကြာမီ သူတို့၏ မျက်စိရှေ့ရှိ ကျိုးရီ၏ စွမ်းဆောင်ရည်များနှင့် ဆက်စပ်တွေးတောကြည့်လိုက်သောအခါ အရာအားလုံး ရှင်းလင်းသွားတော့သည်။

မှန်ပေသည် ဤကောင်လေး၌ မိုးပြာနဂါး၏ အသိအမှတ်ပြုမှုကို ရရှိရန် လုံလောက်သောခွန်အား အမှန်တကယ် ရှိနေသည်။ သို့သော် ဤအချက်ကပင် လူတိုင်းကို သူ့အပေါ် ပို၍ မနာလိုဝန်တိုဖြစ်စေပြီး မုန်းတီးလာစေသည်။

အကြောင်းမှာ ကောင်းကင်ကိုပင် အန်တုနိုင်လောက်အောင် အစွမ်းထက်သော ကောင်လေးက မြင့်မြတ်သားရဲ မိုးပြာနဂါး၏ အသိအမှတ်ပြုမှုကိုပါ ရရှိထားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားသောကြောင့်ဖြစ်သည်။

ဤသည်က သူ၏အနာဂတ် အတိုင်းအဆမရှိ ကြီးမားကျယ်ပြန့်နေမည်ဖြစ်ပြီး နဂါးမျိုးနွယ်စုအတွင်းရှိ အစွမ်းထက် ကျင့်ကြံသူများပင် သူ့ကို အနိုင်ယူနိုင်မည်မဟုတ်ကြောင်း ဖော်ပြနေသည်။

ထိုသို့သော ထိပ်တန်း အစွမ်းထက်ကျင့်ကြံသူတစ်ဦးမှာ သူတို့ကိုယ်တိုင် မဟုတ်သည့်အတွက် အားကျ၊ မနာလိုစရာ ကောင်းလွန်းလှပေသည်။

ကောင်းကင်မိစ္ဆာမျိုးနွယ်စု မဟာအကြီးအကဲ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ တစ်ဖက်လူ၏စကားကို ကြားပြီးနောက် မကျေနပ်သည့်အမူအရာတစ်ခု အလိုအလျောက် ပေါ်ထွက်လာသည်။

အကြောင်းမှာ တစ်ဖက်လူက ကျိုးရီနှင့် ပူးပေါင်းသွားမည်ကို သူ ကြိုတင် တွေးဆထားပြီး ဖြစ်သောကြောင့်ပင်။

ကျိုးရီသည် အစမှအဆုံးထိတိုင် တစ်ခွန်းမှမပြောသလို မျက်နှာပေါ်တွင်လည်း မည်သည့်အမူအရာမှ ပြသခြင်းမရှိပေ။ တစ်ဖက်လူ အဘယ်ကြောင့် ဤသို့ လုပ်ဆောင်နေသည်ကို သူ ကြိုတင်ခန့်မှန်းမိပြီး ဖြစ်နေသည်။

တစ်ဖက်လူက သူ့အား ယခင်က လာရောက် မရှာဖွေခဲ့ရသည့် အဓိကအကြောင်းရင်းမှာ သူ့ကို အထင်သေးနေသောကြောင့်သာ ဖြစ်သည်။

သူ၏ အင်အားက နိမ့်ကျလွန်းနေပြီး သူ့ပါရမီကလည်း သာမန်လူများကြားတွင်သာ အထင်ကြီးစရာ ကောင်းနေခြင်းဖြစ်ကာ သူတို့မျိုးနွယ်စုအတွင်း လုံးဝ အထင်ကြီးစရာမရှိဟု ယုံကြည်ထားသောကြောင့်ဖြစ်သည်။

ထို့ကြောင့် မြင့်မြတ်သားရဲ မိုးပြာနဂါး သူ့လက်ထဲတွင် ရှိနေမှန်း သိထားသော်လည်း သူ၏ ဆင်းရဲမွဲတေမှုများ ကူးစက်ခံရမည်ကို စိုးရိမ်သကဲ့သို့ လာရောက်မရှာဖွေခဲ့ခြင်းဖြစ်သည်။

