← Chapters

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း (၁၅၄) - ကျိုးရီ အဆင့်တက်လှမ်းခြင်း (၂)

“ဒီလူကို သာမန်လူတွေရဲ့ ဉာဏ်နဲ့ နားလည်နိုင်တော့မှာ မဟုတ်ဘူးလို့ ငါထင်တယ်။ သူက ဒီလောကကြီးရဲ့ အကြီးမားဆုံး ချို့ယွင်းချက်တစ်ခု ဖြစ်နိုင်တယ်။

သူလိုမျိုး ဒီအဆင့်ကို အလွယ်တကူ တက်လှမ်းနိုင်တဲ့ ဒုတိယမြောက်လူကို ငါတကယ် စဉ်းစားလို့မရဘူး”

“ဒါပေမဲ့ သူ အောင်အောင်မြင်မြင် အဆင့်တက်လှမ်းနိုင်ပါ့မလား။ စောစောစီးစီး ‌ချီးကျူးမနေကြနဲအုံး၊

တကယ်လို့ သူသာ အဆင့်မတက်လှမ်းနိုင်ဘူးဆိုရင် သူက အဲဒီနယ်ပယ်ကို ထပ်ရောက်နိုင်မှာမဟုတ်တော့ဘူး၊ ပြာအဖြစ် ပြောင်းလဲသွားလိမ့်မယ်”

ထိုစကားကို ကြားသောအခါ လီရွှန်ကျိုးက ချက်ချင်းပင် ပြန်လည်ချေပလာ၏။

“ခင်ဗျားတို့က အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ။ ဆရာ ကပ်ဘေးဖြတ်ကျော်တာ မအောင်မြင်ရင်တောင်မှ သူ့ရဲ့ရုပ်ခန္ဓာကိုဖျက်ဆီးပြီး ဝိညာဉ်ကျင့်ကြံသူတစ်ဦးအဖြစ် ရွေးချယ်နိုင်သေးတယ်။

သူက နတ်ဘုရားဧကရာဇ်အဆင့်မှာ သူ့ရဲ့စွမ်းအားကို ထိန်းသိမ်းထားသေးတယ်၊ ခင်ဗျားတို့ပြောသလို ချက်ချင်း ပြာဖြစ်သွားမှာမဟုတ်ဘူး”

သို့သော်လည်း ရွှမ်ရဲနှင့် အခြားသူများ၏ မျက်နှာအမူအရာများမှာ လွန်စွာ တည်ကြည်လေးနက်နေပြီး သူ့စကားများအား သဘောမတူခဲ့ကြပေ။

“ရွှမ်ရဲ၊ မင်းတို့တွေ ဘာဖြစ်နေကြတာလဲ။ ဘာလို့ စကားမပြောကြတာလဲ”

ရွှမ်ရဲက သက်ပြင်းချလိုက်သည်။

“ဒီကပ်ဘေးဖြတ်ကျော်ရာမှာ အရှင်ကျိုးရီသာ မအောင်မြင်ခဲ့ဘူးဆိုရင် နဂါးမျိုးနွယ်စုက သူ့ကို ရွေးချယ်တော့မှာ မဟုတ်ဘူး။ အရှင်ကျိုးရီအတွက်ကတော့ ဒါက သေတာနဲ့ ဘာမှမကွာခြားတော့ဘူး”

ဝုန်း။

လီရွှန်ကျိုးတစ်ယောက် ပြင်းထန်စွာ ရိုက်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်မှာလည်း အပြင်းအထန် တုန်ယင်သွားတော့သည်။

ဤအခိုက်အတန့်တွင် လူတိုင်း၏ မျက်နှာအမူအရာများ အဘယ်ကြောင့် ဤမျှလေးနက်နေရသည်ကို သူ နောက်ဆုံးတွင် နားလည်သွားလေပြီ။

သူတို့ပြောသည်မှာ အမှန်ပင်။ သူတို့ပြောသကဲ့သို့ ကျိုးရီသာ အဆင့်တက်လှမ်းရန် ကျရှုံးခဲ့ပါက သူ အသက်ရှင်ချင်လျှင်ပင် အခြားသူများက သူ့ကို ခွင့်ပြုမည်မဟုတ်ပေ။

နဂါးမျိုးနွယ်စုက သူ့အား လာရောက်ကူညီရခြင်း၏ အဓိကအကြောင်းရင်းမှာ အစောပိုင်းက သူပြသခဲ့သော ပါရမီသည် အမှန်တကယ်ပင် အထွတ်အထိပ်ပါရမီရှင်တစ်ဦး ဖြစ်နိုင်သောကြောင့်ပင်။