ယခုမူ သူ ပြသခဲ့သော ခွန်အားနှင့် ပါရမီများက သူတို့၏ မျှော်လင့်ချက်များကို များစွာ ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး သူတို့မျိုးနွယ်စု၏ အစွမ်းထက် သိုင်းပညာရှင်များထက်ပင် သာလွန်နေကာ အနာဂတ်တွင် အထွတ်အထိပ်သို့ အလွယ်တကူ ရောက်ရှိနိုင်ကြောင်း သိသာနေသည်။

ဤအခြေအနေမျိုးတွင် သူတို့က သူ့ကို လာရောက်ရှာဖွေပြီး ပြန်လည်သင့်မြတ်ရန် ကြိုးစားလာကြမည်မှာ သေချာသည်။ ထိုသို့ဆိုလျှင် အနာဂတ်၌ အစွမ်းထက်သော မဟာမိတ်တစ်ဦးကို ရရှိမည်ဖြစ်သည်။

ကျိုးရီသည် သူတို့ကို အခွင့်ကောင်းယူခွင့် မပေးလိုပေ။ သူသည် ကျေးဇူးကို ကျေးဇူးဖြင့်တုံ့ပြန်ကာ ရန်ငြိုးကို ရန်ငြိုးဖြင့်သာ ရှင်းလင်းတတ်သူဖြစ်သည်။

သူ၏ ပါရမီကို ပြသပြီးမှသာ သူ့ကို လာရောက်မိတ်ဆွေဖွဲ့မည်ဆိုလျှင် နက်ရှိုင်းသောခင်မင်ရင်းနှီးမှု ဖြစ်ပေါ်လာရန် အကြောင်းမရှိပေ။ နှစ်ဖက်လုံး ဘယ်သောအခါမှ မိတ်ဆွေစစ် ဖြစ်လာမည်မဟုတ်ချေ။

သူက ယခု ကြီးမားသော တန်ဖိုးကို ပြသလိုက်သဖြင့် တစ်ဖက်လူက သူ့အပေါ် ရင်းနှီးမြှုပ်နှံလိုခြင်း ဖြစ်နိုင်သော်လည်း သူတို့ အကျိုးအမြတ် လိုချင်သည့်အခါ သူ့ထံသို့ ဦးစွာရောက်လာကြမည်ဖြစ်သည်။

အရေးအကြီးဆုံးမှာ သူက တစ်ဖက်လူ၏ အကူအညီကို တောင်းခံလျှင်တောင် သူတို့က ထိုမျှ ပွင့်လင်းရိုးသားမည်မဟုတ်ပေ။ ယခု အလွန် အစွမ်းထက်သော အကြီးအကဲတစ်ဦးကို စေလွှတ်လိုက်သော်လည်း သူ တစ်ဦးတည်းသာ ရှိနေသေးသည်။

နဂါးမျိုးနွယ်စု၏ အစစ်အမှန် ထိပ်တန်းကျင့်ကြံသူများမှာ နောက်ကွယ်တွင်သာ ရှိနေဆဲဖြစ်ပြီး ဤနေရာတွင် မည်သို့ဖြစ်နေသည်ကို လုံးဝ ဂရုစိုက်မည် မဟုတ်ချေ။

သူ့ကို လုံးဝ အထင်သေးနေသကဲ့သို့ပင်။

ကျိုးရီ ဒေါသမထွက်ပေ။ တစ်ဖက်လူသည် စကြဝဠာအတွင်း မာနအကြီးဆုံးသော နဂါးမျိုးနွယ်စုဝင် ဖြစ်သည်။

ဤကဲ့သို့သော လူတစ်ယောက်က သူ့ကိုယ်ပိုင်စံနှုန်းများအား လျှော့ချပြီး သူ့ကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံလာလိမ့်မည်ဟု မျှော်လင့်ခြင်းက စိတ်ကူးယဉ်ဆန်လွန်းလှသည်။

သူကိုယ်တိုင်လည်း ထိုသို့ မျှော်လင့်မထားသလို လုံးဝလည်းမလိုအပ်ချေ။ ကျိုးရီ၏ ရင်တွင်း၌ ခိုင်မာသောဆုံးဖြတ်ချက်တစ်ခု ရှိနေသည်။

သူ့ကို အခြားသူများနှင့် လုံးဝကွဲပြားသွားစေသည့် အချက်မှာ သူ အလေးထားဆုံးအရာသည် အင်အားသာ ဖြစ်သည်ဟူသော အချက်ပင်။

ပိုမိုရိုးရှင်းစွာ ပြောရလျှင် လက်တွေ့ဆန်ခြင်းဖြစ်သည်။ အတုအယောင် ဂုဏ်သတင်းများနှင့် ဖမ်းဆုပ်၍မရနိုင်သော အရာများကို သူ ဂရုမစိုက်ပေ။

သူ လိုအပ်သည်မှာ စစ်မှန်သော ခွန်အား၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးထိန်းချုပ်နိုင်သည့် ပြိုင်ဘက်ကင်းအင်အားသာဖြစ်သည်။ ထိုအရာမှလွဲ၍ ကျန်သည်များကို သူ အလေးမထားချေ။

ဤသည်က ကျိုးရီ၏ ရင်တွင်းအနက်ရှိုင်းဆုံးမှ ရည်မှန်းချက်ပန်းတိုင်တစ်ခုပင် ဖြစ်လေသည်။

ထို့ကြောင့် နဂါးမျိုးနွယ်စုက မဟာမိတ်ဖွဲ့ရန် ယခု သူ့ထံ ချဉ်းကပ်လာလျှင်ပင် သူတို့နှင့် မဟာမိတ်ဖွဲ့ရန် သူ့တွင်ဆန္ဒမရှိပေ။ ၎င်းက သူ၏အချိန်များကို ဖြုန်းတီးပစ်လိုက်ခြင်းသာ ဖြစ်ပေမည်။

ယခုအချိန်တွင် ပဉ္စမအကြီးအကဲသည် ကျိုးရီ၏အတွေးများကို အပြည့်အဝ နားလည်နိုင်ခြင်း မရှိသေးဘဲ အကြမ်းဖျင်းမျှသာ ခန့်မှန်းနိုင်သေးသည်။

ပဉ္စမအကြီးအကဲက အခြေအနေကို အကဲခတ်ရင်း စကားစလိုက်သည်။

“တော်ပြီ၊ ဒီနေရာက အရေးကြီးတဲ့ကိစ္စတွေ ပြောဖို့ သင့်တော်တဲ့နေရာမဟုတ်ဘူး။ ငါ့ရှေ့က ဒီအရူးကောင်တွေကို အရင် ရှင်းထုတ်လိုက်ဦးမယ်။

ပြီးမှ သေချာစကားပြောလို့ရမယ့် နေရာတစ်ခုကို ရှာကြတာပေါ့”

စကားဆုံးသည်နှင့် သူ၏ အကြည့်များက တစ်ဖက်လူထံသို့ ချက်ချင်းရောက်ရှိသွားပြီး လှောင်ပြောင်လိုက်သည်။

“ခွေးအိုကြီးကျိုး... မင်းက တော်တော်လေး အာဏာပြနေပါလား။ ဒီလောက် အချိန်တိုလေးအတွင်းမှာ မင်းက လူတွေကို အနိုင်ကျင့်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး။

အရင်အကြိမ် ငါတို့ တိုက်ခိုက်ကြတုန်းက မင်း မြေကြီးပေါ်မှာ လအတော်ကြာ လဲနေတဲ့အထိ ငါ ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့တာလေ။ မင်း မမေ့သေးဘူး မဟုတ်လား”

ကောင်းကင်မိစ္ဆာမျိုးနွယ်စု၏ မဟာအကြီးအကဲသည် ထိုစကားကို မကြားရမီအထိ အခြေအနေကောင်းနေသေးသော်လည်း ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ပေါက်ကွဲသွားတော့သည်။

သူ၏ မျက်နှာတစ်ခုလုံး သွေးမရှိတော့သည့်အလား ဖြူရော်သွားကာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာပြီး လူတစ်ယောက်ကို အရှင်လတ်လတ် သတ်ချင်နေသည့်အလား ဒေါသထွက်သွားသည်။

သူက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

“အဲဒီအကြောင်းတွေ ထုတ်မပြောရင် မင်း သေသွားမှာမို့လို့လား။ ငါ့ကို ရန်စဖို့အတွက် တမင်တကာ ဒီလိုစကားတွေ ပြောနေတာမလား။