သူတို့က ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်၍ သူ့အပေါ် လောင်းကြေးထပ်ကာ ကူညီပေးပြီး အဆက်အသွယ်တစ်ခု ဖန်တီးလိုသောကြောင့်ဖြစ်သည်။

သို့သော် ကျိုးရီသာ ကျရှုံးသွားပါက တန်ဖိုးမရှိသူတစ်ဦး ဖြစ်သွားပေလိမ့်မည်။

တန်ဖိုးမရှိသော သူတစ်ယောက်အတွက် သဘာဝကျစွာပင် မည်သူကမျှ သူ့အပေါ် လောင်းကြေးထပ်တော့မည်မဟုတ်သလို မည်သူကမျှလည်း ဆက်လက်ရင်းနှီးမြှုပ်နှံတော့မည်မဟုတ်ပေ။

ထို့ကြောင့် နောက်ဆုံးရလဒ်မှာ ထင်ရှားနေပေသည်။ ကျိုးရီ သေရပေလိမ့်မည်။

ထို့အပြင် အလွန်အဖြစ်ဆိုးလှသော သေဆုံးခြင်းမျိုးနှင့် ကြုံတွေ့ရမည်ပင်။

“ကျစ်၊ အခု ငါတို့မှာ ဘာနည်းလမ်းမှ မရှိတော့ဘူးလား။ ဒီနေရာမှာ ဘာမှမတတ်နိုင်ဘဲ ရပ်ကြည့်နေရုံပဲလား”

“အခု ဘယ်သူ့မှာမှ နည်းလမ်းမရှိတော့ဘူး။ အရှင်ကျိုးရီ အောင်အောင်မြင်မြင် အဆင့်တက်လှမ်းနိုင်အောင် ကောင်းကင်ဘုံက သူ့ကို ကောင်းချီးပေးဖို့ပဲ ငါတို့ ဆုတောင်းနိုင်တော့တယ်။

သူသာ အောင်မြင်ခဲ့မယ်ဆိုရင် အခြေအနေတွေကို ပြောင်းပြန်လှန်နိုင်ရုံသာမကဘဲ အလှည့်အပြောင်းတစ်ခုပါ ဖန်တီးနိုင်ပြီး သူ့ခြေထောက်ပေါ်သူ အခိုင်အမာရပ်တည်နိုင်လိမ့်မယ်။

အဲဒီအချိန်ကစပြီး ဒီစကြဝဠာထဲမှာ ဘယ်သူကမှ သူ့ကို ရမ်းသန်းပြီး ရန်စဝံ့တော့မှာမဟုတ်ဘူး”

သူတို့က ထိုသို့ပြောဆိုနေကြသော်လည်း ပတ်ဝန်းကျင်ရှိ လူများကတော့ လှောင်ပြောင်နေကြသည်။

မှန်ပေသည်။ ကျိုးရီသည် ပြိုင်ဘက်ကင်းပါရမီနှင့် စွမ်းအားများကို ယခုလေးတင် ပြသခဲ့သည်။ သို့သော် ဤသည်မှာ သူသည် လုံးဝ မရှုံးနိမ့်နိုင်ဟု ဆိုလိုခြင်းမဟုတ်ပေ။

သမိုင်းတစ်လျှောက်တွင် သူနှင့်တူသော ထိပ်တန်းသိုင်းပညာရှင်မည်မျှရှိခဲ့ပြီး သူကဲ့သို့ လျင်မြန်စွာအဆင့်တက်လှမ်းနိုင်သော ပါရမီရှင် မည်မျှရှိခဲ့သည်ကို မည်သူသိနိုင်မည်နည်း

သို့သော် နောက်ဆုံးတွင် လူဘယ်နှစ်ယောက်လောက် အမှန်တကယ် တောက်ပလာခဲ့ကြသနည်း။ ကောင်းကင်ကံကြမ္မာမိုးကြိုးတိုင်းသည် ကြီးမားသော ရုန်းကန်မှုတစ်ခုဖြစ်သည်။

ထိုမျှသာမက ကပ်ဘေးဖြတ်ကျော်စဉ်အတွင်း ကောင်းကင်ကံကြမ္မာမိုးကြိုး၏ စွမ်းအားသည် အမှန်တကယ်ပင် အဆင့်ကျော်‌ဖြတ်သူ၏ ကိုယ်ပိုင်စွမ်းအားနှင့် တိုက်ရိုက်အချိုးကျနေပေသည်။

အကယ်၍ အဆင့်ကျော်‌ဖြတ်သူ၏ ကိုယ်ပိုင်စွမ်းအားနှင့် ပါရမီသည် အားကောင်းလွန်းနေပါက ကောင်းကင်ကံကြမ္မာမိုးကြိုးသည် သဘာဝကျကျပင် လျော့ကျသွားမည်မဟုတ်ဘဲ ပိုမိုအားကောင်းလာပြီး သူ့အား သတ်ဖြတ်ရန် ကြိုးစားပေလိမ့်မည်။

မဟာအကြီးအကဲနှစ်ဦး၏ မျက်နှာများမှာ လေးနက်တည်ကြည်နေသည်။

“ဒီကောင်လေး ဒီလောက်မြန်မြန် အဆင့်တက်လှမ်းနိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ ငါ သူ့ကို တကယ်အထင်သေးခဲ့မိတာပဲ။ သူ့ရဲ့စွမ်းအားက ငါထင်ထားတာထက် အများကြီး ပိုပြီးအားကောင်းနေတယ်”

“ငါတို့နှစ်ယောက် တိုက်ခိုက်နေတာကို ယာယီရပ်တန့်ထားသင့်တယ်လို့ ထင်တယ်။ ငါတို့သာ ကောင်းကင်ကံကြမ္မာမိုးကြိုးအောက်မှာ ရှိနေမယ်ဆိုရင် ငါတို့လည်း ထိခိုက်လာနိုင်တယ်။

ငါတို့ရဲ့စွမ်းအားက ကြီးမားတယ်ဆိုပေမဲ့ ဒီကောင်းကင်ကံကြမ္မာမိုးကြိုးအောက်မှာသာ ရှိနေမယ်ဆိုရင် ကောင်းကင်ကနေကျလာတဲ့ ကောင်းကင်မိုးကြိုးတွေက ငါတို့ဆီကိုလည်း ကျရောက်လာလိမ့်မယ်။

ပြီးတော့ ထွက်ပေါ်လာတဲ့ စွမ်းအင်ပြင်းအားကလည်း ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ အချိုးကျနေလိမ့်မယ်”

“ဟုတ်ပြီ”

သူတို့နှစ်ဦးလုံးသည် တိုက်ခိုက်နေရာမှ တစ်ပြိုင်နက်တည်း ရပ်တန့်လိုက်ကြပြီးနောက် ၎င်းတို့၏ သက်ဆိုင်ရာနေရာများသို့ ဆုတ်ခွာသွားကြသည်။

သူတို့အဆင့်ရှိ သိုင်းပညာရှင်များပင်လျှင် ကောင်းကင်မိုးကြိုးကို နောက်တစ်ကြိမ် ရင်ဆိုင်ဝံ့မည်ဟု မပြောရဲကြပေ။

ထိုကဲ့သို့သော မြင်ကွင်းမျိုးသည် တကယ်ကို ကြောက်မက်ဖွယ်ကောင်းလွန်းလှပြီး ပြန်လည်အမှတ်ရမိရုံဖြင့် အိပ်မက်ဆိုးများ မက်စေနိုင်လောက်အောင်ပင်။

သူတို့ မည်မျှပင် စွမ်းအားကြီးမားစေကာမူ သေဆုံးသွားနိုင်သေးသည်သာ။

ကျိုးရီသည် လေကို ခပ်ပြင်းပြင်းရှူသွင်းလိုက်၏။ ဤအချိန်တွင် သူ၏စိတ်အခြေအနေမှာ မည်သူ့ထက်မဆို ပို၍လေးနက်နေသော်ငြား ယခုအချိန်တွင် စိုးရိမ်ပူပန်နေခြင်းက အချည်းနှီးသာဖြစ်ကြောင်း သူ သိထားသည်။

တစ်ခုတည်းသော နည်းလမ်းမှာ ကိုယ့်စိတ်ကို ပိုမိုကြည်လင်ပြတ်သားစေပြီး ဤကိစ္စအား တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်ဖြေရှင်းရန်ပင်။