ဒါပေမယ့် မင်းကို ငါပြောထားမယ်၊ အစစ်အမှန် အစွမ်းထက်တဲ့ သူကမှ အဆုံးထိ လျှောက်လှမ်းနိုင်တာ၊ မင်း အဆုံးထိ လျှောက်နိုင်မယ်လို့ သေချာလို့လား... အရူးကောင်ရဲ့”

ပဉ္စမအကြီးအကဲက ပခုံးတွန့်လိုက်ပြီး ဂရုမစိုက်သည့်အမူအရာဖြင့် တုံ့ပြန်လိုက်သည်။

“ငါ ဂရုမစိုက်ဘူး။ မင်းက အရှုံးကို ဝန်မခံချင်ဘူးဆိုရင် ငါတို့ ထပ်တိုက်ကြတာပေါ့။ ငါ လုံးဝ ဂရုမစိုက်ဘူး။ မင်းကို ဆယ်ကြိမ် ရိုက်ရိုက်၊ အကြိမ်တစ်ရာ ရိုက်ရိုက် ငါ့အတွက်တော့ အတူတူပဲ။

မင်းက ငါ့အတွက်တော့ အမှိုက်တစ်စပဲ။ မင်းတို့ရဲ့ စက်ဆုပ်ရွံရှာစရာကောင်းတဲ့ မျိုးနွယ်စုတစ်ခုလုံးကလည်း ငါ့အတွက်တော့ ဟောင်နေတဲ့ ခွေးကောင်လေးတွေပါပဲကွာ”

မဟာအကြီးအကဲက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

“မင်းက သေလမ်းရှာနေတာပဲ”

ထို့နောက် တိုက်ပွဲကို ချက်ချင်းစတင်လိုက်တော့သည်။ ကောင်းကင်မိစ္ဆာမျိုးနွယ်စု မဟာအကြီးအကဲက သူ၏ အစွမ်းထက်ဆုံး အင်အားများကို ထုတ်ဖော်လိုက်သည်။

သာမန် တိုက်ကွက်တစ်ကွက်တည်းကပင် ကမ္ဘာအတားအဆီးတစ်ခုလုံးကို ပြိုကျသွားစေနိုင်သည်။

ဤကမ္ဘာ၏အတားအဆီးမှာ အလွန်အစွမ်းထက်သော တည်ရှိမှုများစွာ ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြင်ပမှ အစွမ်းထက်သူများ ဤနေရာသို့ ရောက်ရှိလာပါက ဖိနှိပ်ခံရမည်မှာ သေချာသလောက်ရှိ၏။

သို့တိုင်အောင် သူက လက်ရှိကမ္ဘာကို အလွယ်တကူ သက်ရောက်မှု ရှိစေနိုင်သေးသည်ဖြစ်ရာ ဤသည်က ကြီးမားသော ခွန်အားကို ဖော်ပြနေသည်။

နတ်ဘုရားအင်ပါယာအဆင့် ကျင့်ကြံသူများသည် အင်မတန် ကြောက်မက်ဖွယ် ကောင်းလှပေ၏။ ကြည့်ရှုနေသူများက အလန့်တကြား အော်ဟစ်လိုက်ကြသည်။

“သူတို့ တိုက်နေကြပြီ၊ သူတို့ တိုက်နေကြပြီ၊ တိုက်ပွဲစနေပြီ”

“ဘုရားရေ၊ ဒီတစ်ခါတော့ တကယ်ကို ပွဲကြီးပွဲကောင်းပဲ၊ ဒီတစ်ခါ အရမ်းကြီးမားတဲ့ အကျပ်အတည်းတစ်ခု ဖြစ်လာနိုင်တယ်။ သူတို့လို မျိုးနွယ်စုအတွင်းက ရာထူးမြင့် လူတွေကသာ တိုက်ခိုက်ကြရင် ဘယ်လိုဖြစ်သွားမလဲ။

ပြင်းထန်ရက်စက်တဲ့ စစ်ပွဲတွေ ရောက်လာတော့မယ့်ပုံပဲ”

All Chapters