သို့မှသာ သူ အောင်မြင်စွာ ကပ်ဘေးဖြတ်ကျော်နိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက သူသည် ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး ဤဘဝတွင် သူကြိုးစားအားထုတ်ခဲ့သမျှအရာအားလုံး မီးခိုးငွေ့အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ထို့ကြောင့် မည်သို့ပင်ဖြစ်စေကာမူ သူသည် မိမိကိုယ်ကို ပိုမိုအားကောင်းလာစေရန် ပြုလုပ်ရပေမည်။

လေကို ခပ်ပြင်းပြင်းရှူသွင်းပြီးနောက် ကောင်းကင်မိုးကြိုးများ သူ့ထံသို့ ကျရောက်လာစေရန် ဆွဲဆောင်ဖို့ သူ၏ရုပ်ခန္ဓာအတွင်းရှိ စွမ်းအင်များကို ကျိုးရီ ဖြည်းညင်းစွာ စတင်ထုတ်လွှတ်လိုက်သည်။

ကျိုးရီသည် သူ၏စွမ်းအားကို ပိုမိုမြှင့်တင်နိုင်ရန် ကောင်းကင်မိုးကြိုးများဖြင့် သူ၏ရုပ်ခန္ဓာကို အဆက်မပြတ် ကြံ့ခိုင်စေချင်နေသည်။ ထိုသို့ပြုလုပ်နိုင်မှသာ သူသည် နတ်ဘုရားအင်ပါယာအဆင့် သိုင်းပညာရှင်တစ်ဦးအဖြစ် အမှန်တကယ် တက်လှမ်းနိုင်မည်ဖြစ်သည်။

နောက်ဆုံးတွင် ကောင်းကင်ယံမှ ပထမဆုံး ကောင်းကင်မိုးကြိုးတစ်စင်း ကျဆင်းလာပြီး သူ၏ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။

ဝုန်း။

ကမ္ဘာမြေကို တုန်လှုပ်စေသော အသံကြီးနှင့်အတူ ကျိုးရီ၏ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ယင်သွားတော့သည်။ သူ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

“ကျစ်”

ဤကောင်းကင်မိုးကြိုး၏ စွမ်းအားက သူ့စိတ်ကူးထားသည်က များစွာကျော်လွန်နေကာ အင်မတန်ကြီးမားနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ယခင်က ဤကပ်ဘေးဖြတ်ကျော်ခြင်းသည် သူ၏အရင်အကြိမ်များနှင့် ဆင်တူလိမ့်မည်ဟု ထင်ခဲ့သော်လည်း ယခုမူ သူ လုံးဝမှားယွင်းသွားပုံရသည်။

ဤကပ်ဘေးဖြတ်ကျော်ခြင်းနှစ်မျိုးသည် လုံးဝ မတူညီသောအရာနှစ်ခု ဖြစ်လေ၏။

နတ်ဘုရားအင်ပါယာ မိုးကြိုးကပ်ဘေးသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းနေပြီး ပြိုင်ဘက်မှာ သူ၏စွမ်းအားကို ကြိုတင်သိရှိနေပုံရကာ ထုတ်လွှတ်လိုက်သော တိုက်ခိုက်မှုစွမ်းအားသည် သူ၏စွမ်းအားနှင့် အပြည့်အဝ အချိုးကျနေသည်။

တစ်နည်းအားဖြင့်ဆိုရသော် ယခင် ကောင်းကင်မိုးကြိုးများသည် သူ့အား များစွာ ထိခိုက်နစ်နာမှု မဖြစ်စေနိုင်ခဲ့သော်လည်း ယခုအချိန်တွင် ကောင်းကင်မိုးကြိုးများ သူ့ကို ရိုက်ခတ်လာတိုင်း အမှန်တကယ် ဒဏ်ရာရစေမည်ဖြစ်သည်။

သေချာသည်မှာ သူသာ သူ၏ရုပ်ခန္ဓာအတွင်း ဤစွမ်းအားများကို အပြည့်အဝ ဆင့်ကဲပြောင်းလဲနိုင်ပါက သူ၏စွမ်းအားကို သိသိသာသာ တိုးတက်စေရန် ဤစွမ်းအားများကို အသုံးပြုနိုင်ပြီး ထိုနယ်ပယ်သို့ အမှန်တကယ် လှမ်းတက်နိုင်ပေလိမ့်မည်။

သို့သော် သူသာ ကျရှုံးခဲ့လျှင် သူ၏ရုပ်ခန္ဓာသည် အမှန်တကယ်ပင် ပြာအဖြစ်သို့ ပြောင်းလဲသွားနိုင်ပြီး ဤလောကမှ ထာဝရ ပျောက်ကွယ်သွားပေလိမ့်မည်။

ထို့ကြောင့် သူသည် အစွမ်းကုန် ကြိုးစားရမည်ဖြစ်သည်။ သူ၏ရုပ်ခန္ဓာအတွင်းရှိ စွမ်းအားများကို စတင်လှုံ့ဆော်လိုက်ပြီး သူ၏စွမ်းအားများကို ပိုမိုမြှင့်တင်ရန်နှင့် ဤကောင်းကင်မိုးကြိုးများကို ခုခံရန် ၎င်းတို့အား အဆက်မပြတ် လည်ပတ်စေလိုက်သည်။

မကြာမီတွင် ဒုတိယမြောက် ကောင်းကင်မိုးကြိုး ကျဆင်းလာခဲ့ပြီး တတိယ၊ စတုတ္ထ စသဖြင့် အစဉ်လိုက် ကျရောက်လာတော့သည်။

ကောင်းကင်မိုးကြိုးများသည် တစ်စင်းပြီးတစ်စင်း ကျဆင်းလာခဲ့ပြီး မိုးကြိုးတစ်စင်းစီသည် ယခင်တစ်စင်းထက် ပိုမိုအားကောင်းကာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထို့အပြင် စွမ်းအင်အပိုင်းအစတစ်ခုစီ ကျဆင်းလာသည့် အရှိန်မှာလည်း ပိုမိုမြန်ဆန်လာကာ သူ့အား အသက်ရှူရန်ပင် အခွင့်အရေး မပေးတော့ချေ။

“မင်းက ငါ့ကို သေအောင်ရိုက်ချင်ပြီး ခုခံဖို့ အခွင့်အရေးမပေးချင်မှတော့ ငါလည်း မင်းကို တစ်ခုပြောချင်တယ်။ ငါက မင်းသတ်လို့ လုံးဝ သေနိုင်မယ့်သူ မဟုတ်ဘူး။ ငါ ဒီအထိ ရောက်လာတာ မင်းရဲ့ အစာဖြစ်ဖို့ မဟုတ်ဘူး၊ ငါက နတ်ဘုရားအင်ပါယာ ဖြစ်လာမယ့်သူပဲ။”

ကျိုးရီသည် သူ၏ရင်ထဲရှိ ဒေါသများကို ဖွင့်ထုတ်ရင်း ကောင်းကင်ယံကို ပထမဆုံးအကြိမ်အဖြစ် ဟိန်းဟောက်လိုက်သည်။

ကပ်ဘေးဖြတ်ကျော်ခြင်းကို ဘာကြောင့် ကောင်းကင်က ဆုံးဖြတ်ရမည်နည်း။

အားကောင်းသူများက ဘာကြောင့် အခြားသူများ၏ သနားညှာတာမှုကို ခံယူရမည်နည်း။

အားကောင်းသူများ၏ ကံကြမ္မာသည် ၎င်းတို့၏ ကိုယ်ပိုင်ခန္ဓာကိုယ်အတွင်း၌သာ အပြည့်အဝ တည်ရှိနေပြီး ၎င်းတို့၏ ကိုယ်ပိုင်လက်များဖြင့်သာ ထိန်းချုပ်ထားသင့်သည်။

နောက်ဆုံးတွင် သူသည် ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို စတင်ထုတ်ဖော်လိုက်ပြီးနောက် ဤမိုးကြိုးများ၏စွမ်းအားကို သူ၏ခန္ဓာကိုယ်အတွင်းသို့ အတင်းအဓမ္မ ဖိသိပ်ထည့်သွင်းလိုက်သည်။

ဤအခိုက်အတန့်တွင် မိုးကြိုးများအတွင်းရှိ စွမ်းအားမှာ သဘာဝအရ ကစဉ့်ကလျားစွမ်းအင်များ ဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။

အဘယ်ကြောင့်ဆိုသော် ကစဉ့်ကလျားစွမ်းအင်သာလျှင် အချိန်နှင့် အာကာသ၏ စွမ်းအားများအပါအဝင် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသောကြောင့်ပင်။

အကယ်၍ အခြားသော စွမ်းအားတစ်ခုခုသာဖြစ်ခဲ့လျှင် ဤအဆင့်အထိရောက်ရှိရန် လုံးဝဖြစ်နိုင်မည်မဟုတ်ပေ။

All Chapters